အပိုင်း (၂၈၁)
Vol. 19 Ch. 281
လီယွင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီးသည့်နောက် ကျောက်စိမ်းပြားအား မုန့်ရှင်းကျီဆီသို့ လှမ်းကာ ပစ်ပေးလိုက်၏။ “ဒီမှာ ခင်ဗျားလိုချင်တဲ့ သတင်းအချက်အလက်တွေပဲ”
“စီနီယာ”
မုန့်ရှင်းကျီသည် ပါဝင်အကြောင်းအရာများကို လှမ်းကြည့်ပြီးသည့်နောက် မျက်နှာ သွင်ပြင်တစ်ခုလုံး ပျက်ယွင်းသွား၏။ သူက တီးတိုးမေးမြန်းလိုက်သည်။ “ခရမ်းရောင်နက်နဲလောကထဲမှာရှိတဲ့ အခွင့်အရေးလား”
“အမှန်ပဲ” လီယွင်က ခေါင်းညိတ်လိုက်၏။
“စီနီယာ... ကောင်းကင်မူလလောကထဲမှာရှိတဲ့ အခွင့်အရေး တစ်ခုခုကို မရှာပေးနိုင်ဘူးလား”
မုန့်ရှင်းကျီသည် မျက်ရည် ဝိုင်းလုမတတ်ပင် ဖြစ်လို့နေခဲ့၏။ သူသည် ခရမ်းရောင်နတ်နဲလောကကြီး ဆီမှ ယခုမှ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ပြန်သွားသည်ဆိုပါက အင်ပါယာသုံးယောက်သည် သူ့အား လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ပါက သူ၏ဘဝသည် အဆုံးသတ်သို့ ရောက်ရှိသွားမှာ သေချာသည်။
“ခင်ဗျား ဒီသတင်းအချက်အလက်တွေကို မြင်ပြီးသွားပြီလေ၊ တခြားတစ်ခုကို ရှာမယ်ဆိုရင် လက်ရှိဈေးနှုန်း ကို တတ်နိုင်လို့လား” လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်ကာဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။
“ကျူပ်” မုန့်ရှင်းကျီသည် ဆွံ့အသွားမိသည်။
လီယွင်သည် သူ့ကို အသာနှစ်သိမ့်လိုက်၏။ “စိတ်မပူနဲ့။ ခင်ဗျား ခရမ်းရောင်နက်နဲလောကထဲကို ခုသွားမယ်ဆိုရင် ခင်ဗျားရဲ့ လုံခြုံရေးကို ကျုပ်အာမခံနိုင်တယ်”
သူသည် ယခင်တုန်းက ဝင်ရောက်လှုပ်ရှားပေးခဲ့ပြီးပြီဖြစ်ပြီး အင်ပါယာသုံးယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူများသည် သူ၏ပြိုင်ဘက် မဟုတ်ကြောင်းကို နားလည် နေပေလိမ့်မည်။ ထိုသူတို့သုံးယောက်သည် အတူတူ ပူးပေါင်းပြီး တည်နေရာလမ်းကြောင်းထဲတွင် စောင့်ကြပ်နေသည်ဆိုလျှင်တောင်မှ အကူအညီ မဖြစ်လှချေ။ သူ၏လက်သီးတစ်ချက်တည်းနှင့်တင် ထိုသူတို့အားလုံးကို ဒူးထောက်အောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။
ထို့ကြောင့်ပင်လျှင် ထိုသူတို့သည် တော်ဝင်သူတော်စင်နှစ်ယောက်ကို စေလွှတ်ကာ စောင့်ကြပ်ခိုင်းထားခြင်း ဖြစ်သည်။ မုန်းရှင်းကျီ၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် အဆင်အခြင်မဲ့သာ မပြုလုပ်ဘူးဆိုပါက တစ်ဖက်လူများ ကို လွယ်လွယ်ကူကူ လှည့်စား ကျော်ဖြတ်နိုင်မှာ သေချာသည်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိချေ။
“ဒီလိုဆိုမှတော့ စီနီယာ .... ကျုပ် ခရမ်းရောင်နက်နဲလောကကြီးထဲကို နောက်တစ်ကြိမ် ထပ်ပြီးသွားပါ့မယ်” မုန့်ရှင်းကျီသည် ကျောက်စိမ်းပြားကို အသာသိမ်းပြီးနောက် မတ်တပ်ရပ်ကာ ဦးညွတ်လိုက်၏။ စီနီယာက ထိုသို့ပြောနေသည်ဆိုမှတော့ နှောင့်နှေးပြီး အရမ်းကြီး သတိထားနေသည်ဆိုပါက စီနီယာသည် သူ့ကို စိတ်ကွက်သွားပေလိမ့်မည်။
“ကောင်းပြီ။ သွားလေ” လီယွင်သည် လက်ကိုယမ်းခါလိုက်၏။
“ကောင်းပြီ။ ကျုပ်အခု သွားပါတော့မယ်” မုန့်ရှင်းကျီသည် တွန့်ဆုတ်မနေတော့ချေ။ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ခရမ်းရောင်နက်နဲလောကကြီးထဲတွင် ရှိနေသည့် တည်နေရာလမ်းကြောင်းထဲသို့ ဒုတိယအကြိမ်မြောက် ဝင်ရောက်လိုက်လေ၏။ ဤခရီးစဉ်သည် တကယ်ပဲ သူ့အတွက် ဆူးညှောင့်ခလုတ်များသည့် လမ်းစဉ်ပင် ဖြစ်လေသည်။
သူ၏ အော်ရာတစ်ခုလုံးကို ဖိနှိပ်ထားခဲ့ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ တည့်တည့်ပင် သွားလိုက်၏။ ဤအမြန်နှုန်းသည် အလွန်ပင် မြန်ဆန်လျက် ရှိနေ၏။ သူ၏မျက်စိရှေ့တွင် သူနှင့် မျိုးဆက်တူညီသော လူတစ်ယောက်သည် အင်ပါယာတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်၏။ သူ၏ နှစ်သန်းပေါင်း များစွာ တည်ရှိခဲ့သည့် အိမ်မက်သည်လည်း မကြာခင်တွင် ဖြစ်ပေါ်လာတော့မည်။ ထို့ကြောင့် သူ့သွေးများ သည် ဆူဝေလာသလို ခံစားနေမိ၏။
.........
မုန့်ရှင်းကျီတစ်ယောက် နှုတ်ဆက်ကာထွက်ခွာသွားခဲ့ ပြီးသည့်နောက် လီယွင်သည် ထိုင်ခုံကို အသာမှီကာဖြင့် ပျင်းရိလေးတွဲစွာဖြင့် အပျင်းကြောဆန့်လိုက်၏။ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့နှစ်ယောက်သည် သူ့အား သင့်တော်သည့် လက်ဆောင်များ ပေးအပ်ခဲ့ပြီးဖြစ်၏။ သူ၏ ကောင်းကင်လျှို့ဝှက်အမှတ်များသည် ပထမဦးဆုံးအကြိမ်အဖြစ် ခြောက်သန်းကျော်ကို ကျော်လွန်ခဲ့ပြီဖြစ်၏။ ထိုအရာများ အားလုံးသည် တစ်ဖက်လူနှစ်ယောက် လက်ဆောင်ပေးခဲ့ခြင်းသာလျှင် ဖြစ်၏။ တကယ်တော့ လူတစ်ယောက်၏ အားအင်အဆင့် ပိုမိုအားကောင်းလာသည်နှင့်အမျှ သူရရှိနိုင်သည့် ကောင်းကင်လျှို့ဝှက်အမှတ်များက ပိုမိုကာ များပြားလာလေပင်။
“နောက်တစ်ဆင့်က ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်ပေါ့” လီယွင်သည် သူ၏ ကောင်းကင်လျှို့ဝှက် အမှတ်များကိုကြည့်ပြီး လက်ရှိအခြေအနေမှာတော့ အဆင့်ချိုးဖြတ်ရန် မရွေးချယ်ခဲ့ချေ။ သူ၏ လက်ရှိ အားအင်အဆင့်အရ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးမှ မည်သူ့ကိုမဆို ကိုင်တွယ်နိုင်စွမ်းရှိနေ၏။ ထို့နောက် အဆင့်ချိုးဖြတ်ခြင်းဆိုသည်မှာ ကောင်းမွန် လှသည့် ရည်ရွယ်ချက်တော့ မဟုတ်သေးချေ။
တစ်ချိန်တည်းမှာပဲ တုန်လှုပ်စရာ သတင်းနှစ်ခုသည် လောကကြီး အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ပထမတစ်ခုမှာ အောင်းရွှမ်တစ်ယောက် အင်ပါယာတစ်ယောက် ဖြစ်လာသည်ဆိုခြင်းနှင့် အင်ပါယာ ဖြစ်လာပြီးသည့်နောက် ပင်လယ်ဒေသဆီသို့ အလျှင်အမြန် သွားရောက်ကာ ခရမ်းရောင်နက်နဲလောကဆီမှ ကွာစီအင်ပါယာ နှစ်ယောက်ကို တစ်ခါတည်း သတ်ဖြတ်ခဲ့ခြင်းပင်။
တတိယတစ်ယောက်ကို သတ်ဖြတ်ရန် ပြင်လိုက်သည့်အချိန်မှာပဲ အင်ပါယာမိုယွမ်သည် စတင်ကာ လှုပ်ရှားခဲ့၏။ တည်နေရာဖြတ်သန်းကာ တိုက်ခိုက်သည့် တိုက်ပွဲတွင် တိုက်ကွက်သုံးခုတိတိကို ဖလှယ်တိုက်ခိုက်ခဲ့ကြပြီး ပင်လယ်နှင့်အတူ ရေတွက်၍ မရအောင် များပြားလှသည့် ကျွန်းများသည် ပျက်စီးသွားခဲ့၏။ ထိုအရာများ အားလုံးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်ကုန်သည်။
ပြောရမည်ဆိုလျှင် အောင်းရွှမ်သည် လေထုထဲ၌ ခြေသုံးလှမ်းတိတိ နောက်ဆုတ်ခဲ့ပြီး အင်ပါယာမိုယွမ်မှာမူ ပါးစပ်ထဲမှ သွေးများ ထွက်ပေါ်လာခဲ့၏။ ဤမြင်ကွင်းသည် သက်ရှိသတ္တဝါပေါင်း များစွာကို အံ့အားသင့်စေခဲ့၏။ ယခုမှ ဖြစ်တည်ခဲ့သည့် အင်ပါယာတစ်ယောက်သည် နှစ်သိန်းချီ ကတည်းက အင်ပါယာ ဖြစ်တည်ခဲ့သောသူအား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့၏။
ခရမ်းရောင်နက်နဲလောကထဲတွင် ရှိနေသည့် သက်ရှိ သတ္တဝါများသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ၎င်းတို့၏ အင်ပါယာသည် အဘယ့်ကြောင့် ဤမျှအားနည်းရသနည်း။ သူတို့ နားမလည်နိုင်ကြချေ။
အဘယ်ကြောင့် တခြားသော လောကတွင်ရှိနေသည့် နဂါးအင်ပါယာသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် သန်မာနေရသနည်း။ အင်ပါယာဖြစ်ဖြစ်လာချင်းမှာပဲ သူတို့ရဲ့ အင်ပါယာကို ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့သည်။
အခြားသော တစ်ဖက်ခြမ်းမှ ကောင်းကင်မူလလောကထဲတွင်ရှိနေသည့် လူများသည် ယုံကြည်မှုများနှင့် ထွန်းတောက်လာခဲ့ကြတော့၏။ အင်ပါယာမိုယွမ် အား ကြမ်းတမ်းလွန်းသည့် လူတစ်ယောက်ဟု သူတို့က ထင်မှတ်ခဲ့၏။ သို့ပေမဲ့ ကြည့်ရသည်မှာ မျက်နှာပြင်၌သာ အားကောင်းနေသည့် ပုံပေါ်နေခြင်း သာလျှင်ဖြစ်မည်။
တစ်ဖက်လူကိုသာ တောက်လျှောက်ဆက်ကာ တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူသည် တစ်ခါတည်း သေပွဲဝင်နိုင်လေ၏။
နယ်မြေဖြတ်ကျော် တိုက်ပွဲဆင်နွှဲသည့် တည်နေရာထဲမှာတော့ အောင်းရွှမ်သည် လေထုထဲတွင် မတ်မတ် ရပ်လျက်ရှိ၏။ သူ၏ နဂါးခန္ဓာကိုယ်သည် မိုင်ထောင်ပေါင်းချီ ပတ်လည်အတွင်း ကွေ့ကောက်ကာဖြင့် ပျံသန်းလျက်ရှိနေလေ၏။ သူ၏ ရွှေနက်ရောင် မျက်လုံးများသည် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လျက်ရှိနေပြီး ၎င်းသည် တည်ငြိမ်ရဲရင့်စွာဖြင့် စိန်ခေါ် လိုက်သည်။
“တိုက်ခိုက်ဖို့အတွက် ဘာလို့တွန့်ဆုတ်နေမှာလဲ။ ကျုပ်ရဲ့ ရောင်းရင်း မွန်းစတားမျိုးနွယ်တွေ၊ ကံဆိုးစွာဖြင့် ဒီအင်ပါယာက ကောင်းကင်ကပ်ဘေးကို အခုမှ ချိုးဖြတ်လာခဲ့ရတာ။ ပြီးတော့ ခရမ်းရောင်နက်နဲလောက မှာရှိတဲ့ အင်ပါယာသုံးယောက်ရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကိုလည်း ကြုံခဲ့ရသေးတယ်။ သူတို့နဲ့ ရက်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့ရတော့ ကျုပ်ရဲ့ ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး။ ကျုပ်ပြန်ကောင်းပြီ ဆိုတာနဲ့ နယ်မြေဖြတ်ကျော်ပြီးတော့ အဲဒီ အင်ပါယာသုံးယောက်လုံးကို သတ်ဖြတ်ပစ်မယ်”
ဤကြေညာချက်သည် ကောင်းကင်မူလလောကတွင်ရှိသည့် သတ္တဝါများအားလုံးကို အားတက်စေခဲ့၏။
ခရမ်းရောင်နက်နဲလောကတွင်ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးမှာတော့ စိတ်ဓာတ်ကျဆင်း ကုန်ကြလေ၏။ ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်ပြီးသည့် တစ်စုံတစ်ယောက်သည် ချက်ချင်းဆိုသလိုပဲ ဆက်လက်ကာ တိုက်ခိုက်ခဲ့၏။ မည်ကဲ့သို့သော အင်ပါယာ ဖြစ်သည်မို့ ဤကဲ့သို့သော ရဲစွမ်းသတ္တိနှင့် ခွန်အား ကို ပိုင်ဆိုင်နေသနည်း။
ကံကောင်းစွာဖြင့် ကောင်းကင်မူလလောကကြီး၏ နဂါးအင်ပါယာသည် နက်နဲလှသည့် အခြေအနေ၊ အမွေအနှစ်ကို ပိုင်ဆိုင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ တချို့က မေးခွန်းထုတ်ကြသည်မှာ အဘယ့်ကြောင့် အောင်းရွှမ်သည် ရုတ်တရက် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ထွက်ခွာသွားရသနည်း။ တစ်ခါသွားပြီး ပြန်လာရုံနှင့် အင်ပါယာဖြစ်လာခဲ့၏။ ကြည့်ရသည်မှာ ထိုနေရာတွင် ထူးဆန်းသည့် အရာများပါဝင်နေ၏။
ကျယ်ပြောလှသည့် တော်ဝင်သဲကန္တာရမြို့ ထဲတွင်တော့ တုံ့ပြန်သံများ ထွက်ပေါ်လာခဲ့လေ၏။ အောင်းရွှမ်နှင့် မုန့်ရင်းကျီတို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ဦးတည်ကာသွားခဲ့သည်ကို တချို့သောသူများက မျက်မြင်တွေ့ခဲ့သည်။
မကြာခင်မှာပဲ ကောင်းကင်သဲကန္တာရမြို့ကြီးသည် ကောင်းကင်ပေါ်သို့ ပျံတက်ခဲ့ပြီးသည့်နောက် တစ်ဖက်လောက ဆီသို့ သွားသည့် တည်နေရာ လမ်းကြောင်းသည် မြို့၏ အပြင်ဘက်အောက်၌ ပေါ်ပေါက်လာခဲ့တော့၏။ ဤ သတင်းအချက် အလက်သည် အားလုံးသောသူတို့ကို ချက်ချင်းပဲ နားလည်သွားစေခဲ့၏။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် ခရမ်းရောင်နက်နဲလောကဆီသို့ ပို့ဆောင်ပေးခဲ့ခြင်းသာလျှင်ဖြစ်၏။ ထို့ကြောင့်ပင် အောင်းရွှမ်သည် တစ်ဖက်ဆီမှ အင်ပါယာသုံးခုတို့နှင့် တိုက်ခိုက်ရန် အခွင့်အရေးကို ရရှိခဲ့ခြင်းပင်။
လူပေါင်းများစွာတို့ ပြောဆိုဆွေးနွေးလျက် ရှိနေတုန်းမှာပဲ တစ်စုံတစ်ယောက်သည် ရုတ်တရက် မုန့်ရှင်းကျီကို သတိရသွား၏။ အောင်းရွှမ်က ပြန်လာခဲ့၏ သို့ပေမဲ့ မုန့်ရှင်းကျီကရော .....။
အဘယ့်ကြောင့် မုန့်ရှင်းကျီကို သူတို့ အခုထိ မမြင်ရသနည်း။