အပိုင်း (၂၈၂)
Vol. 19 Ch. 282
အောင်းရွှမ်တစ်ယောက် အင်ပါယာမိုယွမ်နှင့် တိုက်ခိုက်လျက် ရှိနေတုန်းမှာပဲ ဒုတိယသတင်း တစ်ခု က ပေါ်ပေါက်လာခဲ့၏။
အံ့အားသင့်စရာပင်။ ဤသတင်းအချက်အလက်၏ အရင်းအမြစ်သည် ခွန်လွန်လေဟာနယ်ဆီမှဖြစ်ပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် အားလုံးသောသူတို့အား အံ့အားတသင့်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။
ခွန်လွန်လေဟာနယ်၏ အတွင်းဘက် .... ကောင်းကင်အထက်၌ များပြားလှသော သင်္ကေတများ ဖြစ်ပေါ်လျက် ရှိနေသည်ကို လူပေါင်းများစွာတို့က မြင်ရ၏။ ကောင်းကင်ယံ တစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွားပုံရပြီး များပြားလှသည့် ကြယ်စင်စုများသည် ကွဲကြေလျက်ရှိနေသည်။ ပြိုင်စံရှားသည့် နတ်ဘုရားအလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် ကောင်းကင်ယံတစ်ခုလုံး ကို ဒီရေလှိုင်းများကဲ့သို့ပင် တိုက်စားနေခဲ့၏။
ကံဆိုးစွာဖြင့် အထဲအတွင်းဘက်၌ ဖြစ်ပျက်နေသော မြင်ကွင်းအား ခွန်လွန်လေဟာနယ်၏ အစီအရင်က တားဆီးထားခဲ့၏။ တကယ့်ကို ဆန်းကြယ်လှပါသည်ဆိုသော တော်ဝင်အင်ပါယာများပင်လျှင် အထဲတွင် ဘာတွေဖြစ်နေသည် ဆိုသည်ကို သေသေချာချာ မသိရှိခဲ့ကြချေ။
အဆုံးသတ်မှာတော့ တစ်စုံတစ်ယောက်သည် တစ်ကိုယ်လုံး သွေးများ စိုရွှဲကာဖြင့် အပြင်ဘက်သို့ လွှင့်စင်လာ ခဲ့၏။ ၎င်းသည် မိုင်ခြောက်ထောင် အကွာအဝေးလောက် ကြီးမားရှည်လျားသည့် နဂါးကြီးတစ်ကောင် အဖြစ်သို့ အသွင်ပြောင်းကာဖြင့် ပြုတ်ကျလာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါ သွားနိုင်စွမ်းရှိသည့် ကွာစီအင်ပါယာတစ်ယောက်၏ အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။
၎င်းပေါ်ပေါက်လာသည့် အချိန်မှာတော့ နေ၊ လနှင့် ကြယ်များပင်လျှင် အရောင်အဆင်း ကင်းမဲ့သွားခဲ့၏။ ဦးခေါင်း၏ အထက်တွင် ကြီးမားလှသည့် တောင်ကြီးတစ်ခုက လွင့်မျောလျက်ရှိနေပြီး စိမ်းပြာရောင် အလင်းတန်းများသည် ထုတ်လွှင့်နေခဲ့၏။ ဆန်းကြယ်လွန်းလှသည့် ၎င်း၏ မိုးကောင်းကင် ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ခါနေမိ၏။
ဤအရာသည် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာတစ်ယောက်သာလျှင် ဖြစ်၏။ ၎င်းသည် လေဟာနယ်ကို ထိုးသွင်းကာဖြင့် အထဲတွင်ရှိနေသည့် အစီအရင် ချိုးဖြတ်ရန် ကြိုးစားလျက် ရှိနေတုန်းမှာပဲ ခန့်မှန်း၍ မရအောင် အားကောင်းသည့် ရန်သူတစ်ယောက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။
ကံဆိုးစွာဖြင့် ဖြစ်ပေါ်လာခဲ့သည့် ရလဒ်သည် သူ့ကို တကယ်ပင် စိတ်ဓာတ်ကျဆင်းခဲ့၏။ ပြိုင်စံရှား လောက်အောင် လှပသည့် အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် ရှေးကောင်းကင်ဘုံ နတ်ဘုရားမတစ်ပါး ကဲ့သို့ပင် ကောင်းကင်ယံဆီမှ ဆင်းသက်လာခဲ့၏။ သူမ၏ နတ်ဘုရားစိတ်ဆန္ဒများသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်ကြီး တစ်ခုလုံးကိုပင် ပြိုလဲလုမတတ်ပင်။
အားလုံးသော သူတို့သည် သူမ၏ အစစ်အမှန် မျက်နှာကို မြင်တွေ့ခြင်း မရှိကြချေ။ သို့ပေမဲ့ သူမ၏ သက်ရှိသတ္တဝါများ အားလုံးကို ငုံ့မိုးကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မည်သူ့ကိုမျှပင် ဂရုစိုက်ခြင်းမရှိဘဲ အလုံးစုံ တည်ကြည်အေးချမ်းပြီး စိတ်ခံစားချက် ကင်းမဲ့နေသည့် မျက်နှာသွင်ပြင်မျိုး တည်ရှိနေသည်မှာတော့ ထင်ထင်ရှားရှားပင်။ လက်ရှိအခြေ အနေမှာတော့ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားစေနိုင်သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။
ဘုန်း
အမျိုးသမီးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းမှာပဲ သူမ၏ လက်ချောင်းများကို အသာမြှောက် လိုက်၏။ အင်မော်တယ် အလင်းတန်းများသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကိုပင် ထိုးဖြတ်ကာဖြင့် စကြဝဠာ တစ်ခုလုံးကို အညှာအတာကင်းမဲ့စွာဖြင့် ပိုင်းဖြတ်လေ၏။ ရှေ့တွင်ရှိနေသည့် ကွာစီအင်ပါယာသည် ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်။
“မဟုတ်ဘူး”
ကွာစီအင်ပါယာသည် စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်၏။ ဤနေရာတွင် တော်ဝင်အင်ပါယာတစ်ယောက် တည်ရှိနေသည်ကိုသာ သိရှိသည်ဆိုပါက သူသည် ဤနေရာသို့ လာခဲ့လိမ့်မည်မဟုတ်ပေ။
တွေးတောနေရင်းမှာပဲ ကွာစီအင်ပါယာသည် ဘာမှမရှိတော့သည့် အမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
သူ၏ လက်ထဲတွင်ရှိနေသည့် အင်ပါယာလက်နက်ပင်လျှင် ကောင်းကင်ယံသို့ အစိတ်အပိုင်း တစ်ခုအဖြစ် လွင့်စင်သွားလေ၏။ ဤမြင်ကွင်းသည် များပြားလှသည့် ကျင့်ကြံသူများ အားလုံးကို တိတ်ဆိတ် ငြိမ်သက်သွားစေခဲ့၏။ လူတော်တော်များများတို့၏ ဒူးများသည် ခွေယိုင်သွားခဲ့ကြသည်။
အထူးသဖြင့် အင်ပါရီယာရီကလန်ပင် ဖြစ်သည်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် တစ်စုံတစ်ယောက်အား သူတို့ သွားရောက်ကာ စိန်ခေါ်ခဲ့သနည်း။ တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ အင်ပါရီယာလက်နက်တစ်ခုကို လွယ်လွယ်ကူကူနှင့် ဖျက်စီးဖို့ ဆိုသည်မှာ ခက်ခဲလှ၏။ သို့ပေမဲ့ ဤအမျိုးသမီးမှာတော့ စကားတစ်ခွန်းမှ မပြောလှချေ။ လက်တစ်ဖက်ကို အသာမြှောက်ကိုင်ကာဖြင့် အင်ပါရီယာလက်နက် တစ်ခုကို အစိတ်အပိုင်း နှစ်ခုကဲ့သို့ ဖြစ်အောင် ပိုင်းဖြတ်ခဲ့၏။ မည်မျှ ထိတ်လန့်ဖွယ်ရာ ကောင်းလိုက်သနည်း။
ခွန်လွန်လေဟာနယ်ထဲသို့ တစ်ကြိမ် သွားရောက်လည်ပတ်ခဲ့ဖူးသည့် သူ၏ သားအကြောင်းကို တွေးတောပြီး သည့်နောက် ရီချင်းမင်သည် ကြက်သီးများပင် ထသွားမိ၏။ သူ၏သားသည်သာ ဤတော်ဝင်အင်ပါယာနှင့် ရင်ဆိုင်တွေ့သည်ဆိုပါက သူ၏သားကိုသာ ဆုံးရှုံးရသည်သာမကဘဲ အင်ပါရီယာရီကလန် တစ်ခုလုံးပင်လျှင် သုတ်သင်ရှင်းလင်းခြင်းကို ခံရမည်မှာ သေချာ၏။
ခွန်လွန်လေဟာနယ်၏ အထက်မှာတော့ ကွာစီအင်ပါယာတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ထိုအမျိုးသမီး အင်ပါယာသည် သူမ၏နောက်တွင် တည်နေရာ အက်ကွဲကြောင်းတစ်ခုကို လှမ်းကာဖွင့်လိုက်သည်။ ပြီးနောက် အသာလှည့်ကာဖြင့် ကြည့်ကောင်းစွာ အထဲသို့ လှမ်းဝင်သွားခဲ့သည်။ တစ်ချက်ကလေးမှ အနောက်သို့ ပြန်လှည့်မကြည့်ခဲ့ချေ။
အားလုံးသော သူတို့သည် သူမ ထွက်ခွာသွားသည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်မိနေခဲ့ပြီး အချိန် အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ကြချေ။ ဤအရာသည် ခွန်လွန်လေဟာနယ်ထဲတွင် တော်ဝင်အင်ပါယာ တစ်ယောက် အသက်ရှင် နေထိုင်နေသည်ဖြစ်ကြောင်း သေချာသည့် သက်သေပြချက်ပင်။
သူမ၏ တပည့်ဖြစ်သော ယုရှင်းချန်သည် တော်ဝင်အင်ပါယာတစ်ယောက်၏ ကိုယ်တိုင် ကိုယ်ကျ သင်ကြား ပြသခြင်းကိုခံရသည့် လူတစ်ယောက်ပင်။ ယုရှင်းချန်၏ အောင်မြင်မှုများကို စဉ်းစားပြီးသည့်နောက် ဤအရာသည် တကယ့်ကို သဘာဝကျသည့် အရာပင် ဖြစ်သင့်၏။
တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ လီယွင်သည် သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းမှတဆင့် ခွန်လွန်လေဟာနယ်ထဲရှိ တိုက်ပွဲကို သေသေချာချာ သုံးသပ်နေမိ၏။ သူသည် အံ့အားတသင့်လည်း ဖြစ်လို့နေခဲ့၏။
“နဂါးပြာကလန်ရဲ့ ကွာစီအင်ပါယာက သူမလို လူမျိုးကို သွားပြီး ပြဿနာရှာမိတာပဲ။ ခင်ဗျားအနေနဲ့ တခြားသော တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး တိုက်ခိုက်သင့်တယ်လေ။ အင်ပါရီယာရီကလန် ဒါမှမဟုတ် ရွှေကျီးကန်းကလန် တစ်ခုခုကို တိုက်ခိုက်မယ် ဆိုရင်တောင်မှ အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်။ ဘယ်လိုဖြစ်ပြီး ခွန်းလွန်လေဟာနယ်ကို သွားရတာလဲ။ ဒါသေချင်နေတာပဲ မဟုတ်လား”
တိုက်ပွဲ၏ အခြေအနေ တစ်ခုလုံးကို သုံးသပ်လေ့လာလျက် ရှိနေသည့် လီယွင်သည် နှုတ်ခမ်းကိုပင် ကိုက်ထားမိ၏။ လေဟာနယ်ထဲသို့ လက်ကိုအသာဆန့်တန်းလိုက်ရုံနှင့် သန်းနှင့်ချီကွာဝေးသည့် လေဟာနယ်ကြီး တစ်ခုလုံးကို ပိုင်းဖြတ်သွားခဲ့လေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ခိုက်မှု နည်းစနစ် ပင်။
“ဆိုးတာပဲ”
လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ “ကွာစီအင်ပါယာတစ်ယောက်ကို သတ်တာ တော်သေးတယ်။ ဘယ်လိုဖြစ်ပြီးတော့ အင်ပါရီယာလက်နက်တစ်ခုကို အစိတ်အပိုင်းနှစ်ခုဖြစ်အောင် ပိုင်းဖြတ် ပစ်လိုက်ရ တာလဲ။ ဒါတကယ့်ကို ကောင်းတဲ့ အင်ပါရီယာလက်နက်တစ်ခုလေ။ အခု နှစ်ပိုင်းဖြစ်သွားပြီဆိုတော့ ဘာတန်ဖိုးရှိတော့မှာလဲ။ မူလတန်ဖိုးရဲ့ တဝက်လောက်တောင် ရှိမှာမဟုတ်တော့ဘူး။ ဟင်း ....”
............
ခရမ်းရောင်နက်နဲလောကကြီးမှ ကွာစီအင်ပါယာ တစ်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
မိုယွမ်အင်ပါရီယာနန်းတော်သခင်၏ အင်ပါယာမိုယွမ်သည် ပါးစပ်ထဲမှ သွေးများ နောက်တစ်ခေါက် အန်ထွက်လုနီးပါးပင်။ တော်ဝင်အင်ပါယာတစ်ယောက် ထွက်လာပြီးနောက် ကွာစီအင်ပါယာ တစ်ယောက် သည် ဤကဲ့သို့ သေဆုံးသွားလေသည်လား။
ကောင်းကင်မူလလောကကြီး၏ အခြေအနေသည် မည်မျှ နက်ရှိုင်းသနည်း။ ၎င်းတို့၏ လောကထဲတွင် တော်ဝင်အင်ပါယာများ မည်မျှများများ ပုန်းအောင်းနေသနည်း။
ပထမဦးဆုံး ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ ဆန်းကြယ်လှသည့် သခင်တစ်ယောက် တည်ရှိနေပြီး ယခု ခွန်လွန်လေဟာနယ် ထဲတွင်လည်း သာမာန်ထက်ပိုသည့် အမျိုးသမီးအင်ပါယာတစ်ယောက်က တည်ရှိနေပြန်၏။
သူမသည် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် အင်ပါရီယာလက်နက်ကိုပင် ပျက်စီးအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ထိုအားအင်အဆင့်သည် သူ၏ နှလုံးသားတစ်ခုလုံးကို တုန်ယင် စိုးရွံ့စေခဲ့၏။ သူသာ သူမနေရာတွင် ရှိသည်ဆိုပါက အင်ပါယာလက်နက်ကို ချိုးဖြတ်ကောင်း ချိုးဖြတ်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ တိုက်ခိုက်ချက် တစ်ခုတည်းနှင့် နှစ်ပိုင်းဖြစ်သွားအောင်တော့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ ငါ တားမြစ်ဇုံထဲကို ခရီးထွက်ဖို့ လိုအပ်နေပြီနဲ့ တူတယ်” အင်ပါယာမိုယွမ်က တီးတိုး ရေရွတ်လိုက်မိ၏။
သူရရှိထားသည့် သတင်းအချက်အလက်များအရဆိုလျှင် ကောင်းကင်လျှို့ဝှက်သခင်သည် ကျိန်းသေပေါက် ယခုမှ တက်လှမ်းလာခဲ့သည့် တော်ဝင်အင်ပါယာတစ်ယောက် မဟုတ်ပေ။ သေမျိုးလောကထဲတွင် လှည့်လည်သွားလာခဲ့သည့် ရှေးမွန်းစတားအိုကြီးပင် ဖြစ်ရပေလိမ့်မည်။
ယခင်တုန်းက ခွန်လွန်လေဟာနယ်အား တားမြစ်ဇုန်တစ်ခုအဖြစ် သုံးသပ်၍ မရနိုင်ခဲ့ချေ။ အင်ပါယာအဆင့် အကျိုးအပျက် အစီအရင်တစ်ခုသာလျှင် ရှိသည်ဟု သတင်းအချက်အလက် များက ဆိုခဲ့သည်။ သို့ပေမဲ့ ထင်မှားမထားလောက်အောင်ပဲ ထိုနေရာတွင် တော်ဝင်အင်ပါယာတစ်ယောက် တည်ရှိနေထိုင်နေသည်။ တကယ့်ကို တားမြစ် တည်နေရာတစ်ခုအဖြစ် တရားဝင် သတ်မှတ်၍ ရပြီဖြစ်သည်။
ကောင်းကင်မူလလောကကြီး၌ ရှေးတော်ဝင်အင်ပါယာတစ်ယောက် ပထမဦးဆုံး ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့၏ ခရမ်းရောင်နက်နဲလောကတွင်တော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင့်တူ တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်ရန် လိုအပ်လာခဲ့သည်။။ ထို့အပြင် ခွန်လွန်လေဟာနယ်ထဲတွင် ရှိနေသည့် အမျိုးသမီး အင်ပါယာလည်း ရှိနေ၏။ မဟုတ်ပါက သူတို့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် တော်ဝင်အင်ပါယာ လေးယောက်တို့သည် တစ်ဖက်လူများ၏ တုံ့ပြန်မှုကို မည်သို့မျှ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။