အပိုင်း (၂၇၀)
Vol. 19 Ch. 270
ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ္တဝါတစ်ကောင်သည် ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး အင်ပါယာလက်နက်ကို ကိုင်ဆောင်ကာဖြင့် ဂိုဏ်းများကို တစ်ချက်တည်း ရိုက်နှက်ခဲ့ခြင်းပင်။ ပစ်မှတ်သည် ရိုးရှင်းလွန်းလှချေ၏။ အထူးသဖြင့် အင်ပါယာအဆင့် အစီအရင်နှင့် ကွာစီအင်ပါယာများ မရှိသော ဘိုးဘေး တည်နေရာများကို တိုက်ခိုက်ခဲ့ခြင်းပင်။ ထို့အပြင် ထိုနေရာများ အားလုံးသည် နက်နဲလှသည့် နောက်ခံ နှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ကြ၏။
"ဘာတွေဖြစ်နေတာလဲ။ ကောင်းကင်မူလလောကက သတ္တဝါတွေ ရောက်လာတာလား။"
"မဖြစ်နိုင်ဘူး။ ကောင်းကင်မူလလောကက သတ္တဝါတွေ ရောက်ရှိလာတာကို အင်ပါယာလေးယောက်က ဘယ်လိုလုပ်ပြီး သတင်းမကြားဘဲ နေမှာလဲ"
"ဟုတ်တယ်။ ကောင်းကင်မူလလောကရဲ့ သတ္တဝါတွေက ခရမ်းရောင်နက်နဲလောကအကြောင်း ဘာမှမသိကြ ဘူး"
"ဒီကြောက်စရာကောင်းတဲ့ ကျင့်ကြံသူက နေရာအနှံ့ကို တိုက်ခိုက်နေတယ်။ ရိုးရှင်းတယ်လေ။ ခရမ်းရောင် နက်နဲလောကကြီးကို အရမ်းရင်းနှီးနေတာလဲ ဖြစ်နိုင်တယ်။ ကျုပ်ထင်တာကတော့ ဒီလိုအချိန်အတောအတွင်းမှာ အခွင့်အရေးယူချင်တဲ့ အဖွဲ့အစည်းတချို့ ပေါ်ပေါက်လာတာပဲ ဖြစ်ရမယ်"
"ခရမ်းရောင်နက်နဲလောကထဲမှာ သစ္စာဖောက်တွေ ရှိနေတာလား။ ပြီးတော့ ကွာစီအင်ပါယာတစ်ယောက် ရောက်လာတာလေ"
ခရမ်းရောင်နက်နဲ လောကကြီးမှ ရေတွက်၍မရအောင် များပြားလှသည့် သတ္တဝါများသည် အပြင်းအထန် ဆွေးနွေးလျက် ရှိနေလေ၏။ အဓိကဂိုဏ်းအသီးသီးတို့သည် စတင်ကာ မသက်မသာပင် ခံစားလာခဲ့ကြရ၏။ အင်ပါယာလက်နက်ကို ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာတစ်ယောက်သည် တည်နေရာအနှံ့ကို လှည့်လည်သွားလာပြီး ဂိုဏ်းအသီးသီးကို ဖျက်ဆီးနေခဲ့၏။ ၎င်း၏ ပစ်မှတ် မည်သူဖြစ်မည်ကို မည်သူမှ မသိရှိခဲ့ချေ။
မိုယွမ်အင်ပါယာနန်းတော်၏ ပုလ္လင်ထက်တွင်တော့ ဆန်းကြယ်လှသည့် လူတစ်ယောက်သည် ထိုင်လျက် ရှိနေ၏။ ၎င်းသည် အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ဦးခေါင်းထက်တွင် ကျောက်စိမ်းသရဖူတစ်ခုက တည်ရှိလို့နေ၏။ ၎င်းသည် မျက်လုံးကို ဖွင့်ကာဖြင့် တည်နေရာအနှံ့ကို ကြည့်ရှုပြီး ကောင်းကင်တစ်ခုလုံး တုန်ယင်သွားနိုင်သည့် အော်ရာများကို ထုတ်ဖော်နေ၏။ ၎င်းသည် ထူးခြားလွန်းသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
တည်နေရာ မိုင်သန်းနှင့်ချီကို အုပ်စိုးနိုင်သည့် ထူးခြားလှသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ၎င်း၏ရှေ့၌ မည်သူမှ ဦးခေါင်းကို မမော့ရဲချေ။
"ဆယ်ရက်အတွင်း မိုင်ရှစ်သန်းလောက်ကိုပဲ သိမ်းဆည်းနိုင်တယ်။ တိုင်ပို …. မင်းကဒီအင်ပါယာကို စိတ်ပျက်စေခဲ့ပြီ"
အင်ပါယာ မိုယွမ်သည် တီးတိုးရေရွတ်လိုက်၏။ ၎င်း၏ အသံသည် ဟောခန်းတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ပြီး အားလုံးသောသူတို့၏ ကျောရိုးမကြီးများကို စိမ်တက်သွားစေခဲ့၏။ သူ၏ အေးစက်သည့်အကြည့်သည် လောကနှစ်ခုကြား ဝင်ပေါက်ကို လှမ်းကာကြည့်ရှုနေ၏။ ၎င်းသည် ကောင်းကင်မူလလောကရှိ တိုက်ပွဲတည်နေရာကို လှမ်းကာ ကြည့်ရှုလိုက်၏။
မြေပြင်ပေါ်တွင်တော့ အလောင်းများ ပြန့်ကျဲလျက် ရှိနေပြီး သွေးများသည် မြစ်ကဲ့သို့ပင် စီးဆင်းနေ၏။ ငရဲခန်းကို ရောက်ရှိသွားသကဲ့သို့ပင်။
များပြားလွန်းသည့် ကွာစီအင်ပါယာများသည် ကြမ်းတမ်းလှသည့် တိုက်ပွဲကို တိုက်ခိုက်နေကြပြီး မောပန်းလုမတတ် ဖြစ်နေကြ၏။ ဤမြင်ကွင်းသည် အင်ပါယာမိုယွမ်၏ မျက်လုံးထဲတွင် ထင်ထင်ရှားရှား သို့ပေမဲ့ သူသည် တစ်ချက်ကလေးမှ စိတ်မလှုပ်ရှားချေ။ ထာဝရတည်ငြိမ် အေးစက်လျက် ရှိနေသော ရေခဲတုံးကြီး ကဲ့သို့ပင် သူ၏ အမူအရာများက အေးစက်လွန်းလှ၏။
"တော်ဝင်အင်ပါယာ"
ထိုအချိန်မှာပဲ ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အစောင့်တစ်ယောက်သည် တစ်လှမ်းချင်း ဝင်ရောက်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်သည် တုန်ယင်လျက် ရှိနေလေ၏။ ၎င်းသည် ချက်ချင်းပဲ ဒူးထောက်ကာ အရိုအသေ ပေးလိုက်သည်။
"တော်ဝင်အင်ပါယာ …. ခရမ်းရောင် နက်နဲလောကကြီးထဲမှာ ကွာစီအင်ပါယာတစ်ယောက် ရှိနေတယ်။ သူက အင်ပါရီယန် လက်နက်ကို ကိုင်ဆောင်ပြီး ကြုံရာကို တိုက်ခိုက်နေတယ်လေ။ တော် …. တော်ဝင်အင်ပါယာ ပိုင်ဆိုင်တဲ့ နယ်မြေသုံးခုကိုတောင်မှ …."
"ပြောစမ်း" အင်ပါယာမိုယွမ်သည် အေးစက်စက် အကြည့်ဖြင့် လှမ်းကာပြောလိုက်၏။
"အဲတော်ဝင်အင်ပါယာက ဖျက်ဆီခဲ့တယ်"
အစောင့်သည် ပြောဆိုရင်း မျက်နှာတစ်ခုလုံး ဖြူလျော်လျက် ရှိနေသည်။
“ဟမ် …” အင်ပါယာမိုယွမ်၏ အမူအရာသည် မပြောင်းလဲချေ။ ထိုအရာသည် သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။ ဖြည်းညှင်းစွာ ထလာပြီးသည့်နောက် သက်ဝင်နိုးထလာခဲ့သော စစ်နတ်ဘုရားကဲ့သို့ပင် ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ အင်ပါယာတစ်ယောက်၏ ဟိတ်ဟန်များသည် လောကကြီးတစ်ခုလုံးကို ပြန့်နှံ့သွားစေ၏။ ကောင်းကင်ရှိ ဥက္ကာခဲများပင်လျှင် တုန်ခါ လာခဲ့၏။ မချိန်မရွေး ပြုတ်ကျတော့မလိုပင်။
"စစ်ပွဲက စနေပြီ။ ခရမ်းရောင်နက်နဲလောကမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်က ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူးလား" အင်ပါယာမိုယွမ်သည် တွေးတောလိုက်မိ၏။
"အင်ပါယာကို သတင်းပို့ပါတယ်။ အဲဒီ ကွာစီအင်ပါယာက အင်အားစုလေးခုကို သုတ်သင်ပြီးတဲ့နောက်မှာ သူရဲ့လမ်းကြောင်းကို သုံးသပ်ရရင် အင်ပါယာတိုင်ရဲ့ တည်နေရာဆီ ဦးတည်နေပုံပေါ်တယ်" ထိုသူသည် ဆက်လက်ကာ ပြောဆိုလိုက်သည်။
"အင်ပါယာတိုင် ဟုတ်လား"
အင်ပါယာမိုယွမ်၏ အမူအရာသည် မပြောင်းလဲချေ။ တစ်ဖက်လူသည် နတ်ဘုရားအင်ပါယာတစ်ယောက် ဖြစ်၏။ တော်ဝင်အင်ပါယာဖြစ်လာပြီးသည့်နောက် တော်ဝင်အင်ပါယာဟူသည် ဂုဏ်ပုဒ်ကို အသုံးမပြုဘဲ အင်ပါယာတိုင်ဟူသည့် ဘွဲ့ထူးကိုသာ အသုံးပြုခဲ့၏။
နာမည်မရှိသည့် ကွာစီအင်ပါယာသည် အင်ပါယာတိုင်၏ တည်နေရာဆီသို့ သွားလျက် ရှိနေ၏။ အင်ပါယာတိုင်သည် အင်ပါယာနိုင်ငံတစ်ခု၏ အုပ်စိုးသူတစ်ယောက် ဖြစ်ပြီး သည်းခံစိတ်လုံးဝ ရှိသူတစ်ယောက် မဟုတ်ချေ။
"ဟမ့် … ပုရွက်ဆိတ်ကလေး တစ်ကောင်ကို လက်တစ်ဖက်နဲ့ လွယ်လွယ်ကူကူ ဖိသတ်ပစ်လို့တောင် ရတယ်"
အင်ပါယာမိုယွမ်သည် စိတ်အေးချမ်းလျက် ရှိနေ၏။ သူ ပါးစပ်ကိုဖွင့်ကာ ပြောဆိုလိုက်သည့် အချိန်မှာပဲ အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် သူနှင့် ခုနှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေ၏။
"အဲလူဆီကိုလိုက်သွားပြီး ခေါင်းဖြတ်ခဲ့"
အင်ပါယာမိုယွမ်သည် ထူးမခြားနားသလို ပြောလိုက်၏။ ရှေ့တွင် ရှိနေသည့် ပုံရိပ်ယောင်သည် ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် ထွက်ခွာသွားခဲ့သည်။
၎င်းသည် မိုယွမ်အင်ပါယာနန်းတော်ထဲမှ ထွက်ခွာသွားခဲ့၏။ ထိုကိုယ်ပွား ထွက်ခွာသွားပြီးသည့်နောက် အင်ပါယာမိုယွမ်သည် တည်နေရာလမ်းကြောင်းကို ကြည့်ရှုလိုက်၏။ လောကနှစ်ခုကြား တိုက်ပွဲသည် တကယ်ပင် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်လျက် ရှိနေ၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် သူသည် ဤနေရာမှ ထွက်ခွာ၍ မရနိုင်ချေ။ သူလျှောက်ကာ သွားနေသည့် အချိန်တွင် ကောင်းကင်မူလလောကကြီး၏ တော်ဝင်အင်ပါယာတစ်ယောက် ဝင်ရောက်လာပါက ပြဿနာတက်မည် မဟုတ်ပါလား။
တစ်ချက်ရိုက်လိုက်ရုံနှင့် လောကရှိ သတ္တဝါအားလုံးကို သုတ်သင်ပစ်နိုင်စွမ်းရှိသော အင်ပါယာ တစ်ယောက်သာ ရုတ်တရက် ပေါ်ပေါက်လာပြီး သူ၏ နောက်လိုက်များကို သတ်ဖြတ်သွားပါက သူ၏ မျက်နှာကို မည်သည့် နေရာ သွားထားရမည်နည်း။
"အင်း ကောင်းကင်မူလလောကကြီးရဲ့ သတင်းအချက်အလက်တွေကို တော်တော်များများ စုဆောင်းပြီးပြီ ထင်တယ်" မိုယွမ်က တီးတိုးရေရွတ်လိုက်၏။
သူ့၌ ဝှက်ဖဲပေါင်းများစွာ ရှိ၏။ သူသည် တိုက်ပွဲဆီသို့ လူပေါင်းများစွာ စေလွှတ်သည့် အချိန်အတွင်း သတင်းအချက်အလက် များကို စုံစမ်းခိုင်းခဲ့သည်။ သူ့အနေဖြင့် တဖက်လောက၏ အ ပေါ်ယံ အချက်အလက်များကို သိချင်ခြင်းမဟုတ်ပေ။ နက်နဲသည့် လျှို့ဝှက်ချက်များကိုပါ သိချင်၏။ ဥပမာအားဖြင့် ကောင်းကင်မူလလောကကြီး ၏ အဓိကကလန်များထဲတွင် တော်ဝင်အင်ပါယာ အရေအတွက် မည်မျှရှိသနည်းပင်။