အပိုင်း (၂၇၉)
Vol. 19 Ch. 279
.......
“ခရမ်းရောင်နက်နဲလောကကြီးရဲ့ တစ်ခြားသော အင်ပါယာနှစ်ယောက်က ဘယ်အချိန်မှာ ရောက်ရှိလာပြီး ဘယ်ကိုသွားမလဲဆိုတာကို ခင်ဗျားသိချင်တာလား” လီယွင်သည် တစ်ဖက်လူကို လှမ်းကြည့်ကာဖြင့် အမှတ်တမဲ့ ပြန်လည်ကာ မေးမြန်းလိုက်၏။
“စီနီယာဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး”
အောင်းရွှမ်သည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။ သူ၏နှလုံးသားထဲတွင် ချီးကျူးမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူ၏ တော်ဝင်အင်ပါယာ အဆင့် ကျင့်ကြံခြင်းအဆင့်သည် စီနီယာ့ အရှေ့၌ ဘာမှမဟုတ်ပေ။ စီနီယာသည် တစ်ကယ့်ကို မယုံကြည်နိုင်လောက်စရာ လူပင်ဖြစ်လေသည်။
သူသည် ကွာစီအင်ပါယာလက်နက် တစ်ခုကို ကမ်းပေးခဲ့၏။ ပြီးနောက် နဂါးပြာကလန်၏ ဘိုးဘေး နယ်မြေထဲတွင် ရှိနေသည့် အရာကို လက်ခံရယူခဲ့၏။ နှစ်ပေါင်းများစွာ စုစည်းထားခဲ့သည့် နဂါးပြာကလန်၏ အမွေအနှစ်များ အားလုံးတို့သည် လက်ရှိ သူ၏လက်တွင်းသို့ ရောက်ရှိနေပြီဖြစ်၏။ နဂါးပြာကလန်၏ အင်ပါရီယာကျမ်းစာတောင်မှ သူ၏ ပိုင်ဆိုင်မှုအဖြစ် ဖြစ်လာခဲ့၏။ တစ်ချိန်တည်းမှာပဲ သူသည် တော်ဝင် အင်ပါယာတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီ ဖြစ်၏။
ပေးဆပ်ခဲ့ရသည့် အရာအားလုံးသည် ပြန်လည်ကာ ကာမိရုံသာမက သူ့အတွက် ပိုမိုကာပင် အကျိုးအမြတ် ဖြစ်ထွန်းခဲ့သေး၏။ နဂါးကလန်သည် အစောကြီး ကတည်းက ချမ်းသာပြီးသားဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ တစ်ကယ့်ကို ပိုးစိုးပက်စက် ချမ်းသာသည့် အခြေအနေဆီသို့ ရောက်ရှိသွားသည်ဟုပင် ပြောဆိုနိုင်သည်။
“သတင်းအချက်အလက်ရဲ့ တန်ဖိုးက ကွာစီအင်ပါယာလက်နက် တစ်ခုထက်ပိုပြီး တန်တယ်။ ခရမ်းရောင် နက်နဲလောကကြီးထဲကို ရောက်ခဲ့ဖူးတဲ့ ခင်ဗျားတို့နှစ်ယောက်က ပိုပြီးနားလည်မှာပေါ့။ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ” လီယွင်သည် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်၏။
ဆွေးနွေးညှိနှိုင်းလျက် ရှိနေသည့် အောင်းရွှမ်သည် ကွာစီအင်ပါယာလက်နက်တစ်ခုကို ထုတ်ပေးခဲ့၏။ သို့ပေမဲ့ လီယွင်အနေနှင့် လုံလောက်မှု မရှိဟု ခံစားနေမိ၏။ သူ့အနေနှင့် လွယ်လွယ်ကူကူနှင့် တစ်ဖက်လူများကို သတင်းအချက်အလက်များ ပေးအပ်လိမ့်မည် မဟုတ်ချေ။
“အင်း”
အောင်းရွှမ်၏ အမူအယာသည် ပျက်ယွင်းသွား၏။ သူသည် နဂါးပြာကလန်၏ အမွေအနှစ်များ အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းခဲ့ပြီးသား ဖြစ်၏။ ထိုအရာများ အားလုံးကို အသက်ကယ်သည့် ကျေးဇူးအနေဖြင့် စီနီယာကို ပေးအပ်ခဲ့ရသည်။ ယခု နောက်ထပ် ကွာစီအင်ပါယာ လက်နက်တစ်ခုကို ထုတ်ကာပေးခဲ့သေး၏။ ပြောရမည်ဆိုလျှင် သူ့၌ဘာမှမကျန်တော့ချေ။
သူ၏ ခန္ဓာကိုယ်ကြီးသာလျှင် ကျန်တော့၏။ ပြီးနောက် အင်ပါရီယာ ကျမ်းစာတစ်ခုနှင့် အသစ် ဖန်တီးထားသည့် အင်ပါရီယာလက်နက် တစ်ခုသာလျှင် ကျန်၏။ သူ၏ အင်ပါရီယာလက်နက်နှင့် အင်ပါရီယာ ခန္ဓာကိုယ်သည် အကန့်အသတ်ဖြင့်တည်ရှိနေ၏။ နဂါးပြာကလန်နှင့် နဂါးကလန်တို့သည် တူညီသည့်မျိုးရင်းများမှ ဖြစ်တည်လာသည် ဖြစ်သောကြောင့် နဂါးကလန်နှင့်ပတ်သက်၍ အင်ပါရီယာ ခန္ဓာကိုယ်သည် သူ့ကို အကျိုးကျေးဇူးများ ရရှိစေခဲ့၏။ ထို့ကြောင့် သူသည် ထိုအရာကို သိမ်းဆည်းရပေလိမ့်မည်။
သေသေချာချာ ဆုံးဖြတ်ပြီးသည့်နောက်မှာတော့ အင်ပါရီယာကျမ်းစာ ကို သူထုတ်ပေးလို့ ရနိုင်သည် ဖြစ်ကြောင်းကို သုံးသပ်လိုက်မိ၏။ လူသားများနှင့်မတူဘဲ နဂါးကလန်သည် ၎င်းတို့၏ ပြိုင်ဘက်ကင်း နတ်ဘုရားအတက်နှင့် နည်းစနစ်များ တည်ရှိနေခဲ့၏။ သွေးမျိုးဆက်၏ အမွေအနှစ်များကို ဆက်ခံရရှိပြီးသည့်နောက် ကျင့်ကြံရသည့် အရာမျိုးပင်။
မွန်းစတား တော်ဝင်အင်ပါယာ တော်တော်များများသည် အင်ပါရီယာ ကျမ်းစာတစ်ခုသာလျှင် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်လမ်းစဉ်သည် ကြိုတင်ကာ စဉ်းစားဆုံးဖြတ်ပြီးသား ဖြစ်သောကြောင့်ပင်။ သူတို့သည် ဘိုးဘေးများ၏ လမ်းစဉ်ကို လိုက်ပါရပေလိမ့်မည်။ လူသားနှင့် မတူညီ ခြားနားစွာပင် ၎င်းတို့သည် အနာဂတ်သည် ကြိုတင်ကာ ချမှတ်ပြီးသားကဲ့သို့ပင်။
နာကျင်သည့် အရာမျိုးဖြစ်သည်ဆိုလျှင်တောင်မှ အင်ပါရီယာကျမ်းစာတစ်ခုကို ထုတ်ပေးခြင်း ဆိုသည်မှာ အဆင်ပြေသည့် အရာပင်ဖြစ်၏။ ထို့ပြင် သူကျင့်ကြံ၍ မရသည်ဖြစ်သောကြောင့် အလှကြည့်ရုံ သက်သက်သာလျှင် ရှိ၏။ တစ်ခြားသော တစ်စုံတစ်ယောက်သည် နဂါးကလန်၏ အမွေအနှစ်များကို ရရှိသည် ဆိုပါက ကျိန်းသေပေါက် သွေးမျိုးဆက် ကန့်သတ်ခြင်းကို ခံထားရသည်ဖြစ်သောကြောင့် ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ချေ။
“စီနီယာ နဂါးပြာကလန်ရဲ့ အင်ပါရီယာကျမ်းစာနဲ့ဆိုရင်ရော လုံလောက်ရဲ့လား” အောင်းရွှမ်သည် အသာ မေးမြန်းလိုက်၏။
“လုံလောက်တာပေါ့” လီယွင်က ခေါင်းညိတ်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သိန်း ခြောက်သောင်းကို အသုံးပြုပြီးသည့်နောက် စနစ်ကို စစ်ဆေးကာ ပြောလိုက်သည်။
“တစ်လအတွင်း အင်ပါယာတိုင်နှင့် ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာတို့က နယ်မြေကို ဖြတ်သန်းပြီး ရောက်ရှိလာလိမ့်မယ်။ တည်နေရာလမ်းကြောင်းက ရွှေတောင်ပံတော်ဝင်ဖန်းကလန်ရဲ့ ဘိုးဘေးနယ်မြေ အရှေ့ မိုင်တစ်ထောင် အကွာအဝေးမှာ ရှိလိမ့်မယ်။
“နှစ်ယောက် ဟုတ်လား”
အောင်းရွှမ်သည် အံ့အားသင့်သွား၏။ အင်ပါယာနှစ်ယောက်သည် အဘယ့်ကြောင့် တူညီသည့် လမ်းကြောင်းတစ်ခုကို အသုံးပြုနိုင်ရသနည်း။ ယခင် အင်ပါယာမိုယွမ် အသုံးပြုခဲ့သည့် လမ်းကြောင်းကို ထည့်သွင်းကာ စဉ်းစားရမည်ဆိုလျှင် အင်ပါယာသုံးယောက် ရောက်ရှိလာလိမ့်မည်လား။
“ကျုပ်ပြောသလိုပဲ။ ခင်ဗျားတို့ နယ်မြေကို ဖြတ်သန်းသွားခဲ့တဲ့အချိန်မှာ အနာဂတ်က ပြောင်းလဲသွားခဲ့ပြီ” လီယွင်က အသာပြောလိုက်သည်။
မူလအားဖြင့် အင်ပါယာတိုင်အနေဖြင့် ကောင်းကင်မူလလောကဆီသို့ ရောက်ရှိလာရန်အတွက် သုံးလ ကြာမြင့်မည် ဖြစ်ပြီး ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာအတွက်တော့ တစ်နှစ်နီးပါးခန့် ကြာမြင့်မည် ဖြစ်၏။
သို့ပေမဲ့ လီယွင်၏ ကြားဝင်ရှုပ်ထွေးမှုကြောင့် ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာ၏ တည်နေရာ လမ်းကြောင်းသည် ပျက်စီးသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် ပြန်လည်တည်ဆောက်ရပေတော့မည်။ အချိန်အကန့်အသတ်ကလည်း တည်ရှိနေသည် ဖြစ်သောကြောင့် ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် အင်ပါယာတိုင်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ရွေးချယ်ခဲ့လေသည်။
အသေးစိတ် အချက်အလက်များအား လီယွင်က ထုတ်ဖော်မပြောခဲ့ကြပေ။ အင်ပါယာနှစ်ယောက် ဤလောကကြီးထဲတွင် တစ်လအကြာ၌ ပေါ်ပေါက်လာမည်ဟု အောင်းရွှမ်ကို သတင်းပေးခဲ့ခြင်းသည် လုံလောက်သည့် အကြောင်းအရာပင် ဖြစ်၏။
“ဒါနဲ့”
လီယွင်သည် တစ်စုံတစ်ခုကို သတိရသွားသည့်ပုံပေါ်၏။ ပြီးနောက် ထပ်ကာ ပြောလိုက်သည်။ “အင်ပါယာမိုယွမ်ရဲ့ အားအင်စုတွေက သူတို့ရဲ့တိုက်ခိုက်မှု စွမ်းအင်တွေကို ပင်လယ်ဒေသဆီကို ဖြန့်ကျက် လိုက်ကြပြီ။ ပင်လယ်ထဲမှာရှိတဲ့ ကလန်တွေက လက်ရှိမှာ နောက်ဆုတ်နေရတယ်။ ခင်ဗျား ခုချိန်မပြန်ဘူးဆိုရင် ခင်ဗျားတို့ကလန်ကတော့ ဒုက္ခရောက်ဖို့များမယ်”
အင်ပါယာမိုယွမ်သည် ပင်လယ်ဒေသကို တိုက်ခိုက်ရန် ပြောင်းလဲလိုက်ခြင်းသည် လူသားမျိုးနွယ်များကို မျက်နှာသာပေးခြင်းသာ ဖြစ်၏။ လူသားမျိုးနွယ်များသည် ကြာရှည်ကာ တိုက်ခိုက်ခဲ့သည်ဖြစ်သောကြောင့် မောပန်းနွမ်းနယ်နေကြပြီ ဖြစ်၏။ ဆက်လက်ကာ တိုက်ခိုက်မည်ဆိုပါက ကွာစီအင်ပါယာများပင်လျှင် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထိုအချိန်မျိုးတွင် အင်ပါယာမိုယွမ်မှာ ၎င်း၏ ပစ်မှတ်ကို ပြောင်းလဲခဲ့၏။ နဂါးကလန်သည် ၎င်းတို့၏ ပစ်မှတ်အသစ် ဖြစ်လာခဲ့၏။ များပြားလှသော ဂိုဏ်းအသီးသီးတို့သည် ပူးပေါင်းကာ ခုခံရမည် ဆိုသော်လည်း တခြားသောလောကဆီမှ ရှုပ်ထွေးလှသည့် အင်အားစုများ ရောက်ရှိလာကာ တိုက်ခိုက်သည် ဖြစ်သောကြောင့် ကောင်းကင်မူလလောကကြီး၏ မျိုးနွယ်များသည် ကြီးမားလှသည့် ဖိအားဒဏ်ကို ခံစားနေရ၏။ မကြာခင်မှာပဲ ၎င်းတို့၏ အကာအကွယ်များသည် စတင်ကာ ပြိုလဲလာပေတော့မည်။
“ဘာ”
အောင်းရွှမ်၏ အမူအယာသည် ချက်ခြင်းပြောင်းလဲသွား၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောဆိုလိုက်၏။ “မိုယွမ်က ကျုပ်ရဲ့ နဂါးကလန်ကို ပစ်မှတ်ထားတာလား၊ ကျုပ်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ ရတဲ့လူလို့ ထင်နေတာလား”
သူဒဏ်ရာတချို့ ရရှိခဲ့သည်ဆိုလျှင်တောင်မှ မိုယွမ်သည် စီနီယာ၏ တိုက်ခိုက်မှုကို ခုခံခဲ့ရသေး၏။ လက်ရှိ အခြေအနေအနေနှင့် ထိပ်ဆုံးအချိန်၌ မရှိနိုင်လောက်ပေ။ သို့ပေမဲ့ သူသာ တိုက်ခိုက်မည်ဆိုပါက အချိန် အနည်းငယ်အကြာ ခုခံထားနိုင်မည်ဟု ယုံကြည်နေမိ၏။ အစစ်အမှန် တိုက်ပွဲ၏ ဖြစ်ပေါ်လာသည့် ရလဒ်သည် မသေချာလှပေ။
“ကျုပ်အခု သွားပြီးတော့ မိုယွမ်နဲ့ တွေ့ရမယ်”
အောင်းရွှမ်သည် အေးစက်စက် ပြောလိုက်၏။ သူသည် လီယွင်ကို အသာဦးညွတ်ကာ နှုတ်ဆက်လိုက်၏။ “ကျုပ် အခု သွားလိုက်ပါအုံးမယ်”
“ကောင်းပြီ”
လီယွင်က ခေါင်းညိတ်လိုက်၏။ လီယွင်၏ အတည်ပြုမှုကို ရရှိပြီးသည့်နောက် အောင်းရွှမ်သည် အချိန် မဖြုန်းတော့ချေ။ တော်ဝင်သဲကန္တာရမြို့ဆီမှ အပြင်ဘက်ဆီသို့ လှမ်းထွက်သွားခဲ့၏။ အပြင်ဘက် လောကဆီသို့ ရောက်ရောက်ချင်းမှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အင်ပါယာအော်ရာများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်သွားခဲ့ပြီး မိုင်တစ်ထောင်နီးပါးခန့် ကြီးမားလှသည့် အသူရာနဂါးကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်း ထွက်ခွာသွားခဲ့သည်။
အင်ပါယာတစ်ယောက်ဖြစ်ပြီးနောက် အောင်းရွှမ်၏ နာမည်သည် အင်ပါယာဆက်ခံသူ စာရင်း၌ ပျောက်ကွယ်သွားပြီ ဖြစ်၏။ တလောကလုံးမှ လူများသည်လည်း အံချီးနပမ်း ဖြစ်လို့နေခဲ့၏။ တချို့သောသူများသည် တုန်လှုပ်လျက် ရှိနေကြပြီး တချို့မှာမူ ပျော်ရွှင်လျက် ရှိနေ၏။
အောင်းရွှမ်တစ်ယောက် အင်ပါယာဖြစ်ခြင်းသည် ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် အသင်္ချေ များပြားသော မျိုးနွယ်စုများအတွက် အလွန်ကောင်းမွန်လှသည့် သတင်းအချက်အလက်ပင် ဖြစ်လေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ခရမ်းရောင်နက်နဲလောက၏ ကျူးကျော်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ရန် ရုန်းကန်နေရသည် မဟုတ်ပါလား။
အင်ပါယာတစ်ယောက် ပေါ်ပေါက်လာခြင်းဆိုသည်မှာ လူပေါင်းများစွာတို့ကို စိတ်သက်သာရာ ရစေခဲ့၏။ အင်ပါယာတစ်ယောက် ဖြစ်လာခဲ့သည်ဟု မသေချာ မရေရာ ဖြစ်နေသော အင်ပါယာလင်းရှောင်နှင့် သာ ပူးပေါင်းလိုက်သည် ဆိုပါက ကောင်းကင်မူလလောကကြီး၏ လက်ရှိအားအင်အဆင့်သည် လုံးဝအားမနည်း တော့ချေ။
ကံဆိုးစွာဖြင့် လင်းကလန်၏ ကွာစီအင်ပါယာ၊ ရီကလန်၏ ကွာစီအင်ပါယာနှင့် တိုက်ပွဲတွင် ပူးပေါင်း ပါဝင်ခဲ့ကြသည့် တစ်ခြားသော လူခြောက်ယောက်၊ ခုနှစ်ယောက်တို့သည် ခရမ်းရောင်နက်နဲလောကရှိ အင်ပါယာနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။
လက်ရှိအခြေအနေမှာတော့ သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရှိ သတင်းအချက်အလက်များကို မဝယ်ယူနိုင်ခဲ့ကြချေ။ မဟုတ်ပါက ၎င်းတို့၏ အခြေခံနှင့် ကောင်းကင်မူလလောကကြီးသည် အင်ပါယာ အသစ်များသာ တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာပေလိမ့်မည်။ ထိုကဲ့သို့သာ ဖြစ်လာသည်ဆိုပါက ခရမ်းရောင်နက်နဲလောကရှိ ကွာစီအင်ပါယာများကို ကိုင်တွယ်သည့်နေရာတွင် လုံလောက်သည်ထက်ပင် သာလွန်သွားပေလိမ့်မည်။ အင်ပါယာများ၏ အရေအတွက် နှစ်ဆခန့် တိုးတက်ခြင်းဆိုသည်မှာ အလွန်ကောင်းမွန်လှသည် မဟုတ်ပါလား။
.......
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ မုန့်ရှင်းကျီသည် အောင်းရွှမ်တစ်ယောက် ထွက်ခွာ သွားသည်ကို ကြည့်ရှုပြီးသည့်နောက် မြန်မြန်ဆန်ဆန်နှင့် လီယွင်၏ အနားသို့ ချဉ်းကပ်လာ၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ကခုန်လျက်ရှိ၏။ သူသည် လက်များကို အသာပွတ်သပ်ကာ မေးမြန်းလိုက်၏။ “စီနီယာ ခုဏကပြောတဲ့ အင်ပါယာတစ်ယောက် ဖြစ်လာမဲ့ အခွင့်အရေးက ကျုပ်အတွက် ကျန်သေးရဲ့လား”
“ဟုတ်တယ်။ ရှိသေးတာပေါ့”
လီယွင်သည် အသာလှမ်းကြည့်ကာဖြင့် သဘောမတွေ့သလို ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားကို ညာမယ်ထင်နေတာလား”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”
မုန့်ရှင်းကျီသည် သူ၏လက်များကို အထပ်ထပ်ယမ်းခါကာ ပြောလိုက်၏။ “စီနီယာ... စီနီယာလို ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သိက္ခာနဲ့လူက ကျုပ်ကို ဘယ်လိုလုပ် လိမ်မှာလဲ၊ ကျုပ်က မနေနိုင်လွန်းလို့ အလောတကြီး မေးလိုက်မိတာပါ”
နှစ်သန်းပေါင်းများစွာ အိမ်မက်မက်ပြီးသည့်နောက်မှာတော့ ယနေ့သည် သူ၏အိမ်မက်များ ဖြစ်လာတော့မည့် နေ့ပင်ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် မဖြစ်နိုင်ဘူးဟုပင် ခံစားနေမိသည်။
“စီနီယာ”
မုန့်ရှင်းကျီသည် သူ၏လက်ထဲတွင်ရှိနေသည့် သိုလှောင်လက်စွပ် ခြောက်ကွင်းကို ထုတ်ယူပြီး လီယွင်၏ ရှေ့သို့ ပေးလိုက်၏။ ပြီးနောက် အသာမေးမြန်းလိုက်၏။ “ဒီပစ္စည်းတွေက လုံလောက်ပြီလို့ ထင်ရဲ့လား”
မူလအားဖြင့် သူ့၌ သိုလှောင်လက်စွပ် ခုနှစ်ကွင်းရှိ၏။ သို့ပေမဲ့ သူသည် တစ်ကွင်းကို ပေးအပ်ခဲ့ပြီးသား ဖြစ်၏။ ထိုထဲတွင် ဂိုဏ်းကဏ္ဍတစ်ခု၏ ပြည့်စုံလှသည့် အမွေအနှစ်များ အားလုံး ပါဝင်နေခဲ့၏။ သူ့အနေနှင့် ရင်နာမှုကို မခံစားရသည်မှာ ထူးဆန်းလှချေ၏။
လက်ကျန် ဤသိုလှောင်လက်စွပ် ခြောက်ကွင်းသည် လုံလောက်မလား။ မလုံလောက်ဘူးလား ဆိုသည်ကတော့ မသေချာလှပေ။ ဂိုဏ်းတစ်ခု၏အမွေအနှစ်များကို အမှီအခိုပြုရင်း အင်ပါယာတစ်ယောက် ဖြစ်လာခဲ့သည့် လင်းရှောင်အကြောင်းကို သုံးသပ်မိပြီးနောက် ဂိုဏ်းခြောက်ခု၏ အမွေအနှစ်များကို ပေးအပ်ခဲ့သည့် သူ့အနေနှင့် အင်ပါယာဖြစ်ရန် ပြဿနာ ရှိနေသည်ဆိုပါက ကံဆိုးမိုးမှောင်ကျခြင်းပင်။
“အင်း လုံလောက်လုနီးပါးပါပဲ” လီယွင်က ပြောလိုက်၏။
ပုံမှန်အားဖြင့် ဂိုဏ်းသုံးခု၊ လေးခုတို့၏ အမွေအနှစ်များကို ရရှိပြီး အင်ပါရီယာလက်နက်တစ်ခုနှင့် လဲလှယ်ဖို့ဆိုလျှင်ပင် လုံလောက်နေပြီဖြစ်၏။ သို့ပေမဲ့ လက်ရှိ အမြင်အရဆိုလျှင် စနစ်၌ရှိသော အရာအားလုံးတို့သည် ကြီးမားသည့်တန်ဖိုး တည်ရှိနေ၏။ စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများကို အသုံးပြုပြီး စနစ်ဆီမှ အင်ပါရီယာလက်နက်များကို တိုက်ရိုက်ဝယ်ယူခြင်းကိုပင် သူပြုလုပ်နိုင်စွမ်း ရှိနေသည်။
အပြင်လူများအတွက် ဤအရာသည် မယုံကြည်နိုင်စရာ ဖြစ်သည်ဆိုသော်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင် အတွင်းမှာတော့ ဤကဲ့သို့သော ကိစ္စမျိုးသည် သာမာန်သာလျှင်ဖြစ်၏။