← Chapters

အခန်း (၁၁-၁၅)

Vol. 1 Ch. 11-15

အခန်း (၁၁-၁၅)

Vol. 1 Ch. 11-15

စာစဉ် - ၁

အခန်း ၁၁ ဆရာသခင်ရဲ့ကျင့်ကြံဆင့်က အနည်းဆုံးသိုင်းဘုရင်အဆင့်ပဲ

ကျီဝူရှား၏စကားများသည် အားကောင်းလှကာ အဖွားလီ၏နားစည်တွင်း ပဲ့တင်ထပ်သွားစေပြီး သူမ၏လောကအမြင်တစ်ခုလုံးကို ပြိုပျက်သွားစေခဲ့လေသည်။

သူမ လုရှောင်ယန်ကို စိုက်ကြည့်လိုက်ကာ အေးစက်လှသောလေသံဖြင့်ပြောလိုက်သည်။ “မင်းပဲ! မင်း ငါတို့မင်းသမီးလေးကို လှည့်စားထားတာပဲ! ငါ ဘုရင်ကျီနဉ်ကို သတင်းပို့ပြီး မင်းအသက်ကိုယူခိုင်းပစ်မယ်!”

သူမစကားဆုံးသွားသည်နှင့် လုရှောင်ယန်၏မျက်ဝန်းတစ်စုံအတွင်းမှ အေးစက်ကာ သတ်ဖြတ်လိုစိတ်ပြည့်နှက်နေသည့် အလင်းတန်းနှစ်သွယ်ရုတ်ချည်း ထွက်ပေါ်လာလေသည်။

သို့ပေမည့် လုရှောင်ယန် မတိုက်ခိုက်ခင်မှာဘဲ ကျီဝူရှားက အရင်ဦးစွာလှုပ်ရှားလိုက်ကာ ဓားလှိုင်းတစ်ခုကို အဖွားလီဘေးနားသို့ ဖြတ်သွားစေခဲ့သည်။

အဖွားလီ ကြက်သေသေသွားတော့သည်။

“မင်းသမီး ရူးသွားပြီလား?”

ကျီဝူရှား၏အမူအရာကတော့ဖြင့် တည်ငြိမ်လို့နေခဲ့သည်။ “ကျွန်မမရူးပါဘူး။ အဖွားလီ၊ ကျွန်မ ဆရာ့ရဲ့တပည့်ဖြစ်ဖို့ ကိုယ့်ဆန္ဒနဲ့ကိုယ်ဆုံးဖြတ်ချက်ချခဲ့တာပါ။ သူက အခုကစပြီး ကျွန်မရဲ့ဆရာသခင်ဖြစ်သွားပြီ။ ဆရာ့ကို ဘယ်သူကမှ ရိုင်းရိုင်းဆိုင်းဆိုင်း မယဉ်မကျေးဆက်ဆံတာမျိုး ခွင့်ပြုပေးထားမှာမဟုတ်ဘူး။ အဖွားလီဆိုရင်တောင်မှပဲ။ ကျွန်မကို ခွင့်လွှတ်ပါ။”

ထို့နောက် ကျီဝူရှားပြန်လှည့်လာကာ တောင်းဆိုလိုက်ပြန်သည်။ “ဆရာ၊ အဖွားလီက ဒီတပည့်ကိုစောင့်ရှောက်ပြီး ကာကွယ်လာရတဲ့သူမို့ပါ။ ဆရာ ဒီတပည့်ကိုမျက်နှာသာပေးတဲ့အနေနဲ့ အဖွားလီကို ဗွေမယူပါနဲ့။ အဖွားလီရဲ့ရိုင်းပျမှုအတွက် ဒီတပည့်ကပဲ အပြစ်ဒဏ်ခံယူပါ့မယ်။”

လုရှောင်ယန်၏မျက်လုံးများ အနည်းငယ်ကျဉ်မြောင်းသွားလေသည်။ ပုံမှန်သာဆို သူ့ကိုတစ်ယောက်ယောက်ကသာ ခြိမ်းခြောက်လာပါက တစ်ဖက်လူကို တစ်နာရီထက်ပိုပြီး အသက်ရှင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူ့တပည့်လေးက ပထမဆုံးအကြိမ် သူ့ကိုတောင်းပန်လာခြင်းဖြစ်နေသည်။

သူလဲ ကလေးတစ်ယောက်၏မိုက်မဲမှုအဖြစ်သာ သဘောထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဒါကြောင့် လုရှောင်ယန် သက်ပြင်းတစ်ချက်သာချလိုက်လေသည်။

“ရပါတယ်၊ ငါအဲ့လောက် သဘောထားမသေးဘူး။”

“ကျေးဇူးတင်ပါတယ်၊ ဆရာ။”

ဒီတော့မှ ကျီဝူရှား စိတ်အေးသွားလေတော့သည်။ သူမဆရာကို ကျေးဇူးတင်လိုက်ပြီးနောက် အဖွားလီအနားသို့ အမြန်လျှောက်သွားကာ သူမ၏ယခင်ဒဏ်ရာများ ပြန်ကောင်းလာစေရန်အတွက် ဆေးတစ်လုံးထုတ်တိုက်လိုက်သည်။

အဖွားလီမှာ စိတ်တိုဒေါသထွက်ကာ အပြစ်ရှိစိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

“မင်းသမီးလေး၊ အားလုံး ကျွန်တော်မျိုးမအသုံးမကျလို့ မင်းသမီးလေးကို မကယ်နိုင်ခဲ့တာပါ။ မင်းသမီးလေး သူခြိမ်းခြောက်တာ ခံနေရတာပဲဖြစ်မယ်၊ ဟုတ်တယ်မလား? သူ ကျွန်တော်မျိုးမကို သတ်ချင်နေလို့ မင်းသမီးလေးက ဓားစာခံအဖြစ် နေခဲ့ပေးရမှာမဟုတ်လား?”

ကျီဝူရှား ခေါင်းကိုခါယမ်းလိုက်လေသည်။

“အဖွားလီ၊ အဲ့လိုတွေလျှောက်မတွေးပါနဲ့။ ကျွန်မကိုယ့်စိတ်နဲ့ကိုယ် ဆရာရဲ့တပည့်ဖြစ်ဖို့ ရွေးချယ်ခဲ့တာပါ။ ကျွန်မပြောတာကို ယုံကြည်ပေးပါ။ တစ်နှစ် မဟုတ်သေးဘူး နှစ်ဝက်လောက်နေရင် ကျွန်မ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ကို ပြန်လာခဲ့မှာပဲ။ အဲ့ဒီအချိန်ကျ ကျွန်မဘယ်လိုတွေကွာခြားသွားလဲ အဖွားလီမြင်နိုင်မှာပါ။”

အဖွားလီ၏နှလုံးမှာ တုန်လှုပ်လာတော့သည်။ ကျီဝူရှား၏အကြည့်တို့ကတဆင့် သူမဘယ်လောက်ဆုံးဖြတ်ချက်ခိုင်မာနေကြောင်း သူမပြောနိုင်ပေသည်။

သူမသာ တကယ်ပဲခြိမ်းခြောက်ခံနေရတာမျိုးဆိုလျှင် အခုလိုအကြည့်မျိုးရှိနေနိုင်မည်မဟုတ်ပေ။

အဖွားလီ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရင်း သဘောတူရုံသာရှိတော့လေ၏။

“ကောင်းပါပြီ၊ မင်းသမီးလေး ဒီလောက်တောင် စိတ်ပိုင်းဖြတ်ပြီးနေမှတော့ ကျွန်တော်မျိုးမ ဘာမှမပြောတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးမတို့ တော်ဝင်နန်းတော်ကိုပြန်လို့ ဘုရင်ကြီးက မေးလာခဲ့ရင်တော့ ကျွန်တော်မျိုးမ အမှန်အတိုင်းပဲ လျှောက်တင်မှာနော်။”

ကျီဝူရှား အနည်းငယ်ရှက်ရွံ့သွားသော်လည်း ဒါကပဲ အဖွားလီ၏တာဝန်ဖြစ်နေပြန်သည်။ ဒါကြောင့် သူမဘာမှမပြောနိုင်ဘဲ သက်ပြင်းသာချလိုက်တော့သည်။

“ကောင်းပါပြီ၊ ဒါဆိုလဲ ဂရုစိုက်ပါ။”

“မင်းသမီးလေးလဲ ဂရုစိုက်ပါ၊ ကျွန်တော်မျိုးမသွားပါတော့မယ်။”

စကားစဖြတ်ပြီးသည်နှင့် အဖွားလီလဲ သူမအကြာကြီးဆက်နေဖို့မသင့်ဟု တွေးမိကာ သူမဒဏ်ရာတွေကို ကုသရန်အတွက် တောင်အောက်သို့ အလျင်အမြန်ပြန်ဆင်းသွားခဲ့သည်။

လုရှောင်ယန်ကတော့ သူမဘာသာ ဘုရင်ကျီနဉ်ကို သွားလျှောက်တင်လဲ ဂရုစိုက်နေမည်မဟုတ်ပေ။

ပထမဆုံးအနေနဲ့ ဤနေရာတွင် ကောင်းကင်ဘုံစည်းတံဆိပ်၈ခုအခင်းအကျင်းရှိနေကာ ကြီးမြတ်သောကျိုးတစ်ပြည်လုံးမှာတောင်မှ ဤအခင်းအကျင်းကို ချိုးဖောက်ဝင်ရောက်နိုင်မည့်သူ သိပ်မရှိပေ။

ဒုတိယအနေနဲ့ကတော့ ကျီဝူရှားသည် သူ့တပည့်သာဖြစ်ပြီး ကိုယ်လုပ်တော်လဲမဟုတ်ပေ။

ဘုရင်ကျီနဉ်အနေနဲ့ သူ့ကိုလာပြီး တိုက်ခိုက်ဖို့ မလိုအပ်ပေ။

အဖွားလီထွက်သွားပြီးသည်နှင့် ချက်ချင်းပင် လုရှောင်ယန် ဆရာသခင်တစ်ယောက်၏ဟိတ်ဟန်ကို ထုတ်ဖော်လိုက်သည်။

“ကောင်းပြီ၊ ကျင့်ကြံတဲ့ဘက်မှာပေါ့လျော့နေတာမကောင်းဘူး။ လီကော မင်းရဲ့ဂျူနီယာညီမကို ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကျီရွှေ့တောင်ရဲ့စည်းမျဉ်းတွေအကြောင်း ရှင်းပြလိုက်။ ပြီးရင် မင်းလဲ မင်းရဲ့ကျင့်ကြံတာကို ဆက်ပြီးအာရုံစိုက်။”

“ဟုတ်ကဲ့ပါ!”

ယွင်လီကော ပြန်ဖြေလိုက်ပြီးသည်နှင့် လုရှောင်ယန် သူ့အိမ်လေးထဲသို့ ပြန်လှည့်ဝင်သွားသည်။

ယွင်လီကော အမြန်အနားသို့ရောက်လာခဲ့ကာ ကျီဝူရှားကိုမြင်လိုက်သည်နှင့် မတတ်နိုင်စွာ မျက်နှာတို့နီမြန်းသွားလေသည်။

ကျီဝူရှား၏ပုံပန်းသွင်ပြင်သည် သူမြင်ဖူးသမျှမိန်းကလေးတွေထက် အပုံကြီးသာလွန်လှသည်။ သူတစ်ချိန်က ဘယ်သူမှမယှဉ်နိုင်လောက်အောင် လှ,လှပါချည်ရဲ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် သူ့ဇနီးလောင်းဟောင်းတောင်မှ ကျီဝူရှားထက် အများကြီးနိမ့်ကျနေလေသည်။

သို့သော်လည်း တစ်ဖက်လူက သူ့ရဲ့ဂျူနီယာညီမဖြစ်နေပြီပင်။ ယွင်လီကောလဲ သူစောင့်ထိန်းရမည့်ကျင့်ဝတ်ကို နားလည်ပေသည်။ တစ်ချက်လောက်ကြည့်ပြီးသည်နှင့် တကယ့်အရေးကြီးအကြောင်းအရာတို့ကို စတင်ပြောပြတော့သည်။

“ဂျူနီယာညီမလေး၊ ငါက ယွင်လီကော။”

ကျီဝူရှားခေါင်းညိတ်လိုက်ကာ၊ “ကျီဝူရှားက စီနီယာအစ်ကိုကြီးကို နှုတ်ဆက်ပါတယ်။”

“အဟမ်း-အဟမ်း၊ အဲ့လောက်ထိ ယဉ်ကျေးနေဖို့မလိုပါဘူး။ တကယ်တော့ ငါလဲ မင်းထက်တစ်လတည်းစောပြီး ဆရာ့ရဲ့တပည့်ဖြစ်တာပါ။”

ထိုစကားကြားရသည်နှင့် ကျီဝူရှား၏မျက်လုံးထဲ ထူးဆန်းရိပ်များထင်ဟပ်သွားခဲ့သည်။

ထို့နောက် ယွင်လီကောက သူမကို ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကျီရွေ့တောင်ထိပ်၏စည်းမျဉ်းများအကြောင်းပြောပြလာတာကြောင့် ကျီဝူရှားလဲ သူမသိချင်စိတ်တွေကို အောင့်အီးထားလိုက်ရလေသည်။

ကျီရွှေ့တောင်ထိပ်၏အဓိကစကားလုံးဖြစ်သော ‘သိက္ခာမဲ့တာ’ခြင်းအကြောင်း သင်ယူလိုက်ရချိန်မှာတော့ သူမအမူအရာက ရုတ်ချည်းပြောင်းလဲသွားတော့သည်။ သူမသည်လဲ ယွင်လီကော ပထမဆုံးအကြိမ် ထိုအကြောင်းကြားခဲ့တုန်းက ဖြစ်သွားသည်နှင့်တစ်ပုံစံတည်းပင်။

သို့ပေမည့် ယွင်လီကောက လုရှောင်ယန်၏’ဟက်ကာ’သီအိုရီအကြောင်းကို ထပ်ပြောလာချိန်မှာတော့ သူမဦးရေပြားတွေ ကြိမ်းစပ်သွားကာ ချွေးအေးများထွက်လာတော့သည်။

အမှန်ကိုပဲ သူမလဲ သူမရဲ့အရင်သတို့သားလောင်းက သူမကိုအနိုင်ယူသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပေ။

ထိုလူသည် ခရမ်းရောင်ငြိမ်းချမ်းရေးနိုင်ငံလက်အောက်ရှိ မိသားစုငယ်တစ်ခုမှ သခင်ငယ်လေးတစ်ယောက်သာဖြစ်သည်။

သူ့မိသားစုကို အနည်းငယ်ချမ်းသာသည်ဟု သတ်မှတ်၍ရသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သာမာန်လူများနှင့်သာ ဆက်စပ်နေတုန်းပင်။

ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်လိုနေရာနှင့် ယှဉ်လျှင်တော့ သူသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ။

သူမမှာတော့ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်၏နောက်ခံရှိလေသည်။ သူမ၏ပင်ကိုယ်အရည်အချင်း၊ ကျင့်ကြံခြင်းနည်းစနစ်၊ အထောက်အပံ့ဆေးလုံးများ၊ တခြားသော ကျင့်ကြံရေးအထောက်အပံ့တွေ ဘယ်ဟာကိုကြည့်ကြည့် တခြားသောသာမာန်လူတွေထက် အဆပေါင်းများစွာ သာလွန်နေတုန်းပင်။

ထိုသို့ဆိုလျှင်တောင် သူမရှုံးနိမ့်ခဲ့လေသည်။

တစ်ဖက်လူက သူမကိုတစ်ပွဲတည်းနဲ့အနိုင်ပိုင်းသွားခဲ့တာပင်!

သူမဦးဏှောက်တစ်ခုလုံး လောင်ကျွမ်းလောက်အောင် စဉ်းစားခဲ့တာတောင်မှ ထိုအခြေအနေကိုဘယ်လိုရှင်းပြရမလဲ မသိခဲ့ပေ။

လုရှောင်ယန်၏သီအိုရီကိုနားထောင်ပြီးနောက်မှာတော့ တကယ်ကို အဓိပ္ပါယ်ရှိတာပဲလို့ သူမခံစားလိုက်ရသည်။

ကျီဝူရှား အသက်ဝဝရှူလိုက်ကာ ယွင်လီကောကို ကြည့်လိုက်ပြီး၊ “စီနီယာအစ်ကိုယွင်၊ အစ်ကိုရော ဆရာပြောတဲ့ သီ-သီအိုရီကို ယုံတာလား?”

“ဒါပေါ့!”

ကျီဝူရှား၏မျက်လုံးများတောက်ပလာကာ မရေမရာဖြင့်၊ “ဒါဆို စီနီယာအစ်ကိုကြီးကလဲ…?”

“အဲ့လိုပဲ!”

ယွင်လီကော သူ့ဇာတ်ကြောင်းတစ်ခုလုံးကို ပြောပြပြီးနောက် ကျီဝူရှားမှာ တုန်ရီမသွားဘဲ မနေနိုင်ခဲ့ပေ။

ဒီကမ္ဘာပေါ်မှာ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့တည်ရှိမှုမျိုးတွေ ရှိနေတာပေါ့!

ဒါပေမယ့် အဲ့လူတွေက အရမ်းမလွန်လွန်းနေဘူးလား?

တခြားလူတွေက သူတို့တစ်ဘဝလုံး ကြိုးစားပမ်းစားလုပ်ခဲ့ရပေမယ့် သူတို့တွေကျတော့ အောင်မြင်မှုဆိုတာကို အလွယ်လေးရယူနိုင်ကြတယ်။

အဲ့ဒါတောင် သူတို့ကို လူသားတွေလို့ခေါ်နိုင်သေးတာလား?

ဘုရားသခင်က မျက်နှာလိုက်နေတာအရှင်းကြီးပဲ!

တခြားကိုယ်တိုင်ကြိုးစားနေတဲ့လူတွေကျတော့ အမှိုက်တွေဖြစ်မသွားဘူးလား?

ယွင်လီကော ပြုံးလိုက်ကာ ထပ်ပြီးရှင်းပြလိုက်သည်။ “ဒါပေမယ့် မင်းအဲ့လိုလူတွေကို မနာလိုဖြစ်စရာလဲ မလိုဘူး၊ အားကျစရာလဲမလိုဘူး။ ငါတို့မှာ သူတို့လို ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ကောင်းတဲ့ကံတွေ အခွင့်အရေးတွေမရှိတာ အမှန်ပဲ။ ဒါပေမယ့် ငါတို့မှာ ဆရာရှိတယ်လေ! ဆရာရဲ့အကူအညီနဲ့သာဆို ငါတို့လဲ သူတို့လို ဟက်ကာတွေဖြစ်လာနိုင်တာပဲ!”

ယွင်လီကော၏ပြောစကားများကို တွေးကြည့်ပြီး ကျီဝူရှား ခေါင်းညိတ်မိလိုက်သည်။

ထို့နောက် သူမအတော်လေးထိန်းချုပ်ထားရသည့် သိချင်စိတ်ကို ထုတ်မေးလိုက်တော့သည်။ “ဒါနဲ့ စီနီယာအစ်ကိုယွင်က ညီမထက် နည်းနည်းစောရောက်တယ်မလား။ ဒီတော့ ဆရာ့အကြောင်းပိုသိမှာပေါ့? ဆရာရဲ့လက်ရှိ ကျင့်ကြံဆင့်ဘယ်လောက်ရောက်နေလဲဆိုတာ ညီမကိုပြောပြပါလား?”

ယွင်လီကော ခေါင်းကိုယမ်းကာ ခါးခါးသီးသီးပြုံးလိုက်သည်။

“ငါလဲ တကယ်မသိဘူး။ ပြောရရင် ငါရောက်နေတာလဲ မကြာသေးဘူးလေ။ ပြီးတော့ ဘယ်သူမှ သူတို့ရဲ့ကျင့်ကြံဆင့်အမှန်ကို ထုတ်မပြောသင့်ဘူးဆိုတဲ့ မင်းကျီရွှေ့တောင်ရဲ့စည်းမျဉ်းတွေကို မေ့သွားပြီလား?”

“အာ… ဟုတ်သားပဲ။”

“ဒါပေမယ့် ဆရာရဲ့အပြုအမူတွေကို ကြည့်ပြီးတော့ ငါပြောနိုင်တာတစ်ခုတော့ရှိတယ်။”

“ဆရာ့ရဲ့ကျင့်ကြံဆင့်က အနည်းဆုံး သိုင်းဘုရင်အဆင့်ပဲ….”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၁၂ တုနှိုင်းမဲ့ကိုယ်ဖော့နည်းစနစ်

“ဘာပြောတယ်?!”

ကျီဝူရှား၏နှလုံးခုန်နှုန်းတို့ ဝုန်းဒိုင်းကြဲသွားတော့သည်။

ဘယ်လိုတွေတောင်လဲ?

ဒီလိုသာဆို လုရှောင်ယန်ရဲ့အင်အားက ကြီးမြတ်သောကျိုးအင်ပါယာမှာတောင် နံပါတ်တစ်လို့ပြောလို့ရနေပြီဆိုတဲ့သဘော မဖြစ်သွားဘူးလား? မဟုတ်သေးဘူး၊ တိုက်ကြီးတစ်ခုလုံးမှာတောင် သူက အထွတ်အထိပ်ရောက်နေပြီပဲ!

“စီနီယာအစ်ကို၊ ရှင့်မှာ သက်သေရှိလား?”

ယွင်လီကော ခေါင်းကိုဖြည်းဖြည်းချင်း ယမ်းလိုက်သည်။

“ငါလဲ ခန့်မှန်းကြည့်ရုံပါပဲ။ ဆရာ့ရဲ့ကျင့်ကြံနည်းစနစ်က သိုင်းဘုရင်ထိပ်တန်းအဆင့်နည်းစနစ်ဖြစ်နေတာကတော့ အဓိကအကြောင်းအရင်းပဲ။ မင်းလဲ ဆရာ့တပည့်ဖြစ်လာပြီဆိုတော့ သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်တစ်ခုရလောက်ရောပေါ့၊ ဟုတ်တယ်မလား?”

ကျီဝူရှား ခေါင်းညိတ်ပြလိုက်သည်။

“အရမ်းကောင်းတယ်။”

ထိုအချက်ကြောင့်ပဲ လုရှောင်ယန် ဘယ်လောက်စွမ်းအားကြီးကြောင်း ကျီဝူရှား လက်ခံသွားခဲ့ခြင်းဖြစ်သည်။

သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်! တိုက်ကြီးတစ်ခုလုံးမှာတောင် သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်မပြောနဲ့ သိုင်းဘုရင်အဆင့်ကျင့်စဉ်ဆိုတာ ရှားပါးနေတာလေ။

ဒါတင်ကမသေးဘူး သူက သူ့တပည့်တွေကိုတောင် ဒီလောက်ရှားပါးတဲ့ကျင့်စဉ်ကို အလွယ်တကူပေးလိုက်သေးတယ်။

လုရှောင်ယန်ရဲ့ သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်ကိုတောင်မှာ ဂရုမစိုက်သလို အပြုအမူတွေအရ သူက သာမာန်လူတွေ မတက်လှမ်းနိုင်တဲ့အဆင့်တစ်ခုကို ရောက်နေပြီလို့ ဆိုလိုလိုက်တာပဲမဟုတ်လား။

“ဒုတိယအကြောင်းအရင်းကတော့၊ မင်းလဲ ငါတို့ကျီရွှေ့တောင်ထိပ်ရဲ့ ဂုဏ်သရေမထုတ်ဖော်ဘဲ နေထိုင်ခြင်းလမ်းစဉ်အကြောင်း သိပြီးသားမဟုတ်လား။ ဆရာက ငါတို့ရဲ့ကျင့်ကြံဆင့်တွေကို ဖုံးကွယ်ထားပြီး ဘယ်တော့မှ ထုတ်ဖော်မပြရဘူးလို့ သေချာပြောပြီးသား။ ဒါပေမယ့် ဆရာက မင်းရဲ့အစောင့်ကိုတောင် နည်းနည်လေးမှအားထုတ်စရာမလိုဘဲ အနိုင်ယူနိုင်နေသေးတယ်လေ၊ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာ့ရဲ့အဆင့်က အနည်းဆုံးဖန်တီးမှုနယ်ပယ်အထက်မှာပဲ။ ပြောရရင် သူ့အတွက် ကျင့်ကြံဆင့်နည်းနည်းလောက် ဖုံးထားဖို့ဆိုတာ ခက်နေတာမှမဟုတ်တာ။ ဒါကြောင့်ပဲ ဆရာ့ရဲ့ကျင့်ကြံဆင့်က အနည်းဆုံးသိုင်းဘုရင်အဆင့်ရောက်နေပြီလို့ ငါပြောနိုင်တာ။”

ကလု!

ကျီဝူရှား တံတွေးတောင်မြိုချမိသွားသည်။

သူ(မ)တကယ်ပဲ သိုင်းဘုရင်အဆင့်ထက်မနိမ့်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တပည့်ဖြစ်သွားတာပေါ့!

ဒီသိုင်းဘုရင်အဆင့်ဆရာကြီးက တခြားလူတွေလို ဂုဏ်သိက္ခာရှိရှိ, နေနေတာတော့မဟုတ်ပေမယ့် ဘာပဲဖြစ်ဖြစ် သိုင်းဘုရင်အဆင့်ဆရာကြီးဆိုတာတော့ ပြောင်းလဲမသွားဘူး!

ကျီဝူရှား အံ့ဩတုန်လှုပ်နေသည်ကိုမြင်ပြီး ယွင်လီကောကတော့ ရယ်စရာကောင်းသည်ဟု မထင်မိခဲ့ပေ။

ဒီအကြောင်းတွေတွေးမိတုန်းက သူကိုယ်တိုင်လဲ ကျီဝူရှားလို့ အမူအရာမျိုးဖြစ်ခဲ့တာပဲမဟုတ်လား။

လက်ရှိသူကတော့ သူ့စိတ်သူထိန်းချုပ်နိုင်သွားခဲ့ပေပြီ။ သူထပ်ပြီး အံ့ဩတုန်လှုပ်ခြင်းမရှိတော့ပေမယ့် ဒီလိုအင်အားကြီးတဲ့ဆရာသခင်တစ်ယောက်ကို ရှာတွေ့ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်မိနေသေးသည်။

“ကောင်းပြီ၊ ဂျူနီယာညီမလေး၊ ငါတို့လဲ ကျင့်ကြံခြင်းဘက်ကို အာရုံစိုက်သင့်တယ်။ ဆရာက အရမ်းအင်အားကြီးတယ်ဆိုပေမယ့် အမြဲတမ်း ငါတို့ကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ ငါတို့လဲ ကိုယ်တိုင်ကြိုးစားကြဖို့လိုတယ်။”

ကျီဝူရှား ခေါင်းညိတ်ပြလိုက်ပြီးနောက် ချက်ချင်းပင် သူမ၏သိုလှောင်အိတ်ထဲမှ ဆေးပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုပုလင်းထဲတွင် စွမ်းအင်အဆီအနှစ်ဆေးလုံး သုံးလုံးပါဝင်လေသည်။

“စီနီယာအစ်ကိုယွင်၊ ညီမရဲ့သံသယတွေကို ကူပြီးအဖြေရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီထဲမှာ စွမ်းအင်အဆီအနှစ်ဆေးလုံး၃လုံးပါတယ်။ ဒါကို ဝူရှားဆီကလက်ဆောင်ငယ်လေးလို့ သဘောထားပေးပါ။ နောက်တစ်ခေါက်ကျမှ စီနီယာအစ်ကိုယွင်ကို ဒီထက်ပိုပေးပါ့မယ်။ ညီမ တော်ဝင်နန်းတော်ကနေထွက်လာတုန်းက စွမ်းအင်အဆီနှစ်ဆေးလုံး အလုံး၃၀ပဲယူခဲ့တာဆိုတော့ ညီမလဲ ကျင့်ကြံရာမှာ သုံးရဦးမှာမို့လို့ပါ။ စီနီယာအစ်ကိုယွင် ဗွေမယူပါနဲ့နော်။”

ဒါပေါ့ သူမ လက်ဆောင်ငယ်လေးလို့သာပြောနေတာ တကယ်တမ်း စွမ်းအင်အဆီအနှစ်ဆေး၃လုံးဆိုတာကပင် အရမ်းကိုတန်ဖိုးကြီးနေပြီ။

သို့ပေမယ့် ယွင်လီကောက လက်မခံခဲ့ပေ။ ထိုအစား သူ့အမူအရာက ထူးတောင်ထူးဆန်းသွားလေသည်။

ကျီဝူရှား ခေါင်းကိုအနည်းငယ်မျှငုံ့လိုက်ပြီး၊ “စီနီယာအစ်ကိုယွင်၊ ဒါအရမ်းနည်းသလိုများဖြစ်သွားလို့လား?”

ယွင်လီကော ချက်ချင်းခေါင်းယမ်းလိုက်ကာ၊ “အဲ့လိုသဘောမဟုတ်ပါဘူး။ ဒါပေမယ့် ဂျူနီယာညီမလေးက အခုမှဂိုဏ်းထဲဝင်လာတာဆိုတော့ မင်းရဲ့လက်ဆောင်ကို လက်ခံဖို့ မသင့်တော်ဘူးလေ။ ပြီးတော့ မင်းရဲ့ကျင့်စဉ်ကိုသုံးမယ်ဆို ဒီထက်ဆေးလုံးတွေ ပိုလိုသေးတယ်။”

ပြောရင်း သူ့သိုလှောင်အိတ်ထဲက ပုလင်းငယ်တစ်လုံးကိုပါ တစ်ခါတည်းထုတ်ယူလိုက်သည်။

“ဒီစွမ်းအင်အဆီအနှစ်ဆေးလုံးတွေယူထားပြီး အရင်သုံးနှင့်ဦး။”

ကျီဝူရှား၏မျက်နှာကြောတို့ ပြင်းထန်စွာတွန့်လိမ်သွားလေသည်။

ဒီဆေးပုလင်းငယ်လေးထဲမှာ စွမ်းအင်အဆီအနှစ်ဆေးလုံးတွေနဲ့ပြည့်နေလေသည်။ သူမခန့်မှန်းကြည့်ရရင်ကို အနည်းဆုံး အလုံး၂၀၀မကပေ။

ဒီလောက်ဆေးလုံးတွေအများကြီးကို ယွင်လီကော ဘယ်ကနေများရခဲ့တာလဲ?

သူက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်ငယ်လေးတစ်ယောက်ပဲမဟုတ်ဘူးလား?

ကောင်းကင်နတ်ဆိုးဂိုဏ်းကပဲ အရမ်းကြွယ်ဝလွန်းနေလို့လား? သူတို့တပည့်တွေအားလုံးကို စွမ်းအင်အဆီအနှစ်ဆေးလုံးရာကျော်ဆီပေးနိုင်တယ်ပေါ့?

သူမစိတ်ရှုပ်ထွေးနေလောက်သည်ကို ယွင်လီကော ခံစားမိတာကြောင့် ပြုံးမိသွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ ငါတို့ကိုဒီလောက်ဆေးလုံးတွေ အများကြီးပေးဖို့ မဖြစ်နိုင်ဘူးလေ။ ဒါတွေအားလုံး ဆရာငါ့ကိုပေးထားတာ။ ငါတို့ ဒါသုံးလို့ကုန်သွားရင် ဆရာ့ဆီမှာ ထပ်တောင်းလို့ရသေးတယ်။ ငါတို့သာလိုချင်ရင် တစ်ခါတည်းနဲ့ အလုံး၁ထောင်လောက်တောင် တောင်းလို့ရတယ်။ အဲ့လောက်ပမာဏဆို ငါတို့အကြာကြီးသုံးဖို့တောင် လုံလောက်သွားပြီ။”

ကျီဝူရှား၏မျက်နှာမှာ ထပ်ပြီးတွန့်ရှုံ့သွားရပြန်သည်။

ဒါ့အပြင် ထိုအခိုက်အတန့်လေးမှာပဲ လုရှောင်ယန်သည် အမှန်ကို သိုင်းဘုရင်အဆင့်တစ်ယောက်မှန်း အပြည့်အဝယုံကြည်သွားတော့၏။

တကယ်တော့ လုရှောင်ယန်က လုံးဝကို သိုင်းဘုရင်အဆင့်မရောက်သေးပေ။ သူ့လက်ရှိအဆင့်မှာ အာကာပြင်ပြိုကွဲခြင်း၏ တတိယအဆင့်မှာသာရှိပေသေးသည်။

အားလုံးက ကျီဝူရှားနှင့် ယွင်လီကောတို့ သက်သက်မဲ့စိတ်ကူးယဉ်နေကြခြင်းများသာဖြစ်ပေသည်။

ထိုအချိန်တွင် လုရှောင်ယန်သည်တော့ သူ့အခန်းထဲမှာ လက်ဆောင်အိတ်များဖွင့်နေခဲ့သည်။

ယွင်လီကောက ဆရာသခင်အဆင့်သို့ရောက်ရှိသွားခြင်းကြောင့် လက်ဆောင်အိတ်ကြီးတစ်အိတ်ရရှိထားသည်။ ဒါ့အပြင် ပြီးပြည့်စုံသည့်ဆရာသခင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာကြောင့် နောက်ထပ် လက်ဆောင်အိတ်ငယ်၁၀အိတ်ကိုလဲ ရရှိထားလေသည်။

သူလက်ဆောင်အိတ်တစ်အိတ်ကို ဖွင့်လိုက်ရာ….

ကောင်းကင်ဘုံအလယ်အလတ်အဆင့် စိတ်ဝိညာဉ်အဆီအနှစ်ဆေးလုံး x 100

ကောင်းကင်ဘုံထိပ်တန်းအဆင့် အခင်းအကျင်း : တည်မြဲသောအလင်းရောင်ဘုရင် x 1

ကောင်းကင်ဘုံထိပ်တန်းအဆင့် နဂါးနိုင်လှံတံ x 1

…..

လုရှောင်ယန် ပစ္စည်းကောင်းတွေ တပုံတပင်ရရှိသွားခဲ့သည်။ စွမ်းအင်အဆီအနှစ်ဆေးလုံးသည် ချီစုဆောင်းခြင်းဆေးလုံးကို အဆင့်မြှင့်ထားသလိုမျိုးပဲ စိတ်ဝိညာဉ်အဆီအနှစ်ဆေးလုံးသည်လဲ စွမ်းအင်အဆီအနှစ်ဆေးလုံးကို အဆင့်မြှင့်ထားသည့်ပုံစံဖြစ်သည်။

စိတ်ဝိညာဉ်အဆီအနှစ်ဆေးလုံးတစ်လုံးကတောင် စွမ်းအင်အဆီအနှစ်ဆေးလုံးပေါင်း၁၀၀နှင့် ညီမျှပေသည်။

နောက်ထပ်ရရှိသည့်ပစ္စည်းများသည်လဲ ကောင်းကင်ဘုံအဆင့်ရတနာများသာဖြစ်ကြသည်။

လုရှောင်ယန်၏တပည့်တွေ ကျင့်ကြံဆင့်မြင့်လာသည်နှင့် သူရရှိသည့် လက်ဆောင်အိတ်ထဲမှ ပစ္စည်းများသည်လဲ ပို၍ ပို၍ကောင်းလာပုံရသည်။

အနာဂါတ်တွင် သူ့တပည့်တွေအားလုံးသာ သိုင်းဘုရင်အဆင့်ရောက်သွားရင် ဒီထက်အဆပေါင်းများစွာပိုကောင်းတဲ့ ပစ္စည်းတွေရလာနိုင်တဲ့သဘောပဲမဟုတ်လား?

ထိုသို့အတွေးနေမိရင်း လက်ဆောင်အိတ်ကြီးကို လုရှောင်ယန်ဖွင့်လိုက်သည်။

သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်ကြံခြင်းနည်းစနစ် - ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်

ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်သည် တုနှိုင်းမဲ့ကိုယ်ဖော့်နည်းစနစ်တစ်ခုပင်။ ၎င်းကျင့်စဉ်သည် အသုံးပြုသူ၏ကျင့်ကြံဆင့်ကိုလိုက်၍ အရှိန်တိုးသွားနိုင်လေသည်။ ဤကိုယ်ဖော့ကျင့်စဉ်နှင့်သာဆို ကီလိုမီတာ၅၀၊ ၅၀၀၊ ၅၀၀…. ခရီးကို အလွယ်လေးသွားနိုင်သည်။ အကယ်၍များ အသုံးပြုသူ၏ကျင့်ကြံဆင့်က ထိပ်တန်းအဆင့်တစ်ခုကိုသာ ရောက်သွားပါက အချိန်နှင့်နေရာကိုတောင် ပြန်လှည့်လို့ရနိုင်ပေလိမ့်မည်။

“ဟူး! ဘယ်လောက်တောင် ကောင်းတဲ့ပစ္စည်းလဲ!”

လုရှောင်ယန် တစ်ချက်လောက်ကြည့်ရုံဖြင့်ကို သာမာန်ထက်ထူးကဲသာလွန်သည့် ကျင့်စဉ်တစ်ခုဖြစ်ကြောင်း ပြောနိုင်ပေသည်။

ဒါက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ကျင့်စဉ်ပဲ။

သူလေ့ကျင့်ကြည့်ရမယ်။

သူသာ မကျင့်ကြံနိုင်ခဲ့ရင် ဒီလိုပစ္စည်းကောင်းမျိုးလက်ဆောင်အိတ်ထဲထည့်ပေးခဲ့တဲ့ ဝမ့်ခိုက်ကို စိတ်ပျက်အောင်လုပ်မိသွားမှာပေါ့။

လုရှောင်ယန် ချက်ချင်းပင် သူ့သီးသန့်နေရာသို့ဝင်သွားကာ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်ကို စတင်ကျင့်ကြံတော့သည်။

“အသက်တစ်ရှိုက်မှာ ယင်နဲ့ယန်ကိုခွဲလိုက်တယ်။ ယင်နဲ့ယန်က သန့်စင်မှုသုံးပါးဖြစ်လာမယ်။ ဒီသန့်စင်မှုသုံးပါးကို လက္ခဏာရပ်လေးပါးအဖြစ်ခွဲထုတ်ပြီး လက္ခဏာလေးပါးက ဒြင်စင်ငါးခုအဖြစ်ပြောင်းလဲသွားတယ်….”

…..

ကျင့်ကြံခြင်းအတွက် အချိန်တွေအများကြီး ပေးဆပ်ကြရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တစ်လကုန်သွားခဲ့သည်။

တစ်လကြာပြီးနောက် လုရှောင်ယန် နိုးလာခဲ့သည်။

သူ့မျက်လုံးများမှာ အဖြူအမဲအတိုင်းပင်။ သို့သော်လည်း ထိုအရောင်နှစ်မျိုးကပင် ဂုဏ်သိက္ခာကြီးမြတ်ကာ ခြောက်လှန့်နိုင်စွမ်းအပြည့်ဖြင့် ထူးဆန်းစွာ တောက်လဲ့လို့နေလေသည်။

“ဒီတစ်ခေါက် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကို ပြီးပြည့်စုံအဆင့်အထိကျင့်တာ ဒီလောက်အချိန်တွေအများကြီး ကုန်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အဇူရာသက်ရှည်အနုပညာကိုကျင့်တုန်းကထက်တာင် အချိန်ပိုယူသေးတယ်။ ကြည့်ရတာ သိုင်းဘုရင်ထိပ်တန်းအဆင့်ပဲဖြစ်တဲ့ အဇူရာသက်ရှည်အနုပညာထက်တောင် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်း ကိုယ်ဖော့ကျင့်စဉ်က နည်းနည်းပိုအားကောင်းတဲ့ပုံပဲ။”

“ဒါပေမယ့် ငါလို တုနှိုင်းမဲ့ဉာဏ်ကြီးရှင်တစ်ယောက်အတွက်တော့ ပြဿနာကြီးမဟုတ်သေးဘူး။”

နည်းနည်းလောက်ဉာဏ်ကြီးရှင်အဖြစ်သတ်မှတ်လို့ရသည့် တခြားတစ်ယောက်ဆိုလျှင်ပင် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်ကို ပြီးပြည့်စုံသည့်အဆင့်ရောက်အောင် ကျင့်ဖို့ နှစ်များစွာလိုအပ်လိမ့်မယ်။ လုရှောင်ယန်ကတော့ အချိန်လဝက်သာလိုခဲ့၏။ တကယ်ပဲ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင့်နိုင်တဲ့နှုန်းကြီးပင်။

ကျန်လဝက်ကိုတော့ သူကျင့်ကြံထားသည့် သိုင်းဘုရင်အဆင့်ကျင့်စဉ်နှစ်ခုဖြင့် သူ့ခွန်အားပိုတိုးပွားလာအောင် ပြန်လည်ကျင့်ကြံပေးနေခဲ့ခြင်းဖြစ်သည်။

“ဒီတစ်လအတွင်း ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းနဲ့ အဇူရာသက်ရှည်အနုပညာကို မနားတမ်းကျင့်ကြံခဲ့တယ်။ စိတ်ဝိညာဉ်အဆီအနှစ်ဆေးလုံးတွေအကူအညီပါထည့်ပေါင်းလိုက်ရင် ငါ့ကျင့်ကြံဆင့်က အာကာပြင်ပြိုကွဲခြင်းရဲ့ စတုတ္ထအဆင့်လောက်ကို ချိုးဖြတ်နေလောက်သင့်ပြီ။ ဒီနှုန်းအတိုင်းသာဆို ဒီနှစ်အတွင်း အနှစ်သာရခိုင်မြဲခြင်းအဆင့်ကိုရောက်ဖို့ မျှော်လင့်လို့ရတယ်။”

ပြောရင်းဖြင့် သူ့လက်ရှိကျင့်ကြံဆင့်ကို လုရှောင်ယန် စစ်ဆေးကြည့်လိုက်လေသည်။

“….”

အာကာပြင်ပြိုကွဲခြင်း ဆဌမအဆင့်!

ရုတ်တရက်ဆိုလို ဒုန်းကျည်လိုအမြန်နှုန်းကြီးကြောင့် လုရှောင်ယန် ပြောစရာစကားမဲ့သွားတော့သည်။

ငါရောက်နေတာ အာကာပြင်ပြိုကွဲခြင်းအဆင့်ပါ၊ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်မဟုတ်ဘူးကွ!

တစ်လတည်းနဲ့ နောက်ထပ်အဆင့်သေးနှစ်ဆင့်တောင် တက်သွားတာကြီးကတော့….. အရမ်းလွန်လွန်းသွားပြီကွ!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၁၃ ဂိုဏ်းမှဆင့်ခေါ်ခြင်း

“ဒီအဆင့်သေးနှစ်ဆင့်ထပ်တက်သွားတာ ယွင်လီကောနဲ့ ကျီဝူရှားတို့ကြောင့်ပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား? ဝမ့်ခိုက် ငါ့ကို သူတို့အချက်အလက်တွေပေးဦး။”

“လာပြီ၊ လာပါပြီ။”

ပြောရမယ်ဆိုရင် ဝမ့်ခိုက်၏အသံသည် အလွန်ဆွဲဆောင်းမှုရှိလှသည်။ သူသာ အသံသရုပ်ဆောင်တစ်ယောက်လုပ်ပါက သေချာပေါက် ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်လာမှာပင်။

[ယွင်လီကောနဲ့ ကျီဝူရှားတို့ရဲ့ ကျင့်ကြံခြင်းအချက်အလက်တွေကို စီစစ်ပြီးပါပြီ။ သခင် ကြည့်လိုက်ပါ]

လုရှောင်ယန် တစ်ချက်ကြည့်လိုက်သည်။

ယွင်လီကောက ဆရာသခင်အဆင့်ကိုချိုးဖြတ်ပြီး၍ စိတ်ဝိညာဉ်ပထမအဆင့်ထဲသို့ ဝင်နေပေပြီ။

ဒီတစ်ခေါက်တော့ သူ့ကျင့်ကြံနှုန်းက အရင်ကလောက် မမြင့်တော့ပေ။

အရင်တုန်းကကျ သူ့ရဲ့အခြေခံကိုက ဆရာသခင်အဆင့်သို့ရောက်နေခြင်းဖြစ်ကာ ရှေးဟောင်းဧကရာဇ်ကျမ်းက ထိုအခြေခံတို့ကိုပြန်လည်စုဆောင်ပေးခဲ့တာကြောင့် ရှေ့ပိုင်းကျင့်ကြံဆင့်များကို ဒုန်းကျည်လို ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့ပေ ဆရာသခင်အဆင့်ကိုကျော်ဖြတ်ပြီးချိန်မှာတော့ သူက သာမာန်လူတစ်ယောက်နှင့် ဘာမှမကွာတော့ပေ။

ပြောရမယ်ဆိုရင်တော့ သိုင်းဘုရင်အဆင့်ကျင့်စဉ်သည် သာမာန်ကျင့်စဉ်များထက် အဆင့်တက်နှုန်း ပိုမြန်သွားရုံသာရှိပေသည်။

သူနောက်ထပ်တစ်ဆင့်တက်ဖို့ဆို တစ်လလောက်ကြာတော့မည်ဖြစ်ကာ ရှေ့ဆက်ပြီး ပိုအချိန်ယူသွားရဖို့သာရှိတော့သည်။

ကျီဝူရှားဘက်ကို ကြည့်လိုက်ပြန်တော့ သူမ၏မူရင်းကျင့်ကြံဆင့်သည် စိတ်ဝိညာဉ်ပထမအဆင့်တွင်ဖြစ်ကြောင်း တွေ့ရလေသည်။ အခုချိန်မှာတော့ သူမသည် စိတ်ဝိညာဉ်ဒုတိယအဆင့်ကိုတက်ပြီးလို့ တတိယအဆင့်၏တစ်ဝက်ကိုတောင် ရောက်နေပေပြီ။

သူမ၏သွေးမျိုးဆက်က ယွင်လီကောထက် ပိုပြီးသာလွန်လေ၏။

အဆင့်တူ ကျင့်စဉ်မှာကို သူမသည် ပို၍အဆင့်မြင့်တာကြောင့် ကျင့်ကြံဖို့ ပိုခက်ခဲနေသည့်အခြေအနေမျိုးဖြစ်သည်။ ဒါကိုတောင် ယွင်လီကောနှင့်ယှဉ်လိုက်လျှင် သူမ ကျင့်ကြံနှုန်းသည် ပိုမြန်နေသေးသည်။

“ဒီလိုဆိုရင်တောင် သိပ်မမှန်သေးဘူးလေ။ ဒီနှစ်ယောက်ရဲ့ကျင့်ကြံဆင့်က အဆင့်သေးလေးတစ်ဆင့်စီပဲတိုးသွားကြတာ။ အရင်လိုမျိုးလဲမဟုတ်ဘူး။ ဒါကိုတော့ ငါ့ကျင့်ကြံဆင့်က ဘယ်လိုလုပ် အဆင့်သေးနှစ်ဆင့်တောင် တိုးသွားရတာလဲ? ဝမ့်ခိုက် မင်းတစ်ခုခုများလွဲသွားသေးလား? ဒါက စည်းမျဉ်းနဲ့တောင် မညီတော့ဘူးလေ။”

[သူတို့ကြောင့်နဲ့ သခင့်ရဲ့ကျင့်ကြံဆင့်ကို အဆင့်သေးနှစ်ဆင့်တက်သွားစေတာ မဟုတ်ပါဘူး။ သူတို့ကြောင့် သခင် အဆင့်သေးတစ်ဆင့်ပဲ တက်သွားတာပါ။ သခင် အဆင့်သေးနှစ်ဆင့်တောင် တက်သွားရတဲ့အကြောင်းအရင်းမှန်ကတော့ သခင့်ရဲ့ပင်ကိုအရည်အချင်းကြောင့်ပါ။ ပြီးတော့ သခင်က ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းနဲ့ အဇူရာသက်ရှည်အနုပညာကို ကျင့်ကြံထားတာကြောင့်လဲ ပါ,ပါတယ်]

“ငါတကယ်ကို ဆွံ့အသွားပြီ။”

လုရှောင်ယန် ကိုယ်တိုင်လဲ သူ့အရည်အချင်းအကြောင်း သူသေချာသိတာပေါ့။ သူဆိုတာက အရမ်းကိုထက်မြက်ပြီး အရာရာတိုင်းကို မြန်ဆန်စွာသင်ယူနိုင်စွမ်းလဲရှိသေးတယ်။

သူအရင်ကကျင့်ကြံခဲ့သည့်အကောင်းဆုံး နည်းစနစ်သည်က ကောင်းကင်ဘုံအဆင့်ကျင့်စဉ်သာဖြစ်သည်။ ဒါကြောင့်ပဲ သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ဒိတ်အောက်နေပြီလို့တောင် ပြောလို့ရ၏။

သို့ပေမယ့် တကယ်တမ်း သူကိုယ်တိုင်က ကောင်းကင်ဘုံအဆင့်ကျင့်စဉ် သို့မဟုတ် မြေကမ္ဘာအဆင့်ကျင့်စဉ်တွေနဲ့ သိုင်းဘုရင်အဆင့်ကျင့်စဉ်ကြားက ကွာခြားချက်ဆိုသည်က ဘယ်လောက်တောင် ကြီးမားကြောင်း မေ့နေခဲ့ခြင်းသာဖြစ်သည်။

လုရှောင်ယန်၏ပြိုင်စံရှားပင်ကိုအရည်အချင်းကိုပါ ထည့်ပေါင်းလိုက်ချိန်မှာတော့ သူ့ကျင့်ကြံနိုင်စွမ်းကို နှစ်ဆဖြစ်သွားစေလေသည်။

သို့သော်လည်း လုရှောင်ယန်ကတော့ ဒီတပည့်လက်ခံတဲ့စနစ်က အရမ်းကြောက်စရာကောင်းလွန်းသည်ဟု ခံစားနေမိတုန်းပင်။

ဒီစနစ်နဲ့သာဆို သူဘာအလုပ်မှမလုပ်ဘဲနဲ့တောင် သူ့ရဲ့စွမ်းအင်ကျင့်ကြံဆင့်က မြင့်နေနိုင်မှာပင်။

တွေးကြည့်လိုက်စမ်းပါ၊ တကယ်လို့ တပည့် ဆယ်ယောက် မဟုတ်သေးဘူး အယောက်နှစ်ဆယ်လောက်ကိုသာ သင်ပေးလိုက်ရင် သူ့ရဲ့ကျင့်ကြံနှုန်းကလဲ ဘာမှလုပ်စရာမလိုဘဲ ဒီထက်အဆပေါင်းများစွာ မြန်ဆန်သွားတော့မှာပေါ့။

ထိုအခိုက်အတန့်မှာပဲ ရုတ်တရက်ဆိုသလို သူ့အခင်းအကျင်းရှေ့သို့ တစ်စုံတစ်ယောက် ရောက်ရှိလာကြောင်း လုရှောင်ယန် ခံစားလိုက်ရသည်။

ဒီလိုနဲ့ သူ့ရဲ့ပရမ်းပတာအတွေးများကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်ကာ ခြေတစ်ချက်စောင့်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားစေတော့သည်။

ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်က သူ့ကို တစ်ခဏလေးအတွင်းမှာတင် တောင်ခြေသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။

လုရှောင်ယန် ရုတ်တရက်ကြီးပေါ်လာတာကြောင့် ကျီရွှေ့တောင်သို့ရောက်နေသည့် ကောင်းကင်နတ်ဆိုးဂိုဏ်းသားငယ်လေးမှာ ထိတ်လန့်သွားတော့သည်။

“ဆရာဦးလေးလု ဘာလို့ရုတ်တရက်ကြီးပေါ်လာရတာလဲ? လန့်သွားတာပဲ။”

လုရှောင်ယန် လက်နှစ်ဖက်ကို နောက်ပစ်ရင်း မထူးခြားနားလေဟန်ဖြင့်၊ “အဲ့ဒါက ငါလာနေတာကိုတောင် မခံစားနိုင်လောက်အောင် မင်းရဲ့ကျင့်ကြံဆင့်က နိမ့်နေလို့လေ။”

ဂိုဏ်းသားငယ်လေးမှာ ထိုစကားကိုကြားပြီး ရှက်ရွံ့သွားကာ ချက်ချင်းပင် သူ့လက်နှစ်ဖက်ကိုယှက်လိုက်ပြီး။ “ဆရာဦးလေးပြောတာ အမှန်ပါ။ ဒီတပည့်တောင်းပန်ပါတယ်။”

လုရှောင်ယန် လက်ကိုဝှေ့လိုက်ကာ “မလိုဘူး။ မင်းဘာလို့ ငါ့ရဲ့ကျီရွှေ့တောင်ကိုလာလဲဆိုတာသာ ပြော။”

“ဆရာဦးလေးလုကို ဖြေကြားပါတယ်။ ဂိုဏ်းဆရာသခင်က ဂိုဏ်းအကြီးအကဲတွေအားလုံးကို အခုချက်ချင်း ဂိုဏ်းရဲ့ပင်မခန်းမထဲမှာ စုခိုင်းထားပါတယ်။ ဒီတပည့်က ဆရာဦးလေးလုကို လာအကြောင်းကြားပေးတာပါ။”

“သိပြီ၊ ကျေးဇူးပဲ။”

“ဆရာဦးလေးလုကလဲ ဘာတွေပြောနေတာလဲ? အခုလို လာပြောခွင့်ရတာကိုက ဂုဏ်ယူစရာပါ။”

“ကောင်းပြီ။”

လုရှောင်ယန် ခေါင်းညိတ်လိုက်ကာ ဆေးလုံးများထည့်ထားသည့် ပုလင်းတစ်လုံးကို သာမာန်ကာလျှံကာပစ်ပေးခဲ့လိုက်ပြီးနောက် ကျီရွှေ့တောင်မှ ထွက်ခွာသွားခဲ့သည်။

ဂိုဏ်းသားငယ်၏မျက်လုံးထဲတွင် မနာလိုရိပ်များဖြတ်ပြေးသွားလေသည်။ “ဆရာဦးလေးဆိုတဲ့အတိုင်းပဲ မြန်လိုက်တာမှ။ သူ့ရဲ့ကျင့်ကြံဆင့်က စိတ်ဝိညာဉ်အဆင့်ကိုတော့ ကျော်နေလောက်ရောပေါ့?”

ထို့နောက် လုရှောင်ယန်ပေးခဲ့သည့် သူ့လက်ထဲကဆေးပုလင်းကို ငုံ့ကြည့်လိုက်ကာ ချက်ချင်းဆိုသလို အံ့ဩရိပ်များဖြင့် ပြည့်လျှံသွားတော့သည်။

“ဒါ ချီစုဆောင်းခြင်းဆေးလုံးတွေပဲ! ဆရာဦးလေးလုက အရမ်းကိုရက်ရောလိုက်တာ! အနာဂါတ်မှာ ငါ ဆရာဦးလေးလုနဲ့ ပိုရင်းနှီးအောင် လုပ်ထားရမယ်၊ ဒီလိုဆို သူမျက်နှာသာပေးတာ ခံရမှာပဲ။”

ယင်းကတော့ လုရှောင်ယန်၏စတိုင်ပင်။

ပြောရရင် ဒီလိုဆန်းကျယ်နက်နဲလှသည့်လောကကြီးထဲမှာ သူ့စည်းမျဉ်းတွေအတိုင်း တစ်ကိုယ်တည်း ရှင်သန်ရပ်တည်ဖို့ မလုံလောက်ပေ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ့စကားကိုယုံတဲ့လူက အရမ်းနုံအနေလို့ပဲ။

ရှေးစကားတွေအရဆို ကိုယ်က တခြားလူတွေကို ပြဿနာသွားမရှာချင်ရင်တောင် တခြားလူတွေဘက်က ကိုယ့်ကိုပြဿနာလာရှာနေဦးမှာပဲ။

ဒါကြောင့် လုရှောင်ယန်သည် မိတ်ဖွဲ့ရသည်ကိုလဲ နှစ်သက်ခြင်းဖြစ်သည်။

ချီစုဆောင်းခြင်းဆေးလုံးသည် သူ့အတွက်တော့ အလွယ်တကူရရှိနိုင်နေတာကြောင့် တန်ဖိုးမရှိသလောက်ကိုပင်။

ပုံမှန်သန့်စင်လိုက်ရုံဖြင့်ကို သူ့အနေနဲ့ စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး ဖော်စပ်နိုင်လေသည်။ ထိုဆေးလုံးသည် ချီစုဆောင်းခြင်းဆေးလုံးနှင့် စွမ်းအင်အဆီအနှစ်ဆေးလုံးကြားထဲမှ အဆင့်ဖြစ်သည်။

ချီစုဆောင်းခြင်းဆေးလုံးများသည် သူ့အတွက်တော့ အမှိုက်သာသာဖြစ်တာကြောင့် ၎င်းတို့ကို တခြားသူများအားပေးပြီး မိတ်ဖွဲ့လိုက်ခြင်းကသာ အသုံးဝင်ဆုံးနည်းလမ်းဖြစ်သည်။

လုရှောင်ယန် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ပင်မခန်းမဖြစ်သော ဂိုဏ်း၏စုဝေးသည့်နေရာသို့ မြန်မြန်ဆန်ဆန်ပဲရောက်ရှိသွားလေသည်။

အထဲတွင်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှအကြီးအကဲများစွာ စုရုံးနေကြပြီဖြစ်သည်။

အတွင်းဘက်ဆုံးနားမှအဖွဲ့သည်တော့ မုတ်ဆိတ်ဖြူအဖိုးကြီးများဖြစ်ကာ အားလုံးသည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများဖြစ်ကြပြီး အများစုသည် တောင်ပင်လယ်အဆင့်တွင်ရှိကြသည်။

သာမာန်ကျင့်ကြံသူများအတွက်တော့ တောင်ပင်လယ်အဆင့်သည် ဂိတ်ဆုံးပင်။

သူတို့အတွက် နောက်ထပ်တစ်ဆင့်တက်လှမ်းနိုင်ဖို့ဆိုသည်က အလွန်တရာခက်ခဲသွားပေပြီ။ သူတို့တွေအတွက်ကတော့ အသက်ကိုဆွဲဆန့်ဖို့ရန်အတွက် နှေးကွေးစွာ ဆက်လက်ကျင့်ကြံကြရင်း နောက်တစ်နေ့တွင် အသက်ရှင်လျက်ဆက်ရှိနေနိုင်ဖို့ကိုသာ မျှော်လင့်ရလေသည်။

ဘွင်းဘွင်းပြောရရင်တော့ သေဖို့ထိုင်စောင့်နေတာနဲ့ မကွာခြားပေ။ အဆင့်တက်နိုင်ဖို့ အထူးတလည်အခွင့်အရေးမျိုးနှင့် သူတို့အသက်ကိုဆွဲဆန့်နိုင်မည့် သွေးအဆီအနှစ်သာရှိမလာလျှင် တခြားနည်းလမ်းမရှိတော့ပေ။

အပြင်ဘက်အခြမ်းမှအုပ်စုသည်တော့ ငယ်ရွယ်ဖြတ်လတ်နေကြသည်။ တချို့တွေက သုံးဆယ်ကျော် လေးဆယ်ဝန်းကျင်များဖြစ်ကာ တချို့ကတော့ လုရှောင်ယန်လို သုံးဆယ်ဝန်းကျင်များဖြစ်ကြသည်။

သူတို့ထဲမှတချို့ဆိုလျှင် လုရှောင်ယန်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းထဲဝင်သည့်အချိန်တောင် တူကြလေသည်။

သို့သော်လည်း အများစုမှာ စိတ်ဝိညာအဆင့်သို့သာရောက်နေသေးကာ တချို့ ဆရာသခင်နောက်ဆုံးအဆင့်တောင် ရှိသေးသည်။

“ရှောင်ယန်၊ မင်းရောက်ပြီပဲ။”

လုရှောင်ယန်ရောက်သွားသည်နှင့် သူ့အနားသို့လူနှစ်ယောက် ချဉ်းကပ်လာကြသည်။

အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ပင်။ အမျိုးသားကိုတော့ လီတောက်ယန်ဟုခေါ်ပြီး အမျိုးသမီးကတော့ လင်းကျဲ့ပင်။

သူတို့နှစ်ဦးသည် လုရှောင်ယန်နှင့်အတူ ကောင်းကင်နတ်ဆိုးဂိုဏ်းထဲသို့ဝင်ချိန်တူကာ သူငယ်ချင်းကောင်းများလဲ ဖြစ်ကြသည်။

သူတို့နှစ်ဦးကိုမြင်သည်နှင့် လုရှောင်ယန်လဲ ပြုံးလိုက်လေသည်။

“မတွေ့တာတောင်ကြာပေါ့။”

လီတောက်ယန် ကျွတ်ခနဲလုပ်လိုက်ကာ “မင်း အဲ့စကားမပြောစမ်းနဲ့။ မင်းကသာ နေ့တိုင်းကျီရွှေ့တောင်ထဲ အောင်းနေတာ။ ငါတို့ဆီတောင် တစ်ခါမှလာမလည်ဘူး။”

လုရှောင်ယန် သူ့နှာခေါင်းသူထိလိုက်ပြီး နေရခက်စွာပြုံးလိုက်သည်။

“မတတ်နိုင်ဘူးလေ။ ငါ့အရည်အချင်းက ဒီလောက်ဆိုးတာကို။ ငါ့မှာ ကျင့်ကြံဖို့အချိန်နည်းနည်းပါးပါးပိုရှိနေသ၍ ဆက်ပြီးကျင့်ကြံနေရမှာပဲ။”

“ငါတို့သုံးယောက်ထဲမှာ မင်းတစ်ယောက်ပဲ နေ့တိုင်းကြိုးကြိုးစားစား ကျင့်ကြံနေတာ။ ပြောတော့မပြောချင်ပေမယ့် မင်း သိုင်းဘုရင်အဆင့်ကိုရောက်အောင်များ ကျင့်ကြံချင်နေတာလား? အဲ့လောက်ထိကြိုးစားနေဖို့ မလိုဘူး! ငါတို့သုံးယောက်ရဲ့အရည်အချင်းနဲ့ဆိုရင် ဒီဘဝတော့ တောင်ပင်လယ်အဆင့်ရောက်တာက အလွန်ဆုံးပဲ။ ကံကောင်းရင်တောင် စိတ်ဝိညာဉ်အဆင့်လောက်ပဲ ရောက်မှာ… မင်းဘာလို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ? မပင်ပန်းဘူးလား?”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၁၄ လူငယ်တွေကြိုးစားရမယ်

“လူတိုင်း အိပ်မက်ရှိဖို့လိုတယ်လေ။ မဟုတ်ရင် ငါတို့က ငါးဆားနယ်တွေနဲ့ဘာများခြားတော့မှာလဲ?”

“ဟမ်း… မင်းအဆုံးထိ ဆက်ကြိုးစားနေရင်တောင်မှ ငါးကငါးပဲဖြစ်နေဦးမှာပဲကို။”

လီတောက်ယန် ပြန်ပြောသည့်စကားတွေက အတော်လေးအညှာအတာမဲ့လှ၏။ ဒါပေါ့ လုရှောင်ယန်ကတော့ ဘယ်ဂရုစိုက်လိမ့်မလဲ။ သူ့ရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတယ်ဆိုကတည်းက တခြားလူတွေနဲ့ယှဉ်ပြိုင်ဖို့စိတ်ကူး သူ့မှာမရှိလို့ပေါ့။

တကယ်တော့ သူကြိုးကြိုးစားစား ကျင့်ကြံနေသည်ခြင်းသည် ဟန်ဆောင်နေခြင်းသာဖြစ်မှန်း သူကိုယ်တိုင်သာသိပေသည်။

လင်းကျဲ့ကတော့ ဒေါသထွက်သွားကာ လုတောက်ရန်ကို ဆိုက်ကြည့်လိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ ရှောင်ယန်က သိုင်းပညာကို ရိုးရိုးသားသားနဲ့လိုက်စားတာ။ နင်ကျတော့ကော၊ နင်က အမြဲတမ်း ပျင်းရိပြီး ဂရုကိုမစိုက်ဘူး။”

လီတောက်ယန် ချက်ချင်းလက်ကိုမြှောက်ကာ အရှုံးပေးလိုက်လေသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ငါကိုက မင်းရှေ့မှာ ရှောင်ယန်မကောင်းကြောင်း မပြောလိုက်သင့်တာပါ။”

လင်းကျဲ့က ခေါင်းညိတ်ကာ လုရှောင်ယန်ဘက် ပြန်လှည့်သွားပြီး၊ “ရှောင်ယန်၊ တောက်ယန်ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမယောင်နဲ့။ သိုင်းပညာရှင်တွေဆိုတာ ကြီးမြတ်သောတာအိုလမ်းစဉ်ကို လိုက်ဖို့ ကျင့်ကြံခြင်းကို သေချာအာရုံစိုက်ပြီး အမြဲကြိုးစားနေသင့်တယ်။”

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ “ငါသိပါတယ်။”

“ဒါနဲ့၊ ဂိုဏ်းက ဘာလို့ ငါတို့ကိုရုတ်တရက်ကြီး စုခိုင်းတာလဲ သိကြလား?”

လီတောက်ယန်ကတော့ အရေးမစိုက်ဟန် ပုခုံးကိုတွန့်လိုက်ပြီး၊ “ဘယ်သူသိမှာလဲ? ဒါပေမယ့် ငါတို့က စိတ်ဝိညာဉ်အဆင့်အမှိုက်ကလေးတွေပါ။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင်တောင် ငါတို့နဲ့ဘာများဆိုင်လို့လဲ?”

“ချက်ကောင်းပဲ!”

သူတို့စကားပြောနေစဉ်မှာပဲ အရပ်ရှည်ရှည်နှင့် သိမ်မွေ့တည်ကြည်ဟန်ရှိသည့် သက်လတ်ပို်ငးအရွယ်ပုံရိပ်တစ်ခုက ခန်းမနောက်ထဲကနေပြီး ဖြည်းညှင်းစွာ လျှောက်ဝင်လာခဲ့သည်။

ထိုအရပ်ရှည်ရှည်နှင့်ပုဂ္ဂိုလ်သည် ဝတ်ရုံဖြူရှည်နှင့် ရွှေရောင်ကျောက်စိမ်းအဆင်တန်ဆာတစ်ခုကို ခေါင်းထက်တွင် ဆင်မြန်းထားကာ ထူးကဲသာလွန်သည့်အော်ရာတို့ သိုင်းခြုံနေ၏။

ထိုသူထွက်ပေါ်လာသည်နှင့် ခန်းမထဲရှိစကားသံတို့မှာ ဒီရေကျသွားသလိုမျိုး တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

“ဂိုဏ်းချုပ်ရောက်နေပြီ။ စကားမပြောနဲ့တော့။”

လီတောက်ယန်က လုရှောင်ယန်၏ဝတ်ရုံအနားစကို လှမ်းဆွဲလိုက်ကာ သူနှင့်လင်းကျဲ့တို့လဲ ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။

လူတိုင်းမှာ မူကြိုကလေးများလို လိမ္မာတိတ်ဆိတ်သွားကြတော့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ဆရာသခင်က အောက်ဘက်ရှိလူများကို တစ်ချက်ဝေ့ကြည့်လိုက်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အကြီးအကဲပေါင်း၂၀၀ထဲတွင် အားအနည်းဆုံးက ဆရာသခင်နောက်ဆုံးအဆင့်ပညာရှင်များဖြစ်ကြသည်။ ဤအနေအထားသည် ကြီးမြတ်သောကျိုး၏ဘယ်နေရာမှာမဆို အထင်ကြီးဖွယ်ကောင်းလောက်သည့် တည်ရှိမှုမျိုးပင်။

ထိုအကြီးအကဲများသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏အင်အားပြယုဂ်များပင်!

“အကြီးအကဲတို့၊ ဒီနေ့ အားလုံးကိုစုရုံးခိုင်းလိုက်ရတာက တကယ်တော့ လွန်ခဲ့တဲ့နှစ်လကဖြစ်သွားတဲ့ ကိစ္စကြောင့်ပဲ။ အားလုံးလဲသိကြတဲ့အတိုင်း လွန်ခဲ့တဲ့နှစ်လတုန်းက ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ အရမ်းထိတ်လန့်တုန်လှုပ်ဖို့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်။ ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက်က ကောင်းကင်ဘုံရဲ့စွမ်းအားကို လှုပ်နှိုးလိုက်တာပဲ။”

ထိုစကားကိုကြားသည်နှင့် လုရှောင်ယန်တစ်ယောက် မှင်သက်သွားလေသည်။ မဟုတ်မှ သူ ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းကို စီရင်တုန်းကများလား?

ဂိုဏ်းချုပ်က ဆက်ပြီး၊ “အဲ့ဒီဖြစ်ရပ်က ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲကိုတောင် ထွက်လာစေခဲ့တယ်။ ဒါပေမယ့် အဲ့လိုဖြစ်ပြီးတဲ့နောက် ဘယ်စီနီယာပညာရှင်ကများ ကောင်းကင်ဘုံစွမ်းအားကို အစပြုခဲ့လဲဆိုတာ ရှာလို့မတွေ့ခဲ့ဘူး။”

“ဒါပေမယ့် အဲ့လိုစုံစမ်းရင်းနဲ့ အဆင့်မြင့်အကြီးအကဲက တစ်ခုကိုတော့ တွေ့ရှိသွားခဲ့တယ်။ အဲ့ဒါကတော့ ဂိုဏ်းရဲ့အကာအကွယ်အစီအရင်က နှစ်ပေါင်းများစွာကတည်းက မပြုပြင်ဖြစ်ခဲ့တာကိုပါ။ ဒါကြောင့်ပဲ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တစ်ယောက်ယောက်ကဝင်လာပေမယ့် ရှာမတွေ့နိုင်ခဲ့တာပဲ။”

“ဒါကြောင့် အဆင့်မြင့်အကြီးအကဲရဲ့အမိန့်အရ ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို ပြန်လည်ပြုပြင်ဖို့ အခင်းအကျင်းပညာရပ်မှာတော်တဲ့ အကြီးအကဲတစ်ဦးကို ရွေးချယ်တာဝန်ပေးပါမယ်။”

“အကြီးအကဲတို့ထဲမှာ စေတနာ့ဝန်ထမ်းလုပ်ချင်ကြသူများရှိလား?”

ကံမကောင်းစွာနဲ့ လူတိုင်း အလွန်အမင်းစိတ်အား ‘မထက်သန်’နေကြပါဘူး။

ဒါက ပုံမှန်ပဲလေ။

အဓိကကတော့ ထိုကိစ္စလုပ်ခြင်းသည် အချိန်ဖြုန်းနေသလိုပင်။ ပြောရရင်တော့ ဆောက်လုပ်ရေးဆိုက်ထဲမှာ အုတ်ခဲသယ်သလိုပေါ့။ အရမ်းပင်ပန်းရုံတင်မကဘဲ လစာကလဲ မများလှဘူး။ အဲ့အတွက်အချိန်ဖြုန်းမဲ့အစား သူတို့တောင်ထိပ်မှာပဲ အေးအေးဆေးဆေးသွားအိပ်နေတော့မှာပေါ့။

ဒုတိယအနေနဲ့ ထိုတာဝန်သည် အဆင့်မြင့်အကြီးအကဲ၏အမိန့်ဖြစ်သည်။ တစ်စုံတစ်ရာမှားယွင်းသွားရင် သေချာပေါက် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပြီး အပြစ်ပေးတာပါ ခံရဦးမယ်!

ခြုံငုံကြည့်လိုက်လျှင်တော့ ဤတာဝန်ကိုယူလို့ရလာမယ့် ဝိညာဉ်ကျောက်တုံးအနည်းငယ်လောက်က ဘယ်လိုမှမတန်ပေ။

ဂိုဏ်းချုပ်မှာ မတတ်သာစွာ မျက်ခုံးတို့တွန့်သွားရပြီး၊ “ငါတို့ဂိုဏ်းမှာ အကြီးအကဲတွေဒီလောက်များတာ။ ဂိုဏ်းကိုပံ့ပိုးပေးချင်တဲ့သူ တစ်ယောက်တစ်လေလေးတောင် မရှိတော့ဘူးလား?”

အကြီးအကဲတွေအနေနဲ့ ငုတ်တုတ်မေ့နေလိုချည်းပဲလဲ မရပေ။

ဒါကြောင့် တချို့သော ဂုဏ်သိက္ခာရှိအကြီးအကဲများ မတ်တပ်ရပ်လိုက်ကြကာ၊ “ငါတို့ဂိုဏ်းမှာ အခင်းအကျင်းအကြောင်းနားလည်တဲ့လူက သိပ်ရှိတာမဟုတ်ဘူး။ မင်းတို့နည်းနည်းလေးပဲရှိတာ။ ပုန်းကွယ်မနေဘဲ ရှေ့ထွက်ခဲ့ကြ။”

ထိုသို့တောင်ပြောလာမှတော့ ရွေးချယ်စရာမရှိတော့ဘဲ ဆယ်ယောက်လောက် ရှေ့ထွက်လာကြလေသည်။

ထိုထဲတွင် လီတောက်ယန်နှင့် လုရှောင်ယန်တို့လဲ ပါဝင်လေသည်။

လီတောက်ယန်သည် ဂိုဏ်းထဲတွင် စကားများလှသည့်ဆရာသခင်အဖြစ် နာမည်ကြီးလှသည်။ သူမှာ ဘာမှလုပ်စရာမရှိတာနဲ့ လျှောက်ပတ်သွားပြီး လူတွေနဲ့စကားလိုက်ပြောနေလေ့ရှိသည်။ ဒါကြောင့် စီနီယာအချို့ အကြီးအကဲအချို့နဲ့ အဆင်ပြေပြေရှိကာ အခင်းအကျင်းဘယ်လိုတည်ဆောက်ရမလဲဆိုသည်ကို သင်ပေးခြင်းခံခဲ့ရသည်။

လုရှောင်ယန်အကြောင်းကတော့…. ထည့်ပြောနေဖို့တောင် မလိုတော့ပါဘူး။ သူလိုဉာဏ်ကြီးရှင်တစ်ယောက်က အခင်းအကျင်းဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုလဲ ကိုယ့်ဘာသာသင်ယူခဲ့တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နည်းနည်းပါးပါးသင်ယူလိုက်ခြင်းက ငွေလဲမကုန်သလို အကျိုးအမြတ်တွေအများကြီးလဲ ရသည်။

ဒါကြောင့် သူတို့နှစ်ယောက်လဲ ရှေ့ထွက်ရုံသာရှိတော့သည်။

ဂိုဏ်းချုပ်က အားလုံးကိုကြည့်လိုက်ပြီးနောက် အသက်ကြီးသည့်အကြီးအကဲများကို မေးလိုက်သည်။

“အကြီးအကဲဝမ်၊ အကြီးအကဲထျဲ့၊ ခင်ဗျားတို့နှစ်ယောက်က ဂိုဏ်းထဲမှာ ထိပ်တန်းအဆင့်သို့သတ်မှတ်လို့ရတယ်။ ခင်ဗျားတို့နှစ်ယောက် ဒီအရေးကြီးတဲ့တာဝန်ကို ယူချင်ကြလား?”

အကြီးအကဲဝမ်ချောင်းအသာဟန့်လိုက်ကာ၊ “ဂိုဏ်းချုပ်၊ ငါ့ရဲ့ကျင့်ကြံခြင်းမှာ လက်တလော တစ်ခုခုဖြစ်သွားတယ်။ ဒါကြောင့် လောလောဆယ် အနားယူပြီးရင်း အနားယူရမှာမို့ ဝိညာဉ်စွမ်းအားသုံးဖို့က ငါ့အနေနဲ့အဆင်မသင့်သေးဘူး။ ဒါကြောင့် အခင်းအကျင်းကို ပြန်မပြင်နိုင်မှာ စိုးမိတယ်။”

အကြီးအကဲထျဲ့အကြည့်တို့ နက်နဲသွားကာ အမူအရာက တဖြည်းဖြည်း တည်ကြည်သွားသည်။

“ဂိုဏ်းချုပ်၊ ငါအခုတလော စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ရဲ့အကန့်အသတ်ကို ဖမ်းဆုပ်လုဖမ်းဆုပ်မိခင်ဖြစ်နေတာမို့ အဆင့်ချိုးဖြတ်ဖို့ အာရုံစိုက်မှဖြစ်မယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ဂိုဏ်းအတွက် အကောင်းဆုံးမစွမ်းဆောင်ပေးနိုင်လောက်ပါဘူး။”

ဂိုဏ်းချုပ်၏မျက်ခုံးများ ထောင်တက်သွားလေသည်။ ဒီအကြီးအကဲနှစ်ယောက် ညာနေမှန်းသိသိကြီးနဲ့တောင် သူ့မှာလုပ်နိုင်တာဘာမှမရှိပေ။

တစ်ဖက်ကလူက ဂိုဏ်းတည်ထောင်သူအကြီးအကဲဖြစ်သည်။ သူ့ကျင့်ကြံဆင့်ကနိမ့်နေသော်လည်း တစ်ဖက်လူကိုမြင်လျှင် စီနီယာအစ်ကိုဟု ခေါ်နေရတုန်းပင်။

ဂိုဏ်းသာ အန္တရာယ်ရှိသည့်အခြေအနေမျိုးဖြစ်နေလျှင် ဂိုဏ်း၏လုပ်ပိုင်ခွင့်ကိုသုံးပြီး တစ်ဖက်လူကို အပြစ်ပေးနိုင်သေးသည်။

သို့သော်လည်း အခင်းအကျင်းပြန်လည်ပြင်ဆင်ခြင်းက ထိုမျှလောက်ကြီးမားသည့်ကိစ္စလဲ မဟုတ်ပေ။ သူတို့ကိုအတင်းဖိအားပေးလိုက်လျှင် တခြားလူများ၏အထောက်အပံ့ကို ဆုံးရှုံးသွားပေလိမ့်မည်။

ထို့နောက် သူ့နောက်က ကျန်အကြီးအကဲအနည်းငယ်ကိုကြည့်လိုက်ရာ အကြီးအကဲဝမ်နှင့် အကြီးအကဲထျဲ့တို့၏အဖြေများနှင့် ဆင်တူသည့်အဖြေများကိုသာ ရရှိခဲ့သည်။

ထိုထဲတွင်ရယ်စရာအကောင်းဆုံးကတော့ အကြီးအကဲတစ်ယောက်သည် သူတို့ဂိုဏ်းနှင့်နီးသည့် ယုံကြည်အားထားရာဂိုဏ်းတွင် ကြင်ဖက်သွားတွေ့ရမည်ဟု ပြောလာခြင်းပင်။

ဂိုဏ်းချုပ်မှာ ဒေါသထွက်လွန်းလို့ အောက်ကိုခုန်ချကာ အားလုံးကိုအော်ဆဲမိတော့မတတ်ပင်။

“ဒီတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းရဲ့အခင်းအကျင်းကိုပြန်ပြင်နိုင်တဲ့သူ တစ်ယောက်တောင် မရှိတော့ဘူးပေါ့?”

ဂိုဏ်းချုပ်အရမ်းဒေါသထွက်နေသည်ကိုမြင်သည်နှင့် အကြီးအကဲတစ်ယောက်က အလျင်စလိုထပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ တကယ်တော့ ငါတို့က အရမ်းအသက်ကြီးနေပါပြီ။ ငါတို့သာလုပ်မယ်ဆိုရင် လုပ်လို့ရနိုင်သေးတယ်ဆိုပေမယ့် အငယ်တွေ ဒီအခွင့်အရေးကိုသုံးပြီး သူတို့အရည်အချင်းကိုသွေးခွင့်ပေးသင့်တယ်မဟုတ်ဘူးလား? ဒီအတိုင်းဆို ဂျူနီယာတွေရဲ့ အခင်းအကျင်းပညာအဆင့်ကိုမြှင့်တင်ပေးဖို့ အခွင့်ကောင်းတစ်ခုဖြစ်သွားမယ်လို့ထင်တယ်။”

လုရှောင်ယန်၏နှလုံးခုန်နှုန်းတွေ ရုတ်တရက်မြင့်တက်လာကာ မကောင်းသည့်ခံစားချက်များ ရရှိလာတော့သည်။

တကယ်ကိုပဲ ထိုအခိုက်မှာပင် ထိုအကြီးအကဲက လီတောက်ယန်နှင့်လုရှောင်ယန်တို့ကို လက်ညှိုးညွှန်လာခဲ့သည်။

“တောက်ယန်နဲ့ ရှောင်ယန်တို့နှစ်ယောက်လုံးက ဂိုဏ်းရဲ့မျိုးဆက်သစ်လူငယ်အကြီးအကဲတွေပဲ။ သူတို့ရဲ့အရည်အချင်းက အတော်လေးကောင်းကြတယ်။ သူတို့နှစ်ယောက်ကိုသာ တာဝန်ပေးလိုက်ရင် သူတို့လဲလေ့ကျင့်ပြီးသားဖြစ်သလို အနာဂါတ်မှာလဲ ဂိုဏ်းအတွက်အကြာကြီး လုပ်ကိုင်ပေးသွားနိုင်တာပေါ့။ ပြောလို့မရဘူး၊ သူတို့တွေ ငါတို့ဂိုဏ်းက အခင်းအကျင်းရဲ့အနှစ်သာရကိုတောင် ဆက်ခံနိုင်လောက်တယ်။ ဂိုဏ်းချုပ် ဘယ်လိုတွေးလဲ?”

“ဒီအကြံကောင်းသားပဲ။ ဒါဆို တောက်ယန်နဲ့ရှောင်ယန်တို့ကိုပဲ ဖြေရှင်းခိုင်းလိုက်တော့မယ်။”

ဂိုဏ်းချုပ်မှာ ပစ်မှတ်တွေ့သွားပြီဖြစ်တာကြောင့် မျက်လုံးအရောင်တို့ ပြန်လည်တောက်လဲ့လာလေသည်။

တခြားအကြီးအကဲအများစုသည် သူနှင့်မျိုးဆက်တူကြသော်လည်း လီတောက်ယန်နှင့် လုရှောင်ယန်ကတော့ မဟုတ်ပေ။ ဒီတော့ သူဘာကိုမှစိုးရိမ်နေဖို့ မလိုတော့ဘူး။

သူတို့နှစ်ယောက်လုံးသည် မျိုးဆက်တစ်ခုတည်းဖြစ်ကာ သူတို့အတွက်တော့ ဂိုဏ်းတူ,တူများဖြစ်သည်။ ဒါကြောင့် သူ သူတို့ကို ရှုတ်ချပြောဆိုရင်တောင်မှ သူတို့တွေ ဘာမှပြန်ပြောရဲကြမည်မဟုတ်ပေ။ မဟုတ်ရင် သူတို့နှစ်ယောက်လုံး စီနီယာတွေကို မလေးမစားလုပ်တာကြောင့် ရိုက်ခတ်ခံကြရပေမည်။

လီတောက်ယန်မှာ ကြက်သေသေနေကာ အတော်လေးသနားဖို့ကောင်းလှသည်။ သူက လေကြီးသမားလေ။ ဘယ်လိုလုပ်ပြီး အခင်းအကျင်းကိုပြန်ပြင်နိုင်မှာတုန်း?

သူ့ရဲ့နိမ့်ပါးလှတဲ့ပညာနဲ့ဆိုရင် သေချာပေါက် အဆူခံထိတော့မှာပဲ။

“ဂိုဏ်းချုပ်၊ ကျွန်တော်မလုပ်….”

သူပါးစပ်ဟလိုက်ရုံရှိသေး ဂိုဏ်းချုပ်၏ဆက်ပြောရဲပြောကြည့် ချက်ချင်း ထသတ်ပစ်မယ်ဆိုသည့်အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။ လီတောက်ယန် ကြောက်လန့်သွားကာ လည်ပင်းကိုကျုံ့လိုက်ပြီး အအေးဓါတ်က သူ့ကျောရိုးတစ်လျှောက် ဖြတ်ပြေးသွားလေသည်။

ဒီလိုနဲ့ သူပြောတော့မည့် စကားလုံးများကို ပြန်သာမြိုချလိုက်ရတော့သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၁

အခန်း ၁၅ ရှောင်ယန်က အခြေအနေကို အကဲခတ်တဲ့နေရာမှာ တော်သားပဲ

လုရှောင်ယန် ဘာမှဝင်မပြောခဲ့ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်းသာ ဒုက္ခရောက်ခဲ့လျှင် သူ့ကျီရွှေ့တောင်အတွက်လဲ အခြေအနေကောင်းမည်မဟုတ်ပေ။ ဖြစ်လာပြီဆိုမှတော့ သူလဲ ဂိုဏ်း၏ကာကွယ်ရေးအခင်းအကျင်းကို ပြုပြင်ရာတွင် ပါဝင်ကူညီပေးရင်း သူ့ဘဝကိုလဲ ငြိမ်းချမ်းသွားစေမည်။

“ကောင်းပြီ၊ မင်းတို့နှစ်ယောက်လုံး မငြင်းဘူးဆိုမှတော့ ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့။ နောက်ပြီးရင် မင်းတို့နှစ်ယောက် ဂိုဏ်းရဲ့ ရတနာသိုလှောင်ခန်းကိုသွားပြီး အခင်းအကျင်းပြုပြင်ဖို့ လိုအပ်မယ့် ဝိညာဉ်ကျောက်တုံးတွေ သွားယူလိုက်ကြ။”

“ဟုတ်ကဲ့ပါ။”

လီတောက်ယန် စိတ်ဓာတ်ကျကျဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဒီနေ့အားလုံးကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းက ဒီလောက်ပဲ။ အစည်းအဝေးပြီးပြီ။”

ဂိုဏ်းချုပ်၏ထိုစကားလေးနှစ်ခွန်းက လူတိုင်း၏ရင်ကို အေးချမ်းသွားစေခဲ့သည်။ နောက်ဆုံးတော့ သည်းထိတ်ရင်ဖို တာဝန်ကြီးတစ်ရပ်ပြီး ဆုံးသွားခဲ့သလိုပင်။ ချက်ချင်းကိုပဲ နောက်ကကျားလိုက်သလိုမျိုး လူတိုင်းအလျှိုအလျှိုထွက်သွားကြတော့သည်။

လီတောက်ယန်ကတော့ ဒေါသထွက်နေကာ အံကိုကြိတ်ထားရင်း၊ “သောက်အဖိုးကြီးတွေ၊ ပြေးလိုက်တာများ ယုန်ထက်တောင်မြန်သေး။ ယဉ်ကျေးမှုကိုမရှိဘူး။”

လုရှောင်ယန်ကတော့၊ “ထားလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာပဲလေ။”

“မင်း ဒေါသမထွက်ဘူးလား?”

“ဒေါသထွက်နေလို့ ဘာအကျိုးရှိမှာလဲ?”

“ငါတော့ မင်းကိုတကယ်လေးစားသွားပြီ။”

လီတောက်ယန် ပြောစရာစကားမဲ့နေချိန်မှာပဲ လင်းကျဲ့က အကြံပေးလာသည်။

“ညည်းညူမနေနဲ့တော့။ ဒါက ကောင်းချီးပေးခံရတာဖြစ်ဖြစ် ငရဲကျတာဖြစ်ဖြစ် နင်ရှောင်လို့ရတာမှမဟုတ်တာ။ ဂိုဏ်းက နင့်ကိုရွေးပြီးသွားပြီ၊ ဒီတော့ လုပ်စရာရှိတာသာ စလုပ်လိုက်တော့။ ရှောင်ယန်ကို အတုယူစမ်းပါ။”

“ဒါပေါ့၊ ဘာများတတ်နိုင်ဦးမှာလဲ? ဂိုဏ်းချုပ်ကိုယ်တိုင် ကြေညာသွားပြီမှတော့ လုပ်ရုံပဲရှိတော့တာပေါ့။”

လီတောက်ယန် ခဏလောက်ညည်းညူနေပြီးနောက် လုရှောက်ယန်နှင့်အတူ ဂိုဏ်း၏ ရတနာခန်းမသို့လိုက်သွားခဲ့သည်။

ထိုနေရာသည် ဂိုဏ်းရှိအဖိုးတန်ရတနာတွေအားလုံးကို ထိန်းသိမ်းထားရာနေရာဖြစ်သည်။

သူတို့နှစ်ယောက် ရတနာခန်းမသို့ရောက်သည်နှင့် အကြီးအကဲများနားနေခန်းသို့ တန်းသွားလိုက်ကြသည်။

“စီနီယာတို့ကို နှုတ်ဆက်ပါတယ်။”

“အိုး… ဒါတောက်ယန်နဲ့ ရှောင်ယန်မဟုတ်လား။ လာ..လာ၊ ထိုင်ကြ၊ လက်ဖက်ရည်လေးသောက်ဦး။”

“ဒီတော့ မင်းတို့နှစ်ယောက် ဂိုဏ်းအခင်းအကျင်းကိုပြုပြင်မယ့်တာဝန်ကို လက်ခံလိုက်ကြတာပေါ့… ဒါက တကယ်ကိုဂုဏ်ရှိပြီး ခက်လဲခက်ခဲမယ့်တာဝန်ပဲ။”

လီတောက်ယန်တစ်ယောက် မတတ်သာပဲ ခါးသည်းလှသည့်ခံစားချက်တို့ဖြစ်ပေါ်လာသော်လည်း သူ့ဘက်သူတော့ယပ်လိုက်သေးသည်။ “အားလုံးက ဂိုဏ်းလုံခြုံရေးအတွက်ပဲကို။”

တချို့က ခေါင်းညိတ်ကာ သဘောကျကြောင်းပြကြသည်။

“ဒါပေါ့၊ မင်းတို့ဂျူနီယာတွေ ဂိုဏ်းအတွက် ကြိုးစားပေးနေကြတာက ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် ကောင်းချီးတစ်ခုပဲ။”

လီတောက်ယန် လက်ကိုရမ်းလိုက်ကာ၊ “စီနီယာတို့ အရမ်းမြှောက်လွန်းနေပါပြီ။ အဓိကကိစ္စကိုပဲ ပြောကြရအောင်။ အခင်းအကျင်းပြင်ဆင်ဖို့ ဝိညာဉ်ကျောက်တုံးတွေအများကြီး လိုအပ်ပါတယ်။ ကျွန်တော်နဲ့ ရှောင်ယန်တို့ကို ကူညီတဲ့အနေနဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၈၀၀,၀၀၀ထုတ်ပေးပါ၊ ဒါမှ ကျွန်တောတို့လဲ အခင်းအကျင်းပြဖို့ လုပ်ငန်းစလို့ရမှာ။”

သူထိုစကားပြောလိုက်ပြီးသည်နှင့် အကြီးအကဲတွေအားလုံး ချက်ချင်းမျက်မှောင်ကြုတ်သွားကြလေသည်။

“၈၀၀,၀၀၀၊ အရေအတွက်က အရမ်းမများလွန်းဘူးလား? ငါတို့တွေက နေ့တိုင်း နေ့တိုင်း တပည့်တွေအများကြီး လက်ခံနေရတာလေ။ သူတို့အတွက် ဆေးဝါးတွေ တခြားပစ္စည်းတွေဝယ်ဖို့ ကုန်ကျစားရိတ်တွေက နေ့စဉ်နဲ့အမျှတိုးလာနေတာ။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၈၀၀,၀၀၀ကို ခဏလေးအတွင်း ထုတ်ဖို့ဆို တကယ်ကိုမလွယ်လှဘူး။”

လီတောက်ယန် မှင်သက်သွားကာ၊ “ဒါ… ဒါဆိုလဲ ဝိညာဉ်ကျောက်တုံး ၄၀၀,၀၀၀ပဲ အရင်ဆုံး ပေးထားပါလား။ အလုပ်စထားနှင့်လို့ရအောင်လို့။”

လီတောက်ယန် အရေအတွက်ကိုလျှော့ပေးလိုက်တာတောင်မှ စီနီယာအကြီးအကဲများ မပျော်ရွှင်လာကြသေးပေ။ ထိုအစား မျက်ခုံးတွေက ပိုလို့တောင် တွန့်ချိုးလာကာ မကျေမနပ်ဖြစ်နေသည့်အကြောင်း ပေါ်ပေါ်တင်တင်ထုတ်ပြလာလေသည်။

“တောက်ယန်၊ ဒီလောက်အချိန်လေးအတွင်း ဂိုဏ်းကနေ ဝိညာဉ်ကျောက်တုံးတွေအများကြီး ထုတ်ဖို့ဆိုတာ တကယ်ကိုမလွယ်ဘူး။ ဒီလိုဆိုရင်ရော? ငါတို့ နောက်နှစ်ရက်နေမှ ပို့ပေးမယ်လေ။ ဘယ်လိုလဲ?”

လီတောက်ယန် မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားတော့သည်။ ငါငတုံးမဟုတ်ဘူးကွ။ ဒီစီနီယာတွေ ငါ့ကိုအရူးလုပ်နေကြမှန်း မသိဘူးထင်နေလား?

ဘယ်လောက်တွေတောင် အချိန်ယူကြမှာလဲ?

ဂိုဏ်းချုပ်က အပြစ်တင်လာရင် သူရောလုရှောင်ယန်ပါ တာဝန်မခံနိုင်ဘူး။

လီတောက်ယန် ဒေါသထွက်လာကာ ထသောင်းကြမ်းတော့မည့်အချိန်မှာပဲ လုရှောင်ယန်က သူ့ပုခုံးကိုလှမ်းဖိကာ နောက်သို့ဆွဲပို့လိုက်သည်။

“ရှောင်ယန်!”

လီတောက်ယန် စိုးရိမ်သွားသော်လည်း လုရှောင်ယန်က ခေါင်းကိုအသာယမ်းပြကာ သူ့ကိုဝင်မပါဖို့အချက်ပြလိုက်သည်။

ထို့နောက် လုရှောင်ယန် အပြုံးလေးဖြင့် ရှေ့တက်သွားလေသည်။

“စီနီယာတို့ ကျွန်တော်အသေးစိတ်တွက်ကြည့်ပြီးသွားပြီ။ ဂိုဏ်းရဲ့အထူးအခင်းအကျင်းကိုပြုပြင်ဖို့ဆိုရင် စုစုပေါင်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၂သန်းလိုအပ်ပါတယ်။”

ထိုအရေအတွက်ကြောင့် အကြီးအကဲတွေအားလုံး မျက်လုံးပြူးကုန်တော့သည်။

“အိုး? ဘာလို့ ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်အများကြီးလိုရတာလဲ? တောက်ယန်တွက်ထားတာထက် နှစ်ဆတောင်ပိုများနေတယ်မဟုတ်လား။”

လုရှောင်ယန် ဆက်ပြုံးနေကာ၊ “ဒါပေါ့၊ ဝိညာဉ်ကျောက်တုံး ၈၀၀,၀၀၀ကတင် အခင်းအကျင်းကိုပြင်ဖို့ လုံလောက်နေပါပြီ။ ဒါပေမယ့် ဒီမှာရှိနေတဲ့အကြီးအကဲတို့က ဝိညာဉ်ကျောက်တုံးတွေကို ထုတ်လုပ်ပေးနေရတာဆိုတော့ အကြီးအကဲတို့အနေနဲ့ သေချာပေါက် အကျိုးအမြတ်ရသင့်တာပေါ့။ ဒါကြောင့် ကျန်တဲ့ဝိညာဉ်ကျောက်တုံး ၁.၂သန်းက စီနီယာတို့ရဲ့ကြိုးစားမှုအတွက် ဆုလာဘ်ပါ။”

လုရှောင်ယန်ရှင်းပြလိုက်သည်နှင့် အကြီးအကဲတို့၏အမူအရာတွေအားလုံး ပိုတောင်ကျေနပ်သွားကြတော့သည်။

“အိုက်ယား၊ ရှောင်ယန်၊ ဒါမကောင်းပါဘူး။ ငါတို့လိုလူနည်းနည်းလေးက ဒီလောက်အများကြီး ဘယ်ယူလို့ဖြစ်ပါ့မလဲ?”

လုရှောင်ယန် လက်ကိုဝှေ့လိုက်ကာ၊ “မများပါဘူး၊ မများပါဘူး။ တောက်ယန်နဲ့ကျွန်တော်က အသစ်လေးတွေဆိုတော့ အခင်းအကျင်းဘက်မှာ အဲ့လောက်လဲကျွမ်းကျင်ကြတာမဟုတ်ဘူး။ ဒီက စီနီယာတို့ကပဲ ကျွန်တော်တို့ကို ကြည့်ရှုပေးရမှာမဟုတ်ဘူးလား?”

ထိုအကြီးအကဲတို့၏မျက်နှာများနီရဲသွားကာ စိတ်ပါလက်ပါ ရယ်မောလိုက်ကြသည်။

“အိုက်ယား၊ ရှောင်ယန်က ဒီလောက်တောင် ပြောနေမှတော့ ငါတို့တွန့်တိုနေလို့မဖြစ်တော့ဘူးလေ။ ဒီလိုဆိုရင်ရော ငါ မင်းတို့နှစ်ယောက်ကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၂.၄သန်းပေးမယ်။ ဘာပဲဖြစ်ဖြစ် အခင်းအကျင်းပြုပြင်တယ်ဆိုတာ အားအရမ်းကုန်တာပဲကို။”

“ကျေးဇူးတင်ပါတယ်၊ စီနီယာတို့။”

“မလိုပါဘူးကွာ၊ ငါတို့အားလုံး ဂိုဏ်းအတွက်လုပ်နေကြတာချည်းပဲကို။ ဒီမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁.၂သန်း။ ရေကြည့်လိုက်ဦး။”

အကြီးအကဲတစ်ဦး သိုလှောင်အိတ်တစ်လုံးကို ပစ်ပေးလာသည်။ လုရှောင်ယန် ထိုအိတ်အပေါ်သို့ စိတ်အာရုံဖြန့်ကျက်လိုက်ပြီးနောက် သာမာန်လက်ခါသလိုပုံစံနှင့် သိမ်းယူလိုက်သည်။

“ဘာလို့ရေနေရဦးမှာလဲ? စီနီယာတို့အားလုံး နှစ်ပေါင်းများစွာကြာအောင် ဒီရတနာခန်းကိုတာဝန်ယူလာကြတာပဲကို၊ ဒီတော့ မှားနိုင်စရာမရှိဘူး။ ဒါဆို ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အလုပ်စဖို့ ပြင်လိုက်ပါဦးမယ်။ နောက်အချိန်ရကာမှ စီနီယာတို့နဲ့အတူ လက်ဖက်ရည်သောက်ဖို့ လာခဲ့ပါ့မယ်။”

“သွား…သွား..”

အကြီးအကဲတွေအားလုံးကို နှုတ်ဆက်ပြိးနောက် လုရှောင်ယန် နောက်သို့လှည့်ကာ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည့် လီတောက်ယန်ကို ဆွဲပြီးထွက်လာခဲ့သည်။

သူတို့နှစ်ယောက်ထွက်သွားကာမှ အခန်းထဲကျန်ခဲ့သည့် အကြီးအကဲအနည်းငယ်မှာ သူတို့မုတ်ဆိပ်မွေးများကို သပ်ရင်း မပြုံးဘဲ မနေနိုင်ကြပေ။

“ရှောင်ယန်က အခြေအနေကို ဒီလောက်အကဲခတ်တတ်မယ်လို့ မထင်ထားခဲ့ဘူး။”

“ယှဉ်ကြည့်လိုက်ရင် တောက်ယန်က တော်တော်ဆိုးဆိုးရွားရွားပဲ!”

“ကြည့်ရတာ အနာဂါတ်မှာလဲ ငါတို့ရှောင်ယန်ကို ကူညီပေးသင့်တယ်…”

…..

ရတနာခန်းမှထွက်လာခဲ့ပြီးသည်အထိ လီတောက်ယန် ကြက်သေသေနေသေးကာ လုရှောင်ယန်ကို အရူးတစ်ယောက်လို စိုက်ကြည့်နေလေသည်။

“ရှောင်ယန်၊ ဒါ-ဒါကြီးက ဗြောင်ကျကျခြစားနေကြတာမဟုတ်ဘူးလား?”

လုရှောင်ယန် မျက်စံလှန်မိလိုက်တော့သည်။

“မင်းစကားကို အဲ့လောက်ပြင်းပြင်းထန်ထန်မသုံးလို့မရဘူးလား? ဘာကိုခြစားတာလဲ? အချင်းချင်းကူညီတယ်လို့ခေါ်တယ်ကွ! ဒါက အားလုံးအတူတူချမ်းသာနိုင်မယ့်နည်းလမ်းပဲ။”

“ဒါပေမယ့် ငါတို့အတွက် ဝိညာဉ်ကျောက်တုံး၂.၄သန်းတောင်မလိုဘူးလေ? ငါတွက်ကြည့်တုန်းကဆို အခင်းအကျင်းကိုပြင်ဖို့ အားလုံးပေါင်းမှ ဝိညာဉ်ကျောက်တုံး ၇၉၀,၀၀၀ပဲလိုက်တာ၊ ငါတို့နှစ်ယောက်ရဲ့လုပ်အားခအတွက်ဆိုပြီး ငါ ၁၀,၀၀၀တောင်ထည့်လိုက်သေးတယ်။ ဒါပေမယ့် မင်းတို့တွေ… မင်းတို့တွေက ၂.၄သန်းတောင်တဲ့လေ၊ ဒါနဂိုထက် သုံးဆတောင်ကွ! ဂိုဏ်းချုပ်သာသိသွားရင် ငါတို့ အဆိုးဆုံးသေနည်းနဲ့ကို သေကြလိမ့်မယ်၊ သိရဲ့လား?”

လုရှောင်ယန် အာစေးမိသွားကာ ခေါင်းကိုသာခါနေမိသည်။

“မင်းအရမ်းတွေးလွန်းနေပြီ၊ တကယ်တော့ ဂိုဏ်းမှာ ဂိုဏ်းချုပ်တစ်ယောက်တည်း စည်းမျဉ်းတွေချမှတ်တာမဟုတ်ဘူး။ ဂိုဏ်းတွေအားလုံးကို စီနီယာအကြီးအကဲမိသားစုတွေအများကြီးစုပေါင်းပြီး တည်ထောင်ထားကြတာ။ ရတနာခန်းမကိုတာဝန်ကျတဲ့ အကြီးအကဲအနည်းငယ်ကလဲ ဂိုဏ်းရဲ့မိသားစုတွေကနေ တာဝန်ပေးထားကြတာပဲ။”

“သူတို့ထဲကတစ်ယောက်ဆို အဆင့်မြင့်အကြီးအကဲနဲ့သက်ဆိုင်နေသေးတယ်။ ဂိုဏ်းချုပ်က သူ့ကိုအပြစ်ပေးရဲမယ်လို့ မင်းထင်နေတာလား?”

“ဒါတင်မကဘူး၊ ငါတို့က ဂိုဏ်းအတွက် အခင်းအကျင်းကိုပြင်ဆင်ပေးရတဲ့ အရေးကြီးကိစ္စကြီးကို လုပ်ကြရမှာ။ အခင်းအကျင်းပြင်ဖို့ဆို ဝိညာဉ်ကျောက်တုံးတွေလိုတယ်လေ၊ မှန်လား? ငါတို့အချင်းချင်း တိုင်ပင်ထားသ၍ ဂိုဏ်းချုပ်သိမှာမဟုတ်ဘူး။ သူက နတ်ဘုရားမှမဟုတ်တာ။”

“သေစမ်း… အဲ့လိုတွေလား?”

“ဒါပေါ့! ငါတို့သာ သူတို့ကို ဘာအကျိုးအမြတ်မှမပေးထားရင် ဒီအလုပ်ကို ဆုံးခန်းတိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား?”

***

All Chapters