အပိုင်း (၂၇၄)
Vol. 19 Ch. 274
“ဒါ နဂါးပြာကလန်လား”
ထိုပုံရိပ်ကို မြင်ရပြီးသည့်နောက် တစ်လောကလုံးသည် အံ့အားသင့်မိနေ၏။ နဂါးပြာကလန်ဆိုသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ခန္ဓာကိုယ်နှင့် မျိုးနွယ်စုပင် ဖြစ်သည်။ အင်ပါရီယာ အော်ရာများကို ထုတ်ဖော်ထားခြင်း မရှိဘူးဆိုလျှင်တောင်မှ ၎င်းတို့၏ ခန္ဓာကိုယ်သည် အရာအားလုံးကို သုတ်သင်ရှင်းလင်း ပစ်နိုင်သည့် အော်ရာများ ထွက်ပေါ်နေ၏။
“ခရမ်းရောင်နက်နဲလောကက သက်ရှိ မဟုတ်တာ အမှန်ပဲ” အင်ပါယာမိုယွမ်၏ မျက်နှာသည် ပြာနှမ်းသွားခဲ့၏။ သူသည် အောင်းရွှမ်ကို မြင်ရပြီးသည့်နောက် အရာအားလုံးကို နားလည်သွားမိ၏။ ကောင်းကင်မူလ လောကကြီး၏ နဂါးသာလျှင် ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲတွင် နဂါးများလည်း ပါဝင် ပတ်သက်နေ၏။ ဤနဂါးသည် တိုက်ပွဲထဲတွင် ရှိနေသည့် နဂါးများနှင့် ဆင်တူလှသည် ဆိုသော်လည်း အော်ရာမှာတော့ တကယ့်ကို ကွာခြားလွန်းလှသည်။
“ကောင်းကင်မူလလောကကြီးရဲ့ လူဘယ်လောက်များများက ဒီကို ရောက်နေတာလဲ”
အင်ပါယာမိုယွမ်သည် သဘောမတွေ့ ဖြစ်သွား၏။ သူသည် တည်နေရာလမ်းကြောင်းကို လှမ်းကြည့်ပြီးသည့်နောက် သူ၏ မျက်လုံးများ၌ မီးပွင့်များပင် ထွက်လာခဲ့၏။ သူသည် သက်ရှိနှစ်ယောက်ကို မြင်ခဲ့ပြီးပြီ ဖြစ်၏။ သူမမြင်ရသေးသည် သက်ရှိ ဘယ်နှစ်ယောက်တောင် ရှိနေမည်နည်း။
အနည်းဆုံး တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်နိုင်သည့်လူသည် အင်ပါယာတစ်ယောက် ဖြစ်လာပေလိမ့်မည်။ အင်ပါယာတစ်ယောက်၏ ကြိုးစားပေးမှုနှင့်အတူ ကွာစီအင်ပါယာနှစ်ယောက် ဤနေရာသို့ ရောက်ရှိလာလေ သည်လား။ တခြားသူနေရာမှ ပြန်ပြောင်းကာ စဉ်းစားရမည်ဆိုလျှင် သူဆိုလျှင်လည်း လူနှစ်ယောက်တည်းကို စေလွှတ်လိုက်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တည်နေရာအနှံ့တွင် ပုန်းအောင်းနေသည်လည်း ဖြစ်နိုင်၏။ အရေးအကြောင်း အခြေအနေမျိုးတွင် ထွက်ပေါ်လာကာဖြင့် တိုက်ခိုက်ရန် စီစဉ်ထားခဲ့လေသည်လား။
“အင်း... တည်နေရာ ဖြတ်သန်းပြီး ရောက်ရှိလာတဲ့ သက်ရှိတွေက စုံစမ်းဖို့ လာတာပဲ ဖြစ်ရမယ်” အင်ပါယာမိုယွမ်သည် အေးစက်စက် လေသံဖြင့် ပြောဆိုလိုက်၏။
ဘုန်း
နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး မိုးကြိုးပင်လယ်ကြီး တစ်ခု ဖြစ်တည်လာခဲ့၏။ ထိုကပ်ဘေးကြီး၏ အလယ်တွင် ရှိနေသည့် အောင်းရွှမ်သည် လက်သည်းကြီးကို မြှောက်ကာဖြင့် ကျဆင်းလာခဲ့သည့် မိုးကြိုးသွားများကို ဖယ်ရှားလျက် ရှိနေ၏။ ဤအရာသည် ပြိုင်ဘက်ကင်းလှသည်ဆိုသော အော်ရာကို ထုတ်ဖော်နေခြင်းပင်။
“ဟမ်... သူက သူ့ရဲ့အင်ပါယာလက်နက်ကို သန့်စင်နေတာပဲ” ရွှေရောင်ဝတ်စုံနှင့်လူသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ ဤမြင်ကွင်းသည် သူအရင်က ကြုံဖူးသည့် မြင်ကွင်းမျိုးဖြစ်ပြီး တော်တော်လည်း ရင်းနှီးနေသည်။
“သူ အင်ပါယာ ဖြစ်လာခါနီး အခြေအနေမျိုးမှာ ကျုပ်တို့ စီစဉ်စရာရှိတာ စီစဉ်ရမယ်”
အင်ပါယာမိုယွမ်၏ မျက်လုံးများသည် အေးစက်သည့် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် တောက်ပလျက် ရှိ၏။
အချိန်များသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့၏။ မျက်စိတမှိတ်အတွင်း သုံးရက် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ကောင်းကင်ဘုံကပ်ဘေးသည် ဆက်လက်ကာ ဖြစ်ပေါ်လျက်ရှိပြီး ၎င်းဆီမှ ထွက်ပေါ်လျက် ရှိနေသည့် စွမ်းအင်များကလည်း ကြောက်ခမန်းလိလိပင်။ မိုးကြိုးကပ်ဘေးကြီး၏ အလယ်တွင် ရှိနေသည့် အောင်းရွှမ်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်လို့နေသည်။
ဘုန်း
နောက်ထပ် ထူထဲကြီးမားလွန်းလှသည့် မိုးကြိုးကြီးတစ်ခု ဆင်းသက်လာခဲ့ပြီးသည့်နောက် အောင်းရွမ်၏ ခန္ဓာကိုယ် အရေပြားတစ်ချို့သည် ပွင့်ထွက်သွားခဲ့လေ၏။ အကြေးခွံများသည် အဝေးဆီသို့ လွင့်စင်သွားခဲ့ပြီး နီရဲလှသည့် သွေးများသည် တည်နေရာအနှံ့ဆီသို့ ကျဆင်းလာခဲ့၏။ ရွှေရောင်နဂါးသွေးများသည် လေဟာနယ်ထဲတွင် လွင့်မျောနေ၏။ နတ်ဘုရားရောင်စဉ်များ ထွန်းတောက်လျက် ရှိနေပြီး မိုးကြိုးအလင်းတန်းများ သည် ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံနေ၏။
တည်နေရာကြီး တစ်ခုလုံးသည် အပျက်အစီးပုံကဲ့သို့ပင် ပြောင်းလဲနေပြီး အလုံးစုံ ဖျက်ဆီးခြင်းကို ခံထားရသည့် ကုန်းမြေကြီး ကဲ့သို့ပင်။ ဤကဲ့သို့ တစ်စုံတစ်ယောက် အင်ပါယာဖြစ်လာသည့် မြင်ကွင်းသည် ကြောက်ခမန်း လိလိပင် ဖြစ်လေ၏။ ဤအရာကို မကျော်ဖြတ်နိုင်သည့် လူများသည် သေဆုံးသွားမှာဖြစ်ပြီး ကြုံတွေ့ ဖြတ်သန်းခဲ့ပြီးသည့် လူများသည်လည်း ထိုအရာကို ထပ်မံကာ မကြုံဆုံလောက်သည်အထိ ထိခိုက်နာကျင်ရသည့် ကပ်ဘေးကြီးပင်။
ဘုန်း
မိုးကြိုးကပ်ဘေးကြီး ထပ်မံကာ ကျဆင်းလာခဲ့ပြန်၏။ ဤတစ်ကြိမ်မှာတော့ စွမ်းအင်သည် အများကြီး အားနည်း လာခဲ့လေ၏။ အောင်းရွှမ်သည် ကျယ်လောင်စွာ အော်ဟစ်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ကြီးအား ကောင်းကင်ယံဆီသို့ ပျံတက်လိုက်၏။ နဂါး၏ စိတ်ဆန္ဒများသည် ကောင်းကင်ယံတစ်ခုလုံးကို ဖြတ်သန်း သွားခဲ့ပြီး ကျယ်လောင်လှသော အော်သံကြီးနှင့်အတူ ကျယ်ပြောလှသည့် ကပ်ဘေးတိမ်များကို လွင့်စင်သွားစေ၏။
ဝုန်း
နဂါးအော်သံသည် ဘုံကိုးပါး တစ်ခုလုံးကိုပင် ပဲ့တင်ထပ်စေခဲ့၏။ အောင်းရွှမ်၏ အနီးအနားတွင် ရှိနေသည့် ဥက္ကာခဲ ကြယ်စင်စုများသည် ပေါက်ကွဲထွက်ကုန်၏။ အောင်းရွှမ်သည် တဖြည်းဖြည်းနှင့် အသွင်ပြောင်းလာခဲ့လေပြီ ဖြစ်၏။ ၎င်း၏ အင်ပါရီယာ အော်ရာများသည် ဒီရေလှိုင်းကဲ့သို့ပင် သက်ရှိသတ္တဝါများ အားလုံးကို ဖိနှိပ်ထားခဲ့သည်။
“ကျုပ်က နဂါးအင်ပါယာပဲ။ ရန်သူအားလုံးကို အုပ်စိုးပြီးတော့ သတ်ဖြတ်ပစ်မယ်”
အောင်းရွှမ်၏ အော်သံက ထွက်ပေါ်လာ၏။
၎င်းသည် လက်ရှိအခြေအနေမှာတော့ အင်ပါယာတစ်ယောက်၏ အော်ရာများကို ထုတ်ဖော်လျက် ရှိနေလေ၏။ အင်ပါယာ ဖြစ်ပြီးသည့်နောက်မှာတော့ သူသည် သက်ရှိသတ္တဝါများကို ဖိနှိပ်နိုင်စွမ်း ရှိနေသည့် အော်ရာများကို ပိုင်ဆိုင်လာခဲ့၏။ ထိုစကားစုကို ပြောပြောပြီးချင်းမှာပဲ အောင်းရွှမ်သည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှုလိုက်သည်။
သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အင်ပါယာမိုယွမ်နှင့် တခြားတစ်ယောက်ကို ကြည့်ရှုလိုက်၏။ အင်ပါယာ ဖြစ်ပြီးသည့်နောက်မှာတော့ သူ၏အဆင့်သည် မတည်ငြိမ်သေးချေ။ ကောင်းကင်ဘုံကပ်ဘေးကို ခုခံခဲ့ရသည့် အတွက် ဒဏ်ရာများလည်း ရခဲ့သေး၏။ သို့ပေမဲ့ သူသည် အင်ပါရီယာ စိတ်ဆန္ဒများကို ဖုံးကွယ်၍ မရနိုင်ချေ။
သူ့အနေနှင့် ဤနေရာတွင် ရှိနေသည့် တစ်ယောက်၊ နှစ်ယောက်လောက်ကို မသတ်ဖြတ်ခဲ့ဘူး ဆိုပါက ခရမ်းရောင် နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိများသည် ကောင်းကင်မူလလောကကြီးကို အထင်အမြင်သေးနေ ပေလိမ့်မည်။
“ခင်ဗျားတို့ နှစ်ယောက်”
အောင်းရွမ်သည် အေးစက်စက် ပြောလိုက်၏။ သူ၏ နဂါးလက်သည်းကို အသာ ဆန့်ထုတ်ပြီးသည့်နောက် အင်ပါယာတစ်ယောက်၏ သွေးချီများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ အင်ပါယာတစ်ယောက်၏ ထောင်နှင့်သောင်းနှင့်ချီသည့် ဖိအားဒဏ်ကြီးသည် လက်တစ်ဖက်နှင့်ပင် လူပေါင်း များစွာတို့ကို ဖျက်ဆီးလေ၏။
တစ်ဖက်ကိုယ်ပွားနှစ်ယောက်ကို သတ်ဖြတ်ခြင်းအားဖြင့် ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိ သတ္တဝါများသည် ကောင်းကင်မူလလောကကြီး အနေနှင့် အားနည်းလှသည် မဟုတ်ကြောင်း ထုတ်ဖော်ပြသနိုင် ခဲ့ခြင်းပင်။ ယခုမှစ၍ တိုက်ခိုက်မှုနှင့် ခုခံမှု၏ နေရာသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဘုန်း
နဂါးလက်သည်းသည် လေဟာနယ်ကို ချိုးဖြတ်ပြီးသည့်နောက် ရုတ်တရက် ပြောင်းလဲမှုက ဖြစ်ပေါ်လာခဲ့၏။
ချလွမ်
ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဓားအလင်းတန်းသည် လေဟာနယ်ကို ဖြတ်သန်းလာပြီးသည့်နောက် အဝေးတစ်နေရာတွင် ရှိနေသည့် ကောင်းကင်လေဟာနယ် တစ်ခုလုံးကို ထိုးခွဲသွားခဲ့၏။ ဓားအလင်းသည် တကယ်ကို ကြီးမားလွန်းလှပြီး လောကကြီးတစ်ခုလုံးကို နှစ်ပိုင်းခွဲလုမတတ်ပင်။
ဝုန်း
တခြားသော တစ်ဖက်မှာတော့ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံဆီသို့ အမဲရောင် လက်ကြီးတစ်ခုက ကျဆင်းလာခဲ့၏။ ၎င်း၏ လက်ချောင်းများသည် နေနှင့်လကိုပါ လွှမ်းခြုံထားခဲ့၏။
ဒွီ
တစ်ချိန်တည်းမှာပဲ အင်ပါရီယာ အော်ရာများကို သယ်ဆောင်လာသည့် လက်သီးရိပ်ကြီး တစ်ခုသည် ဘုံကိုးပါးကို လွှမ်းခြုံကာဖြင့် ရောက်ရှိလာခဲ့၏။ ၎င်းသည် လေဟာနယ်ဆီမှ မြန်မြန်ဆန်ဆန် ကျဆင်းလာခဲ့သည်။
“ကျုပ်” အောင်းရွှမ်သည် ဆွံ့အသွားခဲ့၏။
ဘာတွေဖြစ်နေသနည်း။ သူ အခုမှ အင်ပါယာဖြစ်လာသေးသည်။ တိုက်ပင် မတိုက်ရသေးချေ။ သို့ပေမဲ့ အဘယ်ကြောင့် အင်ပါယာ သုံးယောက်တို့သည် သူ့အား တပြိုင်နက်တည်း ဝင်ကာ တိုက်ခိုက်ရသနည်း။ သူ့ကို သတ်ဖြတ်ရန် ကြိုးစားနေလေသည်လား။
သူ အင်ပါယာ ဖြစ်လာသည်မှာ ဆယ့်ငါးမိနစ်ပင် မကြာသေးချေ။ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီ ကတည်းက အင်ပါယာဖြစ်လာခဲ့သည့် လူသုံးယောက်သည် သူ့ကို ဝိုင်းဝန်းကာ တိုက်ခိုက်နေခဲ့၏။ သူတို့သည် တူညီသည့် အားအင်အဆင့်တွင် တည်ရှိနေခဲ့သည်လား။ အင်ပါယာသုံးယောက်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သူသည် အသက်ရှင်သန်ရန် နည်းလမ်း မရှိချေ။
“ပြေး”
အောင်းရွှမ်၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုတည်းသာလျှင် တည်ရှိနေ၏။ လက်ရှိအချိန်မှာတော့ သူသည် နဂါးအင်ပါယာ ဖြစ်လာသည်ဆိုသည့်အကြောင်းအား ဂရုမစိုက်နိုင်တော့ချေ။ သူ၏ အသက် ဆက်လက်တည်ရှိ နိုင်ရန်သာ ခေါင်းထဲ၌ တည်ရှိနေ၏။ သူသည် အသာလှည့်ပြီးသည့်နောက် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ တည်နေရာလမ်းကြောင်းထဲသို့ ပြေးဝင်လိုက်၏။
“ခင်ဗျား လွတ်မှာလား”
“ကျူးကျော်သူ သေစမ်း”
“သောက်ရူး.. မြန်မြန်ဆန်ဆန် သတ်စမ်းကွာ”
အေးစက်လှသည့် အသံသုံးခုသည် တည်နေရာအနှံ့ဆီမှ ထွက်ပေါ်လျက် ရှိနေလေ၏။
“ဟမ်... အောင်းရွှမ် ဘယ်လိုဖြစ်ပြီးတော့ ပြေးသွားရတာလဲ” မုန့်ရှင်းကျီသည် မတ်မတ်ရပ်လျက် ရှိနေသည်။
သူသည် အရာအားလုံးကို လွှမ်းခြုံလျက် ရှိနေသည့် ကြောက်မက်ဖွယ်ရာ အလင်းတန်း သုံးခုကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် တရိပ်ရိပ် ပျောက်ကွယ်သွားလေပြီဖြစ်သည့် အောင်းရွမ်ကို လှမ်းကြည့်ကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အဘိုးကြီး... ကျုပ်ကိုလည်း ခေါ်သွားအုံးလေ။ ကျုပ် ဒီနေရာမှာ ကျန်ခဲ့ပြီ”