အခန်း (၁၀၁-၁၀၅)
Vol. 7 Ch. 101-105
စာစဉ် ၇။ အခန်း ၁၀၁ ကြောင်အသွားသော လီချန်းရှန်
လုရှောင်ယန် နောက်ပြောင်နေတယ်လို့သာ လီချန်းရှန်က ထင်နေချိန်မှာပဲ လုရှောင်ယန်က ရုတ်တရက် ပန်းချီကားတစ်ချပ်ကို ဘယ်ကမှန်းမသိ ထုတ်ယူလိုက်သည်။
"အင်း.."
ဤပန်းချီကားကို သူမြင်လိုက်သည်နှင့် လီချန်းရှန်သည် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ကျင့်ကြံခြင်းတွေ ပျက်စီးပြီးသားသူဖြစ်သည်။ ထို့ကြောင့် တောင်တန်းနှင့် မြစ် ပန်းချီ၏ မူမမှန်မှုကို သာမန်ပညာရှင်များကဲ့သို့ပင် တစ်ကြိမ်တည်းနှင့် မပြောနိုင်ပေ။
သို့သော် ယခင်က ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သည့်အတွက်၊ သူသည် အနည်းနှင့်အများဆိုသလို
ထက်မြက်သော အာရုံရှိသည်။
ဤပန်းချီကားက မရိုးရှင်းပေ။
သို့သော် သေသေချာချာ တွေးကြည့်လျှင် ဤအရာသည် အလွန်သာမန်ဖြစ်ပုံရသည်။
လုရှောင်ယန်မှာသာ ဘာအရည်အချင်းမှ မရှိဘူးဆိုရင် ကြွားဝါပြီး သူ့ကို တပည့်အဖြစ် ခံယူဝံ့မှာ မဟုတ်ပေ။
သူတွေးနေစဉ်မှာပင် လီချန်းရှန်နှင့် လုရှောင်ယန်၏ အနားက မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
ရုတ်တရက် သူတို့သည် တင်းကြပ်စွာ တည်ဆောက်ထားသော ဧကရာဇ်နန်းတော်မှ ထွက်ခွာသွားကာ လူသူကင်းမဲ့သော နယ်မြေတစ်ခုသို့ ရောက်ရှိနေကြသည်။
ဤနေရာတွင် တောင်များနှင့် မြစ်များရှိပြီး ဝိညာဉ်စွမ်းအင် ပေါများလှသည်။ ခရမ်းရောင်စွမ်းအင်သည် အရှေ့အရပ်မှ ထွက်လာသောကြောင့် ဤနေရာသည် မတူညီသော အရသာကို ရရှိစေသည်။
သို့သော် ၎င်းမှာ ပြဿနာ မဟုတ်သေးပေ။ ထူးဆန်းသည်မှာ လုရှောင်ယန်သည် သူ့ကိုချက်ချင်းဆိုသလို ဤနေရာကို ခေါ်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ဤအကူးအပြောင်း နည်းပညာသည် သူတစ်ခါမှမမြင်ဖူးသော အရာတစ်ခုလည်းဖြစ်သည်။
“ဆရာ့ရဲ့ ကူးပြောင်းခြင်းနည်းပညာက တကယ့်ကို ဆန်းကြယ်ပါပေတယ်။ သိုင်းပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုကျော် လှည့်လည်ခဲ့ပြီး ထူးဆန်းတဲ့လူတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ဒီလိုမျိုး အကူးအပြောင်းနည်းပညာကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။"
လုရှောင်ယန်က သူ့ကို ထူးဆန်းစွာ ကြည့်နေသည် ။
"အကူးအပြောင်း...ငါ ကူးပြောင်းခြင်းနည်းပညာကို မသုံးခဲ့ပါဘူး။"
လီချန်းရှန် အံ့အားသင့်သွားသည်။
“ဒါက ကူးပြောင်းခြင်းနည်းပညာမဟုတ်ရင် ကျွန်တော်တို့ ဒီကို ရုတ်တရက် ဘယ်လိုရောက်လာတာလဲ? ဒါမှမဟုတ် ဒါက အမြင်အာရုံလှည့်စားမှုတစ်ခုလား..."
လုရှောင်ယန် အနည်းငယ် ဆွံ့အသွားသည်။
“ဒါက အမြင်လှည့်စားမှုတစ်ခုလည်း မဟုတ်ဘူး။ ငါတို့က တောင်တန်းနဲ့မြစ် ပန်းချီကားတစ်ချပ်အတွင်းမှာရောက်နေတာ။ ပြီးတော့ အဲ့တာ ငါ အခုလေးတင် ထုတ်လိုက်တဲ့ဟာလေ။"
"ဘာ..."
လီချန်းရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဆရာ၊ ချန်ရှန်းကို နောက်ပြောင်နေတာလား?"
“ငါက မင်းကို ဘာကိစ္စ ဟာသလုပ်ရမှာလဲ? .."
လုရှောင်ယန် ဒေါသတကြီးပြောပြီး လီချန်းရှန်၏ကျောသည် ချွေးစေးများထွက်နေပြီဖြစ်သည်။
နေရာလွတ်-အမျိုးအစား မှော်လက်နက်များသည် သက်ရှိသတ္တဝါများကို စုပ်ယူနိုင်ခြင်းမရှိကြောင်း သိထားခဲ့သည်။
သို့သော် လုရှောင်ယန်၏ပန်းချီကားသည် အမှန်တကယ်ပင် သက်ရှိလူသားနှစ်ဦးကို စုပ်ယူနိုင်ခဲ့သည်။ ထို့အပြင် အတွင်းဘက် နေရာလွတ်ကို ကြည့်လိုက်ပြီးနောက် ကြီးမားလွန်းသဖြင့် ၎င်းသည် ကမ္ဘာငယ်လေးတစ်ခု ကဲ့သို့ပင်ဖြစ်သည်။ ဤအရာသည် မည်ကဲ့သို့သော ဓမ္မရတနာများဖြစ်မလဲ?
သိုင်းဘုရင်အဆင့် လက်နက်များလား?
ဟာသပဲ....လုရှောင်ယန်က သိုင်းဘုရင်အဆင့် လက်နက် တကယ်ရှိတာလား? သူကဘယ်သူလဲ...
လီချန်းရှန် အထိတ်တလန့်ဖြစ်မှုမဆုံးခင် လုရှောင်ယန်သည် ဝိညာဉ်စွမ်းအင်စုဆောင်းရာတွင် ကူညီရန် ဝိညာဉ်စွမ်းအင်စုစည်းမှုအစီအရင်တစ်ခုကို ရေးထွင်းထားပြီးဖြစ်သည်။ တောင်တန်းနှင့်မြစ် ပန်းချီ၏ ဝိညာဉ်စွမ်းအင်သည် ပြင်ပကမ္ဘာ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး နေရာလွတ်တစ်ခုလုံးကို အညီအမျှ ပျံ့နှံ့စေခြင်းဖြစ်သည်။ ထို့ကြောင့် လုရှောင်ယန်သည် ဝိညာဉ်စွမ်းအင်စုဆောင်းရန် ဝိညာဉ်စုစည်းမှုအစီအရင်ကို အသုံးပြုရန် လိုအပ်နေသေးသည်။
လီချန်းရှန်၏ခန္ဓာကိုယ်က ၎င်းကို မခံနိုင်မှာကို ကြောက်ရွံ့သောကြောင့် လုရှောင်ယန်သည် သူ၏ အစီအရင် ခွန်အား ၁၀၀%ကို အသုံးမပြုခဲ့ပေ။ သူသည် ၆၀% လောက်ပဲသုံးခဲ့သည်။
သို့သော်၊ အစီအရင်ဖန်တီးမှုများတွင် သူ၏ကျွမ်းကျင်မှုသည် မကြာသေးမီကမှ အဆင့်တက်လာသောကြောင့် လက်ရှိ ၆၀%သည် သူ၏မူလကျွမ်းကျင်မှု ၇၀% နှင့် ညီမျှနေပြီဖြစ်သည်။ အထင်ကြီးလောက်စရာ ကောင်းသည်ဟု ယူဆရသည်။
“ဒီအစီအရင်… ဟား…”
လီချန်းရှန်သည် လုရှောင်ယန် ရေးထွင်းထားသည့် အစီအရင်ကို ကြည့်လိုက်ရာ သူ၏ ဦးရေပြားသည် ချက်ချင်း ထုံကျင်လာသည်။
ကျင့်ကြံခြင်းမရှိပဲနှင့်တောင် အသွင်သဏ္ဍာန်များကို မြင်တွေ့နိုင်သည်။
ထို့ကြောင့်၊ သူ၏အတွေ့အကြုံအရ၊ ဤအချိန်တွင် လုရှောင်ယန် ဖန်တီးထားသည့် အစီအရင်သည် မည်မျှလေးနက်ပြီး လက်ရာမြောက်ကြောင်း သဘာဝကျကျ ပြောပြနိုင်သည်။
ဤအစီအရင်ဖွဲ့စည်းခြင်းသည် အဇူရာကြာပန်းဓားဂိုဏ်း၏ အစီအရင်ဖွဲ့စည်းခြင်းထက် အနည်းငယ်သာလွန်သည်။
နှစ်ခုစလုံးသည် ပထမတန်းစားဂိုဏ်းများဖြစ်လင့်ကစား အဇူရာကြာပန်းဓားဂိုဏ်း၏ အစီအရင် ဖန်တီးမှု ခွန်အားသည် လိပ်နက်ဂိုဏ်းထက် များစွာပိုမိုအားကောင်းသည်ကို သိရှိထားရမည်ဖြစ်သည်။
မဟာကျိုး ဧကရာဇ်မိသားစုကဲ့သို့သာ အဆင့်သည်သာ အဇူရာကြာပန်းဓားဂိုဏ်းကို ကျော်နိုင်ခြင်းဖြစ်သည်။
ဒါပေမယ့် လုရှောင်ယန်ဆိုတာက ဘယ်သူမို့လို့လဲ?
သူသည် အမည်မသိ ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။
သို့သော် ဖန်တီးထားသည့် အစီအရင်ဖွဲ့စည်းပုံအဆင့်သည် တကယ်ကို ထိတ်လန့်တုန်လှုပ်ဖွယ် အစွမ်းထက်ကာ ကောင်းကင်ဘုံကို အံတုတဲ့အဆင့်ကို ရောက်နေပြီဖြစ်သည်။
လုရှောင်ယန်ကတော့ သိပ်ပြီး မတွေးပေ။ သူသည် လီချန်းရှန်ကို သူ၏တပည့်အဖြစ် လက်ခံထားပြီးဖြစ်သောကြောင့် လီချန်းရှန်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ဤအခိုက်အတန့်တွင် သူသည် ထိုတန်ဖိုးကြီးပစ္စည်းများကို အချိုးအဆတစ်ခုဖြင့် အစီအရင်ထဲသို့ စတင်ပစ်ထည့်လိုက်သည်။
ပစ္စည်းများသည် အစီအရင်အတွင်းသို့ ဝင်ရောက်လာကာ ဝိညာဉ်စွမ်းအင်ကြောင့် ကွဲအက်သွားသည်။
ဤလှုပ်ရှားမှုသည် လီချန်းရှန်ကို ထိတ်လန့်သွားစေပြန်သည်။
သူသည် ယခင်က ဆေးများကို သန့်စင်အောင် တစ်ခါမျှ မပြုလုပ်ဖူးသော်လည်း လုရှောင်ယန်၏ သန့်စင်နည်းသည် ထူးထူးခြားခြား တိကျကြောင်း ပြောပြနိုင်သည်။
အချို့သောအလုပ်များသည် ကမ္ဘာပေါ်ရှိလူတိုင်းလုပ်နိုင်သော်လည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်သူကတော့ အနည်းငယ်သာရှိသည်။
ဘာမှမလုပ်မကိုက်တတ်သည်ကနေ၊ အခြေခံကျွမ်းကျင်မှုမှ ထိပ်တန်းအဆင့်သို့ရောက်ရှိခြင်း စသည့်အဆင့်များမှာ ခက်ခဲသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
လုရှောင်ယန်သည် အစီအရင်တွင် နောက်ဆုံးပါဝင်ပစ္စည်းကို ပစ်ထည့်ပြီးနောက်၊ ရှုပ်ထွေးနက်နဲသော အရောင်ဖျော့ဖျော့အလင်းစိုင်ကိုးခုသည် အစီအရင်တွင် ပေါ်လာပြီးဖြစ်သည်။
ဤအရာများသည် ကမ္ဘာ၏ ဝိညာဉ်စွမ်းအင်နှင့် ရောနှောထားသော ဆေးဖက်ဝင်အပင်များဖြစ်ပြီး အလွန်အာဟာရပြည့်သောဓာတ်ငွေ့ကို ဖန်တီးကြသည်။ သိုင်းပညာရှင်တစ်ဦးသည် သေလုမျောပါး ဒဏ်ရာရနေလျှင်တောင် ဤအလင်းတန်းကိုးသွယ်၏စွမ်းအင်ဖြင့် ရှင်သန်နိုင်ဆဲဖြစ်သည်။
ပြတ်ပြတ်သားသားပြောရလျှင် ၎င်းသည် ဒဏ်ရာများကို ကုသရန်အတွက် သန့်စင်သောဆေးစွမ်းကောင်းပင်။
လီချန်းရှန်သည် မကြာမီ ကုသခြင်း စတင်မည်ဟု ခန့်မှန်းလိုက်သည်။ နောက်ဆုံးတော့ သူ၏ဒဏ်ရာတွေကို ပြုပြင်ဖို့ပဲ ကျန်တော့သည်။
သို့သော် လုရှောင်ယန်သည် မလှုပ်ပေ။ ထို့အပြင် သူသည် ခေါင်းငုံ့ကာ မျက်မှောင်ကြုတ်နေသေးသည်။ သူဘာတွေတွေးနေမှန်းမသိရပေ။
ခဏအကြာတွင် လီချန်းရှန်က မနေနိုင်တော့ဘဲ လုရှောင်ယန်ကို မေးလိုက်သောအခါ လုရှောင်ယန် ရုတ်တရက် မော့ကြည့်လိုက်ပြီး လက်ခုပ်တီးလိုက်သည်။
"ရပြီ၊ ဒါကိုသုံးလိုက်။"
လီချန်းရှန်: "???"
လီချန်းရှန် ပဟေဋ္ဌိဖြစ်နေချိန်တွင် လုရှောင်ယန်သည် သူ၏အင်္ကျီလက်ထဲက ကြွေပုလင်းသေးသေးလေးကို ထုတ်ယူလိုက်တာကို ရုတ်တရက် မြင်လိုက်ရသည်။
ဤကြွေပုလင်းငယ်သည် လုံးဝ ကျောက်စိမ်းအတိပြီးကာ တောက်ပစွာ ထွန်းလင်းနေသည်။ ထူးထူးခြားခြားအရာတစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။
လီချန်းရှန် မတုံ့ပြန်ခင်တွင် လုရှောင်ယန်သည် ကြွေပုလင်းလေးကို ဖွင့်လိုက်သည်။
နောက်တစက္ကန့်တွင် ကြွေပုလင်းသေးသေးလေးထဲက ဆေးလုံးအများအပြား ရုတ်တရက် ထွက်လာသည်။ သူတို့သည် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ပြီး လေထဲတွင် ပျံသန်းကြသည်။
လီချန်းရှန် ချက်ချင်းပင် အံ့အားသင့်သွားသည်။ သူ၏ မေးရိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးဖြစ်နေသည်။
ဒါ… ဒါ… ဒါက သိုင်းဘုရင်အဆင့် ဆေးလုံးတွေ မဟုတ်လား?
သူ အိပ်မက်မက်နေတာများလား?
ဒါမှမဟုတ် သူမရှိတဲ့အရာတွေကို မြင်နေတာလား?
လုရှောင်ယန်မှာ တကယ်ပဲ သိုင်းဘုရင်အဆင့် ဆေးလုံးတွေ ရှိတယ်လား?
လာနောက်နေတာလား?
သိုင်းဘုရင်အဆင့် ဆေးလုံးများသည် ရှေးခေတ်ကပင် အလွန်ရှားပါးသော တည်ရှိမှုတစ်ခုဖြစ်သည်။ ယခုခေတ်တွင် ၎င်းတို့သည် ပို၍ပင် ရှားပါးလာသည်။ ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် အနည်းငယ်လောက် ရှာတွေ့ဖို့ပင် မလွယ်ပေ။
ရှိခဲ့လျှင်တောင် ထိပ်တန်းအင်အားစုတွေက လက်ဝါးကြီးအုပ်ထားတာ ကြာနေလောက်ပြီ ဖြစ်သည်။ လုရှောင်ယန်က ဒီလိုအရာကို ဘယ်ကနေများရခဲ့တာလဲ?
ထို့အပြင်၊ တစ်ခုတည်းတောင်မဟုတ်ဘဲ အများအပြားဖြစ်နေသည်။
ဒီကောင်လေးက လုရှောင်ယန်ကို အထင်သေးနေခြင်းသာဖြစ်သည်။
“ဆရာ… ဆရာ… ဒါ… ဒါက သိုင်းဘုရင်အဆင့် ဆေးလုံးတွေ မဟုတ်လား?”
မယုံကြည်နိုင်မှုကြောင့် လီချန်းရှန် မနေသာပဲ မေးလိုက်သည်။
လုရှောင်ယန်က “အိုး မဆိုးပါဘူး။ ဒါက သိုင်းဘုရင်အဆင့်ဆေးလုံးလို့တောင် တစ်ချက်တည်းနဲ့ ပြောနိုင်တယ်။ မျှော်လင့်ထားသလိုပဲ မင်းရဲ့ အရည်အချင်းက မဆိုးဘူးဘဲ။”
လုရှောင်ယန် ကိုယ်တိုင်ကိုယ်ကျဝန်ခံသည်ကိုကြားသောအခါ လီချန်းရှန်၏နှလုံးသားထဲတွင် နောက်ဆုံး တင်းနေသောကြိုးသည် လုံးဝပြတ်တောက်သွားသည်။
သူဘယ်လိုဆရာမျိုးနဲ့တွေ့နေတာလဲ…..
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၁၀၂ ယုံကြည်ချက်ရှိပြီ
လုရှောင်ယန်သည် ကြောင်အနေသော လီချန်းရှန်ကို လုံးဝ ဂရုမစိုက်ပေ။
“ဒဏ်ရာတွေကို ကုသရုံလောက်က နောက်ပိုင်းအဆင့်တွေမှာ အများကြီး အသုံးမဝင်ဘူး။ ကျင့်ကြံရမယ့်အစား ပိုဒုက္ခဖြစ်လိမ့်မယ်။ ဒါ့ကြောင့် မင်း ခန္ဓာကိုယ်ကို အရင်ပြုပြင်ဖို့နဲ့ အားကောင်းစေဖို့ ငါလည်း သိုင်းဘုရင်အဆင့်ဆေးလုံးကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနည်းနဲ့ နောက်ပိုင်းအဆင့်တွေမှာပါ ပိုပြီး ထိရောက်စွာ ကျင့်ကြံနိုင်လိမ့်မယ်။”
လုရှောင်ယန် လိုချင်သည်မှာ ဉာဏ်ကြီးရှင်တပည့်ဖြစ်ပြီး မိုက်မဲသည့် တပည့်တစ်ယောက်မဟုတ်ပေ။
သူသည် တဖက်သူကို မြန်မြန်ဆန်ဆန် ကျင့်ကြံပြီး သူ့အတွက် အကျိုးကျေးဇူးတွေ မြန်မြန် ရစေဖို့လိုလားသည်။
ယင်းအတွက် အစောပိုင်းအဆင့်များတွင် စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ရန် လိုအပ်သည်။
ထို့နောက် သူသည် သိုင်းဘုရင်အဆင့် ဆေးပြားအချို့ကို ချေပြီး ဆေးဖက်ဝင်အပင်များထဲသို့ ပေါင်းထည့်ကာ ၎င်းတို့ကို လီချန်းရှန်က အတူတကွ စုပ်ယူနိုင်ရန် စောင့်မျှော်နေသည်။
လီချန်းရှန် အသက်ပြင်းပြင်းရှူလိုက်သည်။
ယခုအချိန်တွင် သူပါဝင်ရမည့်အလှည့်ဖြစ်သည်။
ဤဖြစ်စဉ်သည် အလွန်နာကျင်လိမ့်မည်။ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်အတွက် ဆေးဖက်ဝင်အပင်များစွာ၏ ဆေးဘက်ဆိုင်ရာအစွမ်းဖြင့် ၊ ဆဲလ်တိုင်းကို ဆေးကြောမည်ဟု ခန့်မှန်းရသည်။
သူပြင်ဆင်ထားပြီးသားပင်။
သို့သော်..
လုရှောင်ယန်သည် သူ့ကို ဝင်ခွင့်ပေးဖို့ ရည်ရွယ်ချက် မရှိသေးပေ။
လီချန်းရှန် ရှုပ်ထွေးနေစဥ် လုရှောင်ယန်သည် လေထဲမှ ရွှေဓားပုံစံဝိညာဉ်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
“ဒါ… ဒါ…”
လီချန်းရှန်သည် လုံလောက်စွာ ထိတ်လန့်
တုန်လှုပ်နေပြီးပြီဖြစ်ကာ ရွှေဓားဝိညာဉ်ကို မြင်လိုက်ရသည့်အခိုက်တွင်တော့ လုံးလုံးပြိုလဲသွားသည်။
ဒါက ကြောက်စရာကောင်းတဲ့ ဓါးဝိညာဉ် လား?
၎င်းသည် သေမျိုးများ၏လမ်းကြောင်းကို ကျော်လွန်နေသော နတ်ဝိညာဉ်ဖြစ်သည့် ဓါးဝိညာဉ်ပင်။
လီချန်းရှန်သည် သဘာဝအတိုင်း ဓားသိုင်းပညာထက်မြက်သူဖြစ်သည်။ ဓါးဝိညာဉ် သည် သူ၏ အကြီးဆုံး ပန်းတိုင်ဖြစ်သည်။
အရင်က သူ့တွင် ဓါးအရိုး ရှိခဲ့စဉ်က သူ၏ ကျင့်ကြံမှု ပန်းတိုင်သည် ဓားဝိညာဉ်ကို ကျင့်ကြံနိုင်ဖို့ဖြစ်သည်။
ယခုမူ လုရှောင်ယန်သည် ဓားဝိညာဉ်ကို တိုက်ရိုက်ထုတ်ယူလာသည်။
ဒါက ဘယ်လိုဟာသမျိုးလဲ?
လုရှောင်ယန်မှာ ဘယ်လိုလုပ်ပြီးတော့များ ဤကဲ့သို့သော အရာမျိုးကို ပိုင်ဆိုင်ထားရတာလဲ?
သူက တကယ်ကို ဘယ်သူများလဲ?
ဤအခိုက်တွင် လီချန်းရှန်၏ စိတ်သည် ဗလာဖြစ်သွားသည်။
လုရှောင်ယန်က ရယ်မောပြီး ဓားဝိညာဉ်ကို ကိုင်ထားရင်း ပြောလိုက်သည်။
"အရင်တုန်းက မင်းမှာ ဓားအရိုးရှိပေမယ့် မင်း ဓားဝိညာဉ်ကို မမွေးမြူနိုင်ခဲ့ဘူး။ အခု မင်းရဲ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နေချိန်မှာ၊ မင်းရဲ့ခန္ဓာကိုယ်ထဲကို ဓါးဝိညာဉ် ကို ငါ တိုက်ရိုက်ထည့်သွင်းပြီး မင်းရဲ့ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်မယ်။ ဒီလိုဆို အနာဂတ်မှာ မင်းက ဓားအရိုး ထပ်ပြီးပေါ်လာနိုင်မယ်။ ဓားအရိုးကို တူးဖော်ခံရပေမယ့် ပြန်လည်ရှင်သန်လာနိုင်တော့မယ်။ ပြောရရင်တော့ မင်းကို မသတ်နိုင်တဲ့ ပိုးဟပ်တစ်ကောင်လို့ပဲ ဆိုရမယ်။”
ဂလု~~
လီချန်းရှန် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။
“ဆရာ… ဒီတပည့်ကို ဒီလိုရှားပါးတဲ့ ရတနာနဲ့ တကယ်ဆုချမှာလား?”
သူသည် လုရှောင်ယန်၏တပည့်အဖြစ် သူ့ကိုယ်သူ စတင်ရည်ညွှန်းနေပြီဖြစ်သည်။
စင်စစ် လုရှောင်ယန် သူ့ကို စတင် ခေါ်ဆောင်လာချိန်က သူသည် အနည်းငယ် မာနကြီးနေတုန်းပင်။
သို့သော်လည်း ယခုအချိန်တွင် လုရှောင်ယန်သည် သူ့အား တုန်လှုပ်ခြောက်ခြားစေခဲ့ပြီးဖြစ်တာကြောင့် ယခုမှစပြီး လုရှောင်ယန်ကို သူ့ဆရာသခင်အဖြစ် အခိုင်အမာ ယုံကြည်နေပြီဖြစ်သည်။
လုရှောင်ယန်က သူ့ကို ဓားဝိညာဉ် ပေးဖို့ ဆန္ဒရှိရုံနဲ့ လုရှောင်ယန်၏ တစ်သက်တာ သစ္စာစောင့်သိသည့် တပည့်ဖြစ်ဖို့ လုံလောက်ပြီ ဖြစ်သည်။
၎င်းသည် ဓါးဝိညာဉ်ပင်။ သတင်း ပြန့်နှံ့သွားသည်နှင့် မဟာကျိုး အင်ပါယာကြီးတစ်ခုလုံး သို့မဟုတ် မဟာကျိုး အင်ပါယာဆယ်ခုလောက်ကိုပင် ပြောင်းပြန်လှန်သွားစေနိုင်သည်။
အဖိုးတန်လွန်းတယ် အရမ်းတန်လွန်းတယ်!!
ဤကမ္ဘာပေါ်ရှိ ကျန်ရှိသော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများကိုပင် တံခါးပိတ်ကျင့်ကြံခြင်းမှ ရုန်းထွက်ပြီး လုယက်လာစေနိုင်ဖို့ လုံလောက်သည်။
လုရှောင်ယန်က ပြုံးလိုက်ကာ၊ "ဒါပေါ့ ငါမင်းကို ပေးဖို့ပေါ့။ မဟုတ်ရင် ငါဘာလို့ထုတ်ရမှာလဲ?"
ဂလု..
သူ စိတ်လှုပ်ရှားစွာ တံတွေး မျိုချလိုက်သော်လည်း လီချန်းရှန်က ၎င်းသည် အနည်းငယ်
လက်တွေ့မကျဟု ခံစားမိသောကြောင့် မေးချင်နေသေး၏။
“ဆရာ… ဒီပစ္စည်းရဲ့တန်ဖိုးကို သိလား?”
လုရှောင်ယန် ခေါင်းညိတ်ပြပြန်သည်။
“အင်း၊ ဒါက ဓါးဝိညာဉ်လေ။ ဒါက သိုင်းဘုရင်အဆင့် အထက်ရှိတည်ရှိမှုမျိုးပဲ။ အခြေခံအားဖြင့်တော့ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်တောင်မှ ဒါကို မရနိုင်ဘူး။”
"သိရင် ကျွန်တော့်ကိုဘာလို့ပေးဦးမှာလဲ.."
လုရှောင်ယန်သည် လီချန်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒါက ဓားဝိညာဉ်လေးပဲ မဟုတ်လား? မင်းကိုယ်မင်းပြန်ကြည့်စမ်း! ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲ!"
လီချန်းရှန် ချက်ချင်းပင် စကားပြန်မပြောနိုင်တော့ပေ။ ရယ်ရမလား ငိုရမလား ဆိုသည်ကိုပင် မသိတော့ပေ။
တစ်ဖက်တွင်မူ၊ သူသည် တစ်သက်တာလုံး တောင့်တခဲ့ပြီး မလှမ်းနိုင်ခဲ့သော ဓားဝိညာဉ်ကို ရရှိတော့မည်ဖြစ်သောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ သူ၏ဆရာသည် ဓားဝိညာဉ်ကို လုံးဝဂရုမစိုက်ပေ။
ယခုအချိန်တွင် လုရှောင်ယန်နှင့်ပတ်သက်သည့် သူ၏အမြင်မှာ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သည်။
အစွမ်းထက်လွန်းသည်။
ဒီဆရာက တကယ်ကို အစွမ်းထက်လွန်းသည်။
ဤအခိုက်အတန့်တွင် ယွင်လီကော၊ ကျီဝူရှား နှင့် အခြားသူများသည် လုရှောင်ယန်ကို ဘာကြောင့် အလွန်ရိုသေကြသည်ကို သူနားလည်သွားသည်။
ဤမျှလောက်အရည်အချင်းရှိသော ဆရာနှင့်ဆို၊ သူတို့သည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူကိုပင် စိတ်ဝင်စားကြတော့မည်မဟုတ်ပေ။
သူ ယုံပြီ။
ဒီတစ်ခါတော့ သူ ယုံသွားပြီ။
သူ၏ မူလက ကွဲအက်နေသော မျှော်လင့်ချက်သည် ယခုအချိန်တွင် ပြန်လည်ရှင်သန်လာသည်။
လက်ရှိသူသည် လက်စားချေရန် မျှော်လင့်ချက်များနှင့် ပြည့်နေသည်ဟုပင် ခံစားမိသည်။
"ကောင်းပြီ မင်းအခုဝင်လို့ရပြီ။"
လုရှောင်ယန် လီချန်းရှန်ကို အချက်ပြလိုက်သော်လည်း လီချန်းရှန်က ချက်ချင်းမဝင်ခဲ့ပေ။
ထိုအစား သူသည် အသက်ပြင်းပြင်းရှူပြီး “ဆရာ၊ ကျွန်တော် မဝင်ခင်မှာ ကျွန်တော့်မှာ မေးချင်တာတစ်ခုရှိသေးတယ်။” ဟု လေးနက်စွာ ပြောလိုက်သည်။
"အင်း..ပြော။"
"ဘာလို့လဲ... ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်ကောင်းနေရတာလဲ?"
လုရှောင်ယန် အံ့အားသင့်သွားပြီး လီချန်းရှန်ကို ချက်ချင်းပြန်မဖြေပဲ လှည့်ကြည့်လိုက်သည်။
သူဘာကြောင့် သူ့အပေါ် ကောင်းခဲ့တာလဲ? ဤမေးခွန်းကို မေးရန် လိုအပ်ပါသလား?
လယ်သမားတစ်ဦးသည် ကြက်သွန်မြိတ်များ စိုက်ပျိုးသောအခါတွင် ကြက်သွန်မြိတ်ကို ရိတ်သိမ်းရန် ပေါင်းပင်များကို ရေလောင်းခြင်း၊ မြေသြဇာကျွေးခြင်းနှင့် ပေါင်းပင်များကို ဖယ်ရှားရန်လည်း ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သည် မဟုတ်လော။
သို့သော် သူဤသို့ပြောရန် မသင့်တော်ပေ။
ထို့ကြောင့် လုရှောင်ယန်သည် အသာအယာ ချောင်းဆိုးလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောသည် ။
"’တစ်ရက်ဆရာဆို .. တစ်သက်လုံးအဖေ’ တဲ့ မင်းက ငါ့တပည့်ဖြစ်လာပြီဆိုတော့ မင်းကို ငါ့သားအရင်းလို ဆက်ဆံရမယ်လေ။"
"ဆရာ ."
လီချန်းရှန် သူ၏လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်လုံးတွေ နီရဲပြီး မျက်ရည်တွေ စီးကျလာသည်။
လုရှောင်ယန်က "မင်းဝင်မလား မဝင်ဘူးလား? နာမှာ ကြောက်တယ်လို့တော့ မပြောနဲ့။"
လီချန်းရှန် အသက်ပြင်းပြင်းရှူရင်း၊ သူ၏အမူအရာက တည်ကြည်ကာ မျက်လုံးတွေ ကြည်လာသည်။ ထို့နောက် သူသည် အစီအရင်ထဲသို့ ပြတ်ပြတ်သားသား မလှမ်းမီ လုရှောင်ယန်အား အကြိမ်များစွာ အရိုအသေးပေးခဲ့သေးသည်။
လုရှောင်ယန်သည် အချိန်မဖြုန်းဝံ့ဘဲ လီချန်းရှန်၏ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန်အတွက် ဝိညာဉ်ဆေးများကို ချက်ချင်းထိန်းချုပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ဆေးစွမ်းပကားများသည် လီချန်းရှန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
နာကျင်မှုသည် သန်းပေါင်းများစွာသော ပုရွက်ဆိတ်များက သူ့ကို အရူးအမူး ဝါးမြိုနေသလိုမျိုး သို့မဟုတ် သန်းပေါင်းများစွာသော ဓားအရှိန်အဝါများက သူ့ချွေးပေါက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားသလိုပင်။
နာကျင်သည်!
ရင်ခုန်စရာလည်းကောင်းသည်!
သို့သော် သူ ဆက်တောင့်ခံနေသေးသည်။
မည်မျှပင် နာကျင်စေကာမူ အော်ဟစ်ခြင်းမရှိဘဲ တင်းခံထားခဲ့သည်။
ဤဆေးသည် သူ၏ဆရာက သူ့အတွက် ဖော်ထားသည့် ဝိညာဉ်ဆေးပင်။
သူအော်လျှင် သူ့ဆရာကို စိတ်ပျက်သွားစေလိမ့်မည်။
သည်းခံထား…
သည်းခံထား…
မခံနိုင်တော့ပေ၊ လွန်စွာနာကျင်လွန်းလှသည်။
“အား...”
အစီအရင်ထဲတွင်၊ လီချန်းရှန်သည် နောက်ဆုံးတွင် ကမ္ဘာကြီးကို တုန်လှုပ်စေသော အော်သံကို ထုတ်လွှတ်လိုက်ရုံမှတပါး မတတ်နိုင်ခဲ့ပေ။
အစီအရင်အပြင်ဘက်တွင် လီချန်းရှန်၏အော်သံကိုကြားသောအခါ လုရှောင်ယန်သည် တုန်လှုပ်သွားသည်။
“ကံကောင်းထောက်မလို့ သူတို့ဆီကရတဲ့ တိုးတက်မှုက သူတို့ခံစားရသလိုနာကျင်မှုကိုပါ ငါ့ကိုမခံစားစေလို့ပေါ့…."
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၁၀၃ ပြန်လည်မွေးဖွားခြင်း
ထို့နောက် လုရှောင်ယန် မနေနိုင်တော့ပေ။ သူသည် ဆေးဖက်ဝင်အပင်များကို ထိန်းချုပ်ရန် သူ၏ဝိညာဉ်စွမ်းအင်ကိုအသုံးပြုကာ လီချန်းရှန်၏ခန္ဓာကိုယ်ကို စနစ်တကျပြန်လည်ပြုပြင်ရန် ကူညီပေးသည်။
တဖြည်းဖြည်းနှင့် စည်းစနစ်တကျရှိပြီး သူသည် ၎င်းတို့အားလုံးကို တစ်ကြိမ်တည်း မထည့်ထားသော်လည်း တဖက်သူမှာ တောင့်ခံရန် ခက်ခဲနေဆဲဖြစ်သည်။ စင်စစ် ဤကြောက်လန့်မှုသည် သာမန်လူတွေ ကိုင်တွယ်နိုင်သည့် အရာမဟုတ်ပေ။ “အား…”
လီချန်းရှန်၏ အော်သံများက အဆုံးမသတ်နိုင်ပေ။
ကံကောင်းထောက်မစွာ၊ ဤနေရာသည် တောင်တန်းနှင့်မြစ် ပန်းချီကားအတွင်း၌ဖြစ်နေသည်။ သူလောက်ပဲ ကမ္ဘာပျက်မတတ် အော်နေပါစေ ပြင်ပကမ္ဘာမှ မကြားရပေ။
ဆေးစွမ်းထက်မြက်မှု၏ ပံ့ပိုးမှုဖြင့် လီချန်းရှန်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပိုးအိမ်ထဲမှ ကွဲထွက်ပြီး ပြန်လည်မွေးဖွားလာခဲ့သည်။
ကျိုးနေသောခြေထောက်သည် ဖြည်းညှင်းစွာ ပြန်ပေါက်လာသည်။
အတွင်းပိုင်း၌ ကျိုးပဲ့နေသော နှလုံးသွေးကြောများနှင့် ကွဲအက်နေသော ဒန်ထျန်သည်လည်း အဆက်မပြတ် ပြန်လည်ကောင်းမွန်လာသည်။
သားရဲနတ်ဆိုးခြင်ဆီနှင့် သိုင်းဘုရင်အဆင့်သွေးဆေးလုံး အပါအဝင် အဖိုးတန်ဆေးဖက်ဝင်အပင်တစ်ရာကျော်ရှိပါရှိသည်... ၎င်းတို့အားလုံးသည် ထိပ်တန်းပစ္စည်းများဖြစ်သည်။
သူတို့သည် လီချန်းရှန်၏ခန္ဓာကိုယ်ကို ပြုပြင်နိုင်ရုံသာမကဘဲ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကြံ့ခိုင်စေမည်ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် နေ့ရောညပါ ကြာမြင့်ခဲ့သည်။
နေ့ရောညပါကြာ ပြီးနောက်၊ လီချန်းရှန်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် လုံးဝ ပြုပြင်နိုင်ခဲ့သည်။ ဓါးအရိုး မရှိတာကလွဲ၍ သူသည် အရင်ကထက်ပင် ပိုသန်မာလာသည်။
"အချိန်ကျပြီ။"
လုရှောင်ယန်သည် လီချန်းရှန်၏ ခန္ဓာကိုယ်ထဲသို့ ဓားဝိညာဉ်ကို ထည့်လိုက်သည်။ ၎င်းသည် အရေးအပါဆုံးအဆင့်ပင်။
ဓားဝိညာဉ်သည် လီချန်းရှန်နှင့် ပေါင်းစပ်ခဲ့မည်ဆိုလျှင်၊ သူသည် သိုင်းဘုရင်အဆင့် သို့မဝင်ရောက်မီ အချိန်တစ်ခုသာလိုသည်။
အမှန်မှာ၊ သူသည် သိုင်းဘုရင်အဆင့် ထိ ရောက်ရန်ပင် ဖြစ်နိုင်ချေရှိသည်။
သို့သော် ဤဓားဝိညာဉ်သည် ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင် အစွမ်းထက်သည်ဖြစ်၍ ပေါ့ပေါ့ဆဆ ပေါင်းစပ်မရနိုင်ပေ။ ကြီးမားသော အန္တရာယ်တစ်ခုရှိသည်။
သူအောင်မြင်ပြီးသည်နှင့် လီချန်းရှန် သည် များစွာအကျိုးရှိမည်ဖြစ်သည်။ မအောင်မြင်ပါက လီချန်းရှန် ပျက်စီးသွားနိုင်သည်။
ဓားဝိညာဉ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ခုခံ၍မရသော ဓားတစ်ချောင်းသည် လီချန်းရှန်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ချက်ခြင်း ကျူးကျော်ဝင်ရောက်လာသည်။
လီချန်းရှန်၏ ခန္ဓာကိုယ်တွင် အမြစ်တွယ်လိုပါက၊ ပထမဆုံးလုပ်ရမည့်အရာမှာ လီချန်းရှန်၏ ခန္ဓာကိုယ်ရှိ ဗီဇနှင့် ဝိညာဉ်များကို တွန်းလှန်ရမည် ဖြစ်သည်။
“အား...”
ဤတစ်ကြိမ်တွင် လီချန်းရှန်သည် အရင်ကထက် အဆပေါင်း ထောင်ချီသော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ၏ဝိညာဉ်သည် အရှင်လတ်လတ် ကွဲကြေလုနီးဖြစ်ဟန်တူသည်။
သူတောင့်ခံခဲ့သည်။ သို့သော် ငါးစက္ကန့်မပြည့်ခင်မှာပင် သူ၏အသိစိတ်တစ်ခုလုံး အမှောင်ကျသွားသည်။
လီချန်းရှန် မည်မျှပင် ရုန်းကန်နေပါစေ သူ မနိုးထနိုင်ပေ။
ဒါက စိတ်ဆန္ဒတစ်ခုတည်းနှင့် မဆိုင်တော့ပေ။ နတ်ဘုရားအဆင့် ဓားဝိညာဉ်၏ရှေ့တွင် လီချန်းရှန်သည် သိသိသာသာကို ခုခံနိုင်စွမ်းမရှိပေ။
သူ၏နှလုံးသားသည် ချက်ချင်း အေးစက်သွားသည်။
ဤမျှကြီးမားသောအခွင့်အရေးကြီးသည် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားရတော့မည်လား?
ဓားဝိညာဉ်က သူ၏ခန္ဓာကိုယ်ထဲကို မဝင်နိုင်ခဲ့လျှင် သူ၏ခန္ဓာကိုယ်သည် ပြာဖြစ်သွားမည်လားဟု တွေးနေသည်။
ကောင်းကင်ဘုံက သူ့ကို ပြန်တောင်းမယ်ဆို ဘာကြောင့် အစတည်းက မျှော်လင့်ချက်တွေပေးခဲ့လဲဆိုတာ သူ နားမလည်ပေ။
သူ၏ဘဝတွင်၊ မြင်းနက်ကြောင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့ရသော်လည်း ဒေါသမထွက်ခဲ့ဖူးပေ။ သို့သော် ယနေ့တွင် သူသည် ပထမဆုံးအကြိမ် ဒေါသဖြစ်သည်။
သူ လုံးဝ ဒေါသမထွက်ပဲမနေနိုင်ပေ။
မြင်းနက်လောက် ကံမကောင်းလို့ ဖိနှိပ်ခံရမှာလား?
သူသည် ရွေးချယ်ခံရသူမဟုတ်သောကြောင့် အနင်းခံဖြစ်သင့်သည်လား?
ဒါကို သူလက်မခံပေ။
လီချန်းရှန်၏ရုန်းကန်အော်ဟစ်သံက ထိရောက်သောကြောင့် အမှောင်ထဲတွင် စိမ်းမြသောအလင်းတန်းတစ်ခု လင်းလက်သွားသည်။
လီချန်းရှန်၏ မျက်လုံးများ တောက်ပလာပြီး ဤအလင်းရောင်ကို ချက်ချင်း ဖမ်းယူလိုက်သည်။ နောက်အခိုက်အတန့်တွင်၊ သူ၏အမှောင်ထုသည် ရုတ်တရက် ပျောက်ကွယ်သွားကာ နိုးလာပြီး အပြင်လောကကို ပြန်မြင်နိုင်စေခဲ့သည်။
သို့သော် နောက်အခိုက်အတန့်တွင် သူသည် ထိုနေရာတွင်ပင် အံ့အားသင့်သွားပြန်သည်။
သူ၏အမြင်အာရုံထဲရောက်လာသည်မှာ လုရှောင်ယန်နှင့်အတူ လုရှောင်ယန် ၏နောက်ကွယ်တွင် ပေ ၁၀၀ ကျော်မြင့်သည့် ကျောက်စိမ်းကြီးကြီးတစ်ခု ရပ်နေသည်။
လုရှောင်ယန်သည် နဂါးဝတ်ရုံကို ၀တ်ထားပြီး အစိမ်းရောင် နဂါးထိုင်ခုံပေါ်တွင် ထိုင်နေကာ သူ၏မျက်လုံးများသည် အာကာပြင်ကို ထိုးထွင်းမြင်နေနိုင်သကဲ့သို့ပင်။
လုရှောင်ယန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အစိမ်းရောင် အလင်းတန်းသည် ကြွယ်ဝသော အသက်စွမ်းအားဖြင့် ပြည့်နေသည်။ ၎င်းသည် လီချန်းရှန် ၏ခန္ဓာကိုယ်ပေါ်တွင် ထွန်းလင်းတောက်ပနေပြီး သူ၏ခန္ဓာကိုယ်အား အာဟာရပြည့်ဝလာစေပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေသည်။
“ဒါက… သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုလား?”
လီချန်းရှန်၏ ဘဝအပေါ် ယုံကြည်ချက်သည် လုံးဝပြိုပျက်သွားသည်။
နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူ၏ဘဝတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို တွေ့ဖူးသည်ဟု သူယုံကြည်ခဲ့သည်။
သို့သော် လုရှောင်ယန်နှင့်တွေ့ပြီးနောက် သူနားလည်သွားသည်။
ဤကမ္ဘာပေါ်တွင် အတော်ဆုံးသော ပညာရှင်သည် သူ၏ဆရာမှတပါး အခြားမရှိပေ။
ဒီတစ်ကြိမ်မှာတော့ သူ့မိဘတွေအတွက် လက်စားချေနိုင်မှာ သေချာသည်။
သူ လီချန်းရှန်၏ နာမည်သည် မဟာကျိုးတွင် တစ်ဖန်ပြန်လည်ကျော်ကြားလာမည်မှာ သေချာသည်။ ပေါင်းစပ်မှုဖြစ်စဉ်သည် ကိုးရက်ကျော်ကြာမြင့်သည်။
ရှုပ်ထွေးပြီး ရှည်ကြာသော်လည်း သူအများကြီး အကျိုးရှိသည်။
လီချန်းရှန်သည် ဓားဝိညာဉ်နှင့် အောင်မြင်စွာ ပေါင်းစပ်ပြီးနောက် နန်းမြို့တော်တစ်ခုလုံး၏ ကောင်းကင်ယံတွင် လျှပ်စီးလက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
လျှပ်စီးလက်သလို တိမ်ညိုများက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ သန့်စင်သောလျှပ်စီးသည် ကောင်းကင်ကို ဖြတ်သွားသော ဓားအလင်းတန်းတစ်ခုနှင့်တူသည်။
နန်းမြို့တော် ရှိ လူတိုင်းသည် ဤကမ္ဘာကိုတုန်လှုပ်စေသည့်ဖြစ်စဉ်ကြောင့် ထိတ်လန့်သွားကြသည်။
မရေမတွက်နိုင်သော ပညာရှင်များသည် ၎င်းတို့၏ နေအိမ်များမှ ထွက်လာကြသည်။ တော်ဝင်နန်းတော်အတွင်း၌ပင် နန်းတော်နံရံများပေါ်တွင် ရှားပါးကျွမ်းကျင်သူအချို့ မတ်တပ်ရပ်ကာ ကောင်းကင်ကို ထိတ်လန့်စွာကြည့်နေကြသည်။ "ဘာတွေဖြစ်နေတာလဲ?"
“ဒီပုံမှန်မဟုတ်တဲ့ဖြစ်စဉ်က ထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက်ရဲ့ မွေးဖွားမှုကို ညွှန်ပြနေပုံပါပဲ။ မဟာကျိုး တော်ဝင်မိသားစုရဲ့ အသွေးအသားတောင် ဒီပါရမီရှင်ရဲ့ သွေးထက်ဝက်လောက်တောင် အစွမ်းထက်လှတာမဟုတ်ဘူး။ ငါတို့ရဲ့ မဟာကျိုးမှာ ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းရည် ဘယ်ကပေါ်လာတာလဲ?”
“အစွမ်းကုန် ရှာဖွေကြ။ ဘာပဲဖြစ်ဖြစ်၊ ငါတို့က ဒီဉာဏ်ကြီးရှင်ကို ရှာတွေ့ပြီး သူ့ကို တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးရမယ်။”
ဤပုံမှန်မဟုတ်သော ဖြစ်စဉ်သည် နန်းမြို့တော်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေသည်။
လုရှောင်ယန်နှင့် လီချန်းရှန်တို့သည် တောင်တန်းနှင့်မြစ် ပန်းချီတွင် ရှိနေသောကြောင့် ၎င်းတို့ကို ထိခိုက်မှု လုံးဝမရှိခဲ့ဘဲ မည်သူမှ ရှာမတွေ့ပေ။
လီချန်းရှန်သည် သူ၏ခန္ဓာကိုယ်ကို ပြုပြင်ပြီး ဓားဝိညာဉ်နှင့် အောင်မြင်စွာ ပေါင်းစပ်ပြီးနောက်၊ သူ၏ ကျင့်ကြံဆင့်သည်လည်း အဆက်မပြတ် တိုးလာခဲ့သည်။
စိတ်ခန္ဓာသန့်စင်ခြင်း ပထမအဆင့်၊ စိတ်ခန္ဓာသန့်စင်ခြင်း အဋ္ဌမအဆင့်၊ မွေးဖွားမှု ပဉ္စမအဆင့်၊ ချိတ်ဆက်မှု သတ္တမအဆင့်၊ ဆရာသခင် နဝမအဆင့်၊ စတုတ္ထအဆင့်၊ တောင်လယ် တတိယအဆင့်… စိတ်ဝိညာဉ်သန့်စင်ခြင်း ပဉ္စမအဆင့်… နောက်ဆုံးတွင်၊ အာကာပြင်လေ့လာခြင်းအဆင့်၏ ပထမအဆင့်သို့ရောက်ရှိပြီးနောက်တွင် ရပ်တန့်သွားလေသည်။
မျက်လုံးဖွင့်လိုက်သောအခါတွင် ဓားအလင်းတန်းများကဲ့သို့ အလင်းတန်းနှစ်စင်း ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ တောင်တန်းကြီးတစ်ခုကို ချက်ခြင်း ထိုးဖောက်ဝင်ရောက်သွားသည်။
အုန်း..
ပြင်းထန်သော ပေါက်ကွဲသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည်။
ဓားသဘာဝက သူ့ပတ်လည်တွင်တည်ရှိနေခဲ့သည်။ လက်ရှိအချိန်တွင် သူဝိညာဉ်စွမ်းအား တစ်စကိုတောင် ထုတ်မသုံးထားသော်လည်း ဆရာသခင်အဆင့်ထိ မရောက်သေးသည့် မည်သည့်သိုင်းပညာရှင်မျှ သူ၏အနားတွင် နေနိုင်မည်မဟုတ်ပေ။
လုရှောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အကျိုးအမြတ်က အရမ်းကောင်းတာပဲ။
ပြီးပြည့်စုံတယ်။
သူ၏ ကျင့်ကြံဆင့်သည် ဘုရင်အဆင့်၏ စတုတ္ထအဆင့်မှ ဘုရင်အဆင့်၏ အဋ္ဌမအဆင့်သို့ တိုက်ရိုက် တိုးလာသည်။
၎င်းသည် အဆင့်လေးဆင့် တိုးလာခြင်းဖြစ်သည်။
အဆင့်လေးဆင့်သာရှိသော်လည်း ၎င်းတို့သည် ဘုရင်အဆင့် ဖြစ်သည်။
အခွင့်အလမ်းကောင်းတွေ ရခဲ့ရင်တောင် ဒီလိုမျိုး တိုးတက်ဖို့ အနည်းဆုံး နှစ် ၁၀၀ မှ ၂၀၀ အထိ အချိန်ယူရဦးမှာပါ။
အရည်အချင်းမပြည့်မီပါက၊ ဘဝတစ်ခုလုံးတွင် အဆင့်တစ်ခုတောင် တက်လှမ်းနိုင်မည်မဟုတ်ပေ။
ထို့အပြင်၊ ဓားဝိညာဉ်သည်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် ပေါ်လာသည်။
အနာဂတ်တွင်၊ သူ၏ဓားသိုင်းသည် တိကျသေချာသော တိုးတက်မှုရှိလာမည်ဖြစ်သည်။
လုရှောင်ယန်သည် လက်ရှိတွင် ဘုရင် အဌမအဆင့်တွင်ရှိသော်လည်း သူ့ထက်မြင့်သည့် ဧကရာဇ် အဌမအဆင့်ကို အစီအရင်ဖြင့်တောင်မဟုတ်ဘဲ သူ့ကိုယ်ပိုင်ကျင့်စဉ်နည်းလမ်းများဖြင့် အနိုင်ယူဖို့ဆိုသည်က ပြဿနာကြီးကြီးမားမားမဟုတ်တော့ပေ…….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၁၀၄ နတ်ဘုရားအဆင့်ပစ္စည်း နောက်တစ်ခု...
လုရှောင်ယန်သည် အကယ်၍ သူသာ အစီအရင်ကို အသုံးပြုလျှင်၊ သူတော်စင်အဆင့် သို့ဝင်ရောက်နေပြီဖြစ်သည့် ဖြစ်တည်မှုတစ်ခုကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်သည်ဟု ခံစားရသည်။
သို့သော် ဤသည်မှာ အတွေးတစ်ခုမျှသာ ဖြစ်သည်။ လုရှောင်ယန်သည် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အမှန်တကယ်ရင်ဆိုင်ရပါက၊ ပြေးဖို့ကိုသာ သေချာပေါက်ရွေးချယ်မည်ဖြစ်သည်။
သတိကြီးသောသူသည် သူ့ထက်ကျင့်ကြံဆင့်သာလွန်သူတွေကို ဘယ်တော့မှ မျက်စိစုံမှိတ်တိုက်ခိုက်မည်မဟုတ်ပေ။
ရှောင်လွှဲ၍မရသော အခြေနေတစ်ခုကို ကြုံတွေ့တာမျိုးမဟုတ်သရွေ့ လုရှောင်ယန်သည် တိုက်ခိုက်မှုကိုရှောင်လွှဲ၍ရလျှင် ရှောင်လွှဲမည်မှာ သေချာသည်။
"ဝမ့်ခိုက်"
[လာပါပြီ သခင်]
"လီချန်းရှန်ရဲ့ အချက်အလက်ကို ပြ...။"
[ဟုတ်ကဲ့ လောလောဆယ် လုပ်ဆောင်နေပါတယ်]
မကြာခင်တွင် လီချန်းရှန်၏ အချက်အလက်ကို ဖော်ပြလာသည်။ သူသည် အာကာပြင်လေ့လာခြင်းအဆင့်၏ပထမအဆင့်ကိုရောက်ရှိသွားပြီး လက်ဆောင်များစွာ ထုတ်လုပ်ပေးသည်။ လက်ဆောင်များသည် လုရှောင်ယန်ကို ဖွင့်ဖောက်ရန် ဖိတ်ခေါ်နေသလို အလင်းရောင် ဖျော့ဖျော့ ထွက်နေသည်။
လုရှောင်ယန်အနေနဲ့ ထိုသို့သောသွေးဆောင်မှုမျိုးကို ဘယ်လိုလုပ်ပြီးတော့များ ခုခံနိုင်မတဲ့လဲ။
"ငါ မင်းကို ကြမ်းကြမ်းတမ်းတမ်း ဖောက်ပစ်မလားဆိုတာ ကြည့်ထား။"
သူသည် လက်ဆောင်အိတ်အားလုံးကို အမြန်ဖွင့်လိုက်သည်။
ကောင်းကင်ဘုံ အဆင့်မြင့် စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှု ဆေးလုံး x 10086
ထိပ်တန်း ကောင်းကင်ဘုံ အဆီအနှစ်ခြောက် ဆေးလုံး x 1500
အဆင့်နိမ့် သူတော်စင်အဆင့် ရေခဲမိုးဓါး x 1
အလယ်အလတ်တန်းစား သူတော်စင်အဆင့် နဂါးအဆိပ်ဆေးလုံး x 600
အဆင့်မြင့် သူတော်စင်အဆင့် ကြယ်ခုနှစ်ပွင့်ကြာခင်း x 1
ဒါဇင်နှင့်ချီသည့် လက်ဆောင်အိတ်တွေအကုန် ဖွင့်ကြည့်ပြီးနောက် ဘာမှ လျော့မနေတာကို အတည်ပြုခဲ့သည်။
လုရှောင်ယန်သည် သူ၏လက်ရှိပိုင်ဆိုင်မှုတန်ဖိုးသည် မဟာကျိုး အင်ပါယာတစ်ခုလုံးရှိ ပိုင်ဆိုင်မှုတန်ဖိုးထက် ကျော်လွန်နေပြီဟု ခံစားလိုက်ရသည်။
သူသည် အဆင့်နိမ့်ပစ္စည်းများစွာပိုင်ဆိုင်ရုံဖြင့် မဟာကျိုး အင်ပါယာတစ်ခုလုံးရှိ ပိုင်ဆိုင်မှုတန်ဖိုးထက်မသာလွန်သော်လည်း သူ့တွင် သူတော်စင်အဆင့် ပစ္စည်းများရှိသေးသည်။
ဖွင့်ရန်ကျန်နေသေးသည်မှာလက်ဆောင်အိတ်အကြီးတွေဖြစ်သည်။
ဤလက်ဆောင်များသည် အခြေခံအားဖြင့် ထိပ်တန်း သိုင်းဘုရင်အဆင့် ပစ္စည်းများ ဖြစ်ရမည်။ လုရှောင်ယန်ကလည်း ထိုအိတ်များကို ဖွင့်ကြည့်ရသည်ကို ပိုသက်တောင့်သက်သာဖြစ်သည်။
ထိပ်တန်း သိုင်းဘုရင်အဆင့် ရှင်းယွင်ချီတစ်ထောင်အိုး x 1
ပါဝင်ပစ္စည်းများကို ရှင်းယွင်ချီတစ်ထောင်အိုးတွင် ထည့်လိုက်သည်နှင့် အသုံးပြုသူဆန္ဒရှိသည့် ဆေးဖက်ဝင်ဆေးပြားများကို ထုတ်လုပ်နိုင်သည်။ ထို့အပြင် ၎င်းသည် ထိပ်တန်းအဆင့်ပစ္စည်းတစ်ခုဖြစ်သည်။
လုရှောင်ယန်၏ မျက်လုံးများ တောက်ပလာသည်။ ဤပစ္စည်းသည် အမှန်ပင် မဆိုးပေ။
ယခု သူ့တွင် ဆေးအများကြီးရှိသော်လည်း အရေအတွက်ကန့်သတ်ချက်ရှိသည်။ အကုန် သုံးလိုက်လျှင် ဘာမှကျန်တော့မည်မဟုတ်ပေ။
ဆေးဖော်ဖို့အတွက် ရှင်းယွင်ချီတစ်ထောင်အိုးထဲကို ပါဝင်ပစ္စည်းတွေထည့်ဖို့သာလိုသည်။
ဤနည်းဖြင့် သူသည် ဘယ်သောအခါမှ ဆေးဖက်ဝင်ဆေးပြားများ ချို့တဲ့လိမ့်မည် မဟုတ်ပေ။
လုရှောင်ယန်၏ အဂ္ဂိရတ်အစွမ်းသည် အလွန် အားကောင်းနေပြီဖြစ်သော်လည်း၊ သူကိုယ်တိုင်ကိုယ်ကျလုပ်ရလျှင် ဆေးဖော်သည့်အရှိန်မှာ အကန့်အသတ် ရှိသည်။
ရှင်းယွင်ချီတစ်ထောင်အိုးမှာမူ ထိုကန့်သတ်ချက် မရှိပေ။
နောင်တွင်၊ သူ၏ ကျင့်ကြံဆင့် သိုင်းဘုရင်အဆင့်သို့ ရောက်လျှင် သူသည် သူ၏ခွန်အားကို ဖုံးကွယ်နေရန် မလိုအပ်တော့ပေ... ဆေးတိုက် ဖွင့်လှစ်ရန်လည်း စဉ်းစားနိုင်သည်။
ပါဝင်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူပြီး ရှင်းယွင်ချီတစ်ထောင်အိုးတွင် ထည့်ကာ ဖော်စပ်ပြီးနောက် ထိပ်တန်းဆေးဖက်ဝင်ဆေးပြားများဖြစ်လာပြီး မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် သူ အံ့မခန်း ချမ်းသာတော့မည်ဟု ခံစားရသည်။
ထို့နောက် ဒုတိယလက်ဆောင်အိတ်ကိုဖွင့်လိုက်သည်။
ထိပ်တန်း သိုင်းဘုရင်အဆင့် ခြေရာမဲ့ပုံရိပ်ယောင်။
"ဒါက တကယ်ကြီး အမြင်လှည့်စားတဲ့ နည်းပညာတစ်ခုပဲ..."
လုရှောင်ယန်သည် သူ၏မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး မဆိုးဘူးဟု ခံစားလိုက်ရသည်။
စင်စစ် သူ့တွင် ပုံရိပ်ယောင်အစီအရင်တစ်ခုရှိနေပြီဖြစ်သည်။ ဥပမာအားဖြင့် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်သည် ထိပ်တန်းသိုင်းဘုရင်အဆင့် ပုံရိပ်ယောင်အစီအရင်ဖြစ်သည်။ ၎င်းကို အသုံးပြုလိုက်သည်နှင့် တစ်စုံတစ်ဦးသည် ပုံရိပ်ယောင်အစီအရင်သို့ ကျရောက်ကာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့သော် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်တွင် ကြီးမားသော ချို့ယွင်းချက် ရှိသည်။
၎င်းသည် အစီအရင်တစ်ခုဖြစ်သည်။ ၎င်းကို ဖွဲ့စည်းရန် လိုအပ်ပြီး သယ်ယူ၍ မရနိုင်ပါ။
ခြေရာမဲ့ပုံရိပ်ယောင်ကမူ၊ ၎င်းကိုကျင့်ကြံပြီးလျှင် လုရှောင်ယန်သည် ရန်သူကို လှည့်စားရန် အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်သည်။ ထို့အပြင်၊ ၎င်းသည် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်ထက် စွမ်းရည် မနိမ့်ကျပေ။
နောက်ထပ်ကျန်ရှိသောပစ္စည်းများသည် ထူးထူးခြားခြားမရှိပေ။
ထိပ်တန်း သိုင်းဘုရင်အဆင့် လက်နက်သုံးမျိုးဖြစ်ကြသည့် စစ်မှန်သောဇာမဏီမှန်ကြည်ဓား၊ အင်ပါယာကိုးပါး ယန်သံချပ်ကာနှင့် ကောင်းကင်ဖြိုခွဲလွန်းတို့ဖြစ်ကြသည်။
အစီအရင်နှစ်ခုလည်းပါဝင်ပြီး တစ်ခုမှာ ရှေးဟောင်းနဂါးအစီအရင်ဖြစ်သည်။ ၎င်းသည် ရှေးနဂါးအစစ်၏ဝိညာဉ်ကို ဆင့်ခေါ်ကာ တိုက်ခိုက်နိုင်သည်။
အစီအရင်အတွင်း ရန်သူများကို တိုက်ခိုက်ရန် ကျွမ်းကျင်သူများ၏ ဝိညာဉ်များကို ဆင့်ခေါ်နိုင်သည့် ကြယ်ကြွေအင်ပါယာအစီအရင်လည်း ပါရှိသည်။
ပစ္စည်းကောင်းတွေ အများကြီးရလိုက်သည်။ လုရှောင်ယန်သည်ပင် ခဏတာမျှ တုန်လှုပ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အားလုံးကို လက်ခံမည်ဖြစ်သည်။
စင်စစ် ၎င်းမှာ အများကြီးမဟုတ်ပေ။
သေသေချာချာ စဉ်းစားကြည့်လျှင် နောင်တွင်၊ သူ၏ တပည့်များသည် သိုင်းဘုရင်အဆင့်ကိုရောက်ရှိပြီး သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်လာသည့်အခါ၊ သူသည် သူတို့ကို သိုင်းဘုရင်အဆင့် လက်နက် ၃ ခုကနေ ၅ ခုအထိ ပေးရဦးမည် မဟုတ်လား။
သူတို့၏ ကျင့်ကြံခြင်းနှင့် ကျင့်ကြံခြင်းနည်းလမ်းကိုသာ အားကိုး၍ဘယ်ဖြစ်မည်မလဲ။
တခြား သိုင်းဘုရင်အဆင့် ပညာရှင်များတွင်လည်း သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများ ရှိကြသည်။
နောက်ဆုံးတွင် လက်ဆောင်အိတ်တစ်ခုသာ ကျန်တော့သည်။
မမျှော်လင့်တာ တစ်ခုမှ မဖြစ်ခဲ့လျှင်တောင် ထိပ်တန်း သိုင်းဘုရင်အဆင့် ပစ္စည်းတစ်ခုကို ရရှိမည်ဖြစ်သည်။ လုရှောင်ယန်သည် ထိုပစ္စည်းမျိုးကို အနည်းငယ် ထုံနေပြီဖြစ်ပြီး သိပ်စိတ်မဝင်စားပေ။
သို့သော် လက်ဆောင်အိတ်ကိုဖွင့်လိုက်သောအခါ လုရှောင်ယန်၏မျက်လုံးများသည် မထိန်းနိုင်ပဲတောက်ပလာသည်။
အဆင့်နိမ့် နတ်ဘုရားအဆင့် - စစ်မှန်သောအမြင်အာရုံသုံးပါး။
"နောက်ထပ် နတ်ဘုရားဘုံ ပစ္စည်းလား..."
ကံကောင်းမှုကို စုပ်ယူပြီးနောက် ဝမ့်ခိုက်ပေးသော လက်ဆောင်အိတ်များသည် တကယ်ကို အားကောင်းလွန်းနေပုံရသည်။
ဒါကြောင့် နောက်ထပ် မြင်းနက် အနည်းငယ်ကို ထပ်သတ်ဖို့ ဆုံးဖြတ်လိုက်သည်။
လုရှောင်ယန်သည် စစ်မှန်သောအမြင်အာရုံသုံးပါး၏ အသုံးဝင်ပုံများကို ဖတ်လိုက်သည်။
စစ်မှန်သောအမြင်အာရုံသုံးပါးသည် လူတစ်ဦး၏အသွေးအသားထဲမှလာသောစွမ်းအားကို တိုးတက်စေနိုင်သည်။ ၎င်း၏ လက်ရှိအဆင့်မှာ အဆင့်နိမ့် နတ်ဘုရားအဆင့် ဖြစ်သည်။
စစ်မှန်သောအမြင်အာရုံသုံးပါးသည် လူတစ်ဦး၏ စရိုက်လက္ခဏာ၊ ခွန်အားနှင့် အဆင့်ကို မြှင့်တင်ရန်အတွက် သင့်လျော်သော ကျင့်ကြံခြင်းနည်းလမ်းများကို စုပ်ယူနိုင်ပြီး ပေါင်းစပ်နိုင်သည်။
စစ်မှန်သောအမြင်အာရုံသုံးပါး၏ အသုံးဝင်ပုံကိုမြင်သော် လုရှောင်ယန်သည် သူ၏နှလုံးသားထဲတွင် စွဲမက်ဖွယ်ကောင်းသည်ဟု အော်လိုက်သည်။
၎င်းသည် အမှန်တကယ်ပင် နတ်ဘုရားဘုံ ပစ္စည်းဖြစ်ရန် ထိုက်တန်ပါသည်။ အလွန် ထူးကဲလွန်းလှသည်။
အခြား ကျင့်ကြံခြင်းနည်းလမ်းများကိုပင် တကယ်ကြီး စုပ်ယူနိုင်သည်။
အကယ်၍ သူသည် အရပ်မျက်နှာဆယ်ခုတည်မြဲခြင်းကို စုပ်ယူခဲ့မည်ဆိုလျှင်၊ သူသည် ပတ်ဝန်းကျင် အချက်အလက်များကို ၃၆၀ ဒီဂရီ ထောင့်မှ ကြည့်ရှုနိုင်တော့မည်လား?
အကယ်၍ သူသည် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းခြေလှမ်းကို စုပ်ယူပြီးနောက်၊ သူသည် တစ်စက္ကန့်အတွင်း ကီလိုမီတာ ၅,၀၀၀ ခရီးသွားနိုင်ပါမည်လား?
သူသည် ခြေရာမဲ့ပုံရိပ်ယောင်ကို စုပ်ယူပြီးနောက်၊ တစ်ချက်တည်းနှင့် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်မည်လား?
အဆိုပါ ကျင့်ကြံခြင်းနည်းလမ်းများသည် အသုံးပြုရန် စစ်မှန်သောအမြင်အာရုံသုံးပါးကိုသေချာပေါက်သုံးဖို့ မလိုအပ်သော်လည်း ပြဿနာတစ်ခုရှိသည်။ ၎င်းတို့အားလုံးသည် ကျင့်ကြံခြင်းနည်းလမ်းများဖြစ်သည်။ သူသည် ၎င်းတို့ကို အသုံးပြုလိုပါက ကျင့်ကြံခြင်းနည်းလမ်းကို ပြီးမြောက်စေရန်အတွက် ဝိညာဉ်စွမ်းအင်ကို စုပ်ယူကာ သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေရမည်ဖြစ်သည်။
ဤအမြန်နှုန်းသည် အလွန်လျင်မြန်သော်လည်း စစ်မှန်သောအမြင်အာရုံသုံးပါး မှပေးသောအမြန်နှုန်းထက်စာရင် များစွာနှေးကွေးလှသည်။
အထူးသဖြင့် သေရေး ရှင်ရေး တိုက်ပွဲများတွင် ဤအရာသည် အထူးအရေးပါသည်။ ကျင့်ကြံခြင်းနည်းလမ်းမျိုးစုံကို အသုံးပြုရန် လိုအပ်နိုင်သည်။
ဥပမာအားဖြင့်၊ သူသည် သူ၏ဒဏ်ရာများကို ကုသရန် အဇူရာသက်ရှည်အနုပညာ၊ ထင်ယောင်ထင်မှားများဖန်တီးရန် ခြေရာမဲ့ပုံရိပ်ယောင်နှင့် တိုက်ခိုက်ရန်အတွက် ရှေးဟောင်းဧကရာဇ်ကျမ်းကျင့်စဉ်ကို လိုအပ်မည်ဖြစ်သည်။
ယခုနည်းနဲ့သာဆို သူသည် သူ၏ ကျင့်ကြံခြင်းနည်းလမ်းကို ဖြန့်ကျက်ရန် သို့မဟုတ် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် မလိုအပ်တော့ပေ။ တစ်ချက်ကြည့်ရုံဖြင့် သူလိုအပ်သလို တိုက်နိုင်ပြီဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သက်ရောက်မှုများသည် ပိုမိုမြန်ဆန်ပြီး ပိုမိုအားကောင်းလာမည်ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းနည်းလမ်းများစွာကိုလည်း အသုံးပြုနိုင်သည်။
တစ်ချက်ကြည့်လိုက်ရုံဖ့င့် သူသည် တဖက်သူကို သေလမ်းဆီ ပို့ပေးနိုင်သည်။
၎င်းသည် အလွန်လက်တွေ့ကျပြီး ပြီးပြည့်စုံသော အသွေးအသားထဲမှစွမ်းအားတစ်ခုဖြစ်သည်။
အကျိုးအမြတ် အမြောက်အမြားရရှိပြီးနောက်၊ လုရှောင်ယန်သည် နောက်ဆုံးတွင် သူ၏အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး လီချန်းရှန်ကို အပြုံးဖြင့် ကြည့်လိုက်သည်။
"ချန်းရှန်၊ မင်းက မင်းရဲ့ခန္ဓာကိုယ်ကို အကုန်ပြုပြင်ပြီး နတ်ဘုရားအဆင့် ဓါးဝိညာဉ်ကို ရပြီးပြီ။ လုံ့လစိုက်ထုတ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး တိုးတက်အောင် လုပ်ရမယ်။ မင်းရဲ့ဓားအရိုးလည်း ပြန်ပေါက်လာလိမ့်မယ်။"
လီချန်းရှန်သည် သူ၏လက်သီးကို ဆုပ်လိုက်ပြီး ခေါင်းကို ငုံ့လိုက်သည်။
"စိတ်မပူပါနဲ့ ဆရာ။ အခုပဲ တော်ဝင်ဓားကျင့်စဉ်ကို စတင်ကျင့်ကြံတော့မယ်။ ဆရာ့ကို စိတ်မပျက်စေရဘူး...။"
တော်ဝင်ဓားကျင့်စဉ်သည် ကောင်းကင်ဖြိုခွဲဓားသူတော်စင်၏အမွေအနှစ်ကိုရရှိစဉ်က လီချန်းရှန် ကျင့်ကြံခဲ့သော အလယ်အလတ်တန်းစား သူတော်စင်အဆင့် ဓားသိုင်းဖြစ်သည်။
၎င်းသည် လီချန်းရှန်၏ဘ၀တွင် ကျင့်ကြံခဲ့သမျှထဲ အပြင်းထန်ဆုံးဓားသိုင်းလည်းဖြစ်သည်။
သို့သော် လုရှောင်ယန်က မျက်မှောင်မကြုတ်ပဲ မနေနိုင်ပေ။
"တော်ဝင်ဓားကျင့်စဉ်.. ကြားရတာနဲ့တင် အမှိုက်လိုပဲ……."
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၇။ အခန်း ၁၀၅ ဒုတိယပန်းတိုင်
လီချန်းရှန်က ပြုံးပြီးပြောသည်။ "ဆရာ၊ မှားနေပြီ။ ဒီဓားသိုင်းက ကောင်းကင်ဖြိုခွဲ ဓားသူတော်စင်ရဲ့ အပျက်အစီးတွေကြားက ကျွန်တော်ရရှိခဲ့တဲ့ အမွေအနှစ်တစ်ခုပါ။ သူ့ရဲ့အဆင့်က မနိမ့်ကျဘူး။ အလယ်အလတ်တန်းစား သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပါ။ ဒါပေမယ့်၊ အဲ့တာက အလယ်အလတ်တန်းစား သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းဆိုပေမယ့်၊ ဒီဓားသိုင်းရဲ့ ဓားနည်းစနစ်က အလွန်ခက်ခဲလှပါတယ်။ အဲ့တာက ကျွန်တော်ကျင့်ကြံခဲ့တဲ့ အဆင့်မြင့် သူတော်စင်အဆင့် အဇူရာကြာပန်းဓားကျင့်စဉ်လို လျှို့ဝှက်နည်းပညာထက် အနည်းငယ် ပိုအားကောင်းတယ်—”
လုရှောင်ယန် ဆွံ့အသွားသည်။
“ဘာပဲဖြစ်ဖြစ် ဒါက သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲ။ ငါ့စကားကို နားထောင်… အဲဒါကို မကျင့်ကြံနဲ့။ အချိန်ကုန်တယ်။ ငါ့မှာ ထိပ်တန်း သိုင်းဘုရင်အဆင့် ဓားသိုင်းတစ်ခုရှိတယ်။ အဲ့တာ အရင် ကျင့်ကြံ။"
လီချန်းရှန် ၏ မျက်နှာသည် ချက်ချင်းပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
သိုင်းဘုရင်အဆင့် ဓားသိုင်း.....။
မဟာကျိုး အင်ပါယာကြီးတစ်ခုလုံးတွင် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုရှိလျှင်ပင် မဆိုးလှပြီ။ နောက်ဆုံးတွင်၊ ဤဆရာသည် သိုင်းဘုရင်အဆင့် ဓားသိုင်းကိုပင် အမှန်တကယ်ပိုင်ဆိုင်သည်။
သူခုလေးတင်ပြသခဲ့သော အဇူရာသက်ရှည်အနုပညာကိုပါထည့်တွက်လျှင် သူ၏ဆရာသည် မဟာကျိုးတစ်ခုလုံးကိုပင် ရိုးရှင်းစွာ နင်းချေနေသည်။
သို့သော် သေသေချာချာတွေးကြည့်လျှင် သူ၏ဆရာမှာ နတ်ဘုရားအဆင့် ဓါးဝိညာဉ်ပင် ရှိသေး
သည်။ သူ့လိုလူတွင် သိုင်းဘုရင်အဆင့် ဓားသိုင်းရှိခြင်းသည် သာမန်မဟုတ်ပါလား။
ထိုသို့တွေးပြီး လီချန်းရှန်သည် တုန်လှုပ်မနေတော့ပေ။
သို့သော် လုရှောင်ယန်သည် အဇူရာကြာပန်းဓားအနုပညာကို ပေးအပ်လိုက်သောအခါတွင် သူ တုန်လှုပ်ခြောက်ခြားသွားပြန်သည်။ "အဇူရာ... အဇူရာကြာပန်းဓားအနုပညာ..."
အဇူရာကြာပန်းဓားအနုပညာသည် ပြင်ပလူများထံ မလွှဲအပ်ခဲ့သော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀,၀၀၀ က အဇူရာကြာပန်းဓားဂိုဏ်း၏ဘိုးဘေးများသည် ထိုဓါးသိုင်းကိုအသုံးပြု၍ မရေမတွက်နိုင်သော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများကိုသတ်ပြီး အဇူရာကြာပန်းဓားဂိုဏ်းကို တည်ထောင်ခဲ့သည်ဟု ဆိုသည်။
ကံမကောင်းစွာဖြင့်၊ အဇူရာကြာပန်းဓားဂိုဏ်း၏ ၂၁ယောက်မြောက် ဂိုဏ်းချုပ် အသတ်ခံရခြင်းကြောင့် အဇူရာကြာပန်းဓားအနုပညာသည်လည်း သိုင်းလောကတွင် ပျောက်ဆုံးသွားခဲ့သည်။
ထိုအကြောင်းရင်းကြောင့် အဇူရာကြာပန်းဓားဂိုဏ်း အင်အားကျဆင်းလာသည်။ မဟုတ်ပါက အဇူရာကြာပန်းဓားဂိုဏ်းသည် မဟာကျိုး အင်ပါယာထက်ပင် နိမ့်ကျမည်မဟုတ်ပေ။
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ်၊ အဲဒါ အဇူရာကြာပန်းဓားအနုပညာပဲ.."
"ဆရာ၊ ဒီကျင့်ကြံနည်းကို ဘယ်ကရခဲ့တာလဲ?"
လုရှောင်ယန် ရယ်မောလိုက်သည်။
“မင်းရဲ့ ဆရာမှာ ကျင့်ကြံခြင်းနည်းလမ်းတွေ အများကြီးရှိတယ်။ ဒီကျင့်ကြံခြင်းနည်းလမ်းကို အရင်လေ့လာ။ ပြီးပြည့်စုံတဲ့ အဆင့်တစ်ခုရောက်အောင် ကျင့်ကြံပြီးရင် တခြား ကျင့်ကြံနည်းတွေကို သင်ပေးမယ်။"
လီချန်းရှန်၏ မျက်နှာသည် ပြင်းထန်စွာ တုန်လှုပ်သွားပြန်သည်။
ယခုမူ သူ့အနေနှင့် လုရှောင်ယန်ကို မလေးစားပဲကို မနေနိုင်တော့ပေ။
လုရှောင်ယန်သည် လုံးဝ ပုံမှန်မဟုတ်လွန်းသည်ဟု သူခံစားမိသည်။
ထို သူသည် ရယ်စရာကောင်းလောက်အောင်ပင် အသေအချာကြီးကို ပြိုင်ဘက်ကင်းလို့နေသည်။
လီချန်းရှန်အား အဇူရာကြာပန်းဓားအနုပညာကို ပေးအပ်ပြီးနောက် လုရှောင်ယန်က သူ့ကို တောင်တန်းနှင့်မြစ် ပန်းချီကားမှ ခေါ်ထုတ်ခဲ့သည်။ ထို့နောက် လီချန်းရှန်အား တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံနိုင်ရန် သီးခြားအခန်းတွင်နေရန် စီစဉ်ခဲ့သည်။
လီချန်းရှန်၏ ကျင့်ကြံမှုသည် သူ၏ကိုယ်ပိုင် ကျင့်ကြံမှုလည်း တိုးလာမည်ဖြစ်သည်။
လုရှောင်ယန်သည် သူ၏ စစ်မှန်သောအမြင်အာရုံသုံးပါးကို ကျင့်ကြံရန် ထွက်သွားသည်။
ဤအရာဖြင့် လုရှောင်ယန်သည် ကျင့်ကြံခြင်းနည်းလမ်းများကို ရိုးရှင်း လျင်မြန်စွာ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ သတ်ဖြတ်လုယက်ရန်အတွက် သေချာပေါက် လိုအပ်သောကိရိယာတစ်ခုဖြစ်သည်။
မကျင့်ကြံလျှင် နှမြောစရာဖြစ်မည်။
သူသည် နတ်အာရုံအစွမ်းရှိသည့် အရပ်မျက်နှာဆယ်ခုတည်မြဲခြင်းကို စစ်မှန်သောအမြင်အာရုံသုံးပါးထဲသို့ ပေါင်းထည့်ကာ အရာခပ်သိမ်းကို ဖောက်ထွင်း မြင်နိုင်သော စွမ်းရည်ရှိစေမည်ဖြစ်သည်။
ယခုမှစ၍ ထင်ယောင်ထင်မှားများအပါအဝင် လုရှောင်ယန် သည် တိုက်ခိုက်မှုအစီအရင်မျိုးစုံ၊ ခံစစ်အစီအရင်မျိုးစုံနှင့် တဖက်သူ၏ တိုက်ခိုက်ရေးအားနည်းချက်များကိုပင် တွေ့မြင်နိုင်မည်ဖြစ်သည်။
ဒုတိယအနေဖြင့်၊ သူသည် ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းကို ပေါင်းစပ်ခဲ့သည်။ ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းကို ရောနှောပြီးနောက်၊ လုရှောင်ယန်သည် သူ၏ မျက်လုံးဖြင့်မြင်နိုင်သည့် မည်သည့်နေရာကိုမဆို ချက်ချင်းရောက်ရှိနိုင်နေပြီဖြစ်သည်။ ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းတစ်ခုတည်းကိုသုံးတုန်းကထက်ပင် ယခု သူ၏အမြန်နှုန်းသည် နည်းနည်းပိုမြန်တယ်။
ဤခွန်အားကို လျှော့မတွက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းသည်ပင် အလွန်လျင်မြန်နေပြီဖြစ်သည်။ တစုံတယောက်အနေဖြင့် အရှိန်ကိုမြန်ဖို့ဆိုသည်မှာ ကောင်းကင်ကိုတက်ရတာကဲ့သို့ပင် ခက်ခဲသည်ကို သိထားရမည်။
ယခုမူ၊ စစ်မှန်သောအမြင်အာရုံသုံးပါး၏အကူအညီဖြင့် လုရှောင်ယန်သည် ၎င်းကိုပြုလုပ်နိုင်ခဲ့သည်။
နောက်တော့ လုရှောင်ယန်သည် ခြေရာမဲ့ပုံရိပ်ယောင်ကို တစ်ပတ်ကြာ လေ့လာသည်။
ထို့နောက် သူသည် ခြေရာမဲ့ပုံရိပ်ယောင်ကို စစ်မှန်သောအမြင်အာရုံသုံးပါးနှင့် ရောနှောလိုက်သည်။
ဤနည်းဖြင့် စစ်မှန်သောအမြင်အာရုံသုံးပါးသည် အမြင်လှည့်စားမှုများကို ဖန်တီးနိုင်စွမ်းရှိလာသည်။
ဤကျင့်ကြံခြင်းနည်းလမ်းသုံးခုကို မြှင့်တင်ခြင်းဖြင့်၊ စစ်မှန်သောအမြင်အာရုံသုံးပါးသည် အဆင့်နိမ့် နတ်ဘုရားအဆင့်မှ အလယ်အလတ်တန်း နတ်ဘုရားအဆင့်သို့ တိုးတက်နေပြီဖြစ်သည်။
၎င်းမှာ ဓားဝိညာဉ်ထက် အနည်းငယ် အားနည်းသည်။ သို့သော် ၎င်းသည် ဆက်လက်တိုးတက်နိုင်သေးသည်။ ဒါကပဲ ၎င်း၏ အားသာချက်ဖြစ်သည်။
လုရှောင်ယန်သည် မဖြိုဖျက်နိုင်သော ရွှေကိုယ်ထည်ကို စစ်မှန်သောအမြင်အာရုံသုံးပါးထဲသို့ ပေါင်းစပ်ပြီး ၎င်း၏ ခုခံနိုင်စွမ်းကို တိုးမြှင့်လိုခဲ့သည်။
ကံမကောင်းစွာဖြင့်၊ ဖုန်းထျန်းယွမ်သည် မဖြိုဖျက်နိုင်သော ရွှေကိုယ်ထည်ကို ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံနိုင်ခြင်းမရှိသေးပေ။ သူ၏ကျင့်ကြံမှုသည် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိသာ ရှိသေးသည်။ ပြီးပြည့်စုံသောအဆင့်အထိ မကျင့်ကြံဘဲ ၎င်းကို စစ်မှန်သောအမြင်အာရုံသုံးပါးနှင့် ပေါင်းစပ်၍မရနိုင်ပါ။
ထို့ကြောင့် လုရှောင်ယန် လက်လျှော့ပြီး အခြားကိစ္စတစ်ခုကို စတင်လုပ်ဆောင်သည်။
တစ်ဖက်တွင် ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်၏စာကြည့်ခန်းထဲ၌....။
“ဝူရှားရဲ့ ဆရာက တကယ်ကျွမ်းကျင်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူက အစီအရင်တွေကို ဖွဲ့စည်းရာမှာ တော်တာပဲ။”
ဘုရင်ကျီနဉ်သည် သူ၏ရှေ့က လျှို့ဝှက်သတင်းပေးပို့စာကို စိုက်ကြည့်ကာ စိတ်ဝင်တစား ပြောဆိုသည်။
သူ၏ရှေ့တွင် သူ၏လူယုံ-ကျွေ့ဖုန်းက ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး၊ လုရှောင်ယန်က လိပ်နက်ဂိုဏ်းရဲ့ အစီအရင် ဖွဲ့စည်းခြင်းဆိုင်ရာ စည်းဝေးပွဲမှာ နံပါတ် ၃၂ နေရာကို ရရှိခဲ့ကြောင်း လျှို့ဝှက်အစီရင်ခံစာက ဆိုတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဧကရာဇ်နန်းတော်မှာ သူတည်ဆောက်ထားတဲ့ အစီအရင်က ဒုတိယသခင်လေးကို အလွယ်တကူ ဒဏ်ရာရစေပြီး သတ်တောင်သတ်ပစ်နိုင်တဲ့အထိ အားကောင်းပါတယ်။ ဒီလူက သူ့ရဲ့ ကျင့်ကြံမှုအစစ်အမှန်ကို ဖုံးကွယ်နေပုံရတယ်။ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားက ကျွန်တော်တို့ သိထားတာထက် အနည်းငယ် ပိုအားကောင်းနိုင်တယ်။”
“လူတိုင်းက သူတို့ရဲ့ စစ်မှန်တဲ့ အင်အားကို ဖုံးကွယ်ထားဖို့ လိုတယ်။ သူ့မှာ အစွမ်းထက်တဲ့ အရည်အချင်း မရှိဘူးဆိုရင် ဝူရှားက မိုက်မဲပြီး သူ့ကို ဆရာ အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး။”
ခေတ္တနားပြီးနောက် ဘုရင်ကျီနဉ်က "ဒီ လုရှောင်ယန်ကို ပိုပြီးအနီးကပ်ဆက်ဆံဖို့ ဝူရှင်းကိုပြောလိုက်။"
“ဟုတ်ကဲ့။”
ကျွေ့ဖုန်း ဆုတ်ခွာသွားပြီးနောက် ဘုရင်ကျီနဉ်သည် စားပွဲပေါ်ရှိ လျှို့ဝှက်အစီရင်ခံစာကို စိုက်ကြည့်ကာ သူ၏မျက်လုံးများသည် ပို၍ပင် တည်တံ့လာသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အခြားသော အကြီးအကဲများသည် ပြိုင်ပွဲအကြိမ်နှစ်ဆယ်၏ ပထမပွဲနှစ်ပွဲတွင် ပါဝင်ခဲ့သည်။ သူတို့၏ အဆင့်များသည် ရာဂဏန်းဝန်းကျင်တွင် ရှိနေသည်။
တစ်ဖက်တွင်၊ လုရှောင်ယန် ရောက်သောအခါ၊ သူသည် ၁၈ ပွဲဆက်တိုက် အဆင့် ၃၀တွင် ရပ်တည်ခဲ့သည်။
ဤနံပါတ်သည် မလွယ်ကူပေ။
အစီအရင်သခင်တစ်ဦးသည် ပုံရိပ်ယောင်အစီအရင်များတွင် ကောင်းကောင်းလုပ်နိုင်လျှင် သူသည် ခံစစ်အစီအရင် နှင့် တိုက်ခိုက်ခြင်းအစီအရင်များတွင်လည်း ကောင်းကောင်းလုပ်နိုင်မည်ဟုမဆိုလိုပေ။ အလားတူ၊ သူသည် အစီအရင်ဖွဲ့စည်းမှုများကို မြှင့်တင်ရာတွင်လည်း ကောင်းကောင်းမလုပ်နိုင်ပေ...
သို့သော် လုရှောင်ယန်သည် ကွဲပြားသည့် အစီအရင်တိုင်းအတွက် အဆင့်၃၀ သို့ရောက်ရှိနိုင်သည်။
သူသည် အားလုံးကို ကျွမ်းကျင်သော အစီအရင်သခင် ဖြစ်သောကြောင့်ဖြစ်မည်လား။
မဖြစ်နိုင်တာတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရလဒ်များသည် တစ်ထပ်တည်းတူညီနေသော်လည်း အခြားသူများ၏ ရလဒ်များသည် ပြိုင်ပွဲတိုင်း တစ်ထပ်တည်းရမည်မဟုတ်သောကြောင့်ဖြစ်သည်။
တစ်ခုတည်းသော ရှင်းလင်းချက်မှာ သူသည် လူတိုင်း၏ ရလဒ်များကို ထိုသူတို့၏ အစီအရင်ကိုကြည့်၍ ကြိုသိသည်။ ထို့ကြောင့်၊ လူတိုင်း၏ရလဒ်များအရ၊ သူသည် အံ့မခန်းမဟုတ်သော်လည်း ရှက်စရာမဟုတ်သည့်ရလဒ်ကို ဖန်တီးခဲ့သည်။
ဒီလူဟာ ဒီလိုကြီးမားတဲ့ ပြိုင်ပွဲကြီးမှာတောင် သူ၏အဆင့်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့ကြောင့်၊ အစီအရင်ဖွဲ့စည်းမှုလမ်းကြောင်းတွင် သူ၏ အောင်မြင်မှုသည် ပထမနေရာထက်ပင် အဆပေါင်းမရေမတွက်နိုင်အောင် အားကောင်းသည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။
"ဝူရှား၊ မင်းက ဘယ်လို လူမျိုး ဆရာတင်ခဲ့တာလဲ?"
ဘုရင်ကျီနဉ်သည် သူ၏နားထင်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။
တစ်ဖက်တွင်၊ လုရှောင်ယန်သည် စစ်မှန်သောအမြင်အာရုံသုံးပါးကို ကျင့်ကြံပြီးနောက် အခန်းအပြင်သို့ ထွက်လာသည်။
ယခုလတွင်၊ ယွင်လီကောနှင့် ကျန်နှစ်ယောက်၏ ကျင့်ကြံဆင့်သည် သိပ် တိုးမလာပေ။ ယခင်ကလည်း လီချန်းရှန်သည် ရုတ်ချည်း အာကာပြင်လေ့လာခြင်းအဆင့်၏ ပထမအဆင့်သို့ တိုးလာခဲ့သည်။ သူ၏ ကျင့်ကြံမှုကို အကန့်အသတ်မရှိ တိုးမြှင့်ရန်မှာ မဖြစ်နိုင်ပေ။ ယခုလတွင် သူ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်ကြီးတစ်ခုမျှသာ တိုးလာခဲ့သည်။
ထို့ကြောင့် လုရှောင်ယန်သည် ယခု ဘုရင်အဆင့်၏ အဆင့်ရှစ်တွင် ရှိနေသေးသည်။ ဒါက သူ့ကို အရမ်းစိတ်ဓာတ်ကျစေသည်။...
“ရေတိုမှာ ငါ အဆင့်တက်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီတော့ ဒုတိယမြောက်မြင်းနက်အကြောင်း အရင်စဉ်းစားသင့်တယ်….”
***
စာစဉ် ၇ ပြီး၏။