အခန်း (၄၁-၄၅)
Vol. 3 Ch. 41-45
စာစဉ် - ၃
အခန်း ၄၁ အကာအကွယ်အခင်းအကျင်းဆိုင်ရာ စုဝေးပွဲ...
လုရှောင်ယန် ထိုင်ပြီးနောက်တွင် ဂိုဏ်းချုပ်က စကားစပြောလာခဲ့သည်။
"ငါလူတိုင်းကို ဘာလို့ဒီမှာစုခိုင်းလဲဆိုတာ အားလုံးသိပြီးသားဖြစ်မယ်လို့ ငါယုံကြည်တယ်။"
အကြီးအကဲများစွာက ခေါင်းညိတ်ကြသည်။
ဒါနဲ့ ဂိုဏ်းချုပ်ကဆက်ပြီး၊ “အရိုးဖြူနတ်ဆိုးဂိုဏ်းက နေ့ချင်းညချင်း ဖျက်ဆီးခံခဲ့ရတယ်။ ဂိုဏ်းသားတစ်ယောက်မှတောင် မလွတ်မြောက်ခဲ့ဘူး။ တောင်တစ်ခုလုံးတောင် ပြိုကျသွားခဲ့တာ။”
ထိုစကားကို ပြောပြီးသည်နှင့် ခန်းမထဲတွင် အာမေဋိတ်သံများစွာ ထွက်ပေါ်လာသည်။
အကြီးအကဲတိုင်း ထိုအကြောင်းကို သိထားကြသည်မဟုတ်ပေ။
ထိုအကြောင်းကို သိထားသူများသည်လည်း ပြန်ကြားရသည့်အခါ သူတို့၏ ဦးရေပြားတွေ ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ခဏအကြာတွင် ဂိုဏ်းချုပ်သည် ထိုင်ခုံလက်ကိုင်ကို ခေါက်လိုက်သည်နှင့် အားလုံး တဖြည်းဖြည်း စကားပြောတာ ရပ်တန့်သွားသည်။
“ဒီကိစ္စက ဂိုဏ်းပေါင်းစုံကို ထိတ်လန့်စေတယ်။ တစ်ညတည်းနဲ့ အနီးနားမှာရှိတဲ့ ဘယ်ဂိုဏ်းကမှ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်းမရှိဘူး။ ကြီးမြတ်သောကျိုးအင်ပါယာရဲ့ ပထမတန်းစား ဂိုဏ်းတွေကသာ ဒီလို အရာများကို လုပ်ဆောင်နိုင်ကြတယ်။ ဒါ့အပြင် ဂိုဏ်းကြီးတစ်ခုအား အုံလိုက်ကျင်းလိုက်နဲ့ လာ တိုက်ခိုက်ရင် ငါတို့ ဂိုဏ်းသတိမထားမိစရာမရှိဘူး။"
“ဒါ့ကြောင့်၊ ငါနဲ့ တခြား များစွာသော ဂိုဏ်းချုပ်တွေက အရိုးဖြူနတ်ဆိုး ဂိုဏ်းက အင်အားကြီးသူကို စော်ကားခဲ့ဖွယ်ရှိတယ်လို့ ထင်မြင်ယူဆကြတယ်။ ဒီလူရဲ့ ခွန်အားက ကြီးမားပြီး အနည်းဆုံးတော့ အနှစ်သာရခိုင်မြဲခြင်းအဆင့် ရဲ့ အထက် ကျင့်ကြံသူ ဖြစ်ရမယ်။”
ဟစ်..
အားလုံးသည် တညီတညွတ်တည်း ပင့်သက်ရှိုက်မိကြသည်။
အနှစ်သာရခိုင်မြဲခြင်းအဆင့် ကျွမ်းကျင်ပညာရှင်သည် ဤနေရာ၌ အမှန်တကယ် ပေါ်လာခဲ့သည်။ ပြောရရင် အရာအားလုံးကို သူနှစ်သက်သလို ချယ်လှယ်နိုင်မည် မဟုတ်ပေလော။
အနီးနားရှိ ဂိုဏ်းများကြားတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူမှာ ကပ်လျက်က ယုံကြည်အားထားရာဂိုဏ်း၏ အကြီးအကဲဖြစ်သော အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်တွင် ရှိသည်မှာ ယန်ရမ်ကျယ်ဖြစ်သည်ကို သိထားကြသည်။ တခဏချင်းပင် လူတိုင်းသည် အထိတ်တလန့်ဖြစ်သွားကာ တစ်နေ့တွင် ဤပြိုင်ဘက်ကင်းသူ၏ တိုက်ခိုက်ခံရပြီး အသက်ဆုံးရှုံးမည်ကို ကြောက်သွားကြသည်။
ခန်းမတစ်ခုလုံးတွင် လုရှောင်ယန် သည်သာ အမှန်တရားကိုသိသောကြောင့် သူတစ်ဦးတည်းသာ ငြိမ်သက်နေသည်။
“ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုပဲ ပြောမယ်။ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်တွေအားလုံးအနေနဲ့ ဒီကာလအတွင်း ဘယ်သူနှင့်မှ ပဋိပက္ခမဖြစ်သင့်ဘူး။ တကယ်လို့များ ပဋိပက္ခဖြစ်ခဲ့ရင် အဲ့ဒီအတွက် ကိုယ့်ဘာသာ အပြည့်အဝတာဝန်ယူရမယ်။ မင်းကို အစိတ်စိတ်အမြွှာမြွှာ လုပ်ခံရရင်တောင် ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ကူညီမှာမဟုတ်ဘူး။”
“ဒါ့အပြင်၊ ဒီဒီလောက်ကြီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော်ဝင်မိသားစုကနေ စုံစမ်းစစ်ဆေးဖို့ လူတွေ စေလွှတ်မှာပဲ။ ငါတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက တပည့်တွေအားလုံး ဘာမှမသိဘူးလို့ပဲ ပြောရမယ်။ သေချာပေါက် ငါတို့ဒီပြဿနာထဲဝင်ပါဖို့ မသင်ဘူး၊ နားလည်ကြလား?"
"နားလည်ပါပြီ။"
“ဒါဆို ပြဿနာမရှိပါဘူး။ ကောင်းပြီ၊ ဒါတွေက ဒီနေ့ စုဝေးမှုအကြောင်းရင်းပဲ။ အားလုံး ကိုယ့်တောင်ထိပ်ကိုပြန်ပြီး ကိုယ့်တပည့်ကို အသိပေးကြ။”
"အစည်းအဝေး ပြီးပြီ"
ဂိုဏ်းချုပ်က အစည်းအဝေးပြီးဆုံးကြောင်း ကြေညာပြီးနောက် အကြီးအကဲများသည် ဆွေးနွေးရင်းထွက်သွားကြသည်။
ဤကိစ္စသည် လာမည့်ရက်အနည်းငယ်အတွင်း လူတိုင်းအတွက် ဆွေးနွေးရမည့် ခေါင်းစဉ်ဖြစ်လာမည်ဟု ခန့်မှန်းရသည်။
လုရှောင်ယန်သည်လည်း ထွက်သွားတော့မည့် အချိန်တွင် ဂိုဏ်းချုပ်၏ တားဆီးခြင်းကို ခံရသည်။
"ရှောင်ယန် ခဏစောင့်။ ငါမင်းကိုပြောစရာရှိတယ်။"
“ဟုတ်ကဲ့။” လုရှောင်ယန် ရပ်တန့်သွားသည်။
"မင်းမှာ အခုတလော တောင်းဆိုစရာတွေရှိလား? မင်း ကျီရွှေ့ တောင်ထိပ်မှာနေပြီး သိပ်ဆင်းလာတာ မတွေ့ဘူး။"
လုရှောင်ယန် ပြန်ဖြေလိုက်သည်။ “ကျွန်တော့်ရဲ့ အရည်အချင်းက မလုံလောက်ပါဘူး၊ ဒါကြောင့် သဘာဝကျကျပဲ ပိုပြီးတော့ လုံ့လဝီရိယ ရှိသင့်တယ်လေ။ ကျွန်တော့ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ တက်ကြွမှုကို အခွင့်ကောင်းယူပြီး ကျင့်ကြံဆင့်ကို တိုးမြင့်သင့်တယ်။”
ဂိုဏ်းချုပ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။ အဲဒီလိုတွေးရင် အကောင်းဆုံးပါပဲ။ အရည်အချင်းကလွဲလို့ သိုင်းပညာရှင်တစ်ယောက်အတွက် အရေးကြီးဆုံးအရာက လုံ့လဝီရိယပါပဲ။”
သူသည် ခေတ္တတုန့်ဆိုင်းပြီးနောက် မျက်ခုံးပင့်လိုက်ပြီး ရည်ရွယ်ချက်ဖြင့်မေးလိုက်သည်။ "အမ်၊ ရှောင်ယန် မင်းရဲ့ ခွန်အားကို ပိုမြန်မြန် တိုးတက်အောင်လုပ်ဖို့ မတွေးဖူးလား?"
လုရှောင်ယန် အနည်းငယ် မျက်မှောင်ကြုတမိသွားသည်။
“ဟုတ်ကဲ့။ ဒါပေမယ့် ကျွန်တော့ရဲ့ ခွန်အားကို မြန်မြန်ဆန်ဆန် တိုးဖို့က မလွယ်ဘူး။”
“အဲဒါက သိပ်မခက်ပါဘူး။ ရှားပါးတဲ့ သဘာဝရတနာအချို့ကို ရရှိပြီး ပြုပြင်မွမ်းမံလိုက်သရွေ့ ကျင့်ကြံရမယ့်အချိန်ကို တော်တော် သက်သာစေတယ်။”
လုရှောင်ယန် အံ့အားသင့်သွားပြီး တစ်စုံတစ်ခုကို ချက်ခြင်းပင် ယောင်ဝါးဝါး မှန်းဆလိုက်သည်။
ဂိုဏ်းချုပ်သည် သူ့ကို သဘာဝ ရတနာတချို့ ပေးချင်နေတာ ဖြစ်နိုင်သည်။ သို့သော် ဂိုဏ်းချုပ်သည် ကြင်နာမှုသက်သက်ဖြင့် သူ့ကို တစ်ခုခုအလကား ပေးခြင်းမဖြစ်နိုင်ပေ။
"ဂိုဏ်းချုပ်၊ ခင်ဗျား ကျွန်တော့်ကို ခိုင်းစရာတစ်ခုခုရှိလို့လား?"
ဂိုဏ်းချုပ်သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးကာ မျက်လုံးများကိုမှေးကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။
"မင်း..ပီသလိုက်တာ.. ဒါကြောင့် အရင်က လူကြီးတွေက မင်းကို ထက်မြက်တယ်လို့ ချီးကျူးကြတာကိုး။ မင်းကတကယ် ဉာဏ်ကောင်းတာပဲ။"
ခေတ္တရပ်ပြီးနောက် သူကဆက်ပြောသည်။
“ဒီလိုပါ။ လိပ်နက်ဂိုဏ်းကို မင်း ကြားဖူးလား။"
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ ကျွန်တော်ကြားဖူးတယ်။ လိပ်နက်ဂိုဏ်းက ကျွန်တော်တို့ရဲ့ ကြီးမြတ်သောကျိုးမှာ ထိပ်တန်းပထမတန်းစားဂိုဏ်းတစ်ခုပါ။ သူတို့မှာ အဆင့်မြင့်ပညာရှင်တွေများတဲ့အပြင် ဆေးလုံးဖော်စပ်ခြင်း၊ အစီအရင်ချခြင်းတွေမှာလည်း ကျွမ်းကျင်တဲ့သူတွေများတယ်။ ကျွန် ကြီးမြတ်သောကျိုးရဲ့ တောင်ဂိတ်က တောင်တွေကိုကာကွယ်ဖို့အစီအရင်အတော်များများကို လိပ်နက်ဂိုဏ်းက တာဝန်ယူထားတာ။"
ဂိုဏ်းချုပ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မှန်တယ် မင်း ကောင်းကောင်းသိတာပဲ။ လိပ်နက်ဂိုဏ်းက အကာအရံ တည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ခုကျင်းပဖို့ စီစဉ်နေလို့ ကြီးမြတ်သောကျိုးရဲ့ အစီအရင်ပိုင်းမျာ ကျွမ်းကျင်မှုရှိကြတဲ့ ဂိုဏ်းအများအပြားကို လမ်းညွှန်မှုရယူရန် ဖိတ်ခေါ်ထားတယ်။ ဒီအစည်းအဝေးမှာ မင်း ထင်ပေါ်နိုင်ရင် ဆုလာဘ်ပေါင်းများစွာ ရလိမ့်မယ်။"
လုရှောင်ယန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တွန့်ရှုံ့သွားတော့သည်။
ဤကဲ့သို့ အသုံးမဝင်သည့်စုဝေးပွဲမျိုးကို သူမသွားလိုပေ။
ဘယ်လိုဟာသမျိုးလဲ!
သူ့ဘဝရဲ့ အကြီးမားဆုံး ပန်းတိုင်ဆိုသည်က အသရေမဲ့စွာ နေထိုင်ဖို့ပင်။
သူသာ လိပ်နက်ဂိုဏ်း သို့သွားပြီး နေ့ချင်းညချင်း ကျော်ကြားလာပါက၊ ဘယ်လောက်တောင် ဒုက္ခများလိုက်မလဲ။
အနာဂတ်မှာ သူဘယ်ကိုပဲ သွားပါစေ ရည်ရွယ်ချက်ကောင်းရှိသူတွေက ရိုသေလေးစားပြီး ဆရာကြီးလု လို့ ခေါ်ကြလိမ့်မယ်။ မဟုတ်ရင် သူတို့က တိုက်ရိုက်စိန်ခေါ်လိမ့်ဦးမယ်။ မင်းက အခင်းအကျင်းပညာမှာ အရမ်းတော်တတ်နေတဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ဆရာကြီးလု လား? လာ၊ လာ၊ငါတို့ ပြိုင်ကြစို့!
တကယ်လို့ သူသာ ဂရုမစိုက်မိပါဘဲ လူမြင်ကွင်းမှာ တစ်ယောက်ယောက်ကို သတ်မိပြန်ခဲ့လျှင် လူတိုင်းရဲ့ ပစ်မှတ်ထားခြင်းကို ချက်ချင်းခံရပေဦးမည်။
“ဂိုဏ်းချုပ် တကယ်တော့ ကျွန်တော့်ရဲ့ အကာအကွယ်အခင်းအကျင်းပညာက ဒီလောက်ပါပဲ။ လိပ်နက်ဂိုဏ်းမှာ ကျွန်တော့ထက် ပိုတော်တဲ့သူတွေ အများကြီးရှိတယ်။ မသွားသင့်လောက်ပါဘူး။ ကျွန်တော့ရဲ့ရလဒ်တွေသာ ညံ့နေရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုဖြစ်နေမှာ မဟုတ်ဘူးလား?”
ဂိုဏ်းချုပ်က လုရှောင်ယန် ၏ ပုခုံးပေါ် ပုတ်လိုက်သည်။
"မင်းရဲ့ခွန်အားကို ငါယုံတယ်။ စုဝေးပွဲမှာ အဆင့်ကောင်းတစ်ခုရမှာ သေချာတယ်။ ဆုံးဖြတ်ပြီးသွားပြီ။ အကယ်၍ မင်း အဆင့်ကောင်းတစ်ခုရနိုင်ခဲ့ရင် လိပ်နက်ဂိုဏ်းက ဆုလာဘ်အပြင် ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း မင်းကို နောက်ထပ်ဆုတစ်ခု ပေးမယ်။"
လုရှောင်ယန်၏ မျက်နှာသည် မည်းမှောင်လို့သွားပြီး ခါးသီးသလို ခံစားလိုက်ရသည်။ သူ ဘာဆုမှ မလိုချင်ပါဘူးနော် ။ ဒီအတိုင်း သူသည် လူမသိသူမသိလေးနဲ့ အဆင့်တက်သွားချင်ရုံပါ။
စောစောက သူသိခဲ့လျှင် အခင်းအကျင်းကို အသက်သွင်းစဉ်က သူ့အင်အား၏ ဆယ်ပုံတစ်ပုံလောက်သာ အသုံးပြုမိလိမ့်မည်။ သူကိုယ်တိုင်ကိုက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကာအကွယ်အခင်းအကျင်း၏အဆင့်ကို မတန်တဆ အထင်ကြီးခဲ့မိခြင်းပင်။
နောက်ဆုံးတော့ သူ့ဒုက္ခသူရှာမိတာပဲ အဖက်တင်သွားတာပေါ့။
ဆိုရိုးစကားများအရ ဝက်များသည် ဆူဖြိုးမည်ကို ကြောက်ကြပြီး လူတို့သည် ကျော်ကြားမှုကို ကြောက်ရွံ့ကြသည်။ သူနာမည်ကြီးလာသည့်အခါ ကောင်းတာ တစ်ခုမှ ရှိလာမည်မဟုတ်ပေ။
ဒါပေမယ့်.. မေ့လိုက်ပါတော့လေ။ အအရေးအကြီးဆုံးက ဂိုဏ်းချုပ်က သူ့အပေါ် အရမ်းကောင်းနေတာပဲ။ ထို့ကြောင့် သူမျက်နှာသွားပြလိုက်ဖို့သာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သူသွားပြီးလျှင်၊ သူ၏ အခင်းအကျင်းတွင် ကျွမ်းကျင်မှု၏ ၂၀ရာခိုင်နှုန်းလောက်ကိုသာ ပေါ့ပေါ့ပါးပါး ပြသပြီး အလယ်အလတ်ရလဒ်များကို ရရှိစေမည်။ နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းသည် သူ့ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့သည်ကို ထည့်စဉ်းစားမှဖြစ်မည်။
ထိုသို့တွေးပြီးနောက် ဂိုဏ်းချုပ်ဆီ အရိုအသေပေးလိုက်ကာ၊ “အဲ့ဒါဆို ဂိုဏ်းချုပ် ပြောတာကို နာခံပါ့မယ်။ အချိန်ကျရင် အစွမ်းကုန်လုပ်ဆောင်ပါ့မယ်။"
"ကောင်းပြီ ပြီးရင် နောက်လမှာ အတူတူသွားကြရအောင်။ အဲ့အချိန်မှာ မင်း ကောင်းကောင်းစွမ်းဆောင်နိုင်စေရန်အတွက် ဒီလထဲ မကျင့်ကြံနဲ့။ အကာအကွယ်အခင်းအကျင်းပညာကို ကျွမ်းကျင်ဖို့သာ ကြိုးစားလေ့လာ၊ စုဝေးပွဲမှာ အကောင်းဆုံးရလဒ်ရဖို့ သေချာလုပ်၊ မင်းရဲ့လေ့ကျင့်ရေးမှာသုံးဖို့ အဆင့်မြင့်ဝိညာဥ်ကျောက်တုံး ၃၀၀,၀၀၀ ပေးဖို့အတွက် ရတနာတိုက်ကနေ သွားယူလိုက်။"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်…"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး
စာစဉ် - ၃
အခန်း ၄၂ ဆရာဦးလေးလီကလည်း ပုန်းကွယ်နေတဲ့သိုင်းအကျော်အမော်ပဲလား...
လုရှောင်ယန် ခန်းမမှထွက်၍ ဂိုဏ်းချုပ်မှ စီစဉ်ပေးထားသည့် ဝိညဥ်ကျောက်တုံး ယူရန် ဂိုဏ်း၏ရတနာခန်းမသို့ သွားလိုက်သည်။
မလွတ်မြောက်နိုင်တော့ဘူးဆိုမှတော့ ရသမျှပစ္စည်းကိုသာ အိတ်ကပ်ထဲအရင်ထည့်ဖို့တွေးလိုက်သည်။
အကယ်၍ သူသာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ရတနာခန်းမကို သိမ်းနိုင်ခဲ့လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရတနာများနှင့်မယှဉ်နိုင်သော်လည်း သူ ဝိညာဉ်ကျောက်တုံး တော်တော်များများ ပိုင်ဆိုင်နိုင်သေးသည်။ သို့သော် ထိုကိစ္စသည် အနည်းငယ် စွန့်စားလွန်းရာကျနေ၍သာ သူမလုပ်ခဲ့ခြင်းပင်။
သူလိုချင်သည်မှာ အရိုးဖြူနတ်ဆိုးဂိုဏ်း လုံးဝပျော်ကွယ်သွားပြီး ကျီရွှေ့ တောင်ထိပ်၏ လျှို့ဝှက်ချက်ဘယ်တော့မှ မပေါက်ကြားစေရန်ဖြစ်သည်။ သူသာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ရတနာခန်းမကို လောဘတက်ပြီး ဂိုဏ်းသားတစ်ယောက် နှစ်ယောက်ကိုလွတ်စေခဲ့လျှင် ဒုက္ခရောက်သွားလိမ့်မည်။
" အိုး...ရှောင်ယန် မင်းရောက်နေတာပဲ..လာ..ထိုင်"
လုရှောင်ယန် ဂိုဏ်း၏ရတနာခန်းမ သို့ရောက်လာသည်နှင့် အကြီးအကဲများက သူ့ကိုလှိုက်လှဲစွာကြိုဆိုကြသည်။ သူတို့သည် ထိုင်ခုံများထုတ်ပေးကာ ရေနွေးကြမ်းများ တည်ခင်းပေးပြီး အလွန်နွေးထွေးသည်ဟုထင်ရသည်။ ပြီးခဲ့သည့်တစ်ခေါက်လာစဉ်ကနှင့် လုံးဝတခြားစီပင်။
အကြောင်းအရင်းမှာတော့ အကာအကွယ်အခင်းအကျင်းတည်ဆောက်ရာတွင် လုရှောင်ယန်၏ ကျွမ်းကျင်မှုမှာ အားကောင်းလွန်းသောကြောင့် ဂိုဏ်းထဲတွင် အလွန်ကျော်ကြားနေ၍ဖြစ်သည်။
ရတနာခန်းမတွင် အလုပ်လုပ်သည့် အကြီးအကဲအများစုသည် မြေခွေးအိုကြီးများဖြစ်ကြသည်၊ သူတို့သည် အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ မည်သို့ ပြုမူရမည်ကို သိကြလေသည်။
"ရှောင်ယန်...မင်းကြည့်ရတာ အားနေသလိုပဲ ရတနာခန်းမကို ဘာအတွက်လာတာလဲ?"
လုရှောင်ယန်သည် အကြီးအကဲထံမှ ရေနွေးကြမ်းလက်ခံယူပြီး ရေနွေးကြမ်းတစ်ငုံ သောက်ကာ မျက်နှာအမူအရာပြောင်းလဲခြင်းမရှိပဲပြောလိုက်သည်။
"အဲ့တာက ဒီလိုပါ..ဂိုဏ်းချုပ်က ကျွန်တော့ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ယူဖို့ပြောလိုက်တယ်။ သူပြောတာက နောက်လ လိပ်နက်ဂိုဏ်းရဲ့ အခင်းအကျင်းပညာရပ် အကြောင်းဆွေးနွေးပွဲအတွက်ပြင်ဆင်တဲ့အနေနဲ့ အခင်းအကျင်းတည်ဆောက်နည်းအကြောင်းကို သေချာ လေ့လာခိုင်းထားလို့ပါ။"
"အိုး .. သိပြီ.. ငါတို့ မင်းအတွက်ယူပေးမယ်"
ခဏအကြာတွင် အကြီးအကဲများသည် လုရှောင်ယန်အတွက် အိတ်ငယ်တစ်လုံးပြင်ပေးသည်။
လုရှောင်ယန်သည် အိတ်ကိုမကြည့်ပြီး အလေးချိန်မှာ မှားနေသည်ဟု ခံစားမိသည်။ သူ၏ စိတ်အာရုံဖြင့် ကြည့်လိုက်သော် အထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၈၀၀,၀၀၀ ရှိနေသည်ကိုမြင်လိုက်ရသည်။
သေစမ်း..ဤပမာဏမှာ ဂိုဏ်းချုပ်ပြောသောပမာဏ၏ နှစ်ဆကျော်ဖြစ်သည်။
"အကြီးအကဲ ဒီပမာဏကမှားမနေဘူးလား..ဂိုဏ်းချုပ်က ကျွန်တော့ကို ၃၀၀,၀၀၀ ပဲ ပေးမယ်ပြောထားတာ ဒါပေမယ့် အကြီးအကဲတို့က ကျွန်တော့ကို ၈၀၀၀၀၀ တောင်ပေးတယ်...ဂိုဏ်းချုပ် သိသွားရင်.." သူပြော၍မပြီးသေးခင် အကြီးအကဲတစ်ယောက်က သူ၏ လက်ကိုယမ်း၍ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့...ပမာဏက မှန်ပါတယ်...ငါတို့ တကယ်ပဲ ရတနာခန်းမထဲက ၃၀၀,၀၀၀ပဲယူတာပါ။ ကျန်တာက ငါတို့တစ်တွေ ပေါင်းပြီးပေးတာ အကြီးအကဲအုပ်စုထဲဝင်လို့ ဂုဏ်ပြုလက်ဆောင်လို့မှတ်လိုက်..."
လုရှောင်ယန် ငြင်းပယ်လိုက်သည်။
"ဘယ်လိုဖြစ်မှာလဲ...ကျွန်တော်ဘယ်လိုလုပ် ဒါတွေလက်ခံရမှာလဲ?"
"ကိစ္စမရှိပါဘူး..ဒါအနည်းအကျဉ်းလေးပါ..ငါတို့တတွေရဲ့ စေတနာပဲ။"
"ဒါဆို..ကျွန်တော်ယူရမှာလား...?"
"အင်း..အင်း..ယူလိုက်ပါ..မင်းမယူရင် ငါတို့တွေ စိတ်မကောင်းဖြစ်မိလိမ့်မယ်။"
"ဟုတ်ကဲ့ပါ..ဒါဆိုလဲ ကျေးဇူးတင်ပါတယ် အကြီးအကဲတို့..ကျွန်တော် အစီအရင်ကို လေ့ကျင့်ရဦးမှာမို့ မနှောင့်ယှက်တော့ပါဘူး..."
"သွားပါ..လေ့ကျင့်တာက ပိုအရေးကြီးတာပေါ့.. ရှေ့လျှောက် တစ်ခုခုလိုအပ်ပြီး ဂိုဏ်းချုပ်ကိုပြောဖို့ အဆင်မပြေရင် ငါတို့ကိုပြောလို့ရတယ်။ ကိစ္စအားလုံး ကူညီပေးနိုင်မယ်လို့ အာမမခံနိုင်ပေမယ့် ငွေနဲ့ပတ်သက်တာဆိုရင် သေချာပေါက် ကူညီမယ်"
"ကျေးဇူးတင်ပါတယ်"
ရတနာခန်းမမှထွက်လာပြီးနောက် လုရှောင်ယန် သည် ယနေ့ရာသီဥတုမှာ ထူးထူးခြားခြားနေသာနေသည်ဟုထင်ရသည်။
အာဏာရှိသည့်သူတွေ အာဏာကိုစွဲလမ်းကြခြင်းမှာ အံ့သြစရာမရှိတော့ပေ။
ထိုအရာသည် အလွန် တက်မက်စရာကောင်းသည်။
သူသည် လွန်ခဲ့သည့် တစ်လ၊နှစ်လ ခန့်လောက်က လီတောက်ယန်နှင့်အတူ ရတနာခန်းမကို သွားပြီး ဝိညာဉ်ကျောက်တုံး တောင်းခဲ့စဉ် အချိန်ကိုပြန်တွေးမိသွားသည်။ ထိုအချိန်ကဆိုလျှင် သူတို့နှစ်ယောက် ပစ်မှတ်ထားခံခဲ့ရသည်။ သူတို့တွင် ရွေးချယ်စရာ မရှိပါဘဲ ဝိညာဉ်ကျောက်များရရှိရန် တဖက်လူကို အောက်ကျို့ခဲ့ရသည်။ ထို့အပြင် သူတို့သည် တဖက်လူအား လျော်ကြေးအဖြစ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁.၂ သန်း ပေးခဲ့ရသည်။
သို့သော် ယခု သူ ပေါ့ပေါ့ပါးပါး တောင်းဆိုလျှင်ပင် သူတို့သည် နာခံစွာ ဝိညဥ်ကျောက်တုံးများအပြင် လက်ဆောင်များပင် ပေးကြမည်ဖြစ်သည်။
ဤကမ္ဘာမြေပြိုကျပျက်စီးမတတ် ပြောင်းလဲမှုကြောင့် လုရှောင်ယန်၏စိတ်အခြေအနေသည် မည်မျှပင်ကောင်းမွန်နေပါစေ၊ သူသည် အနည်းငယ် စိတ်ခံစားမှုပြင်းထန်နေမိသည်။
သို့သော် အပင်မြင့်လေ လေတိုက်လေဆိုသည်ကိုတော့ သူသိသေးသည်။
ဤအရာသည် အပေါ်ယံတွင် အလွန်ကောင်းပုံရသော်လည်း အာရုံစိုက်ခံရမှုများပြီး မကောင်းသော ရည်ရွယ်ချက်ရှိသူများက သူ့ကို ပစ်မှတ်ထားလျှင် တစ်နေ့တွင် နောက်ကျောဓားထိုးခံရနိုင်သည်။ ထို့ကြောင့် သူသည် အာရုံစိုက်မခံရသော ဘဝဖြင့်သာနေခြင်းဖြစ်သည်။
လုရှောင်ယန် ပြန်မရောက်မီ ကျီရွှေ့ တောင်ထိပ်သို့ လီတောက်ယန် ရောက်ရှိလာသည်။
" လောင်လု မြန်မြန်ထွက်လာဦး...။ ငါမင်းကို ဝမ်းသာစရာ သတင်းလေးတစ်ခု ပြောမလို့..."
သို့သော်လည်း ယခုအချိန်တွင် ကျီရွှေ့ တောင်ထိပ်၌ ယွင်လီကောနှင့် အခြားနှစ်ယောက်သာ ကျီရွှေ့ တောင်ထိပ်၏ စည်းမျဉ်းများကို စာကြည့်ခန်းတွင် ကူးယူနေကြသည်။
ထိုအသံကိုကြားသော် ကျီဝူရှားသည် မထိန်းနိုင်ပဲ မျက်မှောင်ကြုတ်မိသည်။
"အဲ့ဒါဘယ်သူလဲ သူဘာလို့ ဒီလောက်တောင် အရိုအသေမရှိတာလဲ? သူက ငါတို့ဆရာရဲ့ မျိုးရိုးအမည်ကို တိုက်ရိုက်ခေါ်လိုက်တာလား?”
ထိုအခါ ယွင်လီကောက၊ "ဒီအသံကိုနားထောင်ရတာ ကျဲရှီတောင်ထိပ်က ဆရာဦးလေး လီတောက်ယန် ဖြစ်မယ်ထင်တယ်။"
ဖုန်းထျန်းယွမ်ကလဲ "အဲ့ဒါ..သူပဲ"
ကျီဝူရှားကတော့ အေးစက်စွာပြန်ပြောလေသည်။ "ဒါပေမယ့်လည်း သူက ငါတို့ဆရာကို သူ့မျိုးရိုးနာမည်နဲ့ ဒီလိုမျိုး ခေါ်လို့မရဘူး? ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့ဆရာပဲ။ သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ?"
ဖုန်းထျန်းယွမ်သည် လေးနက်သောအမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။
“ဆရာတူအစ်မ၊ မင်း သူ့ကို လျှော့တွက်လို့ မရဘူး။ ဆရာဦးလေးလီကလည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ။ ပြန်တွေးကြည့်တော့ ဆရာ့ရဲ့ တပည့်စဖြစ်ကာစက သူနဲ့တွေ့တယ်။ သူက ကျွန်တော့်ကို နှုတ်ဆက်လက်ဆောင်အဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၆၆၆၆ တုံး ပေးတယ်။ စဉ်းစားကြည့်ပါ။ သူသာ အကောင်သေးသေးလေးသာ ဖြစ်ခဲ့ရင် ငါ့ကို အများကြီး ပေးနိုင်ပါ့မလား?"
“ဟစ်. . နှုတ်ဆက်လက်ဆောင်အဖြစ် ဝိညာဉ်ကျောက်တုံးအများကြီးကိုတောင် ထုတ်ပေးနိုင်တယ်။ သူက အရမ်းချမ်းသာတာမဟုတ်ဘူးလား?” ယွင်လီကော၏ မျက်လုံးများ ပြူးသွားပြီး စုတ်တံကို ချက်ချင်း ချလိုက်သည်။
“ဆရာဦးလေးလီကို ကြိုဆိုဖို့ အပြင်ထွက်ရမယ်။ ဆရာဦးလေးလီ ကို လစ်လျူရှုလို့ မရဘူး။" ထိုစကားပြောပြီး ယွင်လီကော ချက်ချင်း ပြေးထွက်သွားသည်။
နှစ်ယောက်သားသည် သူဘာတွေ တွေးနေသည်ကို မသိပဲမနေပါ။ သို့သော် ဖုန်းထျန်းယွမ်သည် နှုတ်ဆက်လက်ဆောင်ကို လက်ခံရရှိထားပြီးဖြစ်သောကြောင့် နောက်ထပ်လက်ဆောင်တစ်ခု ထပ်မံရရှိရန် မဖြစ်နိုင်ပေ။ ထို့အပြင်၊ ကျီဝူရှားသည် မိန်းကလေးတစ်ဦးဖြစ်ပြီး သူမသည် ယွင်လီကောကဲ့သို့ မျက်နှာအရေ မထူပါ။ ထို့ကြောင့် သူမကတော့ အပြင်မထွက်နေတော့ပေ။
ယွင်လီကော အပြင်သို့ရောက်လာပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ "လီကောက ဆရာဦးလေးလီကို နှုတ်ဆက်ပါတယ်။"
"မင်းက..." လီတောက်ယန် အံ့သြသွားသည်။ သူသည် ရုတ်တရက်ပေါ်လာသည့် ယွင်လီကောကိုကြည့်လိုက်ပြီး သူဘယ်သူလဲဆိုသည်ကို ခဏလောက်မမှတ်မိနိုင်ဖြစ်နေသည်။
"ဒီအငယ် ယွင်လီကောက ကျီရွှေ့ တောင်ထိပ်ရဲ့ အကြီးဆုံးတပည့်ပါ။"
“အို၊ အခုမှ မှတ်မိတယ်။ လောင်လုက သွေးကြောတွေ အားလုံးပျက်စီးနေတဲ့ တပည့်တစ်ယောက် လက်ခံခဲ့တာကို ငါကြားမိတယ်။ အဲဒါမင်းလား?"
“ဟုတ်ပါတယ်၊ ဆရာဦးလေး။” လီတောက်ယန် ခေါင်းညိတ်လိုက်သည်။
“ကြည့်စမ်းပါဦး။ လုံးဝတက်ကြွလန်းဆန်းနေတာပဲ။ မင်းပြန်ပြီး ကျင့်ကြံနေပြီ မဟုတ်လား?"
"မှန်ပါတယ် ဆရာဦးလေးလီ "
“မင်း အခု ကျင့်ကြံနိုင်နေပြီဆိုတော့ ငါ တွန့်တိုနေမှာ မဟုတ်ဘူး။ ဒီမှာ ဒီလက်ဆောင်ကို ယူသွား။"
လီတောက်ယန်သည် စကားပြောရင်း အိတ်ကို ယွင်လီကောထံသို့ ပစ်ပေးလိုက်သည်။
ယွင်လီကောသည် သူ၏ စိတ်အာရုံကို ဖြန့်ကြည့်လိုက်ပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။
အဆင့်မြင့် ဝိညာဉ်ကျောက်၆၆၆၆တုံးဖြစ်လို့နေသည်။
သူ့ ဆရာတူညီလေးပြေတာ တကယ်ကြီး မှန်နေတာပဲ။ ဆရာဦးလေးလီကလည်း ဉာဏ်ရည်ထက်မြက်သော ကျွမ်းကျင်သူတစ်ဦးဖြစ်ရမယ်။
တကယ်တမ်းတွင် လီတောက်ယန်သည် လုရှောင်ယန်က များသောအားဖြင့် တပည့်များကို လက်မခံဘဲ သူ့တွင် တပည့်တစ်ဦး၊ နှစ်ဦးသာရှိသောကြောင့် ထိုသို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လုရှောင်ယန်တွင်သာ တပည့်များစွာရှိပါက၊ တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၆၆၆၆ တုံးစီကို ပေးဖို့ရန် မဖြစ်နိုင်ပေ။
အခုက လုရှောင်ယန်အတွက် သက်သက်သာ လုပ်ပေးခြင်းဖြစ်သည်။
သို့သော် ယွင်လီကောသည်တော့ အကြောင်းအရင်းမှန်ကို မသိဘဲ ချက်ချင်းဆိုသလို ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာဦးလေးလီ။"
“အင်း။” လီတောက်ယန် ခေါင်းညိတ်လိုက်သည်။ "စကားမစပ်၊ မင်းရဲ့ဆရာ ဘယ်မှာလဲ……?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး
စာစဉ် - ၃
အခန်း ၄၃ အကျင့်ပုတ်တဲ့ လီတောက်ယန်
"ဆရာဦးလေးလီ ဆရာက ပြန်မလာသေးပါဘူး။"
"ဟုတ်သားပဲ၊ မင်းရဲ့ဆရာက ဂိုဏ်းချုပ်နဲ့ စကားပြောဖို့ နောက်မှာကျန်ခဲ့တယ်။ သူ ခဏလောက် ပြန်မလာသေးတာ ဖြစ်နိုင်တယ်။ မေ့လိုက်ပါ၊ ငါ သူ့ကိုစောင့်မနေတော့ဘူး။ ငါ ဒီနေ့ စိတ်ကောင်းဝင်နေလို့ ပြိုင်ဘက် သွားရှာပြီး သိုင်းကွက်နည်းနည်းပါးပါး သွားလေ့ကျင့်လိုက်ဦးမယ်။ "
ယွင်လီကော အနည်းငယ်မျှော်လင့်နေမိသည်။ "ဆရာဦးလေးလီကို တိုက်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခု ရှိရမှာ မဟုတ်လား?"
လီတောက်ယန် သည် ဤစကားကိုကြားသောအခါ စိတ်သက်သာရာရသွားသည်။ “လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က မြင့်လား မမြင့်လား အရေးမကြီးပါဘူး။ ငါတို့ အဓိကယှဉ်ပြိုင်ရတာက ကျင့်ကြံဆင့်မဟုတ်ဘဲ နည်းစနစ်နှင့် ခံနိုင်ရည်ပဲ။ ဒါပေမယ့် ငါမင်းကို ကြွားတာ မဟုတ်ဘူး။ ပြိုင်ဘက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လှံတစ်ချောင်းတည်းနဲ့ သူ့ကို ကိုင်တွယ်နိုင်ပါသေးတယ်။”
“ဝိုး...ဆရာဦးလေးလီက အရမ်းတော်တာပဲ။" ယွင်လီကော မထိန်းနိုင်ဘဲ ပင့်သက်ရှိုက်မိသည်။ “ဆရာဦးလေး ကျွန်တော်လည်း လှံအသုံးပြုသူပါ။ သိုင်းကွက်နည်းနည်းပါးပါးလောက် သင်ပေးလို့ရမလား?"
"မင်းက.." လီတောက်ယန် ယွင်လီကောကို သေချာကြည့်လိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါက ကျွမ်းကျင်သူတွေနဲ့ပဲ ယှဉ်ချတာ။ မင်းလိုလူငယ်တစ်ယောက်က အဲဒီလိုကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ မင်းသွားရင် သေချာပေါက် အခြားသူတွေရဲ့ နှိပ်စက်တာကို ခံရလိမ့်မယ်။”
ယွင်လီကော ချက်ချင်း အလေးအနက် ပြောလိုက်သည် "ဆရာဦးလေး ၊ ကျွန်တော် အခု ကျွမ်းကျင်သူတွေနဲ့ မတိုက်နိုင်သေးဘူးဆိုပေမယ့် အားနည်းတဲ့ လူ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကိုတော့ အရင်ထုတ်ရှာနိုင်လောက်မှာပါ။"
"ဟုတ်သားပဲ..." လီတောက်ယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မဆိုးပါဘူး မဆိုးပါဘူး...ကောင်းပြီလေ၊ မင်းက လောင်လုရဲ့ တပည့်ကြီးမို့၊ ငါ သိုင်းယှဉ်ပြိုင်ဖို့သွားတိုင်း မင်းကို ခေါ်သွားပေးမယ်။"
"ကျေးဇူးတင်ပါတယ် ဆရာ ဦးလေး။"
"မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ?"
ယွင်လီကော လီတောက်ယန်အား စိတ်လှုပ်ရှားစွာ ပြန်ဖြေနေချိန်တွင် လုရှောင်ယန်၏ အသံက သူတို့နောက်မှနေ၍ ထွက်ပေါ်လာခဲ့ကာ မကြာခင်မှာပဲ အနားသို့ ရောက်ရှိလာသည်။
ချက်ချင်းဆိုသလို ယွင်လီကောတစ်ယောက် စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ပြန်ဖြေလိုက်သည်။ "ဆရာ၊ ဆရာဦးလေးလီကလည်း လှံအသုံးပြုသူပဲဆိုတော့ ကျွန်တော့်ရဲ့ အမြင်တွေကျယ်လာပြီး တိုက်ခိုက်ရေး အတွေ့အကြုံတွေ တိုးလာဖို့ ကျွန်တော့ကိုအတူ ခေါ်သွားပေးဖို့ပြောနေတာ။”
လုရှောင်ယန်၏ မျက်နှာ ချက်ချင်းမည်းမှောင်သွားကာ ယွင်လီကော၏ တင်ပါးကို ဆောင့်ကန်လိုက်တော့သည်။ “ငါ့**ကိုပဲ တိုးလိုက်။ သူသုံးတဲ့လှံက မင်းသုံးတဲ့လှံနဲ့ မတူဘူး။”
"အမ်...အဲ့ဒါ ဘာလှံမို့လို့လဲ?"
ယွင်လီကော အံ့ဩသွားလေသည်။
လုရှောင်ယန်လည်း သူ့ဖင်ကို နောက်တစ်ကြိမ် ထပ်ကန်လိုက်ပြန်ကာ၊
"ဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ? ကျီရွှေ့ တောင်ထိပ် ရဲ့ စည်းကမ်းချက်တွေအကုန် ကူးပြီးပြီလား?"
“ပြီးခါနီးပြီ…။ ကျွန်တော် အမြန်ဆုံး ကူးနေပါတယ်။ အကြိမ်ပေါင်း ကိုးထောင်ကျော် ကူးပြီးပါပြီ။”
"ဒါဆို နောက်ထပ် အကြိမ် ၅,၀၀၀ ထပ်ကူး။"
"အာ..." ယွင်လီကောခဗျာ ကြောင်အလို့နေတာကြောင့် လုရှောင်ယန် သူ့ကို ဒေါသတကြီး စိုက်ကြည့်မိတော့သည်။
"ဘာ အာ လဲ ? မင်းဖင်တွေယားနေသေးတာလား?"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး။ ကျွန်တော် အခုချက်ချင်းသွားမယ်။ စိတ်မတိုပါနဲ့ ဆရာ...။" ယွင်လီကော ခေါင်းလေးပုဝင်သွားကာ ချက်ခြင်းပင် နာနာခံခံဖြင့် စာကြည့်ခန်းသို့ ပြန်ပြေးတော့သည်။
ထို့နောက် လုရှောင်ယန်သည် လီတောက်ယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “မင်း ငါ့တပည့်ကို နောက်တစ်ခါ လမ်းလွှဲရောက်အောင်လုပ်ဖို့ သတ္တိရှိရင် ငါ့ကို သူငယ်ချင်းအချင်းချင်း မညှာတာတတ်ဘူးလို့ အပြစ်မတင်နဲ့။”
လီတောက်ယန် ပခုံးအသာတွန့်ပြီး သနားစရာကောင်းအောင်ပြောလိုက်သည်။
“ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ သူကိုယ်တိုင်က ငါနဲ့လိုက်ချင်နေတာကို။"
"ဗရမ်းဗတာတွေ တော်လိုက်တော့။" လုရှောင်ယန် ဒေါသတကြီး ပြန်ပြောပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ့အိမ်ထဲ ဝင်သွားလေသည်။
လီတောက်ယန် ချက်ခြင်းပဲ နောက်ကလိုက်သွားကာ " လောင်လု စိတ်မဆိုးပါနဲ့။ နောက်နေတာပါ။ သူတကယ်သွားချင်နေရင်တောင် မင်းခွင့်ပြုချက်မရပဲ ငါ သူ့ကိုခေါ်သွားဖို့ သတ္တိမရှိပါဘူး။”
“မင်းသိတာ ကောင်းပါတယ်။”
“ဟီးဟီး… ဟုတ်ပါတယ်။ ငါက ဘယ်သူမလို့ လဲ? မင်းရဲ့ဒေါသကို သေချာပေါက် ငါသိတာပေါ့။"
နှစ်ယောက်သား ဧည့်ခန်းတွင် ထိုင်ကြသည်။ မကြာခင် ကျီဝူရှားသည် ရေနွေးကြမ်းနှစ်ခွက်နှင့် လမ်းလျှောက်လာသည်။
ကျီဝူရှားကို မြင်လိုက်သည်နှင့် လီတောက်ယန် ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
သိုင်းလောကရှိ အမျိုးသမီးအများစုသည် ကျင့်ကြံခြင်းကြောင့် ဖြူစင်သော အသားအရေနှင့် လှပသော မျက်နှာများ ရှိကြသော်လည်း အလှတရား၏ အထွတ်အထိပ်တွင် ရှိသော ပင်ကိုယ်အလှများနှင့် မနှိုင်းယှဉ်နိုင်ကြသေးပေ။
ကျီဝူရှားသည် ဤအမျိုးအစားတွင် ပါဝင်ပေသည်။
သူမ၏ရုပ်ရည်၊ ခန္ဓာကိုယ် သို့မဟုတ် သူမအရှိန်အဝါပင်ဖြစ်ပါစေ၊ အားလုံးသည် ထို အာကေရှားဂိုဏ်းမှ မိန်မလှများ မယှဉ်နိုင်ကြပေ။
“လောင်လု ဒီနေ့ မင်း အာကေရှားဂိုဏ်းကို ဘာလို့ မသွားတာလဲ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ မင်းရဲ့ ကျီရွှေ့တောင်ထိပ်မှာ အလှလေးကိုဝှက်ထားလို့ကိုး။" ကျီဝူရှား၏ မျက်နှာ နီရဲသွားကာ လုရှောင်ယန်လည်း ဒေါသထွက်သွားတော့သည်။
“ဗရမ်းဗတာတွေ မပြောနဲ့တော့။ ဒါက ငါ့ရဲ့ ဒုတိယတပည့် ကျီဝူရှား ။"
"ဟင်"
လီတောက်ယန် လန့်သွားပြီး ကျီဝူရှားကို ဂရုတစိုက်ကြည့်သည်။ သူသည် ခဏတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည် “လောင်လု မင်းငါ့ကိုပေးခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ယူချင်ရင် မင်းငါ့ကိုပြောလို့ရတယ်။ ငါတို့ရဲ့ဆက်ဆံရေးမှာ ဒီလိုလုပ်စရာ မလိုဘူး။”
"ဆယ်နှစ်ရှိပြီ! ဆယ်နှစ် လုံးလုံး။ မင်း တပည့်တစ်ယောက်မှ မယူခဲ့ဘူး။ အခု ရက်အနည်းငယ်အတွင်းတွင် မင်းမှာ တပည့်သုံးယောက်တောင် ရှိလာတယ်ပေါ့။"
“အဲဒါ မင်းငါ့ကို အပြစ်ပြောလို့မရဘူးလေ။ အဆင့်မြင့် ဝိဉာဉ်ကျောက်တုံး ၆၆၆၆တုံးစီ ငါ့တပည့်တွေကို ပေးဖို့ မင်းကို ငါတောင်းဆိုခဲ့တာမို့လို့လား?"
လီတောက်ယန်၏ မျက်နှာသည် မထိန်းနိုင်ဘဲ ပြင်းထန်စွာ ရှုံ့တွသွားလေတော့သည်။
ကျီဝူရှား ရှေ့မှာမို့ တမင်ပြောနေတာ သေချာတယ်။
ကျီဝူရှားက လည်းသူ့ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေတာကို မြင်ပြီး လီတောက်ယန် အံကြိတ်ကာ နောက်ထပ်လက်ဆောင်တစ်ခု ပေးလိုက်သည် ။ "တူမလေး၊ ဒါက ငါ့ရဲ့ အသိအမှတ်ပြုမှု အမှတ်အသားလေးတစ်ခုပါ။"
“ကျေးဇူးတင်ပါတယ် ဦးလေး။” ကျီဝူရှား သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး အိတ်ကို လက်ခံလိုက်သည်။ ထို့နောက် ရေနွေးကြမ်းခွက်ကို ချပြီး လှည့်ထွက်သွားလေသည်။
လီတောက်ယန်သည်တော့ သူ့နှလုံးသားလေးနာကျင်နေမှုကို သက်သာလို့သက်သာငြား ရေနွေးကြမ်းခွက်ကို ကောက်ယူပြီး တစ်ကျိုက်လောက် သောက်လိုက်သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ?" လုရှောင်ယန် မေးသည်။
ထိုမှသာ လီတောက်ယန်တစ်ယောက် လာရင်းကိစ္စကို မှတ်မိသွားပြီး ထူးထူးခြားခြား ပြုံးလာခဲ့သည်။ " လောင်လု၊ ငါ လောင်ဟွမ်းကို ဘယ်လို နှိပ်စက်ခဲ့လဲ မင်းသိလား ?"
"မသိဘူးလေ။"
"နည်းနည်းလောက် ခန့်မှန်းကြည့်ပါဦး။"
"မခန့်မှန်းတတ်ဘူး။"
“မေ့လိုက်ပါ၊ မေ့လိုက်ပါ။ မင်းက တကယ်ပျင်းတာပဲ။ ငါမင်းကို တိုက်ရိုက်ပြောလိုက်တော့မယ်။ ငါသူ့ကို အာကေရှားဂိုဏ်းဆီ ခေါ်သွားလိုက်တာ။”
"ပြီးတော့ရော.."
"ငါ သူ့အတွက် ၉၉၈တန်ကို မှာပေးလိုက်တယ်။"
"မင်း လည်ပင်းမှာ အနမ်းမှတ်ရာနှစ်ခုကို အတင်းလုပ်သွားတဲ့ အာကေရှားဂိုဏ်းက အကြီးအကဲ ကျန်းတချွမ်ကိုဆိုလိုချင်တာလား ?"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါပဲ.. မင်းကိုငါတစ်ခုပြောပြမယ်။ ငါ သူ့ကို ခေါ်သွားပြီး ကျန်းတချွမ်ကို တိုက်ရိုက်ပဲမှာချပစ်လိုက်တာ။ ပြီးတော့ သူ့ကို လိုက်ပို့ပြီး နောက်လှည့်ပြီး ပြေးလာခဲ့လိုက်တယ်။ ဟီးဟီး… ငါထင်တယ်၊ အခုလောက်ဆို လောင်ဟွမ်းလဲ အရမ်းတွေကြိုးစားရလွန်းလို့ မောနေလောက်ပြီ။”
"မင်း တကယ်ရက်စက်တဲ့ကောင်ပဲ။"
လုရှောင်ယန် ပြောစရာစကားပျောက်ရှနေကာ လီတောက်ယန်မှာတော့ ဝမ်းသာပြီး အပျော်လွန်နေသည်။
“သူနဲ့ ထိုက်တန်တယ်။ သူ့ကို ဘယ်သူကများ ငါ့ကို ဒီလိုထိအနိုင်ကျင့်ဖို့ ခိုင်းလို့လဲ? ဂိုဏ်းချုပ်ရဲ့ စောစောစီးစီး လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်သာ မဟုတ်ရင် ငါ သူ့လက်ထဲ အသတ်ခံရမှာတောင် ကြောက်တယ်။”
"ဒါက မင်းသူ့ရဲ့ ချိန်းတွေ့တာကို ဖျက်စီးမိသွားလို့ပဲလေ။"
"ဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် ငါလုပ်ထားပြီးသား။"
သို့သော်လည်း လီတောက်ယန် ထိုသို့ ရွှင်မြူးနေချိန်တွင် ကြမ်းတမ်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"အကြီးအကဲလု အိမ်မှာရှိလား?"
ထိုအသံကိုကြားသောအခါ ပျော်ရွှင်နေသည့် လီတောက်ယန်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားရတော့သည်။
"ဒီအသံက လောင်ဟွမ်းပဲ။ ဟင့်အင်း၊ သူဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ? လောင်လု မကောင်းတော့ဘူး၊ ပုန်းဖို့နေရာ အမြန်ရှာပေး။ လောလောဆယ် လောင်ဟွမ်း အရမ်းဒေါသထွက်နေမှာ။ သူငါ့ကိုတွေ့ရင် သေချာပေါက်သတ်လိမ့်မယ်!"
သို့သော် သူထလိုက်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲဟွမ်း၏ ပုကွကွပုံရိပ်သည် ခြေလှမ်းကျယ်ကြီးများဖြင့် ရောက်ရှိလာတော့သည်။
"ဟားဟားဟား... အကြီးအကဲလု ၊ ငါ အမောတကော လာလည်တာ မင်း စိတ်မဆိုးဘူးမလား? တောက်ယန် မင်းလည်းဒီမှာဘဲ။"
လီတောက်ယန်တစ်ယောက် ဘောင်းဘီပင် စိုစွတ်စေလုနီးနီး တုန်ယင်နေတော့သည်…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး
စာစဉ် - ၃
အခန်း ၄၄ ဆရာက ဒီမှာပဲ
“အမ်၊ အကြီးအကဲဟွမ်း စကား ကောင်းကောင်း ပြောကြရအောင်လား။ တိုက်ခိုက်တာတွေ မလုပ်ပါနဲ့။ ငါ့ခန္ဓာကိုယ်သေးသေးလေးက မင်းကို ခုခံနိုင်မှာမဟုတ်ဘူး။"
လောင်ဟွမ်း မျက်မှောင်ကြုတ်သွားလေသည်။
"ဘာကိုပြောနေတာလဲ? ငါကမင်းကိုဘာလို့တိုက်ခိုက်ရမှာလဲ? ကျေးဇူးတောင် တင်ရဦးမှာကို။”
လီတောက်ယန်: "....."
သူ၏ စိတ်ရှုပ်ထွေးသွားသောအမူအရာကိုမြင်ပြီး အကြီးအကဲဟွမ်း တဟားဟားအော်ရယ်လိုက်ကာ “တချွမ်နဲ့ ပေါင်းဆုံခွင့်ရတာ အားလုံး မင်းရဲ့ ကျေးဇူးကြောင့်ပဲ။ နောက်မှ မင်းကို ကောင်းကောင်း ကျေးဇူးတင်ရမယ်။"
လီတောက်ယန်၏ မျက်နှာသည် မထိန်းနိုင်ဘဲ အကြီးအကျယ်ရှုံ့တွလို့သွားကာ "ဟမ်?.. အကြီးအကဲဟွမ်းက ဒီရုပ်ဆိုးပြီး ယောက်ျားဆန်တဲ့ အဘွားကြီးနဲ့ တွဲနေတာ များလား?"
လောင်ဟွမ်း၏ အမူအရာမှာ ချက်ချင်း အေးစက်သွားတော့သည်။ "ဘာအဘွားကြီးလဲ? အဲဒါ ငါ့ရဲ့ အဖိုးတန် ချစ်စရာ ၊ ဇီးချိုချဉ်လေး.. ငါတို့အိမ်ထောင်ရေးဖြစ်မြောက်အောင် မင်းလုပ်ခဲ့တဲ့ကျေးဇူးနဲ့ ဒီတစ်ခါတော့ မင်းကိုဗွေမယူဘူး။ အနာဂတ်မှာ သူ့အကြောင်း အဲ့လိုမျိုး မပြောနဲ့။"
လီတောက်ယန် လုံးဝ မှင်သက်နေတော့သည်။ မူလက လောင်ဟွမ်းကို ကြံစည်ချင်ခဲ့ခြင်း ဖြစ်သော်လည်း လောင်ဟွမ်းနှင့် ကျန်းတချွမ်သည် တစ်ယောက်နှင့်တစ်ယောက် သဘောကျနှစ်ခြိုက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ။
သူသည် လောင်ဟွမ်းကို အခန်းရဖို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၉၈ တုံးကိုတောင် သုံးခဲ့ရသော်လည်း ယခုမူ သူ အများကြီးဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
လုရှောင်ယန်ကတော့ လက်နှစ်ဖက်ကိုဆုပ်လိုက်ကာ ဂုဏ်ပြုစကားဆိုသည် " အကြီးအကဲဟွမ်းမှာ ဒီလိုမျိုး ဖြစ်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ဒီဂျူနီယာက အကြီးအကဲဟွမ်းကို ကြိုပြီးဂုဏ်ပြုပါတယ်။”
လောင်ဟွမ်းသည် သူ့လက်ကို အသာဝှေ့ယမ်းပြီး ပြုံးလိုက်ကာ ဖိတ်စာနှစ်စောင်ထုတ်ပြီး သူတို့နှစ်ယောက်ကို ပေးလိုက်သည်။
"ကျေးဇူးပါ.. ဒီနေ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတယ် ဆိုတာကို အသိပေးဖို့ လာခဲ့တာ။ နောက် မင်္ဂလာဆောင်နေ့ကျရင် မင်းငါ့ရဲ့ လက်နက်သန့်စင်ရေးတောင်ထိပ်ကို လာပေးဖို့ မျှော်လင့်တယ်။"
"သေချာပေါက်လာပါ့မယ်။" လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ လီတောက်ယန်သည် ဖိတ်စာပေါ်ရှိ ရွှေချည်ကြိုးများကို ကြည့်ကာ မပြောပဲမနေနိုင်ပေ။
“ဘုရားချုပ်၊ ဒါ ရွှေအမည်းလား...အကြီးအကဲဟွမ်း၊ ရွှေအမည်းက စျေးမနည်းဘူး။ မင်္ဂလာဆောင်ဖိတ်စာမှာ သုံးဖို့ ဒီလို အဖိုးတန်ပစ္စည်းတွေကို တကယ်ပဲသုံးခဲ့တယ်ပေါ့။ ဒါက နည်းနည်းတော့ လွန်လွန်းတယ်မဟုတ်လား?”
သူ့စကားကြောင့် အကြီးအကဲဟွမ်း ပြုံးလိုက်သည်။
“အဲဒါကို ပြောရရင် ငါ့ကို ဇနီးကောင်းတစ်ယောက် ရှာပေးတဲ့ မင်းကို ကျေးဇူးတင်ရမယ်။ တချွမ်က အာကေရှားဂိုဏ်းမှာ အနှစ် ၂၀၀ လောက် ငွေကြေးများစွာ စုဆောင်းနိုင်ခဲ့တယ်လေ။ သူမက ခန်းဝင်ပစ္စည်းအဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၁၀၀,၀၀၀ ကနေ ၂၀၀,၀၀၀ ထိ ပေးခဲ့တယ်။”
လီတောက်ယန် အံသြသွားကာ သူ့မျက်နှာသည်တော့ မီးသွေးတုံးလို မည်းမှောင်သွားပြန်သည်။
“အကြီးအကဲဟွမ်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ အကြီးအကဲကျန်းလိုမျိုး အာကေရှားဂိုဏ်းရဲ့ အြီးအကဲတစ်ဦးနဲ့တောင် လက်ထပ်နိုင်တယ်။"
ထိုစကားကြောင့် လောင်ဟွမ်းသည် အနည်းငယ် ဂုဏ်ဆာနေဟန်ပေါ်သွားကာ၊
"ဟုတ်တယ်။ ငါ လောင်ဟွမ်းက အနှစ် ၇၀ နေခဲ့တာ။ ငါ့ဂုဏ်သတင်းအတိုင်းပဲ ဖြစ်ရမှာပေါ့။ ငါ့ဇနီးကို နေရာတင် အပိုင်သိမ်းခဲ့တာ။ ကောင်းပြီ၊ ငါပြန်ပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်ရဦးမယ်။ မင်းတို့နဲ့စကားမပြောနေတော့ဘူး။"
လောင်ဟွမ်း လှည့်ထွက်သွားပြီးနောက် လီတောက်ယန် တစ်ဖက်သို့ ပြန်လှည့်လာပြီး စားပွဲပေါ် မှီကာ ငိုကြွေးတော့သည်။
“ဝူး… ဝူး…. ဒါတော့ အရမ်းလွန်လွန်းတယ်။ ငါချည်းပဲ ဘာလို့ဒီလိုအနိုင်ကျင့်ခံနေရတာလဲ?”
လုရှောင်ယန် သက်ပြင်းအသာချလိုက်သည်။
“မင်း အခု လုပ်သင့်တာက ဒီမှာ ညည်းညူနေဖို့ မဟုတ်ဘူး၊ မင်းကို အကာအကွယ်ပေးဖို့ ကောင်းကင်ဘုံကိုသာ ဆုတောင်းနေသင့်တယ်။ အကြီးအကဲကျန်းသာ တစ်ချိန်က မင်းလည်ပင်းမှာ အနမ်းရာနှစ်ခုရှိခဲ့တာ သူ့မိန်းမကြောင့်ဆိုတာကို အကြီးအကဲဟွမ်း မသိပါစေနဲ့လို့ ဆုတောင်းထားတာ ပိုကောင်းမယ်။
မွန်းတည့်ချိန်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသားအများစုသည် အကြီးအကဲဟွမ်း၏မင်္ဂလာပွဲသို့ တက်ရောက်ရန် လက်နက်သန့်စင်ရေးတောင်ထိပ် သို့ ဖိတ်ကြားခံခဲ့ရသည်။
အကြီးအကဲကျန်း၏ အဆက်အသွယ်သည် ကျယ်ပြန့်လွန်းသောကြောင့်ဖြစ်မည် ကောင်းကင်နတ်ဆိုး ဂိုဏ်းအပြင် မြင့်မားသော ကျင့်ကြံဆင့်ရှိသူအများအပြားသည်လည်း စားပွဲခြောက်လုံးတွင်ထိုင်နေကြသည်။ အနီရောင်စာအိတ် အရေအတွက်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူအရေအတွက်ထက်ပင် ပိုများနေကာ စားပွဲနှစ်ခုလုံး ပြည့်နေသည်။
အရက်ကို သုံးခွက်သောက်ပြီးနောက် လုရှောင်ယန် ကျီရွှေ့ တောင်ထိပ်သို့ ပြန်သွားခဲ့သည်။
အရက်မူးနေသော လီတောက်ယန်ကိုလည်း လုရှောင်ယန်ကပဲ ကျီရွှေ့ တောင်ထိပ်သို့ ပြန်ခေါ်လာသည်။
ထို့နောက် ယွင်လီကော နှင့် အခြားသူများကိုခေါ်ကာ သူတို့နှင့်သက်ဆိုင်ရာကျင့်ကြံခြင်းနည်းစနစ်များကို တစ်ယောက်ချင်းရှင်းပြသည်။
သူကတော့ နောက်လတွင် လိပ်နက်ဂိုဏ်းကို သွားရပေမည်။ လိပ်နက်ဂိုဏ်းတွင် အနှစ်သာရခိုင်မြဲခြင်းအဆင့် ကျင့်ကြံသူများစွာက ဂိုဏ်းကို ချုပ်ကိုင်ထားသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှာဆိုလျှင် သူ၏ကျင့်ကြံဆင့်နှင့်ပတ်သက်၍ ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ရပေ။ ပြောရရင် သူ့အဆင့်သည် အာကာပြင်ပြိုကွဲခြင်းအဋ္ဌမအဆင့်တွင် ရှိနေသည်မဟုတ်လား။ သို့သော် ဤကျင့်ကြံဆင့်သည် လိပ်နက်ဂိုဏ်း တွင် အနည်းငယ် အားနည်းသည့်ဘက်ရောက်သည်။
သူ့တပည့်တွေကို ကျင့်ကြံခြင်းနည်းစနစ်များကို ရှင်းပြခြင်းဖြင့် သူတို့ကို သဘောတရားများကို ပိုမိုနားလည်သဘောပေါက်စေရန် ကူညီပေးနိုင်သွားမည်။ ထို့နောက်တွင်တော့ သူတို့၏ ကျင့်ကြံခြင်း အရှိန်က ပိုမြန်လာလိမ့်မည်။ လုရှောင်ယန်သည် သူလိပ်နက်ဂိုဏ်းသို့ မသွားမီ သူတို့၏ ကျင့်ကြံဆင့် ပိုမြင့်လာစေဖို့ မျှော်လင့်နေခြင်းပင်။
"ဆရာ့ကို နှုတ်ဆက်ပါတယ်။" သူတို့သုံးယောက်သည် လုရှောင်ယန်၏ ရှေ့သို့ရောက်လာပြီး ညီညီညွတ်ညွတ် ဦးညွှတ်လိုက်ကြသည်။
လုရှောင်ယန် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို အနည်းငယ် မြှောက်လိုက်ကာ၊ "ထိုင်ကြ။"
“ဟုတ်ကဲ့” သုံးယောက်သား တစ်ယောက်ပြီးတစ်ယောက် ထိုင်ကြသည်။
လုရှောင်ယန်က ယွင်လီကောကို အရင်ရှင်းပြသည်။ "လီကော မင်းရဲ့ ရှေးဟောင်းဧကရာဇ်ကျမ်းက စပြီးမကျင့်ကြံခင် ပျက်စီးခြင်းအကြောင်းကို ဦးစားပေးထားတယ်။ မင်းရဲ့ကိုယ်ပိုင် သွေးကြောတွေအကုန်လုံး ပျက်စီးသွားပြီးပြီ။ မင်း ထပ်ပြီးမကျင့်ကြံနိုင်တော့ဘူးလို့ထင်ရပေမယ့် တကယ်တော့ ဒါဟာ သာမန်လူတစ်ယောက်ရဲ့ ချည်နှောင်မှုကနေ မင်းကို လွတ်မြောက်စေခဲ့တာပဲ။ သာမန်လူတစ်ဦးက ကျင့်ကြံဖို့ ဝိညာဉ်စွမ်းအင်တွေ လည်ပတ်ဖို့ သူတို့ရဲ့ နှလုံးသွေးကြောကို အားကိုးဖို့ လိုအပ်တယ်။ ဒါပေမယ့် မင်းက မင်းရဲ့ ဒန်ထျန်နဲ့ တိုက်ရိုက်ကျင့်ကြံနိုင်ပြီး မင်းခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်တွေ ဖြန့်ကျက်လို့ရတယ်။ မင်း အရင်က ရှိခဲ့တဲ့ အတွေးတွေကနေ ခွဲထွက်ရမယ် ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကနေ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို စုပ်ယူနိုင်အောင် ကျင့်ကြံရမယ်။"
လုရှောင်ယန်၏စကားကိုနားထောင်ပြီးသည်နှင့် ယွင်လီကော ချက်ချင်းတင်ပျဉ်ခွေထိုင်ကာ ရှေးဟောင်းဧကရာဇ်ကျမ်းကို စတင်ကျင့်ကြံသည်။
ယခင်က၊ သူသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူသည့်အခါ အမြဲတမ်း ချုပ်တည်းထားခဲ့သည်။ အကြောင်းကတော့ အရင်ကဆို သူ၏ နှလုံးသွေးကြောဖြင့် လေ့ကျင့်သောအခါ၊ အချို့သော ဝိညာဉ်စွမ်းအင် သို့မဟုတ် ဒြပ်စင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် မသင့်တော်သောကြောင့် ဖြစ်သည်။ သူ၏ နှလုံးသွေးကြောသည် အလွန်အားနည်းပြီး တွန်းကန်သည့် တုံ့ပြန်မှု ရှိတတ်သည်။ ထို့ကြောင့် သူသည် ချီသွေဖယ်ခြင်းဖြစ်မှာ ကြောက်နေခဲ့သည်။
သို့သော်၊ သူ့ဆရာသခင်၏စကားကိုကြားပြီးနောက်မှာတော့ သူ့ကိုယ်သူ ထပ်မံ မထိန်းချုပ်တော့ဘဲ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို စိတ်ဆန္ဒရှိသည့်အတိုင်း တိုက်ရိုက်စုပ်ယူလိုက်သည်။ သူ တရားထိုင်သည့် အနေအထားသို့ ရောက်သွားသည်ကိုမြင်သော် လုရှောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကျီဝူရှားကို စိုက်ကြည့်လိုက်သည်။
ကျီဝူရှားသည်လည်း ချက်ချင်းပင် လေးနက်သွားသည်။
“စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကို အဆင့် ကိုးဆင့် ခွဲထားတယ်။ အဆင့်တစ်ခုစီတိုင်းမှာ အယူအဆတွေက သိသိသာသာ ကွဲပြားသွားလိမ့်မယ်။ ဒါပေမယ့် အဆင့်အသစ်တွေက မင်းကို ပိုမိုသန်မာစေတယ်။ ဒီကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုတဲ့အတွက် မင်းက ပြာပုံထဲကနေ ပြန်လည်မွေးဖွားလာတဲ့ ဇာမဏီလိုဖြစ်လိမ့်မယ်လို့ ဆိုလိုတာပဲ။ ဒါ့ကြောင့် မင်း ကျင့်ကြံခြင်းနည်းလမ်းနဲ့ အယူအဆကို ကန့်သတ်ချက်ရောက်တဲ့အထိ ကျင့်ကြံပြီးတဲ့အခါတိုင်း၊ မင်းရဲ့ အတွေးအမြင်တွေကို အသစ်ပြောင်းလဲပြီး နောက်တစ်ဆင့်ရဲ့ ဝိသေသလက္ခဏာတွေကို ခံစားသင့်တယ်။ ပြီးသွားတဲ့ကျင့်ကြံနည်းအတိုင်း ဆက်ပြီးကျင့်ကြံမယ်ရင်တော့၊ မင်းရဲ့ကြိုးစားအားထုတ်မှုက အချည်းနှီးပဲဖြစ်လိမ့်မယ်။”
“နားလည်ပါပြီ ဆရာ။” ကျီဝူရှားသည်လည်း ချက်ချင်း တရားထိုင်လိုက်သည်။
နောက်ဆုံးအနေနှင့် ဖုန်းထျန်းယွမ်၏ အလှည့်ပင်။
"ထျန်းယွမ် မပျက်စီးနိုင်သောရွှေရောင်ကိုယ်ထည်က လူတစ်ဦးရဲ့ ကြံ့ခိုင်ခြင်းနဲ့လုပ်ဆောင်တဲ့နည်းပညာတစ်ခုလို့ထင်ရတယ်။ ဒါပေမယ့် အမှန်တော့၊ အဲ့တာက လူတစ်ဦးရဲ့ စိတ်ဝိညာဉ်နှင့် အသိစိတ်ကို ပေါင်းစပ်ထားတဲ့ ကျင့်ကြံခြင်းနည်းလမ်း တစ်ခုပဲ။ ကိုယ်ခန္ဓာရဲ့ ကြံ့ခိုင်မှုကိုပဲ အားကိုးနေတာက ထူးခြားတဲ့အောင်မြင်မှုရလာမှာ မဟုတ်ဘူး။ အဲ့ဒါဆို မင်းရဲ့ မပျက်စီးနိုင်သော ရွှေရောင်ကိုယ်ထည်က စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ကျင့်ကြံတဲ့ ကျွမ်းကျင်သူနဲ့ တွေ့ရင် အသုံးမဝင်ဖြစ်သွားမယ်လို့ ဆိုလိုမနေဘူးလား?"
"ဟမ်... ဟုတ်သားပဲ။ ကျွန်တော်သိနေတယ်။ တောင်ပင်လယ်တတိယအဆင့်ကို ရောက်ပြီးတဲ့နောက်ပိုင်း ရှေ့ဆက်မတိုးနိုင်တော့ဘူးဖြစ်နေတာ။ အဲဒီတော့ ပြဿနာက ဒါပေါ့။”
ဖုန်းထျန်းယွမ်သည်လည်း ပြောရင်းဆိုရင်း ချက်ချင်းပင်တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံတော့သည်။
လုရှောင်ယန်၏ လမ်းညွှန်မှုဖြင့် သူတို့ သုံးယောက်၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခင်က သူတို့၏ကျင့်ကြံခြင်းမှာ တစ်လနှစ်လကြာ ရပ်တန့်နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့သည် လျင်မြန်စွာ ဖြတ်ကျော်ပြီး သူတို့၏ ကျင့်ကြံဆင့်ကို နောက်တစ်ဆင့်တက်နိုင်လာကြသည်။
သူတို့ကျင့်ကြံဆင့်များ တိုးလာသည်နှင့်အမျှ သူတို့ သုံးဦးသည် ဝိညာဉ်စွမ်းအင်ကို ပိုမိုမြန်ဆန်စွာ စုပ်ယူလိုက်ကြသည်။ အခန်းငယ်လေးတစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်ကို အရုးအမူး စုပ်ယူနေသည်မှာ ရေဝဲတစ်ခုဖြစ်နေသလိုပင် ထင်ရသည်။
သူတို့၏ ခန္ဓာကိုယ်အတွင်း ကျင့်ကြံဆင့်သည် မျက်စိဖြင့် မြင်သာသောနှုန်းဖြင့် အဆက်မပြတ် တိုးလာနေသည်ကို ခံစားသိရှိလိုက်ရာ လုရှောင်ယန်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးညွတ်သွားသည်။
“တကယ်တော့ ဒီလို အမြတ်ထွက်ရတဲ့ ခံစားချက်က တော်တော်လေး ကောင်းတာပဲ…..”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး
စာစဉ် - ၃
အခန်း ၄၅ ကျီရွှေ့တောင်ထိပ်က မကောင်းဆိုးဝါးတွေပြည့်နေတယ်...
တပည့်သုံးယောက်ကို သင်ကြားပေးပြီးနောက် လုရှောင်ယန်သည် ကျီရွှေ့ တောင်ထိပ်တွင် ဝိညာဉ်စွမ်းအင်အကာအရံကို ဖန်တီးလိုက်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ယွင်လီကောနှင့် ကျန်တပည့်နှစ်ယောက်တို့ ဝိညာဉ်စွမ်းအင်ကို ပိုမိုမြန်ဆန်စွာစုပ်ယူနိုင်စေရန်အတွက် ဝိညာဉ်စွမ်းအင်ကို တိုးမြှင့်သွားစေသည်။
ထိုအကာအရံချပြီးနောက် လုရှောင်ယန်သည်လည်း သူ၏ အခန်းထဲကို ပြန်သွားကာ စတင်ကျင့်ကြံတော့သည်။
ယွင်လီကောနှင့်အခြားနှစ်ယောက်ပေါင်း ကျင့်ကြံနှုန်းအရှိန်သည်ပင် သူ့လောက်မမြန်ပေ။
သူတို့သုံးယောက်၏ ကျင့်ကြံမှုနှင့် သူ့ကိုယ်ပိုင် ကျင့်ကြံမှုအပါအဝင် သူ လိပ်နက် ဂိုဏ်းကိုမသွားခင် အနှစ်သာရခိုင်မြဲခြင်းအဆင့်ကို တက်ရောက်နိုင်မလားဆိုတာ သူသိချင်သည်။
“အနှစ်သာရခိုင်မြဲခြင်းအဆင့်ကလူတွေက မြေကြီး၊ ရေ၊ လေနဲ့ မီးကို ရောနှောလို့ရတယ်။ သူတို့မှာ အားသာချက်တွေ အများကြီးရှိတယ်။ သူတို့ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ငါ သိချင်မိတယ်…”
လုရှောင်ယန် ထိုသို့ပြောရင်း တင်ပျဉ်ခွေထိုင်ကာ အားထုတ် ကျင့်ကြံတော့သည်။
အချိန်တွေကုန်တာမြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ညဉ့်နက်နေပြီဖြစ်သည်။ လီတောက်ယန်တစ်ယောက်လည်း အိပ်ချင်မူးတူးဖြင့် နိုးထလာခဲ့သည်။
သူသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး အိပ်ချင်စိတ်ကိုဖျောက်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အခန်းတံခါးကိုဖွင့်ကာ သူ့အင်္ကျီကို ကြယ်သီးတပ်လိုက်သည်။
ဂစ်...
လီတောက်ယန် လေချဉ်တစ်ချက်တက်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ နေရာတိုင်းတွင် မြူမှုန်များဖြင့် ဖုံးလွှမ်းလို့နေသည်။
"ဟင်...ဘာလို့ မြူတွေလဲ? ကျီရွှေ့ တောင်ထိပ်က ပတ်ဝန်းကျင်က မကောင်းပါလား။ ငါ့တောင်ထိပ်လောက် မကောင်းဘူး။”
လီတောက်ယန် ထိုသို့ ရေရွတ်ပြီး တံခါးမှ ထွက်လာသည်။ အအေးဒဏ်က သူ့ကို တိုက်ခတ်လာသော်လည်း ချမ်းအေးမှုကို မခံစားရစေရုံသာမက သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး လန်းဆန်းမှုကို ခံစားရစေသည်။
"အင်း..."
လီတောက်ယန် အံ့ဩသွားပြီး ရုတ်တရက် နိုးလာသည်။ သူ၏ မျက်လုံးတွေကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး ရှေ့ကို လှမ်းကြည့်သည်။
“သေစမ်း...ဒါက မြူမဟုတ်ဘူး။ ဒါက ဝိညာဉ်စွမ်းအင်ပဲ။ ဝိညာဉ်စွမ်းအင်တွေ စုစည်းမှု များလွန်းလို့ မြူခိုးတွေလို ဖြစ်လာတာ။ လောင်လုက ကျင့်ကြံဖို့ အကာအရံ လုပ်ထားတာလား။ သူ တကယ် ကြိုးစားတာပဲ။” လီတောက်ယန် သူ၏လက်ကို နောက်ပစ်ပြီး တောင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။
"တစ်ခါတစ်လေ လောင်လု ဘာလို့များ တစ်ချိန်လုံး ပြင်းပြင်းထန်ထန် ကျင့်ကြံနေတာလဲလို့ စဉ်းစားမိတယ်။ ငါတို့အားလုံးက သာမာန်လူတွေပါ။ ကျင့်ကြံတာကို ပေါ့ပေါ့ပါးပါး လုပ်လို့ရပါတယ်။ အရည်အချင်းမရှိရင် မင်းဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကျင့်ကြံနေပါစေ ထိပ်တန်းအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး။"
သူထိုသို့ ပြောပြီးမကြာခင် ဖြူဖွေးနေသည့် မြူခိုးတွေထဲ လှံတစ်ချောင်းနှင့် ဂုဏ်ယူစွာ ရပ်နေသည့် သူကို တွေ့လိုက်သည်။
"အယ် အဲ့လူကို နည်းနည်းရင်းနှီးနေတယ်။ ဒါ လောင်လုရဲ့အကြီးဆုံးတပည့် ယွင်လီကော မဟုတ်လား?"
“ကျွတ်..ကျွတ် နောက်တောင်ကျနေပြီကို သူကတော့ အပြင်မှာ ကျင့်ကြံနေတုန်းပဲ။ တော်တော်လေးနက်နေတာပဲ။ လောင်လု ရဲ့တပည့်က သူနဲ့တစ်ပုံစံထဲပဲ။”
လီတောက်ယန် သက်ပြင်းတိုတိုချက အကဲဖြတ်နေသည်။
"ဒီကလေး ယွင်လီကောက သူ့သွေးကြောတွေအကုန်လုံး ပျက်စီးသွားတဲ့အထိ အရိုက်ခံခဲ့ရပုံပေါ်တယ်။ လောင်လုက သူ့ နှလုံးသွေးကြောတွေကို ပြုပြင်ဖို့ ကူညီခဲ့ရင်တောင် သူ့အတွက် အများကြီး တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်နဲ့၊ စိတ်ခန္ဓာသန့်စင်ခြင်းဒုတိယ ဒါမှမဟုတ် တတိယအဆင့်ကို ဖြတ်ကျော်နိုင်ရင်ကို သူ့အတွက် မဆိုးပါဘူး။”
သူစကားပြောနေစဉ် ယွင်လီကောသည် ရုတ်တရက် မျက်လုံးပွင့်လာကာ မိုးကြိုး နှစ်စင်း ထွက်ပေါ်လာပြီး မဝေးလှသော သစ်ပင်ဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။
ထို့နောက် ချက်ခြင်းပင်၊ သူ၏လှံကို နဂါးတစ်ကောင်ကဲ့သို့ ပစ်လွှတ်လိုက်လေသည်။
နဂါးဟိန်းသံ...
ယွင်လီကောသည် အော်ဟစ်ပြီး သူ၏လက်ထဲက လှံကို ဝှေ့ယမ်းလိုက်ရာ စူးရှသောအလင်းတန်းသည် ဥက္ကာပျံကဲ့သို့ လွင့်ထွက်သွားပြီး တခဏချင်းမှာပဲ မီတာ ၂၀၀ ကျော် ကျယ်တဲ့ လျှိုကြီးတစ်ခုပင် ဖြစ်သွားစေသည်။
"သေစမ်း.."
လီတောက်ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ် အဟောင်းသားဖြစ်သွားသည်။
ယွင်လီကော၏ တိုက်ခိုက်မှုသည် သူ့ထက်ပင် ပိုပြင်းထန်နေသည်လား?
မှားများမြင်မိတာလား?
ယွင်လီကောသည် ပျက်စီးသွားနေသောသွေးကြောများနှင့် အသုံးမဝင်သူဖြစ်သွားပြီမဟုတ်ဘူးလား? ဤမျှလောက် အစွမ်းထက်သော အစွမ်းသတ္တိနှင့် ခွန်အားကို ဘယ်လိုလုပ်များ ပိုင်ဆိုင်နေတာလဲ?
သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် လအနည်းငယ်သာ နေရသေးသည်။ လုံ့လဝီရိယအပြည့်ဖြင့် ကျင့်ကြံလျှင်ပင် ဤမျှတိုးတက်ဖို့ မဖြစ်နိုင်ပေ။
တစ်ခုခုတော့ မှားနေပြီ။ တစ်ခုခုတော့ အရမ်းမှားနေပြီ။
လီတောက်ယန်၏ မျက်စံအိမ်များသည် ကျဉ်းမြောင်းလာသည်။
ယွင်လီကောက သူလျှိုဖြစ်နိုင်မလား? တခြားဂိုဏ်းတွေကနေပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ သူလျှိုအဖြစ် အထူး ဆောင်ရွက်ဖို့ စေခိုင်းခံထားရသူများ ဖြစ်နေမလား?
"မဟုတ်ဘူး၊ ငါ အမြန်ပြန်သွားပြီး လောင်လုကိုပြောရမယ်။"
သူ ကမန်းကတန်း ပြန်ပြေးသွားသည်။ သူဝေးဝေးမရောက်ခင် အကွာအဝေးတစ်ခုတွင် ပြီးပြည့်စုံသော ပုံရိပ်ကိုတွေ့လိုက်သောအခါ သူရပ်တန့်လိုက်သည်။
"အဲ့ဒါ ကျီဝူရှား လား...သူမလည်း တကယ်ကြီး ညဘက်မှာ ကျင့်ကြံနေတာလား?”
လီတောက်ယန် သိချင်စိတ်အပြည့်ဖြင့် တိတ်တဆိတ် ချဉ်းကပ်ပြီး စိုက်ကြည့်လိုက်သည်။
သိပ်မကြာလိုက်ပါဘဲ ကျီဝူရှား၏နောက်တွင် ဆယ်မီတာမြင့်သော ဇာမဏီသဏ္ဍာန်ပေါ်လာကာ တိုးညှင်းစွာအော်လိုက်သည်။
ဇာမဏီသည် ၎င်း၏အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်သောအခါ၊ ၎င်း၏ရှေ့ရှိ ဝိညာဉ်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော မြူမှုန်များအားလုံးသည် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ခတ်သွားသည်။
"သေစမ်း.."
လီတောက်ယန် ကြောက်ရွံ့တုန်လှုပ်သွားပြန်သည်။ ယွင်လီကော၏ ကျင့်ကြံဆင့်ပင် တော်တော်လေး ပုံမှန်မဟုတ်ပေ။ အခုတော့ သူ့ထက် ပိုပုံမှန်မဟုတ်သည့် ကျီဝူရှား ပေါ်လာပြန်ပြီ။
"ငါပြေးတာ ပိုကောင်းတယ်"
လီတောက်ယန်တစ်ယောက် လုံးဝ သတိမလွတ်ဝံ့တော့ဘဲ လုရှောင်ယန်၏အိမ်သို့ ချက်ချင်း ထွက်ပြေးတော့သည်။
ထိုအချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မနီးမဝေးရှိ အိမ်ငယ်လေးသည် ရွှေရောင်အလင်းတန်းကြောင့် ရုတ်တရက် ပြိုကျသွားသည်။ ချက်ချင်းပင် လီတောက်ယန်သည် ကြီးမားသည့် ရွှေရောင်ဘီလူးကြီးတစ်ကောင် အိမ်ကနေ ထွက်လာတာကို တွေ့လိုက်ရသည်။ တစ်ဖက်သူ၏ ကျင့်ကြံဆင့်သည် သူ၏ ကျင့်ကြံဆင့်ကို အဆင့်တစ်ခုစာလုံး သာလွန်ပြီး တောင်တန်းပင်လယ်ဘုံသို့ ရောက်ရှိနေပြီဖြစ်သည်။
"သေတာပဲ"
ဆက်တိုက် ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကြောင့် လီတောက်ယန်သည် လုံးလုံးလျားလျား ပြိုလဲသွားခဲ့သည်။ သူ အမှန်တကယ်ပင် တုန်လှုပ်သွားကာ ကြောက်ရွံ့မှုကြောင့် မေ့လဲသွားသည်။
အချိန်အတော်ကြာပြီးနောက်၊ လီတောက်ယန်သည် နားထဲတွင် အသံတစ်ခုကြားရပြီး လန့်နိုးလာသည်။
"ဆရာဦးလေးလီ အဆင်ပြေရဲ့လား?"
"သူ သေတော့မှာလား?"
“အဆင်ပြေမှာပါ။ ဆရာဦးလေးလီက သာမန်လူတစ်ယောက်မှ မဟုတ်တာ။”
လီတောက်ယန် ဖြည်းညှင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သော် ယွင်လီကောနှင့် အခြားနှစ်ယောက်ကို တွေ့လိုက်ရသည်။
မျက်လုံးရှစ်လုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြပြီး လေထုသည် ခဏတာ တိတ်ဆိတ်သွားသည် ။
ခဏအကြာတွင် ယွင်လီကော က ပြုံးပြပြီး ပြောသည်။
"ဆရာဦးလေးလီ အဆင်ပြေရဲ့လား?"
“ရပ်လိုက်၊ ငါ့အနားကို မလာနဲ့။ ငါနဲ့ ဝေးဝေး နေပါ။"
လီတောက်ယန်သည် ခုခံကာကွယ်သည့်ပုံစံမျိုး ပြုလုပ်နေတာကြောင့် ယွင်လီကောကို အနည်းငယ် အရှက်ရသွားစေသည်။
သူသည် နှာခေါင်းကို တို့ထိပြီး ချက်ချင်းပြောသည်။
"ဆရာဦးလေးလီ ဘာမှားလို့လဲ? ကျွန်တော်က လီကောပါ။"
လီတောက်ယန်ကတော့ သတိအပြည့်နှင့်ပင်။
"ငါ ရှောင်ယန်ကိုတွေ့ချင်တယ် ရှောင်ယန်ကိုတွေ့ဖို့ ခေါ်သွားပေး။"
"ဒါပေမယ့် ဆရာက တံခါးပိတ်ကျင့်ကြံနေတယ်။"
“ငါ ဂရုမစိုက်ဘူး။ ရှောင်ယန်ကလွဲပြီး တခြားဘယ်သူမှ ရှေ့တိုးမလာနဲ့။ မဟုတ်ရင် မင်းတို့ကို သေတဲ့အထိ တိုက်မယ်။ ပြီးမှ နှလုံးသားမဲ့လို့ ငါ့ကို အပြစ်မတင်နဲ့။"
လီတောက်ယန် ဘာလုပ်နေသည်ကို နားမလည်ကြပဲ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ ထိုသို့ စိတ်ရှုပ်နေစဉ်မှာပဲ လုရှောင်ယန်၏ အသံက အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းတို့ ထွက်သွားလို့ရပြီ။"
“ဆရာ..။”
သုံးယောက်သား လှည့်၍ ဦးညွှတ်ကြသည်။ လီတောက်ယန်သည် သူတို့ သုံးယောက်ကို ဖြတ်ကျော်၍ လုရှောင်ယန် ဆီပြေးသွားကာ၊
"လောင်လု ၊ ငါမင်းကိုပြောမယ်။ မင်းရဲ့ ကျီရွှေ့ တောင်ထိပ်မှာ သူလျှို သုံးယောက် ရှိတယ်။"
လုရှောင်ယန်၏ မျက်လုံးများ အနည်းငယ် ရွေ့လျားကာ ယွင်လီကောနှင့် အခြားနှစ်ယောက်ကို အချက်ပြလိုက်သည်။ သုံးယောက်သား ချက်ချင်းပြန်ဆုတ်သွားကြသည်။ ထို့နောက် လီတောက်ယန်က ဆက်လက်၍ပြောသည်။
“ငါ မင်းကို ပြောပြမယ်။ မင်းရဲ့တပည့်သုံးယောက်ရဲ့ ကျင့်ကြံဆင့်တွေက သောက်ရမ်းကိုမြင့်တာ။ သူတို့ရဲ့ ကျင့်ကြံဆင့်က ငါတို့ထက်တောင် မြင့်သေးတယ်။ ဟို ယွင်လီကောရဲ့ လှံစွမ်းအားက စိတ်ဝိညာဉ်ပဉ္စမအဆင့်ထက် မနိမ့်တာ သေချာတယ်။ ကျီဝူရှားမှာလည်း ကြီးမားလွန်းတဲ့ ဇာမဏီပုံရိပ် ရှိတယ်။ အဲ့ဒီလိုအဆင့်မျိုးရှိတဲ့ ကျင့်ကြံနည်းစနစ်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။"
“ကြောက်စရာအကောင်းဆုံးက မင်းရဲ့အငယ်ဆုံးတပည့် ဖုန်းထျန်းယွမ်ပဲ။ ခန့်မှန်းကြည့်ရသလောက်တင် သူ့ ကျင့်ကြံဆင့်က တောင်တန်းပင်လယ်မှာ ရှိတယ်…."
***
စာစဉ် ၃ ပြီး၏။