အခန်း (၄၆-၅၀)
Vol. 4 Ch. 46-50
စာစဉ် - ၄
အခန်း ၄၆ အနှစ်သာရခိုင်မြဲခြင်းအဆင့်သို့တက်လှမ်းခြင်း
လီတောက်ယန် ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်ဟန်ခြေဟန်တွေရောသုံးကာ ဗရုတ်သုတ်ခပြောပြနေသည်။
သူ့ခမျာ ကြောက်လွန်းလို့ ရူးတော့မလိုပင် ခံစားလို့နေရသည်။
လုရှောင်ယန်၏အကြည့်များသည်တော့ တစ်နည်းတစ်ဖုံ ရှုပ်ထွေးလို့နေသည်။
ကျီရွှေ့တောင်၏လျှို့ဝှက်ချက်ကို လီတောက်ယန် တွေ့ရှိသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ “အဲ့ဒီတော့?”
လုရှောင်ယန် ထူးမခြားနားစွာဖြင့် စကားထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင်လဲ ရွှေရောင်အရိပ်ငွေ့များဖွဲ့တည်လာကာ ချက်ချင်းဆိုသလို မီတာ၈၀ထက်မနည်းမြင့်မားသည့် ရွှေရောင်ကိုယ်ထည်ကြီးတစ်ခုအဖြစ် ဖြစ်တည်သွားသည်။ ၎င်းရွှေရောင်ကိုယ်ထည်ကြီးမှာ မသေမျိုးကမ္ဘာသို့ သက်ဆင်းလာသည့် နတ်ဘုရားတစ်ပါးနှယ် လေထဲတွင် စိတ်အေးလက်အေး ခြေချိတ်ကာ ထိုင်နေလေသည်။
လီတောက်ယန် : “!!!”
“လောင်လု.. မင်း.. မင်း…” လီတောက်ယန် ထိတ်လန့်တုန်လှုပ်ကာ ပြောစရာစကားများ ဆွံ့အသွားတော့သည်။ ခဏချင်းမှာပဲ လုရှောင်ယန်သည် ဖျက်စီး၍မရနိုင်သောရွှေခန္ဓာကိုပြန်ရုတ်သိမ်းလိုက်ကာ နဂိုအတိုင်း ဘာမှမထူးခြားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“တကယ်တော့ ငါ့ရဲ့လက်ရှိခွန်အားကာ စိတ်ဝိညာဉ်အဆင့်မှာမဟုတ်ဘူး။ စိတ်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်လာခဲ့တာ ကြာလှရောပေါ့။ ဒါပေမယ့် တခြားလူတွေ ငါ့ကိုအာရုံစိုက်လာမှာမျိုး မဖြစ်ချင်လို့ ငါ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ မသိစေတာ။”
လီတောက်ယန်၏ နှုတ်ခမ်းစွန်းများ နှစ်ကြိမ်နှစ်ခါမျှ တွန့်တက်သွားရသည်။ ထို့နောက် ဒုတ်ခနဲ ဒူးထောက်ချလိုက်ကာ လုရှောင်ယန်၏ပေါင်ကို လှမ်းဖက်လိုက်သည်။ “ဝူး… ဝူး… ဝူး.. လောင်လု၊ ငါတို့သူငယ်ချင်းသံယောဇဉ်ဘယ်လောက်တောင် ခိုင်မာလှလဲ ပြန်စဉ်းစားပါဦး။ ငါတကယ် ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး။ ငါ့ကိုလွှတ်ပေးပါနော်… ဝူး..ဝူး..ဝူး.. ငါ့ရဲ့အာကေရှားဂိုဏ်းအကောင့်ထဲမှာ ဝိညာဉ်ကျောက်တုံး၅၀,၀၀၀တောင် ဖြည့်ထားခဲ့တာ.. အခုချိန်သာ သေသွားရရင် ဘယ်လိုမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှာ မဟုတ်ဘူး။”
လုရှောင်ယန် သက်ပြင်းအသာချလိုက်သည်။
“ပုံမှန်ဆို ငါ့လျှို့ဝှက်ချက်ကို သိသွားတဲ့ဘယ်သူ့ကိုမဆို အရှင်မထားတတ်ဘူး.. ပြောရရင် လူသေတွေကပဲ လျှို့ဝှက်ချက်ကို မပေါက်ကြားစေမှာလေ။”
လီတောက်ယန်၏ငိုသံက ပိုလို့တောင်ကျယ်လာတော့သည်။
“လောင်လု.. ငါမှားသွားပါတယ်.. ငါ..ငါ ကောင်းကင်နတ်ဆိုးဂိုဏ်းကနေ ထွက်သွားပေးမယ်ဆိုရင်ရော? ငါ့ကို အသက်ရှင်ခွင့်ပေးပါနော်.. ငါ့မှာ အခုမှ အနှစ်၆၀ပဲ ရှင်သန်ရသေးတယ်။ မသေချင်သေးဘူး။ ငါတို့လီမိသားစုအတွက် ငါ့မျိုးဆက်ကိုတောင် မချန်ထားပေးခဲ့ရသေးဘူးကွ…”
လီတောက်ယန်၏ ရုပ်ပျက်ဆင်းပျက်ငိုယိုနေပုံကိုကြည့်ပြီး လုရှောင်ယန်ခဗျာ ပြောစရာစကားမဲ့နေကာ ခေါင်းကိုသာ ယမ်းနေနိုင်တော့သည်။
“ထတော့.. ငါ့လျှို့ဝှက်ချက်အကြောင်း တခြားလူတွေကို မသိစေချင်ဘူးဆိုပေမယ့် စိတ်ရူးပေါက်ပြီး မြင်မြင်ရာလိုက်သတ်နေတဲ့ မကောင်းဆိုးဝါးတော့မဟုတ်ဘူး။ ဟုတ်ပြီလား? ငါတို့သူငယ်ချင်းဖြစ်လာကြတာ ၁၀နှစ်တောင်ကျော်နေပြီပဲ.. ငါမင်းကို မသတ်ပါဘူး။”
မျက်ရည်များပြည့်လျှံနေသည့်အကြည့်များဖြင့် လီတောက်ယန် မော့ကြည့်လိုက်သည်။
“မင်းတကယ် ငါ့ကိုမသတ်ဘူးပေါ့?”
လုရှောင်ယန် ဒေါသထွက်လာကာ၊ “ငါသာ တကယ် သတ်ချင်ရင် မင်းအခုချိန်ထိ အသက်ရှင်နေနိုင်ဦးမယ်များ ထင်နေလား?”
လီတောက်ယန် မျက်ရည်တွေကို ချက်ချင်းသုတ်လိုက်ပြီး၊ “လောင်လု…မင်းက တကယ်ကိုလူကောင်းပဲ။ ငါ ကျဲရှီတောင်ထိပ်ကိုပြန်ရောက်တာနဲ့ မင်းအတွက် ရုပ်တုတစ်ခုထွင်းပြီး နေ့တိုင်းအရိုအသေပေးမယ်။”
“ဒီလိုဆို မင်းကိုသတ်လိုက်တာ ပိုနားအေးမယ်ထင်တယ်။” လုရှောင်ယန် လက်မြှောက်လိုက်သည်ကိုမြင်သည်နှင့် လီတောက်ယန်လဲ တုန်တုန်ရီရီနှင့် လက်ကိုအမြန်လှမ်းဆွဲကာ ဖက်ထားလိုက်သည်။
“မပြောတော့.. မပြောတော့ဘူး.. လုပ်လဲမလုပ်တော့ဘူး။ ငါနားလည်သွားပြီ။ မင်းက မင်းရဲ့ကျင့်ကြံဆင့်အမှန်ကို ဖုံးကွယ်ထားချင်တာမဟုတ်လား? စိတ်မပူနဲ့.. ငါသေချာပေါက် တစ်ခွန်းမှမဟဘူး။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် သေချာပြန်တွေးကြည့်ရင် မင်းဘယ်တုန်းကမှ နှုတ်မလုံဖူးဘူး။ ငါ့အကြောင်းက အနှေးနဲ့အမြန်တော့ ပေါက်ကြားသွားမှာပဲ… ဒီလိုဆိုရင်ရော? ငါမင်းကိုယ်ပေါ်မှာ အစီအရင်တစ်ခုလုပ်ပေးလိုက်မယ်… နောက်သုံးနှစ်အထိ မင်းဘာမှပြောလို့ရမှာမဟုတ်ဘူး။ ငါ့ကျင့်ကြံဆင့်နဲ့ပတ်သတ်လို့ မင်းတစ်ခုခုပြောချင်လာတယ်ဆိုရင်လည်း ပြောလို့ရမှာမဟုတ်ဘူး။ မင်းအတင်းအကျပ်ပြောဖို့လုပ်ရင် တစ်ခါတည်း မင်းကိုယ်မင်းဖောက်ခွဲမိပြီးသားဖြစ်သွားလိမ့်မယ်။”
ဟစ်!!
လီတောက်ယန် တုန်လှုပ်သွားတော့သည်။
“ဒါ.. မလုပ်တာကောင်းမယ်.. အန္တရာယ်အရမ်းများလွန်းတယ်။ မင်းရဲ့အစီအရင်က သိပ်မတည်ငြိမ်ဘူးဘဲ ငါ့ကို ရုတ်တရက်ကြီး ဖောက်ခွဲပစ်မိသွားရင် ဘယ်လိုလုပ်မလဲ?”
“ဒါဆိုလဲ ငါ မင်းကို အခုကတည်းက တစ်ခါတည်း တမလွန်ပို့ပေးလိုက်ရုံပေါ့။”
“မဖြစ်ဘူး.. မဖြစ်ဘူး.. မဖြစ်ဘူး.. အစီအရင်ပဲ လုပ်ကြတာပေါ့။”
“ကောင်းပြီလေ.. အပေါ်ဝတ်တွေချွတ်လိုက်..”
ခဏကြာပြီးနောက်မှာတော့ လုရှောင်ယန်၏အိမ်ထဲမှာ လီတောက်ယန်၏ မိုးပြိုမတတ်အော်သံကျယ်ကြီး ပေါ်ထွက်လာတော့သည်။
“အား!”
“အား!”
“အား… ဖြည်းဖြည်းလုပ်ပါဟ!”
အသံက ဖြည်းဖြည်းချင်းတိုးဝင်ပျောက်ကွယ်သွားပြီးနောက်မှာတော့ လီတောက်ယန် အဝတ်တွေကောက်ဝတ်ကာ အလျင်စလို ထွက်သွားတော့သည်။
သူကျီရွှေ့တောင်မှာ ကြာကြာဆက်ပြီး မနေရဲတော့ပေ။
သတိသာမထားပါက သေသွားနိုင်ပေသည်။
လီတောက်ယန်ထွက်သွားပြီးနောက် မြေပေါ်တွင် ကျကျန်ရစ်ခဲ့သည့် သက်သေခံတံဆိပ်ပြားကို လုရှောင်ယန် တွေ့သွားသည်။ သူခေါင်းအသာယမ်းက တစ်နေရာတွင်သာ တင်ထားလိုက်တော့သည်။ “လောင်လီကတော့ အမြဲတမ်းပဲ နမော်နမဲ့နဲ့။”
ထို့နောက်တွင်တော့ ယွင်လီကောတို့သုံးယောက်သား အခန်းထဲ ပြန်ဝင်လာကြပြန်သည်။
“ဆရာ.. ဒါဆို.. ဆရာဦးလေးလီရဲ့ကျင့်ကြံဆင့်က တကယ်တမ်း အရမ်းအမှိုက်ဆန်နေတာလား?”
လီတောက်ယန် ထိုသုံးယောက်ကို ဒေါသတကြီးစိုက်ကြည့်လိုက်ကာ၊ “အားလုံး မင်းတို့သုံးယောက်ကြောင့်ပဲ။ ကိုယ့်ကျင့်ကြံရေးအပေါ်ပဲ အာရုံစိုက်နေသင့်တာ.. ဘာလို့များ ဟန်ထုတ်နေကြတာလဲ? နောက်ဆုံးတော့ မင်းတို့ကြောင့်ပဲ ကျီရွှေ့တောင်ရဲ့ လျှို့ဝှက်ချက်ပေါက်ကြားသွားရပြန်ပြီ။”
“ဒါဆို ဆရာဦးလေးလီက ကျွန်တော်တို့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပစ်တော့မှာလား?”
“မလုပ်ဘူး.. ငါသူ့ကိုယ်ပေါ်မှာ အစီအရင်တစ်ခုလုပ်ပေးလိုက်တယ်။ ငါတို့ကျီရွှေ့တောင်ရဲ့လျှို့ဝှက်ချက်ကို သူပေါက်ကြားအောင် လုပ်လို့မရနိုင်တော့ဘူး။”
“ကောင်းပြီ.. ဒီလောက်နဲ့ဖြတ်လိုက်တော့.. မြန်မြန်လေး ပြန်ကျင့်ကြံကြ။ မင်းတို့ကျင့်ကြံဆင့်တိုးလာဖို့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၁သိန်းသုံးပြီးတော့ ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအခင်းအကျင်း လုပ်ထားရတာ။ ဒီလအတွင်း မင်းတို့သုံးယောက် အနည်းဆုံးတော့ အရင်ထက် ငါးဆလောက်ပိုမြန်မြန် ကျင့်ကြံနိုင်လောက်တယ်.. အခွင့်အရေးကို လက်လွတ်မခံကြနဲ့။”
သုံးယောက်သား၏မျက်လုံးများ တောက်ပသွားကာ ချက်ချင်းပင်လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်.. ဆရာ။”
ဒါကြောင့်ပဲ နောက်လာမည့်နေ့ရက်များအတွင်း လုရှောင်ယန်အပါအဝင် ကျီရွှေ့တောင်မှ လေးယောက်လုံး သူတို့ကျင့်ကြံဆင့်ကို တိုးတက်အောင် အရူးအမူးကျင့်ကြံကြတော့သည်။
အခင်းအကျင်းနှင့်ပတ်သတ်သည့်လေ့ကျင့်ဖို့အတွက်ကတော့ လုရှောင်ယန်အနေနှင့် လိုကိုမလိုအပ်ပေ။
သူပြန်လေ့ကျင့်နေလျှင်တောင် ပထမနေရာအရယူပြီး သူ့ကိုယ်သူထင်ပေါ်အောင် လုပ်မှာမှမဟုတ်ဘဲ။
ထို့အပြင် သူ၏အခင်းအကျင်းတည်ဆောက်သည့်အရည်အချင်းသည် အတော်လေးမြင့်နေပြီဖြစ်သည်။ ထပ်ပြီးတိုးတက်အောင်လုပ်နေဖို့ တကယ်တမ်းလိုပင်မလိုတော့ပေ!
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လတာကုန်ဆုံးသွားခဲ့သည်။
လကုန်ရက်သို့ရောက်ရှိသွားချိန်မှာပဲ မနက်ခင်းနေရောင်ခြည်အောက်တွင် လုရှောင်ယန်၏မျက်လုံးများ ပြန်ဖွင့်လာခဲ့သည်။
သူ့ဘေးနားတွင် ဒြပ်စင်စွမ်းအင်အမျိုးအစားပေါင်းများစွာသည် ရောင်စုံတိမ်တိုက်များလို ဝန်းရံနေကာ အလွန်တရာ မျက်စိပဿဒဖြစ်လှသည်။
ထိုကဲ့သို့အရောင်အသွေးစုံနေခြင်းမှာ လုရှောင်ယန်တစ်ယောက် မြေ၊ရေ၊လေနှင့်မီးဒြပ်စင်တို့ကို ထိန်းချုပ်နိုင်ပြီဟု ဆိုလိုရုံတင်မကပါဘဲ အဆင့်တက်သွားသည်ဟုပါ ဆိုလိုခြင်းပင်။
အနှစ်သာရခိုင်မြဲခြင်းပထမအဆင့်!
လုရှောင်ယန်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
သူ စုစုပေါင်း အဆင့်သေးသုံးဆင့်ဖြတ်ကျော်ခဲ့နိုင်တာပဲ။ အာကာပြင်ပြိုကွဲခြင်း အဌမအဆင့်ကနေပြီး အနှစ်သာရခိုင်မြဲခြင်း ပထမအဆင့်ကို ရောက်ရှိလာခဲ့ပေပြီ။
သူ၏ကျင့်ကြံနှုန်းက လွန်စွာမြန်ဆန်လှတာကြောင့် ထိုထဲတွင် သူ့ကိုယ်ပိုင်လုပ်အားက ၇၀ရာခိုင်နှုန်းအထိပါဝင်ပေသည်။ ထို့အပြင် သိုင်းဘုရင်အဆင့်ကျင့်စဉ်နှင့် ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအစီအရင်တို့၏ အကူအညီပါ,ပါလိုက်လေတော့ အဆင့်သေးနှစ်ဆင့်ကို ကျော်ဖြတ်နိုင်သွားသည်။
ယွင်လီကော၊ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့ သုံးယောက်ပေါင်း ကြိုးစားမှုကြောင့်လဲ သူ့ကို နောက်ထပ်အဆင့်သေးတစ်ဆင့်တက်သွားစေသည်။
“ဝမ့်ခိုက်”
[လာပြီ.. လာပြီ.. ရောက်ပါပြီ.. သခင်!]
“ငါ့ကို ယွင်လီကောတို့တွေရဲ့ အချက်အလက်ဇယားပြပေးဦး။”
[ကောင်းပါပြီ.. ပြန်လည်စီစစ်မှာမို့ ခဏလေးစောင့်ပေးပါ]
ဝမ့်ခိုက်က အချက်အလက်ဇယားကို မြန်မြန်ဆန်ဆန်ပဲ ပြသပေးလာခဲ့သည်။
ကျီဝူရှား၏ကျင့်ကြံနှုန်းက အမြန်ဆုံးဖြစ်ကာ တောင်ပင်လယ်ပထမအဆင့်ကိုပင် ရောက်ရှိသွားပေပြီ။
ယွင်လီကောသည်တော့ သူ့ပင်ကိုအရည်အချင်းသည် ကျီဝူရှားနှင့်ဖုန်းထျန်းယွမ်တို့ထက် နိမ့်တာကြောင့် သူ့တိုးတက်မှုသည်လဲ နှေးကွေးပေသည်။ တစ်ဖက်တွင်တော့ ဖုန်းထျန်းယွမ်သည် တောင်ပင်လယ်အဆင့်သို့ရောက်ပြီးသားဖြစ်၍ ယွင်လီကောနှင့်ကျီဝူရှားတို့ထက် ကျင့်ကြံဆင့်မြင့်နေပြီးသားဖြစ်ကာ သူ့တိုးတက်နှုန်းသည်လဲ မမြန်ဆန်နိုင်တော့ပေ။ ယွင်လီကော၏ကျင့်ကြံဆင့်သည်တော့ စိတ်ဝိညာဉ်အဌမအဆင့်သို့ရောက်ရှိသွားပေပြီ။
ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်သည်လဲ တောင်ပင်လယ်တတိယအဆင့်သို့ရောက်နေခဲ့သည်။
ဤနှုန်းသည် တကယ်တမ်းပြောရလျှင် မနှေးလှပေ။ သို့သော်လည်း လုရှောင်ယန်နှင့် ယှဉ်လိုက်လျှင်တော့ ပြောစရာမလိုအောင် မလုံလောက်သည့်အခြေအနေမျိုးဖြစ်သွားသည်။
သို့ပေမယ့် ဒီလောက်နဲ့ကို အဆင်ပြေနေပေပြီ။ လုရှောင်ယန်လဲ အနှစ်သာရခိုင်မြဲခြင်းအဆင့်ကို ရောက်သွားပြီ မဟုတ်လား။ အခုဆို သူ့ရဲ့ရှင်သန်နိုင်ဖို့အခွင့်အရေးက ပိုတောင်မြင့်သွားပေပြီ။
ဒါ့အပြင် ထိုကလေးသုံးယောက်၏တိုးတက်မှုကနေပြီး လက်ဆောင်အိတ်များလဲရရှိသေးသည်။ လက်ဆောင်အိတ်ငယ် ၆အိတ်နှင့် အိတ်ကြီးတစ်အိတ်ရလိုက်သည်။
“ဒီတစ်ခေါက်ရော ဘယ်လိုပစ္စည်းကောင်းတွေများ ငါရဦးမလဲမသိဘူး။”
မျှော်လင့်ချက်လေးဖြင့် လုရှောင်ယန်ပြုံးလိုက်ကာ လက်ဆောင်အိတ်ငယ်တစ်အိတ်ကနေပြီး စဖွင့်လိုက်သည်…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၄၇ ဧကရာဇ်နန်းတော်မှ လူများ
အဆင့်မြင့် ကောင်းကင်ဘုံအဆင့် စိတ်ဝိညာဉ်သိပ်သည်းဆေးလုံး x 1000...
“မဆိုးဘူး၊ မဆိုးဘူး။ ငါအဆင့်မြင့် စိတ်ဝိညာဉ်သိပ်သည်းဆေးလုံး ၁,၀၀၀ တောင် ရနေပြီပဲ။"
လုရှောင်ယန်သည် စိတ်ဝိညာဉ်သိပ်သိသည်းဆေးလုံး ဒါဇင်ပေါင်းများစွာကို သာမန်ကာလျှံကာ ထုတ်ယူပြီး သကြားလုံးသဖွယ် စားလိုက်သည်။ ထို့နောက် လက်ဆောင်အိတ်တွေကို ဆက်၍ဖွင့်သည်။
ကောင်းကင်ဘုံ အဆင့်မြင့် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဓါး...x 1
ကောင်းကင်ဘုံ ထိပ်တန်းအဆင့် ကြာပန်းမီးလျှံ သံချပ်ကာ x 1...
ကောင်းကင်ဘုံ ထိပ်တန်းအဆင့် မိုးကြိုးဖြိုခွဲအစီအရင်...
ကောင်းကင်ဘုံ ထိပ်တန်းအဆင့် အဆီအနှစ်အခြောက် ဆေးလုံး x 600
အဆင့်နိမ့် သူတော်စင်အဆင့် အရိပ်မဲ့လေပြင်း x 1
“မဆိုးဘူး၊ မဆိုးဘူး။ ငါ တကယ်ကြီး အဆင့်နိမ့် သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းကိုတောင် ရလိုက်တာပဲ။ ပြီးတော့ ကောင်းကင်ဘုံ ထိပ်တန်းအဆင့် ပစ္စည်းတွေလည်းအများကြီးပဲ။ အဆင့်မြင့်ကောင်းကင်ဘုံပစ္စည်းတွေ အရင်တုန်းကထက်တောင် ပိုရတယ်။ ကြည့်ရတာ တပည့်တွေရဲ့ ကျင့်ကြံဆင့် တိုးလာတာနဲ့အမျှ လက်ဆောင်အိတ်ထဲက ရလာတဲ့ ပစ္စည်းတွေကလည်း ပိုကောင်းလာတယ်ထင်တယ်”
ဤအရာများစွာသည် လုရှောင်ယန်ကိုယ်တိုင်အတွက်တော့ အသုံးမဝင်ပေ။ ဥပမာအားဖြင့်၊ ရွေ့လျားမှုနည်းစနစ်ဖြစ်သည့် အရိပ်မဲ့လေပြင်းသည် သေချာပေါက် ကြီးမြတ်သော အာကာပြင်ဖြိုခွဲခြေလှမ်းကဲ့သို့ အစွမ်းထက်မည်မဟုတ်ပေ။
သို့သော်၊ ၎င်းသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းဖြစ်သည်။ လုရှောင်ယန်အတွက် အသုံးမဝင်သော်လည်း တပည့်များအတွက် အလွန်ရှားပါးသော အရာတစ်ခုဖြစ်နေတုန်းပင်။
သူ့တပည့်များ၏ကျင့်ကြံဆင့် တိုးလာသည်နှင့်အမျှ လုရှောင်ယန်၏ ကျင့်ကြံဆင့်သည် တိုးလာလိမ့်မည်။ ထို့ကြောင့် ၎င်းသည် အလွန်အသုံးဝင်သည်ဟုလည်း ဆိုနိုင်သည်။
နောက်ဆုံးကျန်ရှိသည်ကတော့ လက်ဆောင်အိတ်ကြီးပင်။ လုရှောင်ယန် ၎င်းကို ဒီတိုင်း တစ်ခါတည်းသာ ဖွင့်လိုက်သည်။ သိုင်းဘုရင်ထိပ်တန်းအဆင့်ပစ္စည်း စစ်နတ်ဘုရား၏အနုပညာ။
“အိုး၊ စစ်နတ်ဘုရား၏အနုပညာ။ နာမည်နဲ့တင် တော်တော်ကို အထင်ကြီးစရာကောင်းနေပြီ။”
လုရှောင်ယန်လည်း စစ်နတ်ဘုရား၏အနုပညာ၏ ဝိသေဿများကို ချက်ချင်းပင် ကြည့်ရှုလိုက်သည်။
စစ်နတ်ဘုရား၏အနုပညာသည် သိုင်းဧကရာဇ်ဘုံ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ အသက်သွင်းလိုက်လျှင် ၎င်းသည် လူတစ်ဦး၏ ကျင့်ကြံဆင့်ကို တိုက်ပွဲအတွင်း စဉ်ဆက်မပြတ် တိုးလာစေနိုင်သည်။ ဤကျင့်ကြံခြင်းနည်းလမ်းသည် တစ်ချိန်တည်းတွင် အခြားသူများအတွက်လည်း အသုံးပြုနိုင်သည်။
အလွန်အထင်ကြီးစရာကောင်းလှသည်ပင်။
သို့သော်... လုရှောင်ယန်သည်တော့ သိပ်မပျော်ခဲ့ပါပေ။
"ဝမ့်ခိုက် ထွက်လာခဲ့!"
[လာပါပြီ သခင်]
“မင်းငါ့ကိုပေးခဲ့တဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေက အခြေခံအားဖြင့် အားလုံးကို အထောက်အကူဖြစ်စေတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေဆိုတာ ငါသတိထားမိတယ်။ မင်း တစ်ခုခုများမှားနေတာလား?"
"အဇူရာသက်ရှည်အနုပညာကို ဒဏ်ရာတွေကုသဖို့ အသုံးပြုတယ်။ ကြီးမြတ်သော အာကာပြင်ဖြိုခွဲခြေလှမ်းကိုကျ အရှိန်မြှင့်ဖို့ အသုံးပြုတယ်။ အခုလည်း တိုက်ပွဲတွင်း ကျင့်ကြံဆင့်တိုးမြင့်ဖို့ စစ်နတ်ဘုရား၏အနုပညာကိုပါ ပေးလာပြန်ပြီ။"
"မင်း ငါ့ကို ကုသပေးသူဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ကြိုးစားနေတာလား?"
ဝမ့်ခိုက်က ချောင်းအသာဟန့်လိုက်သည် ။
[ဆရာ၊ အထင်မမှားပါနဲ့။ ကျွန်တော်စီစဉ်ထားတဲ့ ကျင့်ကြံခြင်းနည်းတွေ အကုန်လုံးက သခင့်အတွက် သီးသန့်ပါ။ သခင်လည်းသိသားနဲ့ ပုံမှန်အားဖြင့် သခင်က မတိုက်ခိုက်ဘူး မဟုတ်လား? တစ်ခုခုရှိရင် ရှေ့ဆုံးကနေ ထွက်ရတာ တပည့်တွေပဲလေ။ ဥပမာပေးရရင် အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးတုန်းက၊ ဆရာက အစပိုင်းမှာ တိုက်တောင်မတိုက်ဘူး။ အဲဒီအစား၊ တပည့်သုံးယောက်ကို မီးကို ဆွဲဆောင်စေပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းကိုဖျက်စီးဖို့ သိုင်းဧကရာဇ်ဘုံအဆင့် အစီအရင်ချခဲ့တယ်လေ]
[ဒါတင်မကဘူး တပည့်တွေကျင့်ကြံတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေက တိုက်ရိုက်သုံးလို့ရတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေအားလုံးက တိုက်ပွဲဝင်လို့ရတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေချည်းပဲ]
[ကျွန်တော့ကိုပြော၊ ဒီအခြေအနေမှာ၊ နောက်ထပ်တိုက်ပွဲဝင်လို့ရတဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ဘယ်နေရာအသုံးပြုမှာလဲ?]
လုရှောင်ယန် တိတ်ဆိတ်သွားတော့သည်။ ဝမ့်ခိုက်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ တကယ်လမ်း တစ်ဖက်လူ၏စကားကို သူပြန်မချေပနိုင်ပေ။
ခဏအကြာတွင် လုရှောင်ယန်သည် လက်ဆောင်အိတ်ကို လက်ခံရန်သာ ရွေးချယ်လိုက်နိုင်တော့သည်။ မည်သို့ပင်ဖြစ်စေ ဘာမှမရတာထက် ပိုကောင်းသေးတယ်မဟုတ်လား။
ထို့အပြင် ဝမ့်ခိုက်ပြောသည်ကလည်း အရမ်းမှန်သည်။ အခြေခံအားဖြင့်တိုက်ပွဲဖြစ်ပြီဆိုလျှင် သူသည် ဝင်ပါမည်မဟုတ်ပေ။ သူ့တပည့်တွေသည်သာ အမြဲတမ်း ဝင်တိုက်သည်။
ထို့အပြင် သူသည် သူ၏တပည့်များကျင့်ကြံထားသော တိုက်ပွဲအတွင်းအသုံးပြုသည့် ကျင့်ကြံခြင်းနည်းလမ်းများကိုလည်း အသုံးပြု၍ရသည်။
နောက်ဆုံးတွင် သူလက်ခံလိုက်သည်။ အရေးအကြီးဆုံးမှာ ရှေ့ပြေးဖြစ်ရသည်ထက်သာရင် တခြားအရာအားလုံး ပိုကောင်းသည်။
အနည်းဆုံးတော့ သူဘေးကင်းမည်ဆိုတာသေချာသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။
"ဆရာ၊ ဂိုဏ်းချုပ်က လိပ်နက်ဂိုဏ်းကိုသွားဖို့ပြင်လို့ရပြီလို့ အကြောင်းကြားခိုင်းလိုက်ပါတယ်။"
လုရှောင်ယန် တံခါးဖွင့်လိုက်ရာ အပြင်မှာ ရပ်နေသူမှာ ယွင်လီကောဖြစ်သည်။ သူသည် ယွင်လီကောကို စိတ်ဝိညာဉ်သိပ်သည်းဆေးလုံး ၅,၀၀၀ကို သာမန်ကာလျှံကာ ပစ်ပေးလိုက်ပြီး ကောင်းကင်ဘုံ အဆင့်မြင့် အဆီအနှစ်အခြောက် ဆေးလုံး ၇၀၀လက်ကျန်နှင့် ယခုမှ သူရရှိသော ဆေးလုံး စုစုပေါင်းကိုလည်း ပစ်ပေးသည်။
"ငါ အခု လိပ်နက်ဂိုဏ်းကို သွားတော့မယ်၊ ပြန်လာဖို့ ခဏလောက်တော့ ကြာလိမ့်မယ်။ ဒီကာလအတွင်း ကောင်းကောင်း ကျင့်ကြံထားကြ။”
“ဟုတ်”
“ပြီးတော့ မင်းအရင်က တိုက်ခိုက်ရေးအမျိုးအစားကျင့်ကြံခြင်းနည်းလမ်း ကျင့်ကြံခဲ့တယ်။ အခုနောက်ထပ် တိုက်ခိုက်ရေးအမျိုးအစား ကျင့်ကြံခြင်းနည်းလမ်း အရိပ်မဲ့ လေပြင်းကို ပေးမယ်။"
ယွင်လီကော၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ ချက်ချင်းငုံ့ပြီး အရိုအသေပေးသည်။
"ကျေးဇူးတင်ပါတယ် ဆရာ စကားမစပ်၊ သတင်းပို့စရာတစ်ခုရှိပါတယ်။"
“ပြော။”
"ဆရာတူညီမ ဒီမနက် တောင်ပေါ်ကဆင်းသွားတယ်"
လုရှောင်ယန်၏မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားသည်။
"ဘာလို့ ငါ့ကို သတင်းမပို့တာလဲ?"
“မသိဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆရာတူညီမဆီကို တစ်ယောက်ယောက် သတင်းပို့တာ တွေ့တယ်။ ကျွန်တော် ဂိုဏ်းထဲမှာ စပ်စုကြည့်လိုက်တာ ကြီးမြတ်သောကျိုးတော်ဝင်မိသားစုက အရိုးဖြူနတ်ဆိုးဂိုဏ်းရဲ့ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးဖို့ လူတွေကို စေလွှတ်ထားတယ်တဲ့။ စုံစမ်းစစ်ဆေးရေးတာဝန်ခံက ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ရဲ့အမွေဆက်ခံသူ ကျီဝူရှန်ပါ။”
"ဆရာ၊ ဆရာတူညီမ.. မဟုတ်မှသူ...."
ယွင်လီကောထိုသို့ပြောလိုက်သည်နှင့် လုရှောင်ယန်၏အမူအရာ ချက်ချင်း အေးစက်သွားသည်။
“သူက မင်းရဲ့ ဆရာတူ ညီမလေ။ လျှောက်ခန့်မှန်းတာတွေ မလုပ်နဲ့။”
"ဟုတ်ကဲ့ တောင်းပန်ပါတယ်။"
ဝမ့်ခိုက် ရွေးချယ်သောတပည့်များသည် အရည်အချင်းကောင်းရှိရုံအပြင် အလွန်ဖြောင့်မှန်ကြသည်။ သူ့ကိုသစ္စာဖောက်မည့် လူယုတ်မာတွေဆိုလျှင် ဝမ့်ခိုက်သည် လုရှောင်ယန်ကို တပည့်အဖြစ်ထားခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် လုရှောင်ယန်သည် ကျီဝူရှား၏စိတ်ဓါတ်ကို ယုံကြည်နေသေးသည်။
“မင်းညီမက ငါတို့ကို သစ္စာမဖောက်ဘူးဆိုပေမယ့် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်က လူတွေက သူ့ကို အခက်အခဲဖြစ်အောင် သေချာပေါက် လုပ်ကြလိမ့်မယ်။ မင်းနဲ့ ထျန်းယွမ်က သူမကို သွားကြိုသင့်တယ်"
“ဟုတ်ကဲ့။”
လုရှောင်ယန် ခေါင်းညိတ်ပြပြီး ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကို အသုံးပြု၍ ဂိုဏ်းခန်းမကို အမြန်ရောက်သွားစေသည်။
သူကိုယ်တိုင်မသွားရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ လူများစွာ ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်သောကြောင့်ပင်ဖြစ်သည်။ အခြားအကြောင်းအရင်းတစ်ခုမှာ ကျီဝူရှားသည် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်၏ မင်းသမီးဖြစ်သောကြောင့်ဖြစ်သည်။ ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်သည်လည်း သူမအား အန္တရာယ်ကိုရင်ဆိုင်ခိုင်းစေနိုင်သည်။
ထို့ကြောင့် သူသည် ဒီကိစ္စကို သူမကိုယ်တိုင် ကိုင်တွယ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဂိုဏ်းချုပ်သည် အဆင်သင့်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ဂိုဏ်းချုပ်အပြင် ပထမအကြီးအကဲ၊ နောက်ထပ် အကြီးအကဲနှစ်ဦးနှင့် တပည့်အနည်းငယ်တို့လည်း သူနှင့်အတူ ရှိနေသည်။
အကြီးအကဲတွေအားလုံးသည် သူ့ကို လိုက်ပို့ဖို့ ရောက်လာကြသည်ဆိုတာ ပြောစရာမလိုပေ။ တပည့်တွေကတော့ လက်ဖက်ရည်နှင့် ရေကို ပြင်ပေးဖို့ သက်သက်သာဖြစ်သည်။
"ရှောင်ယန် မင်းရောက်ပြီပေါ့။ အဆင်သင့်ဖြစ်ပြီလား?”
"ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။"
"ကောင်းပြီ ဒီတစ်ခါတော့ မင်းဂိုဏ်းအတွက် ဂုဏ်ဆောင်ပေးတာကို ငါတို့စောင့်နေမယ်။"
"သေချာပေါက် အစွမ်းကုန်လုပ်ပါ့မယ်။"
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြပြီး ပထမအကြီးအကဲကို ကြည့်သည်။ ပထမအကြီးအကဲသည် သစ်သားလှေငယ်တစ်စင်းကို သူ၏လက်စွပ်မှ ချက်ချင်းထုတ်လိုက်သည်။
သူ၏ လက်ချောင်းများဖြင့် ဂါထာကို တိတ်တဆိတ် ရွတ်ဆိုပြီးနောက် သစ်သားလှေငယ်သည် လျင်မြန်စွာ အရွယ်ကြီးမားလာပြီး အမြင့် ၁၀၀ မီတာရှိသော သစ်သားလှေကြီး ဖြစ်လာသည်။ ထိုလှေပေါ်တွင် စံအိမ်တွေများစွာရှိသည်။
၎င်းသည် သိုင်းလောကမှ ပျံသန်းနေသော သင်္ဘောတစ်စင်းဖြစ်သည်။ ထိုလှေပေါ်တွင် ကြားလပ်အစီအရင်များနှင့် ပျံသန်းအစီအရင်များကို ရေးထွင်းထားသည်။ ဝိညာဉ်ကျောက်တုံးများ အလုံအလောက်အသုံးပြုသရွေ့ ထိုလှေကို အသုံးပြုနိုင်မည်ဖြစ်သည်။
သိုင်းပညာရှင်များ ခရီးဝေးသွားရန်အတွက် လိုအပ်သော ကိရိယာတစ်ခုဖြစ်သည်။ "သွားကြရအောင်!"
ဂိုဏ်းချုပ်၏ အမိန့်ကြောင့် လူတိုင်း သင်္ဘောပေါ် ချက်ချင်း ပျံတက်သွားကြသည်။ ထို့နောက် ပထမအကြီးအကဲ၏ ထိန်းချုပ်မှုအောက်တွင်၊ ပျံသန်းသောသင်္ဘောသည် လိပ်နက်ဂိုဏ်း သို့ ဦးတည်ပျံသန်းသွားသည်။
လုရှောင်ယန်သည် ပျံသန်းနေသော သင်္ဘောပေါ်ဝင်ရောက်ပြီးနောက် ချက်ချင်း သူ၏အခန်းထဲသို့ ဝင်ကာ နတ်ဘုရားတိုက်ပွဲနည်းစနစ်ကို စတင်ကျင့်ကြံသည်။
တစ်ချိန်တည်းမှာပင် အရိုးဖြူနတ်ဆိုးဂိုဏ်း၏ နေရာဟောင်းတွင် အဖွဲ့တစ်ဖွဲ့သည် သဲလွန်စအချို့သိလိုသိငြား အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ပတ်၀န်းကျင်၌ သေချာရှာဖွေနေကြသည်။
လေထဲတွင် အဖြူရောင်ဖဲဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခုသည် မတ်မတ်ရပ်ကာ အောက်ကလှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။ စပါးအုံးမြွေပုံချည်ထိုးထားသော ဝတ်ရုံကို ရွှေချည်များဖြင့် ချယ်လှယ်ထားပြီး ထူးခြားမွန်မြတ်သော အရှိန်အဝါရှိသည်။ ဤလူမှာ သာမန်လူမဟုတ်ကြောင်း ထင်ရှားနေစေသည်…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၄၈ နတ်ဆိုးဂိုဏ်း
ခဏအကြာတွင် အောက်ဘက်မှ ပုံရိပ်တစ်ခု ပျံသန်းလာသည်။
“အရှင့်သား၊ ကျွန်တော်တို့ စစ်ဆေးပြီးပြီ။ ပတ်ဝန်းကျင်မှာ ဘာခြေရာလက်ရာမှ မရှိပါဘူး။ အရာအားလုံး ပျက်စီးပြီးသွားပြီ။ သဲလွန်စတွေတောင် မကျန်တော့ဘူး။”
လူငယ်လေးသည် မျက်လုံးများကို အနည်းငယ်မှေးကျင်းကာ သူ၏မျက်နှာတွင် ကူကယ်ရာမဲ့မှုအချို့ကို ပေါ်လွင်နေသည်။
“အတိတ်ကို စုံစမ်းနိုင်တဲ့ သဗ္ဗညုတကြေးမုံကတောင် အတိတ်က မြင်ကွင်းကို မပြသနိုင်ဘူး။ ကောင်းကင်ကြီးတောင် ငါ့ကို ဒီကိစ္စကို မဖြေရှင်းစေချင်နေဘူးပဲ။”
“အရှင့်သား၊ ကျွန်တော့်အမြင်အရတော့ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးခဲ့သူရဲ့ ကျင့်ကြံဆင့်က သာမန်မဟုတ်ဘူး။ အနီးနားက ဂိုဏ်းတွေထဲမှာ အဆင့်အမြင့်ဆုံးက အာကာပြင်ပြိုကွဲခြင်းအဆင့်ပဲ ရှိသေးတာ။ သူတို့ကတော့ ဒီလိုမျိုး လုပ်ဖို့ မဖြစ်နိုင်ဘူး။”
“ငါလည်း သိတယ်။ ကြီးမြတ်သောကျိုးမှာရှိတဲ့ ဂိုဏ်းတွေအားလုံးက ကျင့်ကြံသူတွေအားလုံးကို နန်းမြို့တော်မှာ စာရင်းပြုစုထားတယ်။ ဒီအတိုင်းအတာထိ ဖြစ်စေနိုင်တဲ့ ကျင့်ကြံသူမျိုး အနီးအနားမှာ တကယ်ကို တစ်ယောက်မှမရှိတာ။ တခြားသောဂိုဏ်းတွေက အဆင့်မြင့်ကျင့်ကြံသူတွေ ခရီးသွားတယ်ဆိုရင်လဲ သတင်းကြားရလိမ့်မယ်။ မဟုတ်ရင်တော့…သူတို့က အဲဒီနေရာကနေ လာတာ?”
လက်အောက်ငယ်သားက အနည်းငယ် တုန်လှုပ်သွားပြီး မေးလိုက်သည် "ဒါကို နတ်ဆိုးဂိုဏ်းက လုပ်တယ်လို့ ထင်တာလား?"
ကျီဝူရှန် သူ၏လက်တွေကို နောက်ပစ်ပြီး အရှေ့ဘက်ကို လှမ်းကြည့်သည်။
“လိပ်နက်ဂိုဏ်းက အကာအကွယ်အခင်းအကျင်းဆိုင်ရာစုဝေးပွဲကို မကြာခင် ကျင်းပမယ်လို့ ကြားတယ်။ ငါမမှားရင် လိပ်နက်ဂိုဏ်းရဲ့ နတ်ဆိုးဖိနှိပ်မျှော်စင်က အကာအရံကိုပြုပြင်ဖို့ အကာအကွယ်အစီအရင်ပိုင်းမှာတော်တဲ့ ညဏ်ကြီးရှင်တွေကို စုဆောင်းချင်နေတာ ဟုတ်တယ်မလား?"
“အနှစ် ၃၀၀ ရှိပြီ။ နတ်ဆိုးဖိနှိပ်မျှော်စင်ထဲက အဲ့ဒီနတ်ဆိုးတစ်ကောင် ထွက်လာတော့မယ်။ အဲ့ဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဆိုးကျင့်ကြံသူတွေက သေချာပေါက် အခွင့်အရေးယူလိမ့်မယ်။”
“ဒါဆို ကြီးမြတ်သောကျိုးက နောက်ထပ် ဘေးဆိုးတစ်ခုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတာပဲ။”
“ဒါက ကောင်းချီးတစ်ခုပဲ ဖြစ်ဖြစ်၊ ဘေးဥပါဒ်ပဲဖြစ်ဖြစ်၊ အဲဒါကို ငါတို့ ရှောင်လို့မရဘူး။ ဒီအကြောင်းကို မပြောသေးနဲ့ဦး။ မင်း ဝူရှားကို အကြောင်းကြားခဲ့သေးလား?"
"အရှင့်သား၊ မင်းသမီးလေးကို သတင်းပေးဖို့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာရှိတဲ့ သူလျှိုကို ကျွန်တော်ခိုင်းထားပြီးသား။ မင်းသမီးလေးက သူလာမယ်လို့ ပြောတယ်။"
“ငါတို့ ဒီမှာ ကြာကြာနေမှာမဟုတ်ဘူး။ သူမကို မြန်မြန်လာခိုင်းလိုက် တော်ဝင်နန်းတော်ကိုပြန်ရအောင်။"
"ဟုတ်၊ ကျွန်တော် သူ့ကိုခေါ်ဖို့တစ်ယောက်ယောက်ကိုလွှတ်လိုက်မယ်။"
"ငါ့ကို လာ လောနေစရာမလိုဘူး။ ငါဒီကိုရောက်နေပြီ။"
ကျီဝူရှား၏အသံသည် သူတို့နှစ်ဦး၏ နောက်ကွယ်မှ ငြိမ်သက်စွာ ထွက်ပေါ်လာသည်။
ကျီဝူရှန်သည် ခေါင်းကို လှည့်၍ သူ၏ညီမကို လှည့်ကြည့်လိုက်သော်လည်း မျက်နှာမှာတော့ အမူအရာကင်းမဲ့လို့နေသည်။
ကျီဝူရှားသည် ငယ်စဉ်ကတည်းက အပြင်မှာနေပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းကာ သူတို့နှစ်ဦးသည် အချိန်အတော်ကြာ မတွေ့ခဲ့ရပေ။
“နောက်ဆုံးတော့ မင်းဒီကိုရောက်နေပြီပေါ့။ ငါက မင်းအသက်ကြီးပြီးသေတဲ့အထိ ကောင်းကင်နတ်ဆိုးဂိုဏ်းထဲက ငါးကန်သေးသေးလေးမှာပဲ နေမယ်လို့ ထင်ခဲ့တာ။"
ကျီဝူရှား သူမ၏လက်သီးများကို အနည်းငယ်တင်းကျပ်စွာ ဆုပ်ထားသည်။
ကျီဝူရှန်ကိုတွေ့လိုက်ရပြီးနောက်တွင် တော်ဝင်နန်းတော်၌ အထင်သေးခြင်းခံခဲ့ရသည့်အမှတ်တရများသည် သူမ၏စိတ်ထဲတွင် ပြန်ပေါ်လာပုံရသည်။
သို့သော် သူမသည် အသက်ပြင်းပြင်းရှူကာ တည်ငြိမ်သွားသည်။
သူမ၏ဆရာက သူမကို မယှဉ်နိုင်သောလူနှင့်တွေ့သည့်အခါ ဒေါသမထွက်ရန် မှာခဲ့သည်။
“အစ်ကိုဝူရှန် နားလည်မှုမလွဲပါနဲ့။ အစ်ကိုဝူရှန် ရောက်လာလို့သာ ဒီကိုလာခဲ့ရတာပါ။ ဆိုတော့ အစ်ကို့ကိုတွေ့ဖို့သီးသန့်လာခဲ့တာ။ ခဏနေရင် ကောင်းကင်နတ်ဆိုးဂိုဏ်းဆီ ပြန်သွားရမှာ။”
"ဟုတ်လား.."
ကျီဝူရှန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အမူအရာသည် အနည်းငယ် မကျေမနပ် ဖြစ်နေပုံပေါ်သည်။
“ခမည်းတော်က မင်းကို နန်းတော်ဆီ ပြန်လာဖို့ အမိန့်ပေးထားတယ်။ မင်းငါ့ကို ခက်ခဲအောင် မလုပ်ဖို့ မျှော်လင့်တယ်။"
ကျီဝူရှား အံကြိတ်လိုက်ကာ၊
"တောင်းပန်ပါတယ် အစ်ကိုဝူရှန်။ ခွင့်လွှတ်ပါ၊ ဒါပေမယ့် အဲ့တာကို အစ်ကို့ဆန္ဒလိုက်လျောဖို့က ခက်ပါတယ်။ ဒါပြီးရင် နန်းတော်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်သွားပြီး အဖေ့ကို ရှင်းပြလိုက်ပါ့မယ်။”
ကျီဝူရှန် နှာမှုတ်လိုက်သည်။
“အဲဒါ မင်းဆုံးဖြတ်ဖို့ မဟုတ်ဘူး။ မင်း မလိုက်ချင်မှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ လာစမ်း၊ သူမကို ခေါ်သွား။"
“ဟုတ်ကဲ့။”
ထို အခိုက်အတန့်တွင်၊ ကျီဝူရှန်၏ အနားရှိ လက်အောက်ငယ်သားသည် တောင်ပင်လယ်သတ္တမအဆင့်၏ အရှိန်အဝါပေါ်ထွက်လာသည်။
ကျီဝူရှား၏အမူအရာပြောင်းလဲသွားသည်။ မူလက သူမသည် ကျီဝူရှန်ကို သူမကို ပြန်မခေါ်သွားရန် စည်းရုံးဖို့ ဒီကိုလာခဲ့တာဖြစ်သည် ။ ယခုမူ သူနှင့်စကားကောင်းပြောရန်မှာ အသုံးမဝင်သည့်ပုံပင်။
သို့သော်လည်း သူမသည် ကျီဝူရှန်ကို အလျင်စလို တိုက်ခိုက်မည်မဟုတ်ပေ။
ကျီဝူရှန်သည် စိတ်ဝိညာဉ်သန့်စင်ရေးအဆင့်ကျင့်ကြံသူဟူသောအချက်ကို ဖယ်ထားလျှင်ပင် သူ၏နောက်ရှိလူများအားလုံးသည် တောင်တန်းပင်လယ်အဆင့်တွင် ရှိနေကြသည်။ သူမသည် တောင်တန်းပင်လယ်အဆင့် ပထမအဆင့်တွင်သာ ရှိသေးသောကြောင့် သူတို့ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။
ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီးနောက် ကျီဝူရှားသည် ချက်ချင်းအရိုအသေပေးပြီး ပြောလိုက်သည် ။
"ခမည်းတော် ဘာလို့ဒီကိုရောက်နေတာလဲ?"
"ဟုတ်လား"
ကျီဝူရှန်နှင့် တခြားသူများ ချက်ချင်း လှည့်ကြည့်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ကျီဝူရှားသည် လှည့်၍ ထွက်ပြေးသွားတော့သည်။
ကျီဝူရှန်နှင့် အခြားသူများ သတိရသောအခါတွင် သူမသည် ကီလိုမီတာများစွာ ဝေးကွာနေပြီဖြစ်သည်။
ကျီဝူရှန်၏မျက်နှာသည် မနေနိုင်ပဲ တွန့်ချိုးသွားသည်။
"လောင်လျှို့၊ မင်း သူ့နောက်ကို လိုက်ဖို့ မင်းတာဝန်ယူလိုက်။"
“ဟုတ်ကဲ့။”
လောင်လျှို့၏ ကျင့်ကြံဆင့်သည် တောင်ပင်လယ်သတ္တမအဆင့်တွင်ဖြစ်ပြီး၊ သဘာဝကျစွာ သူ၏အမြန်နှုန်းသည် အားကောင်းသည်။
သို့သော်လည်း ကျီဝူရှား၏ ကျင့်ကြံခြင်း မြှင့်တင်သည့်နည်းလမ်းသည်လည်း လျှော့မတွက်သင့်ပေ။ သူမ၏ ကျင့်ကြံဆင့်သည် လောင်လျှို့ထက် နိမ့်ကျနေသော်လည်း၊ သူမသည် အနည်းငယ် ခံနိုင်ရည်ရှိသေးသည်။
သို့ပေမယ့် ကီလိုမီတာ ၄၀၀ အကွာအဝေးတွင် သူမကို လောင်လျှို့က ဖမ်းမိသွားသည်။
"မင်းသမီး၊ ရပ်လိုက်ပါ။ ကျွန်တော်မျိုးကို ခက်ခဲအောင် မလုပ်ပါနဲ့"
ကျီဝူရှား အံကြိတ်ကာ သူ့ကို လှည့်၍ ရိုက်သည်။ " လောင်လျှို့ ၊ ငါ့ကို အပြစ်မတင်နဲ့ ။"
လောင်လျှို့သည် ဤလက်ဖဝါးတိုက်ခိုက်မှုကို ဂရုမစိုက်ပါ။ ကျီဝူရှား နန်းတော်မှ ထွက်သွားစဉ်က၊ စိတ်ဝိညာဉ် ပဉ္စမအဆင့်တောင် မရှိခဲ့ပေ။ လအနည်းငယ်သာကြာပြီးနောက်တွင်ပင် သူမသည် သူ့ကိုခြိမ်းခြောက်ရန် မလုံလောက်ပေ။
သို့သော်!
ကျီဝူရှား၏တိုက်ခိုက်မှု နီးကပ်လာသောအခါ၊ လောင်လျှို့၏ မျက်စံများသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
သူသည် ထိုလက်ဖဝါးမှ တောင်ပင်လယ်အဆင့်ကျင့်ကြံသူ၏ စွမ်းအားကို ခံစားရသည် ။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ!" သတိလက်လွတ်ဖြစ်ကာ လောင်လျှို့သည် ချက်ချင်း လက်ဝါးဒဏ်ခံရပြီး ကျီဝူရှား၏ လက်ဖဝါးနှင့် ရိုက်မိသွားသည်။
အုန်း..
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ သူတို့နှစ်ဦးလုံး မီတာများစွာအကွာအဝေးသို့ ဆုတ်ခွာသွားကြရသည်။
"မင်းသမီး၊ မင်းရဲ့ ကျင့်ကြံဆင့်က တောင်ပင်လယ်အဆင့်အထိ ရောက်နေပြီလား?"
"မှန်တယ်။ လောင်လျှို့ ၊ မင်းက နန်းတော်ရဲ့ လက်အောက်ခံတစ်ယောက်ဆိုတော့.. ငါ မင်းကို မတိုက်ချင်ဘူး။ ငါ့ကို ထားခဲ့ပါ။ ငါ့ကို မရှာပါနဲ့လို့ အစ်ကို့ကို ပြောလိုက်။ ငါ့ဆရာနဲ့ပဲနေချင်တယ်။"
လောင်လျှို့ ခေါင်းခါလိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုအဆင့်က တိုးလာတယ်ဆိုပေမယ့် မင်းသမီး၊ ငါ မင်းကို မလွှတ်ပေးနိုင်ဘူး။ ကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပါ။ ပြီးတော့… မင်းသမီးရဲ့ ကျင့်ကြံဆင့်က တောင်ပင်လယ်အဆင့်ရဲ့ ပထမအဆင့်မှာပဲရှိသေးပြီး ကျွန်တော်မျိုးက တောင်ပင်လယ် သတ္တမအဆင့်မှာ ရှိနေတာပါ။ မင်းသမီးက ကျွန်တော်မျိုးရဲ့ ပြိုင်ဘက်မဟုတ်တာ သေချာတယ်။” ကျီဝူရှား အံကြိတ်ပြီး မျက်တောင်ခတ်လိုက်သည်။
လောင်လျှို့ ပြောတာမှန်သည်။ သူမသည် တောင်ပင်လယ်အဆင့်တွင် ရောက်နေပြီဖြစ်သော်လည်း သူတို့နှစ်ဦးကြား ခြားနားချက်မှာ ရှိနေဆဲဖြစ်သည်။
သူသည် အဆင့်နှစ်ဆင့်သာ မြင့်လျှင် သူ့ကို အနိုင်ယူနိုင်သော်လည်း သူတို့ကြားတွင် အဆင့်ငါးဆင့်အထိ ကွာခြားချက် ရှိသည်။
သို့သော် သူမ ထိုသို့ အန္တရာယ်ကျရောက်နေချိန်၌ ရင်းနှီးသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"သူမက မင်းပြိုင်ဘက်မဟုတ်ရင် ငါတို့နှစ်ယောက် ပေါင်းရင်ရော ဘယ်လိုနေမလဲ?"
ကျီဝူရှား၏ သိမ်မွေ့နူးညံ့သည့် ခန္ဓာကိုယ်လေး တုန်ရီသွားလေသည်။ သူမ လှည့်ကြည့်ကာ လိုက်ရှာလိုက်သည်နှင့် သူမ၏ လှပသော မျက်လုံးများသည် မယုံနိုင်စရာကောင်းသည့်အရာကိုတွေ့လိုက်ရသလို ပြူးကျယ်သွားသည်။
"ဆရာတူအစ်ကို၊ ဆရာတူမောင်လေး.. နင်တို့နှစ်ယောက်က ဘာလို့ဒီကိုရောက်နေတာလဲ?"
ယွင်လီကော ပြုံးလိုက်သည်။
“ဆရာက မင်းကို ဧကရာဇ်နန်းတော်က မင်းကို ဒုက္ခပေးမယ်လို့ ထင်တယ်၊ ဒါကြောင့် မင်းကို ကူညီဖို့ ငါတို့နှစ်ယောက်ကို လွှတ်လိုက်တာ” ကျီဝူရှား၏ မျက်လုံးများသည် အနည်းငယ် နီရဲလာသည်။ သူမတစ်ယောက်တည်း လာရသည့်အကြောင်းရင်းမှာ သူမ၏ဆရာသည် ကိစ္စတော်တော်များများမှာ ပါဝင်ရသည်ကို မကြိုက်မှန်း သူမသိသောကြောင့်ဖြစ်သည်။ သူမသည် သူမ၏ဆရာက သူမကိုကူညီဖို့ ဆရာတူအစ်ကိုနှင့် ဆရာတူမောင်လေးကို စေလွှတ်မည်ဟု မမျှော်လင့်ထားပေ။
သူမ၏ဆရာသည် ဤမျှအထိနွေးထွေးသူ ဖြစ်နေလေသည်။
သို့သော် တခြားတဖက်ရှိ လောင်လျှို့သည် သူ၏ခေါင်းကို အနည်းငယ်ခါယမ်းသည်။
"မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က စိတ်ဝိညာဉ်အဆင့်ပြီးတော့ နောက်တစ်ယောက်က တောင်ပင်လယ်အဆင့်ရဲ့ တတိယအဆင့်မှာပဲရှိသေးတယ်။ အတူတူတိုက်ရင်တောင် မလုံလောက်သေးဘူး။ မင်းသမီး၊ ငါ မင်းကို ငြင်းဆန်နေတာ ရပ်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းရဲ့ ဆရာတူအစ်ကိုနဲ့ ဆရာတူမောင်လေးတွေကို ထိခိုက်စေရင် ဒီလောင်လျှို့ ကို အပြစ်မတင်ပါနဲ့။"
ကျီဝူရှား၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
"ဟုတ်လား ဒါဆိုလည်း စမ်းကြည့်လိုက်ရအောင်…..!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၄၉ ဒီတည်းခိုခန်းက တစ်ခုခုမှားနေတယ်...
တစ်နာရီကြာပြီးနောက်တွင် ညိုမဲနေအောင်အရိုက်ခံခဲ့ရသော လောင်လျှို့သည် သူတို့သုံးဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
"မင်းနားလည်ပြီလား?" လောင်လျှို့၏ ရောင်ရမ်းနေပြီဖြစ်သော မျက်နှာကို ယွင်လီကောက ပါးရိုက်လိုက်သဖြင့် ပို၍စုတ်ပြတ်သွားသည်။
"ကျွန်တော်နားလည်ပါပြီ...နားလည်ပါပြီ..." လောင်လျှို့သည် သူတို့သုံးယောက်ကို ဤမျှ စည်းလုံးညီညွတ်မှုရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူတို့၏ကျင့်ကြံဆင့်သည် သူ့ထက် နိမ့်ကျနေသော်လည်း အတူတူ ပူးပေါင်းတိုက်ခိုက်ကြသည့်အခါ တကယ်ကြီးကို သူ ပြန်မတိုက်နိုင်ခဲ့ပေ။
အထူးသဖြင့် မင်းသမီးလေး၏ ဆရာတူမောင်လေးပင်။ သူ၏ခန္ဓာကိုယ်သည် လိပ်ခွံသဖွယ် မာကျောနေကာ တိုက်ခိုက်မှုကိုကောင်းကောင်းခုခံနိုင်သည်။ လောင်လျှို့၏တိုက်ခိုက်မှုများသည် သူ့ကို ကလိထိုးနေသလိုပင်။ ထို့အပြင် သူ၏တန်ပြန်တိုက်ခိုက်မှုမှာတော့ အလွန်အင်အားကောင်းသည်။
အကယ်၍ တစ်ဦးချင်း တိုက်ပွဲဆိုလျှင် လောင်လျှို့သည် ဤမျှလောက် သနားစရာကောင်းအောင် ညှဉ်းပန်းနှိပ်စက်ခံရမည်မဟုတ်ပေ။ သို့သော် ပြဿနာမှာ ထိုဆရာတူမောင်လေးသည် ရှေ့မှ ပိတ်ဆို့ပြီး တိုက်ခိုက်မှုအားလုံးကို ဆီးကာသည်။ ထို့နောက်တွင် မင်းသမီးနှင့် သူမ၏ဆရာတူအစ်ကိုသည် ထိုသူ၏နောက်မှနေ၍ အရူးအမူးတိုက်ခိုက်သည်။သူတို့သုံးယောက်ပေါင်းအင်အားဖြင့် လောင်လျှို့ လုံးဝပြန်မတိုက်ခိုက်နိုင်သည်အထိ ရိုက်နှက်ခဲ့သည်။ ပို၍ ပုံမှန်မဟုတ်သည်မှာ သူတို့ သုံးယောက် ဝိညာဉ်စွမ်းအင်ကို စုပ်ယူသည့် အရှိန်သည် အရမ်းမြန်လွန်းသည်။ ထို့ကြောင့်သူတို့သည် နည်းနည်းမှ မမောပန်းပဲ တောက်လျှောက်တိုက်ခိုက်နိုင်သည်။
ဒါတင်မကသေးဘဲ သူတို့သည် သူ၏ရှေ့၌ပင် သူတို့၏ ဝိညာဉ်စွမ်းအင်တွေ တိုးလာပြီး၊ တိုက်ခိုက်နိုင်စွမ်းကို မြင့်မားလာစေရန် အဆင့်မြင့် ကောင်းကင်ဘုံ စိတ်ဝိညာဥ်စွမ်းအင်စုစည်းမှုဆေးလုံးတွေကို မျိုချခဲ့သည်။ နောက်ဆုံးတွင်မတော့ သူရှုံးသွားလေတော့သည်။ "မင်းနားလည်ရင် သွားတော့လေ.. ငါတို့ ဆရာတူညီမလေးကို ထပ်ပြီး ဒုက္ခမပေးနဲ့ ကြားလား?"
"ကျွန်တော်ပြန်သွားလို့ရပါတယ် ဒါပေမယ့် မင်းသမီးရယ်၊ ကျွန်တော့အနေနဲ့ မင်းသားကို ရှင်းပြဖို့က မလွယ်ဘူး။"
ကျီဝူရှား ရယ်မောလိုက်သည်။
“ဒါကို ငါ ဂရုမစိုက်ဘူး။ အဲဒါ မင်းရဲ့ပြဿနာပဲ။ နောက်တစ်ခါ မင်းငါ့ကိုလာဖမ်းဝံ့လို့… ငါ့ကိုဖမ်းပြီး နန်းတော်ဆီပြန်ခေါ်သွားနိုင်ရင်တောင်… မင်းက ငါ့ကို စော်ကားတယ်ဆိုပြီး အဖေ့ကိုပြောမယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုရွေးချယ်နိုင်လောက်အောင် မင်းက ဉာဏ်ကောင်းမယ်လို့ ငါ မျှော်လင့်ပါတယ်။”
လောင်လျှို့ :" ...."
သူ ငိုချင်သွားသော်လည်း ရှက်စရာကောင်းလွန်း၍သည်းခံလိုက်သည်။
"ကျွန်...ကျွန်တော်...နားလည်ပါတယ်။" "ကောင်းပြီ ဒါဆို မျက်စိရှေ့ကလစ်လိုက်တော့!"
“ဟုတ်”
သူ့ကိုလွှတ်ပေးလိုက်သော် လောင်လျှို့သည် ချက်ချင်း လှည့်ပြေးသည်။ သူ အရိုးဖြူနတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်သည့်အချိန်တွင် တစ်နာရီကျော်ကုန်ဆုံးသွားပြီဖြစ်သည်။ ကျီဝူရှန်သည် ကြီးမြတ်သောကျိုး နေပြည်တော် သို့ပြန်သွားရန် ပြင်ဆင်နေပြီဖြစ်သည်။
လောင်လျှို့ တစ်ယောက် နီမြန်းနေသော မျက်နှာဖြင့် တစ်ယောက်တည်း ပြန်လာသည်ကို မြင်လိုက်ရသော် သူသည် အံ့ဩမဆုံးနိုင်ပေ။
"လောင်လျှို့...မင်း..."
လောင်လျှို့က ခေါင်းကုတ်လိုက်သည်။
"အရှင့်သား လောင်လျှို့က အသုံးမကျလို့ မင်းသမီးလေးကို လွတ်မြောက်ခွင့်ပေးလိုက်မိတယ်။ သူမက ကျွန်တော့ကိုတောင် ရိုက်ခဲ့သေးတယ်။ ကျေးဇူးပြုပြီး ဒီအသုံးမကျတဲ့ ကျွန်တော့ကို အပြစ်ပေးပါ။"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ သူမရဲ့ ကျင့်ကြံဆင့်က ဘယ်လိုဖြစ်လို့မင်းရဲ့ပြိုင်ဘက်ဖြစ်ရမှာလဲ? သူမက ဝိညာဉ်ဘုံမှာသာရှိသေးတယ်”
လောင်လျှို့သည် ရှက်ရွံ့သောအမူအရာ ရှိနေသည်။
"အရှင့်သား၊ မင်းသမီးလေးက တောင်ပင်လယ်အဆင့်ရဲ့ ပထမအဆင့်ကို ရောက်နေပါပြီ။"
"ဘာ.. "
ကျီဝူရှန် လန့်ဖြတ်၍ အော်လိုက်သည်။ အချိန်တိုလေးအတွင်း သူ့ညီမ၏ ကျင့်ကြံဆင့် ဤအခြေအနေအထိမြင့်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
၎င်းသည် သူ၏အတွေးထက်ကို ကျော်လွန်နေသည်။
သို့သော် သူသည် မျက်မှောင်ကြုတ်ကာ ပြောသည်။ “အဲဒါ မမှန်ဘူး။ သူမက တောင်တန်းပင်လယ်ဘုံရဲ့ ပထမအဆင့် ရောက်နေပြီဆိုရင်တောင် မင်းက တောင်တန်းပင်လယ်ဘုံရဲ့ သတ္တမမြောက်အဆင့်ကျင့်ကြံသူလေ။ သူမက မင်းကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ?"
လောင်လျှို့သည် မနေနိုင်ပဲ ခေါင်းကို ထပ်ကုတ်လိုက်သည်။ သူ၏မျက်နှာသည် အနည်းငယ် ပူလာသည်။
“မင်းသမီးလေးရဲ့ ဆရာတူအစ်ကိုနဲ့ ဆရာတူမောင်လေးက သူမနဲ့အတူ ဝင်တိုက်တာကြောင့်ပါ။ သူတို့ထဲက တစ်ယောက်က တောင်တန်းပင်လယ်ဘုံ တတိယအဆင့်ဖြစ်ပြီး ကျန်တစ်ယောက်က ဝိညာဉ်ဘုံ အဆင့်ရှစ်ပါ။ သူတို့ရဲ့ ကျင့်ကြံဆင့်က မမြင့်ပေမယ့် သူတို့က အတူတူ ပူးပေါင်းပြီး ကောင်းကောင်းတိုက်နိုင်တယ်။ ကျွန်တော်… အသုံးမကျလို့ သူတို့ဆီမှာ အရှုံးပေးခဲ့ရတယ်။”
ကျီဝူရှန် တွေးတောလိုက်သည်။
“ဝူရှားရဲ့ ကျင့်ကြံဆင့်ဟာ တကယ်ကို မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်။ ဒါ့အပြင်၊ သူမရဲ့ဆရာတူအစ်ကိုနဲ့ ဆရာတူမောင်လေး တို့အတူပေါင်းပြီး သူမက မင်းကို အနိုင်ယူနိုင်ခဲ့တယ်။ ကြည့်ရတာ သူ့ရဲ့ ဆရာက တကယ့်ကို မရိုးရှင်းဘူးထင်တယ်”
အရိုးဖြူနတ်ဆိုးဂိုဏ်းနှင့်မတူဘဲ ကျီဝူရှန်သည် ကျင့်ကြံခြင်းနည်းလမ်းကြောင့်ဟု မတွေးခဲ့ပေ။ ထိုအချိန်တွင်၊ အရိုးဖြူနတ်ဆိုးဂိုဏ်းသည် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အလွန်နီးကပ်သောကြောင့် ကောင်းကင်တန်ခိုးသည် မည်မျှအားကောင်းသည်ကို သူတို့တွေ့မြင်ခဲ့ကြသည်။
ထိုအချိန်တုန်းက ကျီဝူရှားသည်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အခြားသူများထံမှ ကြားသိခဲ့ရသည်။
ထို့အပြင်၊ လောင်လျှို့သည် အလယ်အလတ်တန်းစား မြေကမ္ဘာအဆင့်ကျင့်ကြံခြင်းနည်းလမ်းကိုသာ ကျင့်ကြံခဲ့သည်။ အကယ်၍ သူ၏ညီမသည် ကောင်းကင်ဘုံကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံထားလျှင်တောင် သူတို့ သုံးဦးပေါင်းစည်းမှုသည် လောင်လျှို့ကို အနိုင်ယူနိုင်စွမ်းရှိသည်။
ကျီဝူရှန်သည် ကောင်းကင်ဘုံကျင့်ကြံခြင်းနည်းလမ်းအဆင့်လောက်ကို သိပ်စိတ်ထဲမထည့်ပေ။
"မင်းသား၊ ငါတို့ အခု မင်းသမီးနောက်ကို ဆက်လိုက်သင့်သလား?"
ကျီဝူရှန် သည် တစ်ခဏမျှ ငြိမ်သက်ပြီး ခေါင်းယမ်းသည်။
"ထားလိုက်ပါ။ သူမက မပြန်ချင်မှတော့ ငါ အတင်းအကြပ်လုပ်လဲ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်သွားမှာ။ ဒါ့အပြင် အဖေက သူ့ကို ပြန်ခေါ်လာခိုင်းရတဲ့ အကြောင်းရင်းက သူမကို ကောင်းကောင်းမွန်မွန် ကျင့်ကြံစေချင်လို့ပဲ။ အခု သူ ကောင်းကောင်း ကျင့်ကြံနေပြီဆိုမှတော့ ဘာလို့ သူ့ကို ပြန်ခေါ်လာရမှာလဲ?”
တစ်ဖက်တွင် ကောင်းကင်မှာ မှောင်စပြုလာသည်နှင့်အမျှ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပျံသန်းနေသော သင်္ဘောသည်လည်း ပျံသန်းမှုရပ်တန့်ကာ မြို့ငယ်လေးတွင် ရပ်နားတော့သည်။
“ညဘက်မှာ မြူတွေက အရမ်းထူပြီး ပျံသန်းတဲ့အခါ လမ်းကြောင်းကို သိပ်မမြင်ရဘူး။ ဒီည ဒီမြို့မှာ တစ်ညနေပြီး မနက်ဖြန်မှ ဆက်သွားမယ်။”
ထိုစကားကြောင့် လူတိုင်း လှေပေါ်မှ ဆင်းကြသည်။
ဤမြို့သည် လုပ်ငန်းရှင်တွေ အနားယူရပ်နားသည့် မြို့ငယ်လေးပင်။ ထို့အပြင် ဤနေရာသည် ညဘက်တွင်ပင် အလင်းရောင်များနှင့် စည်ကားနေသည်။ အားလုံးသည် မြို့ထဲကို လျှောက်လာပြီး မြို့၏ အကြီးဆုံး တည်းခိုခန်းကို ရောက်သွားသည်။
သို့သော် လုရှောင်ယန် ဝင်လာသည်နှင့်တပြိုင်နက် တစ်ခုခုမှားနေပြီဟု မှုန်ဝါးဝါးခံစားလိုက်ရသည်။
သူသည် အတိအကျ မပြောနိုင်သော်လည်း သူ၏ ဆဋ္ဌမအာရုံသည် အမြဲတမ်း တိကျသည်။
သူသည် ဝိညာဥ်ကူးပြောင်းလာပြီး ပထမနှစ်အတွင်းမှာ တစ်ခုခုမှားနေသည်ဟု ခံစားမိသည့်အတွက် ကန်တင်းတွင် မစားမိခဲ့သည်ကို သတိရသွားသည်။ ထိုနေ့တွင် တစ်စုံတစ်ယောက် အစာအဆိပ်သင့်ခဲ့သည်။ စုံစမ်းစစ်ဆေးပြီးနောက် ထမင်းချက်သည် အဆိပ်ပြင်းသောမှိုများကို မတော်တဆ ခူးယူခဲ့ကြောင်း သိရှိခဲ့ရသည်။
သူ ဝိညာဉ်ကူးပြောင်းလာပြီး တတိယမြောက်နှစ်တွင်၊ လုရှောင်ယန်သည် တစ်စုံတစ်ခုမှားယွင်းသည်ဟု ခံစားမိသောကြောင့် ဂိုဏ်း၏တောတွင်းလေ့ကျင့်မှုတွင် မပါဝင်ခဲ့ပေ။ နောက်ဆုံးတွင် နတ်ဆိုးသားရဲတစ်ကောင်ပေါ်လာပြီး တပည့်များစွာကို သတ်ပစ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၊ ထိုကိစ္စကြီးငယ်မျိုး အကြိမ်များစွာ ဖြစ်ပျက်ခဲ့ပြီး သူ၏ ဆဋ္ဌမအာရုံသည် အမြဲတမ်း တိကျသည်။ ထို့ကြောင့် လုရှောင်ယန်သည် ဤတည်းခိုခန်းသို့ သာမန်ကာလျှံကာ မဝင်သင့်ဟု ခံစားရသည်။
သူသည် ဂိုဏ်းချုပ်၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ ဒီတည်းခိုခန်းမှာ တစ်ခုခုမှားနေပြီလို့ ကျွန်တော် သံသယရှိတယ်။ ကျွန်တော်တို့ ဘာလို့ တခြားနေရာကို မသွားတာလဲ?" "အိုး ပြဿနာကဘာများလဲ"?
လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။
“ကျွန်တော်လည်း မသိဘူး။ ကျွန်တော် ခံစားချက်သိပ်မကောင်းဘူး။"
“အမ်… ကောင်းပြီလေ...။”
လုရှောင်ယန်သည် ယခု ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ရေပန်းစားသော ပုဂ္ဂိုလ်ဖြစ်သည်။ ဂိုဏ်းချုပ်သည် သူ၏စကားကို နားထောင်လိုစိတ်ရှိသည်။
သို့သော် အခြားတည်းခိုခန်းတစ်ခုသို့ ပြောင်းရွှေ့ခါနီးတွင် အခြားလူတစ်စုလည်း ဤတည်းခိုခန်းသို့ ရောက်လာကြသည်။
သူတို့အုပ်စု ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ သူတို့ထဲမှ တစ်ယောက်သည် မနေနိုင်ပဲ ချက်ချင်း လှောင်ပြောင်စွာ ပြောတော့သည်။
“အို၊ မင်းတို့တွေက ကောင်းကင်နတ်ဆိုးဂိုဏ်းက မိတ်ဆွေတွေ မဟုတ်ဘူးလား။ မင်းတို့ ဒီကိုရောက်နေပြီကို ဘာလို့မဝင်တာလဲ? ဒါက မြို့ငယ်လေးမှာ အကောင်းဆုံး တည်းခိုခန်းလေ။ ဘာလဲ မင်းတို့ ဒီမှာနေဖို့မတတ်နိုင်လို့လား?"
အားလုံးသည် ရုတ်တရက်ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်သည်။
"ဝူဖန်းယွင်၊ မင်းရဲ့ ကောင်းကင်ဓားဂိုဏ်းလည်း ဒီကို လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။"
ဝူဖန်းယွင် သူ၏ မုတ်ဆိတ်မွေးတို့ကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
“ဒါပေါ့ သေချာတာပေါ့။ ကျွန်တော်တို့ ကောင်းကင်ဓားဂိုဏ်းက လိပ်နက်ဂိုဏ်းကို မလေးမစားလုပ်ဖို့ ဘယ်လို သတ္တိရှိနိုင်မှာလဲ။ ဒါပေမဲ့ အစ်ကိုချန်၊ မင်း ဒီကို ရောက်နေပြီပဲလေ။ ဘာလို့ထွက်သွားတာလဲ? မဟုတ်မှ... မင်းမှာ တကယ်ပဲ ပိုက်ဆံမရှိလို့ ဖြစ်နေတာလား"?
ဂိုဏ်းချုပ်၏ မျက်နှာသည် မည်းမှောင်သွားသည်။
“မင်းပဲဆင်းရဲနေတာ။ မင်းမိသားစုတစ်ခုလုံးပဲ ဆင်းရဲနေတာ။ အထဲဝင်ပြီး အကောင်းဆုံးအခန်းကို သွားရအောင်။"
ထိုစကားပြောပြီးသည်နှင့် ဂိုဏ်းချုပ်သည် ဝင်သွားတော့သည်။
လုရှောင်ယန်သည် နားမလည်နိုင်ပဲ သံသယဝင်သွားသည်။ သူသည် ပထမအကြီးအကဲ၏ အင်္ကျီကို ဆွဲလိုက်ပြီး မေးသည်။ “ပထမ အကြီးအကဲ၊ ဂိုဏ်းချုပ်ရဲ့ တုံ့ပြန်မှုက ဘာလို့ အဲ့လောက်ကြီးတာလဲ? သူ့မှာ ကောင်းကင်ဓားဂိုဏ်းနဲ့ ရန်ငြိုးရှိတာလား?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၅၀ ပရိယာယ်များသောတည်းခိုခန်း...
ပထမ အကြီးအကဲ၏ အကြည့်သည် အေးစက်သွားသည်။
"ရှောင်ယန် မင်းမှားနေပြီ။ ကောင်းကင်ဓားဂိုဏ်းနဲ့ ရန်ငြိုးရှိတာ ဂိုဏ်းချုပ် မဟုတ်ဘူး၊ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးက ကောင်းကင်ဓားဂိုဏ်းနဲ့ ရန်ငြိုးရှိတာ။"
“ဟမ်..မဖြစ်နိုင်တာ ကျွန်တော်အရင်က ဒီအကြောင်းကို ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။"
လုရှောင်ယန် အတော်လေး တုန်လှုပ်သွားသည်။
ပထမအကြီးအကဲက သက်ပြင်းချလိုက်သည်။
“ဒါတွေအားလုံးက အတိတ်ကကိစ္စတွေပါ။ မင်းတို့ လူငယ်မျိုးဆက်တွေက ကောင်းကောင်းမသိတာ သဘာဝကျပါတယ်။”
“အဲဒီတုန်းက ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးနဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ ဘိုးဘေးတို့က တစ်ချိန်က ခွဲလို့မရတဲ့ သူငယ်ချင်းတွေပဲ။ သူတို့ နှစ်ယောက် နေ့တိုင်း အတူတူ အိပ်၊ အတူတူ ကခုန် ၊ အတူတူ ကျင့် ကြံကြတယ်။"
“အဲ့ဒီနောက် သူတို့နှစ်ယောက် ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံပြီးတော့ ဂိုဏ်းနှစ်ခုတည်ထောင်ဖို့ ပြင်ဆင်ကြတယ်။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးက ကောင်းကင်ဓားဂိုဏ်းရဲ့ ဘိုးဘေးထက်ပိုပြီး ပညာတတ်တယ်။ သူက နာမည်ကို မြန်မြန်စဉ်းစားပြီး 'ကောင်းကင်ဓားဂိုဏ်း' ဆိုတဲ့ နာမည်ကို ပေးခဲ့တယ်။"
“မမျှော်လင့်တာက ကောင်းကင်ဓားဂိုဏ်းရဲ့ဘိုးဘေးက အရမ်းစက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတာပဲ။ သူက အင်ပါယာမြို့တော်ကို ညတွင်းချင်း အမြန်ပြေးပြီး နာမည်ကို အရင် စာရင်းသွင်းခဲ့တယ်လေ။”
"ငါတို့ ကြီးမြတ်သောကျိုးအင်ပါယာရဲ့ စည်းမျဉ်းထဲမှာ ဂိုဏ်းတွေက နာမည်တူ ထားခွင့်မပြုတာကို မင်းသိပါတယ်။ အဲ့တာကြောင့် ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးက ကောင်းကင်ဓားဂိုဏ်းဆိုတဲ့ အမည်ကို သုံးလို့မရတော့ဘူး။”
“အဲဒီအချိန်ကစပြီး ဂိုဏ်းနှစ်ခုက မတည့်တော့ဘူး။"
"ငါတို့ ဘိုးဘေးတွေက ကောင်းကင်ဓားဂိုဏ်းကိုဆိုရင် မျိုးဆက်အဆက်ဆက်အထိ ဆန့်ကျင်ရမယ်ဆိုတဲ့ အမိန့်ကိုတောင် ချန်ထားခဲ့တယ်"
လုရှောင်ယန် : “…”
"ကျွန်တော်တို့ ကောင်းကင်ဓားဂိုဏ်း အဲ...မှားလို့... ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းတို့ကြားမှာ ဒီနောက် ရှေးကျတဲ့ သမိုင်းကြောင်းရှိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။"
ပထမ အကြီးအကဲသည်လည်း မတတ်နိုင်ပဲ စိတ်ပျက်လက်ပျက် ခံစားရသည်။
"ဟင်း... ဒါက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးရဲ့ အပြစ်ပါပဲလေ..။ သူက ကြင်နာတတ်ပြီး အယုံလွယ်လွန်းတယ်။ အဲ့တာကြောင့် ကောင်းကင်ဓားဂိုဏ်းက လူယုတ်မာအိုကြီးက ငါတို့အပေါ် အခွင့်အရေးယူခဲ့တာ။ အဲ့လိုမဟုတ်ရင် ဒီလိုနာမည်ကောင်းတစ်ခုကို သူတို့ဘယ်လိုလုပ်ရမလဲ?”
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားသည်။ သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ဉာဏ်ရည်ဉာဏ်သွေးကို အနှိမ်ခံနေရသည်ဟု ခံစားလိုက်ရသည်။
သူ၏ ယဉ်ကျေးမှုအဆင့်အတန်း ဤမျှ နိမ့်ကျနေသည်လား? အကြောင်းကတော့ဖြင့် “ကောင်းကင်ဓား” ဟူသောအမည်သည် မည်မျှ အထင်ကြီးလောက်သည်ကို သူလုံးဝ စဉ်းစား၍မရသောကြောင့်ပင်ဖြစ်သည်။
ဂိုဏ်းချုပ်သည် အကောင်းဆုံးအခန်းများကို ချက်ချင်းစာရင်းသွင်းလိုက်သည်။
ဤအချိန်တွင် လုရှောင်ယန်သည် ကူကယ်ရာမဲ့စွာ အရှုံးပေးရုံသာ ရှိတော့သည်။
သို့သော် သူသည် မတုံးအပေ။ သူသည် သူ၏ အခန်းထဲ ဝင်လာသည်နှင့် အခန်းထဲက ပစ္စည်းတွေကို သေသေချာချာ စစ်ဆေးသည်။ အစီအရင်များ၊ ထိုကဲ့သို့သောအရာများ တစ်ခုမှ မရှိကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်မှသာ အကာအရံ ခုနှစ်ထပ်လောက်ချလိုက်သည်။ ထိုမှသာ သူသည် တင်ပျဉ်ခွေထိုင်၍ စစ်နတ်ဘုရား၏အနုပညာကို ကျင့်ကြံသည်။
စစ်နတ်ဘုရား၏အနုပညာကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံနိုင်သရွေ့ အနာဂတ်တွင် ကျင့်ကြံခြင်းနည်းလမ်းသုံးမျိုးကို တစ်ပြိုင်နက် ကျင့်ကြံနိုင်သည်။ သူ၏ ကျင့်ကြံမှု အရှိန်သည်လည်း အဆများစွာ တိုးလာပေလိမ့်မည်။
သူသည် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည့်အချိန်အထိ ကျင့်ကြံနေခဲ့သည်။
"အကြီးအကဲလု၊ ဂိုဏ်းချုပ်က ထမင်းဆင်းစားရအောင်တဲ့!"
လုရှောင်ယန် တရားထိုင်ရာမှ နိုးလာပြီး ပြန်ဖြေသည်။
"နားလည်ပြီ။ ငါ အခုဆင်းခဲ့မယ်။"
သူ အောက်ထပ်သို့ ရောက်သောအခါတွင် လူအုပ်စုနှစ်စုသည် သူတို့၏ အစားအသောက်များကို မှာကြားထားပြီးဖြစ်ကြောင်း တွေ့ရပြီး အံ့အားသင့်သွားသည်။
သို့သော် အလွန်ချဲ့ကားလွန်းသည့်အချက်မှာ ဂိုဏ်းနှစ်ခုသည် လူတစ်ဦးစီအတွက် စားပွဲတစ်လုံးစီ မှာယူထားခြင်းဖြစ်သည်။
ဟုတ်ပါသည်၊၊ လူတစ်ဦးစီအတွက် ဟင်းပွဲအပြည့်အစုံနှင့် စားပွဲတစ်လုံးကို မှာထားကြသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းက ဘယ်ဘက်ရှိ စားပွဲများကိုယူကာ ကောင်းကင်ဓားဂိုဏ်းက ညာဘက်ရှိစားပွဲများကို ယူသည်။
စစ်တိုက်နေသလိုပင်။
အခြားဂိုဏ်းများနှင့် ခရီးသွားများသည်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းကိုရော ကောင်းကင်ဓားဂိုဏ်းကိုပါ မစော်ကားဝံ့ကြပေ။ သူတို့သည် ထောင့်စွန်းတွင် ရပ်ပြီး စောင့်ကြည့်နေရုံသာတတ်နိုင်သည်။ သူတို့သည် ဒေါသထွက်နေကြသော်လည်း ဘာမှ မပြောရဲကြပေ။ လုရှောင်ယန် ပြောစရာစကားပျောက်ရှကာ ပါးစပ်ပိတ်ပြီး ဆင်းသွားလိုက်သည်။
"ဂိုဏ်းချုပ်!"
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြပြီး သူ၏ဘေးက စားပွဲကို ညွှန်ပြသည်။
"ရှောင်ယန်၊ ဒီမှာထိုင်။"
“ဟုတ်ကဲ့။”
လုရှောင်ယန်လည်း သူ၏စားပွဲတွင် ဝင်ထိုင်လိုက်သည်။
ဂိုဏ်းချုပ်သည် အေးစက်စွာ သရော်ပြီး ထူးဆန်းသောလေသံဖြင့် ပြောသည်။ “ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက တခြားအရာတွေ ချို့တဲ့ရင်ချို့တဲ့မယ်။ ငါတို့က လူမချို့တဲ့သလို ပိုက်ဆံလည်း မချို့တဲ့ဘူး။ ဒီကမ္ဘာကြီးမှာ သာယာပျော်ရွှင်ဖို့အတွက် တစ်ယောက်ကို အစားအစာ အစုံတော့စားရမှာပဲ!”
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ကြွေးကြော်သည်။
“ဟုတ်ပါတယ်။ ဒါပေမယ့် ငါတို့ ကောင်းကင်ဓားဂိုဏ်းက အခြားဂိုဏ်းတွေကို မကြာခဏသွားရောက်ရပြီး ပွဲတွေများစွာကို စီစဉ်ပေးရတယ်။ တစ်နှစ်မှာတစ်ခါပဲ အပြင်ထွက်ပြီး ကြွားဝါဖို့သက်သက် စားပွဲတစ်ခုစီမှာတဲ့ တချို့သောဂိုဏ်းတွေနဲ့ မတူဘူး။ မင်းက ပိုက်ဆံရှိပေမယ့် အတန်းအစားမရှိတဲ့သူတွေနဲ့ တူနေတယ်။”
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများမှာ အေးစက်သွားသည်။
“သိုင်းပညာဆိုတာ အလေးအနက်ထားပြီး လေ့ကျင့်ရတယ်။ မင်းက ဘယ်လိုသိုင်းပညာရှင်မျိုးလဲ။ မင်းသူငယ်ချင်းတွေ ဘယ်လောက်ပဲရှိရှိ မင်းကိုယ်တိုင်က မသန်မာရင် အသုံးမကျဘူးလေ။ အိုး၊ ခဏလေး မှားသွားလို့ လူတချို့က နောက်ဆုံးမှာ သူတို့ရဲ့သူငယ်ချင်းတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးပြီး ချမ်းသာလာကြတယ်။”
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က စားပွဲကို ရိုက်လိုက်သည်။
"လောင်ချန် မင်း စကားပြောတာသတိထား! ဘယ်သူက သူငယ်ချင်းရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးတာလဲ?" ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်သည် သူ့ကို ရွံရှာစွာ စိုက်ကြည့်နေသည်။
"ဘာလဲ? မင်းရဲ့ကောင်းကင်ဓားဂိုဏ်းက အရှက်မရှိဘူးလို့ ငါပြောနေတာ။ ဘာမှားလို့လဲ ယှဥ်တိုက်ချင်လို့လား?”
“လုပ်လိုက်လေ။ မင်းကို ငါကြောက်မယ်ထင်နေလား? "
နှစ်ဖက်သည် ဓါးများဆွဲ ရန်ဖြစ်တော့မည်ကိုတွေ့လိုက်ရသဖြင့် ပိုင်ရှင်သည် ကိစ္စများကိုချောမွေ့စေရန် အမြန် ထွက်လာသည်။
“လေးစားအပ်ပါသော ဧည့်သည်တော်များ စိတ်အေးအေးထားပါ။ စိတ်အေးအေးထားပါ။ မင်းတို့က သိုင်းလောကထဲက ထင်ရှားကျော်ကြားတဲ့ သူရဲကောင်းတွေပဲ။ တစ်ဖက်က ကောင်းကင်ဓားဂိုဏ်းနဲ့ အခြားတစ်ဖက်က ကောင်းကင်နတ်ဆိုးဂိုဏ်း။ ဆိုရိုးစကားအတိုင်းပြောရရင် မိုးကြိုးနတ်ဘုရားတောင်မှ အစာစားသူနေသူကို မပစ်ဘူး။ မင်းတို့က ထမင်းစားနေတုန်း ရန်ဖြစ်ကြရင် မင်းတို့ဂိုဏ်းနှစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်လား?”
ပိုင်ရှင်၏ စကားကိုကြားသော် နှစ်ဘက်စလုံးသည် ခေတ္တရပ်လိုက်သော်လည်း ပတ်ဝန်းကျင်မှာ တင်းမာနေဆဲဖြစ်သည်။
"ဟမ့်၊ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်။ မင်းကို အခုတော့ လွှတ်ပေးလိုက်မယ်။"
“အဲ့တာက ငါ့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ပြောရမှာပါ။ မနက်ဖြန် ငါတို့မြို့က ထွက်သွားတဲ့အခါ မင်းကို သင်ခန်းစာပေးဖို့ မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါသေချာပေါက် ရှာမယ်။"
"အဲဒါကောင်းတယ်။ မင်းရဲ့ ကောင်းကင်ဓားဂိုဏ်းက အရည်အချင်းက မင်းစကားတွေလို ထက်မယ်လို့ ငါမျှော်လင့်ပါတယ်။"
လူတိုင်းသည် ပျော်စရာမကောင်းသောစကားများကိုပြောကြပြီး နောက်ဆုံးတွင် အေးအေးဆေးဆေး သောက်စားကြသည်။
သို့သော် လုရှောင်ယန်သည်တော့ စားချင်ယောင်သာဆောင်နေသည်။
ပထမဦးစွာ လုရှောင်ယန်သည် အစောကတည်းက သတိရှိခဲ့သည်။ သူသည် အပြင်မှာစားခဲပြီး သူကိုယ်တိုင်လုပ်ထားသည့် အစားအစာကိုသာ စားလေ့ရှိသည်။
ဒုတိယအနေဖြင့် သိုင်းပညာရှင်တို့သည် သူတို့၏ ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်လျှင် အချိန်ကြာမြင့်စွာ အစာမစားပဲနေနိုင်သည်။ ဆေးလုံးတွေကို မျိုချခြင်းက သူတို့၏ ဆာလောင်မှုကို လျှော့ချပေးနိုင်သည်။
အစာစားရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းသည် အစာစားချင်စိတ်ကို ကျေနပ်စေရန်ဖြစ်သည်။
တတိယနှင့် အရေးကြီးဆုံးအချက်မှာ…
ဤတည်းခိုခန်းသည် အလွန်တရာမှားယွင်းနေသည်။
ဤနေရာသို့ မဝင်ခင် သူခံစားမိသည့်အချက်ကို ဘေးဖယ်ထားလျှင်ပင် စောနက ရန်ပွဲကို တားခဲ့သည့် တည်းခိုခန်းပိုင်ရှင်သည် စင်စစ် အာကာပြင်ပြိုကွဲခြင်းအဆင့်၏ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြသ်သည်။
ဤတည်းခိုခန်းငယ်၏ ပိုင်ရှင်သည် အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူဖြစ်သည်။
ဘယ်သူကများ ယုံနိုင်မှာလဲ?
လုရှောင်ယန်သာလျှင် တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို အလွယ်တကူ မြင်နိုင်သည်။
ဂိုဏ်းနှစ်ခုမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများသည် လုရှောင်ယန်၏ ကျင့်ကြံခြင်းနည်းလမ်းနှင့် ကျင့်ကြံခြင်းမရှိဘဲ တစ်ဖက်သား၏ ဝှက်ထားသော ကျင့်ကြံဆင့်ကို မမြင်နိုင်သည်မှာ သဘာဝကျသည်။
ထို့ကြောင့် လုရှောင်ယန်သည် အစားအစာကို မစားဘဲ ငြိမ်သက်စွာ ကြည့်နေသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းမှ လူအုပ်စုနှစ်စုသည် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ပတ်ဝန်းကျင်ကို ခေတ္တမျှ သတိမထားနိုင်ပဲ အားရပါးရ စားကြသည်။
ထမင်းစားခြင်းကိုပင် ပြိုင်ဆိုင်နေကြသကဲ့သို့ရှိသည်။
သို့သော် တစ်နာရီခန့်ကြာသော် ပြဿနာတစ်ခုပေါ်လာသည်။
ပထမတစ်ခေါက်မှာ နှစ်ဖက်စလုံးမှ ကျင့်ကြံဆင့်အနိမ့်ဆုံး တပည့်များဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်သည် နိမ့်ပါးပြီး အရင်ဦးဆုံး ခံနိုင်ရည်ကုန်ခမ်းခဲ့သည်။ သူတို့သည် သူတို့၏ တူများကို ပစ်ချပြီး စားပွဲပေါ် လဲကျသွားသည်။
"မဟုတ်ဘူး၊ ဒီအစားအစာမှာ တစ်ခုခုမှားနေပြီလား?"
ထိုမှသာ နှစ်ဖက် ကျွမ်းကျင်သူများက တစ်ခုခု မှားနေပြီဟု နားလည်လာကြသည်။