အခန်း (၂၆-၃၀)
Vol. 2 Ch. 26-30
စာစဉ် - ၂
အခန်း ၂၆ ဘာလို့ငါတစ်ယောက်ပဲ နောက်ဆုံးမှာနာကျင်ရတာလဲ
“အမ်…”
ကျီဝူရှား ဆွံ့အလို့သွားလေသည်။ ဒီဂျူနီယာမောင်းလေးက ဘာလို့များ ပုံမှန်မဟုတ်ဘူးလို့ ခံစားမိနေရတာပါလိမ့်နော်?
ဒါပေမယ့် ပြန်တွေးကြည့်လိုက်ရင် ကျီရွှေ့တောင်မှာ ဘယ်အရာမှာ ပုံမှန်ဟုတ်ပုံမရပေ။ ဆရာရော တပည့်တွေပါ အားလုံးပုံမှန်မဟုတ်ကြတာချည်းသာ။
အားလုံးက ပုံမှန်မဟုတ်ကြဘူး… သူမကလွဲပြီးတော့ပေါ့။
“ထားပါတော့.. အရင်ဆုံး ငါ့ရဲ့ဒိုင်ယာရီထဲမှာ ချရေးထားရမယ်.. ဂျူနီယာမောင်လေးအသစ်ရထားမဟုတ်လား.. ဒီလိုအရေးကြီးကိစ္စမျိုးဆိုတာ သေချာပေါက် ချရေးထားသင့်တယ်။”
ဒိုင်ယာရီရေးခြင်းသည် နှစ်ပေါင်းများစွာကြာအောင် စွဲမြဲခဲ့သည့် ကျီဝူရှား၏အလေ့အကျင့်တစ်ခုပင်။ အခုလိုအပြင်လောကမှာ အချိန်အကြာကြီးနေထိုင်ပြီးလျှင် ဘာပဲဖြစ်ဖြစ် ခရမ်းရောင်ငြိမ်းချမ်းရေးနန်းတော်သို့ သူမပြန်ရမည်မဟုတ်လား။ သူမထမ်းဆောင်ရမည့် တာဝန်ဝတ္တရားဆိုသည်က သူမ၏တခြားသော သွေးတစ်ဝက်နှောမောင်နှမများထက် ဆယ်ဆမက လေးလံဝန်ကြီးပေသည်။
ဒါကြောင့်မို့ ကျီဝူရှား ဘာကိုပဲလုပ်ခဲ့ပါစေ သူမလုပ်ခဲ့သမျှကို ပြန်လည်သတိရပြီး ဆက်လက်လေ့လာနိုင်ဖို့ရန်အတွက် စာအုပ်တစ်အုပ်ဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
….
လုရှောင်ယန်သည်တော့ ဂိုဏ်းခန်းမဆောင်သို့ ရောက်ရှိသွားပေပြီ။
လီတောက်ယန်ကတော့ တံခါးနားတွင် ခပ်ကုပ်ကုပ်ရှိနေကာ လုရှောင်ယန်ကိုမြင်လိုက်သည်နှင့် ထိတ်လန့်တကြား ချက်ချင်းပြေးသွားလေသည်။
“လောင်လု၊ ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီတစ်ခေါက်တော့ တကယ်မိုးမီးလောက်ပြီထင်တယ်.. အဆင့်မြင့်အကြီးအကဲရော ဂိုဏ်းချုပ်ရော ပထမအကြီးအကဲပါမကျန် တခြားအကြီးအကဲတော်တော်များများကိုပါ မျက်နှာပျက်အောင် လုပ်လိုက်မိပြီ.. ငါကြားတာတော့ အကြီးအကဲဟွမ်းရဲ့ ကြင်ဖက်တွေ့ပွဲလဲ ပျက်သွားတယ်တဲ့။ အစောတုန်းက ငါ့ကိုမျက်လုံးကြီးပြူးပြီး ဘယ်လောက်တောင်ကြောက်ဖို့ကောင်းအောင် ကြည့်နေလဲ မင်းမြင်လိုက်သင့်တာ!”
လုရှောင်ယန်ကတော့ ထိုစကားများကြားလေ ပိုတောင် ဒေါသထွက်လာလေပင်။ “ငါတို့ ဘာများလုပ်နိုင်ဦးမှာလဲ? ရှင်းစရာရှိတာ ရှင်းရတော့မှာပေါ့!”
“မင်းတောင် ဒီလိုစကားမျိုးပြောပြီဆိုတော့ ဒီတစ်ခေါက် ငါတို့တကယ်သွားပြီထင်ပါတယ်..”
“မင်းသာ နှေးကွေးလေးလံပြီး တုံးမနေရင် ငါတို့နှစ်ယောက်လုံး ဒီလိုပြဿနာကြီးထဲ ပါသွားစရာလိုပါ့မလား.. သွားမယ်.. ဘာပဲဖြစ်ဖြစ် မျက်နှာတော့ သွားပြရဦးမှာပဲ..”
ပြောရင်းဆိုရင်း လုရှောင်ယန်ကပဲ အရင်ဦးစွာ ခန်းမထဲသို့ဝင်သွားလေသည်။ လီတောက်ယန်ကတော့ဖြင့် သူ့နောက်ကနေပြီး စိတ်ဓာတ်အဖြာဖြာကျဆင်းနေသည့်ရုပ်ကြီးဖြင့် လိုက်လို့လာသည်။
နှစ်ဦးသား ခန်းမထဲသို့ရောက်သွားချိန် အကြီးအကဲအားလုံးလဲ ရောက်ရှိနေကြပြီဖြစ်သည်။
သူတို့နှစ်ယောက် လက်နှစ်ဖက်ဆုပ်ကာ ဂိုဏ်းချုပ်ကိုအရင်ဦးဆုံး နှုတ်ဆက်လိုက်သည်။ “ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်..”
အမြင့်ဆုံးခုံတွင်ထိုင်နေသည့် ဂိုဏ်းချုပ်၏အမူအရာမှု အေးစက်လွန်းနေကာ ခန်းမထဲမှလေထုသည်လဲ လေအေးပေးစက်ကြီးများအပြိုင်ဖွင့်ထားသလို ခံစားရသည်။
“မင်းတို့တွေ ခွင့်ပြုချက်မရှိဘဲ တာဝန်ကနေထွက်သွားတဲ့အပြင် အာကေရှားဂိုဏ်းကိုတောင် သွားလိုက်လို့ ဂိုဏ်းက အကြီးအကဲအများအပြားကို မျက်နှာပျက်စေခဲ့တယ်.. ကိုယ့်အပြစ်ကို သိကြလား?”
“ကျွန်တော့်အမှားကို ဝန်ခံပါတယ်။”
“ကောင်းတယ်.. ကိုယ့်အမှားကိုယ်သိသားပဲ။ ဒီတော့ မင်းတို့ကိုအပြစ်မပေးခင် သေချာရှင်းလင်းသွားအောင် မေးစရာရှိသေးတယ်.. ဂိုဏ်းရဲ့အခင်းအကျင်းကို မင်းတို့နှစ်ယောက်ပေါင်းပြီး ပြီးစီးအောင်လုပ်ထားတာလား ဒါမှမဟုတ် တစ်ယောက်တည်း တာဝန်ယူပြီး, အပြီးသတ်ထားတာလား?”
လုရှောင်ယန်က အရင်ရှေ့တက်လိုက်ကာ၊ “ဂိုဏ်းချုပ်၊ အဓိကဂိတ်ပေါက်ရဲ့အခင်းအကျင်းကို ကျွန်တော်တစ်ယောက်တည်း အပြီးသတ်ထားတာပါ။ တောက်ယန်ကတော့ တောင်ဂိတ်ပေါက်နှစ်ဖက်က အခင်းအကျင်းတွေကို တာဝန်ယူပါတယ်။ ဒါကြောင့် အခုကိစ္စက သူနဲ့မသက်ဆိုင်ပါဘူး။”
“ရှောင်ယန်..”
လီတောက်ယန် လက်သီးကျစ်ကျစ်ဆုပ်လို့ မျက်လုံးများကပါ နီရဲလာခဲ့သည်။
တကယ်တမ်း အဓိကတရားခံမှာ လီတောက်ယန်သာဖြစ်သည်။ သူသာ စည်းတံဆိပ်ပြားကို အကြီးအကဲတွေထံအပ်ခဲ့လျှင် အခုလိုပြဿနာမျိုး ရှိလာစရာအကြောင်းကိုမရှိပေ။
အဆုံးမှာတော့ လုရှောင်ယန်က ဘာဆင်ခြေစကားတစ်ခွန်းမှပြောမနေဘဲ အားလုံးကို တာဝန်ယူသွားလေသည်။
တကယ်ကို စစ်မှန်နက်ရှိုင်းသည့်ဆက်ဆံရေးပင်!
“ငါ့ရဲ့ညီအစ်ကိုကောင်းကြီး ဒီနေ့ကိစ္စကို ငါအမြဲတမ်းအမှတ်ရနေပါမယ်.. ဘယ်တော့မှ မမေ့ပြစ်ဘူး!”
ဂိုဏ်းချုပ်ကတော့ ခေါင်းအသာညိတ်လို့နေသည်။
“ကောင်းပြီ.. ငါနားလည်သွားပြီ.. စီရင်ချက်ချမယ်.. အကြီးအကဲရှောင်ယန်က အမှားကြီးမှားခဲ့ပေမယ့် သူ့ရဲ့အကျင့်စရိုက်က ရိုးသားလို့ ငါတို့ သူ့ကိုအပြစ်မယူတော့ဘူး။ အကြီးအကဲတောက်ယန်ကတော့ အကြီးအကဲရှောင်ယန်ထက် ခြေတစ်လှမ်းနောက်ကျပြီးမှ ခန်းမထဲဝင်ခဲ့တဲ့အပြင် မင်းရဲ့အပြစ်က အကြီးအကဲရှောင်ယန်လို မကြီးမားဘူးလို့ဘဲ လက်ခံနေတဲ့အတွက် မင်းကိုတော့ အပြစ်ပေးရလိမ့်မယ်! ဒီတော့ ဂိုဏ်းရဲ့ လက်နက်သန့်စင်ရေးခန်းမမှာ တစ်လတာ လုပ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ အပြစ်ပေးမယ်..”
လီတောက်ယန် : “???”
လီတောက်ယန်ခေါင်းထဲ အမေးသင်္ကေတများဖြင့်သာ ချက်ချင်းပြည့်နှက်သွားကာ ကြောင်အသွားလေသည်။
“ဂိုဏ်းချုပ်၊ ခင်ဗျား တစ်ခုခုများမှားသွားတာလား? ဂိုဏ်းရဲ့ပင်မတောင်ဂိတ်ပေါက်က အခင်းအကျင်းကို ကျွန်တော်ဆွဲခဲ့တာမဟုတ်ဘူးလေ.. အလွန်ဆုံးမှ ကျွန်တော့်ကို ကြံရာပါလောက်ပဲ သတ်မှတ်လို့ရတာမဟုတ်ဘူးလား?”
“မင်းကများ ငါ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲတယ်ပေါ့? အကြီးအကဲဟွမ်း!”
အကြီးအကဲဟွမ်းက ချက်ချင်းလူအုပ်ကြီးထဲမှ ထွက်လာကာ “ပြောပါ.. ဂိုဏ်းချုပ်..”
“လီတောက်ယန်ကို အခုချက်ချင်း လက်နက်သန့်စင်ရေးခန်းမထဲခေါ်သွားပြီး အနီးကပ်စောင့်ကြည့်ထား… သေချာလေးလေ့ကျင့်ပေးပြီး သူ့အမှားသူပြန်မြင်လာအောင် လုပ်ပေးလိုက်..”
“နားလည်ပါပြီ..”
အကြီးအကဲဟွမ်း ပြန်ဖြေပြီးသည်နှင့် လီတောက်ယန်ဘက်လှည့်လာကာ လှောင်ရယ်လိုက်သည်။
“လီတောက်ယန်.. မင်းတော့ အမှားကြီးမှားသွားပြီပဲ.. ဂိုဏ်းချုပ်က အခုပဲ လက်နက်သန့်စင်ရေးခန်းမထဲမှာ မင်းပြစ်ဒဏ်ခံယူတာကို စောင့်ကြည့်ဖို့ တာဝန်ပေးလိုက်ပြီ.. ငါ့ကိုအပြစ်မတင်ပါနဲ့.. ဘာမှ စိတ်ပူစရာမလိုဘူး.. ငါမင်းကို ‘ သေချာလေးစောင့်ရှောက် ’ ပေးမှာပါ..”
အကြီးအကဲဟွမ်းသည် ‘ သေချာလေးစောင့်ရှောက် ’ဆိုသည့် စကားလုံးနေရာကို အထူးအလေးပေးပြောလိုက်တာကြောင့် လီတောက်ယန် ကျောပြင်တစ်လျှောက် အေးစက်လို့သွားရကာ မျက်ဝန်းထဲတွင်လဲ အကြောက်တရားများပြည့်နှက်သွားလေသည်။
လီတောက်ယန်သာ တစ်ဖက်လူ၏ သေချာစောင့်ရှောက်ပေးမည်ဆိုသော စကားကို တကယ်ကြီးယုံလိုက်ပါမှ ထူးဆန်းနေပေဦးမည်။ အကြီးအကဲဟွမ်း၏ ကြင်ဖက်တွေ့ပွဲက ပျက်သွားခဲ့တာကြောင့် လက်ရှိ ဒေါသအထွက်ဆုံးသူကိုပြောပါဆိုလျှင် သူကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ပေ။ အခုတော့ သူ့အတွက်အခွင့်အရေးပါ ရသွားပြီဖြစ်တာကြောင့် သေချာပေါက် သက်ညှာပေးလိမ့်မည်မဟုတ်ပေ။
လီတောက်ယန်လဲ အားကိုးတကြီးဆိုသလို လုရှောင်ယန်၏လက်ကို ဖမ်းဆွဲလိုက်ကာ စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် တောင်းဆိုတော့သည်။ “လောင်လု.. မင်းငါ့ကို ဒီအတိုင်း စွန့်ပစ်လိုက်တော့မှာလား… သနားသဖြင့် ငါ့ကိုကယ်တင်ပေးပါဦးကွာ.. ဝူး..ဝူး..ဝူး.. လက်နက်သန့်စင်ရေးခန်းမကို တစ်လလောက်သာသွားလိုက်ရရင် ငါတကယ်ကို အသက်ရှင်လျက်ပြန်မထွက်လာနိုင်မှာ စိုးမိလို့ပါ..”
“အမ်…”
ပြောရရင် လုရှောင်ယန်လဲ အခြေအနေက အခုလိုလမ်းလွဲသွားလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့မိတာ အမှန်ပင်။
အစကတော့ လူနှစ်ယောက်အပြစ်ပေးခံရတာထက်စာလျှင် တစ်ယောက်တည်းခံလိုက်ရတာက ပိုကောင်းမည်ဟု တွေးခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သူငယ်ချင်းဖြစ်လာကြသည်ကလဲ ဆယ်နှစ်ပင်ကျော်ပြီဖြစ်ကာ အခုပြဿနာကလဲ အသက်ကိုပါ ထိခိုက်စေမည့် ပြစ်ဒဏ်ကျမည်မဟုတ်ပေ။ ဒါကြောင့် သူတစ်ယောက်တည်း အပြစ်အားလုံးကိုခံယူလိုက်တာ အကောင်းဆုံးဖြစ်မည်ဟု လုရှောင်ယန် တွေးထားခဲ့ခြင်းဖြစ်သည်။
အပြစ်ပေးခံရလဲ အလွန်ဆုံးမှ ကျောက်သားနံရံထက်မျက်နှာမူလို့ နှစ်အနည်းငယ်လောက် ကိုယ့်လုပ်ရပ်ကိုယ်ပြန်သုံးသပ်ရုံသာရှိပေမည်။
သို့သော်လည်း မမျှော်လင့်ထားစွာဘဲ ဂိုဏ်းချုပ်က သူတို့အားလုံးကို စပရိုက်တိုက်လိုက်ကာ အပြစ်ဝန်ခံထားတဲ့သူ့အစား လီတောက်ယန်ကို အပြစ်ပေးလိုက်ပေသည်။
တကယ်ကို မမျှော်လင့်ထားသည့် ဖြစ်ရပ်ပင်။
ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်လျှင်တော့ နားလည်လို့ရသည်။
သူ၏အခင်းအကျင်းပညာရပ်တွင် နက်နဲစွာထူးချွန်နေခြင်းကြောင့် ဂိုဏ်းချုပ်က သူ့ကို တန်ဖိုးထားနေခြင်းဖြစ်သည်။ ပြောရရင်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက သူ့ကို အမိအရဖမ်းဆွဲထားချင်နေခြင်းဖြစ်တာကြောင့် ဘယ်လိုလုပ်များ သူ့ကိုအပြစ်ပေးတော့မတဲ့လဲ?
သို့သော်လည်း ဤတစ်ခေါက်တွင် အကြီးအကဲများစွာကို မကျေမနပ်ဖြစ်စေခဲ့မိကာ ဂိုဏ်းချုပ်လျှင် မျက်နှာပျက်ခဲ့ရသည်။ ဒီအတွက် တစ်ယောက်ကိုမှ အပြစ်မပေးလိုက်လျှင် လူတိုင်း ကျေနပ်နိုင်ကြလိမ့်မည်မဟုတ်ပေ။
ဒါကြောင့်ပဲ လီတောက်ယန်၏အမှားမဟုတ်တာတောင်မှ မလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ပြန်တွေးကြည့်လိုက်ပြီးနောက် လုရှောင်ယန်လဲ မတတ်သာစွာဘဲ သက်ပြင်းအသာချကာ လီတောက်ယန်၏အားကိုးတကြီးဆွဲထားသည်လက်ကို အသာပြန်ပုတ်ပေးလိုက်သည်။
“မင်းတစ်ခုခုလိုတာရှိရင် အိပ်မက်ထဲကနေသာ လှမ်းပြောတော့..”
လီတောက်ယန် တစ်ခုခုပြန်ပြောလိုက်ချင်သော်လည်း အကြီးအကဲဟွမ်းက ရက်စက်ယုတ်မာတော့မည့်အပြုံးကြီးဖြင့် သူ့နားရောက်လာနေပြီဖြစ်သည်။ ထို့နောက် လီတောက်ယန်၏ ကော်လာစကိုဆွဲကာ ကွပ်မျက်ခံရတော့မည့် ကြက်ကလေးတစ်ကောင်နှယ် ဆွဲခေါ်သွားလေသည်။
“မင်းက အသနားခံချင်နေသေးတာလား။ ရှောင်ယန်မပြောနဲ့ ဒီနေ့အဖို့ ဧကရာဇ်ကိုယ်တိုင် ဆင်းလာရင်တောင် မင်းကိုကယ်နိုင်မယ့်လူ ဘယ်သူမှမရှိဘူး! ဒုက္ခခံဖို့သာ ပြင်ထားလိုက်!”
လီတောက်ယန်မှာ အကြီးအကဲဟွမ်းကိုကြောက်လွန်းလို့ သေးထွက်ကျတော့မတတ်ပင်။ ဒါကြောင့်ပဲ ရူးတော့မလိုပုံစံဖြင့် အော်ဟစ်ငိုယိုတော့သည်။ “လောင်လု၊ ငါ့ကိုကယ်ပါဦး.. ဝူး..ဝူး..ဝူး.. ငါ လက်နက်သန့်စင်ရေးခန်းမထဲမသွားချင်ဘူး.. အကြီးအကဲဟွမ်း စောင့်ကြပ်မှာလဲ မလိုချင်ဘူး.. ငါ့အတွက် အသနားခံပေးပါဦး..ဝူး..ဝူး..ဝူး..”
လီတောက်ယန်ကို အကြီးအကဲဟွမ်းဆွဲခေါ်သွားပြီးနောက် ဂိုဏ်းချုပ်၏အေးတိအေးစက်မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားကာ လုရှောင်ယန်ကိုကြည့်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။
“ရှောင်ယန်.. မင်းဂိုဏ်းထဲကိုရောက်တာ အတော်ကြာပြီဆိုပေမယ့် မင်းရဲ့အခင်းအကျင်းပညာရပ်က ဒီလောက်ထိအားကောင်းတယ်မှန်း ငါမသိခဲ့ဘူး.. တကယ်ကို လေးစားဖို့ကောင်းတာပဲ.. ငါတောင် အတော်လေးအံ့ဩသွားရတယ်..”
လုရှောင်ယန် ဦးညွှတ်လိုက်ကာ.. “ဂိုဏ်းချုပ် အရမ်းညှာတာလွန်းနေပါပြီ.. ရှောင်ယန်ရဲ့ကျင့်ကြံခြင်းဘက်က အရည်အချင်းက မလုံလောက်တာကြောင့် အခင်းအကျင်းပညာလေ့လာတဲ့ဘက်မှာ အချိန်နည်းနည်းပိုသုံးနိုင်သွားတာပါ.. ကျွန်တော့်ရဲ့ကြိုးစားမှုက အခုလိုမဆိုစလောက်လေး အရာထင်သွားနိုင်တဲ့အတွက် တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။”
“မဆိုစလောက်လေးတဲ့လား.. အဲ့လောက်ဘယ်ကပါ့မလဲ! အဆင့်မြင့်အကြီးအကဲနဲ့ငါတောင်မှ မင်းရဲ့အခင်းအကျင်းထဲကနေ ဖောက်မထွက်နိုင်ခဲ့ဘူး.. ဒါနဲ့တင် မင်းရဲ့အင်အားက ဘယ်လောက်တောင်အားကောင်းလဲ မြင်နိုင်နေပြီလေ.. ဒါနဲ့ ရှောင်ယန်.. မင်းကျီရွှေ့တောင်မှာ နေရတာဘယ်လိုလဲ? ငါတို့ မင်းကို ပိုကြီးတဲ့တောင်ထိပ်တစ်ခုဆီ ပြောင်းပေးရမလား?”
“ငါတို့ဂိုဏ်းထဲမှာ အခုထိမသုံးရသေးတဲ့ တောင်ထိပ်အသစ်နည်းနည်းပါးပါးကျန်သေးတယ်.. အားလုံးက တော်တော်လေးမြင့်ပြီး ဝိညာဉ်စွမ်းအားတွေဆိုတာလဲ ပေါမှပေါ့.. တည်နေရာကလဲ ကျီရွှေ့ထက်ပိုကောင်းတော့ နေရောင်ခြည်လဲ ကောင်းကောင်းရတယ်.. ဖုန်းရွှေအရကြည့်ရင်လဲ အရမ်းကောင်းလွန်းလို့ မြက်ချင်းအတူတူတောင် အဲ့ဒီမှာဆို ပိုစိမ်းမှာအသေအချာပဲ.. မင်းတစ်တောင်လောက်ရွေးပြီး ပြောင်းလိုက်ချင်လား?”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၇ ငါက ဆရာ့ရဲ့အားအကိုးရဆုံးတပည့်ပဲ
“အာ.. မလိုတော့ပါဘူး.. ကျွန်တော့်လက်ရှိတောင်မှာပဲ နေသားကျနေပါပြီ..”
“ပိုမြင့်တဲ့တောင်မျိုး မလိုချင်ဘူးပေါ့? ဒါဆို တာအိုအဖော်ရော လိုချင်လား? ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အရမ်းကိုရှည်လျားတယ်.. အဖော်သာရှိရင် ငြီးငွေ့မှုတွေကိုရော အထီးကျန်မှုတွေကိုပါ အရမ်းသက်သာရာရစေတယ်.. ဂိုဏ်းထဲက အကြီးအကဲတွေ တပည့်တွေထဲမှာ မင်းစိတ်ဝင်စားတဲ့သူရှိလား? ငါကိုယ်တိုင် အောင်သွယ်ပေးမယ်လေ…”
“အမ်.. အဲ့ဒါလဲ မလိုတော့ပါဘူး.. ကျွန်တော်က ငယ်လဲငယ်သေးတာဆိုတော့ လောလောဆယ် တာအိုအဖော်မရှာချင်သေးဘူး..”
“ကျွတ်..ကျွတ်… မင်း အခင်းအကျင်းပညာရပ်မှာ ဒီလောက်ထိ ထူးချွန်နေတာ အံ့ဩစရာမရှိတော့ပါဘူး.. မင်းက ကျင့်ကြံခြင်းအပေါ်ကိုပဲ စိတ်နှလုံးပုံအပ်ထားပြီး တခြားဘာအတွေးမှ,မှမတွေးတာ.. မင်းရဲ့သဘောထားနဲ့သာဆိုရင် ရလဒ်ကောင်းတွေမရမှာကို စိုးရိမ်နေဖို့တောင် မလိုလောက်ဘူး.. မင်းကို ဆုပေးတဲ့အနေနဲ့ မင်းကိုရာထူးတိုးပေးပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့အကြီးအကဲအဖွဲ့ထဲ ပါဝင်စေဖို့ ငါဆုံးဖြတ်လိုက်ပြီ..”
လုရှောင်ယန်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားလေသည်။
ဒီဂိုဏ်းချုပ် သူ့ကိုဆုပေးဖို့ တော်တော်လေးခက်ခက်ခဲခဲ ကြိုးစားနေတာပဲ။
ကောင်းကင်နတ်ဆိုးဂိုဏ်းထဲတွင် အကြီးအကဲပေါင်းများစွာရှိသော်လည်း အကြီးအကဲတိုင်းကတော့ အကြီးအကဲအဖွဲ့ဝင်များမဟုတ်ကြပေ။ အကြီးအကဲအဖွဲ့၏အဖွဲ့ဝင်ဆိုသည့် ဂုဏ်ပုဒ်က ဂုဏ်ပြုမှတ်တမ်းအတင်ခံလိုက်ရခြင်းနှင့် ညီမျှလေသည်။ ဂိုဏ်းထဲမှ အထူးချွန်ဆုံးသောအကြီးအကဲများသည်သာ အကြီးအကဲအဖွဲ့ထဲဝင်ဖို့ အရည်အချင်းပြည့်မှီကြခြင်းဖြစ်သည်။
အကြီးအကဲအဖွဲ့ထဲသာ ဝင်သွားလျှင် အဆင့်အတန်းသာမက အလုံးစုံသောအကျိုးအမြတ်တွေအားလုံး အဆများစွာတိုးမြင့်သွားမည်ဖြစ်သည်။
အရေးကြီးဆုံးအကျိုးရလဒ်မှာတော့ အကြီးအကဲအဖွဲ့ထဲမှ အဖွဲ့ဝင်တိုင်းသည် လက်ရှိမျိုးဆက်မှ ဂိုဏ်းချုပ် ကွယ်လွန်ခြင်း သို့မဟုတ် အနားယူသွားခဲ့ပါလျှင် အဆင့်မြင့်အကြီးအကဲအဖြစ် တိုက်ရိုက်ရာထူးတိုးသွားနိုင်မည့် အခွင့်အရေးမျိုးရှိပေသည်။
ဒါနဲ့ကို လက်ရှိဂိုဏ်းချုပ်က သူ့ကိုဘယ်လောက်တောင် အလေးပေးလိုက်ကြောင်း မြင်သာသွားတော့သည်။
“ကျေးဇူးတင်ပါတယ်.. ဂိုဏ်းချုပ်..”
အကြီးအကဲအဖွဲ့ထဲဝင်သွားပြီဆိုသည်နှင့် လုရှောင်ယန်ကို ဂိုဏ်းသားတပည့်တစ်ယောက်အဖြစ် ဆက်ပြီး သတ်မှတ်လို့မရတော့ပေ။
ဂိုဏ်းချုပ်က လက်ကိုရမ်းကာ ခပ်ဟဟရယ်မောလိုက်သည်။ “အဲ့လောက်ယဉ်ကျေးနေဖို့ မလိုဘူး.. နောက်ဆို မင်းတစ်ခုခုလိုအပ်လာရင် ငါ့ကိုသာ ပြောလိုက်.. ဂိုဏ်းရဲ့လုပ်နိုင်စွမ်းအတွင်းက ဖြစ်နေသ၍ သေချာပေါက် မင်းကို စိတ်မပျက်စေရဘူး။”
“ဟုတ်ကဲ့.. ကျေးဇူးပါ ဂိုဏ်းချုပ်..”
“ဟုတ်ပြီ.. ဒီနေ့တော့ ဒီလောက်ပဲ.. အကြီးအကဲတို့ ပြန်လို့ရပြီ..”
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်..”
လူတိုင်း ဦးညွှတ်နှုတ်ဆက်လိုက်ကာ ဂိုဏ်းချုပ်သည်လဲ အလာတုန်းကနှင့်မတူစွာ အပြုံးတစ်ပွင့်ဖြင့် ပြန်ထွက်သွားသည်။ ဂိုဏ်းချုပ်ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို တခြားအကြီးအကဲတွေအားလုံး လုရှောင်ယန်အနားရောက်လာကာ ဝိုင်းဝန်းဂုဏ်ပြုကြတော့သည်။
“အကြီးအကဲလု.. ဂုဏ်ပြုပါတယ်..”
“အကြီးအကဲလု… အကြီးအကဲအဖွဲ့ထဲဝင်ခွင့်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်..”
…….
ပတ်ပတ်လည်မှနေပြီး ချီးကျူးဂုဏ်ပြုစကားသံများက ပျံ့လွင့်လို့လာနေကာ လုရှောင်ယန်ကတော့ တစ်ယောက်ချင်းစီတိုင်းကို ပြုံးရုံသာပြုံးလို့ တုံ့ပြန်နေသည်။
ဘယ်နေရာကိုပဲရောက်ရော မင်းရာထူးတို့လို့ ပိုချမ်းသာလာတာနဲ့ မင်းကို မြှောက်ပင့်ပြောဆိုကြမည့် အုပ်စုက သေချာပေါက်ရှိလာမည်ပင်။
လုရှောက်ယန်လဲ ထိုသို့ဖြစ်ရိုးဖြစ်စဉ်မျိုးကို ကောင်းကောင်းနားလည်ထားသည်။ ဒါ့အပြင် ဂိုဏ်းချုပ်က ဘာလို့သူ့ကို အလွန်တန်ဖိုးထားပြနေလဲဆိုတာကိုပါ သူသိသေးသည်။
တကယ်တမ်း အခင်းအကျင်းပညာရပ်မှာ သူအလွန်ထူးချွန်နေတာကြောင့် တခြားဂိုဏ်းတွေကနေ မက်လုံးပေးကာ ဆွဲခေါ်သွားမည်ကို ဂိုဏ်းချုပ်ကြောက်နေခြင်းသာဖြစ်သည်။ ဒါကြောင့်ပဲ အခုလို သူ့ကိုကောင်းကောင်း ဆက်ဆံပေးနေခြင်းပင်။
ပြောရရင် ကမ္ဘပေါ်ကလူတိုင်းတွင် တစ်ကိုယ်ကောင်းဆန်သည့် ကိုယ်ပိုင်အကြောင်းအရင်းများရှိကြသည်ချည်းသာ။
ကံကောင်းစွာဖြင့် လုရှောင်ယန်သည် သူ၏အခင်းအကျင်းခွန်အားကို ၅၀ရာခိုင်နှုန်းသာ ထုတ်ပြခဲ့လေသည်။ သူ့တွင် နောက်ထပ်၅၀ရာခိုင်နှုန်းကျန်ရှိနေသေးသည်။ အနာဂါတ်တွင် အရေးအကြောင်းကြုံလျှင် သူ့အတွက် အကူအညီဖြစ်ရန် ထိုကျန်ရှိသည့် ခွန်အားကို ဆက်လက်ထိန်ချန်ထားလိုက်ပေမည်။
လုရှောင်ယန် ကျီရွှေ့တောင်သို့ပြန်ရောက်သည်နှင့် ချက်ချင်းပင် ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းကို ပိတ်လိုက်တော့သည်။
ဂိုဏ်း၏တောင်ဂိတ်အခင်းအကျင်းကတင် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းရှိ သူ့တည်ရှိမှုကို လွန်စွာထွန်းတောက်သွားစေပြီးဖြစ်သည်။ တကယ်လို့များ ကောင်းကင်စည်းတံဆိပ်၈ခုအခင်းအကျင်းအကြောင်းပါ ပေါ်သွားပါက ဘယ်လောက်တောင် ဒုက္ခများလိုက်မလဲ။
ဘာပဲဖြစ်ဖြစ် လုရှောင်ယန်က အခင်းအကျင်းကို ပြန်ပိတ်ရုံပိတ်လိုက်ခြင်းဖြစ်ကာ ရေးဆွဲထားသည်များကို ပြန်မရုတ်သိမ်းခဲ့ပေ။ ဒီလိုသာဆို သူပြန်ဖွင့်ချင်သည့်အချိန်ကျ အတွေးလေးတစ်ချက်ဖြင့် ချက်ချင်းပြန်အသက်သွင်းနိုင်မည်ဖြစ်သည်။
သူတောင်သို့ပြန်ရောက်လာချိန်တွင် ကျင့်ကြံလို့ပြီးသွားသည့် ယွင်လီကောက ချက်ချင်းကြိုဆိုနှုတ်ဆက်လာခဲ့သည်။
“ဆရာ..”
လုရှောင်ယန် ခေါင်းညိတ်လိုက်ကာ သူ့တပည့်ကိုကြည့်ပြီး တစ်နည်းတစ်ဖုံ စိတ်ကျေနပ်သွားရသည်။
“မင်းအဆင့်ထပ်တက်သွားပြန်တာလား?”
ယွင်လီကော လေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ “ဆရာ.. ဒီတပည့်က အခုတင်ပဲ စိတ်ဝိညာဉ် ပဉ္စမအဆင့်ကို ချိုးဖြတ်နိုင်သွားခဲ့ပါတယ်..”
“အရမ်းကောင်းတယ်…”
လုရှောင်ယန်ကိုယ်တိုင်လဲ သူ့ကိုယ်ထဲမှ ကျင့်ကြံဆင့်အနည်းငယ်မျှတိုးတက်လာကြောင်း ခံစားလိုက်နိုင်သော်လည်း နောက်တစ်ဆင့်တက်ဖို့ထိကိုမရောက်ဘဲ အာကာပြင်ပြိုကွဲခြင်း သတ္တမအဆင့်တွင်သာရှိနေသေးသည်။
သူ့၏တပည့်အနည်းငယ်သည် အားလုံး လူပေါင်းများစွာထဲက နဂါးများ ဖီးနစ်များဖြစ်ကြသည်။ သူသာ ထိုတပည့်လေးများကို ကောင်းကောင်းဂရုစိုက်ပေးသ၍ နောက်တစ်ချိန်ကျလျှင် သူတို့အားလုံး သေချာပေါက် သိုင်းဘုရင်အဆင့်သို့တက်လှမ်းနိုင်ပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူ့ကျင့်ကြံဆင့်လဲ ဘယ်လောက်ထိတောင် အားကောင်းနေလောက်ပြီမှန်းတော့ သူမသိပေ။
သို့သော်လည်း သူ့မှာသာ တပည့်တွေအများကြီးရှိနေပြန်လျှင် လုရှောင်ယန်အတွက် ဒုက္ခပိုများလာပေဦးမည်။
ယွင်လီကောနှင့်ကျန်တပည့်အားလုံး သူ့အမိန့်စကားများကို နားထောင်ကာ လက်စားမချေကြရင်တောင် ဇာတ်လိုက်ဟက်ကာကောင်တွေကတော့ သူတို့ကို အလွတ်ပေးကြလိမ့်မည်မဟုတ်ပေ။
သူ့ရဲ့အဖိုးတန်တပည့်လေးတွေ အသတ်ခံရမည့်အရေးကိုတော့ လုရှောင်ယန် ခွင့်ပြုထားလိမ့်မည်မဟုတ်ပေ။
ဒါကြောင့် အဆင့်တက်လာဖို့ အစီအစဉ်များပြုလုပ်ကာ ထိုဟက်ကာကောင်များကို ဖြေရှင်းဖို့နည်းလမ်းကိုလဲ စဉ်းစားရပေမည်။
ထိုသို့တွေးမိပြီးနောက် လုရှောင်ယန် စွမ်းအင်အဆီအနှစ်ဆေးလုံးများ ယွင်လီကောကို ထပ်ပေးလိုက်ပြန်သည်။
“ဒီမှာ စွမ်းအင်အဆီအနှစ်ဆေးလုံး၅၀၀၀ရှိတယ်.. မင်းရဲ့ဂျူနီယာညီမနဲ့ မကြာသေးခင်က ငါလက်ခံထားတဲ့ မင်းရဲ့ဂျူနီယာညီလေးကိုပါ ခွဲပေးလိုက်.. မင်းတို့သုံးယောက်ရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အပံ့ဖြစ်လိမ့်မယ်..”
“ဆရာ နောက်ထပ် တပည့်တစ်ယောက်လက်ခံလိုက်တာလား?”
လုရှောင်ယန် ခေါင်းပြန်ညိတ်ပြလိုက်သည်။
“ဟုတ်တယ်.. ဖုန်းထျန်းယွမ်လို့ခေါ်တယ် မင်းရဲ့ဂျူနီယာညီလေးပဲ.. ငါ သီးသန့်ခန်းထဲသွားပြီး စီစဉ်စရာလေးတွေရှိတယ်.. ဒီအချိန်အတွင်း မင်းတို့သုံးယောက် ကောင်းကောင်းကျင့်ကြံနေကြ ငါ့ကိုလာမနှောင့်ယှက်ကြနဲ့..”
“ဟုတ်ကဲ့ပါ!”
လုရှောင်ယန် သူ့အိမ်ထဲသို့ဝင်သွားသည်နှင့် ယွင်လီကော၏အတွေးများ သက်ဝင်လာကာ မျက်လုံးအရောင်တို့ တောက်ပလာခဲ့သည်။
“လပိုင်းလေးအတွင်းမှာကို ဆရာက နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်ပြန်ပြီ.. ကျီရွှေ့တောင်ရဲ့တပည့်အရေအတွက်က တစ်ယောက်ကနေ သုံးယောက်အထိတောင် တိုးလာတယ်… ဒီနှုန်းအတိုင်းသာဆို ဆရာ့ရင်ထဲက ငါ့နေရာကလဲ အန္တရာယ်ရှိလာပြီ..”
“မဖြစ်ဘူး… ကျီရွှေ့တောင်ရဲ့ အကြီးဆုံးဆရာတူအစ်ကိုကြီးတစ်ယောက်အနေနဲ့ ဆရာ့ရဲ့စွန့်ပစ်ခြင်းကို ခံရလို့ဘယ်ဖြစ်ပါ့မလဲ… ငါအတော်ဆုံးတပည့်ဖြစ်လာအောင် လုပ်ရမယ်..”
ယွင်လီကော စိတ်ကို အခိုင်မာဆုံးထားလိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ့ဂျူနီယာညီမလေးနေအိမ်ဆီသို့ ဦးတည်လိုက်သည်။
သူကိုယ်တိုင် တစိုက်မတ်မတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သလို သူ့ဂျူနီယာညီမနှင့် ညီငယ်တို့ ကျင့်ကြံရာမှာလဲ ဝိုင်းဝန်းကူညီ အကြံဉာဏ်ပေးရင်း အရည်အချင်းပြည့်မှီသည့် စီနီယာအစ်ကိုကြီးတစ်ယောက်ဖြစ်လာအောင်လုပ်ဖို့ပါ စိတ်ပိုင်းဖြတ်လိုက်သည်။
ထိုသို့သာဆိုလျှင် သူ့ဆရာသခင်သည်လဲ သူ့ကိုတာဝန်များ မျှဝေပေးလို့ရသည့် တပည့်ကောင်းတစ်ယောက်အဖြစ် မြင်လာပေလိမ့်မည်။
ဒီလိုသာဆို သူ့ဆရာ တပည့်အသစ်တွေ ဘယ်နှယောက်ပဲထပ်လက်ခံပါစေ သူကတော့ ဆရာ့ရဲ့အားအကိုးရဆုံးတပည့် အမြဲတမ်း ဖြစ်နေလိမ့်မည်ဟု တစ်ယောက်တည်း တွေးနေတော့သည်။
မကြာလိုက်ပါဘဲ ကျီဝူရှား၏နေအိမ်တံခါးဝသို့ရောက်သွားကာ တံခါးခေါက်လိုက်သည်။
“ဂျူနီယာညီမ.. အထဲမှာရှိလား?”
ခဏနေသည်နှင့် ချက်ချင်းပင် ကျီဝူရှား တံခါးဖွင့်လာပေးကာ လက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး “စီနီယာအစ်ကိုကြီး.. ဘာလို့များရောက်လာတာပါလဲ?”
ယွင်လီကောကတော့ ပုံမှန်အတိုင်း သူ့လက်တွေကို နောက်ပစ်ထားသည်။ ကျီဝူရှားကိုမြင်သည်နှင့် လက်တစ်ဖက်တည်းကိုသုံးကာ စွမ်းအင်အဆီအနှစ်ဆေးလုံးများပါဝင်သည့် ဆေးပုလင်းအနည်းငယ်ကို ထုတ်ယူလိုက်လေသည်။
“ဝူရှား.. ဆရာက မင်းရဲ့ကျင့်ကြံရေးအတွက် အကူအညီရအောင် စွမ်းအင်အဆီအနှစ်ဆေးလုံးတွေ ပေးလိုက်တယ်..”
“ဟုတ်ကဲ့.. ကျေးဇူးပါ စီနီယာအစ်ကိုကြီး..”
ဆေးပုလင်းများကို လက်ခံလိုက်သည်နှင့် ကျီဝူရှား၏စိတ်နှလုံးထဲ နွေးထွေးမှုတစ်ရပ်ကို ခံစားလိုက်ရလေသည်။
စွမ်းအင်အဆီအနှစ်ဆေးလုံး၁၅၀၀တောင်။ သူ့ဆရာကတော့ အရမ်းကိုရက်ရောလွန်းပြီး သူမအပေါ်ဆိုလဲ တကယ်ကိုကောင်းပေးတာပဲ။
ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်အဓိကနန်းဆောင်မှာသာဆိုလျှင် သူမသည် ခရမ်းရောင်ငြိမ်းချမ်းရေးဘုရင်၏သမီးအရင်းဖြစ်နေတာတောင်မှ ဤကဲ့သို့ ကောင်းမွန်သည့် အထောက်အပံ့များရရှိဖို့ဆိုသည်ကို မဖြစ်နိုင်ပေ။
ဆေးလုံးများကိုပေးလိုက်ပြီးနောက် ယွင်လီကော ထုတ်လိုက်သည့်လက်တစ်ဖက်ကိုပါ ပြန်နောက်ပစ်လိုက်သည်။
ထို့နောက် လေးနက်တည်ကြည်လှသည့်အမူအရာမျိုးဖြင့်.. “ဂျူနီယာညီမ.. ဆရာက ငါတို့အတွက် တကယ်ကိုကြိုးစားပေးနေတာ… စားဖို့အိပ်ဖို့တွေတောင် မေ့တဲ့အထိပဲ.. ငါတို့ ဆရာ့ရဲ့အကြင်နာတရားကို ပြန်ပေးဆပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ဒီတော့ ငါတို့ သူ့ကိုကျေးဇူးဆပ်ဖို့တစ်ခုတည်းသော လုပ်နိုင်တဲ့အရာက လုံ့လဝီရိယရှိရှိကြိုးစားကျင့်ကြံတာပဲရှိတယ်..”
ထိုစကာကြားသည်နှင့် ကျီဝူရှား၏အမူအရာသည်လဲ လေးနက်သွားကာ.. “စီနီယာအစ်ကိုကြီးပြောတာ မှန်ပါတယ်..”
ယွင်လီကော ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ကာ ရုတ်တရက်… “မင်း စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကို ကျင့်နေတာ အချိန်တောင် တော်တော်ကြာသွားပြီမလား? မင်းရဲ့ကျင့်ကြံဆင့် ဘယ်လောက်ထိတောင် တိုးတက်သွားပြီလဲ? ဆရာက မင်းကို သိုင်းဘုရင်အဆင့်ကျင့်စဉ်ရော စွမ်းအင်အဆီအနှစ်ဆေးလုံးပေါင်းများစွာရော ပေးထားတာလေ… အခုပဲ နောက်ထပ် စွမ်းအင်အဆီအနှစ်ဆေးလုံးတွေအများကြီး ထပ်ပေးလိုက်ပြန်တာကို ထပ်မတွက်နဲ့ဦး.. တော်တော်တိုးတက်နေသင့်ပြီ…”
ကျီဝူရှား၏မျက်နှာထက်တွင် အရှက်ရသွားသည့်အမူအရာမျိုး မပေါ်လာဘဲ မနေနိုင်ခဲ့ပေ…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၈ ဒီတော့ ငါကတစ်ချိန်လုံး လူပြတ်ကြီးဖြစ်နေတာပေါ့
“စီနီယာအစ်ကိုကြီးကို ရိုးရိုးသားသားဝန်ခံရရင် သိုင်းဘုရင်အဆင့်ကျင့်စဉ်က ကျင့်ကြံဖို့ခက်လောက်အောင် အရမ်းအဆင့်မြင့်လွန်းတယ်.. ညီမဂိုဏ်းထဲကိုရောက်ကတည်းက လုံးဝမခိုမကပ်ရဲဘဲ ကျင့်ကြံနေတာတောင် ကျင့်ကြံနှုန်းက ပြီးခဲ့တဲ့လတုန်းကပဲ မြန်ခဲ့တယ်.. အရင် တော်ဝင်နန်းတော်မှာရှိတုန်းကထက်တော့ အများကြီး မြန်နေသေးတုန်းဆိုပေမယ့် ဂိုဏ်းကိုရောက်ပြီး စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကျင့်စဉ်ကို စ,စကျင့်တုန်းကထက်တော့ တော်တော်လေးနှေးသွားပြီ..”
ယွင်လီကော ခပ်လေးလေးသက်ပြင်းချလိုက်သည်။
“အမှန်ပဲ.. မဟုတ်ရင် သိုင်းဘုရင်အဆင့်ကျင့်စဉ်လို့ ဘယ်ခေါ်ပါတော့မလဲ? သူ့ရဲ့စမှတ်ကိုက မြင့်နေတယ်ဆိုပေမယ့် သာမာန်ကျင့်စဉ်တွေနဲ့ယှဉ်လိုက်ရင် ကျင့်ကြံရတဲ့ခက်ခဲမှုကလဲ တော်တော်ကွာတယ်.. ဆရာတစ်ခါပြောခဲ့ဖူးတယ်.. သိုင်းဘုရင်အဆင့်ကျင့်စဉ်က သိုင်းဘုရင်အဆင့်ကိုတက်လှမ်းဖို့အတွက် အခြေခံလိုအပ်ချက်ကိုရသွားဖို့ လမ်းစဉ်တစ်ခုပဲတဲ့.. ကျန်တာတွေက ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားမှုနဲ့ ကံအပေါ်မှာ မူတည်သွားပြီ!”
ယွင်လီကော ခဏလောက်ရပ်သွားပြီးကာမှ ဆက်ပြောလာသည်။ “ဒါနဲ့.. မင်းအခုလက်ရှိ ဘယ်အဆင့်ကိုရောက်နေပြီလဲတောင် မပြောရသေးဘူးနော်..”
“အာ.. ညီမ စိတ်ဝိညာဉ် ဆဌမအဆင့်ကိုရောက်နေပါပြီ..”
ယွင်လီကော : “…..”
“ဘာဖြစ်လို့လဲ စီနီယာအစ်ကိုကြီး? အရမ်းများ နိမ့်နေလို့လား?”
“အမ်.. ဒီလောက်ဆို အဆင်ပြေလောက်ပါတယ်…”
“စီနီယာအစ်ကိုကြီးက ဒီလိုပြောပေးတော့ စိတ်အေးသွားပြီ.. ညီမအမြဲတမ်း ဒီအတွက် ဖိအားများနေခဲ့တာ… ညီမကျင့်ကြံတာ အရမ်းနှေးနေတယ်ဆိုပြီး ခံစားမိနေလို့ ဆရာ့ကို စိတ်ပျက်စေမိမှာ စိုးနေတာ.. ဪ … ဒါနဲ့.. စီနီယာအစ်ကိုကြီးရဲ့ လက်ရှိကျင့်ကြံဆင့်ကရော?”
“အာ? ငါလား? တကယ်တော့ ငါလဲ မင်းနဲ့အတူတူလောက်ပါပဲ.. ဟုတ်သားပဲ.. ငါဂျူနီယာညီငယ်ဆီကိုလဲ ဆေးတွေသွားပို့ပေးရဦးမှာ.. မင်းကျင့်ကြံတာကို မနှောင့်ယှက်တော့ဘူး… ဒါပေမယ့် ကျင့်ကြံရာမှာ ကြိုးစားဖို့လဲ လိုသလို အနားယူဖို့လဲလိုတယ်လို့ ဆရာပြောထားတယ်နော်.. မင်း ကျင့်ကြံရင်း ချီဖောက်ပြန်မှုမဖြစ်အောင် သတိရှိရှိနဲ့ နား,နားပြီး ကျင့်ကြံဖို့လဲ လိုတယ်..”
“နားလည်ပါပြီ.. ညီမမှတ်ထားလိုက်ပါ့မယ်.. ကျေးဇူးတင်ပါတယ်.. စီနီယာအစ်ကိုကြီး…”
ယွင်လီကော ခေါင်းအသာညိတ်ကာ မပြေးရုံတမယ် အမြန်ပြန်ထွက်သွားတော့သည်။
ကျီဝူရှားကတော့ သက်ပြင်းလေးချရင်းကျန်ရစ်ခဲ့ကာ၊ “စီနီယာအစ်ကိုကြီးရဲ့ ကျင့်ကြံဆင့်က ဒီလောက်မြန်မြန်ကြီး တိုးတက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး… အရင်ကဆို သူ့ကျင့်ကြံဆင့်က ငါ့ထက်တောင်နိမ့်တာကို အခုတော့ ငါ့ကိုတောင် အမှီလိုက်နိုင်ပြီး စိတ်ဝိညာဉ် ဆဌမအဆင့်ကိုရောက်သွားပြီ… ကြည့်ရတာ ငါလဲ ဒီထက်ပိုကြိုးစားမှဖြစ်တော့မှာပဲ…”
သိပ်ဝေးဝေးပင်မရောက်သေးသည့် ယွင်လီကောကတော့ ဒယီးဒယိုင်ဖြင့် လဲကျလုမတတ် လျှောက်နေလေသည်။
သူ့မျက်နှာတစ်ခုလုံးကတော့ လောင်ကျွမ်းမတတ် နီရဲနေ၏။
“ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ။ ဂျူနီယာညီမကျီရဲ့ကျင့်ကြံဆင့်က စိတ်ဝိညာဉ်ဆဌမအဆင့်ကိုတောင် ရောက်နေလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး.. ကံကောင်းလို့ အပြေးမြန်လို့သာပဲ.. မဟုတ်ရင် ငါ့အဆင့်အစစ်အမှန် ပေါ်သွားတော့မလို့…”
ကျီဝူရှား၏နေအိမ်မှ ထွက်လာပြီး အတော်ကြာသည့်နောက်မှာတော့ ယွင်လီကော၏အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေပြီ။
“ဂျူနီယာညီမကျီရဲ့အရည်အချင်းက ကြောက်စရာကောင်းလောက်အောင် မြင့်တာပဲ… ကြည့်ရတာ နောက်ဆို ငါသူ့ရှေ့သွားပြီး အတောင်ဖြန့်ဖို့ တွေးတောင်မတွေးသင့်တော့ဘူး… မဟုတ်ရင် ငါ့အကြောင်းပဲပေါ်ပြီး အရှက်ကွဲရမှာ…”
ခဏလောက်ရပ်လိုက်ပြီးနောက် သူ့အကြည့်က တောင်၏အနောက်ဘက်သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် တစ်ယောက်ယောက်ကျင့်ကြံနေကြောင်း သူ ရှင်းရှင်းလင်းလင်း အာရုံခံမိပေသည်။
ယွင်လီကော ပြုံးလိုက်ကာ တောင်အနောက်ဘက်သို့ အလျင်အမြန်ပြေးသွားလိုက်တော့သည်။ “ငါ့ရဲ့ ဂျူနီယာညီလေးအသစ်က ဒီဘက်မှာပဲရှိရမယ်။ ဂျူနီယာညီမကျီရဲ့အရည်အချင်းက အရမ်းထူးချွန်လွန်းလို့ ငါ သူ့ကိုလမ်းညွှန်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဒါပေမယ့် ဂျူနီယာညီလေးကို နည်းပေးလမ်းညွှန်လုပ်ပေးဖို့လောက်ကတော့ ပြဿနာမရှိလောက်ပါဘူး…”
မကြာလိုက်ပါဘဲ တောင်အနောက်ဘက်ရှိ ရေတံခွန်နားသို့ ရောက်ရှိသွားသည်။
ရေတံခွန်အောက်မှာတော့ ခန့်ညားကာ တောင့်တင်းသန်မာပုံရသည့်လူငယ်တစ်ဦးက ကြမ်းတမ်းပြင်းထန်စွာ ဒလဆက်ကျဆင်းနေသည့် ရေတံခွန်အောက်တွင် ငြိမ်သက်စွာထိုင်နေလေသည်။
သူ့ခန္ဓာကိုယ်ပတ်လည်တွင်တော့ ရွှေရောင်စွမ်းအင်လွှာတစ်လွှာက ရစ်ပတ်လွှမ်းခြုံနေကာ သူ့ကိုအကာအကွယ်ပေးထားသည်။
ဘေးပတ်လည်တွင် စွမ်းအင်အလွှာရှိနေခြင်းကြောင့် ရေတံခွန်မှရေများ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်ရိုက်ခတ်နေပါစေ သူ့အပေါ် သက်ရောက်မှုလုံးဝမရှိရပေ။ ပြောရရင်တော့ လူငယ်၏ဆံချည်မျှင်တစ်မျှင်ကိုပင် လှုပ်ခတ်သွားစေခြင်းမရှိခြင်းဖြစ်သည်။
“ဒါဂျူနီယာညီလေး ဖုန်းထျန်းယွမ်လားပဲ? သူကျင့်ကြံနေတဲ့ ကျင့်စဉ်ကိုကြည့်ပါဦး ဒီလောက်အဝေးကနေတောင်မှ သူ့ရဲ့အော်ရာတွေကို ပြင်းပြင်းထန်ထန် ခံစားမိနေတယ်… သူလဲ သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်ကို ကျင့်နေတာပဲဖြစ်ရမယ်…”
သူ့စကားဆုံးသွားသည်နှင့် ရုတ်တရက်ဆိုသလို တချိန်လုံးငြိမ်သက်နေခဲ့သည့် ဖုန်းထျန်းယွမ်၏မျက်ခွံများကို ပွင့်လာခဲ့သည်။ မျက်ဝန်းအစုံထဲမှာတော့ ပဲကြီးစေ့ခန့်အလင်းဖျဖျလင်းလက်နေကာ စူးရှသည့်အကြည့်များဖြင့် ယွင်လီကောကို တန်းကြည့်လာသည်။
ယွင်လီကော မျက်ခုံးများတွန့်ချိုးသွားလေသည်။ သူ့ကိုယ်ထဲမှ ရှေးဟောင်းဧကရာဇ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ကာ ဖုန်းထျန်းယွမ်၏ အားကောင်းလှသည့် အော်ရာတို့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဗုန်း!
ရုတ်ချည်းဆိုသလို သိပ်သည်းလှသည့်အင်အားနှစ်ရပ်ကြောင့် ရေမျက်နှာပြင်ပေါ်တွင် ပြင်းထန်သည့်ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့သည်။ ရေပန်းထောင်ဖွင့်လိုက်သလို ကန်ထဲမှရေများမိုးပေါ်သို့ ပေါက်ကွဲတက်သွားကာ မီတာ၁၀၀လောက်အထိပင် မြင့်သွားပုံရသည်။
ထိုရေပွက်ကြီးပြန်ကျလာသည်နှင့် ကန်ထဲရှိရေများကို ရိုက်ခတ်သွားကာ နေရာအနှံ့သို့ စင်ထွက်သွားစေသည်။
“ကျွတ်.. ကျွတ်..ကျွတ်… ဆိုးတော့မဆိုးဘူးပဲ။ ဆရာကိုယ်တိုင်ရွေးခဲ့တဲ့တပည့်လို့မဆိုရဘူး… အော်ရာလေးတစ်ခုကတင်ကို လွန်လွန်ကဲကဲဖြစ်နေပြီ။”
“ဆရာလား?”
ဖုန်းထျန်းယွမ် မျက်ခုံးတို့ပင့်တက်သွားကာ ထိုတော့မှ အခြေအနေကို သဘောပေါက်သွားလေသည်။ ဒါနဲ့ သူလဲ အမြန်ပဲ ရေထဲမှပြေးတက်လာကာ လက်နှစ်ဖက်ယှဉ်၍ ခပ်သာသာဦးညွှတ်လိုက်သည်။
“စီနီယာအစ်ကိုကြီးကို ထျန်းယွမ်နှုတ်ဆက်ပါတယ်..”
တစ်ဖက်လူက သူ့ကို စီနီယာအစ်ကိုကြီးဟုခေါ်လိုက်သည်အား ကြားလိုက်ရတာကြောင့် ယွင်လီကော၏နှလုံးသားထဲ ရွှင်မြူးသွားတော့သည်။
သို့သော်လည်း အပြင်ဘက်မှာတော့ ဟန်ဖြင့်ပန်ဖြင့် လက်ကိုအသာဝှေ့ယမ်းလိုက်သည်။
“ဂျူနီယာညီလေး အဲ့လောက်ထိ ယဉ်ကျေးမနေပါနဲ့.. ထပါ…”
“ကျေးဇူးတင်ပါတယ်.. စီနီယာအစ်ကိုကြီး…”
“ဘယ်လိုလဲ? ကျီရွှေ့တောင်မှာနေရတာ တစ်ခုခုအသားမကျသေးတာများရှိလား?”
“စီနီယာအစ်ကိုကြီးကို ပြန်ဖြေပါတယ်… ကျီရွှေ့တောင်က အရမ်းကိုကောင်းတဲ့နေရာပါ… နှစ်၂၀အတွင်း ကျွန်တော်နေခဲ့တဲ့အထဲ ဒီနေရာက အကောင်းဆုံးပါပဲ..”
ယွင်လီကော ပြုံးကာ ခေါင်းတညိတ်ညိတ်နှင့်ရှိလေသည်။
“ဒါပေါ့.. အကောင်းဆုံးပဲ.. မင်းလိုအပ်တာတစ်ခုခုရှိရင် ငါ့ကိုအချိန်မရွေးသာပြော..”
“ဟုတ်ကဲ့.. ပြောပါ့မယ်…ကျေးဇူးပါ၊ စီနီယာအစ်ကိုကြီး…”
“အဲ့လောက်ထိ ယဉ်ကျေးနေဖို့မလိုပါဘူး.. ကျီရွှေ့တောင်ရဲ့ တပည့်ခေါင်းဆောင်အနေနဲ့ ငါ့ရဲ့ဂျူနီယာညီငယ်၊ ညီမငယ်တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရမှာ သဘာဝပဲလေ… ဒီမှာ ဆရာမင်းကိုပေးခိုင်းထားတဲ့ စွမ်းအင်အဆီအနှစ်ဆေးလုံးတွေရှိတယ်… မင်းအတွက် အလုံး၁၅၀၀ထားခဲ့ပေးမယ်… ဒါတွေအရင်သုံးထားလိုက်ဦး… မလောက်တော့ရင် ငါ့ဆီထပ်လာတောင်း…”
ဂလု! ဖုန်းထျန်းယွမ် တံတွေးမြိုချမိသွားရသည်။
တကယ်ကို စွမ်းအင်အဆီအနှစ်ဆေးလုံးတွေပါလား။ ပြီးတော့ အလုံး၁၅၀၀တောင်မှ။ အရမ်းကိုများတာပဲ။ ဒါတွေက ဆရာဦးလေးလီတောက်ယန် သူ့ကိုပေးတဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးပေါင်း ၆၆၆၆တုံးထက်တောင်မှ အပုံကြီးသာသေးတယ်။
တကယ်ကိုပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းက အရမ်းအင်အားကြီးတဲ့ ဂိုဏ်းကြီးဖြစ်နေပါလား!
ဒီဂိုဏ်းထဲမှာက လက်သည်းဝှက်ထားတဲ့ကျားတွေ ပုန်းကွယ်နေတဲ့နဂါးတွေနဲ့ ပြည့်နှ်နေတာပဲ။ ဒါကြောင့် ဖုန်းထျန်းယွမ်လဲ သိုသိုသိပ်သိပ်နေသွားဖို့ သူ့ဘာသာသူ သတိပေးလိုက်သည်။
ဖုန်းထျန်းယွမ် ဆေးလုံးများကိုလက်ခံကာ ကျေးဇူးတင်စကားထပ်ပြောလိုက်သည်။ ထို့နောက် ခဏလောက်ငြိမ်သက်သွားကာ ထပ်ပြီး ယွင်လီကော စကားပြန်စလာပြန်သည်။
“ဂျူနီယာညီလေး မင်းက ဒီမှာအသစ်ဆိုတော့ ငါဒီအကြောင်း မင်းကိုမပြောရလောက်သေးဘူး.. ဒါပေမယ့် မင်းကို ပြောထားမှတော့ဖြစ်မယ်.. ငါတို့ရဲ့ကျီရွှေ့တောင်ကို လူတိုင်းဝင်လို့မရမှန်း မင်းလဲသိမှာပေါ့… ဒီတောင်ကိုဝင်နိုင်ပြီး ဆရာ့ရဲ့တပည့်ဖြစ်လာနိုင်တာက ငါတို့ရဲ့၈ဘဝကုသိုလ်ကံကြောင့်ပဲ။”
“ဟုတ်ပါတယ်.. စီနီယာအစ်ကိုကြီးစကားက အမှန်ပါပဲ။”
“ဒါကြောင့် ငါတို့တွေ ဝီရိယရှိရှိအားစိုက်ထုတ် လေ့ကျင့်ကြရမယ်.. ဆရာ့ကို စိတ်ပျက်စေမိလို့မဖြစ်ဘူး။”
“သေချာတာပေါ့! ထျန်းယွမ် ကျီရွှေ့တောင်ကို ရောက်လာကတည်းက တစ်ချက်လေးတောင် အချောင်မခိုရဲခဲ့ပါဘူး.. ဆရာ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်နိုင်ဖို့အတွက် ကျွန်တော်အချိန်တိုင်း ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ပါတယ်။”
ယွင်လီကော ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့… မင်းစဉ်းစားတဲ့နည်းလမ်းက တကယ်ကိုအကောင်းဆုံးပဲ… ဒါနဲ့.. မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ဘယ်လောက်ရောက်နေပြီလဲ?”
“စီနီယာအစ်ကိုကြီး.. ကျွန်တော်က အခု တောင်ပင်လယ် ပထမအဆင့်ကိုရောက်နေတာပါ။”
ယွင်လီကော : “???”
ယွင်လီကော၏အမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်ကို မြင်လိုက်ရတာကြောင့် ဖုန်းထျန်းယွမ်စိတ်ထဲ ရှုပ်ထွေးသွားလေသည်။ သူ့ကျင့်ကြံဆင့်က အရမ်းများနိမ့်နေလို့လားဟုပင် အတွေးဝင်သွားရသည်။ ဒါပေမယ့် စီနီယာအစ်မရဲ့မှတ်စုထဲမှာ ရေးထားသလောက်တော့ စီနီယာအစ်ကိုကြီးရဲ့ကျင့်ကြံဆင့်က စိတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတယ်လို့ ပြောထားတာမဟုတ်ဘူးလား?
အိုး!
ရုတ်တရက် ဖုန်းထျန်းယွမ် အလင်းရသွားလေသည်။ စီနီယာအစ်မရဲ့မှတ်စုက အရင်တုန်းက သူတို့ကျင့်ကြံဆင့်တွေအကြောင်း ရေးထားတာမို့လို့ပဲဖြစ်ရမယ်။ ပြောရရင် ဒီကတပည့်တိုင်းက သိုင်းဘုရင်အဆင့်ကျင့်စဉ်တွေ ကျင့်ကြတာလေ။ ဒီလိုဆိုမှတော့ သူတို့ရဲ့ ကျင့်ကြံဆင့်တွေက သာမာန်ကျင့်စဉ်ကျင့်တာထက် ပိုပြီး အရှိန်မြင့်မြင့်နဲ့ တိုးနေမှာပဲ။ ဒါကြောင့် အစောက စီနီယာအစ်ကိုကြီးက ငါ့လို တောင်ပင်လယ်ပထမအဆင့်လေးကို အထင်မကြီးတော့တာပဲ။
ဖုန်းထျန်းယွမ် တစ်ယောက်တည်း တွေးချင်ရာတွေတွေးနေပြီးနောက် ချက်ချင်းဆိုသလို မတ်မတ်ပြန်ရပ်လိုက်ကာ အလေးအနက်ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး၊ ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံဆင့်က တော်တော်လေးဆိုးရွားနေသေးတယ်ဆိုပေမယ့် ဘာမှမစိုးရိမ်ပါနဲ့… ကျွန်တော် သေချာပေါက် ကြိုးစားကျင့်ကြံပြီး ဆရာ့ကို စိတ်မပျက်စေရအောင် လုပ်ပါ့မယ်!”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၉ ‘ဖုချိုးကျဲယ်သွေးသောက်အဖွဲ့’
ယွင်လီကော : “….”
ယွင်လီကော သူ့ကိုယ်သူ အသုံးမကျဘူးဟု တွေးမိနေချိန်မှာပဲ သူ့အမူအရာကို ဂျူနီယာညီငယ်က တလွဲထင်ကာ အလေးအနက်တွေ ဖြစ်ကုန်လေသည်။ ဖုန်းထျန်းယွမ် သူ့ကို လှောင်နေတာလား တကယ်ပဲ စိတ်ရင်းအမှန်နဲ့ ပြောနေခြင်းလားဆိုသည်ကိုတောင် သူတကယ်မပြောနိုင်တော့ပေ။
အဆုံးမှာတော့ ယွင်လီကော သူ့လည်ချောင်းထဲသို့ ဆန်တက်လာသည့် သွေးများကိုပြန်လည်မြိုချလိုက်ရသည်။
သူ ဖုန်းထျန်းယွမ်ကိုလဲ ဘယ်လိုမှမယှဉ်နိုင်ပြန်ပါလား။
တစ်ဖက်လူကို သူအနိုင်မရနိုင်ဘူးဆိုမှတော့ တစ်ဖက်လူက သူ့ကိုလှောင်နေခြင်းမဟုတ်ဘဲ အလေးအနက်ပြောနေခြင်းဟုသာ တွေးနိုင်ပေတော့သည်။
“ကောင်းတယ်။ မင်းက တကယ်ပဲ ဆရာ့ရဲ့ပျိုးထောင်ပေးမှုနဲ့ ထိုက်တန်တာပဲ။”
“စီနီယာအစ်ကိုကြီး အခုလိုချီးမြှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒါနဲ့ စီနီယာအစ်ကိုကြီးက ကျွန်တော့်ထက်အရင် ကျီရွှေ့တောင်ကို ရောက်ပြီး ဆရာ့နောက် လိုက်ခဲ့တာဆိုတော့ ကျင့်ကြံဆင့်ကလဲ ပိုမြင့်မှာပဲ… ကျွန်တော့်ကို လမ်းညွှန်ပေးလို့ရမလား?”
ယွင်လီကော တံတွေးသီးကာ ချောင်းအနည်းငယ်ဆိုးမိသွားတော့သည်။
“တကယ်တော့ ငါအခုတလော အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကျင့်ကြံရာမှာ အတားအဆီးနဲ့ကြုံနေရတယ်.. ငါပြောလိုက်လို့ မင်းရဲ့ကျင့်ကြံမှုအပေါ်ပါ နှောင့်နှေးမသွားအောင် ဆရာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကာမှ ကိုယ်တိုင်မေးကြည့်လိုက်တာ ပိုကောင်းမယ်။”
ဖုန်းထျန်းယွမ် အလွန်ပူပန်သွားတော့သည်။ “ကျွန်တော်က အခုမှစပြီး ကျင့်ကြံရုံရှိသေးတာပါ… ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ဆရာ့ကို လမ်းညွှန်ပေးဖို့သွားပြောလိုက်ရင် သေချာပေါက် ဆရာဒေါသထွက်သွားပြီး ကျွန်တော့်ရဲ့အရည်အချင်းက အရမ်းညံ့တာပဲလို့ ထင်သွားလိမ့်မယ်.. ကျေးဇူးပြုလို့ စီနီယာအစ်ကိုကြီးကပဲ နည်းနည်းပါးပါးလမ်းပြပေးလိုက်လို့မရဘူးလား.. ထျန်းယွမ် ဒီကျေးဇူးကိုမမေ့ပါဘူး..”
ယွင်လီကော ထပ်ပြီး ချောင်ပိတ်သွားရပြန်သည်။ အကျိုးအကြောင်းပြောပြနေတာတောင် တစ်ဖက်ကလက်မလျှော့သွားတာကြောင့် ပြေးပြီးသာ ရိုက်ချင်လိုက်ချင်သွားတော့သည်။
သို့သော်လည်း ယွင်လီကော အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သွားပြီးတိုက်ခိုက်လိုက်ရင်လဲ သူပဲရှုံးမှာမဟုတ်လား။ အဲ့လိုသာဆို ကိုယ့်အရှက်ကိုယ်ပဲ ပိုခွဲမိပြန်ဦးမယ်။
“ဒါဆိုလဲ မင်းရဲ့ပြဿနာကိုအရင်ပြောကြည့်ပါဦး။”
ဖုန်းထျန်းယွမ်ကတော့ ယွင်လီကောနှင့်မတူစွာ အလွန်ဝမ်းသာသွားလေသည်။
“ကျွန်တော်အခုမှ ဖျက်ဆီး၍မရနိုင်သောရွှေခန္ဓာကျင့်စဉ်ရဲ့ ပထမအဆင့်ကိုပဲကျင့်ရပါသေးတယ်.. ကျွန်တော့်ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက ဘယ်လိုမှကို ဒုတိယအဆင့်ဆီ တက်လို့မရဘူးဖြစ်နေတယ်.. စီနီယာအစ်ကိုကြီး ကျွန်တော့်ကို တစ်ချက်လောက်ကူကြည့်ပေးပါဦး။”
ယွင်လီကော ခဏလောက်တွေးနေလိုက်ပြီးနောက်မှာတော့ ရှေးဟောင်းဧကရာဇ်ကျမ်းထဲမှ စကားလုံးအနည်းငယ်ကို ထုတ်နုတ်ကာ ဆရာကြီးလုပ်လိုက်လေသည်။
“ရှေးအဆိုတွေအရ ကြီးမြတ်တဲ့တောက်ဝါဒသုံးထောင်ကို တစ်စုတည်းပဲလို့ ဆိုကြတယ်.. မင်းမှာ တခြားအနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေမရှိနေဘူးဆိုရင် လက်ရှိသိရှိထားတဲ့ အသိဉာဏ်တွေအားလုံးကို စုစည်းပြီး ကမ္ဘာလောကထဲက ရှိရှိသမျှရင်းမြစ်တွေအားလုံးကို တစ်စုတည်းအဖြစ် ပြောင်းလဲပစ်လိုက်လို့ရတယ်…”
ဖုန်းထျန်းယွမ်က ရှေးဟောင်းဧကရာဇ်သိုင်းကျမ်းကို တစ်ခါမကျင့်ကြံဖူးတာမှမဟုတ်တာ။ ဒီတော့ သူ့ရဲ့ကျင့်စဉ်ထဲက စကားလုံး နည်းနည်းပါးပါးထုတ်သုံးလိုက်လဲ သိနိုင်တာမှမဟုတ်တာ။
ဒီနည်းလမ်းကသာ သူ့ဂျူနီယာဖြစ်တဲ့ ဖုန်းထျန်းယွမ်ကို အရူးလုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲ။ သူမျက်နှာပျက်ရမှာကိုလဲ တစ်ခါတည်းကာကွယ်ပြီးသားလဲ ဖြစ်သွားမယ်။
သို့ပေမယ့် သူ့စကားဆုံးသွားသည့်အချိန်မှာပဲ ဖုန်းထျန်းယွမ်က တစ်စုံတစ်ခုကို ထပ်ခါတလဲလဲ ရေရွတ်နေတော့သည်။ ထို့နောက် တဖြည်းဖြည်းချင်း မျက်လုံးတွေကို မှိတ်ချလိုက်ကာ သူ့ခန္ဓာကိုယ်ထက်မှရောင်ဝါတို့သည်လဲ တရိပ်ရိပ်တိုးများလာခဲ့သည်။
မကြာလိုက်ပါပဲ သူ့ခန္ဓာကိုယ်မှနေပြီး ရွှေရောင်အော်ရာအလင်းတန်းများ ထွက်ပေါ်လာတော့သည်။
သို့သော်လည်း လက်ရှိတွင် ထိုအော်ရာများသည် ယခင်လို ဖုန်းထျန်းယွမ်၏ခန္ဓာကိုယ်နှင့် ဆက်စပ်မနေတော့ဘဲ သူ့ခန္ဓာကိုယ်အပြင်ဘက်ကနေပြီး သူ့ကိုကာကွယ်ပေးနေသည့်ပုံစံဖြင့် ၂မီတာမကမြင့်မားသော ကြီးမားသည့် ရွှေကိုယ်ထည်ကြီးတစ်ခုအဖြစ် သိပ်သည်းစွာ ဖွဲ့တည်သွားလေသည်။
ယွင်လီကောတစ်ယောက်မှာတော့ မှင်သက်နေရသည်။ သူ့မျက်လုံးတွေက မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေကာ ပါးစပ်အဟောင်းသားဖြင့် မေးရိုးပင်ပြုတ်ကျမတတ်အံ့အားသင့်နေလေသည်။
“သူ…သူအတားအဆီးကို ချိုးဖြတ်နိုင်သွားတာလား? ငါ စာကြောင်းလေးနည်းနည်းပါးပါး ရွတ်ပြလိုက်ရုံနဲ့ ဒီကောင်က တကယ်ကြီးချိုးဖြတ်နိုင်သွားတယ်ပေါ့? ဒီလောက်ထိလွန်ကဲစရာလိုလို့လားကွာ? မဖြစ်သေးဘူး ဒီကောင်က ဟက်ကာနဲ့အရမ်းတူတာပဲ.. ငါ့ဆရာ့ကိုသွာအကြောင်းကြားလိုက်သင့်လား?!”
ယွင်လီကော မယုံမကြည်နိုင်ဖြစ်နေရုံသာဖြစ်သည်။ ဒါကလဲ တကယ်ကို မယုံနိုင်လောက်အောင် အံ့အားသင့်ဖို့ကောင်းနေတာကိုး!
သို့သော်လည်း ထိုကြီးမားသည့်ရွှေကိုယ်ထည်ကြီးက အစစ်အမှန်ကို သူ့ရှေ့တွင် ပေါ်ထွက်လာခြင်းဖြစ်နေပြန်သည်။
ထိုအခိုက်အတန့်တွင် ယွင်လီကောကတော့ တော်တော်လေးရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ဒါ့အပြင် သူဘယ်လောက်တောင်မှ သနားဖို့ကောင်းနေမှန်းလဲ သိရှိသွားလေသည်။
သူ့ဂျူနီယာ ညီမရော ညီရောက သူ့ထက်အဆများစွာပိုပြီး သန်မာနေကြတာပဲ။
ဒါတောင် သူက သူ့ဂျူနီယာတွေကို နည်းပေးလမ်းပြပေးပြီး သူ့တို့ကျင့်ကြံခြင်းမှာ အကြံဉာဏ်ပေးချင်နေသေးတယ်.. ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။
တကယ်တမ်း သူကသာ ကြိုးကြိုးစားစား ကျင့်ကြံနေသင့်တဲ့သူ မဟုတ်လား?
ယွင်လီကော သူ့ကိုယ်သူ လူပြတ်တစ်ယောက်လို ခံစားလိုက်ရသည်။
ထို့နောက် ဖုန်းထျန်းယွမ်က ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် မျက်လုံးများပြန်ဖွင့်လာကာ ချက်ချင်းဆိုသလို ယွင်လီကောကို ကျေးဇူးတင်စကားဆိုလိုက်သည်။
“စီနီယာအစ်ကိုကြီး အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ယွင်လီကော၏မျက်နှာကတော့ဖြင့် တွန့်ရှုံ့လို့သွားကာ ချောင်းအသာဟန့်လိုက်ပြီးနောက်၊ “အဟမ်း.. ဟမ်း.. ကျေးဇူးတင်ဖို့မလိုပါဘူး… အားလုံးက မင်းရဲ့သဘောပေါက်နားလည်နိုင်စွမ်းကြောင့်ပဲကို… ကိစ္စမရှိတော့ရင် ငါပြန်လိုက်ဦးမယ်.. ဆက်ပြီးကျင့်ကြံဖို့လိုသေးလို့.. နှုတ်ဆက်ပါတယ်။”
“ကောင်းကောင်း…”
ဖုန်းထျန်းယွမ် သူ့ညာလက်ကိုမြှောက်ကာ နှုတ်ဆက်စကားပြောလိုက်ချင်သော်လည်း သူ့ရဲ့ ‘ကောင်းကောင်းပြန်ပါ’ ဆိုသည့် စကားကို အဆုံးမသတ်နိုင်ခင်မှာတင် သူ့စီနီယာအစ်ကိုကြီးက ထွက်သွားနှင့်ပေပြီ။ ဒါ့အပြင် အလျင်အမြန်ကိုထွက်သွားခြင်းပင်။ အသက်နှစ်ရှိုက်စာလောက်မှာကိုတင် သူ့မြင်ကွင်းထဲကနေ လုံးဝပျောက်ကွယ်သွားသည်အထိကို။
ထိုအချင်းအရာက ဖုန်းထျန်းယွမ်ကို အလေးအနက် သက်ပြင်းတစ်ချက်ချလိုက်စေသည်။
“ဟမ်း… စီနီယာအစ်ကိုကြီးက ကျီရွှေ့တောင်ရဲ့ တပည့်ခေါင်းဆောင်ဆိုတဲ့နေရာနဲ့ တကယ်ကို ထိုက်တန်တဲ့သူပဲ… စကားလုံးအနည်းငယ်လေးနဲ့တင် ငါ့ကိုအတားအဆီးကနေ ချိုးဖြတ်နိုင်အောင် ကူညီပေးသွားနိုင်တယ်။ ကောင်းကင်ဘုံကိုတောင် တုန်လှုပ်စေတဲ့အထိ ဆန်းကျယ်တဲ့ဖြစ်ရပ်ပဲ!”
“ကြည့်ရတာ ဒီကောင်းကင်နတ်ဆိုးဂိုဏ်းမှာ တကယ်ကို လက်သည်းဝှက်ထားတဲ့ကျားတွေ ပုန်းကွယ်နေတဲ့နဂါးတွေနဲ့ ပြည့်နှက်နေပုံပဲ။ ငါ ကျီရွှေ့တောင်ကနေ လျှောက်ထွက်သွားလို့ လုံးဝမဖြစ်ဘူး။ မတော်ရင် ငါ့အသက်အန္တရာယ်ကိုတောင် ထိခိုက်လာသွားစေနိုင်တယ်။”
အဝေးကြီးကိုရောက်သွားပြီဖြစ်သည့် ယွင်လီကောကမှာ ခလုတ်တိုက်လဲမတတ် အပြေးအလွှားဆက်သွားနေတုန်းပင်။
သူ့နှလုံးသားထဲက လောလောလတ်လတ် နာကျင်မှုများကို မြိုသိပ်ရင်း သူ့အိမ်ရှိရာသို့ အလျင်စလိုပြေးသွားနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ သင့်တော်သည့်ကျင့်ကြံဆင့်တစ်ခုသို့မရောက်မချင်း သူ့၏တံခါးပိတ်ကျင့်ကြံခြင်းကနေ မထွက်ဖို့ပါ စိတ်ပိုင်းဖြတ်လိုက်ပေသည်။
အရင်ဆုံးတော့ သေးငယ်သည့်ပန်းတိုင်တစ်ခုကိုသာ ထားရမည်။ ၎င်းကတော့ တစ်လအတွင်း စိတ်ဝိညာဉ် ပဉ္စမအဆင့်ကိုရောက်ကာ တစ်နှစ်အတွင်း တောင်ပင်လယ်အဆင့်ကို တက်နိုင်ဖို့ပင်။ ဆက်ပြီးတော့ ပိုအလှမ်းဝေးသည့် ပန်းတိုင်များအဖြစ် ၂နှစ်အတွင်း ဂျူနီယာညီမကျီကို ကျော်တက်နိုင်ဖို့ရန်နှင့် ငါးနှစ်အတွင်း ဂျူနီယာညီငယ်ကိုကျော်တက်နိုင်ရန်ကိုပါ သတ်မှတ်ထားလိုက်သည်။
……..
တစ်ဖက်မှာတော့ လုရှောင်ယန်သည်လဲ လက်ရှိအခြေအနေများကို ပြန်လည်စမ်းစစ်နေခဲ့သည်။
“လက်ရှိမှာတော့ ငါတို့ တပည့်သုံးယောက်လက်ခံထားပြီးပြီ... သုံးယောက်လုံးကလဲ ‘မြင်းနက်’တွေဆီကနေ ခံထားကြရတာ.. ပြန်ပြီးသင့်မြတ်သွားဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး… တိုက်ခိုက်ရုံပဲရှိတယ်။”
အကြောင်းကတော့ သူက ယွင်လီကောနဲ့ကျန်တပည့်တွေကို ထိုလူများနှင့်ရန်ငြှိုးတို့ကိုဖြေဖျောက်လို့ သင့်မြန်လိုက်ပါဟု နားချနိုင်ခဲ့လျှင်တောင်မှ ထိုတဇွတ်ထိုးဆန်တဲ့ မြင်းနက်တွေကတော့ သေချာပေါက် ယွင်လီကောတို့ကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ဒါပေမယ့် အဓိကပြဿနာကတော့ ထိုမြင်းနက်များ၏ အင်အားပင်။
ထိုမြင်းနက်တွေ ပြောရရင် အဓိကဇာတ်လိုက်များ၏ အင်အားအကြီးဆုံးအရသည်က ထိုလူတို့၏ကံပင်ဖြစ်သည်။ အဓိပ္ပါယ်မရှိလောက်အောင် ကောင်းလွန်းသည့်ကံများပင်။ သာမာန်လူတွေအနေနဲ့ လုံလုံလောက်လောက်ကောင်းတဲ့ကံမရှိပါဘဲ ထိုလူများကို လှောင်ပြောင်စော်ကားခဲ့ပါက ဘယ်လောက်ပဲအင်အားကြီးနေတဲ့သူဖြစ်ပါစေ အဆုံးမှာတော့ အသတ်ခံလိုက်ရမှာပင်။
အဲ့ဒါတွေထက် နောက်ထပ်ပြဿနာတစ်ရပ်လဲ ရှိပြန်သေးသည်။ ထိုမြင်းနက်တွေကို ကျောထောက်နောက်ခံဖြစ်ပေးကြမယ့် မကောင်းဆိုးဝါးအဖိုးကြီးတွေကိုလဲ ရှင်းကြရဦးမည်။
တချို့ကို မိန်းမစိုးအိုကြီးတွေက ကျောထောက်နောက်ခံလုပ်ပေးကြသည်။
တချို့ကျပြန်တော့ နတ်ဆိုးဝိညာဉ်တွေကတောင်မှ ကျောထောက်နောက်ခံလုပ်ပေးကြပြန်သည်။
ဒါတင်မကသေးဘူး ထိုမြင်းနက်များကို လက်ရှိမသေမျိုးဧကရာဇ်တွေ ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတဲ့ဧကရာဇ်တွေက အထောက်အပံ့လုပ်ပေးနေတာမျိုးတောင် ဖြစ်နိုင်သေးတယ်။
သူ့ရဲ့အမိုက်အမဲတပည့်လေး သုံးယောက်မှာတော့ သူတို့ဆရာသခင်ဖြစ်တဲ့ လုရှောင်ယန်တစ်ယောက်သာ ရှိလေသည်။ သူကိုယ်တိုင်ကလွဲလို့ သူ့တပည့်လေးတွေမှာကျ ဘာကျောထောက်နောက်ခံမှရှိမနေဘူးကွ!
ပြီးတော့ ဒီတပည့်သုံးယောက်သည် သိုင်းဘုရင်အဆင့်သို့ရောက်သည်အထိ ကျင့်ကြံနိုင်ကြမည်မှန်သော်လည်း ထိုမြင်းနက်တွေက သိုင်းဘုရင်အဆင့်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အလွယ်လေးရိုက်ချနိုင်သည့်ကံတရားကြီးကလဲ ရှိနေသေးပြန်သည်။
သူတို့သုံးယောက်မှာ သိုင်းဘုရင်အဆင့်ကျင့်စဉ်ရှိနေတယ်ဆိုမှတော့ ထိုမြင်းနက်များတွင်လဲ သေချာပေါက်ကို သိုင်းဘုရင်အဆင့်ကျင့်စဉ်တွေ ရှိနေကြဦးမှာပဲ။
သူတို့သုံးယောက်က မြန်မြန်ဆန်ဆန်ကျင့်ကြံနိုင်တယ်ဆိုပေမယ့် မြင်းနက်တွေက သူတို့ထက်တောင် ပိုမြန်တဲ့အရှိန်တွေနဲ့ ကျင့်ကြံနိုင်ကြပြန်ဦးမယ်။
ဒါတင်ကမသေးဘူး ထိုမြင်းနက်များသည် သာမာန်ကာလျှံကာ လမ်းလျှောက်နေရင်းနဲ့တောင် ခလုတ်တိုက်ပြီး ထိပ်တန်းရှားပါးအဆင့် ဓမ္မရတနာ ဒါမှမဟုတ် သဘာဝရတနာတမျိုးမျိုးကို ရနိုင်တဲ့ ကံတရားကြီးကလဲ ရှိနေပြန်သေးသည်။ ဒီလိုနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်တွေက တစ်ရက်တစ်မနက်နဲ့ တဟုန်ထိုးတိုးတက်သွားပြန်ဦးမည်။ သူတို့အတွက်ကတော့ တခြားလူတွေ ဆယ်စုနှစ်လုံး ထောင်စုနှစ်လုံး ကြိုးစားကျင့်ကြံရမည့် အဆင့်ကို ထမင်းစားရေသောက်သလို အလွယ်တကူ ရောက်နိုင်ကြသည်။
သိုင်းဘုရင်ထိပ်တန်းအဆင့်လက်နက်တွေကိုဆိုလျှင်လဲ ဘာမှမကုန်မကျဘဲ လွယ်လွယ်ကူကူရနိုင်ပြန်သည်။
တခြားကျင့်ကြံသူများကိုဆိုလဲ တစ်ဖက်လူက သူတို့ထက် အဆင့်မြင့်နေရင်တောင်မှ အလွယ်တကူ အနိုင်ရနိုင်သည်။ ဒါတွေကြောင့်ပဲ ထိုမြင်းနက်တွေက ဗီလိန်တွေထက် အမြဲတမ်း ပိုသန်မာနေကြခြင်းဖြစ်သည်။
လုရှောင်ယန်တစ်ယောက် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် သူ့မျက်နှာသာ ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သည်။
“သေစမ်း!”
အဲ့ဒီမြင်းနက်တွေနဲ့ တိုက်ခိုက်ရခြင်းက AK47ကိုင်ထားတဲ့လူကို လောက်လေးခွနဲ့သွားပစ်နေရတာနဲ့ တူမနေဘူးလား။
ဘာမှအသုံးဝင်မနေဘူး။
သို့သော်လည်း လုရှောင်ယန်ကတော့ ဒီအတိုင်းထိုင်မနေနိုင်ပေ။
‘သေဖို့ထိုင်စောင့်နေမယ်’ဆိုသည့်စကားလုံးက သူ၏အဘိဓာန်တွင် မရှိပေ။
ဒါကြောင့် လုရှောင်ယန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ သူ့ရှေ့တွင် ရှိနေသည့် စာရွက်လွတ်တစ်ခုပေါ်တွင် တစ်စုံတစ်ခုကို စတင်ချရေးလိုက်တော့သည်။
ဒီမြင်းနက်တွေကို ရိုက်ချမယ့် အဓိကဗျူဟာကို ‘ဖုချိုးကျဲယ်သွေးသောက်အဖွဲ့’ လို့ နာမည်ပေးမယ်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၃၀ အရိုးဖြူနတ်ဆိုးဂိုဏ်း
ဖုချိုးကျဲယ်သွေးသောက်အဖွဲ့၏ စည်းမျဉ်းနံပါတ်တစ် - ‘တည်ငြိမ်မှု’!
မြင်းနက်တွေရဲ့ ကျင့်ကြံနှုန်း၊ နတ်ဘုရားအဆင့်လက်နက်တွေ၊ နောက်ခံတွေနဲ့ ကံတရားတွေက ငါတို့ ဖုချိုးကျဲယ်အဖွဲ့သားတွေထက် သာလွန်နေတာချည်းပဲ။ ဒီတော့ ငါအပါအဝင် ကျီရွှေ့တောင်ကလူတိုင်း လက်စားချေမှု မပြီးမချင်း သိုသိုသိပ်သိပ်နေပြီး အခြေခိုင်တိုးတက်လာအောင် လုပ်ရမယ်။
လူတိုင်း အနည်းဆုံး တစ်ရက်ကို ၂၅နာရီ၊ တစ်ပတ်ကို ၈ရက်၊ တစ်လကို ၃၂ရက်နဲ့ တစ်နှစ်ကို ၃၆၆ရက်လောက် အမြဲတမ်းကျင့်ကြံမှုကိုပဲ အာရုံစိုက်နေဖို့ လိုအပ်တယ်။
ဖြစ်နိုင်ရင် လုံးဝမတိုက်ခိုက်တာတော့ အကောင်းဆုံးပေါ့။ တကယ်လို့ တိုက်ခိုက်မှဖြစ်တော့မယ်ဆိုရင်လဲ တစ်ဖက်လူကို အမှန်တကယ်သတ်နိုင်ဖို့ သေချာရမယ်။ ပြီးရင်တော့ ရန်သူတွေ ပြန်နလန်ထူနိုင်ဖို့ အခွင့်အရေးတစ်ခုလေးတောင် မကျန်စေရအောင် သူတို့ရဲ့အရိုးတွေကို လောင်ကျွမ်းပစ်ပြီး ဝိညာဉ်ကိုပါ ဖြိုခွဲပစ်ရမယ်။
ဖုချိုးကျဲယ်သွေးသောက်အဖွဲ့၏ ဒုတိယမြောက်စည်းမျဉ်း - ‘အဖွဲ့လိုက်လုပ်ဆောင်မှု’ !
မြင်းနက်တွေရဲ့ အန္တရာယ်ပြုနိုင်မယ့်အဆင့်နဲ့ ပထမစည်းမျဉ်းကို အခြေခံပြီး ဒုတိယစည်းမျဉ်းအနေနဲ့ တစ်ယောက်ချင်းရင်ဆိုင်ဖို့ကို တားမြစ်မည်။ တကယ်လို့များ မဖြစ်မနေ တစ်ယောက်ချင်းတိုက်မှဖြစ်တော့မည်ဆိုလျှင်လဲ ကျန်သည့်အဖွဲ့ဝင်များစွာက အဖက်ဖက်ကနေ ရန်သူကိုဝိုင်းထားပြီး အသင့်အနေအထားရှိနေဖို့လိုသည်။ တစ်ယောက်ချင်းတိုက်ပွဲမှာ အခြေအနေတွေက စီစဉ်ထားသလိုဖြစ်မလာခဲ့လျှင် အဖွဲ့သားများက အထောက်အပံ့ဖြစ်စေလိမ့်မည်…
ရန်သူကို ဝိုင်းထားမည့်အဖွဲ့သားများကိုလဲ ရှေ့တန်းအဖွဲ့၊ အဓိကတိုက်ခိုက်ရေးအဖွဲ့၊ အထောက်အပံ့အဖွဲ့နှင့် လူစားလဲမည့်အဖွဲ့ဟူ၍ အဖွဲ့များ ခွဲထားရပေဦးမည်… ထိုသို့တိုက်ခိုက်ရေးအဖွဲ့များကို စည်းစနစ်ကျကျပူးပေါင်းထားကာ ရန်သူမြင်းနက်တွေ ထွက်ပြေးလွတ်မြောက်ဖို့ လုံးဝမဖြစ်နိုင်အောင် ကြိုတင်အစီအစဉ်ချထားရမည်။
မှတ်ချက် : ထိုအဖွဲ့လိုက်တိုက်ပွဲထဲတွင် လုရှောင်ယန်က သူကိုယ်တိုင်ကို ထည့်တွက်မထားပေ။ အကြောင်းကတော့ သူက ကျီရွှေ့တောင်တစ်ခုလုံး အပြီးသတ် သုတ်သင်မခံရစေရန် ဝှက်ဖဲအနေနဲ့တည်ရှိနေမည်ဖြစ်သောကြောင့်ပင်။
ဖုချိုးကျဲ့သွေးသောက်အဖွဲ့၏ တတိယမြောက်စည်းမျဉ်း - ‘သတင်းအချက်အလက်’ !
မြင်းနက်များသည် သေချာပေါက် ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရမည်မှာ ဧကန်မလွဲပင်။ ဒါကြောင့် ထိုမြင်းနက်များ ကြမ္မာဆိုးဝင်ခဲ့သည့်နေရာတိုင်းကို မှတ်တမ်းထားရပေမည်။
အများအားဖြင့် ထိုသို့နေရာများတွင်ပင် မြင်းနက်များသည် ရတနာပစ္စည်းကောင်းများကို ရှာတွေ့တတ်ကြသည်မဟုတ်လား။ တစ်ခါတစ်လေဆို ဓမ္မရတနာ သို့မဟုတ် အဆင့်မြင့်ကျင့်ကြံခြင်းနည်းစနစ်များထက် သာလွန်ကောင်းမွန်သော ရတနာများကိုလဲ ရှာတွေ့သွားတတ်ကြသေးသည်။
မြင်းနက်များသည် သူတို့ထက်ကျင့်ကြံဆင့်မြင့်ကာ ပိုသန်မာသည့်လူများကိုပင် အနိုင်ယူနိုင်သူများဖြစ်တာကြောင့် ဖုချိုးကျဲယ်အဖွဲ့၏ တိုက်ပွဲစွမ်းရသည်ကို ရင်ဆိုင်ရမည့် မြင်းနက်ထက် အဆင့်နှစ်ဆင့်နိမ့်သည်ဟု ယူဆထားရမည်။ တစ်ဖက်မှာတော့ ထိုမြင်းနက်သည် ကိုယ့်ထက်အဆင့်ကြီးနှစ်ဆင့်ပိုမြင့်သည်ဟု ယူဆထားဖို့လိုကာ စုစုပေါင်းအဆင့်လေးဆင့်ကွာခြားသည်ဟု မှတ်ထားရမည်။
ထိုတွက်ချက်ပုံအရ ကံကြမ္မာရဲ့သားတော်(မြင်းနက်)သည် စိတ်ခန္ဓာသန့်စင်ခြင်းဆိုလျှင် ဖုချိုးကျဲယ်အဖွဲ့သားများသည် ဆရာသခင်အဆင့်တွင်ရှိနေရမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်မည်ဆိုလျှင် ပျက်စီးဆုံးရှုံးနိုင်မှုက ၁၀ရာခိုင်နှုန်းလောက်သာ ရှိပေတော့မည်။ တကယ်လို့ မြင်းနက်က မွေးဖွားမှုအဆင့်ကိုရောက်နေပြီး ဖုချိုးကျဲယ်ဘက်ကတော့ ဆရာသခင်အဆင့်မှာပဲရှိဦးမည်ဆိုလျှင်တော့ တိုက်ပွဲတွင်ထိခိုက်ပျက်စီးနိုင်ချေက ၉၀ရာခိုင်နှုန်းအထိ မြင့်တက်သွားမှာပင်။
ဖုချိုးကျဲယ်သွေးသောက်အဖွဲ့၏ စတုတ္ထမြောက်စည်းမျဉ်း - ‘လျှို့ဝှက်ဆန်းကြယ်မှု’ !
ဖြစ်နိုင်ရင် ဝတ်ရုံတွေ မျက်နှာဖုံးတွေ ဝတ်သွားရင်တော့ အကောင်းဆုံးပေါ့။
ဒီလိုသာဆို လူကြားထဲ တစ်ယောက်ယောက်ကို သတ်လိုက်မိရင်တောင်မှ ကိုယ်ဘယ်သူဆိုတာ ပေါ်သွားမှာမဟုတ်တော့ဘူး။
အဖွဲ့အစည်းနှင့်စည်းမျဉ်းများကို သေချာချမှတ်ပြီးသည့်နောက်မှာတော့ လုရှောင်ယန်လဲ စိတ်လွတ်လက်လွတ် သက်ပြင်းချနိုင်သွားတော့သည်။
ကိုင်ထားသည့် စုတ်တံကိုပြန်ချလိုက်ပြီး မျက်ခုံးနှစ်ခုကြားနေရာကို နှိပ်နယ်နေလိုက်သည်။
“လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။ ငါထပ်တွေးမိတော့မှ ကျန်တာတွေ ထပ်ဖြည့်တာပေါ့။”
နောက်ထပ် ထပ်ပေါင်းထည့်ဦးမည့် အစီအစဉ်ပေါင်းစုံအတွက်ဆိုလျှင် လုရှောင်ရန် အနည်းဆုံး အချိန်လဝက်လောက် ပေးဖို့လိုအပ်သည်။
ဒီလောက်ထိ လုရှောင်ယန် သတိအရမ်းကြီးနေသည်က အလွန်တော့မဟုတ်ပေ။ သာမာန်ဖြတ်သွားဖြတ်လာများနှင့် တိုက်ခိုက်ဖို့ကြုံလာမည်ဆိုလျှင်တောင် သူ့အသက်အန္တရာယ်ကရှိလာလိမ့်မည်မဟုတ်လား။ ဒီတော့ မြင်းနက်လိုကောင်တွေနဲ့ ရင်ဆိုင်ဖို့ဆို ဘယ်လိုလုပ် သတိလက်လွတ်နေလို့ဖြစ်ပါတော့မလဲ?
သူ့မှာသာ မြင်းနက်များတွင်ရှိသည့် ကံကောင်းမှု၏ ဆယ်ပုံတစ်ပုံလောက်လေးရှိနေမည်ဆိုလျှင် ဤမျှလောက် ပူပန်နေဖို့မလိုအပ်ပေ။ ထိုသို့ဆိုလျှင်က နှစ်ဖက် သာတူညီသည့်ပြိုင်ဘက်များဟု သတ်မှတ်၍ရသည်မဟုတ်လား။
သို့သော်လည်း သူ့တပည့်များအားလုံးသည် ဗီလိန်တွေချည်းသာ။
ပြောရရင်တော့ သူ့လက်ထဲတွင် အဆိုးဆုံးကဒ်များကို ကိုင်ထားရခြင်းဖြစ်သည်။
ဒါကြောင့် သေချာသည့်ပြင်ဆင်မှုများလုပ်မထားဘဲနဲ့တော့ လှပသည့်ပြည်တော်ပြန်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးနိုင်ဖို့ဆိုသည်က မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်မှာပဲ သူ့ခန္ဓာကိုယ်ထဲရှိ အော်ရာများက ရုတ်ချည်းဆိုသလို မငြိမ်မသက်ဖြစ်လို့လာခဲ့သည်။ ပြင်းထန်သည့်အော်ရာလှုပ်ခတ်မှုများဖြစ်ပြီးသွားချိန်မှာတော့ သူ့ကျင့်ကြံဆင့်မှာ နောက်တစ်ဆင့်သို့ ထပ်ပြီး ချိုးဖြတ်သွားနိုင်ပြန်ပေပြီ။
အာကာပြင်ပြိုကွဲခြင်း ဆဌမအဆင့်။
“နောက်ထပ်အဆင့်တက်သွားပြန်ပြီပေါ့၊ မဆိုးဘူးပဲ။ ကြည့်ရတာ ငါ့တပည့်တွေ ကြိုးကြိုးစားစား ကျင့်ကြံနေကြပုံရတယ်။ ဝမ့်ခိုက်!”
[လာပြီ.. လာပါပြီ.. ကျွန်တော်ရောက်ပါပြီ.. သခင်ရေ…]
“ငါ့ကို အချက်အလက်ဇယားပြန်ပေးဦး။”
[ကောင်းပါပြီ]
မကြာလိုက်ပါဘဲ ဝမ့်ခိုက်က တပည့်သုံးယောက်၏အချက်အလက်များပါသော ဇယားတစ်ခုကို ထုတ်ပြာလာခဲ့သည်။
ပထမဆုံးအနေနှင့်၊ ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်သည် တောင်ပင်လယ်ပထမအဆင့်မှနေပြီး တောင်ပင်လယ်ဒုတိယအဆင့်သို့ တက်သွားပေပြီ။
နောက်ဆက်ပြီး ကျီဝူရှားကတော့ စိတ်ဝိညာဉ် ဆဌမအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။
နောက်ဆုံးမှာတော့ ယွင်လီကောအကြောင်းကိုပြထားသည်။ သူ့ကျင့်ကြံဆင့်သည်လဲ စိတ်ဝိညာဉ်စတုတ္ထအဆင့်မှ ဆဌမအဆင့်သို့တိုးတက်သွားပေပြီ။
ထိုဇယားကိုမြင်ပြီး ယွင်လီကော မှင်သက်သွားရတော့သည်။
“ဒီကောင်စုတ်လေးတွေ ဘာဖြစ်ကုန်ကြတာလဲ? သူတို့တွေ ကျင့်ကြံဆင့်မြင့်လေ တိုးတက်နှုန်းပိုနှေးလေးဖြစ်ကြရမှာလေ။ ဘယ်လိုလုပ် တိုးတက်နှုန်းက ဒီလောက်တောင် မြန်နေကြရတာလဲ?”
“ထားပါ.. ဘာပဲဖြစ်ဖြစ်ပေါ့.. သူတို့တွေ ကျင့်ကြံဆင့် မြန်မြန်တက်လာတာ ကောင်းသတင်းပဲကို။”
သူတို့သုံးဦး၏ကျင့်ကြံဆင့်များသည် လုရှောင်ယန်၏မျက်လုံးထဲတွင်တော့ လုံလောက်သည်အထိမရှိသေးသော်လည်း တော်တော်လေးတော့ အထင်ကြီးဖို့ကောင်းနေကြသေးသည်။ ပြောရရင် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကမြင့်လာလေ နောက်ပိုင်းဆက်ကျင့်ကြံဖို့ နှုန်းက တဖြည်းဖြည်း ကျဆင်းလာကြလေပင်မဟုတ်လား။ ဒါကြောင့်ပဲ သူတို့တွေ ဘယ်လောက်တောင် ကြိုးစားထားကြမှန်း ပိုမြင်သာကြသည်။
ထိုလူငယ်လေးများသည် သိုင်းဘုရင်အဆင့်ကျင့်စဉ်များကို ကျင့်ကြံနေကြခြင်းလဲဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့ကျင့်ကြံသည့်ကျင့်စဉ်အပေါ် ကိုယ်ပိုင်နားလည်နိုင်စွမ်းကို အခြေခံပြီး ကျင့်ကြံနှုန်းသည်လဲ တဖြည်းဖြည်းမြင့်လာမည်ဖြစ်သည်။
သို့ပေမယ့် သူတို့သည် ဗီလိန်များဖြစ်သည့်အလျောက် ကျင့်စဉ်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်းသဘောပေါက်ကာ နားလည်နိုင်သွားကြမည့် စွမ်းရည်တော့ မရှိကြပေ။
ထိုလူငယ်လေးများသည် အခုလောက်ဆို သူတို့ကျင့်စဉ်၏၂၀-၃၀ရာခိုင်နှုန်းလောက်အထိသာ နားလည်နိုင်ကြဦးမည်ဖြစ်ကာ ကျင့်ကြံနှုန်းကလဲ အမြင့်ဆုံးအခြေအနေသို့ ရောက်ကြဦးမည်မဟုတ်ပေ။
ဝိညာဉ်စွမ်းအားကိုစုပ်ယူနိုင်သည့်အရှိန်သည် ပုံမှန်အတိုင်းရှိမည်ဆိုလျှင် အစပိုင်းတွင်တော့ အဆင့်တက်နှုန်းက သေချာပေါက် မြန်ဆန်နေမည်ဖြစ်သည်။ သို့သော်လည်း အဆင့်တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံနှုန်းမှာ တဖြည်းဖြည်း နှေးကွေးသွားပေလိမ့်မည်။
ဥပမာအားဖြင့်ပြောရလျှင် ဤတစ်ခေါက် လုရှောင်ယန်သည် အာကာပြင်ပြိုကွဲခြင်း သတ္တမအဆင့်မှ အဌမအဆင့်သို့ တစ်ဆင့်သာတက်သွားခဲ့သည်။ ထို့အပြင် သူလက်ခံထားသည့် တပည့်အရေအတွက်ကတော့ နှစ်ယောက်မှ သုံးယောက်ဖြစ်လာနေပြီပင်။
တကယ်လို့ သူကိုယ်တိုင်သာ ကျင့်ကြံနိုင်မည်ဆိုလျှင်…
သူ၏ကျင့်ကြံခြင်းနည်းစနစ်များအပေါ် နားလည်နိုင်သည့်အရှိန်သည် ပြိုင်ဘက်ကင်းကြောင်းတော့ သိထားကြဖို့လိုသည်။
သိုင်းဘုရင်အဆင့်ကျင့်စဉ်တစ်ခုဖြစ်နေလျှင်တောင် ရက်အနည်းငယ်သာ အချိန်ယူပေလိမ့်မည်။ ကျင့်စဉ်တစ်ခုလုံး အပြည့်အဝနားလည်ဖို့ဆို သူ့အတွက် အလွန်ဆုံးမှ ဆယ်ရက်ကျော်လောက်သာ အချိန်ပေးရပေမည်။
ထိုသို့ ၂၀-၃၀ရာခိုင်နှုန်းလောက်သာမဟုတ်ဘဲ အပြည့်အဝနားလည်သွားမှတော့ သူ့ကျင့်ကြံနှုန်းသည်လဲ သေချာပေါက် မြန်ဆန်နေမည်သာ။
သို့သော်လည်း ကျင့်ကြံဖို့ရန်က သူ့ကိုယ်သူသာ အားကိုးနေလို့ မရတော့ပေ။
သိုင်းဘုရင်အဆင့်ကျင့်စဉ်ကြီးရှိနေလျှင်တောင် ပိုမြင့်လာမည့်အဆင့်များကို ချိုးဖြတ်နိုင်ဖို့ရန်အတွက် ဆေးလုံးများ တခြားသောရတနာများကို လိုအပ်လာဦးမည်။
သေချာပေါက် ကောင်းကင်နတ်ဆိုးဂိုဏ်းကနေတော့ ထိုမျှများပြားသည့် အရင်းအမြစ်များ ရနိုင်မည်မဟုတ်ပေ။ သူသာ တပည့်တစ်ယောက်လက်ခံပြီး သူ့တပည့်ကိုအဆင့်တက်အောင်လုပ်ပေးလိုက်မည်ဆိုလျှင်တော့ ဆုလက်ဆောင်များစွာ ရရှိနိုင်ပေသည်။ ဒါကပဲ သူ့တွင်လက်ရှိ,ရှိနေသည့်အရင်းအမြစ်များ၏ လားရာဖြစ်နေသည်။
“ကြည့်ရတာ ငါ့ကျင့်ကြံဆင့်ဆက်ပြီးမြင့်လာဖို့ နောက်ထပ် တပည့်နည်းနည်းလောက် ထပ်ခေါ်ရုံကလွဲမရှိဘူးပဲ။”
“မြင်းနက်တွေကလဲ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာနေဦးမှာပဲ.. ဒီနှုန်းအတိုင်းသာဆို မကြာခင်မှာပဲ သိုင်းဘုရင်အဆင့်တွေ တဖွဲ့လိုက်ကြီးနဲ့တောင် တွေ့လိုက်ရနိုင်တယ်.. အဲ့ဒီအချိန်ကျ ငါကိုယ်တိုင် သိုင်းဘုရင်အဆင့်ရောက်နေရင်တောင် သူတို့တွေကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“ဒါပေမယ့်.. သိုင်းဘုရင်အဆင့်ရောက်နိုင်မယ့်အရည်အချင်းမျိုးရှိတဲ့ တပည့်တစ်ယောက်ရှာဖို့ဆိုတာကလဲ လွယ်တာမဟုတ်ဘူး… ကြည့်ရတာ အရင်ဆုံးဒီသုံးယောက်ကိုပဲ သင်ကြားပေးပြီး သူတို့ကျင့်ကြံခြင်းနည်းစနစ်တွေ ပိုနားလည်လာအောင် လုပ်ပေးရမယ့်ပုံပဲ… ဒီလိုဆို သူတို့ရဲ့ကျင့်ကြံနှုန်းလဲ နည်းနည်းပါးပါး ပိုမြန်လာနိုင်လောက်တယ်။”
“အခုတော့ ငါရထားတဲ့လက်ဆောင်ထုတ်လေးတွေ ဖွင့်လိုက်ရအောင်။”
……
တစ်ချိန်တည်းမှာပဲ ကျီရွှေ့တောင်ခြေတွင် လေထုတ်ကကျုံ့ဝင်သွားကာ ပုံရိပ်တစ်ခု တိတ်တဆိတ်ပေါ်ထွက်လို့လာသည်။
“ငါတို့အရိုးဖြူနတ်ဆိုးဂိုဏ်းရဲ့ဘိုးဘေးက တကယ်ကိုအမျှော်အမြင်ရှိတာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းအခင်းအကျင်းတည်ဆောက်တာကို ငါတို့ကူညီတဲ့အချိန် ဒီကျီရွှေ့တောင်ခြေမှာ ကူးပြောင်းခြင်းအစီအရင်တစ်ခုကိုပါ ထည့်ခဲ့တယ်။ ဒါကြောင့်ပဲ ဂိုဏ်းရဲ့အကာအကွယ်အခင်းအကျင်းကို ကျော်ဖြတ်စရာမလိုဘဲ အလွယ်လေးဝင်လာလို့ရသွားတာ…”