အခန်း (၇၁-၇၅)
Vol. 5 Ch. 71-75
စာစဉ် - ၅။ အခန်း ၇၁ ပထမဆုံးအကြိမ် လက်စားချေခြင်း၊ စတင်ပြီ!
လုရှောင်ယန် သေချာပေါက် မိန်းမ မလိုချင်ပေ။ ချစ်ခြင်းမေတ္တာသည် ကျင့်ကြံခြင်းကို နှောင့်နှေးစေသည်။ ထိုကဲ့သို့ကိစ္စရပ်မျိုးကို သူလုံးဝသည်းမခံနိုင်ပေ။ သူ၏ ကျင့်ကြံဆင့်သည် အစကတည်းက အလွန်နိမ့်ပါးခဲ့ပြီး သူ့တွင် သိုင်းဘုရင်အဆင့် ဖခင်လည်း မရှိချေ။ ထို့အပြင် သူ၏နောက်ခံမှာလည်း မကောင်းပေ။ ကျင့်ကြံဖို့ ကြိုးကြိုးစားစား မလုပ်လျှင် ဒါဟာ ယိုယွင်းမှုလို့ ယူဆရမှာ မဟုတ်ပေဘူးလား?
နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ဒုက္ခပေးတတ်သည်။ အမျိုးသမီးတစ်ဦးသည်လှလေလေ ပိုဒုက္ခပေးလေလေပင်။
လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျို ချင်ကျီမော့ကဲ့သို့သော အမျိုးသမီးတစ်ဦးတွင် မရေမတွက်နိုင်သော ချစ်ခင်နှစ်သက်သူများ ရှိသည်။
သူသာ ယနေ့ သူမနှင့် ချိန်းတွေ့ခဲ့လျှင် နောက်နေ့တွင် သူ့ကို စိန်ခေါ်ဖို့ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီ တစ်စုံတစ်ယောက် ရောက်လာလိမ့်မည်။
အရေးကြီးဆုံးမှာ မိန်းမတစ်ယောက်၏ စိတ်နေစိတ်ထားမှ, ရာသီဥတုနှင့်ဆင်တူသည်။ ပုံမှန်အားဖြင့် ပူတယ်လို့ထင်ရပေမယ့် ဘယ်အချိန်မှာ မုန်တိုင်းရောက်လာမယ်ဆိုတာ ဘယ်သူမှ မသိကြပါ။
သူအဆင့်တက်ချိန်ကဲ့သို့ အရေးကြီးတဲ့အခိုက်အတန့်တွင် သူမပြသနာဖန်တီးခဲ့လျှင် သူရူးသွပ်သွားပြီး ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားနိုင်သည်။
ချိန်းတွေ့ခြင်းက ကျင့်ကြံခြင်းလောက် ဘယ်ပျော်စရာကောင်းလိမ့်မလဲ။
ပြောရလျှင် ယခုအချိန်သည် ၎င်းကို စဉ်းစားရမယ့် အချိန်မဟုတ်ပေ။ အခုနေ ရှောင်ပိုင် နတ်ဆိုးဂိုဏ်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသင့်နေပြီ မဟုတ်လား။
တတ်နိုင်သမျှအမြန်ဆုံးပြင်ဆင်ပြီး ရှောင်ပိုင် ကိုသတ်သင့်သည်။
ထိုသို့တွေးပြီး လုရှောင်ယန် ဂိုဏ်းတဲကို ချက်ချင်းပြန်သွားသည်။
ဂိုဏ်းချုပ်ချန်နှင့် အခြားသူများသည် လုရှောင်ယန်အပေါ် ပို၍ပင်ယဉ်ကျေးလာကြသည်။ "ရှောင်ယန် မင်းဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ? လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျိုနဲ့ ဘာလို့ပိုပြီး အချိန်မဖြုန်းတာလဲ?"
“သူက ကျင့်ကြံဖို့ ပြန်သွားတော့ ကျွန်တော်လည်း ပြန်လာလိုက်တာ။ ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီ ပြန်ဖို့ အချိန်တန်ပြီ မဟုတ်လား?”
"အလျင်လိုမနေပါနဲ့၊ ဘာလို့လောနေတာလဲ။ ရှောင်ယန် ၊ ဒါက မင်းအတွက် ရှားရှားပါးပါး အခွင့်အရေးပဲ။ ကောင်းကောင်းဆုပ်ကိုင်ထားရမယ်နော်။"
"မှန်တယ်။ လိပ်နက်ဂိုဏ်းက မြင့်မြတ်သော မိန်းမပျိုရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်တာက လူတိုင်းဖြစ်ချင်လို့တောင် ဖြစ်န်ုင်တာမဟုတ်ဘူး။"
လုရှောင်ယန်ကတော့ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဂိုဏ်းချုပ်၊ လျှောက်ပြောမနေပါနဲ့တော့.. ကျွန်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးမျှသာပဲ။ သူမက လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုလေ။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းတွေက မတူပါဘူး။ မဖြစ်နိုင်ပါဘူးဗျာ..။”
"မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ?"
ဂိုဏ်းချုပ်ချန်၏ အမူအရာသည် လေးနက်လာသည်။ ထို့နောက် သူသည် လုရှောင်ယန် ပခုံးကို ပုတ်ကာ လေးနက်သောအမူအရာဖြင့် ပြောသည်။ "ရှောင်ယန် ၊ စိတ်မပူပါနဲ့။ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက မင်းကို ဆွဲချမှာမဟုတ်တာ သေချာတယ်။ ဂိုဏ်းတစ်ခုလုံးက မင်းကို ထောက်ခံလိမ့်မယ်။ ငါ ရာထူးကဆင်းပြီး မင်းကို ဂိုဏ်းချုပ်ရာထူး အပ်နှင်းပြီး ငါက ဘိုးဘေး အကြီးအကဲလုပ်ဖို့ ပြင်ဆင်ထားပြီးသား။"
လုရှောင်ယန်၏ မျက်နှာမှာ တုန်လှုပ်သွားတော့သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဤသိုက်တူးသမားများသည် သူ့ကို လိပ်နက်ဂိုဏ်းကို ကပ်နိုင်ရန် သူတို့ကိုယ်သူတို့ အနစ်နာခံဖို့ အမှန်တကယ် လိုလားနေကြတယ်ပေါ့။
ဂိုဏ်းချုပ်က သူ့ကို ဂိုဏ်းချုပ်ရာထူးလွှဲ ပေးချင်နေသည်။
သူ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ဆက်နေ၍မဖြစ်တော့ပေ။ ဤနှုန်းဖြင့် သူသာ ဂိုဏ်းထဲတွင် ပို၍ကျော်ကြားလာလိမ့်မည်။
ဤသည်မှာ သူ၏ လူမသိသူမသိနေလိုသော အကျင့်စရိုက်နှင့် မကိုက်ညီပေ။
အမှန်တော့၊ သိုင်းဘုရင်အဆင့် သို့ မရောက်သေးသ၍ ဤကမ္ဘာပေါ်တွင် အသန်မာဆုံးမဟုတ်သေး။
ထားလိုက်ပါ။ ဒီတစ်ကြိမ် ရှောင်ပိုင်ကိုသတ်ပြီးရင် အစီအစဉ်ထပ်ဆွဲပြီး ပုန်းဖို့ဖြစ်ဖြစ် ဂိုဏ်းငယ်တစ်ခု တည်ထောင်ဖို့ဖြစ်ဖြစ် နေရာသစ်ရှာရတော့မယ်ထင်တယ်။
ထိုအချိန်တွင်ပဲ ဂိုဏ်းချုပ်ချန်သည် သိုလှောင်အိတ်ကို ထုတ်ကာ လုရှောင်ယန် အား ပေးလိုက်သည်။
"ရှောင်ယန် မင်းက ယောက်ျားပဲ။ ယောက်ျားလေးတစ်ယောက်ရဲ့ နောက်ခံက ခိုင်မာနေရမယ်။ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့တဲ့အခါ အမျိုးသမီးအတွက် ပိုက်ဆံအကုန်ခံဖို့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်အနေနဲ့ မင်းမျက်နှာပျက်လို့မရဘူး။ ဒါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်သန်း...။ ဒါက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နှစ်လအတွက် ကုန်ကျစရိတ်။ ငါ အခု မင်းကို ပေးလိုက်မယ်။"
"ငါတို့ကတော့ လိပ်နက်ဂိုဏ်းကနေပြန်တော့မှာ ဒါပေမယ့် မင်းနေခဲ့ရမယ်။ ဒါဟာ မင်းအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ရေးဖြစ်ပြီး ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်တယ်။ သေချာပေါက် လက်လွှတ်မခံနိုင်ဘူး။”
အခြားအကြီးအကဲများက လက်သီးများကို တင်းတင်းဆုပ်ကာ အားပေးသည်။ “ရှောင်ယန်၊ မင်းလုပ်နိုင်တယ်။ အလှလေးကိုပိုင်ဆိုင်ရမယ်။ မင်းရဲ့မင်္ဂလာပွဲကို ငါတို့စောင့်နေမယ်။"
လုရှောင်ယန် : “…”
သူပြောချင်လိုက်ချင်တာက ‘ဂိုဏ်းချုပ်၊ အိပ်မက်တွေ မက်နေတာ ရပ်လိုက်ပါတော့။ သူ့အတွက် အမျိုးသမီးတစ်ယောက်ကို လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။’ သို့သော် သူ မပြောခဲ့ပေ။ စင်စစ်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းသည် တကယ့်ကို သေးငယ်တဲ့ ပမာဏ မဟုတ်ပေ။
သူသည် ဝိညာဉ်ကျောက်တုံးများကို ယူပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"ဂိုဏ်းချုပ်၊ ကျွန်တော် အနာဂတ်မှာ သူနဲ့အတူ ပြန်လာမယ်ဆိုတာ ငါအာမခံတယ်။" ဂိုဏ်းချုပ်ချန် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူသည် လုရှောင်ယန်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင်ဖြစ်နေသည်။ "ကောင်းတယ် ငါတို့ကြိုသိနှင့်နေတယ်။ ရှောင်ယန်၊ မင်းက ငါတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာကို..။ ကံကောင်းပါစေ။" "သေချာပေါက်ပေါ့..။"
ရိုးရှင်းသော နှုတ်ခွန်းဆက်စကား အနည်းငယ်ပြောပြီးနောက်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသည် ပျံသန်းနေသော သင်္ဘောကို အသက်သွင်းပြီး လိပ်နက်ဂိုဏ်းမှ ထွက်ခွာသွားကြသည်။
လုရှောင်ယန်ကတော့ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက်၊ လူရှင်းနေသောထောင့်တစ်ခုသို့ လျှောက်သွားသည်။ သူသည် ကြီးမြတ်သော အာကာပြင်ပြိုကွဲခြင်းခြေလှမ်း ခြေလှမ်းသိုင်းကို အသုံးပြုပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ချင်ကျီမော့ကိုလိုက်ရမည်လား။
ဟာသပဲ။ ငါ သခင်ကြီးရှောင်ယန်က အမျိုးသမီးတွေကို ဘယ်သောအခါမှ မလိုက်ဘူး။
သူသည် ဖြစ်နိုင်သမျှ အချိန်တိုတိုအတွင်း ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ပြန်သွားကာ မြင်းနက်ကို သတ်ရန် ပထမဆုံးမစ်ရှင်ကို အပြီးသတ်ချင်သည်။
သူ၏ကျင့်ကြံဆင့် တိုးလာခြင်းကြောင့် ကြီးမြတ်သော အာကာပြင်ပြိုကွဲခြင်းခြေလှမ်းသိုင်းကို အသုံးပြုသောအခါ လုရှောင်ယန်၏ အမြန်နှုန်းသည် ပိုမိုမြန်ဆန်လာခဲ့သည်။
မူလက ကောင်းကင်နတ်ဆိုးဂိုဏ်းကနေ လိပ်နက်ဂိုဏ်းသို့သွားရာ လမ်းတဝက်ကနေ လိပ်နက်ဂိုဏ်းသို့ ရောက်ရန် အချိန်ဆယ့်ငါးမိနစ်ကြာကုန်ဆုံးခဲ့သည်။
ဤတစ်ကြိမ်တွင်၊ လိပ်နက်ဂိုဏ်းကနေ ကောင်းကင်နတ်ဆိုးဂိုဏ်း သို့ တိုက်ရိုက်ပြန်လာနေပါသည်။ သို့သော် သူ့အတွက် အချိန်က ဆယ့်ငါးမိနစ်သာ ကုန်ဆုံးသည်။
ကျီရွှေ့တောင်ထိပ်ကိုရောက်ပြီးနောက် လုရှောင်ယန်သည် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်ကို ချက်ချင်းအသက်သွင်းပြီး ကျီရွှေ့တောင်ထိပ်တစ်ခုလုံးကို ဝိုင်းရံထားလိုက်သည်။
သူတို့၏ အရှိန်အဝါအနည်းငယ်ကို ထုတ်ဖော်ပြီးယွင်လီကောနှင့် အခြားနှစ်ယောက်သည် လုရှောင်ယန်ရှိရာသို့ ချက်ချင်းရောက်ရှိလာသည်။
"ဆရာ ပြန်လာပြီလား..."
လုရှောင်ယန် ခေါင်းညိတ်ပြပြီး သူတို့၏ ကျင့်ကြံဆင့်ကို ကြည့်ရင်း အရမ်းကျေနပ်သွားသည်။
"ကောင်းတယ်။ ကြည့်ရတာ မင်းတို့တွေ ငါဒီမှာမရှိတုန်း ကျင့်ကြံခြင်းကို မလျော့ရဲခဲ့ဖူးပဲ။"
"ကျွန်တော်တို့ ဆရာ့ရဲ့ လမ်းညွှန်မှုကို လျစ်လျူမရှုဝံ့ပါဘူး..။"
လုရှောင်ယန် ခေါင်းညိမ့်ကာ ချက်ချင်းပြန်ပြောသည်။ "ဒီတစ်ခါ ငါအရင်ပြန်လာခဲ့တာ။ ဂိုဏ်းချုပ်နဲ့ အခြားသူတွေ တစ်လအတွင်း ပြန်လာနိုင်ဖွယ်ရှိတယ်။ ငါ စောစောပြန်လာရတဲ့ အကြောင်းရင်းက မစ်ရှင်တစ်ခု အတွက်ပဲ။”
သုံးယောက်သား တုန်လှုပ်သွားကြသည်။
“ကျေးဇူးပြုပြီး ပြောပြပါ ဆရာ။”
"ရှောင်ပိုင်ကိုသတ်ရမယ်..."
ဟမ်...
ဤနာမည်ကိုကြားသော် ယွင်လီကော သည် ချက်ချင်း အသက်ရှူသံများရပ်တန့်သွားကာ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်သည်တော့ မတတ်သာဘဲ အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။
"ဆရာတူအစ်ကိုကြီး ရှောင်ပိုင် ကဘယ်သူလဲ?"
ယွင်လီကော သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သတ်ပစ်ရန် ရည်ရွယ်ချက်နှင့် မုန်းတီးမှုများကို ထုတ်ဖော်ပြသနေသည်။ "သူက ငါတို့က သူ့ကို ဆရာအဖြစ် လက်မခံတဲ့အတွက် ယွင်မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ လူယုတ်မာပဲ!"
ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့၏ မျက်စံများ ကျဉ်းမြောင်းသွားသည်။
ဒါဆို ဆရာတူအစ်ကိုရဲ့ရန်သူဖြစ်နေသည်ပဲ။
လုရှောင်ယန် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး၊ " ဒီတစ်ခါ အခင်းအကျင်းဆိုင်ရာ စုဝေးပွဲမှာ သူ့ကိုတွေ့ပြီး နောက်ကွယ်က တိတ်တဆိတ် တစ်ခုခုကြံစည်ခဲ့သေးတယ်။ သူ အခု ပြေးပြီး ပင်ပန်းနေလောက်ပြီ သူ့ရဲ့ ခွန်အားက လက်ရှိမှာ အကောင်းဆုံးအခြေအနေမှာမရှိလောက်တော့ဘူး။”
"ဒါပေမယ့် ဆရာ ဆရာ့စကားအရတော့ သူက မြင်းနက် မဟုတ်လား? အခု သူ့ကို ကိုင်တွယ်ဖို့က နည်းနည်းစောသေးတယ် မဟုတ်လား?”
ကျီဝူရှား မနေနိုင်ဘဲ မေးလိုက်သည်။
“မင်း ငါ့စရိုက်ကို သိပါတယ်။ အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက်မရှိရင် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်မချပါဘူး။ ဒါကို ငါစီစဉ်ထားပြီးသား။ ရှောင်ပိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိတယ်။ မင်းအရင်ကြည့်လို့ရတယ်။"
သူက အချက်အလက်တွေ ပေးသည်။
သူတို့သုံးယောက်သည် သတင်းအချက်အလက်ကို လက်ခံရရှိကာ ကြည့်ပြီး မျက်လုံးပြူးသွားကြသည်။ ချက်ခြင်းပင် သူတို့ ခြေဖဝါးမှ ခေါင်းအထိ အေးစက်သွားသည်ကို ခံစားလိုက်ရတော့သည်……
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၅။ အခန်း ၇၂ လုရှောင်ယန်၏နည်းလမ်း
“ဘယ်လို… သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကနေ ပြန်လည်မွေးဖွားတာလား ..”
သုံးယောက်သား အလွန်အမင်း တုန်လှုပ်သွားကြသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ။
အဲဒါက သူတို့ စိတ်ကူးတောင်မယဉ်ရဲတဲ့ ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုပင်။ ရှောင်ပိုင်သည် အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာခဲ့သည့် ဒဏ္ဍာရီလာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူပင်။ ဆင်းရဲသောမိသားစု၏သခင်လေးတစ်ဦးမှ ဤမျှအချိန်တိုလေးအတွင်း အစွမ်းထက်သန်မာလာကာ ယွင်မိသားစုကို ချက်ချင်းသတ်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
ဂလု..
ဖုန်းထျန်းယွမ် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်သည်။
“ဆရာ၊ ဒါက မြင်းနက် ရဲ့ အစွမ်းလား? ဒါက အရမ်း အစွမ်းထက်လွန်းတယ် မဟုတ်ဘူးလား?"
လုရှောင်ယန် တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်ကာ၊ "အဆင်ပြေပါတယ်။ သူက ဒီလောက် အထင်ကြီးစရာ မဟုတ်ပါဘူး။ အရင်ဘဝက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ဖူးပေမယ့် အခုဘဝသစ်မှာတော့ သာမန်ဇာတ်ကောင်အဖြစ်သာ အဆုံးသတ်ရတဲ့ မြင်းနက်တွေအများကြီးရှိတယ်။ အရေးအကြီးဆုံးကတော့ သူက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်တုန်းက ကျင့်ကြံမှုအမှတ်တရတွေနဲ့ အတွေ့အကြုံတွေပဲရှိတယ်။ သူက အစကနေ တဖြည်းဖြည်း ပြန်လည်ကျင့်ကြံဖို့လိုသေးတယ်။” သုံးယောက်သား မတတ်သာပဲ မျက်နှာ တွန့်ရှုံ့သွားကြသည်။
ဒါက အထင်ကြီးစရာမဟုတ်သေးဘူးလား?
အထင်ကြီးစရာကောင်းတဲ့ မြင်းနက်သာဆိုရင် ဘယ်လောက်တောင် အစွမ်းထက်လိမ့်မလဲ?
ထိုသို့သောသူမျိုးဆို အစကတည်းက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်နေတာမျိုးကို ဆိုလိုတာများလား?
ခဏလောက် ထိတ်လန့်သွားပြီးနောက် သူတို့ ဆက်ဖတ်ကြသည်။
ဒုတိယအချက်ကို မြင်လိုက်ရတော့ သူတို့၏မျက်နှာတွေက မတတ်သာပဲ တုန်လှုပ်ချောက်ချားသွားသည်။
ကနဦး ထင်မြင်ယူဆချက်တစ်ခုအရ ရှောင်ပိုင်တွင် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း အနည်းဆုံး နှစ်ခုရှိသည်။
တစ်နေရာရာမှာများ မှားနေသည်လား?
သူတို့တစ်ယောက်စီတိုင်းတွင် တစ်ခုပဲရှိသည်။ ဤ ရှောင်ပိုင်သည် သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းများစွာကို အမှန်တကယ်ပိုင်ဆိုင်ခဲ့သည်။ ဒါက အရမ်းမိုက်တယ်မဟုတ်လား? သို့သော် ၎င်းကို သေချာတွေးကြည့်တော့ ရှောင်ပိုင်သည် သိုင်းဘုရင်ဘုံ ကျွမ်းကျင်ပညာရှင်၏ လူဝင်စားပင်။ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းအနည်းငယ်ရှိခြင်းက ပိုပြီးကျိုးကြောင်းဆီလျော်သည်။
သူတို့ ဆက်ဖတ်သည်။
သူ့တွင် သိုင်းဘုရင်အဆင့် လက်နက်ရှိသည်။ “???”
သူတို့ နေရာတွင်ပင် ချက်ချင်း ထိတ်လန့်သွားသည်။
ဒါက ဟာသတစ်ခုတော့ မဟုတ်ပါဘူးနော်?
သိုင်းဘုရင်အဆင့် လက်နက်တစ်ခု။
သိုင်းဘုရင်အဆင့် လက်နက်တစ်ခု....
၎င်းသည် ဒဏ္ဍာရီလာဖြစ်တည်မှုတစ်ခုပင်။ သူတို့၏ဆရာလို လက်ရှိ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူပင်လျှင် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုတည်းသာ ရှိသည်။ ဤ ရှောင်ပိုင်သည် ယခုမှ ရှင်ပြန်ထမြောက်ပြီး သိုင်းဘုရင်အဆင့် လက်နက်ရှိနေပြီလား?
ဒီကမ္ဘာမှာ တရားမျှတမှုရော ရှိရဲ့လား?
လုရှောင်ယန်သည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူမဟုတ်ကြောင်း သူတို့ မသိကြပေ။ ထို့အပြင် လုရှောင်ယန်တွင် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုထက်မကရှိသည်။
မဟုတ်လျှင် သူတို့အားလုံး ဒေါသထွက်ကြရလိမ့်မည်။
ယခုအချိန်တွင် ရှောင်ပိုင်၏ အချက်အလက်ကြောင့် သူတို့အားလုံး ပြောစရာစကားမဲ့အောင် အံ့သြနေကြသည်။
ထို့နောက် စိတ်ကိုထိန်းကာ နောက်ထပ်စာမျက်နှာကို ဆက်လက်ဖတ်ရှုကြသည်။
ရှောင်ပိုင်၏ လက်ရှိကျင့်ကြံဆင့်သည် တောင်ပင်လယ်အဆင့်၏ ပြီးပြည့်စုံသော ဒသမအဆင့်တွင်ဖြစ်သည်။
သူသည် တစ်ချိန်က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သောကြောင့်၊ သူသည် သိုင်းဘုရင်အဆင့် လက်နက်ကိုမသုံးဘဲနှင့်တောင် သူ့ထက်တစ်ဆင့်မြင့်သောဘုံအဆင့်ရှိလူကို တိုက်ခိုက်နိုင်သည်ဟု ခန့်မှန်းရသည်။ သူသည် စိတ်ဝိညာဉ်သန့်စင်မှုနယ်ပယ်၏ ပြီးပြည့်စုံသော ဒသမအဆင့်တွင် ရှိနေခြင်းနှင့် ညီမျှသည်။
သူတို့သုံးယောက်လုံး လုံးဝပြိုလဲကျသွားကြတော့သည်။
"ဆရာ၊ ကျွန်တော်တို့ သူ့ကို ဘယ်လိုတိုက်ရမလဲ? ကျွန်တော်တို့ သူ့ကို အနိုင်မယူနိုင်ဘူး။ တကယ်ကို မတတ်နိုင်ဘူး။"
"သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းက ကျွန်တော်တို့မှာလည်းရှိတော့ ချေလိုက်နိုင်ပေမယ့် သူ့ရဲ့ သိုင်းဘုရင်အဆင့် လက်နက်ကိုရော ဘယ်လိုလုပ်မလဲ? ပြီးတော့ သူက သူ့ထက်ဘုံတဆင့်မြင့်တဲ့သူကိုတောင် လက်ဗလာနဲ့ တိုက်ခိုက်နိုင်တယ်။ ကျွန်တော်တို့မှာ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းရှိပေမယ့် အများဆုံးမှ အဆင့်နှစ်ခုမြင့်တဲ့သူကိုပဲ တိုက်ခိုက်နိုင်တာ။ အရေးကြီးဆုံးက သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကတင် ကျွန်တော်တို့ထက် ပိုအားကောင်းနေတာ!”
လုရှောင်ယန် သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့ သုံးယောက် ဘယ်လောက်တောင် သူရဲဘောကြောင်လဲ ကြည့်စမ်း! အဲဒီလိုပဲ အရှုံးကို ဝန်ခံလိုပ်တော့မလို့လား? မင်းတို့မှာ အနာဂတ်တွေ ရှိသေးတယ်လေ။ ဒီလို အရိုးရှင်းဆုံး မြင်းနက်ကိုတောင် မသတ်နိုင်ဘူး။ တခြား မြင်းနက်တွေကို ကိုင်တွယ်ချင်သေးတာလား? အားလုံး ခေါင်းရိတ်ပြီး ဘုန်းကြီးဝတ်လိုက်ကြတော့။ အဲ့တာဆို ငါတို့ သေချာပေါက် မြင်းနက် တွေကိုသတ်စရာမလိုဘူး။”
ကျီဝူရှား ကူကယ်ရာမဲ့စွာ ပြောသည် ။
“ဆရာ၊ ကျွန်မတို့က သူရဲဘောကြောင်နေတာ မဟုတ်ပါဘူး။ ကွာခြားချက်က အရမ်း ကြီးလွန်းတယ်။ သူက ဆရာတူအစ်ကိုယွင်ရဲ့ ရန်သူပါ။ ဆရာတူအစ်ကိုယွင်က သူ့ကို ဖျက်ဆီးမယ့်သူ သေချာပေါက်ဖြစ်သင့်တယ်။”
သို့သော် ဆရာတူအစ်ကိုယွင်၏ လက်ရှိကျင့်ကြံဆင့်သည် တောင်ပင်လယ်အဆင့်၏ ပထမအဆင့်တွင်သာ ရှိသေးသည်။ တစ်ဖက်သူအား ခွန်အားအပြည့်ဖြင့် တိုက်ဖို့မဆိုထားနှင့် သူ၏ ကျင့်ကြံဆင့်သည် တစ်ဖက်သူ၏ အခြေခံကျင့်ကြံဆင့်သို့ ရောက်ရန်ပင် မလုံလောက်သေးပါ။
" ဒီရှောင်ပိုင်ကို ဆရာပဲသတ်သင့်တယ် ထင်တယ်။"
လုရှောင်ယန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“မင်းပြောချင်တာကို ငါသိတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ငါက နိုင်ဖို့ ယုံကြည်ချက်မရှိတဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ပါဘူး။ ဒါ့အပြင်၊ လီကောရဲ့ ရန်သူကို သူကိုယ်တိုင် လက်စားချေရမယ်။ ဘာမှလုပ်စရာ မလိုဘူး။"
“ပထမဆုံးအနေနဲ့ ရှောင်ပိုင်ဟာ သူ့ရဲ့ သိုင်းဘုရင်အဆင့် လက်နက်ကို လူမြင်ကွင်းမှာ မသုံးဝံ့မှာ သေချာတယ်။ သိုင်းဘုရင်အဆင့် လက်နက်ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားတာနဲ့ တစ်ကမ္ဘာလုံးက သူ့ကို သေစေချင်မှာ စိုးရတယ်။”
"ဒုတိယအနေနဲ့၊ သူ လိပ်နက်ဂိုဏ်းက ထွက်လာကတည်းက သူသေတဲ့အထိ နတ်ဆိုးဂိုဏ်းက သူ့နောက်ကို လိုက်နေနိုင်တယ်။ သူ့ရဲ့အားနည်းနေတဲ့အခြေအနေမှာ၊ တိုက်ပွဲထဲ သူ့ရဲ့ကျင့်ကြံဆင့်က သူ့ထက်တဆင့်မြင့်တဲ့လူကို မတိုက်နိုင်လောက်ဖူး..။"
"နောက်ဆုံးအနေနဲ့ ရှောင်ပိုင်ကို တွန်းလှန်နိုင်တာ သေချာအောင် ငါ မင်းတို့သုံးယောက်ရဲ့ ကျင့်ကြံဆင့်ကိုဘေးထွက်ဆိုးကျိုးမရှိပဲ တစ်ဆင့်တိုးအောင် ကူညီပေးမယ်။"
သူတို့သုံးယောက်သည် လုရှောင်ယန်ကို သံသယစိတ်ဖြင့် ကြည့်နေကြသည်။
သူ ပထမဆုံးပြောခဲ့တဲ့အချက်ကလွဲလျှင် ကျန်တာတွေကို နားမလည်နိုင်ပေ။
သူတို့ဆရာကို မယုံချင်ကြ၍ မဟုတ်ပေ။ သူတို့ဆရာအနေနှင့် ရှောင်ပိုင်ကို တိုက်ခိုက်ရန်မှာ သေချာပေါက် ပြဿနာမဟုတ်ပေ။
သို့သော်… ရှောင်ပိုင်၏ကိုယ်ရေးအကျဉ်းကိုကြည့်ရုံဖြင့် သူတို့သည် ကြောက်ရွံ့တုန်လှုပ်နေပြီဖြစ်သည်။ သူ့ကို တိုက်ဖို့ ဘယ်လိုသတ္တိရှိမည်လဲ။
လုရှောင်ယန် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
“မင်းတို့တွေက သိပ်ကိုယုံကြည်မှုကင်းမဲ့တာပဲ။ မင်းတို့ရဲ့နောက်ခံအဖြစ် ငါရှိနေတာကို ဘာကိုကြောက်နေတာလဲ?"
ထိုစကားဖြင့် သူသည် သိုင်းဘုရင်အဆင့် သွေးဆေးသုံးလုံးကို ထုတ်ယူခဲ့သည်။
ဟစ်..
သိုင်းဘုရင်အဆင့် သွေးဆေးလုံးမှ ထုတ်လွှတ်သော ဖိအားကို ခံစားရပြီး သူတို့သုံးဦးသည် ချက်ချင်းပင် ဦးရေပြား ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
“ဘယ်လောက်တောင် ပြင်းထန်တဲ့ဖိအားလဲ။ ဒီဆေးလုံးက ဒီလောက် ပြင်းထန်တဲ့ ဖိအားကို ပေးနိုင်တာလား? ဒါရော ဟာသပဲလား?"
“အရမ်း အစွမ်းထက်တာပဲ။ ဒါက သာမာန်ဆေးလုံးတွေရဲ့ အတိုင်းအတာကို ကျော်လွန်နေပြီမဟုတ်လား?”
လုရှောင်ယန် ခေါင်းညိတ်ပြီး သူ၏ကျင့်ကြံဆင့်ဖိနှိပ်မှုကို ဖယ်ရှားလိုက်သည်။ ဆေးလုံးသုံးလုံးသည် ချက်ချင်းအသက်ဝင်လာပြီး အခန်းတစ်ဝိုက်တွင် ပြေးနေပုံရသည်။
"ဘုရားသခင်၊ ဒီဆေးလုံးက... တကယ်ကြီး ပျံသန်းနိုင်တယ်လား?"
ယွင်လီကောနှင့် ဖုန်းထျန်းယွမ် နှစ်ယောက်လုံး အံသြသွားကြသည်။
ကျီဝူရှား၏ နှလုံးသားသည် တစ်စုံတစ်ခုကို သတိရသွားသလို တုန်လှုပ်သွားသည်။
“ဒါ သိုင်းဘုရင်အဆင့် ဆေးလုံးပဲ.. ဒါ သိုင်းဘုရင်အဆင့် သွေးဆေးလုံးပဲ...။"
"ဘာ သိုင်းဘုရင်အဆင့်ဆေးလုံး!"
ကျီဝူရှား၏ စကားကိုကြားသော် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့နှစ်ယောက်သား ထိတ်လန့်စွာအော်ဟစ်ကာ သူတို့၏ မေးရိုးများ ပြုတ်ကျလုမတတ်ပင်။ “ဆရာ… ၊ ဒါက တကယ်ပဲ သိုင်းဘုရင်ဘုံ ဆေးလုံးလား?”
ယွင်လီကော မယုံကြည်နိုင်စွာ မေးလိုက်သည်။
သိုင်းဘုရင်အဆင့် ဆေးလုံးများသည် အလွန်ရှားပါးသည်။ ၎င်းတို့သည် သိုင်းဘုရင်အဆင့် လက်နက်များ၊ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများ၊ သိုင်းဘုရင်အဆင့် အစီအရင်များ စသည်တို့ထက်ပင် ရှားပါးသည်ဟု ဆိုနိုင်သည်။
အကြောင်းကတော့ ထိုအရာများသည် အသိစိတ်ရှိကာ ပုန်းနိုင်သောကြောင့် ဖြစ်သည်။
သူတို့သည် သူတို့၏ ဝိညာဉ်စွမ်းအင်ကို ဆုံးရှုံးသည့်အခါမှလွဲ၍ သူတို့ကိုယ်သူတို့ ထုတ်ပြမည်မဟုတ်ပေ။ သူတို့မှာ ကိုယ်ပိုင်အသိစိတ်ရှိပြီး သူတို့ကိုယ်တိုင် တိုက်ခိုက်ပြီး ခုခံ ကာကွယ်နိုင်စွမ်းလည်းရှိကြသည်။ ၎င်းတို့အထဲတွင် သိုင်းဘုရင်အဆင့် ဆေးလုံးများသည် အဆိုးရွားဆုံးသော တည်ရှိမှုများဖြစ်ပြီး ၎င်းတို့သည် ပျောက်ကွယ်သွားနိုင်ရန် အလွယ်ကူဆုံး အရာများဖြစ်သည်။
၎င်း၏ ဝိညာဉ်စွမ်းအင်သည် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားလိမ့်မည် သို့မဟုတ် ၎င်းသည် စားသုံးခံရမည်ဖြစ်သည်။ ဤအခြေအနေအားလုံးသည် ကမ္ဘာပေါ်တွင် သိုင်းဘုရင်အဆင့် ဆေးလုံးများ ကို မျိုးတုန်းသွားစေနိုင်သည်။
သို့သော်လည်း ယခုတွင် သူတို့၏ဆရာက ထိုဆေးကို တစ်လုံးတည်းတောင်မဟုတ် သုံးလုံး တပြိုင်နက် ထုတ်ယူသည်။
ဒါဟာ လုံးဝ လူသားတွေတတ်နိုင်တာထက်အလွန်ဖြစ်သည်မှာရိုးရှင်းသည်။
ဤအချိန်တွင် သူတို့သုံးယောက်လုံး လုရှောင်ယန်ကို နတ်ဘုရားတစ်ပါးသဖွယ် လေးစားသွားကြတော့သည်……..
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၅။ အခန်း ၇၃ ပေါက်ကွဲထွက်မတတ် လက်ဆောင်အိတ်များ
"ဘယ်လိုထင်လဲ?"
လုရှောင်ယန် မှင်သက်နေကြသည့်အဖွဲ့ကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။
“မင်းတို့ကိုယ် မင်းတို့ပြန်ကြည့်ဦး။ မင်းတို့အားလုံးက အတွေ့အကြုံကိုမရှိကြဘူး။ ဒါက သိုင်းဘုရင်အဆင့် ဆေးလုံးတစ်လုံးပဲလေ။ အဖိုးတန်တဲ့ အရာလည်း မဟုတ်ဘူး။”
အားလုံး၏ မျက်နှာများသည် ပြင်းထန်စွာ တွန့်ချိုးသွားကြသည်။
သူတို့၏အမြင်တွင် သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်အတွက် ဒါက သူ့အတွက် အဖိုးတန်တဲ့အရာ မဟုတ်တာ သဘာဝပင်။
သို့သော်လည်း သိုင်းဘုရင်အဆင့် အောက်ရှိသူများအတွက်၊ ၎င်းသည် အလွန်ရှားပါးသော အရင်းအမြစ်တစ်ခုဖြစ်သည်။ စင်စစ် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတွေအတွက်လည်း အလွန်တန်ဖိုးရှိသည်။
“ကောင်းပြီ၊ အရေးမပါတဲ့စကားတွေတော်လိုက်တော့။ ငါ ဒီတစ်ခါ တိတ်တိတ်လေး ပြန်လာခဲ့တာ။ ဂိုဏ်းချုပ်နဲ့ တခြားသူတွေတောင် ငါပြန်လာတာ မသိဘူး။ မြန်မြန်လာပြီး သိုင်းဘုရင်အဆင့် သွေးဆေးကို မျိုချပြီး မင်းတို့ရဲ့ ကျင့်ကြံဆင့်ကို တိုးအောင် လုပ်လိုက်။ မင်းရဲ့ ကျင့်ကြံဆင့် တိုးလာပြီးရင် မြင်းနက်ရှောင်ပိုင်ကိုလိုက်ရှာဖို့ ကျန်းမြို့ကို အမြန်သွားကြမယ်။"
“ဟုတ်ကဲ့!”
လူတိုင်းသည် သိုင်းဘုရင်သွေးဆေးကိုသောက်ပြီး ကျင့်ကြံရန် သူတို့၏နေအိမ်များသို့ ချက်ချင်းပြန်သွားကြသည်။
ထို့နောက်မှာတော့ လုရှောင်ယန်သည် ကျီရွှေ့ တောင်ထိပ်တစ်ခုလုံးကို ကာရံလိုက်သည်။ သူသည်လည်း လျှင်မြန်စွာကျင့်ကြံတော့သည်။
ဤကျင့်ကြံမှုသည် တစ်လသာကြာမြင့်သော်လည်း ယခင်နှင့်မတူပေ။ အလွန့်အလွန်ရှည်ကြာပုံရသည်၊ ရာစုတစ်ခုကုန်သွားသလို ခံစားလိုက်ရသည်။
တစ်လအကြာတွင် တင်ပျဉ်ခွေလေ့ကျင့်နေသော လုရှောင်ယန်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ပြင်းထန်လွန်းသည့် အငွေ့အသက်တွေ သူ၏ခန္ဓာကိုယ်ကနေ ရုတ်တရက် ပျံ့နှံ့သွားသည်။
သူ၏ ကျင့်ကြံဆင့်မှာလည်း အဆက်မပြတ် မြင့်တက်လာခဲ့သည်။ သူ၏သွေးတွေ တဟုန်းဟုန်းတောက်လောင်ပြီး ဝိညာဉ်စွမ်းအင်တွေ တဟုန်ထိုးတက်လာသည်။ စိတ်ဝိညာဉ်စွမ်းအင်များ အဆက်မပြတ်ထွက်ပေါ်လာခြင်းကြောင့် လေထုသည် တုန်ခါနေကာ ဆွဲဆုပ်ထားသလို ဖိအားများနေသည်။
ထို့အပြင်၊ ဝိညာဉ်စွမ်းအင်နှင့် လေတို့ကြား ပြင်းထန်သော ပွတ်တိုက်မှုသည် မိုးကြိုးများကိုပင် ဖြစ်ပေါ်စေသည်။ ဒါက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ခုလိုပါပဲ။ သို့သော် အလွန်စစ်မှန်နေသည်။
အနှစ်သာရခိုင်မြဲခြင်း နဝမအဆင့်။
အနှစ်သာရခိုင်မြဲခြင်း ဒသမအဆင့်။
ဘုရင်အဆင့်..
ဘုရင် ပထမအဆင့်။
ဘုရင် ဒုတိယအဆင့်။ ဘုရင် တတိယအဆင့်။
အဆင့်ကြီးငါးခုလုံး တက်သွားခြင်းပင်။
သူ့တပည့်သုံးယောက်၏ရလဒ်နှင့် လုရှောင်ယန်၏ကိုယ်ပိုင် ကျင့်ကြံမှုကို ပေါင်းထည့်ခြင်းဖြင့် သူ၏ ကျင့်ကြံဆင့်သည် စုစုပေါင်း အဆင့်ငါးဆင့် တိုးမြင့်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ လုရှောင်ယန်သည် သူ၏ခန္ဓာကိုယ်ထဲတွင် မကြုံစဖူး ခွန်အားဗလကို ခံစားလိုက်ရသည်။
သူက တောင်ပြိုကျပြီး မြစ်တွေကို တစ်ချက်တစ်ချက် ထိုးလိုက်ရုံနဲ့ မြစ်တွေ ရပ်တန့်သွားနိုင်တယ်ဟု ခံစားရသည်။
ဘုရင်အဆင့်က သူ့ကို ယုံကြည်မှုပိုရှိလာစေသည်။
ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ကီလိုမီတာ တစ်သန်းအတွင်းရှိ အရာအားလုံးကို နှိမ်နင်းနိုင်သည်။
အသက်ပြင်းပြင်းရှူရင်း လုရှောင်ယန် မတ်တပ်ထရပ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ကြီးမားသော လေပြင်းတိုက်ခြင်းကို ဖြစ်စေသည်။
သူသည် ဘုရင်အဆင့်ကို ရောက်ရှိတာ မကြာသေး၍ သူ၏ ခွန်အားကို မည်ကဲ့သို့ ပြန်လည်ရုပ်သိမ်းရမည်ကို မသိသေးပေ။ ၎င်းသည် အချိန်နည်းနည်းပေးရန်လိုသည်။
"တကယ်ကိုပဲ၊ သိုင်းဘုရင်အဆင့် သွေးဆေးက တော်တော်လေး အကူအညီဖြစ်ပုံရတယ်။"
သူ၏နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားသည်။ သူ့ခွန်အားတွေ တိုးလာလေလေ သူ့အတွက် ပိုကောင်းလေလေပဲ။ အကြောင်းကတော့ ဤလောက၌ သူ အသက်ရှင်နေထိုင်ရန် အခွင့်အလမ်းများ ပိုမြင့်မားလာသောကြောင့် ဖြစ်သည်။
"ဝမ့်ခိုက်"
[လာပြီ၊ လာပြီ၊ ကျွန်တော်ဒီမှာပါ သခင်..]
"ယွင်လီကော နဲ့ တခြားသူတွေရဲ့ ကျင့်ကြံဆင့်ကို ပြပေး။"
[ကောင်းပါပြီ သခင်။ လောလောဆယ် ယွင်လီကော နဲ့ တခြားသူတွေရဲ့ အချက်အလက်ပြဇယားကို ပြင်ဆင်ပေးနေပါတယ်]
လုရှောင်ယန်သည် ၎င်းတို့၏ အချက်အလက်များကို သိပ်မကြာခင် မြင်လိုက်ရသည်။ “အို၊ သူတို့ရဲ့ အမြတ်တွေကလည်း မနည်းဘူးပဲ!”
၎င်းတို့အနက် ယွင်လီကောသည် သူ၏ ကျင့်ကြံဆင့်အားနည်းသောကြောင့် အလျင်မြန်ဆုံး တိုးတက်ခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ ကျင့်ကြံဆင့်သည် စိတ်ဝိညာဉ် သန့်စင်ခြင်း ပထမအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ဤကျင့်ကြံဆင့်တွင်၊ သူသည် ပညာရှင်ငယ်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်နေပြီဖြစ်သည်။
အနည်းဆုံး ကျိုးကြောင်းဆီလျော်သည့် အစီအစဉ်ကြိုဆွဲပြီး ရှောင်ပိုင်နှင့် တိုက်ခိုက်ခဲ့မယ်ဆိုလျှင် သေးငယ်တဲ့ အားသာချက်ရဖို့ သူ့အတွက် ကြီးမားတဲ့ ပြဿနာ မဟုတ်တော့ပေ။
သူ၏ဒုတိယတပည့် ကျီဝူရှားသည်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့်တွင် ရှိနေသည်။
သိုင်းဘုရင်အဆင့် သွေးဆေးသည် လူတိုင်းအတွက် အတူတူပင်ဖြစ်သည်။ အရည်အချင်းတွေကြောင့် ကွာခြားမှုမရှိပါ။
သို့သော်၊ ပြဿနာမှာ ကျီဝူရှား၏ အင်အားသည် ယွင်လီကောထက် မြင့်မားနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သိုင်းဘုရင်အဆင့် သွေးဆေးကို စားသုံးပြီးနောက် သူမ၏ ကျင့်ကြံဆင့်မှာ အဆများစွာ တိုးလာခဲ့သည်။ သူမသည် ယွင်လီကောထက် ပိုမိုလျင်မြန်စွာ အဆင့်တက်သည်မှာ အကျိုးအကြောင်းသင့်သည်။
ဖုန်းထျန်းယွမ်သည် အားအကောင်းဆုံးဖြစ်ပြီး စိတ်ဝိညာဉ်သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အစကတည်းက အနှီကောင်လေး၏ ခွန်အားဟာ တောင်ပင်လယ်၏ အဆင့်များစွာကို ကျော်လွန်နေပြီးသားပင်။ ယခု၊ သိုင်းဘုရင်အဆင့် သွေးဆေးကို စားသုံးပြီးနောက်၊ သူ၏ ခွန်အားသည် အကန့်အသတ်မရှိ တိုးလာပြီး စိတ်ဝိညာဉ် သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ အရူးအမူး တိုးလာသည်။ သူတို့သုံးယောက်က သူ့ကို ဤမျှလောက် အစွမ်းထက်သည့် တိုးတက်မှုကို ပေးစွမ်းနိုင်တာ အံ့သြစရာ မဟုတ်တော့ပေ။
“ဒါနဲ့ လက်ဆောင်တွေအများကြီးရထားလောက်ရောပေါ့။ လက်ဆောင်အိတ်ကို အရင်ဖွင့်လိုက်မယ်။"
လုရှောင်ယန်သည် လက်ဆောင်အိတ်များကို တစ်ခုပြီးတစ်ခု လက်ခံခဲ့သည်။ စုစုပေါင်း လက်ဆောင်ကြီး သုံးခုနှင့် လက်ဆောင်သေးသေး ဒါဇင်ပေါင်းများစွာ ရှိခဲ့သည်။
ထုံးစံအတိုင်း သူသည် လက်ဆောင်အိတ်လေးများကို အရင်ဖွင့်လိုက်သည်။
အလယ်အလတ်တန်းစား သူတော်စင်အဆင့် ကြေးမုံဓါး x 1
အဆင့်မြင့် သူတော်စင်အဆင့် လရောင်အောက်က ကြယ်ကြွေညအစီအရင် x 1
အလယ်အလတ်တန်းစား သူတော်စင်အဆင့် ရှန်းယွင်သံချပ်ကာ x 1
အဆင့်မြင့် သူတော်စင်အဆင့် ဇာမဏီငှက်မွှေးသံချပ်ကာ x 1
အခြေခံအားဖြင့်၊ ၎င်းတို့အားလုံးသည် သူတော်စင်အဆင့် ပစ္စည်းများဖြစ်သည်။
ထို့အပြင် အထဲတွင် ချပ်ဝတ်တန်ဆာများစွာ ပါရှိသည်။ ဤအရာသည် ခုခံခြင်းအစီအရင်ထက် အများကြီး ပိုကောင်းသည်။ ဥပမာအားဖြင့်၊ လုရှောင်ယန် ချတတ်သော ခုခံခြင်းအစီအရင်များသည် အနှစ်သာရခိုင်မြဲခြင်း အောက်ရှိ တိုက်ခိုက်မှုများကိုသာ ခုခံနိုင်မည်ဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် အမြဲတမ်းမဟုတ်ပေ။ အကယ်၍ တိုက်ခိုက်မှုက များလွန်းလျှင် သို့မဟုတ် တိုက်ခိုက်မှုသည် ပြင်းထန်လွန်းပါက၊ အစီအရင်မှာ ချက်ချင်းပင် ပျက်သွားနိုင်သည်။
သို့သော် သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာမှာမူ ကွဲပြားသည်။ သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာကို ဖြိုခွဲနိုင်ရန်၊ အခြေခံအားဖြင့် ဧကရာဇ်အဆင့် တိုက်ခိုက်မှု လိုအပ်သည်။
ထို့အပြင် သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာသည် အလိုအလျောက် ပြန်လည်ပြုပြင်နိုင်ပြီး ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိသည်။
၎င်းသည် ပျက်စီးမှုကို ခုခံရုံသာမက တိုက်ခိုက်ရေးတွင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူသည့် အရှိန်ကိုလည်း တိုးမြှင့်ပေးနိုင်သည်။
ခုခံခြင်းအစီအရင်ထက် အဆများစွာ ပိုကောင်းသည်။
မဆိုးပါဘူး၊ ဒီလက်ဆောင်အိတ်လေးတွေက ပြီးပြည့်စုံတယ်။
နောက်တစ်ခုကတော့ လက်ဆောင်အိတ်ကြီးသုံးလုံးပင်။ လုရှောင်ယန် သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
“ဘုရားသခင်၊ ငါ့ကို ကောင်းချီးပေးပါစေ။ ငါထပ်ပြီးကံကောင်းပါစေ။"
ထို့နောက် ပထမဆုံးလက်ဆောင်အိတ်ကို ဖွင့်လိုက်သည်။
ထိပ်တန်း သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်း - ထာဝရ လမ်းညွှန်ချက်ဆယ်ပါး x 1
“ထာဝရ လမ်းညွှန်ချက်ဆယ်ပါး၊ ဒါက ဘာကြီးလဲ?”
လုရှောင်ယန် ရှင်းလင်းချက်ကို ထုတ်လိုက်သည်။
ထာဝရ လမ်းညွှန်ချက်ဆယ်ပါး၊ ထိပ်တန်း သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းနှင့် အာရုံခံနိုင်သော စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနည်းလမ်း...။ ၎င်းသည် လူတစ်ဦး၏ စိတ်အာရုံကို အရပ်ရပ်သို့ ပျံ့နှံ့စေနိုင်သည်။ အခြားရှုထောင့်များတွင် ပုန်းနေသောတည်ရှိမှုပင်လျှင် လမ်းကြောင်းဆယ်ခုမှ ထာဝရ ရှောင်လွှဲ၍မရနိုင်ပေ။ ထာဝရ လမ်းညွှန်ချက်ဆယ်ပါး၏ အကျိုးသက်ရောက်မှုသည် ကျင့်ကြံဆင့်မြင့်လာသည်နှင့်အမျှ တိုးတက်လာနိုင်သည်။
"ဒါက အရမ်းမိုက်တာပဲ.."
တကယ်တော့ ဤကျင့်စဉ်သည် အာရုံခံသည့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပင်။ ထို့အပြင်၊ ၎င်းသည် မမြင်နိုင်သော နေရာမရှိဘဲ ၃၆၀ဒီဂရီ အလုပ်လုပ်သည်။ သေးငယ်သည့် နေရာလေးမှာ ပုန်းအောင်းနေသည့် အရာတောင် ရှောင်လွှဲလို့ မရပေ။ ဒါက အရမ်းလန်းလွန်းသည်မှာ သိသာလှသည်။
လုရှောင်ယန် အလွန်ကျေနပ်သွားပြီး ဒုတိယလက်ဆောင်အိတ်ကို ဖွင့်လိုက်သည်။ ထိပ်တန်း သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း - စစ်မှန်သောထုတ်ဖော်ခြင်း x 1
နောက်ထပ် ထူးဆန်းသည့် နာမည်တစ်ခုပင်။
လုရှောင်ယန် သည် ၎င်း၏ ရှင်းလင်းချက်ကို ဖွင့်ပြသည်။
စစ်မှန်သောထုတ်ဖော်ခြင်း၊ ထိပ်တန်း သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းနှင့် အရန်ကျင့်ကြံခြင်းနည်းလမ်း။ ဤကျင့်ကြံခြင်းနည်းလမ်းကို တိုက်ခိုက်မှုတွင် ပေါင်းစပ်လိုက်ခြင်းဖြင့်၊ ၎င်းသည် မပြိုကွဲနိုင်သော အင်အား ပေးစွမ်းသည်။ ကျင့်ကြံဆင့် တိုးလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုတွေ တိုးလာမည်။ ခွန်အားသည် အဆင့်တစ်ခုသို့ရောက်သောအခါ၊ တစ်ဖက်သား၏ခုခံမှုကို လျစ်လျူရှုပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေနိုင်သည်။
“ဟစ် ဘယ်လောက်တောင် မူမမှန်လိုက်လဲ။”
ဝမ့်ခိုက်က သူ့အား အရန်ကျင့်ကြံခြင်းနည်းလမ်းများ ပေးခဲ့သော်လည်း၊ အဆိုပါ အရန်ကျင့်ကြံခြင်းနည်းလမ်းများကို တွဲသုံးသောအခါတွင်မူ လွန်စွာ ပုံမှန်မဟုတ်ပေ။
လုရှောင်ယန်သည် သူ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်လာပြီးနောက်၊ သူဘာမှမလုပ်သော်လည်း သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်ကို ပံ့ပိုးခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးနိုင်ဆဲဖြစ်သည်ဟု ခံစားမိသည်။
သို့သော် သူသည် တပည့်များ၏ တိုက်ခိုက်ရေးနည်းများကိုလည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် သူသည် အခြားသူများကို ထောက်ပံ့ရန် မလိုအပ်ပေ။
သူ့ကိုယ်သူ ထောက်ပံ့ဖို့ပဲလိုသည်။
“နောက်ဆုံး လက်ဆောင်အိတ်ကြီးတစ်လုံးပဲ ကျန်တော့တယ်…..”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၅။ အခန်း ၇၄ တာဝန်ချပေးခြင်း
လုရှောင်ယန် စုတ်သပ်ပြီး နောက်ဆုံးလက်ဆောင်အိတ်ကြီးကို ဖွင့်လိုက်သည်။
ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့် လက်နက် - တောင်နှင့်မြစ်ပန်းချီ x 1
"သိုင်းဘုရင်အဆင့် လက်နက်!"
လုရှောင်ယန် ၏ မျက်လုံးများ တောက်ပလာသည်။
ယခုအချိန်တွင် သူ့မှာ သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေ အများကြီးရှိနေသည်။ သူသည် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းကို မလိုအပ်တော့ပါ။ အနည်းဆုံး လောလောဆယ်တော့ မလိုအပ်ပေ။
သို့သော် သိုင်းဘုရင်အဆင့် လက်နက်များမှာမူ ကွဲပြားသည်။ သိုင်းဘုရင်အဆင့် လက်နက်များသည် အလွန်ရှားပါးပြီး ၎င်းတို့သည် ရတနာထဲက ရတနာများဖြစ်သည်။
သိုင်းဘုရင်အဆင့် လက်နက်တိုင်းတွင် ၎င်း၏ကိုယ်ပိုင် အထူးအသုံးပြုမှုရှိသည်။ သိုင်းဘုရင်အဆင့် လက်နက်တိုင်းသည် အခုတစ်သန်းတွင် တစ်ခုဖြစ်သော ထိပ်တန်းလက်နက်များသာဖြစ်သည်။
သို့သော် လုရှောင်ယန်သည် တောင်နှင့် မြစ်ပန်းချီကားကို ဖွင့်လိုက်သောအခါ သူချက်ချင်း ထိတ်လန့်သွားသည်။
တောင်နှင့်မြစ်ပန်းချီသည် ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့် လက်နက်အမျိုးအစားဖြစ်သည်။
၎င်းသည် အထူးနေရာလွတ်စွမ်းရည်ဖြင့် ကမ္ဘာငယ်လေးကို ဖန်တီးကာ လက်တွေ့ကမ္ဘာရှိ အရာအားလုံးကို စုပ်ယူနိုင်သည်။
အခြားအရန်ပစ္စည်းတစ်ခုပင်။
သူသည် အရန် ဇာတ်ကောင်ရာထူးမှ ဘယ်တော့မှ ရုန်းမထွက်နိုင်ဖွယ်ရှိသည်။
ဝမ့်ခိုက်သည် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်စေရန် မည်သည့်အရာကိုမျှ မပေးချေ။
အနည်းငယ် ကြေကွဲဝမ်းနည်းသွားသည်။
"ထားလိုက်ပါ၊ ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်။"
လုရှောင်ယန် အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း ဤနည်းဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ပစ္စည်းကောင်းတွေ ပိုပိုရလာတာနဲ့အမျှ သူ၏အိတ်သည် မလုံလောက်တော့သလို ဖြစ်နေသည်။
သာမာန် သိုလှောင်အိတ်များသည် ၎င်းတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားရန် နေနေသာသာ သူတော်စင်အဆင့် လက်နက်များကိုပင် မဖုံးကွယ်နိုင်ပေ။
ထို့အပြင်၊ တောင်နှင့်မြစ်ပန်းချီသည် ကိုယ်ခန္ဓာထဲသို့ တိုက်ရိုက်စုပ်ယူနိုင်ပြီး သယ်ဆောင်ရလွယ်ကူသည့် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုဖြစ်သည်။ တောင်နှင့် မြစ်ပန်းချီကို လက်ခံရယူခြင်းသည် သူ၏ လက်ရှိချို့ယွင်းချက်အတွက် ဖာထေးမှုဟု ယူဆနိုင်သည်။
အရေးအကြီးဆုံးမှာ လုရှောင်ယန်အနေနှင့် တွက်ကပ်နေရမယ့်အချိန်မဟုတ်သေးပါ။ ယခု အရေးကြီးဆုံးမှာ ရှောင်ပိုင်ကို ကိုင်တွယ်ဖို့ပင်။
တစ်လရှိသွားပြီ။ သူ့မှန်းဆချက်သာမှန်လျှင် ရှောင်ပိုင် မကြာခင် ကျန်းမြို့ကို ပြန်ရောက်သင့်ပြီ။
သူ့ကို ပြသနာရှာဖို့ အချိန်တန်ပြီ။
လုရှောင်ယန် အခန်းထဲမှ ထွက်သွားကာ သူ၏အရှိန်အဝါ ထုတ်လွှတ်လိုက်သည်နှင့် တပည့်သုံးယောက်က သတိထားမိပြီး လုရှောင်ယန် ၏ အနားကို ချက်ချင်းရောက်လာသည်။
"ဆရာ!"
လုရှောင်ယန် သူတို့ သုံးယောက်ကို ကြည့်လိုက်ရာ သုံးယောက်လုံး၏ အရှိန်အဝါတွေက အရမ်း အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။
“သွားဖို့အချိန်တန်ပြီ။ သွားကြစို့။” သူ့လက်ကို မြှောက်လိုက်ပြီး သူတော်စင်အဆင့်သံချပ်ကာ နှစ်ခုကို ယွင်လီကောနှင့် ကျီဝူရှားသို့ ပစ်ပေးလိုက်သည်။
“ဒီနှစ်ခုထဲမှာ တစ်ခုက အလယ်အလတ်တန်းစား သူတော်စင်အဆင့် ရှန်းယွင်သံချပ်ကာ ဖြစ်ပြီး နောက်တစ်ခုကတော့ အဆင့်မြင့် သူတော်စင်အဆင့် ဇာမဏီငှက်မွှေးသံချပ်ကာပဲ။ အဲ့တာတွေက မင်းတို့ ကျင့်ကြံခြင်းနည်းလမ်းအတွက် သင့်လျော်တဲ့ သူတော်စင်အဆင့် ခုခံခြင်းအစီအရင် အစားထိုးပဲ။ ယူပြီး ဝတ်လိုက်ကြ။” ယွင်လီကောနှင့် ကျီဝူရှားတို့၏ နှလုံးသားများသည် နွေးထွေးသော ခံစားချက်များ ထွက်ပေါ်လာကာ တုန်လှုပ်သွားသည်။
"ဆရာ၊ ကျွန်တော်တို့အပေါ် အရမ်းကောင်းတာပဲ!"
လုရှောင်ယန်ကတော့ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ နှစ်ယောက်လုံး၏ကြည်နူးမှုများကို ရိုက်ချလိုက်လေသည်။
“အထင်လွဲမနေနဲ့။ အဓိကကတော့ မင်းနှစ်ယောက်မှာ ထန်းယွမ်လို မပျက်စီးနိုင်တဲ့ ရွှေကိုယ်ထည် မရှိလို့လေ။ မင်းတို့တွေ အသက်မရှင်နိုင်မှာကို ငါစိုးလို့။ မင်းတို့ အသတ်ခံရရင် မင်းတို့ရဲ့အလောင်းတွေကို ငါကောက်နေရလိမ့်မယ်။"
ယွင်လီကော: “…”
ကျီဝူရှား : "..."
သူတို့၏ ပြောစရာစကားမဲ့နေပုံများကို လျစ်လျူရှုကာ လုရှောင်ယန်သည် ၎င်းတို့သုံးဦးအတွက် နောက်ထပ်သိုလှောင်လက်စွပ်သုံးခုကို ထုတ်ယူခဲ့သည်။
“ဟိုးအရင်ကတည်းက ဒီပြဿနာကို တွေးဖူးတယ်။ အနာဂတ်မှာ ငါတို့ တိုက်ခိုက်မယ်ဆိုရင် တခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ သေချာတယ်။ နာမည်ကြီးလာတဲ့အခါ ပြဿနာတွေ ပိုများလာမယ်။ နောက်တစ်ခုက တောထဲမှာ အမြင့်ဆုံးသစ်ပင်တွေဆိုတာ လေတိုက်လို့ ဖျက်ဆီးခံရတာချည်းပဲလေ..။
ဒါ့ကြောင့် ငါတို့ရဲ့ အဆင့်အတန်း အစစ်အမှန်ကို ဖုံးကွယ်ဖို့ ဝတ်ရုံတစ်ထည်ကို ငါ ပြုလုပ်ခဲ့တယ်။"
" နောက်ဆုံးအကြိမ် အရိုးဖြူနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခဲ့တုန်းက ငါတို့ တော်တော်လေးလောခဲ့တယ်။ သူတို့ထဲက တယောက်သာ လွတ်သွားရင်၊ ငါတို့အတွက် ပြသနာ အကြီးကြီးတက်မှာပဲ။
အထဲမှာ မင်းတို့အတွက် ငါလုပ်ထားတဲ့အဝတ်အစားတွေ၊ ခြုံလွှာတွေ၊ မျက်နှာဖုံးတွေရှိတယ်။ ကျားမကွဲပြားမှုကလွဲရင် ဆင်တူပဲ။”
သူတို့ သုံးယောက်သည် သူတို့၏ ယူနီဖောင်းတွေကို ထုတ်လိုက်သည်။ သူတို့အားလုံးသည် အနက်ရောင် လေကာအင်္ကျီကြီးများနှင့် ဆင်တူသည်။ သူတို့ သုံးယောက်၏ အသွင်အပြင်ကို အပြည့်အ၀ ဖုံးအုပ်နိုင်သည်။ ဝတ်ရုံများ၏အပေါ်ယံအလွှာတွင် အနက်ရောင်-ရွှေရောင်ချည်များဖြင့် ရေးထွင်းထားသည့် ရှစ်ထောင့် ၊ တိုင်ဂျီ ၊နန်းတော်ကိုးခုနှင့် အခြားအစီအရင်များ အသီးသီးရှိနေသည်။
သူတို့သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိသောပုံပေါက်သည်။
“ဒီအဝတ်အစားသုံးစုံစလုံးကို ငါကိုယ်တိုင်လုပ်ထားတာ။ အဲ့ဒီမှာ ပျက်စီးမှုတွေကို ခုခံနိုင်တဲ့ ခုခံခြင်းအစီအရင်တွေ၊ ဝိညာဉ်စွမ်းအင် စုပ်ယူမှုကို တိုးမြင့်စေနိုင်တဲ့ ဝိညာဉ်စုစည်းမှု အစီအရင်တွေရယ်၊ အလိုအလျောက် ပြုပြင်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ပါဝင်တယ်။ အဲ့တာတွေရဲ့ စွမ်းအားက ထိပ်တန်း ကောင်းကင်ဘုံ ကာကွယ်ရေး ဓမ္မရတနာထက် မနိမ့်ကျပါဘူး။ ဒါ့အပြင်၊ ခုခံခြင်းအစီအရင်များအပြင်၊ ဒီမျက်နှာဖုံးတွေပလည်း မင်းတို့ရဲ့အသံတွေကို ပြောင်းလဲနိုင်တယ်။"
မင်းတို့ထွက်သွားပြီးရင် နာမည်တွေ မပြောနဲ့။ ကုဒ်အမည်တွေကိုသာ သုံး။ ဥပမာ လီကောက နံပါတ်တစ်၊ ဝူရှားက နံပါတ်နှစ်ဖြစ်ပြီး ထျန်းယွမ်က နံပါတ်သုံးဖြစ်လိမ့်မယ်။"
ယွင်လီကော ခေါင်းမော့လာကာ ၊ "အခြားသူတွေက ကျွန်တော်တို့ဘယ်ကလာတာလဲလို့ မေးရင် ဘယ်လိုလုပ်မလဲ? ကျွန်တော်တို့ ငြိမ်နေရမှာလား? အဲဒါက သိပ်အဓိပ္ပါယ်မရှိဘူးလို့ မထင်ဘူးလား?"
လုရှောင်ယန် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဘာလို့ အဓိကမဟုတ်တာတွေကို ပြဿနာလုပ်နေတာလဲ? မင်းဘယ်ကလာတာလဲလို့ တစ်ယောက်ယောက်ကမေးရင် ငါတို့က ဖုချိုးကျဲယ်သွေးသောက်အဖွဲ့ကလို့သာပြောလိုက်။"
“အိုး.. ဆရာက တကယ်တော့ စဉ်းစားပြီးပြီပဲ! ဆရာ ဒီနာမည်ကို ဟိုးအရင်ကတည်းက တွေးထားတာ မဟုတ်လား?"
"ဖုချိုးကျဲယ်သွေးသောက်အဖွဲ့။ နာမည်က ဘယ်လောက်လှလိုက်လဲ!”
"ဆရာရဲ့ လမ်းညွှန်မှုနဲ့သာဆို ကျွန်တော်တို့တွေ မြင်းနက်အားလုံးကို သေချာပေါက် ဖျက်ဆီးပစ်နိုင်တယ်။"
လုရှောင်ယန် : “…”
"ကောင်းပြီ၊ မြှောက်ပင့်နေတာတွေ ရပ်ကြ။ ငါတို့သွားသင့်ပြီ။”
သူစကားပြောပြီးသည်နှင့် လုရှောင်ယန်သည် သူတို့ပေါ်တွင် ကြီးမြတ်သော အာကာပြင်ပြိုကွဲခြင်းခြေလှမ်း၏ အမှတ်အသားကို တင်လိုက်သည်။ အတွေးတစ်ခုဖြင့် သူသည် သူတို့ကို တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် လုရှောင်ယန်သည် သူ၏တပည့်သုံးယောက်ကို ကျန်းမြို့အနီးတစ်ဝိုက်သို့ ခေါ်ဆောင်သွားခဲ့သည်။ "မင်းတို့ သုံးယောက်၊ ကျန်း မြို့ကိုသွားပြီး ရှောင်မိသားစုကို အရင်ဖျက်ဆီးလိုက်။ ကျူပင်ခုတ် ကျူငုတ်မကျန်ဖယ်ရှားပစ်ရမယ်ဆိုတာ သတိရပါ။ နားလည်သလား?" သုံးယောက်သားသည် မနေနိုင်ပဲ တုန်ယင် သွားသည်။
"နားလည်ပါတယ်။"
“အရေးအကြီးဆုံးဒုတိယအချက်ကတော့ မင်းရဲ့ရန်သူတွေကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ဒါဟာ မြင်းနက်ရဲ့ဝှက်ဖဲက ဘယ်လောက်ပြင်းထန်န်ုင်လဲဆိုတာ မင်းတို့မသိသေးလို့ဘဲ။”
“ဟုတ်”
“တတိယအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ ငါတို့ အဲဒီကိုရောက်တာနဲ့ ချက်ချင်း တိုက်ပွဲစဖို့ပါပဲ။ သုံးယောက်လုံး အတူတူပူးပေါင်းပြီး သူတို့ကိုအသက်ရှူဖို့ အခွင့်အရေးမပေးရင် အကောင်းဆုံးပဲ။ တိုက်ပွဲကာလအတွင်း၊ စကားမပြောနဲ့။ မင်းပြောသမျှစကားတိုင်းဟာ မြင်းနက်တွေကို ပိုပြီးအားကောင်းသွားစေလိမ့်မယ်။”
“ဟုတ်”
“အင်း.. ကောင်းပြီ၊ သွားကြတော့။"
လုရှောင်ယန်က သူတို့သုံးယောက်ကို ကျန်းမြို့ကိုသွားခိုင်းကာ သူကတော့ ကျန်းမြို့ အပြင်ဘက်တွင် နေခဲ့ပြီး အစီအရင်ချသည်။
တိုက်ခိုက်မှုပုံစံမဟုတ်ပါ။ ကျန်းမြို့တစ်ခုလုံးသည် အရိုးဖြူနတ်ဆိုးဂိုဏ်းထက် များစွာကြီးမားသည်။ သူ ဝိညာဉ်ကျောက်တုံးအများကြီး မသုံးချင်ပေ။
ထို့အပြင်၊ ကျန်းမြို့ရှိ သာမန်လူများက ကောင်းကင်နတ်ဆိုးဂိုဏ်းကို သတ်လိုသော အရိုးဖြူနတ်ဆိုးဂိုဏ်းကဲ့သို့ သူ့ကို မစော်ကားခဲ့ပေ။
သူသည် မလိုအပ်သောစကားများ ပြော၍ သူအချိန်ဖြုန်းမည်မဟုတ်ပေ။
သူဖွဲ့စည်းလိုသည်မှာ အလွန်ရိုးရှင်းသော စောင့်ကြည့်သည့် အစီအရင် ဖြစ်သည်။
စောင့်ကြည့်သည့် အစီအရင်ပုံစံများသည် အလွန်နည်းပါးသည်။ ၎င်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက် အနည်းငယ်သာ လိုအပ်သည်။
ကျန်းမြို့တစ်ခုလုံး၏ ပတ်ပတ်လည်ကို ချရင်တောင် ဝိညာဉ်ကျောက်တုံးတွေ အများကြီးကုန်ကျမှာ မဟုတ်ပါ။
လုရှောင်ယန်သည် မြင်းနက်များတွင် သူတို့အတွက် အသက်ကယ်နည်းပညာများ ရှိသည်ကို သိထားသည်။ သူတို့ကို အနိုင်ယူနိုင်ရင်တောင်မှ ထွက်ပြေးရန် အခွင့်အရေးများပေါ်လာတတ်သည်။
မြင်းနက်တွေကို ကိုင်တွယ်တဲ့အခါ သူ အတော်လေး သတိထားရမည်ဖြစ်၍ အရန်အစီအစဉ်တစ်ခုတော့ သေချာပေါက်လိုအပ်သည်။ အကယ်၍ တစ်ဖက်က လွတ်မြောက်သွားလျှင် သူ ဝင်ပါရလိမ့်မည်။
အခြားသူသည် သူတည်ဆောက်ထားသည့် စောင့်ကြည့်သည့် အစီအရင်ကို ဖြတ်မိသရွေ့၊ သူသည် ထိုသူထံသို့ရောက်ရှိရန် ကြီးမြတ်သော အာကာပြင်ပြိုကွဲခြင်းခြေလှမ်းကို အသုံးပြုပြီး သူ၏ပြိုင်ဘက်ကို နောင်ဘဝသို့ပို့ဆောင်ရန်အတွက် ဆက်တိုက်တိုက်ခိုက်နိုင်သည်။
လုံးဝပြီးပြည့်စုံတယ်…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၅။ အခန်း ၇၅ ငါးနှစ်အကြာမှာ ငါပြန်လာနိုင်ခဲ့ပြီ
မနက်မိုးလင်းတွင် တိုက်သည့် လေမှာ အနည်းငယ်အေးစိမ့်လို့နေသည်။
အနက်ရောင် အကာအကွယ်အင်္ကျီနှင့် ဝါးခမောက်များ ဆောင်းထားသည့် ပုံရိပ်သုံးခုသည် ကျန်းမြို့အနီးသို့ တိတ်တဆိတ် ချဥ်းကပ်လာသည်။
နေရောင်အောက်တွင် သူတို့ သုံးယောက်သည် မတ်မတ်မားမား မတ်တပ်ရပ်ကာ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများ၏အမြင်ကို စွဲဆောင်နေသည်။
အလယ်မှလူသည် ကျန်းမြို့ မြို့ရိုးပေါ်ရှိ ဆိုင်းဘုတ်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် ရှုပ်ထွေးသောအမူအရာ ပေါ်လွင်နေသည်။ “ငါးနှစ်တောင်ရှိသွားပြီ။ နောက်ဆုံးတော့ ငါ ယွင်လီကော ပြန်လာခဲ့ပြီ။"
ကျီဝူရှား "....."
ဖုန်းထျန်းယွမ်: "???"
လေထုသည် ခေတ္တတိတ်ဆိတ်နေပြီး ရှက်ရွံ့ဖွယ်ရာကောင်းသွားသည်။
ခဏအကြာတွင် ဖုန်းထျန်းယွမ် မနေနိုင်တော့၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဆရာတူ အစ်ကိုကြီး၊ မင်း ကျန်းမြို့က ထွက်လာတာ တစ်နှစ်ပဲ ရှိသေးတာ မဟုတ်လား ဘယ်က ငါးနှစ်လဲ?” ယွင်လီကောက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာပြောသည်။ "မင်းဘာသိလို့လဲ ဒါက ငါမသွားခင် ဆရာက ငါ့ကို ပေးခဲ့တဲ့ လျှို့ဝှက်နည်းလမ်း။ ဆရာပြောတာ ငါဒီလိုပြောရင် လက်စားချေတာအဆင်ပြေဖို့ ရာခိုင်နှုန်း ၉၀% ထက် ပိုတိုးလာလိမ့်မယ်တဲ့။”
“ဟမ်... အဲ့စကားက ဘာထူးခြားလို့လဲ။"
ဖုန်းထျန်းယွမ် နားမလည်နိုင်စွာ မျက်လုံးများပြူးနေတာကြောင့် ယွင်လီကော ခေါင်းသာခါလိုက်တော့သည်။
“အဲဒါနဲ့ ပတ်သက်ပြီး ဘာထူးခြားလဲတော့ မသိဘူး။ ဒါပေမယ့် ဆရာပြောတာ သုံးနှစ်ကနေ ငါးနှစ်အထိ အကုန် အဆင်ပြေတယ်တဲ့။ ပိုများရင်ပိုအကျိုးရှိမယ်ထင်လို့ ငါးနှစ်လို့ပြောလိုက်တာ။ ဘာ ထူးခြားတာလဲဆိုတာ စဉ်းစားနေစရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာက အဲ့လိုပြောတယ်ဆိုတာ အကြောင်းအရင်းရှိရမယ်။"
သူတို့အနားမှာရှိသည့် ကျီဝူရှားကတော့ သူမရဲ့မှတ်စုစာအုပ်ကို ချက်ချင်းထုတ်ပြီး ရေးလိုက်သည်။
"လက်စားမချေခင် သုံးနှစ်ကနေ ငါးနှစ်အတွင်း တစ်နှစ်နှစ်ကို ရေရွတ်ပြီး ပြန်မလာတာ အဲ့လောက် ကြာခဲ့ပြီလို့ ပြောရမယ်... အဲဒါက မင်းရဲ့လက်စားချေမှုရဲ့ အောင်မြင်မှုနှုန်းကို တိုးမြင့်စေနိုင်တယ်။"
ယွင်လီကော သက်ပြင်းတစ်ချက်ချကာ အေးစက်စွာပြောသည် "ကောင်းပြီ၊ စကားပြောမနေနဲ့တော့။ ငါတို့ မြို့ထဲကို ဝင်လိုက်ကြရအောင်!”
သုံးယောက်သား မြို့တံခါးဝသို့ လျှောက်သွားကြသည်။ မြို့တံခါးစောင့်တွေက သူတို့သုံးယောက်ကို ချက်ချင်းစစ်မေးသည်။
"ရပ်လိုက်၊ မင်းတို့သုံးယောက်က ဘယ်ကလာတာလဲ? မင်းတို့ ဘာလို့ဒီလိုထူးဆန်းတဲ့အဝတ်တွေဝတ်လာတာလဲ? မျက်နှာဖုံးတွေကိုချွတ်လိုက်ပါ။ ကျုပ်တို့ စစ်ဆေးရပါမယ်။”
ယွင်လီကောသည် တစ်ဖက်လူကို လျစ်လျူရှုလိုက်ပြီး စိတ်ဝိညာဉ်သန့်စင်ရေးနယ်ပယ်၏ ပထမအဆင့်ဖိအားဖြင့် အညှာအတာမဲ့စွာ နှိပ်စက်ညှဉ်းပန်းလိုက်သည်။
တခဏချင်းမှာပဲ တစ်ဖက်လူ၏ မျက်နှာဟာ ဖြူဖျော့လာပြီး ခြေထောက်တွေ အားနည်းသွားကာ ဆက်တိုက် နောက်ဆုတ်သွားသည်။
ထို့နောက် ယွင်လီကောသည် မြို့တံခါးထဲသို့ တိုက်ရိုက်ဝင်ရောက်လိုက်သည်။
"ကိုယ့်အလုပ်ကိုယ်သူလုပ်နေ။"
အစောင့်တပ်မှူးသည် နဖူးက ချွေးစေးတွေကို သူ၏အင်္ကျီလက်နဲ့ သုတ်လိုက်ပြီး တုန်တုန်ယင်ယင်အသံနဲ့ ပြောသည်၊၊
“ဘုရားသခင် ခုဏက ထုတ်လွှတ်လိုက်တဲ့ တစ်ဖက်သူရဲ့ ဖိအားက ပြင်းထန်လွန်းတယ် မဟုတ်လား။ ဒီပညာရှင်တွေ ဘယ်ကလာတာလဲ? သူတို့ရဲ့ လူသတ်တော့မယ့်ပုံကို ကြည့်ရတာ ကျန်းမြို့ မှာ ကြီးကြီးမားမားတစ်ခု ဖြစ်ပျက်တော့မယ်ထင်တယ်။”
သူတို့သုံးယောက်သည် ကျန်းမြို့ထဲကို ဝင်ပြီးနောက် ယွင်လီကောက လမ်းကို ဦးဆောင်ပြီး ရှောင်မိသားစု အိမ်တော်ကို တိုက်ရိုက်သွားသည်။
ထိုအိမ်တော်သည် မူလက ယွင်မိသားစုအိမ်တော်ဖြစ်သည်။ ထိုအချိန်က... ယွင်လီကောနှင့် စေ့စပ်ထားသူ ကျန်းလော့ယွီသည် ရှောင်ပိုင်ကို ချစ်မိသွားသောကြောင့် ယွင်လီကောသည် ဒေါသထွက်ပြီး ရှောင်ပိုင်ကို ဆန့်ကျင်ခဲ့သည်။ နောက်ဆုံးတွင် ယွင်မိသားစုတစ်ခုလုံး ပျက်စီးခဲ့ရသည်။ ယွင်မိသားစု၏ ရာစုနှစ်များစွာ သက်တမ်းရှိ မိသားစုစီးပွားရေးသည်ပင် ရှောင်မိသားစု၏ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားသည်။
ယွင်လီကော ဒေါသမထွက်ပဲ ဘယ်နေလိမ့်မည်လဲ!
သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း လူသတ်ချင်စိတ်တွေ တိုးလာသည်။ ယွင်လီကောသည် နောက်ထပ်စကားတစ်ခွန်းမှ မပြောချင်တော့ပေ။
“သတ် ~”
ထို “သတ်” ဟူသော စကားလုံး ကိုပြောသောလေသံသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ထင်ရှားစေသည်။ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့လည်း စကားမပြောနေတော့ဘဲ တိုက်ရိုက်တိုက်ခိုက်တော့သည်။ တံခါးကို စောင့်ကြပ်နေသည့် ရှောင်မိသားစု သိုင်းပညာရှင်သည် တုံ့ပြန်ဖို့ အခွင့်အရေးတောင် မရရှိဘဲ တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်။
တံခါးသည် တိုက်ရိုက်မညှာမတာဖောက်ထွင်းဝင်ရောက်ခံရသည်။ ဝိညာဉ်သန့်စင်ရေးနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦးသည် သိုးအုပ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ရက်စက်ကြမ်းကြုတ်သောကျားများနှင့်တူသည်။ သူတို့သည် အရူးအမူး နှိပ်စက်ပြီး မရပ်မနား သတ်ပစ်သည်။
ပေါက်ကွဲသံများနှင့် အော်သံတွေ လေထဲတွင် ပြည့်နှက်နေသည်။
ရှောင်မိသားစုအိမ်တော် တစ်ခုလုံးသည် သက်ရှိလောက၏ ငရဲသဖွယ် လူသေကောင်များနှင့် သွေးများ ဖုံးလွှမ်းသွားသည်။
ကျန်းမြို့မှလူများသည် ရှောင်မိသားစု၏ ကြေကွဲဖွယ်အခြေအနေကို အမြန်ရှာတွေ့သွားကြသည်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် ကြီးမားလွန်း၍ ဖုံးကွယ်ထား၍မရပေ။
ပထမဆုံး နစ်နာဆုံးရှုံးမည့်သူများမှာ ကျန်းမြို့ရှိ မိသားစုကြီးများဖြစ်သည်။ ယခု သူတို့အားလုံးသည် ရှောင်ပိုင်၏ လက်ပါးစေများ ဖြစ်နေကြပေပြီ။ ရှောင်မိသားစု တိုက်ခိုက်ခံနေရသည့်အတွက် သူတို့ ရှေ့မထွက်ရန် မဖြစ်နိုင်ပေ။
သိုင်းပညာရှင်များစွာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လျင်မြန်စွာ ရောက်ရှိလာသည်။
"ငါတို့ ကျန်းမြို့က လူတွေကို မင်းတို့ ဘယ်လိုတောင် သတ်ရဲရတာလဲ? ငါတို့ ကျန်းမြို့ကို အထင်သေးလွန်းနေတာမဟုတ်ဖူးလား?"
"ဆရာရှောင်ရဲ့အိမ်တော်ကို ထိပါးဖို့ မင်းတို့ ဘယ်လိုတောင် သတ္တိရှိရတာလဲ? မင်းတို့ အသက်ရှင်ရတာ ပင်ပန်းနေလို့လား?"
“ငါတို့ ကျန်းမြို့က မင်းတို့ကောင်တွေ ရက်ရက်စက်စက် ပြုမူဖို့ နေရာမဟုတ်ဘူး။ ရှောင်မိသားစုက မင်းတို့ လက်လွတ်စပယ် အနိုင်ကျင့်လို့ရတဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး။"
"ငါတို့ စွန်းမိသားစုရှိနေသရွေ့... မင်းတို့ ဆရာရှောင်ရဲ့ မိသားစုကို တိုက်ခိုက်လို့မရဘူး။"
ယွင်လီကောကတော့ သူတို့ကို အေးစက်စက်ပဲ ဆက်ဆံသည်။
ဤလူများသည် ယွင်မိသားစု၏ ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့ဖူးသည်။ တော်တော်များများက သူ၏အဖိုးနဲ့ အဖေကို ညီအကိုဟုတောင် ခေါ်ဖူးကြသည်။
သို့သော်လည်း လအနည်းငယ်အတွင်း ၎င်းတို့သည် ရှောင်ပိုင်၏ခွေးများဖြစ်လာကြပြီး သူ့အပေါ်သစ္စာရှိလာကြသည်။
ဒါဟာ တကယ့်ကို ထေ့ငေါ့စရာကြီးဟု ပြောရမည်။
ယွင်လီကောသည် သရော်ချင်ရုံမှတပါး ထိုသူတို့အတွက် အခြားခံစားချက်များ မရှိတော့ပေ။
ရှေးဟောင်းဧကရာဇ်ကျမ်းကျင့်စဉ်ကို အသုံးပြုပြီး ယွင်လီကော၏ အရှိန်အဝါသည် အရှိန်အဟုန်မြင့်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ သူ၏လက်ပေါ်တွင် စုစည်းပြီးနောက် မီတာတစ်ရာရှည်သော အလင်းဓားရှည်တစ်ခု ဖြစ်လာသည်။ ယွင်လီကော၏ အရှိန်အဝါများ အဆက်မပြတ် တက်လာသည်ကို လူတိုင်း ခံစားနိုင်သည်။ ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ ဦးရေပြားတွေ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ “အစွမ်းထက်လိုက်တဲ့ ကျင့်ကြံမှု။ မကောင်းဘူး၊ သူ့ရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်တယ်။ ငါတို့က သူ့ပြိုင်ဘက်မဟုတ်ဘူး။ မြန်မြန်ပြန်ဆုတ်!!!!”
ယွင်လီကော ရယ်မောလိုက်ကာ၊ "အခုမှပြေးဖို့က အရမ်းနောက်ကျနေပြီလို့ မထင်ဘူးလား?"
သူ၏စကားမဆုံးခင်တွင်ပင် ဓားအလင်းတန်းက ကျရောက်လာသည်။
ဒုန်း...
ဓားရှည်သည် မြေပြင်ပေါ် လွင့်စင်ကျလာသော ဥက္ကာပျံကဲ့သို့ အကန့်အသတ်မဲ့ အစွမ်းသတ္တိဖြင့် သက်ရောက်လာသည်။
ကျန်းမြို့၏ နှစ်မီတာနက်သော ကျောက်တုံးပြာ မြေပြင်မှ မီတာ ၂၀၀ ကျော်ထိနက်သော ချောက်ကြီးတစ်ခု ဖြစ်ပေါ်သည်။
ဓားသွားရောင်ခြည် ထိမှန်သူများသည် တန်ခိုးကြီးသော ဓားသွားရောင်ခြည်ကြောင့် ဖုန်မှုန့်များအဖြစ် တိုက်ရိုက်ပြောင်းလဲသွားသည်။
ဓားရောင်ခြည်တန်း၏ တိုက်ရိုက်ထိမှန်ခြင်းမခံရသော သူများသည်ပင် လေများ၏ ရိုက်ခတ်မှုခံရကာ လွင့်ထွက်သွားသည်။ အချို့မှာ အရိုးတွေ ကျိုးသွားသလို အဆိုးဆုံးမှာ နေရာတွင်ပင် မေ့လဲပြီး သေလုမျောပါး ပြင်းထန်စွာ ဒဏ်ရာရသွားကာ တချို့သေတဲ့အထိရှိကြသည်။
ဤအလွန်ကြောက်စရာကောင်းသောနည်းပညာသည် လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး စိတ်ပျက်အားငယ်သွားစေခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်တဲ့လူက သတ်ဖြတ်ခြင်း တိုက်ကွက်သုံးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ သူ၏စွမ်းအားသည် အလွန်အစွမ်းထက်လှပြီး လူများစွာကို တစ်ကြိမ်တည်းဖြင့် သတ်ပစ်နိုင်သည်။
သူတို့ထဲက တစ်ဝက်လောက် သေဆုံးပြီး ကျန်တစ်ဝက်မှာ ဒဏ်ရာ ပြင်းထန်စွာရသွားသည်။
ဆရာရှောင်သည်သာ ထိုသူ၏ပြိုင်ဘက်ဖြစ်လိမ့်မည်။
ယွင်လီကော တိုက်ခိုက်နေချိန်တွင် လှပသောပုံရိပ်တစ်ခုသည် အဖွဲ့တစ်ဖွဲ့နှင့်အတူ ရောက်ရှိလာသည်။
ဖြစ်ပျက်နေသမျှကို သူမမြင်လိုက်ရသည့်အခါ သူမ၏ နှလုံးခုန်သံ မြန်သွားပြီး သူမ၏မျက်နှာသည် ဖယောင်းလို ဖြူဖျော့သွားသည်။ သို့သော်ငြားလည်း သူမ အံကြိတ်ကာ ဆင်းသက်လာသည်။
သို့သော် သူမသည် အခြားသူများကဲ့သို့ မတိုက်ခိုက်ပေ။ သူမသည် အရိုအသေပြုကာ မေးမြန်းသည်။
“အကြီးအကဲ၊ ငါက ကျန်းမြို့သခင်ရဲ့ သမီး , ရှောင်ပိုင်နဲ့ စေ့စပ်ထားတဲ့ကျန်းလော့ယွီ ပါ။ ငါမေးပါရစေ ရှောင်မိသားစုတစ်ခုလုံးကို ဖျက်စီးပစ်ချင်လောက်တဲ့အထိ မင်းကို အရမ်းဒေါသထွက်သွားအောင် ရှောင်မိသားစုက ဘယ်လိုရန်စခဲ့တာလဲ?" ယွင်လီကော လှည့်လိုက်ကာ သူ့ရည်းစားဟောင်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင်တော့ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ရှောင်ပိုင် ပေါ်လာသောကြောင့်သာ မဟုတ်ရင် သူမ ဒီနှစ်ထဲမှာ သူနဲ့လက်ထပ် ဖြစ်လောက်သည်မဟုတ်လား။
သို့သော်လည်း ရှောင်ပိုင် ပေါ်လာသည်ကို သူ ကျေးဇူးတင်နေမိသည်။
ရှောင်ပိုင်ကြောင့်သာမဟုတ်ရင် ကျန်းလော့ယွီ ဘယ်လောက် စက်ဆုပ်ရွံရှာစရာကောင်းလဲဆိုတာ သူဘယ်လိုသိနိုင်မှာတဲ့လဲ….
***
စာစဉ် ၅ ပြီး၏။