အခန်း (၉၁-၉၅)
Vol. 7 Ch. 91-95
စာစဉ် ၇။ အခန်း ၉၁ ညဏ်အလင်းပွင့်ခြင်း..
လုရှောင်ယန်၏ စကားကိုကြားသော် အားလုံးသည် မတတ်သာပဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ခဏအကြာတွင် ဘိုးဘေးအကြီးအကဲက မနေနိုင်၍ သတိထားကာစပြောလာသည်။ "အမ် ဘိုးဘေးသခင်၊ အဲဒါ နည်းနည်း သတ္တိကြောင်တာ မဟုတ်ဘူးလား?"
လုရှောင်ယန် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"သတ္တိကြောင်တာလား? မင်းငါ့ကိုနောက်နေတာလား? ခုဏက ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့လုပ်နေတဲ့သူက မင်းလား..."
“အိုး…”
အကြီးအကဲ၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။
လုရှောင်ယန်သည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းလိုက်သည်။
“မင်းတို့အားလုံးက ဦးနှောက်မရှိကြဘူး။ သိုင်းလောကမှာ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။ လူသေရင် ဘာမှ အသုံးမဝင်တော့ဘူး။ အသက်ရှင်နေမှ သန်မာလာပြီး လက်စားချေဖို့ ပြန်လာနိုင်တယ်။ အဲဒါ မကောင်းဘူးလား? အရိုက်ခံရတာထက်စာရင် ပိုကောင်းတယ်မဟုတ်လား”
လူတိုင်းက ခေါင်းညိတ်သည်။
“ဘိုးဘေးသခင် ပြောတာ မှန်တယ်။”
"ဘိုးဘေးသခင် ပြောတာမှန်တယ်"
“ဘိုးဘေးက အသက်ရှင်နေပြီး တောင်ပေါ်မှာ ဘယ်တော့မှ မပေါ်လာဘူး။ အခု သူက သာမန်ကာလျှံကာ အင်အားပြရုံနဲ့ နတ်ဆိုးဂိုဏ်းရဲ့ ထိပ်သီးတွေကို အနိုင်ယူခဲ့တယ်။ ဒါကမှ ကျင့်ကြံဖို့ အမှန်ဆုံး နည်းလမ်းပဲ။ ယှဉ်ကြည့်မယ်ဆိုရင် ငါတို့က တိုက်ပွဲ ဝင်ဖို့ အရမ်းလောလွန်းတယ်။”
ထိုသို့တွေးပြီး လူတိုင်းသည် လုရှောင်ယန်ဆီကို ချက်ချင်းဂါရဝပြုပြီး ပြောကြသည် "ဘိုးဘေးသခင်၊ မင်းရဲ့ နှလုံးသားထဲက စကားတွေက ကျွန်တော်တို့ကို အလင်းပေးခဲ့တယ်။ ဒီနေ့ကစပြီး ဘိုးဘေးသခင်ဆီကနေ ကျွန်တော်တို့ သင်ယူမယ်။ ကျွန်တော်တို့ တံခါးပိတ်ပြီး စိတ်နှလုံးအကြွင်းမဲ့ ကျင့်ကြံမယ်။”
လုရှောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အကယ်၍ ဤလူများသည် တောင်ပေါ်တွင်သာ ငြိမ်းချမ်းစွာ ကျင့်ကြံပြီး မဟာကျိုး၏ အခြားဂိုဏ်းများနှင့် သိပ်အဆက်အသွယ်မလုပ်ပါက၊ နတ်ဆိုးဂိုဏ်း၏ ပြန်လည်ရှင်ပြန်ထမြောက်ချိန်တွင် ရှင်သန်နိုင်သင့်သည် မဟုတ်လား။
၎င်းကို ကောင်းကင်နတ်ဆိုးဂိုဏ်းက သူ့ကို ပြုစုပျိုးထောင်ပေးမှုအတွက် အကြွေးတစ်စိတ်တစ်ပိုင်းကို သွယ်ဝိုက်၍ပြန်ဆပ်ခြင်းဟုလည်း ယူဆနိုင်သည်။
“ငါ အဆင့်တက်တော့မယ့်လို့ခံစားရတယ်။ အဲ့တာကြောင့် အဆင့်တက်ဖို့ အခွင့်အလမ်းတွေ ရှာဖို့ အပြင်ထွက်ရတော့မယ်။ ပြီးရင် ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ပြန် ပြုပြင်ပေးမယ်။ တောင်ထဲမှာ လိမ်လိမ်မာမာနေပြီး အပြင်ကိုသိပ်မထွက်ရင် အနည်းဆုံးတော့လုံခြုံမှာပါ။”
“ဟစ်၊ ဘိုးဘေးသခင်က အရမ်းအစွမ်းထက်နေတာတောင် အဆင့်တက်ဦးမှာလား.. ဘိုးဘေးသခင်ရဲ့ ကျင့်ကြံမှုက တကယ့်ကို မယုံကြည်နိုင်စရာပဲ။”
“ဘိုးဘေးသခင်ရဲ့ အရှိန်အဝါက တကယ် အတုမရှိပဲ။ ကျွန်တော်တို့…”
လုရှောင်ယန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါ့ကို မြှောက်နေတာ ရပ်လိုက်တော့။ ဒဏ်ရာတွေကို မြန်မြန် ကုသ။ မဟုတ်ပဲ အချိန်ဆွဲထားရင် အခြေခံအုတ်မြစ်ကို ပျက်စီးစေမယ့် ပြဿနာအချို့ ရှိနိုင်တယ်။”
"ဟုတ်ကဲ့ပါ ဘိုးဘေးသခင်"
အားလုံး လူစုခွဲပြီးနောက် လုရှောင်ယန်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ အစီအရင်ကို ပြန်လည်ပြုပြင်သည်။ သူသည် သူ၏ ကျီရွှေ့ တောင်ထိပ်သို့ မပြန်မီ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကြီးမားသော အစီအရင်ကိုလည်း အနည်းငယ် ပိုအားကောင်းစေလိုက်သည်။
သူ ပြန်ရောက်သောအခါတွင် လီတောက်ယန်သည် တောင်ခြေရင်းတွင် ပုန်းအောင်းနေပြီး တပည့်များနှင့် စကားစမြည်ပြောနေသည်ကို တွေ့လိုက်ရသည်။ သူ ရယ်ရမလား ငိုရမလား မသိတော့ပေ။
“ဒီကောင်က အခွင့်အလမ်းတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ သိတာပဲ။”
သို့သော် သူ၏ စရိုက်လက္ခဏာအရဆိုလျှင် အသက်ပိုရှည်သင့်သည်။
လုရှောင်ယန်သည် ခေါင်းယမ်းရင်း လီတောက်ယန် ကို နှုတ်မဆက်ဘဲ တောင်ပေါ်သို့ တိုက်ရိုက်ပြန်တက်လာသည်။
ယွင်လီကော နှင့် ကျန်နှစ်ယောက်သည် သူ၏အိမ်တံခါးတွင် စောင့်နေတာကြာပါပြီ။
သူရောက်လာတာကိုမြင်တော့ ချက်ခြင်းပဲ ရှေ့ကိုထွက်ပြီး ဂါရဝပြုသည်။
“ဆရာ။”
လုရှောင်ယန်က "မင်းတို့ အားလုံးထုပ်ပိုးပြီးပြီလား?" ယွင်လီကောနှင့် ကျန်နှစ်ယောက်က ခေါင်းညိတ်သည်။
“ကျွန်တော်တို့ ထုပ်ပိုးပြီးပြီ။ အခုထွက်သွားလို့ရတယ်။"
လုရှောင်ယန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏အိမ်ငယ်လေးကို တစ်ချက် လှည့်ကြည့်လိုက်တော့ နားမလည်နိုင်စွာ ဝမ်းနည်းသွားမိသည်။
သူသည် ဤအိမ်ငယ်လေးတွင် ဆယ်နှစ်တာလုံး နေထိုင်ခဲ့သည်။ အခု သူထွက်သွားတော့မှာဆိုတော့ သိပ်မခွဲချင်တော့ပေ။
ဤအိမ်ငယ်လေးနှင့် တောင်ထိပ်တစ်ခုလုံးကို ယူဆောင်ရန် တောင်နှင့်မြစ်ပြည်နယ် ပန်းချီကိုပင် သူသုံးနိုင်သည် ။
သို့သော် ထိုသို့ပြုခြင်းသည်လည်း အဓိပ္ပါယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်အတူ နေရာအားလုံးကို ယူမသွား နိုင်သောကြောင့်ဖြစ်သည်။
သို့သော် သူသည် မည်မျှပင် မကျေမနပ်ဖြစ်နေပါစေ၊ ထွက်သွားရမည်။
သူသာ တပည့်များလက်မခံပါက၊ သူသည် သာ၍ကောင်းမွန်သောအရာများကို ရယူနိုင်မည် မဟုတ်သလို သူ၏ တိုးတက်မှုကို အရှိန်မြှင့်နိုင်မည်လည်း မဟုတ်ပေ။
ထိုအခြေအနေမျိုးတွင် သူသည် မြင်းနက်များကို ဖမ်းနိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ထိုမြင်းနက်များအားလုံးသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများဖြစ်လာမည်ဖြစ်သည်။ သူ့တွင် ဗီလိန် တပည့်များစွာကို လက်ခံထားကြောင်း သူတို့သိလျှင် ထိုမြင်းနက်များအားလုံးသည် သူ့အား တစစီလုပ်ပစ်မည် မဟုတ်လော။
ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး သူနှင့်အတူ သေရမည့်အတိုင်းအတာအထိ ဖြစ်သွားနိုင်သည်။
ထို့အပြင်၊ အကယ်၍ သူသည် မြင်းနက် များကို မသတ်ပါက၊ ဝမ့်ခိုက်သည် ထပ်ပြီး အဆင့်မြှင့်တင်နိုင်မည် မဟုတ်သည့်အပြင် မြင့်မားသော အဆင့်ရှိပစ္စည်းများကိုလည်း ရယူနိုင်တော့မည်မဟုတ်ပေ။
ဖြစ်နိုင်လျှင် လုရှောင်ယန် သည် အချိန်ကုန်ဆုံးသည်အထိ ဤအိမ်တွင်နေပြီး သိုင်းဘုရင်အဆင့်အထိသာ ကျင့်ကြံလိုတော့သည်။
သို့သော် ယင်းသည် လက်တွေ့မကျပေ။ ရိုးရိုးသားသားပြောရလျှင် ဝမ့်ခိုက် မရှိလျှင် သူ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သူ ရှင်သန်နိုင်မည် မဟုတ်ပါ။ ဒီညမှာတင် သူသေတောင် သေသွားနိုင်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ နတ်ဆိုးဂိုဏ်းကို တွန်းလှန်ရန် မလုံလောက်ပေ။ ထို့အပြင်၊ တဖက်သူတွေသည် နတ်ဆိုးဂိုဏ်း၏ တိုက်ခိုက်ရေးအင်အား၏ အစိတ်အပိုင်းအနည်းငယ်မျှသာဖြစ်သည်။
သိုင်းပညာလောကတွင် ပိုမိုအားကောင်းလာခြင်းသည် အရေးကြီးဆုံးဖြစ်နေဆဲပင်။
သူ၏အကျိုးနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လုံခြုံရေးအတွက်၊ သူသည် မြန်မြန်ထွက်ခွာပြီး သူ၏ ကျင့်ကြံဆင့်ကို မြန်ဆန်စွာ တိုးမြှင့်ရမည်။
သို့သော်လည်း လုရှောင်ယန် ထွက်ခွာခါနီးတွင် လူအချို့ လျင်မြန်စွာ ရောက်လာသည်။
"ရှောင်ယန် မင်းအဆင်ပြေရဲ့လား?"
လုရှောင်ယန် အံသြသွားသည်။
“ဂိုဏ်းချုပ်၊ အကြီးအကဲ၊ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ?”
ပထမအကြီးအကဲက ရယ်မောပြီး “ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အခုလေးတင် နတ်ဆိုးဂိုဏ်းကို ပြန်တွန်းလှန်လိုက်တာ။ အခု ဂိုဏ်းချုပ်ကဦးဆောင်ပြီး ငါတို့ တောင်ထိပ်တွေရဲ့ အသေအပျောက်ကို စုံစမ်းစစ်ဆေးနေတယ်။ မင်းရဲ့ ကျီရွှေ့ တောင်ထိပ်က တစ်ခုခု ဆုံးရှုံးသေးလား?"
“အိုး… ကံကောင်းလို့ ကျွန်တော်တို့ဘက်ကတော့ ပိုဝေးလို့ ဖြစ်မယ်၊ ဒါကြောင့် နတ်ဆိုးဂိုဏ်းကလူတွေ သတိမထားမိဘူး။”
"အဲဒါကောင်းတယ်။ ဘယ်သူမှ မထိခိုက်ရင် အကောင်းဆုံးပဲ။ ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်က လူတွေပဲ။ လူတွေ အသက်ရှင်နေသရွေ့ ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်တယ်။”
လုရှောင်ယန် တိတ်ဆိတ်သွားသည်။
ဤပထမ အကြီးအကဲသည် ခိုးယူရာတွင် တော်တော့်ကို တော်သည်။ သူ၏စကားတွေကို ချက်ချင်းပြင်ပြီး သုံးသည်။
ဤကဲ့သို့ လေးနက်သည့်ပုံစံနှင့်တောင် ပြောနေသေးသည်။ ဤပထမအကြီးအကဲ၏ အရေပြားသည် ဤမျှထူထဲသည်ကို အတိတ်ကို သူ အဘယ်ကြောင့် မသိခဲ့ရတာပါလိမ့်။
ယခုအချိန်တွင် ဂိုဏ်းချုပ်သည် မူမမှန်မှုကို သတိပြုမိနေပြီဖြစ်သည်။
"အင်း၊ မင်း သေချာ သန့်ရှင်းရေး လုပ်ထားတာ။ ကောင်းကင်နတ်ဆိုးဂိုဏ်းကနေ ထွက်သွားမလို့လား?”
လုရှောင်ယန် အသာအယာ ချောင်းဟန့်ပြီး ပြောသည်။ "ဒီလိုပါ။ ကျွန်တော် အရင်က ပြောဖူးတယ်လေ ။ အပြင်ထွက်ပြီး အခွင့်အရေးရှာချင်တယ်လို့ ။"
ဂိုဏ်းချုပ်ချန်သည် ချက်ချင်းပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မလိုတော့ဘူး...။"
လုရှောင်ယန်: "???"
သူ၏မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုကို ခံစားရပြီး ဂိုဏ်းချုပ်ချန်က ချက်ချင်းပြောသည် "တကယ်တော့ ငါ ဒီနေ့ ဘိုးဘေးသခင်နဲ့ မတွေ့ဆုံခဲ့ရင် မင်းကို တားမှာ မဟုတ်တာ သေချာတယ်။ ဒါပေမယ့် ဘိုးဘေးသခင်နဲ့ တွေ့ပြီးနောက် တစ်စုံတစ်ခုကို ငါ
သဘောပေါက်ခဲ့တယ်။ နောက်ဆုံးတော့ ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ငါနားလည်သွားပြီ။ အခွင့်အလမ်းတွေ အမျိုးသမီးတွေဆိုတာ အတုအယောင်ပဲ။ ကျင့်ကြံခြင်းကသာ အမှန်... ။"
ရှောင်ယန် မင်း အပြင်မထွက်ရင် အကောင်းဆုံးပဲ။ လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျိုကို လိုက်မနေနဲ့တော့။ အနာဂတ်မှာ၊ ဒီဂိုဏ်းမှာနေပြီး ငါတို့နဲ့ ဘာကိုမှမလိုက်စားပဲနေမယ်။"
“ဒီလိုပဲ ဖြည်းဖြည်းချင်း ကျင့်ကြံ.. ။ ဂိုဏ်းက မင်းကို အကောင်းဆုံးကူညီပေးမယ်လို့ ငါအာမခံတယ်။ မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ငါတို့ရဲ့ အရင်းအမြစ်တွေနဲ့၊ မင်းရဲ့ ကျင့်ကြံမှုဟာ အနာဂတ်မှာ အနည်းဆုံး စိတ်ဝိညာဉ် သန့်စင်ရေးဘုံကို ရောက်ရှိလာလိမ့်မယ်လို့ ငါအာမခံတယ်။ တကယ်တော့ မင်းကြိုးစားအားထုတ်ရင် အာကာပြင်လေ့လာခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ မခက်ပါဘူး။”
လုရှောင်ယန် ၏မျက်နှာသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဆွံ့အနေသည်။
သူသည် ကျောက်ခဲကိုမပြီး သူ့ခြေထောက်ပေါ်သူ ပစ်ချမိမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
မူလက သူသည် ဂိုဏ်းချုပ်နှင့် အခြားသူများကို ကောင်းစွာ ကျင့်ကြံပြီး အပြင်ထွက် ဒုက္ခမရှာရန် သင်ပေးချင်ခဲ့သည်။
ဂိုဏ်းချုပ်နှင့် အခြားလူများက နောက်ဆုံးတွင် သူ့ကို ဖြားယောင်းသွေးဆောင်ရန် သူ၏စကားများကို အသုံးပြုမည်ဟု မမျှော်လင့်ခဲ့ပေ….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၉၂ အရမ်းဖြူစင်မနေနဲ့...
လုရှောင်ယန် သာမန်ကာလျှံကာ ချောင်းဟန့်လိုက်ပြီး “ကျွန်တော့် အရည်အချင်းက အကန့်အသတ်ရှိတယ်။ တကယ်တော့ အပြင်ထွက်ပြီး အခွင့်အလမ်းတွေကို တွေ့ကြုံတာက ပိုကောင်းပါတယ်။”
ဂိုဏ်းချုပ်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကလေး၊ မင်းဘာလို့ဒီလောက်စကားနားမထောင်ရတာလဲ? ဒါက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်း ဘိုးဘေးသခင်ရဲ့ မြင့်မြတ်တဲ့ စကားတွေ ဆိုတာမင်းသိလား? ဒါကို သာမာန်လူတွေကိုတောင် မပြောဘူး။ မင်းကိုမို့လို့ ပြောနေတာ။" ပထမ အကြီးအကဲနှင့် အခြားသူများကလည်း အကြံပြုသည်။ “မှန်တယ်။ ရှောင်ယန်၊ ဂိုဏ်းချုပ် စကားကို နားထောင်လိုက်ပါ။ အပြင်မှာ တောရိုင်းပန်းတွေ ဘယ်လောက်မွှေးနေပါစေ တခြားသူတွေ ပိုင်တယ်။ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကိုပဲ စောင့်ရှောက်တာ ပိုကောင်းတယ်။"
လုရှောင်ယန် အလွန်အမင်း ဆွံ့အနေတော့သည်။ ဤလူတွေသည် သူ့ထံမှ အနည်းငယ်သင်ကြားခံရရုံနှင့် ရူးသွားကြလေပြီ။
မင်းတို့က ငါ့ကိုတောင် ပြန်သင်ပေးချင်နေကြတာလား?
ဟာသပဲ...
ငါ ကျီရွှေ့ တောင်ထိပ်မှာ ဆယ်နှစ်လောက် ကျင့်ကြံဖို့ပဲအာရုံစိုက်ပြီး နေထိုင်နေခဲ့တာ။ သင်ပေးဖို့ လိုသေးတာလား?
ပြီးတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာပဲ နေထိုင်သွားရပါမယ်လို့ ဘယ်သူပြောလဲ?
ရှေးလူကြီးတွေပြောခဲ့သလိုပဲ လက်သစ်လေးတွေက တောထဲမှာ ပုန်းတတ်ကြပေမယ့် ပညာရှင်တွေကတော့ မြို့ထဲမှာ ပုန်းတတ်ကြသည်။
သူသည် နန်းမြို့တော်တွင် ပုန်းနိုင်သည်။
သို့သော် အကြီးအကဲများသည် ကြင်နာတတ်သည့်အတွက် သူ့အနေနှင့် သူတို့ကို တိုက်ရိုက်ဆန့်ကျင်လိုခြင်းမရှိပေ။
ထို့ကြောင့်၊ ချောင်းဟန့်ပြီးနောက်၊ လုရှောင်ယန်၏အမူအရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်လာသည်။
“ဂိုဏ်းချုပ် တကယ်ဆို ကျွန်တော် မနေချင်တာမဟုတ်ပါဘူး။ တကယ်တော့ ရှင်းပြလို့မရတဲ့ အခက်အခဲတွေရှိတယ်။”
လူတိုင်း အံ့ဩသွားကြသည်။
"ဘာဖြစ်လို့လဲ?"
လုရှောင်ယန်သည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
"တကယ်တော့ လိပ်နက်ဂိုဏ်းမှာ အကြီးအကဲတစ်ယောက်နဲ့ ကျွန်တော်တွေ့ခဲ့တယ်။ သူက ကျွန်တော့်ရဲ့ အစီအရင်ဖွဲ့စည်းပုံ ခွန်အားကို သဘောကျပြီး သူနဲ့ အစီအရင်တွေအကြောင်း ဆွေးနွေးဖို့ ကျွန်တော့်ကို နန်းမြို့တော်ကို လာဖို့ သူ့ရဲ့ မြင့်မားတဲ့ကျင့်ကြံဆင့်ကို အသုံးချပြီး ဖိအားပေးခဲ့တယ်။”
"ဘာ..."
အားလုံး၏ အမူအရာများ ရုတ်တရက် အေးစက်သွားကြသည်။
"ဘယ်ကောင်လဲ? ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အကြီးအကဲတစ်ဦးကို ဘယ်လိုတောင် ခြိမ်းခြောက်ဝံ့တာလဲ? သူက အသက်ရှင်ရတာပျင်းလာလို့လား...။"
"မှန်တယ်။ ရှောင်ယန်၊ မကြောက်နဲ့။ မင်းက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးပဲ။ ငါတို့ရှိတယ်၊ မင်းကိုဘယ်သူမှထိပါးဝံ့မှာမဟုတ်ဘူး။”
"ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေကို ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။"
လုရှောင်ယန်သည် ညှိုးငယ်သောအမူအရာဖြင့် ပြောသည်။ "တကယ်တော့ သူ့နာမည်ကို ကျွန်တော်ကောင်းကောင်းမသိပေမယ့် သူ့ရဲ့အင်အားက ဧကရာဇ်အဆင့်မှာ ရှိနေပုံရတယ်။"
"ဟီး...ဟီး ၊ ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်အဆင့်လောက်နဲ့များ...... ခဏလေး... ရှောင်ယန်၊ မင်းဘယ်အဆင့်လို့ ပြောလိုက်တာလဲ?"
"ဧကရာဇ်အဆင့်..."
တခဏအတွင်း လေထုသည် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်သွားသည်။
ခုနက စေတနာအပြည့်နှင့် လုရှောင်ယန်ကို သေသည်အထိ ကာကွယ်ပေးမည့် လူတွေက ချက်ချင်းရပ်တန့်သွားသည်။
ဂလု..
သိပ်မကြာခင် ဂိုဏ်းချုပ်ချန် တံတွေး မျိုချလိုက်ပြီး မေးသည်။ "ရှောင်ယန်၊ မင်းမသွားရင် ဘာဖြစ်မလဲ?"
“အင်း၊ အကျိုးဆက်က သိပ်ပြီး မပြင်းထန်ပါဘူး။ သူကိုယ်တိုင် ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကိုယ်တိုင်လာပြီး ဖျက်ဆီးပစ်မယ်လို့ပဲ ပြောခဲ့တယ်။”
ထိုစကားကိုကြားသော် ဂိုဏ်းချုပ်ချန်သည် လုရှောင်ယန်၏ ပုခုံးကို ပုတ်ပြီး ချက်ခြင်းပြောသည် "ရှောင်ယန်၊ တကယ်ဆို လူငယ်တွေက အပြင်ထွက်ပြီး ကမ္ဘာကြီးကို တွေ့ကြုံခံစားသင့်တယ်။"
လုရှောင်ယန် ဆွံ့အသွားရသည်။
"ဂိုဏ်းချုပ်၊ မင်းရဲ့ စိတ်နေသဘောထားက အပြောင်းအလဲမြန်တယ်မဟုတ်ဘူးလား? အခုတင်ပဲ ကျွန်တော့ကို ကာကွယ်ပေးမယ်လို့ပြောခဲ့တာလေ။"
ဂိုဏ်းချုပ်ချန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကလေး၊ မင်းဘာလို့အဲ့လောက်တောင်မသိတတ်ရတာလဲ? တချို့ အစီအရင် ဖွဲ့စည်းမှုတွေကို ဆွေးနွေးရုံပဲမဟုတ်ဘူးလား? မင်းသေသွားမှာလည်း မဟုတ်ဘူးလေ။ အခု အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ ရှိတယ်။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ပံ့ပိုးပေးတယ်လို့မှတ်လိုက်..။ မင်းရဲ့ ဘဝမှာ အံ့သြစရာကောင်းတဲ့ နန်းမြို့တော်ကို ခရီးထွက်ဖို့က မလွယ်ဘူး။ မင်း ပြန်တောင် ပြန်လာနိုင်ဦးမှာ။ စား ၊ သောက် ၊ ပြီးတော့ ကျန်တဲ့ငွေကို ကြိုက်တဲ့နေရာမှာသုံး။ နန်းမြို့တော်ကို သွားလည်နိုင်တယ်ဆိုတော့ မင်းရဲ့ ဘဝက တန်ပါတယ်။”
"ဂိုဏ်းချုပ်၊ ကျွန်တော့်အပေါ် အရမ်းကောင်းလွန်းတယ်။"
“မင်း ပျော်ရင် အဆင်ပြေပါတယ်။ ဟိုအကြီးအကဲ ဒေါသထွက်နေချိန်သာ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ထုတ်မပြောမိစေနဲ့..။"
ထိုစကားပြောပြီး ဂိုဏ်းချုပ်ချန်သည် ပထမ အကြီးအကဲအား လှည့်ကြည့်ကာ “ပထမ အကြီးအကဲ၊ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ပျံသန်းတဲ့ သင်္ဘောငယ်လေး ရှိသေးသလား? ရှောင်ယန်ကို တစ်ခုပေးလိုက်ပါ။ သူက နန်းမြို့တော်ကို သွားရမှာ။ တောင်တွေကမြင့်ပြီး လမ်းတွေက ရှည်တယ်။ သူ လမ်းသွားတာကြာလို့ ဟိုအကြီးအကဲကို ဒေါသထွက်စေရင် ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကိုယ်တိုင် လာရောက်ရှာဖွေနေရရင် မသင့်တော်ဘူး။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပုံရိပ်ကို ပျက်စီးစေလိမ့်မယ်။”
ပထမအကြီးအကဲသည် သူ၏သိုလှောင်အိတ်မှ ပျံသန်းနေသော သင်္ဘောငယ်တစ်စင်းကို ချက်ချင်းထုတ်ယူလိုက်သည်။
"ဟုတ်ကဲ့.....ဟုတ်ကဲ့။ ရှောင်ယန်၊ ဒီပျံသန်းနိုင်တဲ့သင်္ဘောက ငါ သီးသန့်အသုံးပြုလေ့ရှိတဲ့ တစ်ခုပဲ။ အခုတော့ ငါမင်းကို ပေးလိုက်မယ်။ မင်းချက်ချင်းထွက်သွားနိုင်ပြီ။"
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်တို့၊ ကျွန်တော် နန်းမြို့တော်ကို သွားရပေမယ့် ကျွန်တော့်နှလုံးသားက ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ အမြဲရှိနေမှာပါ။”
ဂိုဏ်းချုပ်ချန်က ခေါင်းညိတ်လိုက်သည်။
"သွားတော့၊ ကျီရွှေ့ တောင်ထိပ်က အမြဲတမ်း မင်းအတွက်ဖြစ်နေမှာပါ။"
လုရှောင်ယန်သည် သက်ပြင်းချကာ ပျံသန်းနေသော သင်္ဘောပေါ်သို့ တက်လိုက်သည်။ သူသည် သူ၏တပည့်သုံးယောက်ကို ခေါ်ဆောင်ကာ မဟာကျိုး နန်းမြို့တော်သို့ ခရီးစတင်တော့သည်။ လမ်းတစ်လျှောက်တွင် လုံးလုံးပျက်စီးသွားသော ဂိုဏ်းများစွာကို တွေ့လိုက်ရသည်။ အချို့သော ဂိုဏ်းများ၏ တောင်များသည် လောင်ကျွမ်းဆဲဖြစ်သော်လည်း ဂိုဏ်းများစွာသည် အခြေခံအားဖြင့် အလောင်းများဖုံးလွှမ်းထားသည်။ အသက်ရှင်နေသူတစ်ယောက်မှ မရှိပေ။
ယင်းကြောင့် လုရှောင်ယန်နှင့် တပည့်များသည် နတ်ဆိုးဂိုဏ်း၏ ရက်စက်မှုကို တွေးမိကာ ကြောက်လန့်နေတော့သည်။
“နတ်ဆိုးဂိုဏ်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ မဟာကျိုးကလူတွေ နတ်ဆိုးဂိုဏ်းအကြောင်းကြားတိုင်း အမူအရာပျက်တာ အံ့သြစရာမဟုတ်ဘူးပဲ။"
ယွင်လီကော သက်ပြင်းချမိသည်။
လုရှောင်ယန်သည် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့။ မင်းဟာ မဟာကျိုး တော်ဝင်မိသားစုကမှ မဟုတ်တာ။ မဟာကျိုးရဲ့ သာမန်ပြည်သူတွေ သေဆုံးမှုက မင်းနဲ့ ဘာဆိုင်လို့လဲ?"
ယွင်လီကောသည် အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။
"ဆရာ၊ ကျွန်တော်တို့လုပ်တာမှန်တယ်မဟုတ်လား.. ကျွန်တော်တို့ ကျင့်ကြံနေတာကြာပြီ၊ တရားမျှတမှုအတွက် တစ်ခုခုတော့ မလုပ်သင့်ဘူးလား"
လုရှောင်ယန် က သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။
"မင်းရူးနေလား...မင်းက အရမ်း အစွမ်းထက်နေတာလား? မင်းက စိတ်ဝိညာဉ် သန့်စင်ခြင်း ပထမအဆင့်ဆိုတာနဲ့ မင်းကိုယ်မင်း ကျွမ်းကျင်သူဖြစ်နေပြီလို့ ထင်နေပြီပေါ့? လူကောင်းတောင် လုပ်ချင်နေသေးတာလား”
သူ ယခုလို အရမ်းအစွမ်းထက်ရသည့် အကြောင်းရင်းမှာ လုရှောင်ယန်က သူ့ကို ရှေးဟောင်းဧကရာဇ်ကျမ်းကို သင်ပေးပြီး ဆေးပြားတွေ အများကြီးပေးထားသောကြောင့်ပင်။
"ဒါနဲ့ မင်း ရှောင်ပိုင်ကိုတောင် မသတ်နိုင်ဘူး။ ငါ့ကြောင့်သာ မဟုတ်ရင် မင်း အခုအချိန်အထိ လက်စားချေနိုင်မှာ မဟုတ်ဘူး။ ရှောင်ပိုင်က မင်းကို သတ်သွားတာတောင် ဖြစ်နိုင်သေးတယ်။"
“အိုး…”
ယွင်လီကော ဆွံ့အသွားသော်လည်း လုရှောင်ယန် ပြောတာမှန်သည်။ လုရှောင်ယန်သည် ဆက်လက်၍ “အတွေးလွန်နေတာကို ရပ်လိုက်။ နတ်ဆိုးဂိုဏ်းက ကြောက်မက်ဖွယ်ကောင်းပေမယ့် မကောင်းမှုက ဖြောင့်မတ်သူတွေကို မနှိမ်နှင်းနိုင်ဘူး။ နတ်ဆိုးဂိုဏ်းကို နှိမ်နင်းနိုင်ဖို့ဆိုတာ အချိန်ကာလတစ်ခုပဲလိုတယ်။ ငါထင်တာမမှားရင် နတ်ဆိုးဂိုဏ်းလို အင်အားကြီးတဲ့ ဂိုဏ်းက မြင်းနက်ရဲ့ ရန်သူပဲ။”
အတိုချုပ်ပြောရလျှင် နတ်ဆိုးဂိုဏ်းသည် မြင်းနက် တစ်ယောက်ယောက် ပိုမိုမြင့်မားသောဘုံတစ်ခုသို့ လှမ်းရန် လှေကားတစ်ခုမျှသာဖြစ်နိုင်သည်။
ထို့အပြင် ၎င်းတို့သည် မြင်းနက်များ၏ လက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် သေဆုံးမည့် အမျိုးအစားဖြစ်သည်။
"အပြင်းအထန် တိုက်ခိုက်ရင် ငါတို့ မကိုင်တွယ်နိုင်တဲ့ ဘေးဥပါဒ်ကိုတောင် ရန်စမိနိုင်တယ်။ “
သုံးယောက်သား ချက်ချင်း ပါးစပ်ပိတ်သွားသည် ။
"ဆရာ၊ တကယ်ပြောတာလား? နတ်ဆိုးအရှင်က ဘယ်လိုမလို့လဲ? သူက မဟာကျိုးမှာ အားအကောင်းဆုံး နတ်ဆိုးကျင့်ကြံသူ.. သူ ကျင့်ကြံဆင့် ပျောက်ဆုံးခဲ့ရပေမယ့် သူ့ ခွန်အားကို လျင်လျင်မြန်မြန် ပြန်လည်ရရှိနေပြီလေ။ ဘယ်လိုလုပ် မြင်းနက် လက်ချက်နဲ့ သေရနိုင်မှာလဲ?”
လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။
“မင်း နားမလည်ပါဘူး။ မြင်းနက်တွေရဲ့ ကံကြမ္မာက အလွန်ထူးခြားတယ်။ မင်းဟာ လူကောင်းပဲ ဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ်၊ မြင်းနက်တွေရဲ့ရှေ့မှာဆိုရင်တော့ အမှိုက်ပဲ။
ဒါက နတ်ဆိုးဂိုဏ်းက နတ်ဆိုးအရှင်လို လူတစ်ယောက်အတွက်ဆို ပိုတောင်မှ မှန်သေးတယ်။ သူက တန်ခိုးကြီးတယ်၊ မာနကြီးတယ်၊ ရတနာတွေ အများကြီးရှိတယ်။ သူက သေချာပေါက်ကို ပြီးပြည့်စုံတဲ့ ဗီလိန်တစ်ယောက်ပဲ….”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၉၃ နန်းတော်ထဲသို့ပထမဆုံးဝင်ခြင်း...
ဟစ်...
ယွင်လီကောနှင့် အခြားနှစ်ယောက်တို့သည် တညီတညွတ်တည်း ရင်ထိတ်သွားကာ သူတို့၏ မျက်လုံးများထဲတွင် မြင်းနက်တွေကို ကြောက်ရွံ့မှုများ ပြည့်နှက်နေသည် ။
မြင်းနက်တွေက ကြောက်စရာကောင်းလွန်းတယ်။
မျှော်လင့်ထားသည့်အတိုင်း သူတို့သည် ဟက်ကာများပီသသည်။
သို့သော် သေသေချာချာ တွေးကြည့်လျှင် သူတို့၏ဆရာက ထိုသူတို့ကို ကြောက်ဖို့ အကြောင်းပြချက်ရှိမှန်း သိလိုက်ရသည်။
ခရီးရှည်ကြီးပြီးနောက် လူတိုင်းသည် မဟာကျိုး နန်းမြို့တော်သို့ အမြန်ရောက်ရှိလာကြသည်။
လိပ်နက်ဂိုဏ်းနှင့်ယှဉ်လျှင် မဟာကျိုး နန်းမြို့တော်သည် တကယ့်ကို ကြီးကျယ်ခမ်းနားသည်။
ဘယ်လောက်တောင်ကြီးမားလဲကတော့ မျက်စိနှင့်ပင် အလွယ်လေး နှိုင်းယှဉ်လို့ရသည်။
၎င်းသည် တုဖက်ပြိုင်ရန်ခဲယဉ်းလှသည်။
လိပ်နက်ဂိုဏ်းသည် မဟာကျိုး နန်းမြို့တော်ရှိ အင်ပါယာနန်းတော်နှင့် နှိုင်းယှဉ်လျှင် ယှဉ်လို့ရတယ် ဆိုရုံသာ။
သို့သော်လည်း မဟာကျိုး နန်းမြို့တော်တွင် တော်ဝင်နန်းတော်တစ်ခုထက်မက ရှိသည်။
ထို့ အပြင်၊ မဟာကျိုး နန်းမြို့တော်တွင် တော်ဝင်နန်းတော်များအပြင် သာမန်လူများအတွက် အိမ်ရာများလည်းရှိသည်။
လုရှောင်ယန်၏ စိတ်အာရုံသည် တော်ဝင်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်ရုံမျှသာဖြစ်သည်။
သူသည် လက်ရှိတွင် ဘုရင် စတုတ္ထအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်းကိုတော့ မမေ့ထားကြပါနဲ့ဦး။
သူ၏ စိတ်အာရုံသည် အလွန်ကျယ်ပြောပြီး ကမ္ဘာငယ်လေးကို လွှမ်းခြုံထားနိုင်သည် ။
လုရှောင်ယန်သည် မနေနိုင်ပဲ စုတ်သပ်မိသည်။ စင်စစ် ဤနေရာသည် အလွန်ကြီးမားသောကြောင့် သူ၏အရင်ဘဝက ထိပ်တန်းမြို့ဆယ်မြို့၏ ပေါင်းစပ်ဧရိယာထက်ပင် အနည်းငယ် ပိုကျယ်နေသေးသည်။
ကျင့်ကြံခြင်းကမ္ဘာ၏ နေရာများသည် အမှန်တကယ်ပင် ကျယ်ပြောလှသည်။
သို့သော် သေသေချာချာ တွေးကြည့်လျှင် ကျင့်ကြံခြင်းလောကတွင် ကျွမ်းကျင်ပညာရှင်များက
တောင်တန်းများနှင့် မြစ်များကို တစ်ချက်တည်း နှင့် ဖြိုခွဲနိုင်ကြသည်။ ကမ္ဘာကြီးသာ မကျယ်ဘူးဆိုလျှင် လူတိုင်း ဖြိုခွဲဖို့အတွက် မလုံလောက်ပေ။ "ဝူရှား၊ ဒါက မင်းရဲ့နယ်မြေ။ လူတိုင်းအတွက် မင်း လမ်းပြပေးရင် ပိုကောင်းမယ်ထင်တယ်။”
ကျီဝူရှားသည် တစ်ခုခုကို တွေးနေသလိုမျိုး ရုတ်တရက် ရပ်တန့်သွားပြီး လမ်းလျှောက်သည်။ သုံးယောက်သား နားမလည်နိုင်သောကြောင့် မျက်ခုံးပင့်သွားကြသည်။
ထို့နောက် ကျီဝူရှားသည် ၄၅ ဒီဂရီ ထောင့်ချိုးကို မော့ကြည့်ကာ လက်နှစ်ဖက်ကို နောက်သို့ ပစ်၍ ညှိုးငယ်သော အမူအရာဖြင့် ပြောသည်ကို တွေ့လိုက်ရသည်။
“ရှစ်နှစ်ရှိပြီ။ ဒါပေမယ့် နောက်ဆုံးတော့ ငါပြန်လာပြီ။”
လုရှောင်ယန်: "???"
ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့၏ မျက်လုံးများသည် ချက်ချင်းတောက်ပသွားသည်။
“ဝါး...ဆရာတူညီမက အရမ်းအစွမ်းထက်တယ်။ သုံးနှစ်နဲ့ ငါးနှစ်ကို ထပ်ပေါင်းပြီး... စုစုပေါင်း ရှစ်နှစ်လုပ်ပစ်လိုက်တယ်။"
“ဆရာတူအစ်မက တကယ်ကို ဉာဏ်ကောင်းတယ်။ ဒီတစ်ခေါက်ပြန်လာပြီးရင် အရင်တခါအရှက်ကွဲမှုအတွက် လက်စားချေနိုင်မှာသေချာတယ်။"
ကျီဝူရှား ဖွဖွလေး ပြုံးလိုက်သည်။
“မမြှောက်ပါနဲ့...။ ငါက ချက်ချင်း သင်ယူတတ်မြောက်အောင်လုပ်နေတာ။ ဒါတွေအားလုံးက ဆရာ ကောင်းကောင်းသင်ပေးလို့ပဲ။”
လုရှောင်ယန်၏ မျက်နှာ မည်းမှောင်သွားသည်။ ဤအခိုက်အတန့်တွင်၊ သူတို့သည် သိုင်းဘုရင်အဆင့် သို့ရောက်ရှိရန် အရည်အချင်းရှိသည်ဟုပြောသော ဝမ့်ခိုက် သည် လိမ်နေသည်ဟုပင် သံသယဖြစ်မိသည်။
ဤတပည့်တွေသည် ထိုအခါက မြို့ငယ်လေးမှာ သူ၏နောက်ကိုလိုက်လာသည့် အဆိပ်တစ်ထောင်ဂိုဏ်းက တပည့်တွေထက်တောင် ဉာဏ်နည်းသည်။
"အခုဝင်လို့ရပြီလား?"
လုရှောင်ယန်က နက်မှောင်သော အမူအရာဖြင့် မေးလိုက်ရာ ကျီဝူရှားလည်း လျင်မြန်စွာ လမ်းပြပေးရတော့သည်။
"တပည့်တို့အခုဝင်ပါတော့မယ်။"
သူမသည် လူတိုင်းကို ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်သို့ ခေါ်ဆောင်သွားသည်။ ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်အဝင်ဝတွင် အစေခံများသည် ကျီဝူရှား ကိုတွေ့သောအခါ ချက်ချင်းဒူးထောက်ကာ ကြိုဆိုကြသည်။
"မင်္ဂလာပါ မင်းသမီး။ တော်ဝင်နန်းတော်မှ ကြိုဆိုပါတယ်။”
ဤအပြုအမူများကိုမြင်လိုက်ရသည်က လုရှောင်ယန်ကို အာကေရှားဂိုဏ်းသို့ ရောက်သွားသကဲ့သို့ ခံစားရစေသည်။
ကျီဝူရှားသည် အစေခံများကို မတ်တပ်ရပ်စေလိုက်သည်။
ထို့နောက် ကျီဝူရှားသည် လုရှောင်ယန်နှင့် အခြားသူများကို တော်ဝင်နန်းတော်ရှိ သူမ၏ကိုယ်ပိုင်ခြံဝင်းထဲသို့ ပို့ဆောင်သည်။
၎င်းသည် အလွန်ကြီးမားသော ခြံဝင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ကျီရွှေ့ တောင်ထိပ်ထက် လုံးဝ မနိမ့်ကျသော ကြီးမားသော အကျယ်အဝန်းရှိသည့် ပြီးပြည့်စုံသော ရှေးဟောင်းပုံစံ အဆောက်အအုံတစ်ခုဖြစ်သည်။
ဖုန်းထျန်းယွမ်သည် သိပ်ပြီး မတုန်လှုပ်ပေ။ နောက်ဆုံးတွင်၊ သူသည် ယခင်က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စွမ်းအားထက်ဝက်ခန်းရှိသော ရှေးလူဝံ လူမျိုးစု ဂိုဏ်း၏ အမွေဆက်ခံသူဖြစ်သည်။
သို့သော်လည်း ယွင်လီကောသည် အလားတူတုံ့ပြန်မှုမျိုး မရှိပေ။ ကျီဝူရှား၏ခြံကိုကြည့်ရင်း တံတွေး မျိုချလိုက်ပြီး တိုးတိုးလေးပြောသည် ။
"ညီမငယ်၊ ဒါ မင်းရဲ့ သီးသန့်နေထိုင်ရာလား?"
ကျီဝူရှားက ပြုံးပြီး ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်၊ ဒီဟာက သေးသေးလေးပါ။ တော်ဝင်နန်းတော်က အခြားသော အမွေဆက်ခံသူတွေနဲ့ မင်းသမီးတွေက ညီမထက် ပိုကျယ်တဲ့ ဝန်းတွေရှိတယ်။”
ဝါး...
ယွင်လီကောသည် ကိုယ့်နှလုံးကိုယ်ခုန်သံကို ပြန်ကြားသည်အထိ တုန်လှုပ်သွားပြီး အလွန်မနာလိုဖြစ်မိသည်။ သူ၏ ယွင်မိသားစုတစ်ခုလုံးသည် သူ၏ဆရာတူညီမ၏ ခြံဝင်းနှင့်ပင် မယှဉ်နိုင်ပေ။ ယွင်လီကောသည် သူ၏ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသော သူ၏ဆရာတူညီလေး ဖုန်းထျန်းယွမ်ကို ကြည့်လိုက်သည်။ သူ မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ၏ဆရာတူညီလေးလည်း အံ့သြသွားရမှာပဲ...။
နောက်ဆုံးတော့ သူ၏ဆရာတူ ညီမလေးက သူမအတွက် ကြီးမားသည့် ခြံဝင်းကြီးရှိသည်။ သူမသည် သူတို့၏ဆရာနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ကျီရွှေ့တောင်ထိပ်၏အကြီးဆုံးအစ်ကိုဖြစ်သူအနေဖြင့် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ယခုအခိုက်အတန့်တွင် သူ၏ဆရာတူညီလေးကို နှစ်သိမ့်ပေးသင့်သည်ဟု သူခံစားမိသည်။
ထို့ကြောင့် ဆရာတူညီလေးကို ပုခုံးပုတ်ကာ နှစ်သိမ့်ပေးသည်။
“ညီလေး၊ တုန်လှုပ်ခြောက်ခြားနေစရာ မလိုပါဘူး။ ငါတို့ ဆရာနဲ့ ကောင်းကောင်းမွန်မွန် ကျင့်ကြံပြီး အနာဂတ်မှာ ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်လာရင်၊ ဒီလို ကြီးမားတဲ့ ခြံဝင်းကြီးမှာ နေထိုင်ရန် အခွင့်အလမ်းလည်း ရှိတယ်။” ဖုန်းထျန်းယွမ်သည် ယွင်လီကောကို အထူးအဆန်းသဖွယ် ကြည့်လိုက်သည်။
“ဆရာတူအစ်ကို ဘာတွေ ထူးထူးခြားခြား ပြောနေတာလဲ? ကျွန်တော်က ဘာလို့ မနာလိုရမှာလဲ? ကျွန်တော်နေခဲ့ဖူးတဲ့ ဝန်းကလည်း ဒီလောက်ပဲကြီးတာကို။”
ယွင်လီကော: "???"
ဖုန်းထျန်းယွမ်သည် မျက်နှာချီကာ ခြံဝင်းကို ကြည့်လိုက်သည်။
“တကယ်တော့ ဆရာတူအစ်မရဲ့ ခြံက ကျွန်တော့မိသားစုနန်းတော်လောက် မကျယ်ဘူးလို့ ခံစားရတယ်။ ကျွန်တော့်မိသားစုက တောင်ကိုတူးပြီး နန်းတော်ဆောက်ဖို့ တောင်တစ်ခုလုံးကို အသုံးပြုခဲ့တယ်။ ဆရာတူအစ်မရဲ့ ခြံက ကျယ်ပေမယ့် မမြင့်ဘူး။”
ယွင်လီကော : "..."
သူ၏လက်ကို ဖြည်းညှင်းစွာ ရုတ်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ဝမ်းနည်းမှုတစ်ခု ဖြည်းညှင်းစွာ ပေါ်လာပြီး သူ၏မျက်လုံးတွေက အနည်းငယ် နီရဲနေသည်။
ဘာလို့ သူပဲ အမြဲတမ်း လူရွှင်တော်အဖြစ် သရုပ်ဆောင်ရတာလဲ?
သူတို့ကို သူမ၏ ခြံဝင်းထဲသို့ ခေါ်ဆောင်ပြီးနောက် ကျီဝူရှားသည် သူမ၏ ဆရာနှင့် ဆရာတူအစ်ကိုများကို ကောင်းစွာ စောင့်ရှောက်ရန် သူမ၏ ခြံတွင်းရှိ အစေခံများအား ညွှန်ကြားလိုက်သည်။
ထို့နောက် လုရှောင်ယန်၏ ခွင့်ပြုချက်ကို တောင်းခံသည်။
“ဆရာ၊ တပည့် တော်ဝင်နန်းတော်ကနေ ထွက်လာတာ ကြာပါပြီ။ ဒါပထမဆုံးအကြိမ် ပြန်ရောက်တာဖြစ်လို့ ခမည်းတော်ကို သွားပြီး ဂါရဝပြုချင်ပါတယ်။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ "အင်း သွားသင့်တယ်။ သွားပါ။ ပြီးရင် ငါတို့လည်း မင်းခြံဝင်းထဲ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ရမယ်။ ငါတို့ရဲ့ ဘေးကင်းမှုကို သေချာစေဖို့အတွက် မင်းဝင်းအတွင်းက အစီအရင်ကို အဆင့်မြှင့်လိုက်မယ်။"
ကျီဝူရှား ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ခမည်းတော်ဆီ သွားလည်ပြီးတာန့ ကူညီဖို့ ချက်ခြင်း ပြန်လာခဲ့မယ်။”
လုရှောင်ယန် ခေါင်းညိတ်ပြပြီး ကျီဝူရှား ထွက်ခွာသွားသည်ကို ကြည့်ရှုကာ ခမ်းနားသော အစီအရင်ကို စတင်လုပ်ဆောင်သည်။
ဒါသည် သူ၏အကျင့်ပင်။ သူဘယ်ကိုပဲသွားပါစေ၊ အစီအရင် ဖွဲ့စည်းမှုကို တည်ဆောက်တတ်သည်။
နောက်ဆုံးတွင်၊ အစီအရင်ဖွဲ့စည်းမှုများသည် ကြီးမားသောအကျိုးကျေးဇူးများရရှိရန် သေးငယ်သောသုံးစွဲမှုသာလိုအပ်သည်။
ကာကွယ်ရေးအစီအရင်များ၊ ဝိညာဉ်စွမ်းအင်စုစည်းမှုအစီအရင်များ၊ တိုက်ခိုက်မှုအစီအရင် များ... ဒါတွေက အန္တရာယ်ကျရောက်ချိန်မှာ သူဘေးကင်းစေဖို့ အသက်ကယ်နည်းပညာတွေပင်။
သူသည် ဖုန်းထျန်းယွမ်နှင့် ယွင်လီကောကို ကြည့်လိုက်ကာ၊ “မင်းတို့နှစ်ယောက် ကစားနေတာကို ရပ်လိုက်။ အလုပ်စတော့...။"
သူတို့နှစ်ယောက်လည်း ချက်ချင်း ပြေးလွှားပြီး လုရှောင်ယန်၏ ညွှန်ကြားချက်အတိုင်း အလုပ်စလုပ်သည်။ သူတို့သည် လုရှောင်ယန်၏ ညွှန်ကြားချက်များကို လိုက်နာပြီးအစီအရင်ကို ကျယ် ကျယ်ပြန့်ပြန့်ပြုလုပ်ရန် နေရာလွတ်ဖြစ်စေရန်အတွက် ပေါင်းပင်အချို့ကို သန့်ရှင်းရေးလုပ်ကြသည်။
တော်ဝင်နန်းတော်သည် ကြီးကျယ်ခမ်းနားသော အစီအရင် ရှိပြီးဖြစ်သည်။ လုရှောင်ယန်သည် ထာဝရလမ်းညွှန်ချက်ဆယ်ပါးကိုသုံးရန်ပင်မလိုအပ်ပေ။ အတွင်းအစီအရင် အားလုံးကို သူ၏စိတ်အာရုံကို အသုံးပြုလိုက်ရုံဖြင့်ပင် အလွယ်တကူရှာဖွေနိုင်ခဲ့သည်။
အနက်ရှိုင်းဆုံးအလွှာမှာ တော်ဝင်နန်းတော်တစ်ခုလုံး၏ ခမ်းနားသောအစီအရင်ဖြစ်သည်။ အပြန်အလှန်ချိတ်ဆက်ထားသော်လည်း မမှီခိုသောအပိုင်းများပါရှိသည်။ အနည်းငယ်ပြောင်းလဲမှုသည် အခြေအနေတစ်ခုလုံးကို ထိခိုက်စေမည်ဖြစ်ပြီး တော်ဝင်နန်းတော်၏ အခြေခံအုတ်မြစ်အစီအရင်တစ်ခုလုံးကို လည်ပတ်စေမည်ဖြစ်သည်။
၎င်းသည် တိုက်ခိုက်ရေးအစီအရင်များ၊ ခုခံအစီအရင်များနှင့် ဝိညာဉ်စွမ်းအင်စုစည်းမှုအစီအရင်များ ပေါင်းစပ်ထားသည့် အစီအရင် ဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ ၎င်း၏တည်ဆောက်မှုမှာ အလွန်ကြီးမားပြီး ၎င်း၏တန်ဖိုးမှာလည်း မနည်းလှပေ။
ပျက်စီးသွားသည်နှင့် ဘုရင်ကျီနဉ်သည် သူ၏ဓားကို မြှောက်ကာ ချက်ခြင်းပင် သူ့ကို လိုက်ခုတ်ပေလိမ့်မည်…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၉၄ မြင်းနက်တွေကိုမရှာခင် တပည့်အရင်ရှာမယ်
ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်၏ အခြေခံအစီအရင်ဖွဲ့စည်းပုံသည် အပြန်အလှန်ချိတ်ဆက်နေပြီး သာမန်လူများက ပြန်ပြုပြင်နိုင်စွမ်းမရှိသည့်အတွက် ပေါ့ပေါ့ဆဆ မထိဝံ့သော်လည်း လုရှောင်ယန်သည် ၎င်းကို လွယ်ကူစွာ ကိုင်တွယ်နိုင်သည်။
သူသည် မူလ အစီအရင်ကို မထိခိုက်စေဘဲ ထပ်တိုး အစီအရင် ဖွဲ့စည်းမှု တည်ဆောက်နိုင်သည်။
ဤသည်မှာ ဆရာဝန်တစ်ဦးသည် လူသား နှလုံး၏ အရှေ့နှင့် အနောက်တွင် နှလုံးခုန်နှုန်းထိန်းစက်ကို ထည့်ခြင်းနှင့် ခက်ခဲမှု တူညီသည်။ နှလုံးခုန်နှုန်းထိန်းစက်ကို နှလုံးနှင့် လုံးဝမထိအောင်လုပ်ရသည်။ ထို့အပြင် ခွဲစိတ်မှုသည် ရင်ဘတ်ကနေ လုပ်ရမည်ဖြစ်သည်။ မဟာကျိုး အင်ပါယာကို မဆိုထားနှင့် လုရှောင်ယန်ကလွဲ၍ တခြားလုပ်နိုင်သူ မရှိပေ။
အခြားပုံရိပ်ယောင်အစီအရင်များကိုမူ လုရှောင်ယန်သည် မဆိုင်းမတွပင် တိုက်ရိုက်ဖယ်ရှားလိုက်သည်။
၎င်းတို့အားလုံးသည် တော်ဝင်နန်းတော်၏ အခြေခံအစီအရင်ဖွဲ့စည်းပုံကွန်ယက်ကို မမှီခိုသော အစီအရင်ဖွဲ့စည်းမှုများဖြစ်သည်။
လုရှောင်ယန်သည် အခြေခံအစီအရင်အောက်တွင် သီးသန့်နေရာ အချိန်နှေးကွေးခြင်းအစီအရင်ကို ချလိုက်သည်။ ၎င်းသည် စတင်အသက်ဝင်ပါက ခြံဝင်းအတွင်းရှိ လူတိုင်း အေးခဲသွားသည့်အထိ နှေးကွေးသွားကာ အလွယ်တကူ မလွတ်မြောက်နိုင်တော့ပေ။
သူသည် အခြေခံအစီအရင်တွင် ကောင်းကင်စည်းတံဆိပ်၈ခုရေးဆွဲခြင်းအစီအရင်ကိုလည်း ထည့်သွင်းခဲ့သည်။ ၎င်းသည် ထိန်းချုပ်ခြင်းအစီအရင်ဟု ယူဆနိုင်သည်။
ဤ အစီအရင်နှစ်ခုနှင့်ဆို ဘုရင်ကျီနဉ် ကိုယ်တိုင် လာရောက်ကာ လုရှောင်ယန်ကို တိုက်ခိုက်ရန် ကြိုးစားရင်တောင် လုရှောင်ယန်သည် သူ့ကို အလွယ်တကူ ချုပ်နှောင်နိုင်မှာ ဖြစ်သည်။
လုရှောင်ယန်သည် ဘုရင်အထက်အဆင့် ကျွမ်းကျင်သူကိုပင် ကြောက်ရန်မလိုတော့သည်အထိပင်။
ဤသည်မှာ သူသည် သူ၏ အစီအရင်ဖွဲ့စည်းခြင်းခွန်အားကို အစွမ်းကုန်တောင် မသုံးရသေးပေ။
သိုင်းဘုရင်အဆင့် အစီအရင်ကို တည်ဆောက်ခြင်းသည် ကောင်းကင်ကို ပြောင်းလဲစေသောကြောင့် လုရှောင်ယန်သည် ယခုတစ်ကြိမ်တွင် သူ၏ ခွန်အား၏ ၃၀% ကိုသာ အသုံးပြုခဲ့သည်။
သူ၏ခွန်အား၏ ၃၀ရာခိုင်နှုန်းသာဆိုသော်လည်း ကီလိုမီတာထောင်ပေါင်းများစွာအကွာမှ မိုးခြိမ်းသံများ ထပ်မံထွက်ပေါ်လာပုံအရ သူ၏ခွန်အား ပိုတိုးတက်လာခြင်း ဖြစ်နိုင်သည်။
ဤအစီအရင်နှစ်ခုထဲတွင်၊ လုရှောင်ယန်သည် ကောင်းကင်ဘုံအစီအရင် အချို့ကိုလည်း ထည့်သွင်းခဲ့သည်။
ဥပမာအားဖြင့်၊ တိုက်ခိုက်မှုအစီအရင်များ၊ ထင်ယောင်ထင်မှား အစီအရင်များ အစရှိသဖြင့်... ။
လုရှောင်ယန်သည် ဤအစီအရင်များကို တည်ဆောက်ရာတွင် သူ၏ကျွမ်းကျင်မှု၏ ဆယ်ပုံတစ်ပုံအောက်သာ အသုံးပြုခဲ့သည်။ ပိုတိတိကျကျပြောရလျှင် သူသည် သူ၏ကျွမ်းကျင်မှု၏ ငါးရာခိုင်နှုန်းလောက်ကိုသာ အသုံးပြုခဲ့သည်။
လုရှောင်ယန်သည် သူ၏ သိုင်းဘုရင်အဆင့် အစီအရင်ကို အလွယ်တကူ မဖော်ပြနိုင်ပေ။ သူသည် တော်ဝင်နန်းတော်နှင့် ပဋိပက္ခဖြစ်ပွားသောအခါမှသာ ၎င်းကို အသုံးပြုမည်။
ထို့ကြောင့်၊ သူသည် အခြားသူများကို ရှုပ်ထွေးစေမည့် ကောင်းကင်ဘုံ အစီအရင်များကို ဖန်တီးချင်သည်။
နောက်ဆုံးတွင်၊ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှဖြစ်သည်။ ဂိုဏ်းငယ်တစ်ခု၏ အစီအရင် ဖွဲ့စည်းမှုစွမ်းရည်သည် အလွန်ထူးခြားနေပါက သံသယဝင်ခံရမည်ဖြစ်သည်။
ထိုအချက်တွေကို ပြင်ဆင်ပြီးသည်နှင့် လုရှောင်ယန်သည် မစ်ရှင်၏ နောက်တဆင့်ကို စတင်တော့သည်။
သူ့တွင် အလုပ်နှစ်ခုရှိသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ သူ၏ စတုတ္ထတပည့်ကို ရှာဖွေရန်ဖြစ်ပြီး ကျန်တစ်ခုမှာ ကျီဝူရှား၏ရန်သူဖြစ်သည့် မြင်းနက်ကို စုံစမ်းရန်ဖြစ်သည်။
လုရှောင်ယန်သည် သူ၏ စတုတ္ထတပည့်ကို အရင်ရှာဖွေရန် ပြင်ဆင်လိုက်သည်။ အမှန်တော့၊ သူ မြင်းနက်ကို တွေ့ရင်တောင် ကျမ်းကျင်သူများစွာနှင့် တင်းကျပ်သည့် စည်းကမ်းတွေရှိသည့် နန်းမြို့တော်လို အရပ်တွင် လူတစ်ယောက်ကို လက်လွှတ်စပယ် သတ်ပစ်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် လုရှောင်ယန်သည် သူ၏တပည့်နှစ်ယောက်နှင့်အတူ တော်ဝင်နန်းတော်မှ ထွက်ခွာသွားသည်။
တဖက်တွင် ကျီဝူရှား သည် သူမဖခင်၏ ခြံဝန်းထဲကို ဝင်ရောက်လာသည်။
မဟာကျိုး၏ဘုရင် ကျီနဉ်သည် တော်ဝင်မြင့်မြတ်သူဖြစ်ပြီး ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ သူ၏ခြံဝင်းသည် အခြားမင်းသားများနှင့် မင်းသမီးများထက် ပိုမိုခမ်းနားရုံသာမက၊ အလွန်အစွမ်းထက်သော စိတ်ဝိညာဉ်စုစည်းမှုအစီအရင်လည်းရှိသည်။
ဤခြံဝင်းသည် အခြားဝင်းများထက် ဝိညာဉ်စွမ်းအင် ပိုမို ကြွယ်ဝသည်။
ထောင့်စွန်းရှိ မြက်ခင်းပြင်ပေါ်တွင် နေအလင်းရောင်ကျရောက်နေ၍ ဝိညာဉ်စွမ်းအင်မှ ငွေ့ရည်ဖွဲ့သော ရေစက်များသည် ရောင်ပြန်ဟပ်နေသည်။
မဟာကျိုး နန်းမြို့တော်တွင် ဝိညာဉ်စွမ်းအင်စုစည်းမှုအစီအရင် ချရန်အတွက် အဆင့်အတန်းသတ်မှတ်ချက်ရှိသည်။
ဘုရင်မိသားစုများသည် ပိုမိုအားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်စုစည်းမှုအစီအရင်များ ဖန်တီးနိုင်သော်လည်း အဆင့်နိမ့် ကျင့်ကြံသူများသည် အဆင့်နိမ့်အစီအရင်များကိုသာ ဖန်တီးခွင့်ရှိသည်။
တစ်ဖက်တွင်၊ ၎င်းသည် ဧကရာဇ်မိသားစုနှင့် ဘုရင်မိသားစုများ၏ အခွင့်အာဏာကို ပြသရန်ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ဘုရင်မိသားစုများ၏ ခွန်အားကို သာမာန်ကျင့်ကြံသူများထက် သာလွန်နေစေရန်ဖြစ်သည်။ သို့သော်ငြားလည်း မဟာကျိုး နန်းမြို့တော်သည် မဟာကျိုးအင်ပါယာ၏ ဝိညာဉ်စွမ်းအင် အပေါများဆုံးနေရာဖြစ်သည်။ ကျင့်ကြံရန် အလွန်သင့်လျော်သော နေရာတစ်ခုဖြစ်ပြီး ပြင်ပမှ ကျင့်ကြံသူများသည် အဆက်မပြတ် စုရုံးနေကြဆဲဖြစ်သည်။
လိပ်နက်ဂိုဏ်းကဲ့သို့ပင်၊ မဟာကျိုး နန်းမြို့တော်ကဲ့သို့ ထိပ်တန်းမြို့တွင်လည်း ဆိုင်ဖွန်သက်ရောက်မှုမျိုးရှိသည်။ စင်စစ် ဒီကိစ္စမှာ ပိုလို့တောင် အားကောင်းသည်။ ဤနေရာတွင် ကျင့်ကြံသူ များလေလေ ဝိညာဉ်စွမ်းအင်၏ ဦးတည်ရာကို ပြောင်းလဲရန် ပိုမိုလွယ်ကူလေဖြစ်သည်။ ထို့ကြောင့်၊ ဝိညာဉ်စွမ်းအင်များစွာသည် ဤနေရာတွင် စုပြုံရောက်ရှိလာသည်။
"ကျီဝူရှားက ခမည်းတော်ကို နှုတ်ဆက်ပါတယ်။"
ကျီဝူရှားသည် သူမ၏ဖခင်၏စားပွဲရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ ခဏအကြာတွင် ငြိမ်သက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ " မင်းက ဘယ်လိုပြန်လာရမလဲ သိသေးတာလား?"
ထိုစကားကိုကြားသော် ကျီဝူရှား သည် ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒီမသိတတ်တဲ့သမီးက.. ခမည်းတော်ရဲ့အမိန့်ကို မနာခံခဲ့ပါဘူး။ အစ်ကိုဝူရှန်နဲ့အတူ ပြန်မလာခဲ့ဘူး။ ခွင့်လွှတ်ပါ အဖေ။”
“ကောင်းကင်နတ်ဆိုးဂိုဏ်းမှာနေဖို့ မင်းက မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ကို အားကိုးခဲ့တယ်။ မင်းတောင်းပန်ဖို့ မလိုဘူး။ ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်ရဲ့ စည်းမျဉ်းက သန်မာဖို့အစွမ်းကုန်ကြိုးစားဆိုတာပဲ။ မဟုတ်တာ ဘာမှမလုပ်ဘဲ အပြင်မှာ အချိန်ဖြုန်းနေတာမဟုတ်သရွေ့တော့ မင်း မမှားပါဘူး။”
ကျီဝူရှား သက်ပြင်းတစ်ချက်ချလိုက်သည်။
“ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခမည်းတော်။ စကားမစပ်၊ အဖွားလီ ဘယ်မှာလဲလို့ မေးချင်ပါတယ်။ သူ့ကိုဘာလို့မတွေ့ရတာလဲ?"
“အဖွားလီရဲ့ လက်က အဖြတ်ခံရတယ်။ သူ့ကို ကုသဖို့ နန်းတော်မှာရှိတဲ့ နန်းတွင်း သမားတော်ခန်းမကို ပို့ထားပြီးပြီ။ သူမထွက်မလာနိုင်ခင် အချိန်အနည်းငယ်ကြာလိမ့်မယ်။"
အဖွားလီသည် ကျွန်တစ်ဦးသာဖြစ်သော်လည်း၊ သူမသည် ဖန်တီးမှုနယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ တော်ဝင်နန်းတော်၌ပင် သူမသည် ရှားရှားပါးပါး တိုက်ပွဲဝင်နိုင်စွမ်းရှိသူများထဲမှတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဘုရင်ကျီနဉ်သည် သူမအား ဆုံးရှုံးနစ်နာစေလိုသည့် ဆန္ဒမရှိသည်မှာ သဘာဝကျသည်။
ကျီဝူရှားသည် အဖွားလီ အဆင်ပြေသည်ဟု ကြားလိုက်ရသည့်အခါ သူမ၏ ကိုယ့်ကိုကိုယ် အပြစ်တင်စိတ် အများကြီး လျော့ကျသွားသည်။
"အဲဒါဆို အဖွားလီ ကိုယ်စား အဖေ့ကို ကျေးဇူးတင်ပါတယ်။"
"ကောင်းပြီ၊ တခြားဘာမှ မရှိရင် မင်းသွားလို့ရတယ်။"
“ဟုတ်ကဲ့။ သမီး အနားယူလိုက်ပါဦးမယ်။"
ကျီဝူရှား ထွက်ခွာသွားပြီးနောက်တွင် စပါးအုံးမြွေချည်ထိုးထားသည့် ဝတ်ရုံကို ၀တ်ဆင်ထားသော ဘုရင်ကျီနဉ်သည် နောက်ဆုံးတွင် စာရေးခြင်းကို ရပ်တန့်ခဲ့သည်။
သူ၏ရှေ့က စားပွဲပေါ်တွင် လင်းဝမ်အာဟူသော နာမည်တစ်ခု ရေးသားထားသည်။
၎င်းသည် ကျီဝူရှား၏ အမေနာမည်ဖြစ်သည်။
သူ၏စုတ်ချက်သည် ခိုင်မာပြီး နူးညံ့ပေမယ့် နွေးထွေးမှုတော့ မလျော့ပေ။
"ကျွေ့ဖုန်း မင်း ဘာမြင်လိုက်လဲ?"
ဘုရင်ကျီနဉ်စကားပြောပြီးသည်နှင့် သူ၏နောက်ကွယ်ရှိ နေရာကွက်လပ်သည် လှုပ်ခတ်သွားပြီး အနက်ရောင်ဝတ်ရုံရုပ်သွင်သည် တဖြည်းဖြည်း ပေါ်လာသည်။
ထိုသူသည် ဝါရဝပြုပြီး ခေါင်းကို ငုံ့လိုက်သည်။
“မင်းသမီးရဲ့ ကျင့်ကြံဆင့်က တောင်ပင်လယ် ပထမအဆင့်အထိ ရောက်လာပြီဆိုတာ ကျွန်တော်မြင်ပါတယ်။ သူကျင့်ကြံတဲ့ နည်းလမ်းကတော့ နည်းနည်း ထူးထူးခြားခြားပဲ။”
"ဒီတစ်ခါ သူတစ်ယောက်တည်းပြန်လာတာလား?"
“မဟုတ်ဘူး၊ မင်းသမီးက သူ့ဆရာနဲ့ သူ့ဆရာတူအစ်ကို၊ ဆရာတူမောင်တွေကို ခေါ်လာတယ်။ စုစုပေါင်း သုံးယောက်ရှိတယ်။ ဒီလူသုံးယောက်ဟာ မင်းသမီးလေးရဲ့ ခြံဝင်းထဲမှာ အစီအရင် အသစ်တစ်ခုကို လုပ်လိုက်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် သူတို့တွေ အင်ပါယာနန်းတော်ကနေ ခုလေးတင် ထွက်သွားတယ်။”
“ငါ့အမိန့်ကို ပြန်ပြောလိုက်.... ဝူရှားကို အရင်းအမြစ်တချို့ပေးဖို့ ဝူရှင်းကို လွှတ်လိုက်..။ နောက်ပြီး သူ့ဆရာက ဘာတွေကြံစည်နေလဲ စောင့်ကြည့်ထားဦး။”
“ဟုတ်ကဲ့။”
လေသည် လှုတ်ခတ်သွားပြီး ကျွေ့ဖုန်းသည် သူ၏နေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဘုရင်ကျီနဉ်သည် သူ၏ရှေ့ရှိ နာမည်ကို စိုက်ကြည့်ကာ နူးညံ့သိမ်မွေ့မှုများ မျက်လုံးထဲတွင်ပေါ်နေသည်။
“ဝမ်အာ မင်းရဲ့ သမီး ဒီတစ်ခါတော့ တကယ့်ဆရာကို ရှာတွေ့တာပဲ။ သူမက လုံးဝ မရိုးရှင်းဘူး။ အနှစ်သာရခိုင်မြဲခြင်း ပထမအဆင့် ကျွေ့ဖုန်းတောင် သူမ လျှို့ဝှက်ထားတဲ့ ကျင့်ကြံဆင့်ကို ရှာမတွေ့ဘူး။ ငါတောင် အတိအကျ မပြောနိုင်ဘူး။"
"ဒီတစ်ခါတော့ သူမရဲ့ အရှက်ကွဲမှုအတွက် လက်စားချေဖို့ မျှော်လင့်ချက်ရှိပုံရတယ်။"
ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဘုရင်ကျီနဉ်သည် ၎င်း၏လက်အောက်ငယ်သားများထက် ပို၍ မြင်နိုင်သည်။
သို့သော်လည်း ကျီဝူရှား၏ ကျင့်ကြံဆင့်အစစ်ကို သူ မပြောနိုင်ပေ။ ကျီဝူရှားသည် သူမ၏ ကျင့်ကြံဆင့်အစိတ်အပိုင်းတစ်ခုကို ဖုံးကွယ်ထားသည်ဟုသာ သူပြောနိုင်သည်။
ဒါသည် ဘုရင်ကျီနဉ်၏နှလုံးသားကို လှိုင်းထစေသည်။
ကျီဝူရှားသည် တော်ဝင်နန်းတော်မှ လအနည်းငယ်သာ ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း သူမ၏ တိုးတက်မှုနှုန်းမှာ စိတ်ကူးယဉ်နိုင်သည်ထက်အများကြီးပိုနေသည်။ သို့သော် သူ မျက်မှောင်ကြုတ်လိုက်သည်။ "ဝူရှား ရဲ့ တိုးတက်မှုက မြန်ပေမဲ့ ဒီကောင်လေးရဲ့ တိုးတက်မှုက ပိုလို့တောင် အံ့သြစရာကောင်းတယ်.."
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၉၅ လီချန်းရှန်
စည်ကားနေသော နန်းမြို့တော်တွင် လူများ အဆုံးမရှိ စီးဆင်းသွားလာနေကြသည်။
လုရှောင်ယန်သည် သူ၏တပည့်နှစ်ယောက်ကို နန်းမြို့တော်၏ ထောင့်တစ်နေရာဆီ ခေါ်သွားသည်။ ၎င်းသည် လမ်းဆုံလေးတစ်ခုပင်။ လူများများစားစားမရှိသောကြောင့် သာယာနေသေးသည်။ လမ်းထောင့်တွင် ခြေတချောင်းတည်းရှိသည့် သူတောင်းစားတစ်ယောက် ထိုင်နေသည်။ သူသည် စုတ်ပြတ်နေသည့် အင်္ကျီကို ဝတ်ထားသည်။ ညစ်ပတ်နေသော ဆံပင်ရှည်များက သူ၏မျက်နှာပေါ်တွင် တွဲလောင်းကျနေသဖြင့် သူ၏ရုပ်ရည်ကို မြင်ရန် ခက်ခဲစေသည်။
နန်းမြို့တော်တွင် ဒီလို သူတောင်းစားတွေ အများကြီးရှိသည်။ နောက်ဆုံးတွင်၊ အချို့သော ကျင့်ကြံသူများသည် ရန်ပွဲများမှတဆင့် ကျင့်ကြံနိုင်စွမ်း ဆုံးရှုံးသွားသောကြောင့် သူတို့သည် သူတောင်းစားအဖြစ်သာ နေထိုင်နိုင်ကြသည်။ လမ်းဆုံလေးတစ်ခုသာဖြစ်သော်လည်း သူတောင်းစားအများအပြား ထိုင်နေသည်။
သို့သော် ဤသူတောင်းစားသည် အခြားသူတောင်းစားများနှင့် သိသိသာသာ ကွဲပြားသည်။
ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဖားလျားကာ တောင်းရမ်းသည့် တခြားသူတောင်းစားတွေလို မဟုတ်ပေ။ သို့သော် သူသည် စိတ်အားထက်သန်စွာမတောင်းရမ်းသော်လည်း သူ၏ သနားစရာကောင်းအသွင်အပြင်သည် အခြားသူများ၏စာနာမှုကို ဆွဲဆောင်နေဆဲဖြစ်သည်။ ထို့ကြောင့်၊ သူ့ကို လှူသူ အရေအတွက်သည် အခြားသူတောင်းစားကို လှူသော အရေအတွက်ထက် များစွာ ပိုများနေသည်။ ထုံးစံအတိုင်း ဒါက တခြားသူတောင်းစားတွေကို စိတ်မချမ်းသာစေပေ။ နေ့ခင်းဘက်တွင် လူသိပ်မရှိသောအခါ သူတောင်းစားအနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခြေထောက်တစ်ဖက်မရှိသော သူတောင်းစားကို ဝိုင်းကြည့်ကြသည်။ "သားလေး မင်းက သူများ စီးပွားရေးလုတာ တော်တယ်ဟုတ်လား။ စားစရာတောင်းဖို့ လူတိုင်းရှေ့ထွက်လာကြတယ်။ ငါတို့ နေ့တိုင်း ကြိုးစားပြီး ဝင်ငွေရဖို့ မမောမပန်း တောင်းရမ်းတယ်။ မင်းကတော့ ကောင်းလိုက်တာ။ မင်းထိုင်ပဲထိုင်နေပြီး မလှုပ်မယှက် စကားမပြောဘဲနဲ့ နေ့တိုင်း ငါတို့ထက် ပိုရနေသေးတယ်။" ထိုသူတောင်းစားက ပြန်မဖြေပေ။ ရှုပ်ယှက်ခတ်နေသော ဆံပင်များနောက်တွင် ဝှက်ထားသော မျက်လုံးများသည် သူ၏ရှေ့ရှိ အခြားသူတောင်းစားများကို ဂရုမစိုက်သလို မှိန်းနေ၏။
ဤမြင်ကွင်းသည် မပျော်မရွှင်ဖြစ်နေသော သူတောင်းစားများကို ပို၍ပင် ဒေါသထွက်စေသည်။
အချိန်အတော်ကြာ ကျိန်ဆဲပြီးနောက် လူတိုင်းက ရှေ့သို့ ပြေးလာပြီး တိုက်ခိုက်ကြသည်။
သူတောင်းစားငယ်သည် သေသူကဲ့သို့ပင် မခုခံခဲ့ပေ။
မဝေးလှသောတစ်နေရာမှ ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့သည် ဒါကိုမြင်သောအခါ ဒေါသမထွက်နိုင်ဘဲ မနေနိုင်ကြပေ။
သူတို့ အမုန်းဆုံးသည် အားနည်းသူတွေကို အနိုင်ကျင့်တာဖြစ်သည်။
ဤသူတောင်းစားများသည် အုပ်စုဖွဲ့အနိုင်ကျင့်ရန် သူတို့၏ အရေအတွက်ကို အားကိုးကြသည်။ ထို့အပြင် တစ်ဖက်လူသည် ခြေထောက်တစ်ဖက်မပါပေ။ ဒါသည် ပိုလို့တောင် လူ မဆန်ပေ။
“ဆရာ၊ ကျွန်တော်တို့ တိုက်ခိုက်ကြရအောင်။ ဒီလူတွေက ယုတ်မာလွန်းတယ်။”
လုရှောင်ယန်က ပြန်မဖြေပေ။ မဝေးလှသောတစ်နေရာမှ အနက်ရောင် ၀တ်စုံဝတ်ထားသည့် ရုပ်သွင်ကို ငေးကြည့်ရင်း တွေးနေပုံရသည်။
“အလျင်လိုစရာ မလိုပါဘူး။ ခဏတော့ သူ သေမှာမဟုတ်သေးဘူး။”
ထို့နောက် သူ၏စိတ်ထဲတွင် ဝမ့်ခိုက် ကိုခေါ်သည်။
"ဝမ့်ခိုက်၊ ထွက်လာ"
[လာပါပြီ သခင်ရေ]
“တစ်ဖက်သူရဲ့ အချက်အလက်ကို ပြပေး။"
[ဟုတ်ကဲ့၊ လုပ်ဆောင်နေပါတယ်]
မကြာခင်မှာ လုရှောင်ယန်၏ စိတ်ထဲတွင် စခရင်တစ်ခုပေါ်လာသည်။
လီချန်းရှန် အသက် ၂၅ နှစ်။
လီချန်းရှန်သည် ရှေးဟောင်းအဇူရာကြာပန်းဓားဂိုဏ်း၏ မြင့်မြတ်သောသားတော် ဖြစ်သလို အဇူရာကြာပန်းဓားဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်၏သားဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ့ကို ဓားနတ်ဘုရား၏ လူဝင်စားခြင်းဟု လူသိများသည်။
သူ၏ဘဝသည် အံ့ဖွယ်ဟု ယူဆနိုင်သည်။
သူ ဖွားမြင်စဉ်က ကောင်းကင်မှ ဓားအရှိန်အဝါ ဆင်းသက်လာကာ ဓားတစ်သောင်းကို တုန်ခါစေသည်။ သူသည် ဓါးအရိုးဖြင့်မွေးဖွားလာခဲ့ပြီး ဓားသိုင်းကျင့်ကြံရန် အထုံဖြင့် သဘာဝအတိုင်း မွေးဖွားလာခဲ့သည်။
သူသည် အသက်တစ်နှစ်တွင် ခန္ဓာသန့်စင်ခြင်းဘုံ၊ နှစ်နှစ်သားတွင် မွေးဖွားမှုအဆင့်၊ သုံးနှစ်အရွယ်တွင် ချိတ်ဆက်မှုအဆင့်နှင့် လေးနှစ်အရွယ်တွင် ဆရာသခင်အဆင့်သို့ ဝင်ရောက်ခဲ့သည်။
သူသည် ဓားသိုင်း မကျင့်ကြံမှီတည်းက သူ၏ ဓါးသဘာဝကို ပုံဖော်ထားပြီးဖြစ်သည်။ ၎င်းကို သုံးနှစ်ကြာ ကျင့်ကြံပြီးနောက်တွင် သူ၏ဓားသဘာဝသည် အံ့မခန်းအောင်မြင်မှုသို့ ရောက်ရှိနေပြီဖြစ်သည်။
သူ ခုနစ်နှစ်သားအရွယ်တွင် အဇူရာကြာပန်းဓားဂိုဏ်းတွင် မည်သူမျှ သူ့ကို မသင်ကြားနိုင်တော့ပါ။ ထို့နောက်တွင်၊ သူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းက ကောင်းကင် ခွဲထွက်ရေးဓားဂိုဏ်း၏ အပျက်အစီးများထဲတွင် ဓားသူတော်စင်အမွေအနှစ်ကို ရရှိခဲ့ပြီး သူ၏ ကျင့်ကြံဆင့်သည် တိုးမြင့်လာသည်။
တစ်ဆယ့်နှစ်နှစ်သားအရွယ်တွင် သူသည် ရှေးဦးရေလွှမ်းနဂါးတစ်ကောင်ကို သတ်ခဲ့ပြီး ၎င်း၏သွေးကို ရယူကာ သူ၏ခန္ဓာကိုယ်ကို ယဉ်ပါးစေခဲ့သည်။ သူ၏ ကျင့်ကြံမှုသည် ဖန်တီးမှုအဆင့်သို့ တိုက်ရိုက်ဖြတ်ကျော်ပြီး အာကာပြင်ပြိုကွဲခြင်းအဆင့်၏ ပထမအဆင့်သို့ ရောက်ရှိခဲ့သည်။
အဇူရာကြာပန်းဓားဂိုဏ်းက သူ့ကို ဂိုဏ်းချုပ်လောင်း အဖြစ်တောင် မှတ်ယူခဲ့သည်။
ကံမကောင်းစွာ သူ ဆယ့်ခြောက်နှစ်သားအရွယ်တွင် မြင်းနက်ရဲ့ တဖက်သတ်အချစ်နှင့် စေ့စပ်ခံရခြင်းကြောင့် သူသည် မြင်းနက်၏ ရန်လိုမှုကို ခံခဲ့ရသည်။
သူ၏ ဘဝတစ်လျှောက်လုံး အံ့ဖွယ်အလို့ငှာ ရှုမြင်ခံခဲ့ရသော လီချန်းရှန်၏ဘဝသည် သိသိသာသာ နိမ့်ကျသွားသည်မှာ ပြောစရာပင်မလိုချေ။
သူသည် တဖက်လူကို ရှုံးရုံသာမကဘဲ မသန်စွမ်းဖြစ်သွားခဲ့သည်။
သိုင်းပညာကို စွဲလမ်းသူ လီချန်းရှန်သည် သဘာဝအတိုင်း လက်သင့်မခံနိုင်ပေ။ သူသည် သူ၏ ကျင့်ကြံမှု တိုးပွားရန် အခွင့်အလမ်းများကို နေရာတိုင်းတွင် ရှာဖွေခဲ့သည်။
သို့သော်လည်း ရှုံးနိမ့်ပြီးရင်း ရှုံးနိမ့်ခဲ့ရသည်။
သူသည် တိုက်ပွဲကြီးငယ်ပေါင်း နှစ်ဆယ်ကျော်ကို ကြုံခဲ့ရသည်။
အချိန်တိုင်း သူရှုံးပွဲကြုံရသည်။ အချိန်တိုင်း သူသည် ပြင်းထန်စွာ ဒဏ်ရာရပြီး သူ၏ ကျင့်ကြံမှု ပျက်လုနီးပါး ဖြစ်ခဲ့သည်။
သူ၏နောက်ဆုံးတိုက်ပွဲတွင် တဖက်သူသည် သူ၏ဓားအရိုးကို လုံးလုံးတူးထုတ်ပြီး သူ၏နှလုံးသွေးကြော၊ စွမ်းအင်တည်ချက်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျက်ဆီးပစ်ကာ... အပြည့်အဝ ဒုက္ခိတဖြစ်လာစေသည်။ သို့သော် တဖက်လူက သူ့ကို မသတ်ခဲ့ပေ။ ယင်းအစား သူတောင်းစားဖြစ်ရန် မဟာကျိုးနန်းမြို့တော်သို့ ပို့ပြီး သူ့ကို စောင့်ကြည့်ရန် လူများကို စေလွှတ်ခဲ့သည်။
လီချန်းရှန်၏မိဘများအနေနှင့်တော့ လီချန်းရှန်ကို ကာကွယ်လိုကြသောကြောင့် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဒါကိုမြင်တော့ လုရှောင်ယန် အံသြသွားသည်။
မြင်းနက် ပေါ်လာပြီး လီချန်းရှန် ကျရှုံးသွားသည့်အချက်ကြောင့်သာမဟုတ်ပါက လုရှောင်ယန်သည် လီချန်းရှန် ကိုယ်တိုင်က မြင်းနက် ဟု ထင်မိလိမ့်မည်။
သူသည် တကယ့်ကို အံ့မခန်းပင်။
သူကိုယ်တိုင်ထက် ပိုလို့တောင် အံ့မခန်းဖြစ်သေးသည်။
ဪ မှားလို့…မှားလို့။ လုရှောင်ယန်လောက် အံ့မခန်း မဟုတ်သေးပေ။
စင်စစ် လီချန်းရှန်သည် လုရှောင်ယန်ထက် အဆပေါင်းများစွာ သာလွန်သော အသွေးအသားဖြင့် မွေးလာပြီး သူ၏ ကျင့်ကြံခြင်းနည်းလမ်း သည် ထိပ်တန်းသူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းဖြစ်သည်။ သို့သော် ထိုအချိန်က လုရှောင်ယန်သည် ကောင်းကင်ဘုံ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုသာရှိခဲ့သည်။
ထို့အပြင် သူသည် အသက်ဆယ့်နှစ်နှစ်တွင် အာကာပြင်ပြိုကွဲခြင်းအဆင့်သို့ ရောက်ခဲ့သည်။ လုရှောင်ယန်သည် ဆယ်နှစ်မျှသာ ကျင့်ကြံခဲ့ပြီး အာကာပြင်ပြိုကွဲခြင်းအဆင့်သို့ ရောက်ခဲ့သည်။
ထို့အပြင် သူသည် သိုင်းတာအိုတွင် ဓားတာအိုတစ်ခုတည်းကိုသာ ကျင့်ကြံခဲ့သည်။
တစ်ဖက်တွင်၊ လုရှောင်ယန် သည် သိုင်းပညာ၊ အစီအရင်ဖွဲ့စည်းမှု၊ ဆေးဖက်ဝင်ဆေးဖော်စပ်ပုံများ၊ လက်နက် သန့်စင်ခြင်း အစရှိသည်တို့ကို တစ်ချိန်တည်းတွင် ကျင့်ကြံခဲ့သည်။
ထို့ကြောင့် အတိအကျပြောရလျှင် လုရှောင်ယန်သည် သူ့ထက် အများကြီးသာလွန်နေသေးသည်။
သို့သော်၊ ထိုသို့သော ပုံမှန်မဟုတ်သော ယောက်ျားလေးသည် နောက်ဆုံးတွင် မြင်းနက်ကြောင့် နှိပ်စက်ခံခဲ့ရသည်။ သူ၏မိဘတွေတောင် ကောင်းကင်၌ စတေးပြီးပြီ။ ဤ မြင်းနက်သည် ဘယ်လောက်တောင် အစွမ်းထက်သည်လဲ? သူ၏ အကြီးဆုံးတပည့်၊ ဒုတိယ တပည့်၊ တတိယ တပည့်တွေနှင့် ပြိုင်သည့် မြင်းနက် သုံးယောက်ပေါင်းရင်တောင် ဒီကောင်လေး စော်ကားခဲ့သည့် မြင်းနက်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်သည့် စွမ်းအားရှိမှာ မဟုတ်ပေ။
လုရှောင်ယန် သူ့ကို စွန့်လွှတ်သင့်သလားဟုပင် တွေးလိုက်မိသည်။
သို့သော် ဝမ့်ခိုက် က သူ့ကို SSSSS အဆင့်အဖြစ် အကဲဖြတ်သည်။ စုစုပေါင်း S ငါးခုပင်။ သူသည် လက်ရှိတပည့်များထက် များစွာ ခွန်အားကြီးသည်။
ဒီလို တပည့်ကောင်းကို တပည့်အဖြစ်လက်မခံရင် ဘယ်လောက်တောင် နှမြောဖို့ကောင်းလိမ့်မလဲ။
လုရှောင်ယန်သည် သူသာ တစ်ဖက်လူကို တပည့်အဖြစ် ခေါ်ယူခဲ့လျှင် အချိန်တိုအတွင်း သူ၏ ကျင့်ကြံဆင့်သည် လျင်မြန်စွာ တိုးလာမည်ဟု ခန့်မှန်းရသည်။
သို့သော် ဤနည်းဖြင့် သူသည် အလွန်အားကောင်းသော မြင်းနက်ကို စော်ကားရပေမည်။
ထိုက်တန်ရဲ့လား?
ခဏလောက်တော့ လုရှောင်ယန် တွန့်ဆုတ်နေခဲ့သည်။
“ဟမ်း...…”
သူ၏ စိတ်ကို တည်ငြိမ်စေရန် သူ၏နားထင်တွေကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေရသည်။
"ဆရာ စဉ်းစားပြီးပြီလား? သူအသတ်ခံရတော့မယ်ထင်တယ်။ ဒီအတိုင်းဆက်သွားနေရင်တော့ တွေးနေစရာတောင်မလိုတော့ဘူး။”
လုရှောင်ယန်သည် သူ့ကိုယ်သူ အသိစိတ်ဝင်စေဖို့ တွန်းအားပေးရန် ခေါင်းကို အပြင်းအထန် ရိုက်လိုက်သည်။
"သေလေ..မြင်းနက် တစ်ကောင်ပဲ မဟုတ်လား.. ငါက လူတော်တော်များများကို စော်ကားဖူးတဲ့အတွက် နောက်တစ်ယောက်ကို စော်ကားလဲ ကိစ္စမရှိဘူး။ တိုက်ခိုက်ကြ..။"
လုရှောင်ယန် ပြောတာကိုကြားတော့ ယွင်လီကောနဲ့ ဖုန်းထျန်းယွမ်က တချိန်တည်း တိုက်ခိုက်လိုက်သည်။
တခဏချင်းမှာပင် ထို သူတောင်းစားငယ်လေးတွေကို တိုက်ရိုက်သတ်ပစ်လိုက်သည်။
အရိုက်ခံရကာ သေခါနီးနေပြီဖြစ်သည့် လီချန်းရှန်သည် ယွင်လီကောနှင့် ဖုန်းထျန်းယွမ် ကို ကျေးဇူးမတင်ခဲ့ပေ။ သူ၏မျက်လုံးများက အသက်မဲ့လို့နေသည်။
သူအသက်ရှင်ဖို့ ယုံကြည်ချက်ပျောက်နေတာကြာပါပြီ။
ဓားတာအို၏ နှလုံးသားသည် လုံးလုံးကွဲကြေနေပြီဖြစ်သည်။
သူ ရှင်သန်လိုစိတ်မရှိတော့ပေ။
သို့သော် သေမင်း၏ တံခါးဝတွင် ဤကဲ့သို့ နေထိုင်ရခြင်းသည် မသေဆုံးမီ အချိန်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ဒါကြောင့်ပဲ သူတောင်းစားများ၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံရတာတောင် သိပ်ပြီး မရုန်းကန်ခဲ့ခြင်းဖြစ်ပေသည်…