အပိုင်း (၂၇၂)
Vol. 19 Ch. 272
မုန့်ရှင်းကျီ၏ အမူအရာသည် ပြောင်းလဲသွားခဲ့လေ၏။ သူ၏ နှလုံးသား တစ်ခုလုံးသည်လည်း တစ်စုံတစ်ခုနှင့် ထိခိုက်သွားသလိုပင် နာကျင်သွားမိ၏။ သူ့အနေနှင့် မထွက်ခွာခင်တွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိ၏။ ဤအင်ပါယာ၏ အော်ရာသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။ အစစ်အမှန်တစ်ခု မဟုတ်သလိုပင်။ သူ့လို ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူပင်လျှင် ထိုအရာကို သတိပြုမိ၏။
“ဒါ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘူးလား”
မုန့်ရှင်းကျီသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူ၏ နတ်ဘုရား သိစိတ်ကို အသာဖြန့်ကျက်ပြီးသည့်နောက် ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကို စတင်ကာ တွက်ချက်လိုက်မိ၏။ အင်ပါယာတစ်ယောက်၏ သတိပြုမူကို ခံခဲ့ရပြီဖြစ်သောကြောင့် ယခုအချိန်မှ မပြေးလျှင် တကယ်ပင် နောက်ကျသွား ပေလိမ့်မည်။ သူ၏ ခြေထောက်ကို မြှောက်ရန် ပြင်လျက် ရှိနေတုန်းမှာပဲ နောက်ထပ် ကြောက်မက်ဖွယ်ရာကောင်းသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့ပြန်သည်။
“ကောင်းကင်မူလလောကကြီးရဲ့ မျိုးရင်း... ဒီအင်ပါယာက မင်းကို မြင်ပြီးပြီ”
အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက် သည် ရောက်ရှိလာခဲ့လေ၏။ ၎င်း၏ အသံသည် ခမ်းနားကြီးကျယ်လွန်းလှပြီး အရာအားလုံးကို အုပ်စိုးသည့် အော်ရာမျိုး ထွက်ပေါ်နေ၏။
“အင်ပါယာ နောက်တစ်ယောက်လား။ ငါ တကယ့်ကို အထင်သေးခဲ့မိတာပဲ”
မုန့်ရှင်းကျီ၏ နဖူးစပ်ဆီမှ ချွေးစေးများ ပြန်လာခဲ့တော့၏။ အရှေ့တွင် အင်ပါယာတစ်ယောက် ရှိလို့နေခဲ့ပြီး အနောက်တွင်လည်း အင်ပါယာ တစ်ယောက် ရောက်ရှိလို့ လာခဲ့၏။ ဤကဲ့သို့သော ဂရုစိုက် ပြုစုမှုမျိုးကို သာမန်အင်ပါယာများပင်လျှင် ကြုံရမည် မဟုတ်ချေ။ ဤအရာကိုသာ စောစောစီးစီး သိမည်ဆိုပါက ယခင် ဂိုဏ်းတစ်ခုကို ဖျက်ဆီးပြီးသည့်နောက် ချက်ချင်း ထွက်ခွာသွားပေလိမ့်မည်။ ကံဆိုးစွာဖြင့် အခုအချိန်မှ နောင်တရနေလျှင်တောင်မှ နောက်ကျလွန်းနေပြီ ဖြစ်သည်။
“ကောင်းကင်မူလလောကကြီး... ဟမ့်” ရွှေရောင်ဝတ်စုံနှင့်လူသည် ထူးမခြားနားသည့် မျက်လုံးများဖြင့် လှမ်းကာ ကြည့်ရှုလျက် ရှိနေလေ၏။ အင်ပါရီယာ အော်ရာများသည် ၎င်းကို လွှမ်းခြုံလျက် ရှိနေပြီး ကြယ်ကောင်းကင်ယံ တစ်ခုလုံးသည် ပြိုလဲလုမတတ် တုန်ခါလျက် ရှိနေ၏။ သက်ရှိသတ္တဝါများသည် ၎င်း၏ စိတ်ဆန္ဒအောက်တွင် တုန်ယင်လျက် ရှိနေ၏။ ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် ဖိအားဒဏ်သည် အားလုံးသောသူတို့၏ ကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။
“ငါ့ရဲ့ နေရာထဲ ဝင်ပြီး ငါ့ရဲ့လူတွေကို သတ်ဖြတ်ပစ်တယ်။ မင်းက အကြိမ်တစ်ထောင်လောက် သေသင့်တယ်” လေထုထဲတွင် ကြမ်းတမ်းလွန်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် ဖြစ်တည်လျက် ရှိနေပြီး မုန့်ရှင်းကျီဆီသို့ ရောက်ရှိလာခဲ့၏။ ထိုအရာ၌ တစ်စုံတစ်ယောက်၏ နတ်ဘုရားသိစိတ်ကိုပင် ပျက်စီးသွားစေနိုင်သည့် စွမ်းအင်များ ပါဝင်နေသည်။
ဘုန်း ဘုန်း .....။
ရွှေရောင်ဝတ်စုံနှင့်လူသည် ပထမဦးဆုံး စတင်ကာ လှုပ်ရှားလိုက်၏။ ၎င်းသည် လက်ညှိုးကို ညွှန်ပြီးသည့်နောက် ကြယ်ကောင်းကင် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ လေဟာနယ်တစ်ခုလုံးသည် ပြိုလဲလာခဲ့၏။ ရောင်စဉ်တန်းများ ထွက်ပေါ်လျက် ရှိနေပြီး ကောင်းကင်နှင့် မြေပြင်၌ လမ်းကြောင်းတစ်ခု ပွင့်လှစ် လာခဲ့၏။
“မကောင်းတော့ဘူး”
မုန့်ရှင်းကျီ၏ နှလုံးသားသည် တုန်ယင်သွားခဲ့၏။ လက်ရှိအချိန်မှာတော့ သူ၏ အားအင် အဆင့်နှင့်ပတ်သက်၍ သံသယ မရှိလှပေ။ သူ၏ ပထမဦးဆုံး ဦးစားပေး အလုပ်မှာ ထွက်ပြေးခြင်း သာလျှင် ဖြစ်၏။ ထို့အပြင် သူ လိုချင်သည်များကို အစောကြီးကတည်းက ရရှိခဲ့ပြီးသားဖြစ်သည်။
ယခု သူ၏ သွေးအဆီအနှစ်များကို ကျွမ်းလောင်စေခဲ့ပြီးသည့်နောက် ရှိရှိသမျှ စွမ်းအင်များ အားလုံးကို ထုတ်ဖော်ကာဖြင့် သက်တန့်ရောင်စဉ်ကဲ့သို့ အသွင်ပြောင်းကာ တိုက်ခိုက်ရာ တည်နေရာဆီမှ ထွက်ပြေးလိုက်၏။ မထွက်ခွာခင်မှာပဲ သူ၏ အနောက်ဘက်တွင် အင်ပါရီယာလက်နက်တစ်ခုကို ထားကာ ကာကွယ်ထားသေး၏။
ဘုန်း
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး အသူရာနဂါးကြေးအိုးကြီးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ခိုက်ချက်သည် မုန့်ရှင်းကျီဆီသို့ ကျဆင်းလာခဲ့သည်။ မုန့်ရှင်းကျီသည် အဝေးဆီသို့ လွင့်စင်သွားခဲ့ပြီးသည့်နောက် သွေးများအန်ထွက်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပဲ ဖြူလျော်သွားခဲ့၏။ လေထုထဲတွင် လွင့်စင်သွားခဲ့သော အရှိန်နှုန်းကို အခွင့်အရေး ယူပြီးသည့်နောက် သူသည် အမဲရောင်ဝတ်စုံနှင့်လူကို ကွေ့ရှောင်ကာ မြန်မြန်ဆန်ဆန် ထွက်ပြေးလိုက်သည်။
အမဲရောင်ဝတ်စုံနှင့်လူသည် အင်ပါယာမိုယွမ်၏ ကိုယ်ပွားပင် ဖြစ်လေ၏။ ရောက်ရှိလာခဲ့သည့် အင်ပါယာ နှစ်ယောက်တို့သည် ရန်ငြှိုးများ တည်ရှိနေသည် ဖြစ်သောကြောင့် အံ့အားသင့်စရာ ကောင်းလှစွာပဲ တစ်ယောက်နှင့် တစ်ယောက် ဝင်ရောက်ကာ မကူညီကြပေ။ ၎င်းသာ ဝင်ရောက်ကူညီသည်ဆိုပါက မုန့်ရှင်းကျီ အနေနှင့် အင်ပါရီယာလက်နက်ကို ကိုင်ဆွဲထားသည် ဆိုလျှင်တောင်မှ ထွက်ပြေးလွတ်မြောက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ အောင်အောင်မြင်မြင်ဖြင့် ထွက်ပြေးနိုင်သည် ဆိုလျှင်တောင်မှ အသူရာနဂါး ကြေးအိုးကြီးကို ပေးဆပ်ရပေလိမ့်မည်။
လက်ရှိအခြေအနေမှာတော့ သူနားမလည်လှချေ။ အင်ပါယာတစ်ယောက်၏ မောက်မာမှုများကိုသာ မြင်နေရ၏။ အင်ပါယာနှစ်ယောက်၏ ကိုယ်ပွားများသည် တော်ဝင်အင်ပါယာ၏ စိတ်ဆန္ဒများ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းတို့နှစ်ယောက်သည် ကွာစီအင်ပါယာ တစ်ယောက်ကို နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ရန်တော့ ဂုဏ်သိက္ခာ တရား မမဲ့လှချေ။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာသုံးခု - တစ်ယောက်သည် ထွက်ပြေးလျက် ရှိနေပြီး တစ်ခြား နှစ်ယောက်မှာတော့ အနောက်မှာ နီးနီးကပ်ကပ် လိုက်ပါနေ၏။ မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို ကျော်ဖြတ် ပြီးသည့်နောက် ၎င်းတို့သည် လေဟာနယ်ကို ချိုးဖြတ်ကာ ထွက်ခွာသွားခဲ့၏။
ခရမ်းရောင်နက်နဲလောကဆီမှ ရေတွက်လို့မရအောင် များပြားလှသည့် ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်ရပြီးသည့်နောက် အံ့အားတသင့် ဖြစ်လို့နေခဲ့၏။ ဂိုဏ်းဂဏများကို လိုက်လံကာ သုတ်သင်ရှင်းလင်းတတ်သည့် ကွာစီအင်ပါယာအား နောက်ဆုံးတွင် ဖမ်းမိသွားခဲ့လေပြီလား။
အင်ပါယာနှစ်ယောက်ကို တစ်ဆက်တည်း ပြဿနာ ရှာခဲ့ခြင်းဆိုသည်မှာ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ဂုဏ်ယူရလောက်သည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ တခြားသော ခေတ်ကာလ အသီးသီးတွင် အင်ပါရီယာ လက်နက် မရှိဘဲ အင်ပါယာတစ်ယောက်၏ လက်ထဲမှ လွတ်မြောက်သွားသည်လူဟူ၍ မည်သူရှိသနည်း။
နေ့ဝက်လောက်ကြာပြီးသည့်နောက်မှာတော့ မုန့်ရှင်းကျီသည် အရှေ့တွင် ရှိနေသည့် လေဟာနယ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးဆီမှ တလက်လက် တောက်ပနေသည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး တည်နေရာလမ်းကြောင်းဆီသို့ သူသည် ရောက်ရှိလုနီးပါး ဖြစ်နေ၏။
ဖုံးကွယ်ထားသည့် ပုံရိပ်ယောင်တည်နေရာ တစ်ခုသာဖြစ်သည်ဆိုသော်လည်း ကွာစီအင်ပါယာ တစ်ယောက်၏ အမြင်နှင့် ချက်ချင်းလှမ်းကာ မြင်နိုင်၏။ တည်နေရာလမ်းကြောင်း၏ အရှေ့ဆီသို့ မရောက်ခင်မှာပဲ မုန့်ရှင်းကျီသည် အင်ပါရီယာနှစ်ယောက်၏ လိုက်လံဖမ်းဆီးခံနေရခြင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် အဘယ်သို့ လွတ်မြောက်အောင် ကြိုးစားရမည်နည်း ဆိုသည်ကို စဉ်းစားနေမိသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်က အစကတည်းက ငါမဟုတ်ဘူးပဲ။ ငါလာခဲ့တဲ့ တည်နေရာလမ်းကြောင်းပဲ”
သူ ထိုကဲ့သို့ တွေးမိစဉ်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် လူနှစ်ယောက်သည် မုန့်ရှင်းကျီ၏ အရှေ့၌ ပေါ်ပေါက်လာခဲ့၏။
အင်ပါယာမိုယွမ်သည် အောင်းရွမ် ထားခဲ့သည့် ဖုံးကွယ်ခြင်း အစီအရင်ကို လက်တစ်ချက် ဝှေ့ယမ်းကာဖြင့် ဖျက်ဆီးလိုက်၏။ ၎င်းတို့ နှစ်ယောက်၏ အမြင်ရှေ့တွင် နက်နဲလွန်းလှသည့် တည်နေရာလမ်းကြောင်းကြီး တစ်ခုက ပေါ်ပေါက်လာခဲ့သည်။
“အမှန်ပဲ”
အင်ပါယာမိုယွမ်သည် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ ပြီးနောက် အသာလှည့်ကာဖြင့် မုန့်ရှင်းကျီကို ကြည့်ရှုပြီး ထူးမခြားနားသလို ပြောလိုက်၏။ “မင်းက ဒီအချိန်မှာ တန်ဖိုး မရှိတော့ဘူး။ သွားတော့”
လက်ကို အသာမြှောက်ပြီးနောက် ၎င်း၏ လက်ပေါ်၌ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် သင်္ကေတများ ပေါ်ပေါက်လာခဲ့၏။ ထိုသင်္ကေတသည် လေဟာနယ် တစ်ခုလုံးကို စည်းခတ်ပြီးသည့်နောက် အလုံးစုံ သတ်ဖြတ်ခြင်းကို ပြုလုပ်ရန် ပြင်ဆင်နေ၏။ သို့ပေမဲ့ သူမလုပ်ရသေးခင်မှာဘဲ ကောင်းကင်ယံအထက်ဆီမှ ကျယ်လောင်လှသော မိုးခြိမ်းသံကြီးက ထွက်ပေါ်လာခဲ့ပြီး တိမ်နှင့်လေများသည် စုဝေးလာခဲ့သည်။
ထူထဲလွန်းလှသည့် ကပ်ဘေးတိမ်များသည် မိုင်သောင်းနှင့်ချီ အကွာအဝေးကို ဖုံးလွှမ်းသွားခဲ့ပြီး မိုးခြိမ်းသံများ သည် အားလုံးသော သူတို့၏ နားထဲတွင် တဝုန်းဝုန်းနှင့် ပေါ်ပေါက်လာခဲ့လေ၏။
အလင်းတန်းများသည် လျှပ်စီး နဂါးများကဲ့သို့ပင် ပေါ်ပေါက်လာပြီး နဂါးပြာကလန် ရှေးဘိုးဘေး တည်နေရာနှင့် မနီးမဝေး တည်နေရာဆီသို့ ကျဆင်းလျက် ရှိနေ၏။ နဂါးပြာကလန်၏ ရှေးဘိုးဘေး တည်နေရာသည် နီးကပ်လျက် ရှိနေသည် ဖြစ်သောကြောင့် ၎င်းတို့ သုံးယောက်လုံးသည် ကပ်ဘေး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။