← Chapters

အပိုင်း (၂၇၃)

Vol. 19 Ch. 273

အပိုင်း (၂၇၃)

Vol. 19 Ch. 273

“ဘာတွေ ဖြစ်နေတာလဲ”

အင်ပါယာမိုယွမ်၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူသည် ချက်ချင်းပဲ အနောက်သို့ ဆုတ်ရန် ပြင်ဆင်လိုက်၏။

သူ၏ဘေးရှိ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ တည်နေရာထဲမှာ ထွက်ခွာကာဖြင့် မိုင်သောင်းချီ အကွာအဝေးဆီသို့ ဆုတ်ခွာလိုက်သည်။

“နဂါးပြာကလန်ရဲ့ ကွာစီအင်ပါယာက ‌လောကကို ဖြတ်သန်းပြီး ရောက်လာခဲ့တာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ဒီမှာ အင်ပါယာ ဖြစ်လာရတာလဲ” အင်ပါယာမိုယွမ်၏ မျက်လုံးများ၌ နဝေတိမ်တောင် အမူအရာများ ပေါ်ပေါက် လာခဲ့လေသည်။ ၎င်းသည် အခြေအနေကို ပြန်လည်ကာ သုံးသပ်လျက် ရှိနေ၏။ ကံဆိုးစွာဖြင့် သူ တကယ်ပင် စိတ်ပျက်နေမိ၏။

အင်ပါယာမိုယွမ်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ဤတည်နေရာတွင် မရှိသည် ဖြစ်သောကြောင့် ကပ်ဘေးထဲတွင် ရှိနေသည့် အရာအားလုံးကို မမြင်ရချေ။ သို့ပေမဲ့ လက်ရှိ သူသည် သိစိတ်မျှင်တစ်ခုသာလျှင် ဖြစ်သောကြောင့် အားအင်အဆင့်အရ အကန့်အသတ် ရှိလို့ နေခဲ့သည်။

နဂါး၏ စိတ်ဆန္ဒများ ပါဝင်လျက် ရှိနေသည်ကိုသာ အာရုံခံမိပြီး ထိုအရာများသည် ကောင်းကင်ကိုပင် ဖိနှိပ်ထားခဲ့လေ၏။

“မိုယွမ်... ခင်ဗျားရဲ့ တည်နေရာပိုင်နက်ထဲမှာ အင်ပါယာ ဖြစ်လာတော့မှာပဲ။ ခင်ဗျား ကြိုမသိဘူး လား” ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် လှမ်းကာ ပြောဆိုလိုက်လေ၏။ ၎င်း၏ အသံသည် ရွှေလို၊ သံလိုပင် မာကျောလွန်းလှသည်။

“ဟမ်”

မိုယွမ်သည် မျက်မှောင်ကုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် မကျေနပ်သည့် အမူအရာများ ပေါ်ပေါက် လာခဲ့၏။ “ကြိုသိရင်တောင်မှ ကျုပ်အောက်မှာ ရှိနေတဲ့ ကိစ္စရပ်တွေကို ခင်ဗျားဆီ ဘာကိစ္စ ပြောပြရမှာလဲ။ ပြောရမယ်ဆိုရင် တစ်စုံတစ်ခု လွှဲမှားနေတယ်လို့ ခင်ဗျား မခံစားရဘူးလား”

ရွှေရောင်ဝတ်စုံနှင့်လူသည် ခေါင်းကို အသာလှည့်ပြီးသည့်နောက် လေဟာနယ်ထဲတွင် ရှိနေသည့် ကောင်းကင်ဘုံ ကပ်ဘေးကြီးကို ကြည့်လိုက်၏။ ပြီးနောက် သူသည် နဂါးပြာကလန်၏ ဘိုးဘေးတည်နေရာဆီသို့ ငုံ့ကြည့်လိုက်သည်။ သူ၏မျက်နှာသွင်ပြင် တစ်ခုလုံးသည် မဲမှောင်သွား၏။ လက်ရှိအခြေအနေမှာတော့ အင်ပါယာမိုယွမ် ၏ စကားနောက်ကွယ်တွင် ရှိနေသည့် အဓိပ္ပာယ်ကို သူက နားလည်သွားခဲ့သည်။

“ခင်ဗျား သတိပြုမိသွားပြီလား” အင်ပါယာမိုယွမ်သည် ထူးမခြားနားသလို ပြောလိုက်၏။

“ဟုတ်တယ်”

နတ်ဘုရားအလင်းတန်းများ လင်းလက်လျက် ရှိနေသည့် ရွှေရောင်ဝတ်စုံနှင့်လူသည် ခေါင်းကို အသာညိတ်လိုက်၏။ ကောင်းကင်ဘုံကပ်ဘေး၏ အစပ်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောနေ၏။ ၎င်းသည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။ “အင်း... အခု အင်ပါယာ ဖြစ်လာမယ့်လူက နဂါးပြားကလန်ကလူ မဟုတ်နိုင်ဘူး”

“အမှန်ပဲ”

အင်ပါယာမိုယွမ်က ခေါင်းညိတ်လိုက်သည်။ “အင်ပါယာဖြစ်လာမယ့် ကပ်ဘေးက တကယ့်ကို အကန့်အသတ်မဲ့ ကြောက်ဖို့ကောင်းတယ်။ တကယ်လို့ နဂါးပြာကလန်က တစ်စုံတစ်ယောက်သာဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ဘိုးဘေး တည်နေရာကြီးထဲမှာ ဘယ်လိုလုပ် ကပ်ဘေးကျော်မှာလဲ။ ဒီလို ရူးကြောင်ကြောင် အလုပ်မျိုးကို ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး”

အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် ကျဆင်းလာသည့် ကပ်ဘေးကြီးသည် သူငယ်ချင်း၊ မိတ်ဆွေဟူ၍ ခွဲခြားနေလိမ့်မည် မဟုတ်ချေ။ တည်နေရာထဲတွင် ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပေလိမ့်မည်။ အင်ပါယာ အဆင့် အစီအရင်တစ်ခု၏ ကာကွယ်ပေးခြင်းကို ခံရသည် ဆိုလျှင်တောင်မှ အချိန်အကန့်အသတ် တစ်ခုထိသာ ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။ အစီအရင် ပျက်စီးသွားသည်နှင့် တပြိုင်နက် နဂါးပြာကလန် တစ်ခုလုံးသည် အလုံးစုံ ပျက်စီးခြင်းကို ရင်ဆိုင်ရပေလိမ့်မည်။

“သူ ဘယ်သူလဲ” အင်ပါယာမိုယွမ်သည် မျက်မှောင်ကုတ်ကာဖြင့် စဉ်းစားတွေးတောနေမိသည်။

“အောင်းရွှမ်”

တခြားတစ်ဖက်တွင် ရှိနေသည့် မုန့်ရှင်းကျီသည် အင်ပါယာနှစ်ယောက်နှင့် ရင်ဆိုင်နေရသည် ဖြစ်သောကြောင့် တုန်လှုပ်လျက် ရှိနေ၏။ မထင်မှတ်ထားစွာဘဲ အရေးအကြောင်း အခြေအနေမျိုးတွင် အောင်းရွှမ် သည် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူ၏ ခံစားချက်များသည် ရှုပ်ထွေးလျက် ရှိနေ၏။

ကျေးဇူးတင်မှု၊ နာကျင်မှု - ကျေးဇူးတင်မှု ဆိုသည်မှာ အောင်းရွှမ် သည် သူ အင်ပါယာနှစ်ယောက်နှင့် ရင်ဆိုင် နေသည့် အခြေအနေမျိုးတွင် အဆင့်တက်လာခဲ့သည် ဖြစ်သောကြောင့် သူ့အနေနှင့် အသက်ရှင်ခွင့် ရခဲ့၏။ နာကျင်မှု ဆိုသည်မှာတော့ သူနှင့်မျိုးဆက်တူညီသော တစ်စုံတစ်ယောက်သည် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပြီး သူကတော့ လက်ရှိအဆင့်၌ပင် တစ်လျက် ရှိနေခြင်းပင်။

သူသည် လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်ကို အသာထိကြည့်လိုက်၏။ ထိုအရာများသည် သူအင်ပါယာ တစ်ယောက် ဖြစ်လာရန်အတွက် လုံလောက်သည့် အရင်းအမြစ်များ ဖြစ်မလားဆိုသည်မှာ မသေချာလှပေ။ ထို့အပြင် စီနီယာအနေဖြင့် သူ၏ အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် ခက်ခဲမှုသည် တခြားသော သူများထက် ပိုမိုကာ မြင့်မားသည်ဟု ပြောခဲ့ဖူးသည်။

...........

ဘုန်း ဂျိန်း

အလင်းတန်းများ တောက်ပလာခဲ့ပြီးသည့်နောက် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးတွင် အော်သံများ ထွက်ပေါ် နေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် အမဲရောင်တိမ်များ စုဝေးလာခဲ့ပြီး သန်းနှင့်ချီသည့် အကွာအဝေး တည်နေရာထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့၏ နှလုံးသားထဲတွင် ကြီးမားလွန်းသည့် တောင်ကြီးကို ဖိနှိပ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားများ ဖြစ်တည်လာခဲ့၏။

လက်ရှိအခြေအနေတွင်တော့ ခရမ်းရောင်နက်နဲလောကကြီး၏ တစ်ဝက်လောက်သည် တုန်ယင်လျက် ရှိနေ၏။ လူပေါင်းများစွာတို့သည် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် ပတ်ဝန်းကျင်ကြီးကို လှမ်းကာ ကြည့်ရှုနေကြသည်။

“အင်း.. ငါတို့ ခရမ်းရောင်နက်နဲလောကကြီးထဲမှာ နောက်ထပ် တော်ဝင်အင်ပါယာတစ်ယောက် ပေါ်လာတော့ မှာလား”

အင်ပါယာမိုယွမ် အဆင့်တက်ပြီးသည့်နောက် နောက်ထပ် အင်ပါယာတစ်ယောက် ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်း တစ်သိန်းကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။

“တခြားသော အင်ပါယာတစ်ယောက်.. ဒါက ငါတို့ ခရမ်းရောင်နက်နဲ လောကကြီးကို ကောင်းကင်ကပေးတဲ့ ကောင်းချီးပဲ ဖြစ်ရမယ်”

“ဟုတ်တယ်။ အင်ပါယာမိုယွမ်က သူရဲ့အားအင်နဲ့ ကွာစီအင်ပါယာ တော်တော်များများကို တည်နေရာ ဖြတ်သန်းပြီး တိုက်ခိုက်နိုင်အောင် ကြိုးစားပေးခဲ့တယ်။ အခု အဲဒီလူ တော်တော်များများက ကောင်းကင်မူလ လောကကြီးထဲကို ရောက်ပြီးတော့ မိုင်သန်းနဲ့ချီတဲ့ အကွာအဝေးကို လွှမ်းခြုံထားနိုင်ခဲ့ပြီလေ။ အင်ပါယာငါးယောက်လုံး စုစည်းပြီး ကောင်းကင်မူလလောကကြီးထဲကို သွားလိုက်မယ်ဆိုရင် ဘယ်သူက ခုခံနိုင်မှာလဲ”

“ဒီလောက်ကြာအောင် တိုက်ခိုက်ပြီးတဲ့နောက် ကောင်းကင်မူလလောကကြီးက အင်ပါယာ တစ်ယောက်မှတောင် ထွက်ပေါ်မလာနိုင်ခဲ့ဘူး။ ကျုပ်အထင်အရဆိုရင် သူတို့ရဲ့ အားအင်အဆင့်က ပြောသလောက်လည်း ဟုတ်ပုံ မပေါ်ဘူး”

“အပြင်ပိုင်းမှာ အားကောင်းချင်ယောင် ဆောင်နေပေမယ့် အတွင်းပိုင်းမှာတော့ အားနည်းနေတာပဲ ဖြစ်မယ်။ အင်ပါယာမိုယွမ် တစ်ယောက်တည်းနဲ့တင် အားလုံးကို သတ်ဖြတ်ပစ်လို့ ရနိုင်လိမ့်မယ်”

“အင်း.. ဖြစ်နိုင်တယ်။ ခင်ဗျားပြောတာ အရမ်းကောင်းတယ်”

လေထုထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်။ ခရမ်းရောင် နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ကြောက်လန့်မှုကိုသာမက စိတ်လှုပ်ရှားမှု ကိုလည်း ခံစားမိနေကြသည်။ ၎င်းတို့၏ လောကတွင် အင်ပါယာတစ်ယောက် ထပ်မံ ပေါ်ပေါက်လာသည် ဆိုခြင်းမှာ တကယ့်ကို ကောင်းချီးပင်ဖြစ်၏။

အင်ပါယာငါးယောက်သာ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် အောင်မြင်ကြီးကျယ် ခမ်းနားလွန်းလှသည့် ခေတ်သစ်ကြီးကို ထူထောင်နိုင်တော့မှာ သေချာ၏။ ဤလူများကို အမှီအခို ပြုပြီးသည့်နောက် လောကသားများ အားလုံးတို့၏ အနာဂတ်မျိုးဆက်သစ်များသည် ကြီးကျယ်ခမ်းနားစွာ နေထိုင်ရတော့မည်။ အားလုံးသော သူတို့က မနာလိုဖြစ်မှုများနှင့် နေထိုင်ရသည့် ဘဝကို သူတို့က ရရှိတော့မှာ သေချာသည်။

“ဒါပေမဲ့ ဒီအော်ရာတွေကို မရင်းနှီးသလိုပဲ”

ကောင်းကင်ဘုံကပ်ဘေး၏ အပြင်ဘက်မှာတော့ အင်ပါယာမိုယွမ် သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ့အနေနှင့် အပြင်ဘက် လောကကြီးသို့ ထွက်လေ့ထွက်ထ ရှိသည့်လူ တစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ မရင်းနှီးသည့် အကြောင်းအရာကိုတော့ နားလည်သိရှိလို့နေ၏။ သူသည် မိုးကြိုး ကပ်ဘေးကြီး၏ အတွင်းဘက်တွင် ရှိနေသည့် အရာအားလုံးကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ကပ်ဘေးကြီးသည် တစ်စုံတစ်ခု ပြောင်းလဲသွားမလားဆိုသည်ကို သူက သိချင်နေမိ၏။

နောက်တစ်စက္ကန့် အတွင်းမှာပဲ နဂါးအော်သံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး အရပ်ရှစ်မျက်နှာ တစ်ခုလုံးကို တုန်ခါ သွားစေခဲ့၏။ ကြမ်းတမ်းလွန်းလှသည့် နဂါးတစ်ကောင်သည် မိုင်သောင်းနှင့်ချီ အကွာအဝေးကို လွှမ်းခြုံကာဖြင့် ကောင်းကင်ယံဆီသို့ ထိုးတက်လာ၏။ ၎င်း၏ အကြေးခွံဆီမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး ဖျက်ဆီးထိုးခွဲ၍ မရသည့် သံမဏိကဲ့သို့ပင် မာကျောပုံပင်။ ထိုနဂါးကြီး၏ ခန္ဓာကိုယ်သည် အဆုံးအစမဲ့ ရှည်လျားလွန်းလှ၏။ ဥက္ကာခဲကြီးတစ်ခု အရွယ်အစားမျှ ကြီးမားလွန်းလှသည့် နဂါးဦးခေါင်းကြီးသည် တိမ်များကြားမှ ထိုးထွက်လာခဲ့သည်။

All Chapters