← Chapters

အခန်း (၇၆-၈၀)

Vol. 6 Ch. 76-80

အခန်း (၇၆-၈၀)

Vol. 6 Ch. 76-80

စာစဉ် ၆။ အခန်း ၇၆ နတ်ဆိုးအငွေ့အသက်တွေအများကြီးပဲ..

“မင်း သိစရာမလိုဘူး။”

ယွင်လီကော၏အကြည့်တို့က အေးစက်လို့နေသည်။ လက်ရှိအချိန်တွင် သူ့မိသားစုအတွက် ပြန်လက်စားချေပေးလိုစိတ်သည်သာ ကြီးဆိုးနေကာ ကျိုးကြောင်းမဲ့ သူ့မိသားစုကို ပျက်စီးကိန်းဆိုက်စေသည့် ခွေးကောင် ရှောင်ပိုင်ကိုသာ သတ်ချင်နေတော့သည်။

ကျန်းလော့ယွီ အံတင်းတင်းကြိတ်လိုက်သည်။ လုရှောင်ယန်က မျက်နှာဖုံးတွင် အသံပြောင်းအောင် ပြုလုပ်ပေးထားခြင်းဖြစ်တာကြောင့် ယွင်လီကော၏အသံကို သူမ, မမှတ်မိခဲ့ပေ။

“စီနီယာကြီး၊ ရှောင်မိသားစုကို ရှင်ဘယ်လိုကိစ္စကြောင့်ပဲ အငြှိုးထားနေပါစေ ငါတို့ကျန်းမြို့ မြို့သခင်အိမ်တော်က အလျော်ပေးမှာပါ။ စီနီယာကြီးဘက်က သဘောထားကြီးကြီးနဲ့ ရှောင်မိသားစုကလူတွေကို ချမ်းသာခွင့်ပေးဖို့ပဲ မျှော်လင့်ပါတယ်။”

ထိုစကားများကိုကြားလိုက်ပြီး ယွင်လီကော၏နှလုံးသားအောက်ခြေကပင် မလှောင်ရယ်မိဘဲ မနေနိုင်ခဲ့ပေ။

အတိတ်တုန်းကသာဆိုလျှင် သူမလှည့်သမျှ ခံလိုက်ရပေလိမ့်မည်ဆိုသော်လည်း အခုတော့ မတူတော့ပေ။

တကယ်တမ်း သူမက အချိန်ဆွဲနေခြင်းသာဖြစ်သည်။ ရှောင်ပိုင်မရောက်လာခင်အထိ အချိန်ဆွဲနေကာ ပြီးကာမှ သူတို့ကို တခါတည်း ချောင်ပိတ်ချင်နေခြင်းပင်။

သူ့ဆရာက ဒီအကြောင်းတွေ သူ့ကိုအရင်ကတည်းက ပြောပြထားပြီးသား။

“မင်းက တော်တော်ဘဝင်မြင့်တာပဲ။ ရှောင်မိသားစုကို သက်ညှာပေးဖို့တောင်မှ ဝင်အသနားခံပေးနေသေးတယ်။ အရင်ဆုံး မင်းအသက်ကိုသာ စိုးရိမ်သင့်တာ။”

ယွင်လီကော၏နှုတ်ခမ်းထက် အေးစက်လှသည့်အပြုံးတစ်ခု လှစ်ခနဲပေါ်လာကာ ကျန်းလော့ယွီရှိရာသို့ လျှောက်သွားလိုက်သည်။

ကျန်းလော့ယွီ၏အမူအရာသည်လည်း ချက်ချင်းပြောင်းလဲသွားတော့သည်။ မြို့သခင်အိမ်တော်မှ သိုင်းပညာရှင်များက သူမကိုကာကွယ်ပေးဖို့ရန် ချက်ချင်းရှေ့တက်လာကြသည်။

“ရပ်လိုက်၊ ငါတို့သခင်မလေးကို အန္တရာယ်မပြုနဲ့။”

“ဖယ်စမ်း!”

ယွင်လီကော အနည်းငယ်မျှသော သနားကြင်နာမှုကိုပင် မပြသခဲ့ချေ။ ချက်ချင်းဆိုသလို ရှေးဟောင်းဧကရာဇ်ကျမ်းကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီး လက်သီးတစ်ချက်ထိုးချလိုက်သည်။ သူ၏လက်သီးချက်သည် နဂါးတစ်ကောင်ပမာ လင်းလက်သွားကာ သူ့ရှေ့ရှိ မီတာတစ်ရာထက်မကသော အကွာအဝေးအတွင်းမှ အိမ်များအားလုံးကို တစ်စစီဖြစ်အောင် ရှင်းလင်းသွားခဲ့သည်။ ထိုလက်သီးချက်၏လမ်းကြောင်းတွင်ရှိနေခဲ့သည့် မြို့သခင်အိမ်တော်မှသိုင်းပညာရှင်များသည်တော့ သွေးအန်သူအန်၊ လွင့်ထွက်သူလွင့်ထွက်နှင့် အပြင်းအထန် ဒဏ်ရာရကာ သတိလစ်သွားကြသည်။

ယွင်လီကောတစ်ယောက် ကျန်းလော့ယွီ၏ရှေ့သို့ရောက်သွားကာ သူမကိုဖမ်းဆွဲတော့မည့်အချိန်တွင်ပဲ ကျန်းလော့ယွီနောက်မှနေပြီး ပြင်းထန်သည့်အော်ရာတစ်ခုက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ထိုသူ၏ကျင့်ကြံဆင့်သည် တောင်ပင်လယ်ဒုတိယအဆင့်ထက် မနိမ့်ကျပေ။

“စီနီယာကြီး၊ ခင်ဗျားရဲ့ကျင့်ကြံခြင်းက အရမ်းအားကောင်းတယ်ဆိုပေမယ့် ဒီနေရာက မဟာကျိုးအင်ပါယာကြီးရဲ့နယ်မြေတစ်ခုပါ။ စီနီယာကြီး ဒီနေရာမှာ မောက်မာချင်တိုင်းမောက်မာပြီး လူသတ်ချင်သလောက် လျှောက်သတ်နေလို့မရပါဘူး။ ကျုပ်သမီးကို အန္တရာယ်ပြုချင်နေရင်တောင်မှပေါ့။ ကျုပ် ခင်ဗျားအကြောင်း မဟာကျိုးအင်ပါယာမြို့တော်ဆီ သတင်းပို့လိုက်မှာ မကြောက်ဘူးလား?”

ထိုသူကိုမြင်လိုက်သည်နှင့် ကျန်းလော့ယွီ အလွန်ဝမ်းသာသွားတော့သည်။

“အဖေ။”

ကံမကောင်းစွာဘဲ သူမ၏ပျော်ရွှင်မှုသည် သိပ်ကြာကြာမခံလိုက်ပေ။ မြို့သခင်ပေါ်ထွက်လာသည်နှင့် ရှောင်အိမ်တော်ထဲမှ နောက်ထပ်လူရိပ်တစ်ရိပ်က ပျံထွက်လာကာ သူ့ကိုတစ်ချက်တည်းနှင့် နံရံအတွင်းနစ်ဝင်သွားအောင် ထိုးချလိုက်ခြင်းကြောင့်ပင်။

ဘုန်း!

“အဖေ!!”

ကျန်းလော့ယွီ၏အမူအရာမှာ တမဟုတ်ခြင်းပြောင်းလဲသွားတော့သည်။ သူမ ဘာကိုမှမတွေးတောနိုင်ခင်မှာပဲ ယွင်လီကောက လင်းယုန်တစ်ကောင် ကြက်ကိုသုတ်ချီသလိုမျိုး သူကိုဆွဲခေါ်သွားခဲ့သည်။ သူမဘယ်လောက်ပဲ ရုန်းကန်နေပါစေ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။

ဖုန်းထျန်းယွမ်သည် သူ၏လက်သီးကို ပြန်ရုတ်လိုက်ပြီး ကျန်းမြို့သခင်ကို အထင်အမြင်သေးစွာ ကြည့်ကာ အသက်ရှုထုတ်လိုက်သည်။

"ဘာမဟုတ်တဲ့ မြို့သခင်က ငါ့ရဲ့အကြီးဆုံးဆရာတူ...အဲ...နံပါတ်တစ်ကို ခြိမ်းခြောက်ချင်တယ်ပေါ့လေ... သေချင်နေတာလား...."

ထို့နောက် ကျီဝူရှားသည်လည်း ရှောင်အိမ်တော်ထဲမှ ထွက်လာသည်။

“နံပါတ်တစ်၊ ငါတို့ ရှောင်မိသားစုဝင်တွေအားလုံးကို သတ်ပစ်လိုက်ပြီ။ သူတို့ထဲက တစ်ယောက်မှ မလွတ်ဘူး။”

ယွင်လီကော ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျန်းလော့ယွီ၏ခန္ဓာကိုယ်တွင် အမှတ်အသားတစ်ခုကို ရေးထွင်းပြီး သူမကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းရှူကာ နဂါးနိုင်လှံကို ဆင့်ခေါ်လိုက်သည်။ သူသည် ရှေးဟောင်းဧကရာဇ်ကျမ်းကျင့်စဉ်ကို ခွန်အားအပြည့်ဖြင့်သုံးကာ ရှောင်အိမ်တော်ကို ပြင်းထန်စွာတိုက်ခိုက်ရန်အတွက် သူ၏ စိတ်ဝိညာဉ်သန့်စင်ဘုံ ပထမအဆင့် ခွန်အားအားလုံးကို ပေါင်းစည်းလိုက်သည်။

ဤအိမ်တော်သည် သူ၏အိမ် ဖြစ်ခဲ့သည်။ သို့သော် ယခုမူ ကျီရွှေ့တောင်ထိပ်ကသာလျှင် သူ၏အိမ်ဖြစ်သွားပေပြီ။

ရှောင်အိမ်တော်မှ တစ်ဦးတစ်ယောက်ကိုမျှ သူ ရှင်သန်ခွင့်မပြုနိုင်ပေ။ ရှောင်အိမ်တော် တစ်ခုလုံး တမလွန်သို့ ရောက်သွားမှသာ သူစိတ် သက်သာရာရနိုင်မည်ဖြစ်သည်။

သူသည် ဤအကျင့်များကို သူ၏ဆရာ့ထံမှ သင်ယူခဲ့သည်။

စေ့စပ်သေချာခြင်းသည် သာမန်ကာလျှံကာလုပ်ခြင်းထက် ပို၍ ကောင်းသည်။

အားလုံးပြီးဆုံးသည်နှင့် သူသည် ကျန်းမြို့သခင်ကအေးစက်စက် စိုက်ကြည့်လိုက်ပြီး

"မင်းရဲ့လက်ပါးစေတွေကို လွှတ်ပြီး ရှောင်ပိုင်ကို အကြောင်းကြားခိုင်းလိုက်။ သူ့ကို မြစ်ကမ်းဘေးမှာ စောင့်နေမယ် လို့ ပြောလိုက်.. ”

“ငါ့ကို လှည့်စားတာမျိုး မလုပ်နဲ့။ ခင်ဗျားသမီးရဲ့ ခန္ဓာကိုယ်မှာ အမှတ်အသားတစ်ခု ငါချပြီးပြီ။ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်က သူမရဲ့ နှလုံးသွေးကြောကို အဆက်မပြတ် ဖျက်ဆီးနေလိမ့်မယ်။ သူမကို သေချင်လောက်အောင် နာကျင်မှုခံစားရစေတာအပြင် သူမရဲ့ အသက်သွေးကြောကိုလည်း ထိခိုက်စေလိမ့်မယ်။ သူမအသက်ရှင်ဖို့အများဆုံးသုံးရက်ပဲရှိတယ်။ သတိထားလုပ်။"

ထိုသို့ပြောပြီးသည်နှင့် ယွင်လီကောနှင့် အခြားနှစ်ယောက်သည် ချက်ချင်းဆုတ်ခွာသွားကြသည်။

ကျန်းမြို့သခင်သည် ချက်ချင်းပင် ကုန်းရုန်းထလာပြီး သူ၏သမီးအနားသို့ ရောက်လာသည်။

"လော့ယွီ အဆင်ပြေရဲ့လား"

“အဟွတ်…”

ကျန်းလော့ယွီ သည်ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး၊ “အဖေ၊ သမီး အရမ်းအေးတယ်။ တစ်ကိုယ်လုံးလည်း နာနေတယ်။"

ကျန်းမြို့တော်သခင် လက်သီးများကို ကျစ်ကျစ် ဆုပ်ထားလိုက်ကာ၊

“စိတ်မပူပါနဲ့။ အဖေ ရှောင်ပိုင်ကိုရှာဖို့ လူတွေ လွှတ်ထားတယ်။ ရှောင်ပိုင်က သမီးကို ကယ်တင်နိုင်မှာ သေချာတယ်။"

တစ်ချိန်တည်းမှာပင် လိပ်နက်ဂိုဏ်းနှင့်ဝေးကွာသော နတ်ဆိုးဖိနှိပ်မျှော်စင်အောက်သို့ ဈေးကြီးသောအဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသည့် လူတစ်ဦး တိတ်တဆိတ်ရောက်ရှိလို့လာသည်။

“ပထမ အကြီးအကဲ။”

နတ်ဆိုးဖိနှိပ်မျှော်စင်ကို စောင့်ကြပ်နေသည့် တပည့်က သူ့ကိုမြင်သည်နှင့် ချက်ချင်း ဦးညွှတ်လိုက်သည်။ ပထမအကြီးအကဲက ခေါင်းညိတ်သည်။ ထူးဆန်းသော သွေးရောင်အလင်းတန်းတစ်ခုကတော့ သူ၏မျက်လုံးထဲတွင် တိတ်ဆိတ်စွာ လင်းလက်လာသည်။

“ဂိုဏ်းချုပ်က အစီအရင်အသစ်ဖွဲ့စည်းမှုမှာ တစ်ခုခု အမှားအယွင်းရှိမရှိ ကြည့်ဖို့ ငါ့ကို ခိုင်းထားတယ်။ မင်းသွားတော့၊ ငါတစ်ယောက်တည်း စစ်ဆေးချင်တယ်။"

“ဟုတ်ကဲ့”

တပည့်များသည် ပထမအကြီးအကဲဝင်ရန် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။

ပထမအကြီးအကဲသည် နတ်ဆိုးဖိနှိပ်မျှော်စင်ရှေ့သို့ ရောက်လာပြီး သူ၏မျက်လုံးထဲရှိ သွေးရောင်အလင်းတန်းများ တဟုန်ထိုး တောက်လောင်လာသည်။ သူ၏စိတ်ထဲတွင် အသံတစ်ခုက သူ့ကို တစ်ခုခုလုပ်ရန် ခိုင်းစေနေသလိုပင်။

“အစီအရင်ကိုဖျက်ပြီး ငါ့နောက်ကို လိုက်။ ငါ မင်းကို ပိုသန်မာအောင် လုပ်ပေးမယ်။"

"သန်မာအောင်...။"

ဂလု~

ပထမအကြီးအကဲသည်ခက်ခက်ခဲခဲတံတွေးမျိုချလိုက်သည်။ အပြင်းအထန်ရုန်းကန်ပြီး နောက်မှာတော့ သူ၏မျက်လုံးများသည် ပို၍တည်ကြည်လာခဲ့သည်။

သူသည် အသက်ပြင်းပြင်းရှူပြီး လက်အမှတ်အသားလုပ်လိုက်သည်။

“ဖွင့်~”

နောက်တစက္ကန့်တွင်၊ နတ်ဆိုးဖိနှိပ်မျှော်စင်ရှိ နေရာတိုင်းတွင် အလင်းရောင်များ ထွန်းလင်းတောက်ပလာကာ မရေမတွက်နိုင်သော အလင်းရောင်များ ထွက်ပေါ်လာသည်။ အလင်းတစ်ခုစီတိုင်းသည် အစီအရင်တစ်ခုကို ကိုယ်စားပြုသည်။

အုန်း.. အစီအရင် များစွာထဲမှတစ်ခု ပထမဆုံးပေါက်ကွဲခြင်းဖြစ်သည်။ တစ်ခု ပေါက်ကွဲလိုက်သည်နှင့်အမျှ၊ ကွင်းဆက်တုံ့ပြန်မှု အသက်ဝင်လာသကဲ့သို့ပင်။ အခြားသော အစီအရင် ဖွဲ့စည်းမှုများသည်လည်း လျင်မြန်စွာ ပေါက်ကွဲလာကြသည်။

နတ်ဆိုးအရှိန်အဝါသည် ကောင်းကင်ထိ တက်သွားပြီး နတ်ဆိုးဖိနှိပ်မျှော်စင်မှစ၍ လျင်မြန်စွာ ပြန့်ကားလာကာ နံရံများပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာသည်။

နတ်ဆိုးအရှိန်အဝါသည် အရှိန်လျော့မသွားပဲ ကောင်းကင်ထိ တက်သွားသည်။ စင်စစ် ၎င်းသည် ကောင်းကင်က တိမ်တိုက်တွေနဲ့ ပေါင်းစည်းပြီး အနက်ရောင်နဲ့ အနီရောင် နတ်ဆိုးတိမ်တိုက်အဖြစ် ပြောင်းလဲသွားလေသည်။

သွေးဆာကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော အသံတစ်သံသည် နတ်ဆိုးဖိနှိပ်မျှော်စင်အောက်ခြေမှ ရုတ်တရက်ထွက်ပေါ်လာသည်။

“ဟားဟား… အနှစ်တစ်ထောင်....၊ အနှစ်တစ်ထောင် ပြည့်ခဲ့ပြီ။ နောက်ဆုံးတော့ ငါလွတ်မြောက်ပြီ"

လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ "ပထမအကြီးအကဲ၊ ဘာလုပ်လိုက်တာလဲ?"

ပထမ အကြီးအကဲက ရုတ်တရက် စတင်တိုက်ခိုက်တော့သည်။

အနှစ်သာရခိုင်မြဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ခွန်အားသည် လိပ်နက်ဂိုဏ်း၏ သာမန် တပည့်များ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ချေ။ တခဏချင်းမှာပဲ သူတို့အားလုံးကို ပထမအကြီးအကဲက တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။ "ငါဘာလုပ်နေတာလဲ..ဟုတ်လား ငါ ခွန်အားကြီးမားအောင်လုပ်နေတာ။ ငါ ပိုသန်မာချင်တယ်။ ဘုရင်အဆင့်အဆင့်ကို တက်လှမ်းချင်တယ် ဟားဟားဟား… ငါ့ရဲ့ သက်တမ်းကို ထိန်းထားချင်တယ်။ အသက်ပိုရှည်ချင်တယ်။ ဒီနည်းနဲ့သာ သိုင်းပညာလောကထဲကို ဒီ့ထက်ပိုပြီးပေါက်ရောက်အောင် လျှောက်လှမ်းနိုင်မှာ..."

တိုးမြင့်လာသော နတ်ဆိုးအရှိန်အဝါသည် အခြေခံအားဖြင့် ကီလိုမီတာ ရာနှင့်ချီသော ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများကို အာရုံခံစားရမိစေခဲ့သည်။

၎င်းသည် အင်အားကောင်းလွန်းသည်။

၎င်းတွင်ပါရှိသော သွေးဆာနေသော သတ်ဖြတ်ရန် ရည်ရွယ်ချက်မှာ အလွန်ဆိုးရွားလှသည်။ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော်လည်း လူများကို ထိတ်လန့်စေခဲ့သည်။

ကျန်းမြို့ အပြင်ဘက်တွင် အစီအရင်ဖွဲ့စည်းခြင်းကို လုပ်ဆောင်နေသော လုရှောင်ယန်သည် သူလုပ်နေတာတွေကို ရုတ်တရက်ရပ်တန့်လိုက်ပြီး လိပ်နက်ဂိုဏ်းဆီသို့ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

"ထူးဆန်းလိုက်တာ ဘာဖြစ်နေတာလဲ? လိပ်နက်ဂိုဏ်းဆီကနေ ဒီလောက် အစွမ်းထက်တဲ့ အရှိန်အဝါ ထွက်လာတာ ဘာကြောင့်လဲ။ နတ်ဆိုးဂိုဏ်းကလူတွေ အများကြီးရောက်နေတာ များလား။ မဟုတ်ဘူး၊ ဒီ အရှိန်အဝါက သာမန် နတ်ဆိုးကျင့်ကြံသူလို့ မထင်ရဘူး။ ဟိုကောင် ထွက်လာတာ ဖြစ်နိုင်မလား?"

လုရှောင်ယန်သည် တဖက်လူကို တစ်ခါမှ မမြင်ဖူးပေပေ။ သို့သော် သူသည် အလွန်ထက်မြက်ပြီး တစ်ဖက်လူ၏ အဆင့်အတန်းကို ချက်ခြင်းစဉ်းစားမိသည် ။

သို့သော် သူ ခေါင်းကို အမြန်ခါလိုက်သည်။

"အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ? ကောင်းကင်ကြီးပြိုကျရင်တောင် ထိန်းထားနိုင်တဲ့ အားကောင်းတဲ့သူ ရှိလိမ့်မယ်။ ငါကတော့ မြင်းနက်ကို သတ်ဖို့ပဲလိုတယ်….”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၇၇ ဒေါသထွက်တယ်...

ကျိုးယင်တောင်သည် ကျန်းမြို့ နှင့် မဝေးသော တောင်ဖြစ်သည်။ ၎င်းကို ကျိုးယင်ဂိုဏ်းက ပိုင်သည်။

ထိုနေ့တွင် တောင်ခြေရင်း၌ အနက်ရောင် အင်္ကျီဝတ်ထားသော ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ တွားသွားထွက်လာရင်း လေထုသည် မှုန်ဝါးဝါး ဖြစ်နေသည်။

“အဟွတ်.. အဟွတ်…”

ထိုသူသည် အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး နှုတ်ခမ်းထောင့်မှ သွေးများ စိမ့်ထွက်လာသည်။ သူ၏မျက်နှာမှာ ဖျော့တော့ပြီး အတော်လေး အားနည်းနေပုံရသည်။ "ဒီနတ်ဆိုးဂိုဏ်းက ယုတ်မာတဲ့ကောင်တွေ ရူးနေကြတာလား? ဘာလို့ ငါဘယ်သွားသွား ငါ့နောက်က လိုက်နေကြတာလဲ? နောက်ပြီး သူတို့က ငါ့ကို တွေ့တိုင်း သတ်ဖို့ပဲ ကြိုးစားနေကြတယ်!”

"ငါ ရှောင်ပိုင်က ငါ့ရဲ့ အထွတ်အထိပ် ခွန်အားတွေ ပြန်ကောင်းမလာသေးတာကြောင့်သာ မဟုတ်ရင် အခုလို သူတို့ လိုက်ဖမ်းတာကို ပြေးနေစရာလိုမလား? အခုတော့ ပုဇွန်တွေရဲ့ လှောင်ပြောင်မှုကို ခံနေရတဲ့ ရေတိမ်ထဲမှာ ကူးနေရတဲ့ နဂါးတစ်ကောင်လိုပဲ။”

"သိုင်းဘုရင်အဆင့်အဆင့်ကို ငါပြန်ရောက်တဲ့နေ့ဟာ မင်းတို့ နတ်ဆိုးဂိုဏ်းကို ငါဖျက်ဆီးမယ်နေ့ပဲ!"

ထိုစကားပြောပြီး သူ၏ပါးစပ်ထဲ သံဓာတ်အချို့ကို အရသာခံမိသွားကာ သွေးများအန်ထုတ်လိုက်ရပြန်သည်။

ဤအခိုက်အတန့်တွင် သစ်တောများ တုန်ခါသွားကာ ရှောင်ပိုင်၏ မျက်စံများ ရုတ်တရက် ကျုံ့သွားသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပျံ့နှံ့သွားပြီး သူ၏တစ်ကိုယ်လုံး အလွန်သတိထားနေသည်။

"ထပ်ပြီး နတ်ဆိုးဂိုဏ်းကလူတွေများလား?"

သူစိုးရိမ်နေစဉ်တွင်ပဲ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရုတ်တရက် တောထဲက ထွက်လာသည်။

တစ်ဖက်သူက သူ့ကိုမြင်တော့ အရင် အံ့ဩသွားပြီးနောက် မျက်လုံးထဲတွင် ချက်ခြင်း မျက်ရည်တွေ ပြည့်လာသည်။ သူသည် ရှေ့သို့ နှစ်လှမ်းတိုးကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး နှာရည်တတောက်တောက်နှင့် အော်ဟစ်ငိုယိုတော့သည်။

"ဆရာရှောင်၊ နောက်ဆုံးတော့ မင်းကို ငါရှာတွေ့ပြီ။ ဝူး…”

ရှောင်ပိုင် အနည်းငယ် အံ့သြသွားသော်လည်း တစ်ဖက်လူ၏ ချပ်ဝတ်တန်ဆာကို မြင်သောအခါ တစ်စုံတစ်ခုကို သတိရသွားပြီး မျက်မှောင်ကြုတ်သွားသည်။

"မင်းက မြို့သခင်အိမ်တော်ကလား?"

"ဟုတ်ပါတယ်။ ကျွန်တော်က မြို့သခင်အိမ်တော် ကပါ။ ဆရာရှောင်၊ မင်းမြန်မြန်ထပြီး ကျန်းမြို့ကို ပြန်လာသင့်တယ်။ ကျန်းမြို့ မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားခဲ့ပြီ။ ဝူး…”

ရှောင်ပိုင်၏ နှလုံးခုန်သံသည် ရုတ်တရက် မြန်လာကာ ချက်ချင်းပင် ဆိုးရွားသော ခံစားချက် ရလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ.. ကျန်းမြို့မှာ ဘာဖြစ်လို့လဲ?"

သူက တစ်ဖက်သူရဲ့ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး သူ၏ဒဏ်ရာတွေကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူ၏မျက်နှာက နီရဲနေပြီး အသက်မရှူနိုင်ပေ။

“ဆရာရှောင် လွန်ခဲ့တဲ့ နှစ်ရက်က ကျွမ်းကျင်ပညာရှင် တချို့ ကျန်းမြို့ထဲကို ဝင်လာပြီး ရှောင်အိမ်တော် တစ်ခုလုံးကို သတ်ပစ်လိုက်တယ်။ သူတို့က ကျွန်တော်တို့ရဲ့ မမလေးကိုတောင် ဒဏ်ရာရစေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်မှာ အမှတ်အသားတစ်ခုချပြီး သူမရဲ့ အသက်သွေးကြောကိုတောင် ထိခိုက်အောင်လုပ်လိုက်တယ်။”

"မင်းဘာပြောလိုက်တာလဲ. "

ရှောင်ပိုင်၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းလာပြီး သူ၏တစ်ကိုယ်လုံးရှိ သွေးများသည် တောက်လာလာကာ သူ၏ခေါင်းဆီသို့ အရူးအမူး တိုးဝင်လာပုံရသည်။

"ကျန်းမြို့မှာရှိတဲ့ တခြားမိသားစုကြီးတွေကော... မင်းရဲ့မြို့သခင်ကရော... သူတို့ ငါ့ရဲ့ ရှောင်မိသားစုကို ကာကွယ်ဖို့ ရှေ့ထွက်မလာဘူးလား?"

“သူတို့ရှေ့ထွက်တာပေါ့။ လူတိုင်းရှေ့ထွက်ခဲ့ကြပေမယ့် တဖက်သူက အားကောင်းလွန်းတယ်။ ကျွန်တော်တို့ သူတို့နဲ့ လုံးဝ မယှဉ်နိုင်ဘူး။ မိသားစုကြီးတွေရဲ့ အကျော်အမော်တချို့တောင် တိုက်ပွဲမှာ သေတဲ့သူကသေ အပြင်းအထန် ဒဏ်ရာရတဲ့သူကရနဲ့... ကျွန်တော်တို့မြို့သခင်တောင်မှ ဒဏ်ရာရခဲ့တယ်”

အဟွတ်..

ရှောင်ပိုင် မတတ်သာပဲ သွေးအန်တော့သည်။

သူ၏ ဒဏ်ရာမှာ ပြင်းထန်နေပြီသားပင်။ ယခု သူ၏သွေးနှင့်ချီသည် သူ၏နှလုံးကို တိုက်ခိုက်နေပြီး သွေးတပွက်ကို ထွေးထုတ်လိုက်ရာ သူ၏ အရှိန်အဝါတစ်ခုလုံး ပိုလို့ပင် ညစ်နွမ်းလာသည်။

မြို့သခင်အိမ်တော်က အစေခံသည် ထိတ်လန့်သွားတော့သည်။

"ဆရာရှောင် ခင်ဗျားအဆင်ပြေရဲ့လား? အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ? ကျွန်တော်တို့ မမလေး အသက်ရှင်ဖို့ တစ်ရက်ပဲကျန်တော့တယ်။"

သို့သော် ရှောင်ပိုင်က သူ့ကို လျစ်လျူရှုပြီး ဤနေရာမှ အမြန်ထွက်ခွာပြီး ကျန်းမြို့သို့ ပြန်ရန် သူ၏ ခြေလှမ်းသိုင်းကို ချက်ချင်းအသုံးပြုလိုက်သည်။

ရှေ့တွင် အန္တရာယ်ရှိနေကြောင်းနှင့် သူပြန်မသွားပါက ပို၍ဘေးကင်းနိုင်သည်ကို သူသိသော်လည်း၊ သူသည် သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူ၏ လူပြန်ဝင်စားခြင်းဖြစ်သည်။ သိုင်းဘုရင်အဆင့်အဆင့်ကျွမ်းကျင်သူမဟုတ်တော့သော်လည်း၊ သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ဂုဏ်သိက္ခာရှိနေဆဲဖြစ်သည်။

သူ၏မိသားစု ဖျက်ဆီးခံရပြီး သူ၏အမျိုးသမီးက အနိုင်ကျင့်ခံခဲ့ရသည်။ ဤကဲ့သို့သော အခြေအနေမျိုးကြုံလာရသည့်အခါတွင် သူဘယ်လိုပြေးနိုင်မည်လဲ။

သူပြေးမိလျှင် သူ့ကိုယ်သူ လေးစားမှုတွေ ဆုံးရှုံးသွားပြီး တာအိုနှလုံးသားလည်း ပျက်စီးသွားလိမ့်မည်။ နောင်တွင် သူသည် သိုင်းဘုရင်အဆင့်အဆင့် ရောက်သောအခါ သူ့ကိုယ်သူ လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

ထို့ကြောင့် သူ မပြေးနိုင်ပေ။ ပြန်သွားကိုသွားရမည်။

ကျိုးယင်တောင်သည် ကျန်းမြို့နှင့် သိပ်မဝေးလှပေ။ ထို့ကြောင့် ရှောင်ပိုင်သည် ကျန်းမြို့သို့ ပြန်ရောက်ရန် နေ့တစ်ဝက်သာ အချိန်ယူခဲ့သည်။

ကျန်းမြို့သို့ သူပြန်ရောက်သည့်အခိုက်တွင် သူသွားသည့် ပထမဆုံးနေရာမှာ သဘာဝအတိုင်း သူ၏ ရှောင်မိသားစုအိမ်တော်ဖြစ်သည်။

တစ်ဖက်သူပြောတာမှန်လားဆိုတာ သူကိုယ်တိုင်အတည်ပြုချင်သေးသည်။

သို့သော်လည်း ရှောင်မိသားစုအိမ်တော်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုကျနေသည်ကို မြင်လိုက်ရသောအခါတွင် သူ ပြိုကျသွားသည်။ သူ၏စိတ်တွေ ဗလာဖြစ်ပြီး ကောင်းကင်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"ဖေဖေ.. မေမေ.. နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။"

ရှောင်ပိုင်၏ရင်ဘတ်ထဲတွင် သွေးများစုပုံလာပြီး နောက်ထပ်သွေးများ ပါးစပ်ထဲက ထွေးထုတ်လိုက်ရင်း အော်ဟစ်လိုက်သည်။

ထို့နောက် ရှောင်အိမ်တော်၏အ၀င်ဝတွင် အကြာကြီးမရွေ့ဘဲ ရပ်နေမိလေသည်။

နောက်ဆုံး ထိုနေ့ မွန်းတည့်ခါနီးမှ ရှောင်ပိုင် လှည့်၍ ထွက်သွားလေသည်။

သူ ဒေါသထွက်သော်လည်း ရင်ထဲသိမ်းမထားသင့်ပေ။

သူ၏ဒေါသကို ဖိနှိပ်ပြီး သူ့စိတ်ကို ဆင်ခြင်ကာ လက်စားချေဖို့ ခွင့်ပြုလိုက်သည်။ မဟုတ်ရင် သူတကယ်လက်စားချေနိုင်တော့မှာမဟုတ်ပေ။

သူသည် မြို့သခင်အိမ်တော် သို့ တတ်နိုင်သမျှ မြန်မြန်သွားပြီး ကျန်းလော့ယွီ၏ အခန်းကို သွားနေကျကဲ့သို့ ဝင်လိုက်သည်။

ကျန်းလော့ယွီ၏အခန်းတွင် သူမ၏ဖခင် ကျန်းမြို့သခင် တစ်ဦးတည်းသာ သူမအနားတွင်ရှိနေသည်။

ကျန်းလော့ယွီသည် လုံးဝ မေ့မြောနေပြီဟု ဆိုနိုင်သည်။ "ရှောင်ပိုင်၊ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့။"

ကျန်းမြို့တော်သခင် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ ဤသည်မှာ သူ့သမီး၏အသက်အန္တရာယ်နှင့်သက်ဆိုင်နေသည်ပင်။ ဒါကြောင့် သူမကို ဘာမှ မဖြစ်စေချင်သည်မှာ သဘာဝကျသည်။

ရှောင်ပိုင်က ခေါင်းညိတ်လိုက်ပြီး ထပ်ဂရုမစိုက်နေတော့ပေ။ ထိုအစား သူသည် ကျန်းလော့ယွီ၏ နံဘေးကို တည့်တည့်လျှောက်သွားပြီး သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူသည် ဝိညာဉ်စွမ်းအင်အနည်းငယ်ကို သွင်းပေးလိုက်ပြီး ကျန်းလော့ယွီ၏ ခန္ဓာကိုယ်ရှိ အမှတ်အသားကို စတင်စူးစမ်းသည်။

အမှတ်အသားကို ထိတွေ့လိုက်သည်နှင့်ပင် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဤစွမ်းအားသည် သိုင်းဘုရင်အဆင့်အဆင့်ကျင့်ကြံခြင်းနည်းလမ်း၏ စွမ်းအားဖြစ်ကြောင်း သူသဘောပေါက်နိုင်သောကြောင့်ဖြစ်သည်။

တဖက်လူတွင် သိုင်းဘုရင်အဆင့်အဆင့်ကျင့်ကြံခြင်းနည်းလမ်း အမှန်တကယ်ရှိသည်လား?

ဒါ ဘယ်သူများလဲ?

ဤအခိုက်အတန့်တွင် ကျန်းမြို့တော်သခင် သည် မနေနိုင်ပဲ ရှေ့သို့လှမ်းကာ မေးသည်။ “ရှောင်ပိုင်၊ ဘာဖြစ်လို့လဲ? လော့ယွီရဲ့ အခြေအနေက ဆိုးရွားနေသလား?"

ရှောင်ပိုင်၏ မျက်လုံးများ လှုပ်သွားသည်။

"ဒါက နည်းနည်းတော့ ခက်တယ်၊ ဒါပေမယ့် ငါ့အတွက်တော့ လှည့်ကွက်လေးတစ်ခုပါပဲ။"

လုရှောင်ယန် တွေးထားသလိုပဲ ရှောင်ပိုင်က သူ့မှာ သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်း ဒါမှမဟုတ် သိုင်းဘုရင်အဆင့်အဆင့် လက်နက်ရှိတယ်လို့ တခြားသူတွေကို မပြောဝံ့ပေ။

အဘယ်ကြောင့်ဆိုသော် သိုင်းဘုရင်အဆင့်အဆင့်ကျင့်ကြံစဉ်၊ သို့မဟုတ် သိုင်းဘုရင်အဆင့်အဆင့်လက်နက် ရှိသည်ဟု သတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မဟာကျိုးအင်ပါယာတစ်ခုလုံးရှိ လူတိုင်းကို ရူးသွပ်သွားစေရန် လုံလောက်သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် သူ့အိမ်တော်ကိုဖျက်ဆီးသူသာမက သူပါ အဖမ်းခံရနိုင်သောကြောင့်ဖြစ်သည်။

ရှောင်ပိုင်ဟာ ရူးမနေသရွေ့ ထုတ်ပြောမှာမဟုတ်ပေ။

မကြာမီတွင်၊ သူ၏ သိုင်းဘုရင်အဆင့်အဆင့်ကျင့်ကြံခြင်းနည်းလမ်းသည် ကျန်းလော့ယွီ၏ ခန္ဓာကိုယ်ရှိ အမှတ်အသားကို ဖယ်ရှားခဲ့ပြီး သူမ၏ နှလုံးသွေးကြောကိုပင် ပြုပြင်ပေးခဲ့သည်။

ကျန်းလော့ယွီ ရုတ်တရက် နိုးလာခဲ့သည်။ ရှောင်ပိုင်ကိုတွေ့လိုက်ရသည်နှင့် ချက်ချင်းဆိုသလို ရှောင်ပိုင်၏လက်မောင်းများထဲသို့ တိုးဝင်ကာ ငိုတော့သည်။

“ဝူးဝူး… ရှောင်ပိုင်၊ နောက်ဆုံးတော့ ရှင်ပြန်လာပြီ။ ကျွန်မ ရှင့်ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ။"

ရှောင်ပိုင်သည် သူမ၏ ခေါင်းလေးကို သနားစဖွယ် ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။

"မဟုတ်ဘူး ငါပြန်လာပြီ။ ငါ မင်းကို ကယ်တင်ဖို့ ပြန်လာပြီ။"

“ဝူးဝူး… ရှောင်ပိုင် တောင်းပန်ပါတယ်။ ကျွန်မတကယ် အသုံးမကျဘူး။ ရှောင်မိသားစုကို ကာကွယ်ဖို့ ကျွန်မ မတတ်နိုင်ခဲ့ဘူး"

ရှောင်ပိုင်က သူမ နှာခေါင်းလေးကို အသာညှစ်လိုက်ကာ

"မင်းအသုံးမကျဘူးလို့ ဘယ်သူပြောတာလဲ။ မင်းက အရမ်းကောင်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မင်း ရှောင်မိသားစုအတွက် ရပ်တည်ပေးမယ်လို့တောင် ငါ မမျှော်လင့်ထားဘူး။"

"ကျေးဇူးတင်ပါတယ် ရှောင်ပိုင်"

"မင်းက ဘာလို့ ငါ့အပေါ် ဒီလောက် ယဉ်ကျေးနေရတာလဲ။ အခုတော့ ပြန်အိပ်ပြီးအနားယူလိုက်ဦး။ ငါခဏသွားလိုက်အုံးမယ်။"

"ဘယ်သွားမလို့လဲ?"

ကျန်းလော့ယွီ၏နှလုံးသားမှာ တင်းကျပ်လာပြီး ရှောင်ပိုင်ကတော့ အေးစက်စွာပြောလာသည်။ "အဲ့ဒီကောင်ကို သွားသတ်မလို့…."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၇၈ ကံကြမ္မာတိုက်ပွဲ...

ရှောင်ပိုင် အပြင်ထွက်လာပြီးနောက် မြစ်ကမ်းစပ်သို့ အလင်းအရှိန်နှုန်းဖြင့် ပြေးထွက်သွားခဲ့သည်။။

ကျန်းလော့ယွီသည်လည်း ကုတင်ပေါ်ကနေ ရုန်းကန်ထလိုက်ကာ၊

“ဖေဖေ၊ သမီးကို ခေါ်သွားပါ။ အစ်ကိုရှောင် အဲဒီကောင်ကို သတ်တာကို ကြည့်ချင်တယ်။"

ကျန်းမြို့တော်သခင်မှာ စိတ်ပူပဲမနေနိုင်ပေ။

"သမီးဒဏ်ရာကအဆင်ပြေရဲ့လား? အိမ်မှာ ဘာလို့ နားမနေတာလဲ? ရှောင်ပိုင်ရဲ့ ခွန်အားနဲ့ဆိုရင် တစ်ဖက်သူကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မှာ သေချာပါတယ်။” ကျန်းလော့ယွီ ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး၊ အစ်ကိုရှောင်ကို ကူညီပြီး ရှောင်မိသားစုကို မကာကွယ်နိုင်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားရတယ်။ သူ့ရန်သူကို သူ့ လက်နဲ့သတ်တာကို မကြည့်ရရင်၊ အစ်ကိုရှောင်ရဲ့နှလုံးသားထဲမှာ နေရာမရှိနိုင်တော့ဘူး။"

ကျန်းမြို့တော်သခင် သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ၊ အဖေလိုက်ပို့ပေးမယ်။"

ရှောင်ပိုင် မြစ်ကမ်းနားသို့ အမြန်ဆုံး အရှိန်ဖြင့် ရောက်လာခဲ့သည်။

မြစ်ကမ်းနံဘေးတွင် လူသုံးယောက်က သူ ရောက်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ဤနေရာတွင် စောင့်ဆိုင်းနေပုံရသည်။

စင်စစ် မြသ်ကမ်းဘေး စုဝေးနေသည်မှာ ယွင်လီကောနှင့် ကျန်နှစ်ယောက်သာ မဟုတ်ပေ။ ကျန်းမြို့မှ သိုင်းပညာရှင် အများအပြားလည်း ရှိနေသည်။

ယွင်လီကောနှင့် ကျန်နှစ်ယောက်သည် ကျန်းမြို့တွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်မှုဖန်တီးခဲ့ပြီး သူတို့၏မိသားစုများမှ အကျော်အမော်များစွာကိုလည်း သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် လူတိုင်း ဤတိုက်ပွဲကို ကြည့်ချင်ကြသည်။

ထိုသူတို့သည် ရှောင်ပိုင်က သူတို့သုံးယောက်ကို ဘယ်လိုသတ်ဖို့ စီစဉ်ထားတာလဲဆိုတာ ကြည့်ချင်နေကြသည်မှာမလွဲမသွေပင်။

"ဟေ့ ဘယ်သူအနိုင်ရမယ်ထင်လဲ?"

“သေချာပေါက် ရှောင်ပိုင်ပေါ့ဟ။ ပြောစရာတောင်မလိုဘူး။ ဆရာရှောင်ရဲ့ ခွန်အားကို ဘယ်သူက မသိလို့လဲ။ ဘယ်သူရှိလဲ? ဟမ်.. အခုအချိန်ထိ သူ တစ်ယောက်ယောက်ကို ရှုံးတာ မြင်ဖူးလား?”

"မှန်တယ်။ ဆရာရှောင်ရဲ့ ခွန်အားက တကယ်ကို သံသယဖြစ်စရာမရှိဘူး။ ကျန်းမြို့ တစ်ခုလုံးမှာ သူက မယုံနိုင်စရာ ဖြစ်တည်မှုအဖြစ် သတ်မှတ်လို့ရနေပြီ။”

“ဒီလူသုံးယောက်က ဦးနှောက်မဲ့ပြီး တဇွတ်ထိုးလုပ်ခဲ့တာ။ အခု ရှောင်မိသားစုကို ဖျက်ဆီးပြီးနောက်မှာ သူတို့ ဆရာရှောင်ရဲ့ ဒေါသကို ခံနိုင်ကြမှာမဟုတ်ဖူး..။"

ဤစကားများသည် ရှောင်ပိုင်အတွက် အထူးအဆန်းဖြစ်နေသည်။

ဘယ်အရာက ထူးဆန်းနေသည်ကို သူ မပြောနိုင်သော်လည်း အလွန်ထူးဆန်းသည်။ ဤကဲ့သို့သော ချီးကျူးမှုတွေက သူ့ကိုမဟုတ်ဘဲ တဖက်လူကို ဦးတည်သင့်သည်ဟု ခံစားရသည်။

အတိတ်က သူထင်ပေါ်ကျော်ကြားလာသည့်အခါတိုင်း ထိုပရိသတ်တွေက သူ့ကို အထင်ကြီးမည်မဟုတ်တာ သေချာသည်။ ယင်းအစား၊ သူတို့သည် အောင်မြင်ကျော်ကြားနေပြီးဖြစ်သော သူ၏ ပြိုင်ဘက်များကိုသာ အထင်ကြီးကြကာ သူ့ကိုပင် ရှုံ့ချကြပေလိမ့်မည်။

နောက်ဆုံးတွင်၊ သူသည် အမြဲလိုလို သူတို့၏မျက်နှာများကို ဖြတ်ရိုက်ပြီး ရန်သူများကို သတ်ပစ်ခဲ့သည်။

သို့သော် ယခု တစ်စုံတစ်ဦး၏ သူ့အား ချီးကျူးသံကိုကြားပြီးနောက်တွင် သူ မမြင်နိုင်၊ မထိနိုင်သော အရာတစ်ခု ဆုံးရှုံးသွားသည်ဟု ခံစားရသည်။

သို့သော်လည်း မကြာခင် ရှောင်ပိုင်သည် ခေါင်းခါပြီး ဤရှုပ်ထွေးသည့် အတွေးတွေကို ဖယ်လိုက်သည်။ ယခုအချိန်သည် ဤထူးဆန်းသောစကားများကို ဂရုစိုက်ရမည့်အချိန်မဟုတ်ပေ။ ထိုအစား ရန်သူကို သတ်ဖို့က အရေးကြီးသည်။ သူသည် အသက်ပြင်းပြင်းရှူရင်း ရှေ့ကို လျှောက်လာကာ ယွင်လီကောနှင့် အခြားနှစ်ယောက် ရှေ့ကို ရောက်လာသည်။

“ငါနာမည်ကြီးလာကတည်းက ငါ့မိသားစုကို ဘယ်သူမှ မတိုက်ခိုက်ရဲတော့ဘူး။ မင်းတို့သုံးယောက်က ပထမဆုံးနဲ့ နောက်ဆုံးပဲ။”

ဖုန်းထျန်းယွမ်က ဒေါသတကြီးနဲ့ ပြောသည်။

“ငါတော့မထင်ပါဘူး။ မင်းရဲ့မိသားစုတစ်ခုလုံး ငါတို့ ဖျက်စီးပြီးသွားပြီ။ မင်းရဲ့ ဘိုးဘွားအုတ်ဂူကို ငါတောင် လွှင့်ပစ်လိုက်သေးတယ်။ မင်းအဖွားရဲ့ ပြာကို ငါးစာကျွေးဖို့ မြစ်ထဲကို ပစ်မချခင် သေးနဲ့ပန်းမိသေးတယ်။ အနာဂတ်မှာ တစ်စုံတစ်ယောက်က မင်းရဲ့မိသားစုကို တိုက်ခိုက်ချင်ရင်တောင်မှ သူတို့က လုပ်လို့ရမှာမဟုတ်တော့ဘူး။”

အိုး၊ မဟုတ်သေးဘူး။ တစ်ယောက်ယောက်က မင်းမိန်းမနဲ့ အိပ်ချင်ရင်တော့ ဒါက ဖြစ်နိုင်သေးတယ်။"

အနီးနားရှိလူများကြားသောအခါ တုန်လှုပ်ခြောက်ခြားသွားကြသည်။

“ဒီကောင်က တကယ်ကို မိုက်ရူးရဲဆန်တယ်။ သူက ဆရာရှောင်ရဲ့ ဒေါသ ကို ဆွနေတုန်းပဲ။"

“သူတို့ သေမှာ သေချာတယ်။ ဆရာရှောင်က သူတို့ရဲ့ ပြာတွေကိုတောင် ချန်ထားခဲ့မှာ မဟုတ်ဘူး။”

ရှောင်ပိုင် သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး သတ်ပစ်ချင်စိတ်တွေ ပေါ်လာသည်။

ဖုန်းထျန်းယွမ်၏ စကားကြောင့်သာ မဟုတ်ပါ။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က သူ့ကို ချီးကျူးလိုက်တိုင်း သူမသိသောအရာတစ်ခုကို ဆုံးရှုံးသွားပုံရကြောင်းကိုလည်း သူနားလည်နေသည်။

သူ နှောင့်နှေးမနေနိုင်တော့ပေ။ သူတစ်ခုခု မလုပ်လျှင် သူဆုံးရှုံးမှု ပိုများလာမည်။

"မင်း... က သေချင်နေတာပဲ!"

အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ ရှောင်ပိုင်သည် ကြီးမားသော ခြေလှမ်းတစ်ခုကို လှမ်းပြီး ဖုန်းထျန်းယွမ်ဆီသို့ တည့်တည့် ဦးတည်သွားသည်။

"ငါကမှ မင်းရဲ့ပြိုင်ဘက်...။"

ဖုန်းထျန်းယွမ်ဆီကို ရှောင်ပိုင် ရောက်လာတော့မည်ကို တွေ့လိုက်ရသောအခါ ယွင်လီကောက ရှေ့ထွက်လာသည်။ သူသည် ရှေးဟောင်းဧကရာဇ်ကျမ်းကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရှိန်အဝါသည် အရှိန်အဟုန်ဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အငွေ့အသက်ဟာ စိတ်ဝိညာဉ်သန့်စင်ခြင်း ပထမအဆင့်ကို ရောက်သွားသည်။

သူတို့နှစ်ဦး လက်သီးချင်း ဖလှယ်ကြပြီး ရှောင်ပိုင်၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ထွက်ပေါ်လာသည်။

"မင်းက စိတ်ဝိညာဉ် သန့်စင်ရေးဘုံရဲ့ ပထမအဆင့်မှာပဲ ရှိသေးတာတောင် ငါ့ရှေ့မှာ မာနကြီးရဲတယ်။ မင်းနဲ့ထိုက်တန်တယ်လို့ မင်းထင်လား?"

သူသည် တောင်တန်းပင်လယ်ဘုံ၏ ပြည့်စုံခြင်းအဆင့်တွင်သာ ရှိသေးပြီး နတ်ဆိုးဂိုဏ်း၏ ဝိုင်းရံခံရကာ ဒဏ်ရာများပင် ရခဲ့သော်လည်း...

သို့သော်လည်း သူသည် သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူ၏ လူဝင်စား ဖြစ်နေဆဲပင်။

သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်ရေးအတွေ့အကြုံသည် လျှော့တွက်သင့်သည့်အရာမဟုတ်ပါ။

သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်း၏ ခွန်အားသည် ပို၍ အထင်ကြီးစရာပင်။

ရှောင်ပိုင်သည် သူ၏ပစ်မှတ်ကို ဖုန်းထျန်းယွမ်မှ ယွင်လီကောသို့ မဆိုင်းမတွ ပြောင်းသွားသည်။

"ထွက်သွား..."

သူတိုက်ခိုက်လိုက်သည်နှင့် ပေါက်ကွဲသံကြီး လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ပြင်းထန်သောလေပြင်းများ ပျံ့နှံ့သွားကာ မြစ်ရေမျက်နှာပြင်သည် နဂါးတစ်ကောင်ကဲ့သို့ လှိုင်းထလာသည်။

ရှောင်ပိုင်၏ လှုပ်ရှားမှုသည် အမှန်တကယ်ပင် ပြင်းထန်လှသည်။ မြစ်ကမ်းနားရှိ ပရိသတ်များ၏ နှလုံးသားများ ပြင်းထန်စွာ ခုန်လာကာ ဤမြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။ ရှောင်ပိုင် ပြုလုပ်သော တိုက်ခိုက်မှုတိုင်းသည် အမြင်အာရုံဆွဲဆောင်မှု ဖြစ်နေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ရှောင်ပိုင်၏ တိုက်ခိုက်ခြင်းမှ သဘောတရားအခြေခံကို နားလည်ပြီး သူတို့၏ သိုင်းပညာအဖြစ် ပေါင်းစပ်နိုင်ပါက၊ သူတို့အတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ရှောင်ပိုင်သည် အစွမ်းထက်လွန်းသောကြောင့် ရှုံးမည်ဟု မည်သူမျှမထင်ပေ။ သူကျော်ကြားလာကတည်းက မရေမတွက်နိုင်သော ကျွမ်းကျင်သူများက ၎င်းတို့၏ဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် ရှောင်ပိုင်ကို သတ်ပစ်ချင်ခဲ့ကြသည်။ သို့ပေမယ့် သူတို့အားလုံးကို ရှောင်ပိုင်ကသာ သတ်ပစ်လိုက်သည်။

လူတိုင်းက သူ၏အောင်ပွဲကို အသားကျပြီးသားဖြစ်သည်။ သူတို၏မျက်လုံးထဲတွင် ရလဒ်ကို ကောင်းကင်က ဆုံးဖြတ်ပြီးသားဖြစ်ပုံရသည်။ နှစ်ဖက်ယှဉ်တိုက်ခိုက်လျှင် ရှောင်ပိုင်က သေချာပေါက်အနိုင်ရမည်မှာသေချာသည်။

ကျန်းမြို့တော်သခင်နှင့် သူ၏သမီးတို့တောင်မှ ၎င်းကိုမြင်လိုက်ရသည့်အခါ စိတ်ဓာတ်တက်ကြွသည့်အမူအရာအျိုးဖြစ်လာသည်။ သူတို့သည် ရှောင်ပိုင် အပေါ်မှာ ယုံကြည်မှုအပြည့်ရှိကြသည်။

"အစ်ကိုရှောင် ရှင်လုပ်နိုင်တယ်။"

သို့သော် ရှောင်ပိုင်သည် ယွင်လီကောကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု လူတိုင်းက ထင်နေကြသော်လည်း လက်သီးနှစ်ခု ထိပ်တိုက်တွေ့သည့်အခိုက်တွင် ပြိုးပြိုးပြက်ပြက်လက်နေသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ညှာတာမှုကင်းမဲ့သော ခွန်အားများကြောင့် မြေကြီးကို ပေါက်ကွဲစေကာ ဆယ်မီတာကျော်နက်သော တွင်းကြီးတစ်ခု ချက်ချင်း ပေါ်လာသည်။ ထို့နောက် လျင်မြန်စွာ ပြန့်ကားသွားပြီး မြေကြီးတွေ နိမ့်ဆင်းသွားသည်။ တခဏချင်းမှာပင် မြေကြီးတွင်းသည် မီတာတစ်ရာအထိ ကျယ်ပြန့်သွားသည် ။

ဤပြင်းထန်လှသော လှိုင်းလုံးကြီးက သူတို့နှစ်ဦးကို တစ်ချိန်တည်း နောက်ဆုတ်သွားစေခဲ့သည်။

သို့သော် ရှောင်ပိုင် သည် မီတာ ၃၀အကွာအထိ ဆုတ်သွားခဲ့သော်လည်း ယွင်လီကောသည် မီတာ ၁၀၀ နီးပါးအထိသာ ဆုတ်သွားသည်။

"ဘာ..."

လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ရှောင်ပိုင် သည် ဤတိုက်ခိုက်မှုတွင် အသာစီးမရနိုင်ခဲ့ချေ။

ဟာသပဲ..

၎င်းသည် ကျန်းမြို့၏ဆရာရှောင် ဖြစ်သည်။

သူဘယ်လောက် အစွမ်းထက်လဲဆိုတာ ဘယ်သူမှ မသိပေမယ့် ကျန်းမြို့မှာတော့ သူ အသန်မာဆုံးပင်။ ဤအသိပညာကို လူတိုင်း၏ အရိုးများတွင် ရေးထွင်းထားပြီးဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူစိမ်းတစ်ယောက်၏ လက်ထဲတွင် အသာစီးကိုပင် မရနိုင်တော့ပေ။

ဘယ်သူလဲ… အဲ့ဒီလူစိမ်းက ဘယ်သူလဲ?

ရှောင်ပိုင်သည်လည်း နှလုံးခုန်မြန်လာကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ဖက်လူကို ကြည့်နေသည်။ ယွင်လီကော၏ အင်အားသည် ဤမျှ အားကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။

သူဒဏ်ရာရနေခဲ့ကာ သူ၏ကျင့်ကြံဆင့်သည် ယွင်လီကော ထက်ဘုံတစ်ခု နိမ့်ကျပြီး ယွင်လီကောမှာလည်း သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုရှိသည်ဆိုလျှင်တောင်မှ သူသည် သူ့ထက် သာလွန်ကောင်းမွန်သည့် ကျင့်ကြံဆင့်ကို တွန်းလှန်နိုင်သည့်သူတစ်ယောက်ဖြစ်နေဆဲပါ။

စင်စစ်၊ သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူတစ်ယောက်အနေနှင့် သူ၏တိုက်ခိုက်ရေးအတွေ့အကြုံက သူနှင့် သူ၏ပြိုင်ဘက်ကြားက ကွာခြားချက်ကိုတောင် အားသာချက်ဖြစ်အောင် ဖန်တီးပေးပါလိမ့်မည်။

သို့သော် ယခုကျ ဘာဖြစ်သွားရတာလဲ….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၇၉ လူငယ်တွေက သိုင်းဧကရာဇ်ကိုဂရုမစိုက်ကြဘူး၊ ငါ့လို နှစ်ထောင်ချီသက်တမ်းရှိတဲ့ သိုင်းဧကရာဇ်ကိုတောင် အနိုင်ယူချင်နေကြတယ်..

ယွင်လီကောသည် သူ့ဘက်က အနည်းငယ် အားသာချက် ရနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဤအရာအားလုံးကို သူ၏ဆရာက ပေးခဲ့ခြင်းဖြစ်သည်။ သူသည် သေချာပေါက် သူ့ဆရာ၏ လုံ့လစိုက်ထုတ်မှုကို အလဟဿ မဖြုန်းတီးနိုင်ပေ။ သူ့ဆရာ သင်ပေးခဲ့သည့် စည်းကမ်းတွေကို တိတိကျကျ လိုက်နာရမည်။

အရေးမပါတာတွေပြောတာ ရပ်ပြီး လုပ်စရာရှိတာသာလုပ်။

ပြိုင်ဘက်ကို အသာစီးရနေသည့်အချိန် အလဲထိုးရမည်။

လေးလံသောခြေလှမ်းဖြင့် ယွင်လီကောသည် ထပ်မံတိုက်ခိုက်သည်။ ရှောင်ပိုင်သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့နောက် သူသည်လည်း ဟစ်အော်ကာ လေးလံသော ခြေလှမ်းတစ်ခုကို လှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းမြောက်တက်လာပြီး ယွင်လီကော ထိပ်တိုက်တွေ့သည်။

ယွင်လီကောသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းဧကရာဇ်ကျမ်းကို အရူးအမူး အသုံးပြုပြီး ရှောင်ပိုင်၏နှလုံးတည့်တည့်ကို တိုက်ခိုက်သည်။

ရှောင်ပိုင်သည် တစ်ကြိမ်ကျရှုံးပြီးနောက် မမိုက်မဲတော့ပေ။ ယွင်လီကော၏နည်းလမ်းများသည် သာမန်မဟုတ်ကြောင်း သူသိသောကြောင့် တစ်ဖက်လူကို တိုပ်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားလိုက်သည်။

အတွေးတစ်ခုဖြင့် သူသည် သူတော်စင် အဆင့်မြင့် သိုင်းပညာ -တလက်လက်အလင်းတန်းအရိပ်များကို အသက်သွင်းလိုက်သည်။ ၎င်းသည် သူ၏အရှိန်ကို အဆပေါင်းများစွာ တိုးမြှင့်ပေးပြီး ယွင်လီကော၏တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားလိုက်နိုင်သည်။

အုန်း..

သူ၏ တိုက်ခိုက်မှုသည် ယွင်လီကော၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ယွင်လီကောကို နောက်သို့ ဆုတ်သွားစေသည်။ ယွင်လီကောသည် ခြေလှမ်းများစွာ ဆုတ်ခွာသွားပြီး နောက်ဆုံးတွင် သူ၏ မူလနေရာသို့ ပြန်ရောက်သွားသည်။

သို့သော် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာလုံးဝမရှိပေ။

ရှောင်ပိုင်၏တိုက်ခိုက်မှုသည် ယွင်လီကော၏အဝတ်အစားများအတွင်းမှ သူတော်စင်အဆင့် သံချပ်ကာ အကာအကွယ်ကိုမဆိုထားနှင့် ယွင်လီကော၏အဝတ်အစားများအတွင်း ဝှက်ထားသော ကာကွယ်ရေးအစီအရင်ကိုပင် မချိုးဖျက်နိုင်ပါ။

ဒုတိယတိုက်ခိုက်မှုတွင် ရှောင်ပိုင် နောက်ပြန်ဆုတ်သွားသည်။

ယွင်လီကောသည် ထိခိုက်ဒဏ်ရာရခြင်းမရှိသည့်အပြင် သူ၏အထွတ်အထိပ်အခြေအနေတွင် ရှိနေကြောင်း သိထားရမည်ဖြစ်သည်။ သူသည် ရှောင်ပိုင်ထက် တစ်ဆင့် မြင့်မားသောနယ်ပယ်တွင်ဖြစ်ပြီး ကာကွယ်ရေးအလွှာနှစ်ထပ်ရှိသည်။

ထို့ကြောင့်သာမဟုတ်လျှင် ယွင်လီကော ဒုက္ခရောက်လိမ့်မည်။

“ကောင်းတယ်” ကမ်းပေါ်မှ တစ်ယောက်ယောက်က အော်သည်။ နောက်အခိုက်အတန့်တွင် ကြည့်နေသူ အားလုံး ရွှင်လန်းစပြုလာကြသည်။

ကျန်းလော့ယွီ၏ ထိတ်လန့်တုန်လှုပ်သော စိဆ်အခြေအနေများလည်း ပျောက်ကွယ်သွားသည်။ သူမ၏လက်များကို တိရစ္ဆာန်လက်သည်းများကုပ်တွယ်ကဲ့သို့ သူမ၏ရင်ဘတ်ပေါ်တွင် တင်ထားသည်။ သူမသည် သက်ပြင်း ချလိုက်ပြီး သူမ၏ အမူအရာမှာ ပို၍ သက်တောင့်သက်သာ ရှိလာသည်။

"ငါ သိနှင့်နေတယ်။ အစ်ကိုရှောင်ပိုင်က ငါတို့ကို စိတ်မပျက်စေရပါဘူးလို့...။"

ကျီဝူရှားသည် သူမ၏အသံကို ဖုန်းထျန်းယွမ်သို့ ကူးပြောင်းပေးပို့သည်။

“ဆရာတူ မောင်လေး.. မြင်းနက်တွေက တကယ့်ကို သာမန်မဟုတ်တာပဲ။ သူ့ရဲ့ သိုင်းဘုရင်အဆင့်အဆင့် အတွေ့အကြုံက ငါတို့ သိုင်းပညာနားလည်နိုင်စွမ်းနဲ့ နှိုင်းယှဉ်လို့ မရဘူး။”

"ဟုတ်တယ်။ သူ့ရဲ့ ခုဏကသိုင်းကွက်၊ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ကောင်းစွာထိန်းချုပ်နိုင်မှုနဲ့ သူ့ရဲ့ တိုက်ကွက်ကို ခန့်မှန်းနိုင်မှုတွေက တကယ့်ကို ... ပြီးပြည့်စုံလွန်းတယ်။ ငါ့အမြင်အရတော့ သူဒဏ်ရာရနေရင်တောင် သူ့ထက်မြင့်တဲ့ နယ်ပယ်အဆင့်များစွာကို တွန်းလှန်နိုင်သေးတယ်။ အခု သူ အနည်းဆုံး မင်းရဲ့လက်ရှိအဆင့်လောက်ရှိတဲ့ စိတ်ဝိညာဉ်သန့်စင်ရေး စတုတ္ထအဆင့်လောက်ကို သူတိုက်ခိုက်နိုင်လောက်တယ်။ မင်းတို့နှစ်ယောက် တိုက်ခိုက်ရင် သုံးရက်နဲ့သုံးညကြာတောင်မှ အနိုင်ရတဲ့သူကို ဆုံးဖြတ်ဖို့ လွယ်မှာမဟုတ်ဘူး။”

ယွင်လီကောသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏အမူအရာမှာ အထူး လေးနက်လာသည်။

သူသည် သူ့ဘာသာ တကယ်လက်စားချေချင်သည်။ သို့သော် လက်ရှိအခြေအနေအရ သူ့ဘာသာ လက်စားချေရန်မှာ အရူးတစ်ယောက်၏ အိပ်မက်သာသာ ဖြစ်နေသည်။

သူတို့နှစ်ဦးသည် တူညီသောအင်အားရှိသဖြင့် အနိုင်ရသူကို ဆုံးဖြတ်ရန် အလွန်ခက်ခဲသည်။

ထို့အပြင် တဖက်လူက ထွက်ပြေးနိုင်သေးသည်။ သူ၏ဆရာသည် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို အမြဲထောက်ခံခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ကံကြမ္မာသားတော်များသည် ကိုင်တွယ်ရန် ခက်ခဲကြောင်း သူ၏ဆရာက အရင်ထဲက သိထားပုံရသည်။

“ငါတို့ အုပ်စုဖွဲ့တိုက်ခိုက်တဲ့ နည်းဗျူဟာကိုပဲ သုံးလို့ရမယ်ထင်တယ်။ ခဏနေရင် ငါအရင်သွားမယ်။ ထျန်းယွမ်က ဒုတိယမြောက်ဝင်လာ ... ဝူရှားက အမှောင်ထဲကနေ တိုက်ခိုက်လိုက်.... ငါ ဒီနေ့ စတင်ခဲ့ပြီးပြီ။ ဘာကိစ္စပဲရှိရှိ ငါ ရှောင်ပိုင် ကို လွှတ်မပေးနိုင်ဘူး။"

“ဟုတ်ကဲ့ ”

သူတို့နှစ်ယောက်၏ အဖြေကိုကြားသော် ယွင်လီကော၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်များ ထွက်ပေါ်လာပြန်သည်။ သူသည် ရှေးဟောင်းဧကရာဇ်ကျမ်းကို အရူးအမူး အသုံးပြုလိုက်ပြီး ရှောင်ပိုင် ရှေ့သို့ ချက်ချင်းရောက်လာသည်။

ရှောင်ပိုင်က ဟစ်အော်လိုက်သည်။

"မင်းရဲ့သတ္တိက ချီးကျူးစရာပဲ၊ ဒါပေမယ့်... သတ္တိတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ မင်း ငါ့ ရှောင်မိသားစုကို သတ်လိုက်တာ။ ဒီနေ့၊ ငါ ရှောင်မိသားစုထဲက လူ ၁၃၀ ကျော်ရဲ့ ဝိညာဉ်တွေကို ယဇ်ပူဇော်ဖို့ မင်းရဲ့ဦးခေါင်းကို ဖြတ်ယူမယ်။"

သူတို့ နှစ်ယောက်၏တိုက်ခိုက်မှုများ ထိပ်တိုက် တွေ့သွားသည်။ ဤတစ်ခါတွင် သူတို့ တစ်ယောက်ကိုတစ်ယောက် လက်ရည်မစမ်းတော့ပေ။ ထိုအစား သူတို့၏ လက်သီးတွေသာ တိုက်မိသွားသည်။

အုန်း..အုန်း..အုန်း..

တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် သူတို့သည် ချက်ချင်းပင် အရှိန်မြင့်လာကြသည်။ သူတို့နှစ်ဦးသည် အလွန်လျင်မြန်ပြီး လေထဲတွင် နောက်ဆက်တွဲ ပုံရိပ်များသာ မြင်ရသည်။ လူတိုင်း မှင်တက်သွားသည်။ ဤနေရာတွင် ပုံရိပ်နှစ်ခုပေါ်နေစဥ် နောက်ထပ် ပုံရိပ်ဆယ်ခုလောက် တခြားနေရာတွင် ပေါ်နေပြီဖြစ်သည်။

လက်သီးနှင့် လက်ဖဝါးတိုက်ခိုက်သံများ အဆုံးမသတ်နိုင်အောင်ထွက်ပေါ်လာသည်။ ဝိညာဉ်စွမ်းအင်လှိုင်းလုံးများသည် ဆက်တိုက် တိုးလာနေသည်။

မြေပြင်သည် အဆက်မပြတ် ပေါက်ကွဲကာ တွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။

သူတို့နှစ်ဦး၏ ခွန်အားကြောင့် မြစ်ကမ်းနားရှိ အပင်များသည်ပင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် တွန်းထုတ်ခြင်းခံလိုက်ရသည်။ မြစ်ကို ရိုက်ခတ်လာသော စွမ်းအင်များ ပေါက်ကွဲကာ ထိုနေရာ၌ပင် မြစ်ကို ဖြတ်တောက်ကာ မြစ်ရေကို နောက်ပြန်စီးဆင်းစေတောွသည်။ နောက်တစ်စက္ကန့်တွင် ထပ်မံကာ ရေကို ထိမိပြီး မရေမတွက်နိုင်သော ငါးများနှင့် ပုစွန်များ ရှော့ရကာ သေဆုံးသွားရသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ ရှောင်ပိုင်သည် ပို၍ပင် ထိတ်လန့်စ ပြုလာခဲ့သည်။

စင်စစ် သူသည် သူ၏ များပြားလှသော တိုက်ပွဲအတွေ့အကြုံဖြင့်၊ သူသည် ယွင်လီကော၏ ဝှက်ဖဲကို ပြောပြနိုင်နေပြီဖြစ်သည်။

ပထမအချက်မှာ၊ ယွင်လီကော၏ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းအမြန်နှုန်းသည် သူထင်ထားသည်ထက် အလွန်မြန်သည်။ ဤသည်မှာ သာမာန် သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်း မဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် အနည်းဆုံးအဆင့်မြင့် သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်သည်။

ဒုတိယအနေနှင့်၊ ယွင်လီကောသည် သူ၏ကိုယ်ပေါ်၌ တရားဓမ္မရတနာတစ်ခု သေချာပေါက်ရှိနေပြီး ၎င်းမှာ သူတော်စင်အဆင့်ထက်ကို မြင့်သော ရတနာတစ်ခုဖြစ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် တိုက်ပွဲတွင် သူ၏ အတွေ့အကြုံနှင့် နည်းလမ်းများကို အားကိုးပြီး ယွင်လီကောကို အကြိမ်ကြိမ် အလစ်တိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ယွင်လီကောသည် တစ်ခါမှ ဒဏ်ရာရပုံမပေါ်ပေ။

အကယ်၍ သူ၏ တိုက်ခိုက်မှုများကို ခုခံရန် ကူညီပေးသည့် သူတော်စင်အဆင့် အဆင့်ထက် မြင့်သော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားခြင်းကြောင့်သာ မဟုတ်ပါက ယွင်လီကောသည် အနည်းဆုံးတော့

ဒဏ်ရာအချို့ ရရှိပြီး ဖြစ်ပေလိမ့်မည်။

ထိုအချက်သည် ရှောင်ပိုင်ကို သွေး အန်စေသည်။ သူ တကယ်ကို အံ့သြသွားသည်။

ဒီကောင် ဘယ်ကလာတာလဲ? သူ့တွင် သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်းရှိရုံသာမက သူတော်စင်အဆင့် လက်နက်လည်းရှိသေးသည်။

အကယ်၍ တဖက်လူသည် သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူ သို့မဟုတ် ဧကရာဇ်အထက်အဆင့်ရှိ ကျွမ်းကျင်သူဖြစ်ပါက နားလည်ပေးနိုင်သည်။

သို့သော်၊ တဖက်လူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းဘုံမှ သာမန် ယင်ကောင်လေးတစ်ကောင်မျှသာဖြစ်သည်။

ထို့အပြင်၊ သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်း ပထမအဆင့်သာဖြစ်သည်။

ဤပစ္စည်းများကို သူ ဘယ်နေရာကရခဲ့သည်လဲ?

သူ အံ့သြနေခိုက် ရုတ်တရက် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် မျက်စံများကျဉ်းမြောင်းသွားပြီး ယွင်လီကောကို လက်ဖဝါးဖြင့် တွန်းလိုက်သည် ။ ထို့နောက် သူ၏ လက်ဝဲဘက်ရှိ အန္တရာယ်ကို တွန်းလှန်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ချိန်ညှိလိုက်သည်။

ဘန်း..

သူလှည့်ကြည့်လိုက်စဉ်တွင် ကြီးမားသော အင်အားကြီးတစ်ခု ပြင်းထန်စွာ တိုက်မိသွားသည်။ ရှောင်ပိုင်သည် သူ၏လက်တွေ ထုံကျင်လာပြီး ကွဲသွားလုမတတ် ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီတာတစ်ရာကျော် လွင့်သွားစေသည်။

သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အပြင်းအထန် ထိန်းထားသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် တဟုန်းဟုန်းတောက်နေဆဲဖြစ်သည်။ ဤမျှ မာကျောသော လက်သီးချက်ပါလား။

သူသည် ဖုန်းထျန်းယွမ် ကို ပြန်လှည့်ကြည့်ရင်း တစ်ဖက်လူ၏ ဖန်ရွှေလက်သီးကို မြင်လိုက်ရပြီး မျက်ခုံးတွေ လှုပ်သွားသည်။

ထိပ်တန်း သိုင်းဘုရင်အဆင့်အဆင့် ။

သေချာတာသည်မှာ သူ့တွင် ထိပ်တန်း သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ရှိရမည်။

ယွင်လီကော၏ ရှေးဟောင်းဧကရာဇ်ကျမ်းကို မထုတ်ပြထားသောကြောင့် ဆုံးဖြတ်ရန် မလွယ်ကူပေ။ သို့သော်၊ ဖုန်းထျန်းယွမ်၏ မပျက်စီးနိုင်သော ရွှေကိုယ်ထည်သည် ထိပ်တန်းသိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်။

ထို့အပြင်၊ ၎င်းသည် ယွင်လီကောနှင့် လုံးဝကွဲပြားခြားနားသော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်သည်။

ဟင်၊ ဒီလူတွေ ဘယ်ကလာတာလဲ? ဤလူသည် စိတ်ဝိညာဉ်သန့်စင်မှုနယ်ပယ်၏ ပဉ္စမအဆင့်တွင်သာရှိပုံရသည်။ သူ့တွင် ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်း ဘယ်လိုလုပ်ပြီးများ ပိုင်ဆိုင်နေရတာလဲ?

မြစ်ကမ်းဘေးက ကြည့်ရှုသူတွေသည် မနေနိုင်ပဲ ချက်ချင်း ဆွေးနွေးကြသည်။

“သူတို့က ယုတ်မာလွန်းတယ်။ ဒါက ဘယ်လိုဖြစ်တာလဲ? ဒါက အဖွဲ့လိုက် တိုက်ခိုက်တာ မဟုတ်ဘူးလား?”

"မှန်တယ်။ ဆရာရှောင်ကို တဦးချင်းတိုက်ပွဲမှာ အနိုင်ယူနိုင်လို့ အတူတူ တိုက်ခိုက်နေတာ...။”

ကျန်းလော့ယွီက ရယ်မောလိုက်သည်။

" အဖွဲ့လိုက် တိုက်ခိုက်လဲ ဘာလုပ်ရမှာလဲ? ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲ။ အစ်ကိုရှောင်က သိုင်းပညာရှင်အဖွဲ့တွေကို တစ်ပြိုင်နက် တခါမှ မတိုက်ဖူးတာလည်း မဟုတ်ဘူး။ နောက်ဆုံးကျရင် သူပဲ ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ခုကို ရရှိမှာ။ အစ်ကိုရှောင် ရှေ့မှာ၊ အဖွဲ့လိုက်လုပ်ဆောင်မှုတို့ အစီအစဉ်တို့ဆိုတာ အားလုံး စက္ကူကျားတွေချည်းပဲ…..”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၈၀ ငါလှည့်စားခံလိုက်ရတာဖြစ်ရမယ်

ကျန်းလော့ယွီ ထိုသို့ ပြောပြီးသည်နှင့် တပြိုင်နက်၊ ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့သည် ရှောင်ပိုင်ကို ဘေးနှစ်ဖက်စလုံးမှ တိုက်ခိုက်ကြသည်။

သူတို့နှစ်ယောက်သည် အဆက်မပြတ် တိုက်ခိုက်ကြသည်။ သူတို့သည် သူတို့၏ သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်း အသီးသီးဖြင့် တိုက်ခိုက်ကြပြီး ရှောင်ပိုင်ကို နည်းနည်းလေးမှအသာစီးမပေးပဲ ဆက်တိုက် နောက်ဆုတ်စေတော့သည်။

ရှောင်ပိုင်မှာ ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင်။ ကျန်းလော့ယွီ စောနက စကားပြောလိုက်စဉ်က သူ တစ်ခုခု ဆုံးရှုံးသွားပုံရသည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

အစက သူ အများကြီးမတွေးပေ။ သို့သော် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ သူ့ကို တပြိုင်နက် တိုက်ခိုက်သောအခါ ရှောင်ပိုင် ရုတ်တရက် သဘောပေါက်သွားသည်။

နောက်ဆုံးမှာတော့ သူ ဘာ ဆုံးရှုံးသွားလဲဆိုတာကို သူနားလည်သွားသည်။

ကံကောင်းမှု.......

ထိုလူတွေ သူ့ကို ချီးကျူးလိုက်သည်နှင့် သူ၏ ကံကောင်းမှု တစ်စိတ်တစ်ပိုင်း ဆုံးရှုံးရသည်ကို သူနားလည်သွားသည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် သူ၏ တိုက်ခိုက်မှုသည် ထိရောက်ရမည့်အစား အသုံးမဝင်တော့ပေ။ သူ့ဘက်က အသာစီးရဖို့နေနေသာသာ အားနည်းချက်ပင်ဖြစ်သွားသည်။

သို့သော် အခြားနည်းလမ်းမရှိပေ။ ဤသည်မှာ သူ၏တိုက်ပွဲဖြစ်ပြီး သူ မနိုင်လျှင်ပင် ကြိုးစားရင်းပင် သေရလိမ့်မည်။

သူ့ကိုကူညီမည့်သူမရှိပေ။

ထို့ကြောင့် သူ့အတွက် ကြိုးကြိုးစားစား ဆက်လက်တိုက်ခိုက်ရုံကလွဲ၍ လုပ်နိုင်တာမရှိတော့ပေ။

သို့သော် သူ မကြောက်ပေ။ တဖက်လူသည် သိုင်းဘုရင်အဆင့်အဆင့် ကျင့်ကြံခြင်းနည်းလမ်းနှင့် သူတော်စင်အဆင့်အကာအကွယ် ပစ္စည်းရှိလျှင်တောင် ဘာဖြစ်နိုင်မည်မလို့လဲ။

သူတို့သည် သူ့လို သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံမပိုင်ဆိုင်ထားပေ။

သူ၏ယခင်ဘဝတွင် ရန်သူပေါင်း ဆယ်သန်းကျော်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသည်။

အရိုးဖြူတွေပေါ်ဖြတ်မလျှောက်ဖူးသည့် သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူမျိုး ဘယ်မှာများရှိလို့လဲ?

သူတစ်ယောက်တည်းနှင့် အုပ်စုလိုက်အဖွဲ့ကို တစ်ခါမှ မတိုက်ခိုက်ဖူးတာမျိုးလည်း မဟုတ်ပေ။

ဤသို့သော သေးငယ်သည့် ဆုံးရှုံးမှုနှင့် ဘေးဒုက္ခသည် သူ၏ စိတ်အခြေအနေကို မည်သို့ နှောင့်ယှက်နိုင်မည်နည်း။

ထို့ကြောင့် အစပိုင်းတွင် အနည်းငယ် ပရမ်းပတာဖြစ်ပြီးနောက် ရှောင်ပိုင်သည် လျင်မြန်စွာ ပြင်ဆင်ပြီး တိုက်ပွဲ အရှိန်အဟုန်ကို လိုက်မှီနိုင်တယ်ဆိုရုံဖြစ်လာသည်။ သူသည် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့နှင့် ပုံမှန်လို တိုက်ခိုက်နိုင်ပြီး ပြင်းပြင်းထန်ထန် ထိုးနှက်မခံရတော့ပေ။

အရမ်းကောင်းတယ်၊ သူ ဒီအရှိန်နဲ့ ဆက်တိုက်ခိုက်နေသရွေ့ တန်ပြန်တိုက်စစ်ဆင်နိုင်ပြီး သူတို့နှစ်ယောက်ကို အလဲထိုးဖို့ သိပ်မကြာတော့ဘူး။ တိုက်ပွဲတွင် အနိုင်ရဖို့ အချိန်တစ်ခုသာ လိုတော့မယ်။

အုန်း...

တန်ပြန်တိုက်ခိုက်မှု၏ နောက်ဆက်တွဲအင်အားလှိုင်း အကူအညီဖြင့် ရှောင်ပိုင်နှင့် ယွင်လီကောတို့ အနည်းငယ်လှမ်းအကွာသွားသည်။

ထို့နောက် သူသည် လျင်မြန်စွာ လက် သင်္ကေတပြုလုပ်ရာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် ကမ္ဘာမြေမှ ဝိညာဉ်စွမ်းအင်များသည် တစ်စုံတစ်ရာကို အာရုံခံစားပြီး သူ့ဆီသို့ လျင်မြန်စွာ စုစည်းလာပုံရသည်။

ကျန်းလော့ယွီ၏ မျက်လုံးများ တောက်ပလာကာ သူမ အလွန်ဝမ်းသာသွားသည်။

“အရင်က အစ်ကိုရှောင်က ဒီသိုင်းကွက်အကြောင်း ပြောဖူးတယ်။ ဒါက အကြောက်အလန့်ကင်းခြင်္သေ့အမှတ်အသားတဲ့။ ဒီသိုင်းကွက်က အလွန်အင်မတန် အစွမ်းထက်တဲ့ သတ်ဖြတ်မှုတိုက်ကွက် ဖြစ်တယ်လို့ သူက ပြောတယ်။ ဒါကို အောင်မြင်စွာ အသုံးပြုနိုင်ရင် အဲ့ဒီသက်ရောက်မှုက လုံးဝ အဆုံးမဲ့ပဲတဲ့..”

“သူ ဒီသိုင်းကွက်ကို သုံးတာဆိုတော့ အဲ့ဒီ အနက်ရောင်၀တ် ယောက်ျား နှစ်ယောက် လုံးဝ ကြာကြာခံမှာ မဟုတ်ဘူး။"

"ဒီတိုက်ပွဲက ပြီးတော့မယ်။"

သို့သော်...

သူမပြောပြီးသည်နှင့် ရှောင်ပိုင်၏ နောက်ကျောကို ရုတ်တရက် ပြင်းထန်သော အင်အားတစ်ခု ထိမှန်ကာ နေရာတွင်ပင် သွေးအန်သွားစေသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ အပြင်းအထန် ပြုတ်ကျသွားတော့သည်။

အုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ ရှောင်ပိုင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး မြေပြင်ပေါ်တွင် အချင်း ၅၀ မီတာကျော်ရှိသော တွင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။ တွင်း၏ပတ်ပတ်လည်သည် အက်ကွဲသွားပြီး မရေမတွက်နိုင်သော စိမ်းပြာသော မြစ်ရေများ စီးဝင်လာသည်။ မြင်ကွင်းသည် အလွန်တရာ ကြီးကျယ်ခမ်းနားလှသည်။ "အစ်ကိုရှောင်..."

ကျန်းလော့ယွီ အံ့အားသင့်သွားပြီး သူမ၏မျက်လုံးများ ချက်ချင်းနီရဲလာသည်။ မဝေးလှသောနေရာ၌ ကျီဝူရှားသည် သူမ၏ တောင်ဖြိုအမှတ်အသားကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။

“အရူးကောင်၊ ငါတစ်ယောက်လုံး ရှိနေသေးတယ်။ မင်းရဲ့ နောက်ဆုံးတိုက်ကွက်ကို သုံးဖို့ အခွင့်အရေးပေးမယ်လို့ ထင်နေတာလား?"

ရေထဲတွင် ရောက်နေသည့် ရှောင်ပိုင်သည် သူ၏ဘဝကိုပင် မေးခွန်းထုတ်ချင်လာသည်။

ကျန်းလော့ယွီနှင့် ကျန်းမြို့ကလူတွေ သူတို့တွေရဲ့ပါးစပ်က အရမ်းနိမိတ်ဆိုးလွန်းမနေနေဘူးလား?

သူတို့ပြောသမျှစကားတိုင်းသည် သူ့အတွက် ကံကောင်းခြင်းတွေ ဆုံးရှုံးစေသည်။

အခုဏက သူ၏ အကြောက်အလန့်ကင်းခြင်္သေ့အမှတ်အသားနှင့် တိုက်ခိုက်နိုင်ခဲ့မည်ဆိုလျှင် အချိန်တိုလေးအတွင်းမှာ သူသည် တိုက်ပွဲကိုပြန်လည်ဦးဆောင်နိုင်လိမ့်မည်။

သို့သော် ထိုလူများက ဖျက်စီးခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် လှည့်စားခံရသည်ဟုပင် သံသယဖြစ်မိသည်။

ကျန်းမြို့မှ လူယုတ်မာများသည် ဤသုံးယောက်နှင့် ပူးပေါင်းပြီး သူ့ကို ကိုင်တွယ်ရန် စီစဉ်ခဲ့ခြင်းများ ဖြစ်နိုင်မလား?

ထားလိုက်ပါ၊ ဤအချိန်ဟာ ထိုအကြောင်း စဉ်းစားရမည့်အချိန်မဟုတ်သေးပေ။ ကျီဝူရှား၏ တိုက်ကွက်က သူ၏သွေးနှင့် ချီတွေကို တဟုန်ထိုး တက်လာစေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေသည်လည်း ဖရိုဖရဲဖြစ်သွားသည်။ သူ ရေထဲတွင် ခဏလောက်ပုန်းပြီး သက်သာမှ ပြန်တက်လာလိုက်မည်။

ထိုအချိန်တွင်၊ စိုစွတ်သောမြစ်တစ်လျှောက် ကျန်းလော့ယွီ၏ အသံ ထွက်ပေါ်လာသည်။

"အစ်ကို ရှောင်ပိုင် အဆင်ပြေပါလိမ့်မယ်။ သူ့ရဲ့ ခွန်အားက မင်းတို့ မထင်မှတ်ထားနိုင်တဲ့အထိပဲ။ မကြာခင်တွေ့ရမှာပါ။ အစ်ကိုရှောင်ပိုင်က အခု ကစားနေတာနေမှာ သူသာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရင် ဒီလူသုံးယောက်ကို သတ်တာက သူ့လက်ကိုမှောက်ရသလိုကို လွယ်လိမ့်မယ်။”

ထိုအသံကိုကြားသော် ရှောင်ပိုင် တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ သိုင်းဘုရင်အဆင့်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ပွဲအတွေ့အကြုံက သူ့ကို သတိလက်လွတ်နေလို့ မဖြစ်ကြောင်း ပြောပြသည်။

"နောက်ဆုတ်..."

သူဆုတ်ခွာပြီး နောက်စက္ကန့်ပိုင်းတွင် လှံတစ်စင်းသည် သူမကြာသေးမှီကရှိခဲ့သည့် ရေထဲသို့တည့်တည့် ထိုးဖောက်လိုက်သည်။ ၎င်းတွင်ပါရှိသော စွမ်းအင်သည် ရေတွေကို လွင့်ပျံသွားစေပြီး စိုစွတ်သော မြေပြင်ကိုတောင် ပေါ်လွင်စေသည်။

မြင်ကွင်းသည် အလွန်ကြီးကျယ်ခမ်းနားသည်။

သို့သော်...

ရှောင်ပိုင်သည် ဤတိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့သည့်အတွက် မပျော်နိုင်သေးခင်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုသည် ရေမျက်နှာပြင်ကို ဖြတ်လာသည်။

"မကောင်းတော့ဘူး..."

ရှောင်ပိုင်သည် မထီမဲ့မြင်မလုပ်ရဲပဲ ချက်ချင်းပင် သူ၏ ကျင့်ကြံခြင်းနည်းလမ်းကို အတင်းအကျပ် အသုံးပြုကာ သူ၏လက်နှစ်ဖက်တွင် ခွန်အားများ စုစည်း၍ ရင်ဘတ်ရှေ့မှကာပြီး ခုခံလိုက်သည်။

အုန်း...

သူ၏ကာကွယ်မှုပြီးလုနီးပါးတွင် ရွှေရောင်အလင်းတန်းသည် သူ၏ရှေ့သို့ရောက်လာသည်။ ဖုန်းထျန်းယွမ်၏ ထိုးနှက်ချက်သည် သူ အစွမ်းရှိသမျှဖြင့် အားစိုက်ထုတ်ထားခြင်းဖြစ်သည်။ ဤထိုးနှက်ချက်သည် ရှောင်ပိုင်၏ လက်နှစ်ဖက်ဆီသို့ အကြင်နာမဲ့စွာ ကျရောက်လာသည်။

ကြီးမားသော စွမ်းအားသည် သူ့ကို နောက်တစ်ကြိမ် ဥက္ကာပျံကဲ့သို့ ပျံတက်သွားစေကာ အထူငါးမီတာထက် ပိုသော နံရံကို ပြင်းပြင်းထန်ထန် တိုက်မိသွားစေသည်။

ရှောင်ပိုင်သည် သူ၏ခန္ဓာကိုယ် ကွဲလုမတတ် ခံစားလိုက်ရသည်။ သို့သော် သူအသက်မရှူနိုင်ခင်မှာပဲ ဇာမဏီအော်သံတစ်ခု သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

ချွမ်း...

ရှောင်ပိုင်သည် သူ၏ ကျင့်ကြံခြင်းနည်းလမ်းကို အတင်းအကျပ် အသုံးပြုတော့မည့်ဆဲဆဲတွင် ကျီဝူရှား၏လက်ဝါးတိုက်ကွက်သည် သူ၏ပခုံးကို ထိမိသွားသည်။

စစ်မှန်သော ဇာမဏီကိုးပါးအသွင်ပြောင်းခြင်းသည် ရှောင်ပိုင်ကို လွှမ်းမိုးလိုက်သည်။ ကျီဝူရှား၏ လက်ဖဝါးပေါ်တွင် ကြီးမားသော ဇာမဏီခြေသည်းရာတစ်ခု ပေါ်ထွက်လာသည်။ သံမဏိဓားသွားကဲ့သို့ပင် ရှောင်ပိုင်၏ပခုံးကို ဆုတ်ဖြဲပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကြီးမားပြင်းထန်သော စွမ်းအားက သူ့ကို ဘောလုံးတစ်လုံးလို ဆွဲထုတ်လိုက်သည်။

အုန်း...

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှောင်ပိုင်သည် နံရံကို တိုက်မိပြန်သည်။

သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာပင် ယွင်လီကောသည် နဂါးနိုင်လှံကို ထုတ်ယူပြီး ပစ်လွှတ်လိုက်သည်။

အုန်း

ကြီးမားသောလှံအလင်းတန်းတစ်ခုသည် မီတာရာနှင့်ချီ၍ ပျံ့နှံ့သွားပြီး ရှောင်ပိုင်၏ခါးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ကာ သူ့ကို မြေပြင်သို့ တိုက်ရိုက်ပြုတ်ကျစေသည်။

ရှောင်ပိုင်မှာ တိုက်ခိုက်ခွင့် လုံးဝဆုံးရှုံးသွားသည့်အခြေအနေသို့ ရောက်ရှိနေတော့သည်။

ယခင်က နတ်ဆိုးဂိုဏ်းမှလူတွေကြောင့် ဒဏ်ရာရခဲ့သော်လည်း ယွင်လီကော သို့မဟုတ် အခြားနှစ်ဦးထဲမှတစ်ဦးသည် တစ်ဦးချင်းတိုက်ပွဲတွင် သူ့ထက် အနည်းငယ် နိမ့်ကျနေသေးသည်။

သို့သော် သူတို့ သုံးယောက် ပေါင်းစည်းလိုက်သည်နှင့် ထိုအားသာချက်ကို ရှောင်ပိုင် ခံနိုင်ရည် မရှိပေ။

ယခုအချိန်တွင် ကျန်းမြို့ရှိ လူတိုင်း၏ရှေ့တွင် ရှောင်ပိုင် ည် ဘောလုံးကဲ့သို့ ရိုက်နှက်ခံနေရပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

လူတိုင်း အံ့အားသင့်လို့နေကြသည်။

ဤသည်မှာ ကျန်းမြို့ရှိ မာနကြီးသော ရှောင်ပိုင် ၊ ဆရာရှောင်ဖြစ်ပေသည်။

သူ ဤကဲ့သို့သော အရှက်ကွဲမှုကို ဘယ်တုန်းက ကြုံဖူးလို့လဲ?

အတိတ်တုန်းက ရန်သူတွေ ဘယ်လိုပဲ ကြုံလာပါစေ ၊ သူသည် ထိုလူတို့၏ မျက်နှာကို အမြဲ တက်နင်းနိုင်သည်။

ယခုမူ…

"ဆရာရှောင်... အသတ်ခံရမယ်လို့ထင်လား?"

ယခုအချိန်တွင် ကျန်းမြို့မှ သိုင်းပညာရှင်လူငယ်တစ်ဦးသည် မနေနိုင်ပဲ ဂရုတစိုက်မေးမိတော့သည်။

သို့သော်လည်း ကျန်းမြို့၏ အကောင်ကြီးများစွာက သူ့ကို ချက်ချင်းဆူကြသည်။ "မဖြစ်နိုင်တာ! အဲ့ဒါဘယ်သူထင်နေတာလဲ? အဲဒါ ဆရာရှောင်ကွ!”

All Chapters