← Chapters

အခန်း (၁၆-၂၀)

Vol. 2 Ch. 16-20

အခန်း (၁၆-၂၀)

Vol. 2 Ch. 16-20

အခန်း ၁၆ အနားယူကြရအောင်

“ဒါ-ဒါပေမယ့် အရမ်းမများလွန်းနေဘူးလား? ရတနာခန်းမက စီနီယာတွေက ၁.၂သန်းယူသွားရင်တောင် ငါတို့မှာ နောက်ထပ်၁.၂သန်းကျန်နေသေးတယ်လေ။ အခင်းအကျင်းအတွက်သုံးမှာကို နုတ်ထားလိုက်ရင်တောင် ဝိညာဉ်ကျောက်တုံး ၄၁၀,၀၀၀တောင်ကျန်သေးတယ်ဟ! သူတို့တွေ ငါတို့ကိုဒီလောက်အများကြီးပေးပါ့မလား?”

လီတောက်ယန်ကတော့ ဤကဲ့သို့ကိတ်မုန့်ပိုင်းအကြီးကြီးကို အကြောင်းအရင်းမရှိ သူတို့ကိုပေးကျွေးလိမ့်မည်ဟု မထင်ပါပေ။

လုရှောင်ယန်ပြုံးလိုက်၏။

“မင်းက မတုံးဘူးပဲ။ ဒါပေမယ့် အကြောင်းအရာတွေရဲ့ အစစ်အမှန်အဓိပ္ပါယ်ကိုတော့ မင်းမမြင်နိုင်သေးဘူး။”

“သူတို့တွေက ဂိုဏ်းချုပ်ကို မကြောက်ကြဘူးဆိုပေမယ့် တကယ်လို့ ဒီကိစ္စသာပေါ်သွားရင် သူတို့မိသားစုတွေကတော့ သူတို့ကိုကာကွယ်ဖို့အတွက် သေချာပေါက်တန်ကြေးကိုပြန်ပေးကြမှာပဲ။ ပြောရရင် အခုလို ငါတို့ကိုခွဲဝေပေးတာက အရမ်းဂုဏ်ယူဖို့ကောင်းနေတာတော့မဟုတ်ဘူး။ သူတို့တွေ ဒီလောက်ဝိညာဉ်ကျောက်တုံးတွေအများကြီး ငါတို့ကိုပေးတယ်ဆိုတာ တစ်စုံတစ်ခုဖြစ်လာရင် ငါတို့ကိုပါ သူတို့နဲ့အတူ တပါတည်းဆွဲချသွားမလို့ပဲ။”

“ဒါကို တစ်လှေတည်းစီးတယ်လို့ခေါ်တယ်! နားလည်ပြီလား?”

“ပြီးတော့ ဂိုဏ်းရတနာခန်းမကို သူတို့တွေပဲ နေ့နေ့ညညစောင့်ကြည့်နေရတာ။ ဒီတော့ ဂိုဏ်းရဲ့ ကုန်ကျစားရိတ် ဝင်ငွေထွက်ငွေတွေအားလုံး သူတို့ထိန်းချုပ်မှုအောက်မှာချည်းပဲ။ ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀-၄၀၀,၀၀၀လောက်လေးကို ဂရုစိုက်ကြမယ်ထင်နေလား? မင်း သူတို့တွေကို အရမ်းလျှော့တွက်နေတာပဲ။”

“အရေးအကြီးဆုံးအချက်က ကိုင်းပြင်ထွက်နားတဲ့ငှက်က အပစ်ခံရမှာပဲ။ အမှန်တရားပေါ်သွားတဲ့အချိန်ကျ ငါတို့တွေ ယူထားတဲ့ ဝိညာဉ်ကျောက်တုံးကပိုများလေ သူတို့အတွက် အပြစ်လျော့လေပဲလေ။ ဒီလမ်းကြောင်းအတိုင်းဆို တခြားဂိုဏ်းသားတွေ သူတို့ကို သိပ်အပြစ်မတင်နိုင်ကြတော့ဘူးပေါ့။”

“ဘွင်းဘွင်းပြောရရင်တော့ သူတို့က ဝိညာဉ်ကျောက်တုံး ၄၀၀,၀၀၀လောက်ကိုသုံးပြီး ငါတို့ကိုဆွဲထည့်လိုက်တာပဲ။ ဒီလိုနည်းနဲ့ ငါတို့ပါးစပ်ကိုပါပိတ်ပြီးဖြစ်သွားတယ်လေ။”

သေချာပေါက် လုရှောင်ယန်ကတော့ ဘယ်ကြောက်လိမ့်မလဲ။ လက်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ သူ့ကိုအနိုင်ယူနိုင်တဲ့လူ တစ်ယောက်မှမရှိဘဲကို။

လုရှောင်ယန် ပြောနေရင်းဖြင့် သိုလှောင်အိတ်ငယ်တစ်လုံးကို လီတောက်ယန်ဆီသို့ပစ်ပေးလိုက်သည်။

“ဒါမင်း ဝေစု၊ ယူထားလိုက်၊ မပျောက်စေနဲ့ဦး။”

လီတောက်ယန် ကမန်းကတမ်း ဒူးကွေးကာဖမ်းလိုက်ရသော်လည်း တုန်လှုပ်နေလေသည်။

အဆင့်မြင့်ဝိညာဉ်ကျောက်တုံးပေါင်း ၂သိန်းခွဲတောင်။ မိုးနတ်မင်းကြီးရေ၊ ဒီလောက်များတဲ့ဝိညာဉ်ကျောက်တုံးတွေ တစ်ဘရိတ်တည်းရလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးမိဖူးဘူး။

ဒါကြီးက သာမာန်ရာထူးနိမ့်ဝန်ထမ်းတစ်ယောက် တစ်ချီတည်းနဲ့ ယွမ်၁၀သန်းရလိုက်တာနဲ့ ဘာမှကိုကွာမနေဘူး!

လီတောက်ယန် စိတ်လှုပ်ရှားလွန်း၍ ကိုယ့်ကိုယ်ကိုတောင် မထိန်းချုပ်နိုင်တော့ပေ။

အတော်ကြာကာမှ သူ့စိတ်ကိုပြန်ချွန်းအုပ်နိုင်ခဲ့သည်။ အလျင်စလိုပဲ သိုလှောင်အိတ်ကို သိမ်းထားလိုက်ကာ လုရှောင်ယန်တောက် အပြေးလိုက်သွားရသည်။

“လောင်လု၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သခင်ကြီးယန်၊ ငါမင်းကိုတကယ်လေးစားသွားပြီ။ အခုကစလို့ မင်းနဲ့ပဲအလုပ်တွဲလုပ်တော့မယ်။”

“မင်းလက်ကြီးဖယ်စမ်းပါ။”

“သခင်ကြီးယန်၊ ညောင်းနေလား၊ ပုခုံးတို့ ခြေလက်တို့နှိပ်ပေးရမလား? ကြိုက်တဲ့အချိန်သာပြောလိုက်၊ ကျွန်တော်မျိုးနှိပ်ပေးဖို့ အဆင်သင့်ပဲ။”

“ငါနဲ့ဝေးဝေးသာနေ၊”

“သခင်ကြီး သဘောအတိုင်းပါ။”

လုရှောင်ယန်မှာတော့ လီတောက်ယန်က ရုတ်တရက်ကြီး ဖော်လံဖားလုပ်နေပုံကိုကြည့်ရင်း သက်ပြင်းသာချမိတော့သည်။

ကျားသစ်ကွက်တွေက ဘယ်တော့မှပုံစံမပြောင်းဘူးလို့ ဘယ်သူပြောလဲ?

ငွေလုံလုံလောက်လောက်ရှိတဲ့တစ်နေ့ အရာရာတိုင်းက ဖြစ်လာနိုင်တာချည်းပဲ။

သူတို့နှစ်ဦးသား တောင်ဂိတ်ပေါက်သို့တိုင်ရောက်လာခဲ့ကြသည်။ လုရှောင်ယန် အကြည့်တစ်ချက်ဝေ့လိုက်ပြီးနောက် အကြမ်းဖျင်းအခြေအနေကို သိရှိသွားခဲ့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အခင်းအကျင်းသည် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို စက်ဝိုင်းပုံသဏ္ဍာန်ဝန်းရံထားခြင်းဖြစ်သည်။

အပြင်ဘက်ဆုံးအလွှာသည်က ရှုပ်ထွေးသည့်အစီအရင်တစ်ခုပင်။ လိုအပ်သည့်ဝိညာဉ်ကျောက်တုံးပမာဏက အလွန်နည်းပါးသော်လည်း အလွန်အသုံးဝင်သည့်အခင်းအကျင်းပင်။ ၎င်းသည် တောထဲမှ တောရိုင်းကောင်များ၊ သာမာန်လူများနှင့် တချို့သော လေလွင့်ကျင့်ကြံသူများကို ခုခံတားဆီးပေးနိုင်သည်။

အတွင်းဘက်အလွှာကတော့ဖြင့် တိုက်ခိုက်ရေးအခင်းအကျင်းပင်။

တစ်ကြိမ်အသက်ဝင်သွားသည်နှင့် အသက်ကိုယူနိုင်သည့်တိုက်ခိုက်ချက်များ ချက်ချင်းကျရောက်လာမည်ဖြစ်သည်။ ထို့အပြင် တောင်ဂိတ်တွင်တာဝန်ကျသည့် ကျင့်ကြံသူများကိုပါ တစ်ခါတည်း အသိပေးပေလိမ့်မည်။

တတိယမြောက်အလွှာသည်တော့ အဆင့်မြင့်ကျင့်ကြံသူများ၏တိုက်ခိုက်မှာကို ခုခံရန်သုံးသည့် ကာကွယ်ရေးအခင်းအကျင်းဖြစ်သည်။ အထူးတံဆိပ်ပြား ဒါမှမဟုတ် မြင့်မားသည့်ကျင့်ကြံမှုမရှိလျှင် ထိုအလွှာကိုဖြတ်ဖို့ဆိုတာ မေ့သာထားလိုက်ပေတော့။

ထိုအလွှာသုံးလွှာ ဆက်စပ်ပေါင်းစည်းရာမှ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ကာကွယ်ရေးအခင်းအကျင်း ဖြစ်ပေါ်လာသည်။

သာမာန်အခြေအနေများအရ ကျင့်ကြံသူအများစုသည် အခင်းအကျင်းတည်ဆောက်ခြင်းပညာကို အဓိကမလိုက်စားကြတာကြောင့် ရှိရှိသမျှအခင်းအကျင်းဆိုင်ရာကျင့်ကြံသူများသည် ဆင်တူကြသည်။ တစ်နည်းပြောရရင်တော့ဖြင့် သူတို့အားလုံး၏ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်က တူညီကြသည်။

အခင်းအကျင်းပညာကို နက်နက်နဲနဲနားလည်ထားမှသာလျှင် ပိုမိုအစွမ်းထက်သည့်အခင်းအကျင်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ဒါကြောင့်ပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းက အခင်းအကျင်းကိုပြုပြင်ရန် ဂိုဏ်းမှဂျူနီယာနှစ်ယောက်ကိုသာ လွှတ်လိုက်ခြင်းဖြစ်သည်။

ပြောရရင်တော့ လူတိုင်း၏ကျွမ်းကျင်မှုအဆင့်သည် အလွန်နိမ့်ကျနေခြင်းပင်။

“သခင်ကြီးယန်၊ ကျွန်တော်တို့ဘာစလုပ်ရမလဲ? အမိန့်သာပေးလိုက်ပါ။”

လီတောက်ယန် လက်ပါးစေတစ်ယောက်ပုံစံ ဦးညွှတ်လိုက်ကာ တပည့်တပန်းတစ်ယောက်လို ပြောဆိုလာသည်။ လုရှောင်ယန်ကတော့ မျက်ခွံတွေသာလှုပ်နေတော့သည်။

“မင်းပုံမှန်လေးနေလို့မရဘူးလား? ငါကန်ထုတ်မိတော့မယ်!”

“ဟဲဟဲဟဲ၊ ဝိညာဉ်ကျောက်တုံး၂သိန်းကျော်တောင်ရထားတာ ကျေးဇူးတင်ရမှာပေါ့။ သေချာပေါက် မင်းကို ဧကရာဇ်တစ်ပါးလို ပြုစုပေးမယ်။”

“ဆိုးမနေနဲ့၊ မြန်မြန်အလုပ်စတော့။ မင်း သေချာမလုပ်ရင် ဂိုဏ်းချုပ်က ငါတို့နှစ်ယောက်လုံးကို အလွတ်ပေးမှာမဟုတ်ဘူး။”

“နားလည်ပါပြီ။”

“ဒီလိုဆိုရင်ရော? မင်း အခင်းအကျင်းရဲ့ဟိုဘက်ပိုင်းကို သွားပြီးစစ်ကြည့်။ အဲ့ဘက်က သိပ်မသုံးဖြစ်ဘူးဆိုတော့ အခင်းအကျင်းက သိပ်ပျက်စီးနေမှာမဟုတ်ဘူး။ မင်း ဝိညာဉ်ကျောက်တုံးတွေ အစားပြန်ထည့်ပြီး အခင်းအကျင်းကိုပြန်အသက်သွင်းလိုက်။ ပြီးရင် ပျက်စီးတဲ့နေရာရှိသေးလား ပြန်စစ်ကြည့်။ ကျန်တာ ငါလုပ်လိုက်မယ်။”

“နားလည်ပါပြီ။”

လုရှောင်ယန်၏ ညွှန်ကြားချက်များအတိုင်း လီတောက်ယန် ချက်ချင်းဆောင်ရွက်လေသည်။

ရှေ့ဂိတ်မှ အခင်းအကျင်းကိုတော့ လုရှောင်ယန် ကိုယ်တိုင်သာပြင်ဆင်ဖို့ စီစဉ်ထားသည်။

ဤနေရာသည် ရန်သူများကို ထိခိုက်မှုအများစေနိုင်ဆုံးနေရာဖြစ်သလို အပင်ပန်းဆုံးနေရာလဲဖြစ်သည်။ သူသာ ပိုပြီးဂရုတစိုက်လုပ်ထားပါက နောင်တချိန် အင်အားကြီးရန်သူများရှိလာလျှင် ဤအခင်းအကျင်းကိုအသုံးပြုနိုင်ပေလိမ့်မည်။

အရင်ဆုံး အတွင်းဘက်ဆုံးကခုခံရေးအလွှာကစမည်။

ခုခံရေးအခင်းအကျင်းသည် လုံးဝပြီးပြည့်စုံနေခြင်းမျိုးတော့မဟုတ်ပေ။ ၎င်းသည် ဖြည်းဖြည်းချင်းနဲ့ခုခံကာကွယ်ပေးခြင်းမျိုးဖြစ်ကာ အစီအစဉ်ရှိသည်။ အပြင်လူများ အထဲသို့ဝင်လိုလျှင် ဝိညာဉ်စွမ်းအားဖြင့် ပိတ်ပင်ခြင်းကိုခံရပေလိမ့်မည်။ တစ်ဖက်လူများ၏ကျင့်ကြံဆင့်နိမ့်လေ ထိုအခင်းအကျင်းကို ကျော်ဖြတ်နိုင်ဖို့ ပိုခက်ခဲလေပင်။

လုရှောင်ယန် မူရင်းအစီအရင်ကွက်များကိုဖယ်ရှားလိုက်ကာ ပြန်လည်ထုထွင်းခဲ့သည်။ သူ့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုဖြင့် အခင်းအကျင်းကို ပြန်လည်တည်ဆောက်ခဲ့သည်။

ထို့နောက် အဓိကနေရာများတွင် ဝိညာဉ်ကျောက်တုံးများဖြည့်ကာ နောက်ဆုံးမှာတော့ အခင်းအကျင်းအသစ်ကို အပြည့်အဝပြန်လည်အသက်သွင်းခဲ့သည်။

ဒါပေါ့ လူတွေအာရုံမစိုက်မိအောင် သူ့အခင်းအကျင်းတည်ဆောက်ခြင်းအင်အားကို ၅၀ရာခိုင်နှုန်းပဲ ထည့်သုံးခဲ့တာပေါ့။

ထိုသို့ အင်အား၅၀ရာခိုင်နှုန်းပဲသုံးခဲ့တာတောင် အခင်းအကျင်းအသစ်သည် အရင်အဟောင်းထက် ပိုလို့အစွမ်းထက်နေတုန်းပင်။

ဘာပဲဖြစ်ဖြစ် ကောင်းကင်နတ်ဆိုးဂိုဏ်းကိုလာရောက် တိုက်ခိုက်နိုင်သူများသည် ထိပ်တန်းသိုင်းပညာရှင်များမဟုတ်ကြပေ။ ဒီတော့ အခုလောက်ကောင်းနေရုံနဲ့ကို အဆင်ပြေနေပေပြီ။

ကျန်တာကတော့ တိုက်ခိုက်ရေးအခင်းအကျင်းနှင့် ပုံရိပ်ယောင်အခင်းအကျင်းပင်။

ထိုအခင်းအကျင်းနှစ်ခုကိုလဲ လုရှောင်ယန် အပြည့်အစုံပြန်လည်တည်ဆောက်ကာ အား၅၀ရာခိုင်နှုန်းသုံးပြီး အသက်သွင်းလိုက်သည်။

ထိုလုပ်ငန်းစဉ်တစ်ခုလုံးအတွက် တစ်လလုံးအချိန်ကုန်သွားပေသည်။

………

တစ်လကြာပြီးနောက်-

“ဟူး! နောက်ဆုံးတော့ ပြီးသွားပြီ။”

လုရှောင်ယန် ဝိညာဉ်ကျောက်တုံးအဟောင်းများကို လွှင့်ပစ်ကာ လက်ခါလိုက်ပြီး အတော်လေးစိတ်အေးသက်သာသွားပုံပေါ်လေသည်။

လီတောက်ယန်သည်လဲ အပြုံးတစ်ပွင့်ဖြင့် ပြေးလာခဲ့သည်။

“လောင်လု၊ နောက်ဆုံးတော့ ပြီးသွားပြီ။”

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ သိပ်တော့မလွယ်ဘူးပဲ။ မျက်စိတစ်မှိတ်အတွင်း တစ်လတောင်ကုန်သွားပြီ။ ပြောတော့မှ မင်းမပင်ပန်းဘူးလား? ဘာလို့ဒီလောက် တက်ကြွနေတာလဲ?”

“ဘာများပင်ပန်းစရာရှိလို့လဲ? တစ်လမပြောနဲ့ တစ်နှစ်ဆိုရင်တောင် လုပ်ဦးမှာ! နောက်ဆုံးတော့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၂သိန်းက ငါ့အတွက်ဖြစ်သွားပြီ!”

“အိမ်မှာပဲကျင့်ကြံနေတာက ပိုကောင်းတယ်လို့ ဘယ်သူကများပြောခဲ့တာပါလိမ့်?”

“ကျင့်ကြံတယ်? အိုး ဟုတ်သားပဲ! ငါသာမင်းကို တစ်လလောက်ကျင့်ကြံခိုင်းလိုက်ရင် အဆင့်တစ်ဆင့်ချိုးဖြတ်သွားနိုင်ပါ့မလား? ငါဆို စိတ်ဝိညာဉ် တတိယအဆင့်မှာ တစ်နေတာ နှစ်ဝက်နီးပါးရှိနေပြီ။ အဲ့ကတည်းက မတက်လာသလောက်ပဲ။ ပြီးတော့ မင်းအဆင့်တက်သွားနိုင်တယ်ဆိုရင်တောင် စိတ်ဝိညာဉ်အဆင့်အမှိုက်ဖြစ်နေဦးမှာပဲ။ အခင်းအကျင်းလေးပြင်ရုံနဲ့ ဝိညာဉ်ကျောက်တုံး၂၀၀,၀၀၀ရတာက ပိုမကောင်းဘူးလား?”

လုရှောင်ယန်တစ်ခုခုပြောတော့မည့်အချိန်မှာပဲ ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအင်များက ပြောင်းလဲသွားခဲ့သည်။

သူချိုးဖြတ်လိုက်ပြန်ပြီ!

အာကာပြင်ပြိုကွဲခြင်း သတ္တမမြောက်အဆင့်!

တစ်လလုံးမကျင့်ကြံခဲ့တာတောင်မှ နောက်ထပ်အဆင့်သေးတစ်ဆင့်ထပ်တက်သွားတယ်ပေါ့။

သူ့တပည့်လေးနှစ်ယောက် ကြိုးကြိုးစားစားကျင့်ကြံနေကြလို သူအဆင့်တက်သွားခြင်းဖြစ်မည်ဟု လုရှောင်ယန်တွေးမိသွားသည်။

သူ လီတောက်ယန်ကို မချိမဆန့်ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ အဆုံးမှာတော့ သူဘာမှပြန်မပြောတော့ပေ။

သူ ကျင့်ကြံခြင်းမရှိဘဲနဲ့တောင် အဆင့်တက်သွားနိုင်သည့်အမှန်တရားကို လျှို့ဝှက်ထားလိုက်ပါ့မယ်လေ။

သူထုတ်ပြောပြီး တစ်ဖက်လူရဲ့ပျော်ရွှင်မှုတွေကို ဘာလို့ ဖျက်ဆီးနေတော့မှာလဲ?

လီတောက်ယန်၏အပြုံးတို့ ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။ ဘေးဘီဝဲယာကို တစ်ချက်အကဲခတ်လိုက်ပြီး ဘယ်သူမှမရှိတာသေချာတော့မှ လီတောက်ယန် တိုးတိုးတိတ်တိတ်ပြောလာလေသည်။

“လောင်လု၊ ငါတို့ဒီတစ်လလုံး အရမ်းကြိုးစားခဲ့တာ။ အနားသွားယူကြရင်မကောင်းဘူးလား?”

လုရှောင်ယန် နားမလည်နိုင်စွာ မျက်ခုံးတို့မြင့်တက်သွားသည်။

“ဘယ်မှာသွားအနားယူလို့ရမှာလဲ?”

လီတောက်ယန် ဘေးဘီတစ်ချက်ထပ်ကြည့်လိုက်ပြန်ကာ လုရှောင်ယန်နား,နားသို့ကပ်ပြီး ပြောလိုက်သည်။

“အာကေရှားဂိုဏ်းခွဲ။”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၂

အခန်း ၁၇ အရမ်းစွမ်းတယ်

နာမည်ကိုကြားလိုက်ပြီးနောက်မှာတော့ လုရှောင်ယန်၏မျက်နှာကျောတို့ ရှုံ့တွသွားလေတော့သည်။

အဲ့လိုနေရာမျိုးကို တကယ်ကြီးညွှန်းလာတာပဲ။

“မင်းရူးသွားပြီလား? အဲ့လိုနေရာမျိုးကို မင်းဘယ်လိုလုပ်သွားရဲတာလဲ? နတ်ဆိုးအော်ရာတွေ သက်ရောက်ခံလိုက်ရရင် မင်းရဲ့ကျင့်ကြံဆင့်ဘယ်လောက်ပဲမြင့်နေနေ အသုံးမဝင်ဘူး။”

ကျင့်ကြံသူများသည် နတ်ဆိုးအော်ရာ သက်ရောက်မှုခံရမည်ကို အကြောက်ဆုံးပင်။ ထိုနတ်ဆိုးအော်ရာများသည် အဆိပ်အတောက်လိုမျိုး တစ်ဖက်လူ၏အရိုးထိတိုင် စွဲကပ်သွားတတ်ကြသည်။ ဒါ့အပြင် လူသား၏ခန္ဓာကိုယ်ထဲတွင် ၎င်းစွမ်းအားသည် တဖြည်းဖြည်းကြီးထွားလာကာ စိတ်ကိုတောင်မှ သက်ရောက်သွားနိုင်ပေသည်။

ကျင့်ကြံဆင့်ဘယ်လောက်ကြီးပဲမြင့်နေပါစေ နတ်ဆိုးတစ်ကောင်အဖြစ်တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည်ဖြစ်ကာ လူတွေကို ယင်ကောင်တွေအလား သတ်ဖြတ်ပစ်ပေလိမ့်မည်။

ကြီးမြတ်သောကျိုးတွင် ထိုသို့နတ်ဆိုးအော်ရာသက်ရောက်ခံလိုက်ရသူများကို ချက်ချင်းလက်ငင်း ကုသမှုခံယူကြဖို့ တွန်းအားပေးထားကာ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြင့် သန့်စင်ပေးလေသည်။

ထိုသို့သန့်စင်မှုကို မခံယူများ၊ မမှီတော့သူများကိုတော့ ဘာမှအုပ်စုဖွဲ့ဆွေးနွေးမနေဘဲ တွေ့ရာနေရာချက်ချင်းသတ်ပစ်ကြပေသည်။

အမျိုးသမီးသူတော်စင်ကျင့်ကြံသူများသာ နတ်ဆိုးအော်ရာ ကူးစက်နိုင်သည်မဟုတ်သော်လည်း အမျိုးသမီးသူတော်စင်ကျင့်ကြံသူများက ကူးစက်ရအလွယ်ဆုံးဖြစ်နေခြင်းသာဖြစ်သည်။

“ဘာကြောက်စရာရှိလို့လဲ? မင်းက အာကေရှားဂိုဏ်းခွဲကို ရစ်ထုတ်ဂိုဏ်းကြီးများ ထင်နေတာလား? သူတို့က ကြီးမြတ်သောကျိုးတစ်ခုလုံးမှာ ဂိုဏ်းခွဲတွေအများကြီးဖြန့်ကျက်ထားတဲ့ ဂိုဏ်းကြီးတစ်ခုပါ။ သူတို့ရဲ့ဂုဏ်သတင်းကလဲ ကောင်းတယ်။ ဂိုဏ်းထဲက အမျိုးသမီးသူတော်စင်တွေရှိနေတာ နှစ်ပေါင်းတစ်ရာဝန်းကျင်လောက်ရှိနေပြီ။ ပြီးတော့ သူတို့ဂိုဏ်းက ကြီးမြတ်သောကျိုးအင်ပါယာကြီးရဲ့ အမျိုးသမီးဂိုဏ်းတွေထဲမှာ ထိပ်တန်းအဆင့်ပဲ။ သူတို့တွေက ခြေထောက်နှိပ်နယ်ပေးရုံပါပဲ။ မင်းထင်နေသလိုမဟုတ်ဘူး။”

“ဒါပေမယ့် အခင်းအကျင်းကို ဂိုဏ်းအကြီးအကဲတွေ လာစစ်မှာစောင့်ဖို့လိုသေးတယ်လေ။”

“ငါ့တပည့်ကို သွားအကြောင်းကြားခိုင်းလိုက်မယ်။ ငါတို့နှစ်ယောက် တစ်လတောင်ပင်ပင်ပန်းပန်းအလုပ်လုပ်ထားရတာလေ။ အပြင်ထွက်ပြီး ပျော်ကြရအောင်ပါ။ သူတို့ဘာမှမပြောပါဘူး။ ပြီးတော့ ငါဧည့်ခံမှာ။ ဒီည အကောင်းဆုံးမိန်းကလေးတွေပဲ ရစေရမယ်။”

လုရှောင်ယန် ထပ်ငြင်းမည့်အချိန်မှာပဲ ဝမ့်ခိုက်၏အသံက သူ့စိတ်ထဲတွင် ပေါ်ထွက်လာလေသည်။

[သခင်၊ သခင်၊ ကျွန်တော် အာကေရှားဂိုဏ်းခွဲနားမှာ SSSအဆင့်ဉာဏ်ကြီးရှင်တစ်ယောက် တွေ့ထားတယ်]

“သေစမ်း!”

တကယ်ကြီး SSSအဆင့်ဉာဏ်ကြီးရှင်လား!

ကြီးမြတ်သောကျိုးရဲ့မင်းသမီးဖြစ်တဲ့ ကျီဝူရှားတောင်မှ SSအဆင့်ဉာဏ်ကြီးရှင်ပဲလေ။

သေရော! လုရှောင်ယန်၏သွေးတွေ ဆူပွက်လာတော့သည်။

“ဝမ့်ခိုက်၊ မင်း ဝိညာဉ်လမ်းညွှန်သုံးလို့ရတယ်မဟုတ်ဘူးလား? သူ့ကို ဒီရောက်အောင်ခေါ်လိုက်လေ။”

[သူက အခုအလိုက်ခံနေရတယ်၊ ဒီအထိရောက်အောင် လမ်းမညွှန်နိုင်ခင်ကို သေမှာ]

“…..”

“လောင်လု၊ ဘာဖြစ်လို့လဲ?”

လီတောက်ရန် အံ့ဩသွားကာ လုရှောင်ယန်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။

လုရှောင်ယန် သူ့စကားတွေကြားပြီး တက်ကြွသွားပြီဟု ထင်မိသွားသည်။

လုရှောင်ယန် ခေါင်းယမ်းလိုက်ကာ တံဆိပ်ပြားတစ်ခုထုတ်ပေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ မင်းတပည့်ကို အကြီးအကဲတွေဆီ ဒီတံဆိပ်ပြားပေးဖို့ ပြောလိုက်၊ ဒါက ထိန်းချုပ်မှုတံဆိပ်ပြားအသစ်ပဲ။ ဒါမရှိဘဲ တပည့်တွေ ဒီအခင်းအကျင်းအပြင်ကို လွယ်လွယ်ထွက်လို့မရဘူး။”

ထို့နောက် သူအမြန်ထွက်သွားခဲ့သည်။ လီတောက်ယန်ကတော့ သူ့လက်ထဲမှတံဆိပ်ပြားကိုကြည့်ရင်း ကြောင်နေလေသည်။

“လောင်လ၊ မင်းက ရိုးသားချင်ယောင်ဆောင်နေတာပဲ။ နောက်ဆုံးတော့ မင်းက ငါ့ထက်တောင် ပိုပြီးတက်ကြွနေသေးတယ်။”

သူလဲ စကားဆုံးသည်နှင့် လုရှောင်ယန်နောက် အမြန်လိုက်သွားလေသည်။

လုရှောင်ယန်ပြောသွားသည်များကို သူလုံးဝနားမထောင်ခဲ့ပေ။

သူတို့က အခင်းအကျင်းကို ပြန်ပြင်ရုံပြင်တာလေ။ ဘာလို့စည်းတံဆိပ်ပြားအသစ်ကလိုနေမှာတဲ့လဲ?

ပြီးတော့ အခင်းအကျင်းကို ခပ်ပါးပါးပြောင်းလဲထားတယ်ဆိုရင်တောင် ဂိုဏ်းထဲမှာက အာကာပြင်ပြိုကွဲခြင်းအဆင့်ရောက်နေတဲ့ ဂိုဏ်းချုပ်နဲ့ တခြားကျွမ်းကျင်သူတွေအများကြီး ရှိနေတာပဲကို။ ဒါကြောင့် ဤတံဆိပ်ပြားမရှိလျှင်တောင်မှ အကြီးအကဲတွေအနေနဲ့ အခင်းအကျင်းကို ဖြတ်သန်းဖို့ ပြဿနာမရှိဟု လီတောက်ယန် ယုံကြည်နေလေသည်။

အာကေရှားဂိုဏ်းခွဲကို အမြန်သွားဖို့ မအောင့်နိုင်တော့ဘူး။

……

တစ်ဖက်မှာတော့ လီတောက်ယန်၏တပည့် အမိန့်ဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ခန်းမထဲသို့ ရောက်နေပြီဖြစ်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ခန်းမထဲ၌ အကြီးအကဲတစ်စုသာရှိနေပြီး ဂိုဏ်းချုပ်တော့မရှိပေ။

“အကြီးအကဲလီတောက်ယန်ရဲ့တပည့် ချန်တရှန်းက ဆရာသခင်ရဲ့အမိန့်အရ အခင်းအကျင်း ပြင်ဆင်လို့ပြီးကြောင်း ဂိုဏ်းချုပ်ကို အစီအရင်ခံဖို့ရောက်လာပါတယ်။”

“အိုး! ရှောင်ယန်နဲ့ တောက်ယန်တို့ ဒီလောက်မြန်လိမ့်မယ်လို့ မထင်ထားဘူး။”

“ဂိုဏ်းချုပ်ပြောတာ မှန်တာပဲ။ ဒါပေမယ့် လောလောဆယ် ဂိုဏ်းချုပ်က သီးသန့်နေရာမှာရှိနေတယ်၊ အခုတော့ သွားစစ်လို့မရသေးဘူး။”

“တကယ်တော့ ဘာမှသွားစစ်နေဖို့တောင် မလိုပါဘူး။ အခင်းအကျင်းကို ပြန်ပြင်ရုံလေးပဲမဟုတ်ဘူးလား? အရင်အခင်းအကျင်းရဲ့ ပုံကြမ်းရှိတာပဲ။ အဲ့နှစ်ယောက် ငတုံးတွေမဟုတ်သ၍ အရှုပ်တွေမဖြစ်သွားလောက်ပါဘူး။”

“ဟုတ်သားပဲ။ သွားစစ်ဖို့ကို ဂိုဏ်းချုပ် သီးသန့်နေရာက ထွက်လာတာကိုစောင့်သင့်တယ်လို့ထင်တယ်။ ဒီလိုဆို ငါတို့တွေ ဟိုပြေးဒီပြေးလုပ်နေဖို့မလိုတော့ဘူးလေ။”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီအကြံကောင်းတယ်။”

သို့သော်လည်း သူ့စကားစလေးဆုံးရုံရှိသေး တပည့်တစ်ယောက်က တံခါးအပြင်ဘက်ကနေ အလျင်စလိုပြေးဝင်လာလေသည်။

“အကြီးအကဲတို့၊ ပြဿနာတက်ပြီ! ပြဿနာတက်ပြီ။!”

လူတိုင်းမှာ ထိတ်လန့်သွားကြတော့သည်။

“ဘာဖြစ်ရတာတုန်း?”

တပည့်လေးလဲ သူ့နဖူးကချွေးစေးတွေကို အမြန်သုတ်ပကာ ထိတ်လန့်တကြား စကားဆက်လာခဲ့သည်။

“တောင်ဂိတ်ပေါက်က အခင်းအကျင်းရဲ့ ပိတ်ခံထားရတယ်။ တပည့်တွေ အပြင်ထွက်လို့မရတော့ဘူး။ အကြီးအကဲဟွမ်းဆို အကာအကွယ်စည်းထဲမှာပိတ်မိနေပြီး လှုပ်လို့တောင်မရဘူး။ အကြီးအကဲတို့ မြန်မြန်လေးသွားကူကြပါဦး!”

“ဘာပြောတယ်?!”

လူတိုင်း ထိတ်လန့်သွားရတော့သည်။ အခင်းအကျင်းက တကယ်ပဲ တောင်ဂိတ်ပေါက်ကို စည်းချပစ်တာလား? ပြီးတော့ အကြီးအကဲဟွမ်းတောင် ဖြတ်လို့မရဘူးတဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သိထားရမှာက အကြီးအကဲဟွမ်းဆိုသည်က စိတ်ဝိညာဉ် ဒဿမအဆင့်ကိုရောက်နေသည့် အကြီးအကဲတစ်ဦးဖြစ်တာကိုပင်။ သူ့လိုလူက အခင်းအကျင်းထဲမှာ ပိတ်မိနေတယ်ဆိုတာ ဘယ်လိုလုပ် ယုံချင်စရာကောင်းမှာလဲ။

“မြန်မြန်၊ သွားကြည့်ရအောင်။”

လူတိုင်း အလျင်စလို ဂိတ်ပေါက်သို့ပြေးကြတော့သည်။

သူတို့ရောက်ပြီးမကြာခင်မှာပဲ တောင်၏ဝင်ပေါက်တွင် တပည့်တွေအများကြီး စုဝေးနေကြသည်ကို မြင်လိုက်ရလေသည်။ တတိယအလွှာကိုကြည့်လိုက်လျှင်တော့ဖြင့် ပုပုကွကွနှင့်အကြီးအကဲဟွမ်းတစ်ယောက် အကာအကွယ်စည်းအသက်ဝင်ကာ ပိတ်ခံထားရသည်ကို မြင်ရပေမည်။ သူ့မှာ လှုပ်မရပြုမရဖြင့် အတော်လေးရယ်စရာကောင်းလို့နေလေသည်။

“ဘာတွေဖြစ်ကုန်တာလဲ?”

ကျင့်ကြံဆင့်နိမ့်သည့်အကြီးအကဲတွေကတော့ အခြေအနေကို ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိကြသော်လည်း ကျင့်ကြံဆင့်မြင့်သည့် အကြီးအကဲတွေကတော့ ချက်ချင်းနားလည်သွားကြသည်။

“ဒီအခင်းအကျင်းက အရင်တစ်ခုထက် အဆပေါင်းများစွာ ပိုကောင်းပါလား!”

“ဒီအခင်းအကျင်းက အရမ်းပိုကောင်းနေလို့ အခင်းအကျင်းရဲ့စွမ်းအားကလဲ နှစ်ဆတက်သွားတယ်။ ဒါကြောင့် အခင်းအကျင်းရဲ့အရင် တံဆိပ်ပြားက အသုံးမဝင်တော့ဘူး။ ဒါကြောင့်ပဲ အကြီးအကဲဟွမ်းပိတ်မိနေတာ။”

“သေစမ်း၊ ဒါ တောက်ယန်လုပ်တာလား? ရှောင်ယန်လုပ်တာလား? အရမ်းအားကောင်းလွန်းမနေဘူးလား?”

တပည့်တစ်ယောက် နားမလည်နိုင်စွာဖြင့် မေးလာခဲ့သည်။ “အကြီးအကဲ၊ ဒါက အရမ်းအားကောင်းနေလို့လား? ကျွန်တော်ကြည့်တာတော့ အခင်းအကျင်းက အရင်နဲ့ဘာမှမကွာသွားသလိုပဲ!”

အကြီးအကဲက သူ့ခေါင်းကိုယမ်းက ပြန်ပြောလာသည်။

“ကလေး၊ မင်းအရမ်းငယ်သေးတယ်၊ ဒါကြောင့် ဒီအခင်းအကျင်းရဲ့နက်နဲမှုကို မင်းနားမလည်နိုင်သေးတာ။ ရိုးရိုးသားသားပြောရရင် အကြီးအကဲတောက်ယန်နဲ့ အကြီးအကဲရှောင်ယန်ကလွဲပြီး ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းကြီးတစ်ခုလုံးမှာ ဒီလိုအခင်းအကျင်းတည်ဆောက်မှုအဆင့်ကိုရောက်နိုင်တဲ့လူဆိုတာ တကယ့်နည်းနည်းလေးမှ နည်းနည်းလေးပဲရှိတယ်။”

“သူတို့နှစ်ယောက်ထဲက ဒီအခင်းအကျင်းကိုတည်ဆောက်တဲ့လူကို ဂိုဏ်းခေါင်းဆောင်နေရာတန်းပေးလိုက်လို့ရတယ်ပြောရင်တောင် ချဲ့ကားနေတာမဟုတ်ဘူး။”

ဟစ်!

လူတိုင်း တံတွေးမမြိုချမိဘဲမနေနိုင်ဖြစ်သွားကြသည်။ ဓါတ်လိုက်ခံလိုက်ရသလို ဦးရေပြားတွေထုံကျဉ်သွားသလိုခံစားလိုက်ရသည်။

တစ်ဖက်လူကတော့ဖြင့် အကြီးအကဲများ၏ချီးမြှောက်ခြင်းကို အမှန်တကယ်ရရှိသွားပြီဖြစ်ကာ ဒီလိုဖြစ်လာလိမ့်မယ်လို့ နည်းနည်းလေးမှ မတွေးမိဖူးပေ။

တစ်ခုရှိတာက အကြီးအကဲလီရော အကြီးအကဲလုသည်ပါ အလွန်ငယ်သေးကြကြောင်း သိထားရပေမည်။ အကြီးအကဲတွေကြားထဲတွင် သူတို့ရဲ့ကျင့်ကြံဆင့်ဆိုသည်ကလဲ အရမ်းမြင့်နေသည်မဟုတ်ပေ။

လူတိုင်းပြောဆိုနေချိန်မှာပဲ ပထမအကြီးအကဲက အကြီးအကဲဟွမ်းရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားလေသည်။

“ဂျူနီယာညီလေးဟွမ်း၊ မင်းဘာလို့ ဂိုဏ်းထဲက အရမ်းထွက်ချင်နေတာလဲ? ဘယ်လိုလုပ် အကာအကွယ်စည်းထဲမှာပိတ်မိသွားရတာတုန်း?”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၂

အခန်း ၁၈ အသက်ကယ်ကူးပြောင်းခြင်းအစီအရင်

ပထမအကြီးအကဲ၏အပြောကြောင့် အကြီးအကဲဟွမ်းဒေါသအလိပ်လိုက်ထွက်သွားတော့သည်။ “ကျုပ်လဲခဏခဏ မထွက်ချင်နေပါဘူး။ အခုဟာက ဒီနေ့ ဂိုဏ်းနီးခြင်းဖြစ်တဲ့ ယုံကြည်အားထားရာဂိုဏ်းမှာ ကြင်ဖက်တွေ့မယ်ဆိုပြီး ချိန်းထားလို့။ အခင်းအကျင်းက နဂိုအတိုင်း ဘာမှထူးထူးခြားခြားမရှိဘူးလို့ တွေးပြီး လွယ်လွယ်လေးဖြတ်လို့ရမယ်လို့ထင်လိုက်တာ။ အခင်းအကျင်းက ဒီလောက်အထိအားကောင်းသွားမယ်လို့ ဘယ်သိပါ့မလဲ? ကျုပ်လဲ ချက်ချင်းအထဲမှာ ပိတ်မိသွားတော့တာပဲ!”

ပထမအကြီးအကဲ၏မျက်နှာအမူအရာတို့ တွန့်ရှုံ့သွားတော့သည်။

“မင်းတကယ်ကြီး ကြင်ဖက်တွေ့ဖို့သွားရမှာလား? မင်း ဂိုဏ်းချုပ်ကိုငြင်းချင်လို့ တမင်အကြောင်းပြချက်ပေးလိုက်တယ်လို့ ထင်နေတာ။”

“ဂိုဏ်းချုပ်ကို ငြင်းချင်လို့သက်သက်မဟုတ်ဘူး။ တကယ်ကို ကြင်ဖက်သွားတွေ့ရမှာ။ ပထမအကြီးအကဲ ကျုပ်ကို မြန်မြန်လေးထွက်လို့ရအောင် လုပ်ပါဦး။ ကြင်ဖက်တွေ့ဖို့အချိန် နောက်ကျတော့မယ်။”

“ဂျူနီယာညီလေးဟွမ်း ဘာမှစိတ်မပူနဲ့။ အခုချက်ချင်း ကယ်တင်ပေးမယ်။”

“ကျေးဇူးတင်ပါတယ်၊ ပထမအကြီးအကဲ။”

ပထမအကြီးအကဲ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ ထို့နောက် ရှေ့သို့ခြေတစ်လှမ်းတိုးလို့ အကာအကွယ်စည်းထဲဝင်လိုက်လေသည်။

အကာအကွယ်စည်းထဲခြေချလိုက်သည်နှင့် ပထမအကြီးအကဲတစ်ယောက် ချက်ချင်းဆိုသလို တုန်လှုပ်သွားတော့သည်။ ပြင်းထန်လှသည့်ဖိအားကြီးက သူ့ကိုယ်ပေါ်သို့ဖိနှိပ်ထားကာ တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိသွားစေသည်။

နောက်မှာကျန်ခဲ့သည့် တပည့်ငယ်များမှာတော့ စိုးရိမ်ပူပန်သည့် အမူအရာကိုသာ ပြနိုင်ကြလေသည်။

“ပထမအကြီးအကဲ ဘာဖြစ်သွားတာလဲ?”

“ငါလဲမသိဘူး။ အမူအရာကိုကြည့်ရတာတော့ ဒီကိစ္စက နည်းနည်းတော့ လေးနက်သွားပြီ! သူပါ ပိတ်မိသွားတာများလား?”

အကြီးအကဲတွေအားလုံး အံကြိတ်သွားကြကာ၊

“မင်းတို့ကလေးတွေ ကိုယ့်နေရာကိုယ်သိကြစမ်း။ ပထမအကြီးအကဲက ဖန်တီးမှုနယ်ပယ်ရောက်နေတဲ့သူကွ! ဒီလိုအခင်းအကျင်းလေးထဲ ပိတ်မိနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။”

“ဖန်တီးမှုနယ်ပယ်အဆင့်ကိုတောင်လား!”

တပည့်တွေအားလုံး ပင့်သက်ရှိုက်မိသွားကြကာ လေးစားအားကျသည့်အကြည့်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

ထိုတပည့်များသည် အများစုမှာ မွေးဖွားမှုအဆင့်မှာသာရှိကြသေးသည်။ ဖန်တီးမှုယ်ပယ်အဆင့်ဆိုသည်က သူတို့သဘောပေါက်နားလည်ဖို့အတွက် ခဲယဉ်းလှသည့် တောင်ကြီးတစ်လုံးလိုပင်။

အခုတော့ ပထမအကြီးအကဲ အဆင်ပြေသွားလိမ့်မည်ဟု အားလုံး ယုံကြည်သွားကြလေသည်။

ပထမအကြီးအကဲ၏အဆင့်နဲ့သာဆိုရင် အခင်းအကျင်းကို ချိုးဖြတ်ဖို့ဆိုသည်က သေချာပေါက်ဖြစ်နိုင်ပေသည်။

အားလုံး၏အကြည့်များအောက်မှာပဲ ပထမအကြီးအကဲသည်လဲ အကြီးအကဲဟွမ်းရှိရာသို့ ဆက်လက်လျှောက်လှမ်းသွားသည်။

ပထမတစ်လှမ်းကတော့ အတော်လေးလွယ်ကူလှသည်။

“ကောင်းတယ်ဟေ့!”

လူအုပ်ကြီးထဲမှ တပည့်တချို့က အော်ဟစ်၍တောင် အားပေးလိုက်သေးသည်။

ဒုတိယတစ်လှမ်းမှာတော့ အနည်းငယ်နှေးသွားသော်လည်း အန္တရာယ်ကင်းသည်ဟု တွေး၍ရသေးသည်။

“ပထအကြီးအကဲ ဆက်သွားထားပါဗျို့!”

ထိုအခြေအနေကိုကြည့်ရင်း တချို့တပည့်များဆို ပထမအကြီးအကဲ၏ပရိသတ်များတောင် ဖြစ်သွားကြသေးသည်။

ဒါပေမယ့်လို့!

တတိယခြေလှမ်းက လမ်းတစ်ဝက်မှာပဲတန့်သွားသည်ကိုမြင်ချိန်မှာတော့ လူတိုင်းစိတ်လှုပ်ရှားလာကြတော့သည်။ ပထမအကြီးအကဲရဲ့ခြေထောက်က လေထဲမှာတစ်နေသလိုပဲ။ သူဘယ်လောက်ပဲ ကြိုးစားလို့ခြေချ,ချ တစ်လက်မတောင် မရွေ့နိုင်တော့ပေ။ သူ့မျက်နှာဆိုလျှင် နီရဲလို့တောင်နေပေပြီ။

အားပေးချီးမွမ်းနေကြသည့်အသံများလဲ ဟုတ်ကနဲပျောက်ကွယ်သွားလေသည်။ လူတိုင်း နားမလည်နိုင်ခြင်းများစွာဖြင့် ပထမအကြီးအကဲကိုသာ စိုက်ကြည့်နေကြလေသည်။

“ပထမအကြီးအကဲ၊ ဘာလို့ရပ်လိုက်တာတုန်း?”

ပထမအကြီးအကဲ ဒေါသကြောင့် တုန်ရီလာကာ မျက်နှာမှာလဲ ပေါက်ကွဲမတက်နီရဲလာတော့သည်။

“မင်းက ဘာများထင်နေလို့လဲ? ငါ အခင်းအကျင်းထဲ ပိတ်မိသွားတာကွ။”

“ဘာပြောတယ်?!”

လူအုပ်ကြီးတစ်ခုလုံး ချက်ချင်း ငြိမ်ကျသွားတော့သည်။

ပထမအကြီးအကဲတောင် ခြေနှစ်လမ်းနဲ့တစ်ဝက်ပဲလှမ်းနိုင်တာလား!

ဒီလိုနဲ့ပဲ ပိတ်မိသွားပြီပေါ့?

တစ်ခုခုများမှားနေတာလား?

အကြီးအကဲဟွမ်းတစ်ယောက်လဲ ထိတ်လန့်လာလေပြီ။

“ပထမအကြီးအကဲ ကျုပ်ကိုမနောက်နေပါနဲ့ဗျာ၊ ဒီမှာ ကြင်ဖက်တွေ့ဖို့ ချိန်းထားတဲ့အချိန် နောက်ကျတော့မယ်။”

“ကြင်ဖက်တွေ့မယ်၊ ကြင်ဖက်တွေ့မယ်။ မင်းခေါင်းထဲ အဲ့ဒါပဲရှိလား? ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းမှာပဲ အမျိုးသမီးအကြီးအကဲတွေမှ အများကြီးပဲ။ မင်းဘာလို့ သူတို့ကိုပဲ မမှန်းရတာလဲ? ဘာလို့ ယုံကြည်အားထားရာဂိုဏ်းကိုမှ သွားချင်နေရာတာလဲ? ဘာလို့လဲကွ?”

အကြီးအကဲဟွမ်းလဲ ဒေါသထွက်လာကာ၊

“ဂိုဏ်းထဲကလူတွေနဲ့ကျ အရမ်းရင်းနှီးနေတယ်လေ။ သူတို့ကိုချဉ်းကပ်ဖို့က မလွယ်ဘူး။ ပြီးတော့… ပြီးတော့… အကြီးအကဲတွေက အဲ့လောက်လဲ ကြည့်လို့ကောင်းကြတာမဟုတ်ဘူး။ အငယ်တွေကျတော့လဲ ကျုပ်ကို စိတ်ကူးထဲတောင် ထည့်ကြမှာမဟုတ်ဘူး။”

“မင်းမှာ ဘာလို့များ တောင်းဆိုချက်တွေ ဒီလောက်တောင်များနေရတာတုန်း?”

“ခင်ဗျားက အသက်သုံးရာကျော်နေပြီလေ။ မမြင်ဖူးတဲ့အလှလေးဆိုတာ ရှိပါဦးမလား? ပြီးတော့ ခင်ဗျားအသက်အရွယ်နဲ့ဆို ဘာလိုအပ်ချက်မှထားဖို့ မလိုတော့ဘူး။ ကျုပ်ကကျ အခုမှ အသက်၁၂၀ပဲရှိသေးတာလေ။ လျှောက်ရမယ့်လမ်းကအရှည်ကြီးကျန်သေးတယ်။ ကျုပ်လဲ သဘောကျရမယ့် လက်တွဲဖော်တစ်ယောက်လောက် လိုချင်တာပေါ့။”

ပထမအကြီးအကဲဒေါသထွက်လွန်းလို့ မုတ်ဆိတ်မွေးတွေတောင် လှုပ်လာလေသည်။ ထို့နောက် အားလုံးဘက်လှည့်ကာ ကြိမ်းလိုက်သည်။

“မင်းတို့တွေ အခုချက်ချင်း အကြီးအကဲဝမ်နဲ့ အကြီးအကဲထျဲ့တို့ကို သွားမဖိတ်ကြသေးဘူးလား?”

ထိုအကြီးအကဲနှစ်ဦးသည်က ကောင်းကင်နတ်ဆိုးဂိုဏ်းထဲတွင် အခင်းအကျင်းအရာ၌ အတော်ဆုံးများဖြစ်ကြသည်။

“ဘယ်မှသွားရှာမနေကြနဲ့တော့။ ငါတို့နှစ်ယောက်လုံး ရောက်နေပြီ။”

ချက်ချင်းဆိုသလို အကြီးအကဲဝမ်နှင့် အကြီးအကဲထျဲ့တို့ လူအုပ်ကြီးနောက်မှနေ ထွက်ပေါ်လာခဲ့သည်။ အခင်းအကျင်းထဲမှဖြစ်ရပ်ကို မြင်ပြီးနောက်မှာတော့ နှစ်ဦးသားမှင်သက်သွားကြကာ မကြာလိုက်ပါဘဲ မထိန်းနိုင်သည့်ရယ်သံနှင့် ချောင်းဟန့်သံတို့ ထွက်ပေါ်လာတော့သည်။

ပထမအကြီးအကဲ၏အမူအရာကတော့ မဲမှောင်လို့သွားလေပြီ။

“မင်းတို့နှစ်ယောက် အခု ငါ့ကိုရယ်နေတာလား?”

အကြီးအကဲဝမ်နှင့် အကြီးအကဲထျဲ့တို့ ချက်ချင်း အမူအရာကိုထိန်းလိုက်ကာ၊ “စီနီယာအစ်ကိုကြီး မင်း ငါတို့ကိုအပြစ်မတင်နဲ့လေ။ ငါတို့နှစ်ယောက်လုံးက မင်းနဲ့အတူ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာ။ မင်းဘယ်လောက်ပဲ ခွတီးခွကျပုံစံဖြစ်နေနေ ငါတို့မင်းကို မရယ်ပါဘူး။”

“ဟုတ်သားပဲ။ ငါတို့ရဲ့ဆက်ဆံရေးက အချိန်ကြာလာလေ ပိုပြီး ခိုင်မာလာလေပဲမဟုတ်လား။”

“မရတော့ဘူး။ ငါတော့ မထိန်းနိုင်တော့ဘူး။ ဖူး…ဟားဟားဟား…”

သူတို့နှစ်ဦးသည် အခြားသောအကြီးအကဲများ တပည့်များနှင့်မတူညီပေ။ သူတို့နှစ်ယောက်သည် ပထမအကြီးအကဲ၏ဂျူနီယာညီငယ်များဖြစ်ကာ ဆက်ဆံရေးက နက်ရှိုင်းကြသည်။ ဒါကြောင့် သူတို့တွေ ရယ်ရဲခြင်းပင်။ တခြားလူတွေမှာတော့ ထိုသို့ရယ်ရဲဖို့ သတ္တိမရှိကြပေ။

ပထမအကြီးအကဲသည်တော့ ဒေါသထွက်လွန်း၍ သွေးအန်တော့မတတ်ပင်။

“ခွေးကောင်လေးတွေ၊ မြန်မြန်လေး အစီအရင်ကိုဖြတ်ပြီး ငါတို့ကိုကယ်စမ်း!”

သူတို့စီနီယာအစ်ကိုကြီး တကယ်ဒေါသထွက်နေသည်ကိုမြင်လိုက်ရသည်နှင့် အကြီးအကဲနှစ်ဦးလဲ ချက်ချင်းအရယ်ရပ်သွားကာ အခင်းအကျင်းကို အလျင်အမြန်လေ့လာကြတော့သည်။

“စီနီယာအစ်ကိုကြီး ဒေါသမထွက်နဲ့တော့။ ငါတို့အခုချက်ချင်း ကြည့်လိုက်မယ်။”

ပြောရင်းဆိုရင်း နှစ်ဦးသား အခင်းအကျင်းအနားသို့ ချဉ်းကပ်သွားကာ အခင်းအကျင်းပေါ်တွင် ထွင်းထားသည့်စာများကို ဂရုတစိုက်လေ့လာတော့သည်။

သို့သော်လည်း စာလုံးများကိုကြည့်ပြီးချိန်မှာတော့ တံတွေးမမြိုချမိကြဘဲ မနေနိုင်တော့ပေ။

ဂလု!

“ဒီအခင်းအကျင်းရဲ့ စည်းတံဆိပ်အမှတ်အသားတွေက ရိုးရိုးလေးနဲ့ အရမ်းအထင်ကြီးဖို့ကောင်းတာပဲ!”

“ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဒီလိုအခင်းအကျင်းဆရာသခင်တစ်ယောက်ရှိနေတာလား?”

ပထမအကြီးအကဲကတော့ ဒေါသထွက်လို့နေပြီး၊ “ဒီအခင်းအကျင်း ဘယ်လောက်ကြီးအားကောင်းလဲ ဘယ်သူကမသိလို့တုန်း? ငါလို ဖန်တီးမှုအဆင့်တောင်မှ ပိတ်မိသွားတယ်။ ဒါတွေပြောနေလို့ ဘာအသုံးဝင်လဲ? မင်းတို့ အခုချက်ချင်း အခင်းအကျင်းကို ဖျက်ကြ။”

အကြီးအကဲနှစ်ယောက်ကတော့ တည်ကြည်လေးနက်သည့်အမူအရာများဖြင့်သာ ပြန်ရှင်းပြလာခဲ့သည်။ “စီနီယာအစ်ကိုကြီး မင်းတကယ်တုံးတာပဲ။ ဒီအခင်းအကျင်း အရမ်းအားကောင်းတယ်လို့ပဲ မင်းသိတာ… တကယ်တမ်း လွန်လွန်ကဲကဲကိုအားကောင်းနေတာ။”

လူတိုင်း အံ့ဩသွားကြလေသည်။ ဒီအခင်းအကျင်းမှာ တခြားနက်နဲတဲ့အနေအထားတွေ ရှိနေသေးတာလား?

လူတိုင်း နားမလည်နိုင်ဖြစ်နေသည်ကိုမြင်ရတော့ အကြီးအကဲဝမ်ကပဲ ရှင်းပြပေးလာခဲ့သည်။ “အခင်းအကျင်းရဲ့ စည်းတံဆိပ်အမှတ်အသားတွေကို နည်းနည်းပါးပါးပြောင်းလိုက်ရင်တောင် ပြောင်းလဲမှုက ကြီးမားပြင်းထန်တယ်။ အခင်းအကျင်းပြောင်းသွားတာနဲ့ စည်းတံဆိပ်ရဲ့အဆင့်ကလဲ လုံးဝပြောင်းလဲသွားတယ်။”

“ဒီအကာအကွယ်အစီအရင်ကို ထိပ်တန်းအဆင့်လို့တောင် ပြောလို့ရတယ်။”

“သာမာန်အကာအကွယ်အစီအရင်ဆို ကာကွယ်ပေးရုံလောက်ပဲ တတ်နိုင်တာ။ ဒါပေမယ့် ဒီအခင်းအကျင်းက သူ့ဘာသာသူတိုးတက်နိုင်တဲ့အနေအထားမျိုး။ သူက ကျူးကျော်သူရဲ့အင်အားကိုလိုက်ပြီး ပြောင်းလဲသွားမှာ။ ဒါက ဝိညာဉ်စွမ်းအင်ပမာဏနည်းနည်းလေးဝင်သွားရင်တောင် ကျူးကျော်သူကို အပြင်းဆုံးဖိအားခံစားစေနိုင်တယ်။ မင်းတို့မပြောနဲ့ ဂိုဏ်းချုပ်လာရင်တောင် သူလဲ ပိတ်မိနေမှာ။”

ထိုစကားကြောင့် လူတိုင်းရှိသမျှအမွေးတွေ အကုန်ထောင်ထကုန်တော့သည်။

ဒီအခင်းအကျင်းက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား?

နောက်များ နောက်နေတာများလား? ဂိုဏ်းချုပ်တောင်မှ ဒီအခင်းအကျင်းထဲ ပိတ်မိနိုင်တယ်တဲ့လား?

ဂိုဏ်းချုပ်ဆိုတာ အာကာပြင်ပြိုကွဲခြင်းအဆင့်ဆရာကြီးလေ။

“ဂျူနီယာညီလေး၊ မင်းပြောတာ သေချာရဲ့လား?! ဒီအခင်းအကျင်းက အဲ့လောက်တောင် အားကောင်းတာလား?”

ပထမအကြီးအကဲနှလုံးမှာ တစ်ချက်မျှ ပြင်းထန်စွာ ခုန်လှုပ်သွားလေသည်။

အကြီးအကဲဝမ်၏အမူအရာက လွန်စွာလေးနက်လို့နေသည်။ “ငါတော့ အားပျော့တဲ့အခင်းအကျင်းမျိုး မမြင်ဖူးဘူး။ တစ်ခါတုန်းကဆို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကာအကွယ်အခင်းအကျင်းအပေါ် ဂုဏ်ယူစွာဝံ့ကြွားခဲ့သေးတယ်။ အကာအကွယ်အခင်းအကျင်းက အာကာပြင်ပြိုကွဲခြင်း တတိယအဆင့်ကလူကိုတောင် အလွယ်လေးပိတ်ထားနိုင်လို့လေ။ အခုတော့ စည်းတံဆိပ်အမှတ်အသားက ပြောင်းလဲသွားတာနဲ့ ပိုပြီးတောင် အားကောင်းသွားသေးတယ်။”

ပထမအကြီးအကဲနှလုံး နောက်တစ်ချက်ခုန်ပေါက်သွားပြန်သည်။

သို့သော်လည်း သူဒေါသထွက်မသွားခဲ့ပေ။ ထိုအစားစိတ်လှုပ်ရှားမှုတို့ဖြင့်သာ ပြည့်နှက်လာခဲ့သည်။

ဒီအခင်းအကျင်းက အဲ့လောက်အားကောင်းတယ်ဆိုမှတော့ စည်းတံဆိပ်ကိုပြင်ခဲ့တဲ့လူက တကယ့်ရတနာသိုက်ကြီးပဲပေါ့။ သူတို့တွေတောင် ထိုလူကိုကိုးကွယ်နေကြရဦးမယ်။

“ဒါဆို မင်းတို့ဒီအခင်းအကျင်းကို ပြန်မဖြုတ်နိုင်ဘူးပေါ့။”

အကြီးအကဲဝမ်ရော အကြီးအကဲထျဲ့ပါ ခေါင်းယမ်းလိုက်ကြသည်။

“မလုပ်နိုင်လောက်ဘူး။ ငါတို့အင်အားအရ ဒီအခင်းအကျင်းကို ဘယ်လိုမှမချိုးဖောက်နိုင်ဘူး။”

“တောက်ယန်နဲ့ ရှောင်ယန်တို့ဘယ်မှာလဲ? သူတို့နှစ်ယောက် ဘယ်သွားနေတာလဲ?”

“အဲ့ဒါက…”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ချက်ချင်းပင် လီတောက်ယန်၏တပည့် ချန်တရှန်းကို လူအုပ်ထဲမှနေ ဆွဲထုတ်လိုက်သည်။

“မင်းရဲ့ဆရာနဲ့ မင်းဆရာဦးလေးလုတို့ ဘယ်သွားလဲ မြန်မြန်ပြောလိုက်။”

ချန်တရှင်းမှာ ဤကဲ့သို့အခြေအနေမျိုးတစ်ခါမှမကြုံဖူးပေ။ သူ့မှာ ကြောက်လွန်းလို့ ငိုပါငိုမိတော့မည်။

“ကျွန်တော်… ကျွန်တော်…”

“ဘာတွေ ဗလုံးဗထွေးပြောနေတာလဲ?”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက သူ့တင်ပါးကို ပိတ်ကန်လိုက်တော့သည်။

“မင်းမြန်မြန်မပြောရင် သွားခွင့်မပေးဘူး။”

ချန်တရှင်းခဗျာ ကြောက်လွန်းလို့တုန်နေကာ ချက်ချင်းပင် အားလုံးထုတ်ပြောလိုက်တော့သည်။

“ကျွန်-ကျွန်တော်လဲ သိပ်တော့ မသေချာဘူး။ ကြားတာတော့ ကျွန်တော့်ဆရာက ဆရာဦးလေးလုကို အာကေရှားဂိုဏ်းခွဲမှာ သွားအနားယူဖို့ခေါ်နေသလိုပဲ။”

သူ့စကားဆုံးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောင်အောင် တိတ်ဆိတ်သွားတော့သည်။

အာကေရှားဂိုဏ်းခွဲ…

အကြီးအကဲဟွမ်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မလိုပင်။

“ဒီခွေးသားလေးတွေ ငါ့ကိုဒီမှာပိတ်၊ ငါ့ကြင်ဖက်တွေ့ပွဲကို ဖျက်ဆီးပြီး သူတို့ကတော့ အာကေရှားမှာ သွားပျော်ပါးနေကြတယ်ပေါ့! မင်းတို့တွေ ငါအလွတ်မပေးဘူးကွ!”

ပထမအကြီးအကဲ၏မျက်နှာကတော့ လုံးဝမှောင်မိုက်နေလေသည်။

အကြီးအကဲဝမ်က ဂရုတစိုက်ဖြင့်…”အာ… စီနီယာအစ်ကိုကြီး၊ ငါတို့ဘာဆက်လုပ်သင့်လဲ?”

ပထမအကြီးအကဲ အံတင်းတင်းကြိတ်လိုက်ကာ၊ “ဘာများလုပ်ရဦးမှာလဲ? သူတို့နှစ်ယောက်ပဲ ဖြေရှင်းနိုင်မှတော့ သူတို့ကိုပြန်ခေါ်ရမှာပေါ့!”

“ဒါပေမယ့်.. ငါတို့ထွက်လို့မှမရတာ…”

ပထမအကြီးအကဲ အံတင်းတင်းကြိတ်ကာ အချိန်အတော်ကြာ လွန်ဆွဲနေပြီးနောက်မှာတော့ ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချလိုက်တော့သည်။

“ကြည့်ရတာ ငါတို့တွေ ဂိုဏ်းရဲ့အသက်ကယ်ကူးပြောင်းခြင်းအစီအရင်ကို ထုတ်သုံးဖို့ပဲရှိတော့မယ်…”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၂

အခန်း ၁၉ ရှင်းပါးရဲ့ကျင့်ကြံသူဇာတ်ကွက်လား?

လူတိုင်း၏နှလုံးသားတို့ လက်မခံနိုင်ခြင်းများစွာဖြင့် ပြည့်နှက်လာကာ မျက်ဝန်းအစုံတို့သည်လဲ အေးစက်လို့လာကြသည်။

ဂိုဏ်း၏အသက်ကယ်ကူးပြောင်းခြင်းအစီအရင်ဆိုသည်က ဂိုဏ်းဖျက်ဆီးခံရကာ အသက်သွင်းရမည်ဖြစ်သည်။ ထိုအစီအရင်ကို အသက်သွင်းလိုက်လျှင်ဖြင့် တပည့်များကို ဂိုဏ်းအပြင်ဘက်သို့ ထုတ်ပေးနိုင်တာကြောင့် ထွက်ပြေးလွတ်မြောက်နိုင်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းကို နောက်တစ်ကြိမ်ပြန်လည်ထူတောင်နိုင်ဖို့ အခွင့်အရေးလဲ ချန်ခဲ့ပေးနိုင်ပေမည်။

အခုချိန်မှာတော့ဖြင့် လုရှောင်ယန်နှင့် လီတောက်ယန်တို့ကြောင့် သူတို့ဂိုဏ်းရဲ့ အသက်ကယ်ကူးပြောင်းခြင်းအစီအရင်ကို သုံးရပေတော့မည်။

ဒီတော့မှ သူတို့ရှေ့ရှိအခင်းအကျင်းသည် မည်မျှအားကောင်းလှမှန်း အားလုံးသိရှိနားလည်သွားတော့သည်။

……..

တစ်ဖက်တွင်တော့…

လုရှောင်ယန်နှင့် လီတောက်ယန်တို့လဲ အာကေရှားဂိုဏ်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

အာကေရှားသည် ကျင့်ကြံသူများအတွက် အပန်းဖြေအနားယူကာ ဇိမ်ခံဖို့အဓိကရည်ရွယ်ထားသည့် ဂိုဏ်းမျိုးဖြစ်သည်။ ခြေထောက်ဆေးစိမ်၊ နှိပ်နယ်ပေးခြင်းနှင့် တေးသီချင်းသီကျူးပြခြင်းတို့ဖြင့် နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးရင်း သူတို့အတွက် ကျင့်ကြံရေးအရင်းအမြစ်များကို ရရှိနိုင်ပေသည်။

အာကေရှားဂိုဏ်းသည် အဆင့်နိမ့်ဂိုဏ်းတစ်ခုတော့မဟုတ်ပေ။

ဂိုဏ်းတစ်ခုအတွက် အသုံးစရိတ်သည် အလွန်များပြားလှကြောင်းကိုတော့ အရင်ဆုံး သိထားဖို့လိုသည်။ ဂိုဏ်းများတွင် တပည့်များကို ဝိညာဉ်ကျောက်တုံးများ ပေးဝေရသည်သာမကဘဲ တပည့်များ တိုက်ခိုက်ရေးနည်းစနစ်များတိုးတက်လာစေဖို့ရန်နှင့် ဂိုဏ်းနှင့် တပည့်များ၏ကျင့်ကြံဆင့်များ တိုးတက်လာစေဖို့ရန်အတွက် ဂိုဏ်းအပြင်သို့ထွက်ကာ တာဝန်များထမ်းဆောင်ရင်း ကျင့်ကြံရေးအတွက် အရင်းအမြစ်များ ရယူခိုင်းဖို့လဲ လိုအပ်သေးသည်။

ထိုထဲတွင် ကံနှင့်ခွန်အားတွေကသာ အဓိကလိုအပ်ချက်များမဟုတ်တော့ပေ။

မဟုတ်လို့ကတော့ ဂိုဏ်းတွင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးပိုင်ဆိုင်ထားလျှင်တောင်မှ ထိန်းသိမ်းဖို့တတ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း အာကေရှားဂိုဏ်း၏ဘိုးဘေးဖြစ်သူ ပန်းရောင်အရိုးစုမယ်ဟု လူသိများသည့် နတ်မိမယ်ဟုန်ယွီသည်တော့ ကျင့်ကြံရေးရင်းမြစ်များကို ရှာဖွေရာတွင် မတူညီသည့်နည်းလမ်းကို အသုံးပြုခဲ့သည်။

နတ်မိမယ်ဟုန်ယွီသည် သူမတွင်ရှိသည့် အရင်းအမြစ်များ အားသာချက်များကို အပြည့်အဝအသုံးချကာ အမျိုးသမီးများကို မတူညီသည့်စွမ်းရည်အမျိုးမျိုးအား သင်ကြားပေးပြီး ကျင့်ကြံသူများကို အဓိကပစ်မှတ်ထားသည့် ကျော်ကြားသောဝန်ဆောင်မှုများကို တီထွက်ခဲ့လေသည်။ ထိုနည်းလမ်းများဖြင့်ပင် သူမသည် သူမဂိုဏ်းကို အောက်ခြေကနေပြီး စတင်တည်ထောင်ခဲ့လေသည်။ ထိုသို့ဖြင့် အာကေရှားသည် ဂိုဏ်းငယ်လေးတစ်ခုကနေပြီး ကြီးမြတ်သောကျိုး၏ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုအဖြစ်သို့ ခုန်တက်သွားကာ အင်အားအရဆိုလျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းထက်တောင်မှ မြင့်သေးသည်။

သိုင်းသမားတော်တော်များများသည်က အာကေရှားဂိုဏ်းသည် အလွန်ကောက်ကျစ်သည်ဟု ခံစားရတာကြောင့် အထင်သေးကြသော်လည်း သူမတို့တွေ သူမတို့အလှတရားကိုရောင်းချကာ အရင်းအမြစ်များရှာဖွေနေခြင်းကိုတော့ မဟန့်တားခဲ့ကြပေ။

အာကေရှားသည်လဲ ဆက်လက်တိုးတက်ကြီးထွားလာခဲ့ကာ အမျိုးသားကျင့်ကြံသူပေါင်းများစွာကို ဆွဲဆောင်ခဲ့သည်။

လုရှောင်ယန်တောင်မှ နတ်မိမယ်ဟုန်ယွီကို ကူးပြောင်းလာသူများလားဟုပင် သံသယဝင်မိသည်။

အရင်ကတည်းက သူ့ကျင့်ကြံဆင့်တွေကို ဖုံးဖိကာ သိုသိုသိပ်သိပ်နေကာ တိုးတက်အောင်ကျင့်ကြံနေခြင်းသည် အာကေရှားဂိုဏ်း၏ဘိုးဘေးနတ်မိမယ်ဟုန်ယွီကြောင့်လဲ ပါသည်။

“သခင်ကြီးတို့ ကြွကြပါ။”

အဝင်ဝတွင် ဧည့်သည်များကိုနှုတ်ဆက်ရန်တာဝန်ကျသည့် နတ်မိမယ်ပင်လျှင် တခြားသောသာမာန်ဂိုဏ်းများမှ အမျိုးသမီးကျင့်ကြံသူများနှင့် မတူညီပေ။ သူမ၏ဝတ်ပုံစားပုံက ယခုခေတ်အနေအထားနှင့်ပြောရရင်တော့ အတော်လေးအဖော်အချွတ်နိုင်လှသည်။

ပြောရရင်တော့ဖြင့် သူမသည် ပခုံးသားဖော်ထားသည့်အင်္ကျီနျင့် စကတ်တိုတိုကို ဒေါက်မြင့်ဖိနပ်နှင့် တွဲဖက်ဝတ်ဆင်ထားသည်။ သူမလက်သည်းတွေဆိုလျှင်လဲ အရောင်တောက်တောက် လက်သည်းနီမျိုးကိုဆိုးထားသည်။

တိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူအမျိုးသမီးများအားလုံးသည် ရှည်လျားသည့်ဝတ်စုံကို လုံလုံခြုံခြုံဝတ်ဆင်ကြတာကြောင့် အာကေရှားဂိုဏ်းတစ်ခုလုံးမှ အမျိုးသမီးများ၏ဝတ်စားပုံက သိသိသာသာကွဲထွက်နေခြင်းဖြစ်သည်။

ရောက်သွားပြီးမကြာခင်မှာပဲ လီတောက်ယန် တံတွေးမမြိုချဘဲ မနေနိုင်တော့ပေ။ သူ့မျက်လုံးတွေဆိုလဲ အလွန်တရာပြူးကျယ်လို့နေသည်။

“ရှောင်ယန်၊ ကြည့်စမ်းပါဦး၊ ခြေတံရှည်ရှည်၊ ခါးသိမ်သိမ်နဲ့ ဖြူဖွေးနူးညံနေတဲ့လက်မောင်းလေးတွေ။ ဒါမျိုးကိုမှ မိန်းမတစ်ယောက်လို့ ခေါ်သင့်တာကွ!”

လုရှောင်ယန်ကတော့ သက်ပြင်းသာချမိတော့သည်။

ဒီသိုင်းလောက,က ယောက်ျားသားတွေများ အတွေ့အကြုံမရှိဘာမရှိနဲ့ တော်တောလေးသနားဖို့ကောင်းတာပဲ။

ဒီအာကေရှားမှကျင့်ကြံသူအမျိုးသမီးသည် ခေတ်ရှေ့ပြေးသည့်ပုံစံမျိုးဝတ်ဆင်ထားသည်မှန်သော်လည်း သူ့အရင်ကမ္ဘာမှာဆိုရင်တော့ နွေရာသီလိုအချိန်မျိုးဆို ကောင်မလေးတွေ ဒီလိုပုံစံဝတ်ဆင်ကြသည်က ပုံမှန်သာဖြစ်သည်။

ဒါကလဲ ခေတ်အခြေအနေအရ ရှေးရိုးဆန်လွန်းနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်လေ။

သို့သော်လည်း လီတောက်ယန်ကတော့ တောင့်မခံနိုင်ပေ။ အာကေရှားဂိုဏ်း ဒီလောက်ကျော်ကြားတာ မထူးဆန်းတော့ပါဘူး။

အာကေရှားဂိုဏ်းသူများသည် အတော်လေးပါးနပ်လှသည်။ လီတောက်ယန်၏အမူအရာကိုမြင်လိုက်သည်နှင့် ချက်ချင်းပင် အနားသို့လျှောက်လာကာ လီတောက်ယန်၏လက်မောင်းနှစ်ဖက်ကို တစ်ဖက်ဆီမှ တွဲဖက်လိုက်ကြသည်။

“သခင်ကြီး ကျွန်မတို့နဲ့အတူလာပျော်ပါလား။ အာကေရှားဂိုဏ်းက အရမ်းပျော်ဖို့ကောင်းတာနော်။”

လီတောက်ယန်တစ်ယောက် ပြုစားခံလိုက်ရသလို အရာရာမေ့လျော့သွားကာ ခေါင်းကိုသာ ထပ်ခါတလဲလဲညိတ်လိုက်သည်။

“ဒါပေါ့၊ ဒါပေါ့၊ ဒီနေ့ပျော်ချင်လို့ကို အထူးတလည်လာခဲ့တာ။”

“ဒါဆို ဒီနေ့ပဲ ငါတို့အာကေရှားဂိုဏ်းက ဘယ်လောက်တောင် အံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်နေလဲ ဒီသခင်ကြီးနားလည်သွားအောင် လုပ်ပေးလိုက်ကြတာပေါ့။”

“ကောင်းတယ်။ မင်းတို့ ငါ့ကို ဝန်ဆောင်မှုကောင်းကောင်းပေးသ၍ ငါကလဲ ဝိညာဉ်ကျောက်တုံးတွေ တွန့်တိုနေမှာမဟုတ်ဘူး။ နောက်ကတစ်ယောက်က ငါ့ညီအစ်ကိုပဲ။”

“သဘောပေါက်ပါပြီ။”

အာကေရှားဂိုဏ်းသူများက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ကြကာ တံခါးဘက်ကို အချက်ပြလိုက်ကြသည်။ ချက်ချင်းဆိုသလိုပဲ နောက်ထပ်ဆွဲဆောင်မှုရှိလှသည့် အပြုံးပိုင်ရှင် ဂိုဏ်းသူနှစ်ယောက် ထပ်ရောက်လာပြန်သည်။

သို့သော်လည်း သူမတို့ လုရှောင်ယန်အနားမကပ်နိုင်လိုက်ခင်မှာပဲ လုရှောင်ယန်၏ အကာအကွယ်အော်ရာတို့က သူတို့ကိုမကပ်နိုင်အောင် ကာရံထားလိုက်သည်။

“ငါဒီကိုပျော်ဖို့လာတာမဟုတ်ဘူး။ ငါ့သူငယ်ချင်းနဲ့အတူ လိုက်လာပေးရုံပဲ။”

ပြောပြီးသည်နှင့် လက်နှစ်ဖက်နောက်ပစ်ကာ အထဲသို့တန်းဝင်သွားတာကြောင့် ကျင့်ကြံသူအမျိုးသမီးများ အံ့ဩသွားကြတော့သည်။

“တော်တော်ထူးဆန်းတာပဲ။ အာကေရှားဂိုဏ်းကို ရောက်လာပြီးတော့ အပျော်ရှာဖို့ တကယ်ကြီး တွန်းကန်နေတယ်တဲ့လား?”

“ဟမ့်၊ အခုချိန်ပဲ တသီးတသန့်လုပ်နေတာ။ မကြာဘူး သူ့အရောင်မှန်ပေါ်လာလိမ့်မယ်။”

“ဟုတ်တာပေါ့၊ ယောက်ျားတွေအကုန် နှာဘူးတွေချည်းပဲ။ ကြာကြာဟန်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဟီးဟီးဟီး…”

သေချာပေါက် ထိုစကားတွေကို လုရှောင်ယန် ကြားတာပေါ့၊ ဒါပေမယ့် ဂရုစိုက်မနေပါဘူး။ ထိုအစား ဝမ့်ခိုက်နဲ့သာ ငြိမ်ပြီးစကားပြောနေခဲ့သည်။

“ဝမ့်ခိုက်၊ SSSအဆင့်တပည့်က ဘယ်မှာလဲ?”

[လာပြီ၊ လာပြီ၊ သခင်ရေ ကျွန်တော်ရောက်ပါပြီ။ လက်ရှိသူ့ရဲ့တည်နေရာကို အတည်ပြုပြီးနေတာမို့လို့ အရင်ဆုံး သူနဲ့သက်ဆိုင်တဲ့အချက်အလက်တွေ အရင်ပို့ပေးထားပါ့မယ်]

နောက်တစ်စက္ကန့်အတွင်းမှာပဲ လုရှောင်ယန်၏စိတ်ထဲ အချက်အလက်တချို့ပေါ်လာခဲ့သည်။

ဖုန့်ထျန်းယွမ်သည် ရှေးဟောင်းလူဝံမျိုးနွယ်၏ဆက်ခံသူဖြစ်ကာ အသက်၂၃နှစ်သာရှိသေးပြီး တောင်ပင်လယ်ပထမအဆင့်သို့ပင်ရောက်နေသည့် ထိပ်တန်းဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည်။ ဦးလေးဖြစ်သူက အာဏာသိမ်းကာ သူ့မိဘတွေကိုသေအောင်ဖိအားပေးခဲ့တာကြောင့် သူလဲ လောလောဆယ်မှာ သူ့ဦးလေး၏တပ်မှလိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်။

လုရှောင်ယန်၏မျက်လုံးတို့ လက်သွားသည်။

“ဒီဇာတ်ကြောင်းကြီးကို ဘာလို့ရင်းနှီးသလိုခံစားနေရတာပါလိမ့်။ ရှင်းပါးဇာတ်ကောင်လို့ ဘာလို့များခံစားနေရတာလဲ… ဖြစ်နိုင်တာက… ဒီတစ်ခေါက်… ငါနောက်ဆုံးတော့ အဓိကဇာတ်လိုက်ကို ငါ့တပည့်အဖြစ်ရတော့မှာများလား?” (ရှင်းပါး-The Lion Kingဇာတ်ကောင်)

သို့သော်လည်း နောက်ထပ်တစ်စက္ကန့်မှာပဲ ဝမ့်ခိုက်က နောက်ထပ်အချက်အလက်တစ်စိတ်တစ်ပိုင်းကို ပို့လာပြန်သည်။

ဖုန်းအောက်ထျန်း- ဖုန်းထျန်းယွမ်၏ဦးလေးသည် ရှေးဟောင်းလူဝံမျိုးနွယ်၏မူလဆက်ခံသူများထဲမှတစ်ဦးဖြစ်သည်။ ရှေးဟောင်းလူဝံမျိုးနွယ်ခေါင်းဆောင်၏ သွေးမျိုးဆက်သည် ထူးခြားကာ ခေါင်းဆောင်တိုးတွင် သားတစ်ဦးသာထွန်းကားသည်။ သို့သော်လည်း ဖုန်းအောက်ထျန်း၏အဖေကတော့ ထူးထူးခြားခြား ဖုန်းအောက်ထျန်းနှင့် သူ့အစ်ကိုဖုန်းပါးထျန်းကိုပါ မွေးခဲ့သည်။

ဖုန်းအောက်ထျန်းသည် စွမ်းရည်ကနည်းပါးတာကြောင့် မျိုးနွယ်၏စွန့်ပစ်ခြင်းကို ခံလိုက်ရသည်။

နှစ်ငါးဆယ်ကြာပြီးနောက်မှာတော့ ဖုန်းအောက်ထျန်းသည် ဘုရင်အဆင့်တစ်ယောက်အဖြစ် ပြန်ရောက်လာကာ ရှေးဟောင်းလူဝံမျိုးနွယ်ကို သုတ်သင်ခဲ့သည်။ ဖုန်းပါးထျန်းနှင့်ဇနီးကိုလဲ သတ်ခဲ့ကာ ရှေးဟောင်းလူဝံမျိုးနွယ်၏ ခေါင်းဆောင်အသစ်ဖြစ်လာခဲ့သည်။

“သေစမ်း! ဝမ်ခိုက်၊ ငါသိသားပဲ!”

ဇာတ်ကြောင်းကိုမကြည့်ဘဲ နာမည်ကိုကြည့်ရုံနဲ့ကို ဖုန်းထျန်းယွမ်၏ဦးလေးသည် ဒီဇာတ်လမ်း၏အဓိကဇာတ်လိုက်ဖြစ်မှန်း လုရှောင်ယန်ပြောနိုင်ပေသည်။

ဖုန်းအောက်ထျန်း… နာမည်ကိုက ကြီးကျယ်နေတာ!

မေ့လိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အဓိကဇာတ်လိုက်လိုလူမျိုးတွေကို သူ့တပည့်အဖြစ်လက်ခံဖို့မှ မသင့်တာ။ ဒီတော့ သူ့အသက်လေးကိုရှည်စေဖို့ ဗီလိန်လေးတွေကိုပဲ လက်ခံရမယ်။

ဗီလိန်တွေက ဖြောင့်မတ်ပြီး ပြောရဆိုရလဲကောင်းတယ်။ သူတို့တွေက အဓိကဇာတ်လိုက်လို လူတိုင်းကိုသတ်ချင်နေတဲ့လူမျိုးတွေနဲ့ မတူဘူး။

ထိုသို့တွေးနေတုန်းမှာပဲ သူနဲ့လီတောက်ယန်လဲ အာကေရှားဂိုဏ်း၏ခန်းမကြီးထဲ ရှောက်ရှိသွားကြသည်။

အစောက နတ်မိမယ်လေးကပဲ အပြုံးလေးဖြင့် သူတို့ကိုဆက်ပြီး လမ်းပြပေးနေတုန်းပင်။

“သခင်ကြီးလီ ဘယ်လိုဝန်ဆောင်မှုမျိုးကို စိတ်ဝင်စားပါလဲ? ကျွန်မတို့ဆီမှာ သခင်ကြီးနဲ့အတူ စား၊သောက်၊ သီချင်းဆိုပြီး ပျော်ပါးပေးဖို့ လူတွေရှိပါတယ်။ ပြီးတော့ သခင်ကြီးရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကောင်းအောင် ဝန်ဆောင်မှုပေးနိုင်တဲ့လူမျိုးတွေလဲ ရှိပါတယ်။”

လီတောက်ယန် ဂရုမစိုက်စွာ လက်ကိုယမ်းလိုက်ကာ၊ “သွားပါ၊ ငါ့အတွက် နယ်မိမယ်လေးတွေသာခေါ်လာခဲ့။ အလှဆုံးတွေပဲလိုချင်တယ်။ ငါ့မှာငွေမရှားဘူး။”

နတ်မိမယ်လေးက ညင်သာစွာပြုံးရယ်လိုက်ကာ ရွှန်းလဲသည့်မျက်လုံးလေးများသည် လခြမ်းကွေးသဏ္ဍန်ကွေးညွတ်သွားကြသည်။

“ကောင်းပါပြီ၊ ကျွန်မအခုပဲ စီစဉ်ပေးပါ့မယ်။”

ပြောပြီးသည်နှင့် လက်ခုပ်တစ်ချက်တီးလိုက်လေသည်။ ချက်ချင်းဆိုသလိုပဲ သူမဘေးရှိသီးသန့်ခန်းထဲကနေပြီး နှစ်လိုဖွယ်ကောင်းသည့် ရုပ်ဆင်းသွင်ပြင်များနှင့် ကျင့်ကြံသူမိန်းကလေးတစ်ဖွဲ့ထွက်လာကြသည်။

အားလုံးသည် လက်ပြတ်တရုတ်ရိုးရာကိုယ်ကျပ်ဝတ်စုံများနှင့် စကတ်တိုတိုကိုဝတ်ဆင်ထားကြသည်။ သူတို့ကို အဝင်ဝတွင် ကြိုဆိုခဲ့ကြသည့် နတ်မိမယ်လေးများထက်တောင်မှ ဆွဲဆောင်မှုအားကောင်းလွန်းနေတော့၏….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၂

အခန်း ၂၀ နတ်ဘုရားတစ်ပါးလား?

ဂလု!

သီးသန့်ခန်းထဲမှထွက်လာကြသည့် မိန်းမလှလေးများကိုမြင်လိုက်သည်နှင့် လီတောက်ယန်မျက်လုံးများ ပြူးကျယ်ကာတောက်ပလာပြီး သရေတမြားမြားဖြစ်လာတော့သည်။

“မင်းတို့အာကေရှားဂိုဏ်းရဲ့နတ်မိမယ်တွေက ကြီးမြတ်သောကျိုးမှာ ထပ်တန်းအဆင့်နဲ့ အရည်အသွေးမြင့်ကြတယ်လို့ ငါကြားဖူးတာကြာပြီ။ တကယ်ကြီး ဒီလောက်တောင် အရည်အသွေးမြင့်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး!”

လီတောက်ယန် နောက်ပြောနေခြင်းမဟုတ်ပေ။ ကျင့်ကြံခြင်းကမ္ဘာဖြစ်တာကြောင့် ဤကမ္ဘာရှိအမျိုးသမီးများ၏အသားအရေသည် ချောမွတ်နူးညံ့လို့နေကာ ရုပ်ရည်သွင်ပြင်သည်လဲ ထိပ်တန်းအဆင့်များဖြစ်ကြသည်။

သူတို့ကို အစောကြိုဆိုပေးခဲ့သည့် နတ်မိမယ်လေးတောင်မှ ဘာမိတ်ကပ်မှမလိမ်းထားတာတောင် အလွန်တရာလှပနေသည်။ လုရှောင်ယန်၏အရင်ဘဝအတိုင်းသာဆို ထိုနတ်မိမယ်လေးသည် အချိန်တစ်ခုလောက်လေ့ကျင့်မှုလုပ်လိုက်ပါက ထိပ်တန်းကြယ်ပွင့်တစ်ယောက်ပင် ဖြစ်လာနိုင်ပေမည်။

မမျှော်လင့်ထားပါဘဲ သူတို့ကိုကြိုဆိုပေးနေသည့်နတ်မိမယ်လေး၏နှုတ်ခမ်းတွေက ကွေးတက်သွားလေသည်။

“ဒါက ကျွန်မတို့ဆီမှာ ဈေးအနည်းဆုံးအဖွဲ့ပါပဲ။”

လီတောက်ယန် အလွန်အံ့ဩသွားရသည်။

“ဘာ? ဒီအလှလေးတွေက မင်းတို့အာကေရှားဂိုဏ်းရဲ့ ဈေးအနည်းဆုံးမိန်းကလေးတွေလို့ ပြောလိုက်တာလား?”

“အမှန်ပါပဲ! ကျွန်မတို့အာကေရှားဂိုဏ်းက ကြီးမြတ်သောကျိုးအင်ပါယာမှာ အဆင့်အတန်းအမြင့်ဆုံး ဝန်ဆောင်မှုပေးတဲ့ဂိုဏ်းတစ်ခုပါ။ ကျွန်မတို့မှာ ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၉၈တန်မိန်းကလေးတွေရှိသလို၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၄၈၉တုံးတန် မိန်းကလေးတွေလဲရှိတယ်။ ဒါတင်မကဘူး အကြီးမြတ်ဆုံးအဆင့်ကျင့်ကြံသူတွေဖြစ်တဲ့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးပေါင်း ၉၉၈တုံးတန်မိန်းကလေးတွေတောင် ရှိပါသေးတယ်။”

“သေရော!”

လီတောက်ယန် မှင်သက်သွား တုတ်တုတ်ပင်မလှုပ်နိုင်တော့ပေ။

ခဏကြာမှ လုရှောင်ယန်၏လက်မောင်းကို သွားညှစ်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်၊ “လောင်လု၊ ၁၉၈တုံးတန်က ဒီလိုပုံစံဆိုရင် ၉၉၈တုံးဆို ဘယ်လောက်တွေတောင်လှနေမှာလဲ?”

လုရှောင်ယန် မကောင်းတာတစ်ခုခုကိုတွေးမိသွားကာ မျက်ခုံးကိုပင့်လိုက်သော်လည်း ဘာအကြောင်းမှန်း ပြန်သတိမရတော့ပေ။

“အဲ့လောက်ဖြစ်မနေနဲ့။ ဈေးကြီးတိုင်းလဲ မင်းကိုကျေနပ်စေမှာမဟုတ်ဘူး။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီနေရာကိုလာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ပြီးတော့ သူတို့က အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး၉၉၈တုံးပဲကျမှာလေ။ ဘယ်လိုလုပ် ဈေးအနည်းဆုံးကိုပဲရွေးရမှာလဲ?”

သူ့မှာ လောလောလတ်လတ်တင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသန်း၂၀နှင့် ညီသည့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ရထားခြင်းဖြစ်သည်။

ဘာလို့ ဒီလောက်အနည်းအကျဉ်းပမာဏလေးကို ဂရုစိုက်နေတော့မှာလဲ?

ဧည့်ကြိုနတ်မိမယ်လေးကပြုံးလိုက်ကာ၊ “၉၉၈မိန်းကလေးတွေက အထူးဗီအိုင်ပီအခန်းမှာ ဝန်ဆောင်မှုပေးတာပါ။ သခင်ကြီးလီ အပေါ်ထပ်ကိုလိုက်ခဲ့ပေးပါ။”

လီတောက်ယန် သူမကိုအဖြေပြန်မပေးဘဲ လုရှောင်ယန်ကိုသာ ကြည့်လိုက်ကာ၊ “လောင်လု မင်းတကယ်ကြီး မသွားဘူးလား? ငါဧည့်ခံမှာလေ။ မင်းပေးစရာမလိုပါဘူး။”

လုရှောင်ယန် လက်ကိုဝှေ့လိုက်ပြီး၊ “တော်ပြီ၊ ငါ ဒါမျိုးတွေ စိတ်မဝင်စားဘူး။”

“ဒါဆိုလဲ… ငါပဲအရင်သွားနှင့်လိုက်တော့မယ်။”

“သွား..သွား။”

“မင်းတကယ်မလာဘူးလား?”

“မလာဘူး။”

“ငါ့ကို သူငယ်ချင်းကောင်းမဟုတ်ဘူးလို့ လာမပြောနဲ့နော်။ ငါမင်းကို ဖိတ်တယ်။ မင်းဘာသာ မလိုက်တာနော်။”

ပြောပြောဆိုဆိုနှင့် လီတောက်ယန်လဲ တတိယထပ်သို့ပြေးတက်သွားတော့သည်။

ဧည့်ကြိုနတ်မိမယ်လေးကပြုံးလိုက်ကာ၊ “သခင်ကြီးလု၊ ကျွန်မတို့အာကေရှားဂိုဏ်းရဲ့ ဝန်ဆောင်မှုတွေက ကြီးမြတ်သောကျိုးအင်ပါယာကြီးတစ်ခုလုံးမှာ အရမ်းကျော်ကြားတာနော်။ တကယ်မစမ်းကြည့်ချင်တာ သေချာရဲ့လား?”

လုရှောင်ယန် ခေါင်းပြန်ယမ်းပြလိုက်သည်။

“ငါအလကားရထားတာတွေမဟုတ်လို့ ခြေထောက်နှိပ်ဖို့တစ်ခုတည်းအတွက် မသုံးဘူး။”

“သခင်ကြီးလုက ဒီထက်ပိုကောင်းမွန်တဲ့ဝန်ဆောင်မှုမျိုးကို လိုချင်နေတာလား? ဒါဆို သခင်ကြီးရဲ့စိတ်နဲ့ခန္ဓာကို အကျိုးပြုစေမယ့် ကစားနည်းလေးတချို့စမ်းကြည့်ပါလား? သခင်ကြီးက မြစ်နက်ပိုင်းကိုသွားဖို့ ကျောက်စိမ်းဖြူတောင်နှစ်လုံးကို ဖြတ်ချင်နေတာလား? သခင်ကြီးဘက်ကသာ သင့်တော်တဲ့ဈေးမျိုးပေးနိုင်ရင် ကျွန်မတို့အာကေရှားဂိုဏ်းက စီစဉ်ပေးနိုင်ပါတယ်။”

လုရှောင်ယန် ဧည့်ကြိုနတ်မိမယ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အာကေရှားဂိုဏ်းသည် မည်မည်ရရဂိုဏ်းတစ်ခုမဟုတ်မှန်း သူသိပြီးသားပင်။

ဒီကမ္ဘာပေါ်မှာ သန့်စင်မွန်မြတ်တဲ့နေရာဆိုတာ ရှိမှမရှိဘဲ။

“မလိုဘူး။ အဲ့လိုဟာတွေ စိတ်မဝင်စားဘူး။ ငါ့ဘာသာတစ်ယောက်တည်းပဲ နေချင်တယ်။”

“ကောင်းပါပြီ၊ ဒါဆိုလဲ သခင်ကြီးလုကို ကျွန်မ,မနှောင့်ယှက်တော့ပါဘူး။ လိုအပ်တာတစ်ခုခုရှိရင် လှမ်းပြောလိုက်ပါ။ ခန်းမထဲက နတ်မိမယ်လေးတွေက သခင်ကြီးကို ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။”

သူတို့ကိုကြိုဆိုပေးခဲ့သည့် နတ်မိမယ်လေးမှာ တစ်နည်းနည်းဖြင့် စိတ်ပျက်သွားပုံပေါ်လေသည်။

ငွေမရလိုက်တာကြောင့်တော့ မဟုတ်ပေ။

လုရှောင်ယန်သည် အလွန်ခန့်ညားသည်ဟု တွေးမိကာ ဖော်ပြ၍မရနိုင်သည့်အော်ရာတစ်ခုက သူမကို သူ့နားချဉ်းကပ်ချင်လာအောင်လုပ်နေခြင်းဖြစ်ပြီး သူမကိုယ်သူမပင် မထိန်းချုပ်လိုက်နိုင်ပေ။

ရှင်းရှင်းပြောရရင်တော့ ဧည့်ကြိုနတ်မိမယ်သည် လုရှောင်ယန်၏ခန္ဓာကိုယ်ကို တပ်မက်နေခြင်းသာဖြစ်သည်။

ကံမကောင်းလှဘဲ လုရှောင်ယန်၏မျက်လုံးများသည် ကြည်လင်တောက်လဲ့နေကာ အာကေရှားဂိုဏ်းမှ ဘယ်အမျိုးသမီးကိုမှ စိတ်မဝင်စားကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။

ကံကောင်းထောက်မှလို့ ဝမ့်ခိုက်က သူ့ကို စိတ်မပျက်စေခဲ့ပေ။ နောက်ထပ် နှစ်မိနစ်လောက်အကြာမှာပဲ အကြောင်းကြားချက်ကိုရရှိလိုက်သည်။

[သခင်ရေ၊ တည်နေရာသိရပြီ။ အခုပဲ ကိုဩဒိနိတ်အမှတ်ကို ပို့ပေးလိုက်မယ်။]

လုရှောင်ယန်၏နှုတ်ခမ်းထောင့်စွန်းက ခပ်သာသာကွေးတက်သွားကာ မျက်လုံးတို့ကိုမှိတ်လိုက်သည်။ သူ့မျက်လုံးတွေ ပြန်ဖွင့်လိုက်ချိန်မှာတော့ တစ်ဆက်တည်းမှာပဲ ကြီးမြတ်သောအာကာပြင် ဖြိုခွဲခြင်းကျင့်စဉ်ကို အသုံးပြုလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့လက်ရှိ,ရှိနေသည့်နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

အခုမှအခန်းထဲကနေထွက်လာသည့် ဧည့်သည်တစ်ယောက်မှာတော့ ထိုမြင်ကွင်းနှင့် တည့်တည်တိုးသွားရလေသည်။ ခွမ်းကနဲအသံတစ်သံနှင့်အတူ ရဲမြင်လိုက်ရသလို တုန်ရီနေသည့် သူ့လက်များထဲမှ သေရည်ခွက်မှာ ကျကွဲသွားလေသည်။

“ဘုရားရေ၊ ဘယ်လိုတွေတောင်မြန်နေရတာလဲ? ငါလို စိတ်ဝိညာဉ်အဆင့်တောင်မှ သူ့အမြန်နှုန်းကို မမြင်နိုင်ဘူး။ တောင်ပင်လယ်အဆင့်တစ်ယောက်တောင်မှ ဒီလောက်ထိမလုပ်နိုင်ဘူးလားလို့ပါ?”

ခနအတွင်းမှာပဲ သူ့နှလုံးသားတွေ ကွဲကြေသွားသလို ခံစားလိုက်ရလေသည်။

“သေစမ်း! အစကတော့ စိတ်ဝိညာဉ်အဆင့်တစ်ယောက်အနေနဲ့ အာကေရှားဂိုဏ်းကို လာပျော်ပါးမိတဲ့အတွက် ရှက်နေမိတာ။ ဒီလိုတောင်ပင်လယ်အဆင့်ထက်မြင့်တဲ့ အင်အားကြီးစီနီယာတစ်ယောက်ကပါ အာကေရှားဂိုဏ်းမှာ လာပျော်လိမ့်မယ်လို့ မထင်ထားမိဘူး။ ကမ္ဘာကြီးက မျှတသားပဲ!”

“ငါ့ကို အခန်းနံပါတ်၇၃က ထိပ်တန်းနတ်မိမယ်နှစ်ယောက် ခေါ်လာပေး။ ၉၉၈တုံးထဲက မဟုတ်ဘူးနော်။”

…..

တစ်ဖက်မှာတော့ အာကေရှားဂိုဏ်းမှ မိုင်၁၀၀ထက်မနည်းသည့်အကွာအဝေးတွင် ရုတ်ချည်းဆိုသလို ပြင်းထန်သည့်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ပေါက်ကွဲမှုပြီးနောက်မှာတော့ ခန့်ညားသည့်လူငယ်လေးတစ်ယောက်၏ပုံရိပ်သည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျလာကာ မြေတွင်းချိုင့်ကြီးတစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

“ဖူး…”

လူငယ်လေး သွေးတစ်လုတ်အန်လိုက်ကာ သူ့တစ်ကိုယ်လုံးသည်လဲ ဒဏ်ရာများဖြင့် ပြည့်နှက်လို့နေသည်။ သူ့ခန္ဓာကိုယ်တစ်ခြမ်းကဆိုလျှင်ဖြင့် မီးလောင်ကျွမ်းသလိုမျိုးပင် ဖြစ်လို့နေပေသည်။

သူ့နောက်မှာတော့ အင်အားကြီးလှသည့်ပုဂ္ဂိုလ်တစ်စုသည် တပြိုင်တည်းနီးပါးရောက်ရှိလာကာ သူ့နောက် မလှမ်းကမ်းတွင် တိတ်ဆိတ်စွာ ရပ်လိုက်ကြသည်။

“ထျန်းယွမ်၊ မင်းကံကြမ္မာကိုလက်ခံလိုက်ပါတော့။ မင်းငါတို့လက်ထဲကနေလွတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။”

“ဟ-ဟ-ဟ-ဟ…. တကယ်ကိုပါ ငါ့ကိုကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့ကြတဲ့ ဦးလေးတွေလက်ထဲမှာပဲ ပြန်သေရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”

သူပြောလိုက်ပြီးသည်နှင့် ထိုပုဂ္ဂိုလ်များထဲကအနည်းငယ်၏အမူအရာမှာ ရှက်ရွံ့ဟန်သို့ပြောင်းလဲသွားကြသည်။

“ထျန်းယွမ်၊ တကယ်လို့ မင်းတစ်ယောက်ယောက်ကိုအပြစ်တင်ချင်သပဆိုလဲ ငါတို့ကိုသာ အပြစ်တင်လိုက်ပါ။ မင်းဦးလေးက အားနည်းလို့ဆိုပြီး ငါတို့သာမစွန့်ပစ်ခဲ့ဘူးဆိုရင် ကိစ္စတွေကို ဒီလိုအဆုံးသတ်ခဲ့မှာမဟုတ်ဘူး။ ငါတို့ သူ့အပေါ် အကြွေးတင်နေတယ်။ မင်းနဲ့မင်းမိဘတွေအတွက် တရားမျှတမှုကိုတော့ ငါတို့နောက်ဘဝမှပဲ ပြန်ပေးဆပ်နိုင်တော့မယ်။”

“တော်စမ်းပါ၊ အမှန်တရားဘက်တော်သားတွေလို လာဟန်ဆောင်မနေကြနဲ့!”

ဖုန်းထျန်းယွမ် ထပ်ပြီးသွေးတစ်ပွက်အန်လိုက်ပြန်သည်။

“အားကြီးသူသာ နိုင်စတမ်းပေါ့! ငါ ဖုန်းထျန်းယွမ် ဒီလောက်တော့ နားလည်ပါသေးတယ်။ လာ မြန်မြန်လေး လှုပ်ရှားကြတော့။”

ထိုစကားပြောပြီးသည်နှင့် ဖုန်းထျန်းယွမ် မျက်လုံးများကို မှိတ်ချလိုက်တော့သည်။

“အဖေ၊ အမေ၊ ကျွန်တော်အသုံးမကျလို့ အဖေတို့အတွက် လက်စားမချေပေးနိုင်ခဲ့ဘူး။ အခုတော့ အဖေတို့ဆီလိုက်လာပြီး ကိုယ်တိုင်တောင်းပန်ပါတော့မယ်။”

ရှေးဟောင်းလူဝံမျိုးနွယ်စုမှပညာရှင်များသည် တစ်ယောက်ကိုယ်တစ်ယောက် လှမ်းကြည့်လိုက်ကြကာ မျက်ဝန်းများထဲတွင်တော့ အပြစ်ရှိစိတ်များထင်ဟပ်လို့နေကြသည်။ သို့သော်လည်း မကြာလိုက်ပါဘဲ ထိုအပြစ်ရှိစိတ်များကို သွေးဆာသည့်အရိပ်အယောင်များက ချက်ချင်းဖုံးလွှမ်းသွားလေသည်။

ထို့နောက် ရုတ်တရက်ဆိုသလို ကြီးမားသည့်ဖိအားကြီးတစ်ခုက ဖုန်းထျန်းယွမ်ကို ဖိနှိပ်လို့ထားလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ဖုန်းထျန်းယွမ်သည် လုံးဝအားနည်းနေပြီဖြစ်သည်။ ဒါကြောင့် အခုလိုပြင်းထန်သည့်ဖိအားမျိုးနှင့်ရင်ဆိုင်ဖို့ လုံးဝမတတ်နိုင်တော့ကြောင်း သိသာလှ၏။

ထိုအင်အားကြီးဖြင့် တစ်ချက်လောက်ထိလိုက်ရုံနဲ့ကို သူတန်းသေတော့မှာပင်!

ဖုန်းထျန်းယွမ် သူသေတော့မည်ဟုတွေးနေမိချိန်မှာပဲ ရုတ်တရက်ဆိုသလို သူ့နောက်ကနေပြီး ပိုလို့သန်မာသည့်အော်ရာတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နုနယ်သည့်ပန်းလေးတစ်ပွင့်ကို ကာကွယ်ပေးလိုက်သည့် တောင်ကြီးတစ်လုံးလိုပင်။

ဖုန်းထျန်းယွမ် ချက်ချင်းပင် မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်ရာ သူ့ဘဝတွင် အံ့ဩဖို့အကောင်းဆုံးမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေတော့သည်….

All Chapters