← Chapters

စုဝေးခြင်း

Vol. 3 Ch. 113

စုဝေးခြင်း

Vol. 3 Ch. 113

“သခင့်အနေနဲ့ ပိုပြီးစွမ်းအားတိုးလာချင်တယ်ဆိုရင် လက်အောက်ခံတွေရဲ့အားအင်ကို ဒီထက်ပိုပြီးတော့ နားလည်အသုံးပြုနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်တယ်။”

နက်ဆန်က သူ့လက်ထဲမှာ ပါစီဗယ်ဓားကို ကိုင်ထားတယ်။ ပြီးတော့ နာတာရှာပြောခဲ့တဲ့ စကားတွေကို တစ်ခွန်းချင်းစီ ပြန်ပြီးတော့ တွေးနေပါတယ်။ လက်အောက်ခံတွေကို အသုံးပြုပြီး တိုက်ခိုက်ရတဲ့ နတ်တစ်ပိုင်းတစ်ယောက်ဖြစ်တဲ့ နက်ဆန်မှာ လက်အောက်ခံပေါင်း မြောက်မြားစွာရှိတယ်။

ပုံမှန်အားဖြင့်တော့ သူ့လူတွေရဲ့စွမ်းအားကို အသုံးပြုပြီး ရန်သူတွေကို အရေအတွက်ရော အရည်အသွေးအရနဲ့ပါ လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပေမဲ့ ရော့ဝဲလ်ဟာ အဲဒီလိုပြုလုပ်တဲ့ နေရာမှာ သူ့ထက်ပိုပြီး ဆရာကျနေခဲ့တယ်မဟုတ်လား။

“သူ့ရဲ့အစေခံတိုင်းက အယ်ဒါအဆင့်နီးနီး စွမ်းအားကြီးတဲ့ လူတွေချည်းပဲ။ သူတို့တစ်ယောက်ချင်းစီက ငါ့ထက်တောင် သန်မာလုနီးနီးပဲ။”

ပင်လယ်ကျောက်ဆောင်တွေကြားထဲမှာ တပလ္လင်ခွေ ထိုင်ပြီးတော့ ဓားကိုပေါင်ပေါ်တင်ထားတဲ့ နက်ဆန်က ပြောလိုက်တယ်။ နာတာရှာက သူ့ရှေ့မှာရှိနေပြီးတော့ သူ့ကို ခေါင်းညိတ်ပြလိုက်လေရဲ့။

“ဒါကြောင့်လည်း ဆီနိတ်တာရော့ဝဲလ်က သခင့်အနေနဲ့ သူ့အဝတ်စကိုပဲ ထိအောင်တိုက်နိုင်ရင်တောင် အနိုင်လို့ သတ်မှတ်မယ်လို့ ပြောခဲ့တာပဲ။”

“ဘယ်လိုတောင် ယုံကြည်ချက် ပြင်းထန်တဲ့ အပြုအမူမျိုးလဲ။”

နက်ဆန်က ​ကောက်ချက်ချလိုက်တယ်။ ရော့ဝဲလ်က သာမန်အယ်ဒါတွေထက်တောင်ကျော်လွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းခေတ်က အယ်ဒါတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့သူမှန်း သိပြီးပြီဖြစ်လို့ သူရှုံးနိမ့်နေတာ သာမန်ပဲလို့ ခံယူနိုင်ခဲ့ပေမဲ့ ခံပြင်းစရာ ကောင်းနေဆဲပါပဲ။

“နာတာရှာ၊ မင်းက မာစတာအဆင့်ရဲ့အမြင့်ဆုံးမှာ ရှိနေတယ်။ အိုလီရာနာကလည်း မာစတာအဆင့်မှာပဲ ရှိနေတာ။ အခုသူက ပြန်ကောင်းလာတော့မှာဆိုပေမဲ့ သူပါလာရင်တောင် တိုက်ပွဲရေချိန်ကို ပြောင်းလဲဖို့က အများကြီးလိုသေးတယ်။”

လောလောဆယ်နက်ဆန်မှာ အဓိကတိုက်ပွဲဝင်နိုင်တဲ့ အစေခံဆိုလို့ နှစ်ယောက်ပဲရှိပါတယ်။ ပြီးတော့ အဲဒီ နှစ်ယောက်လုံးက ရော့ဝဲလ်ရဲ့အစေခံတွေထက် ပိုပြီး အားနည်းနေတယ်။

“တကယ်လို့ မော်လီသာ ဒီမှာရှိခဲ့ရင်...” နက်ဆန်က စိတ်မကောင်းဖြစ်သွားတယ်။ သူ့ရဲ့ပထမဆုံးအစေခံက အခုအချိန်အထိ အစေခံတွေအားလုံးထဲမှာ အသန်မာဆုံး ဖြစ်နေဆဲပါ။

“လတ်တလော ရဖို့မဖြစ်နိုင်သေးတဲ့ကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပါ။ လောလောဆယ်တော့ တခြားနည်းလမ်းကို စဥ်းစားကြတာပေါ့။”

နာတာရှာက နက်ဆန့်လက်ထဲက ငွေရောင်ဆေဘာဓားကို ကြည့်လိုက်တယ်။ ပါစီဗယ်ဟာ တစ္ဆေဘုရင်အဆင့်နဲ့ အလွန့်အလွန်ကိုနီးကပ်နေတဲ့ တစ္ဆေနီတစ်ကောင်ပါ။ သာမန်လူတွေရဲ့အဆင့်နဲ့နှိုင်းယှဥ်ရင် အယ်ဒါအဆင့်နဲ့ နီးကပ်နေတဲ့ မာစတာတစ်​ယောက်လို့ ပြောနိုင်ပါတယ်။

“သူ့ရဲ့အကူအညီကိုသာရရင် ကျွန်မတို့တွေ ရော့ဝဲလ်ရဲ့ အစေခံတွေကို အနိုင်မယူနိုင်ရင်တောင် ခဏတာထိန်းထားဖို့ ဖြစ်နိုင်လိမ့်မယ်။”

သူတို့သိသလောက် ရော့ဝဲလ်မှာ အစေခံသုံးယောက်ရှိပြီး ဒူလာဟမ်၊ အာရပ်ဓားသမားကြီးနဲ့ တစ္ဆေလိုလိုလှုပ်ရှား သွားလာနိုင်စွမ်းရှိတဲ့ အမျိုးသမီးပါ။ အဲဒီသုံးယောက်လုံးက အစွမ်းထက်ပေမဲ့ နက်ဆန့်မှာလည်း အလားတူ အစေခံသုံးယောက်ရှိမယ် ဆိုရင်တော့ ပိုအခွင့်အရေး ရှိလာမှာသေချာပါတယ်။

“ကျွန်မတို့အနေနဲ့ သူ့ကို တကယ်တမ်းအနိုင်ယူစရာ မလိုဘူးမဟုတ်လား။”

နက်ဆန်က နာတာရှာရဲ့စကားကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ သူဟာ ရော့ဝဲလ်ကို အနိုင်ယူချင်ပေမဲ့ သူတို့နှစ်ယောက်ကြားက ကွာခြားချက်က အလွန်များတဲ့အတွက် အဝတ်စတစ်စကိုထိအောင်တိုက်ဖို့ အင်မတန်ကြိုးစားနေရတာ တွေ့ရတဲ့အတွက်ကြောင့် စိတ်ထဲအဆင်မပြေ ဖြစ်လာခဲ့တယ်လေ။

“နင်တို့တွေ ဘာတွေပြောနေကြတာလဲ။ ငါ့ကို တိုက်ပွဲထဲ ဝင်ပါခိုင်းလိုက်ရင် ပြီးနေတာပဲ။ ဒါတောင် နင်တို့သူ့ကို မနိုင်သေးရင် အမေ့ကို အကူအညီတောင်းလိုက်လို့ရတာပဲ။”

သူတို့စကားပြောတာကို ပွင့်ပွင့်လင်းလင်း လာချောင်းပြီး နားထောင်နေတဲ့ မိုနီကာက ပြောလိုက်တယ်။ အခုတော့ အချစ်ကိုယစ်မူးစွဲလမ်းနေတဲ့ ဒီမိန်းကလေးက အဝတ်တွေ ညစ်ပတ်ကုန်မှာမကြောက်ဘဲ ကျောက်ဆောင်ကြီးတစ်ခုပေါ် တက်ပြီးတော့ မှောက်လျက်လှဲကာ ကျောက်ဆောင်တွေကြား ထိုင်နေတဲ့ နက်ဆန်ကို မေးထောက်ကြည့်နေပါတယ်။

နာတာရှာက မိုနီကာကို သဘောမကျတဲ့ပုံစံနဲ့ လှမ်းပြီးတော့ ကြည့်လိုက်တယ်ဆိုပေမဲ့ ဒီထက်တော့ ဘာမှမလုပ်ခဲ့ပါဘူး။ အဲဒီအစား အကျိုးအကြောင်းပဲ ရှင်းပြလိုက်တယ်။

“နင်က သခင့်ရဲ့အစေခံမဟုတ်ဘူးလေ။ ဒါကြောင့်မလို့ နင်ဝင်ပါမယ်ဆိုရင် ငါတို့က ဒီကိစ္စမှာ ညစ်ပတ်သလိုမျိုး ဖြစ်သွားလိမ့်မယ်။ ပြီးတော့ နင့်စွမ်းအားက ငါနဲ့သိပ်မှ မကွာတာ။

နောက်ပြီး စကူးဘတ်ဘုရင်မကို ဆင့်ခေါ်လိုက်မယ်ဆိုရင် သခင့်ရဲ့လေ့ကျင့်ရေးအစီအစဥ်က ရှေးအယ်ဒါအဆင့်တွေရဲ့ စစ်ပွဲကြီးဖြစ်သွားလိမ့်မယ်။”

“.....” မိုနီကာတစ်ယောက် ပါးစပ်ပိတ်ထားလိုက်တယ်။ နာတာရှာပြောတာလည်း အမှန်ပဲလေ။ ဒါပေမဲ့ သူ့မှာလည်း အကြံတစ်ခုရှိနေပုံရပြီး ကျောက်ဆောင်ပေါ်ကနေ ခုန်ဆင်း လာခဲ့တယ်။ အဲဒီနောက် လက်ကိုနောက်ပစ်ကာ နက်ဆန့်ရှေ့ ဖြည်းဖြည်းချင်းလျှောက်သွားတယ်။

“ဒါလင်၊ တကယ်လို့ စွမ်းအားကြီးလာဖို့ လိုအပ်နေတယ် ဆိုရင်လည်း အဲဒီဓားကြီးကို သုံးဖို့မလိုပါဘူး။ မိုနီကာ တစ်ယောက်လုံးရှိနေတာပဲဥစ္စာ။”

မိုနီကာက သူ့လက်ကို ထိုးဖောက်လိုက်တယ်။ သွေးစက် အနည်းငယ်က လက်ထိပ်ကနေ စိမ့်ထွက်လာပါတော့တယ်။ သူက...

“ဒါလင် ဟိုကောင်မလေးနဲ့လုပ်ခဲ့သလိုမျိုး ကျွန်မနဲ့ဒါလင် သခင်ကျွန်စာချုပ်ကို ချုပ်ဆိုလိုက်ပြီး ပြီးတာပဲမဟုတ်လား။ ဒါလင်က ကျွန်မရဲ့ကျေးကျွန်ဖြစ်သွားပြီဆိုရင် သခင်ဖြစ်တဲ့ ကျွန်မဆီက တရားဝင် အကူအညီရယူ နိုင်စွမ်းရှိလာမယ်လေ။ ဒါဆိုရင် ကျွန်မကို ဒါလင့်ရဲ့စွမ်းအား တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ရပြီ။”

“.....” နက်ဆန်တစ်ယောက် အချိန်ကာလတစ်ခုကြာတဲ့အထိ ဘာဖြေလို့ဖြေရမှန်းမသိ ဖြစ်သွားတယ်။ တကယ်လည်း အိုလီရာနာနဲ့နက်ဆန်ကြားမှာ သခင်ကျွန်စာချုပ်ရှိနေတယ်။ ဒါပေမဲ့ အဲဒီစာချုပ်က မလုပ်မဖြစ်လို့ လုပ်ခဲ့ရတာမျိုးပါ။

“အားဟားဟားဟား....” နာတာရှာကတော့ မချိတင်ကဲ ဝေဒနါခံစားနေရတဲ့ပုံပေါ်တဲ့ နက်ဆန့်မျက်နှာကိုကြည့်ရင်း ဝါးလုံးကွဲမတတ် ရယ်မောနေပါတယ်။ ပြီးတဲ့နောက်တော့

“စကူးဘတ်တော်ဝင်မင်းသမီးရဲ့ကျေးကျွန်ဖြစ်ရတာ သိပ်ဆိုးမယ်မထင်ဘူး။ ဘာပဲပြောပြော သူ့ရဲ့အမေက လင်ဘိုဘုံလေးပုံတစ်ပုံကို အုပ်ချုပ်နေတာလေ။ သခင့်ဖို့ အခွင့်အရေးတွေအများကြီး ရှိလာလိမ့်မယ်ထင်...”

နက်ဆန်က ရုတ်တရက် မျက်စောင်းထိုးလိုက်တာမလို့ နာတာရှာက စနောက်ပြီးပြောနေတဲ့စကားတွေကို ရပ်ထား လိုက်ပါတယ်။ နက်ဆန်ကတော့ မိုနီကာဘက် လှည့်လိုက်ပြီး

“စိတ်မဝင်စားဘူး...”လို့ တစ်ခွန်းတည်းနဲ့ ငြင်းလိုက်တယ်။ မိုနီကာကတော့ ကြေကွဲနေတဲ့ပုံရှိပြီး အနားကိုပိုကပ် လာပါတော့တယ်။

“ဘာဖြစ်လို့လဲ... ဒါမှမဟုတ် ဒါလင်က ကျွန်မရဲ့ကျေးကျွန် မလုပ်ချင်ဘဲ ကျွန်မရဲ့သခင်ဖြစ်ချင်တာလား။ ဒါဆိုလည်း အဆင်ပြေတယ်။ မြန်မြန် စာချုုပ်ချုပ်လိုက်ရအောင်...”

နက်ဆန့်မျက်နှာက ချက်ချင်းပဲ ဖြူရော်သွားတယ်။ သူ့ကြည့်ရတာ မိုနီကာကို မောင်းထုတ်ချင်စိတ်ကို တော်တော်ထိန်းချုပ်ထားရတဲ့ပုံပဲ။ နာတာရှာကတော့ အဲဒီမြင်ကွင်းကိုကြည့်ရင်း ဗိုက်နှိပ်ရယ်နေပါတယ်။

“နာတာရှာ၊ မိုနီကာ့ကို ဒီကမ်းခြေတစ်ဝိုက် လိုက်ပြလိုက်။ ငါ့မှာ ပါစီဗယ်နဲ့ နှစ်ယောက်တည်းပြောစရာရှိတယ်။”

“ကောင်းပါပြီ။” နက်ဆန်က တခြားနည်းလမ်းတွေအစား လက်ရှိအချိန်မှာ သူနဲ့အပြည့်အဝ မပူးပေါင်းသေးတဲ့ လက်အောက်ခံနဲ့သာ ပူးပေါင်းဖို့အတွက် ရွေးချယ်ခဲ့တဲ့ အကြောင်းကို နာတာရှာနဲ့မိုနီကာတို့ ရိပ်မိသွားကြတယ်။

“သွားရအောင်...” နာတာရှာက မိုနီကာကို ပြောခဲ့တယ်။ မိုနီကာကတော့ နက်ဆန်ကို ပြန်လှည့်ကြည့်လိုက်ရင်းနဲ့ စိတ်ကျေနပ်စွာနဲ့ ပြုံးပြခဲ့ပါတယ်။

“ကံကောင်းပါစေ...”

မိန်းကလေးနှစ်ယောက်လုံး ထွက်ခွာသွားပြီးနောက်မှာ နက်ဆန်က သူ့လက်ထဲကဓားကို ကြည့်လိုက်ပြီးတော့ ​ပြောလိုက်တယ်။

“ပါစီဗယ်... ယောကျ်ားအချင်းချင်း စကားပြောရအောင်။”

ဟူးဟူး...

ရုတ်တရက် ကမ်းခြေမှာ လေစိမ်းတွေ တိုက်ခတ်လာတယ်။ ညကောင်းကင်အောက်မှာပဲ သဲသောင်ပြင်တစ်ခုလုံးဟာ ထူထဲလှတဲ့မြူတွေရဲ့ဖုံးအုပ်ခြင်းကို ခံလိုက်ရပြီးတော့ အိပ်မက်ဆန်ဆန် နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ ပါတော့တယ်။

နက်ဆန်နဲ့ခပ်လှမ်းလှမ်းမှာတော့ ဒုတိယကမ္ဘာစစ်ကာလက ဂရိစစ်ဗိုလ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်လေးရှိနေပြီး အဲဒီလူငယ်လေးက နက်ဆန်ကိုကျောခိုင်းပြီး အထင်အမြင် သေးတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

“ယောက်ျားချင်း စကားပြောရအောင်တဲ့... မင်းက အဲဒီလို စကားမျိုးပြောရလောက်တဲ့အထိ ထိုက်တန်လို့လား။”

...

ကမ်းခြေရဲ့တခြားတစ်ဖက်။

ရော့ဝဲလ်က ခါတိုင်းလိုပဲ သဲသောင်ပြင်တစ်ဖက်ကမ်းဆီက ကွန်စတန်တီနိုပယ်မြို့ကြီးကို အကဲခတ်နေခဲ့ပါတယ်။ မြို့ကြီး ဆီကနေပြီးတော့ အန္တရာယ်အငွေ့အသက်တွေကို သူရနေပြီ ဖြစ်ပြီးတော့ မကြာခဏဆိုသလိုပဲ ပျံသန်းနေတဲ့ နတ်မြင်းပျံ တချို့တလေကို ညကောင်းကင်ယံမှာ မြင်တွေ့နေရတယ်။

“ဘုရားကျောင်းက ကမ္ဘာအနှံအပြားမှာရှိနေတဲ့ စစ်အင်အား အကုန်လုံးကို ​ပြန်ခေါ်နေပြီ။ ဒါပေမဲ့ ငါ့ရဲ့စစ်တပ်ကြီးက သူတို့ကို ဝိုင်းထားပြီးသားဆိုတာတော့ မသိဘူးပဲ။”

ရော့ဝဲလ်က သာမန်မျက်စိနဲ့မြင်ရဖို့ခက်တဲ့ မြို့ကြီးနားက အနက်ရောင် မှော်စာလုံးတွေမျောလွင့်နေတဲ့ နံရံလိုလို အရံအတားလိုလို နေရာတွေကို ကြည့်လိုက်ရင်းနဲ့ စိတ်ကျေနပ်စွာနဲ့ ပြုံးနေခဲ့ပါတယ်။

“ပြီးတော့ ဟိုကောင်လေး...”

ရော့ဝဲလ်ရဲ့အကြည့်က သဲသောင်ပြင်ပေါ်ကို ပြန်ပြီး ရောက်သွားတယ်။ သဲသောင်ပြင်ပေါ်မှာ လမျက်နှာပြင်လို အချိုင့်ရာတွေအများကြီးရှိနေပြီး ဒီနေ့စိန်ခေါ်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။

“တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတယ်။ သူ့အဖေကို မီဖို့အတွက် နည်းနည်းပဲလိုတော့တယ်။ အနာဂတ်မှာ ပိုပြီးတော့တောင် အားကောင်းလာဦးမယ်။”

ရော့ဝဲလ်က ဒီနေ့ညဦးပိုင်းက သူနဲ့နက်ဆန်တို့ တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကို ပြန်ပြီးစဥ်းစားကြည့်တယ်။ နက်ဆန်နဲ့သူ့ရဲ့ အစေခံတွေရဲ့ကြားက ချိတ်ဆက်မှုက ပိုအားကောင်းလာပြီး နက်ဆန်ကိုယ်တိုင်ကလည်း အစွမ်းထက်လာခဲ့တယ်။

“နတ်ဘုရားခန္ဓာနဲ့လူသားခန္ဓာကိုယ် ပေါင်းစည်းတိုက်ခိုက်တဲ့ ညဝတ်ရုံတိုက်ကွက်ကို သူက သူ့ဘာသာတိုးတက်အောင် ပြုလုပ်နေတာပဲ။”

ရော့ဝဲလ်က ပြုံးနေရင်းနဲ့ကနေမှ ရုတ်တရက်မျက်နှာ ပျက်သွားပြီး သွေးတချို့ကို အန်ထုတ်လိုက်ရပါတယ်။ ဒီအတွက် သူ့ရဲ့အစေခံ ခြုံလွှာဝတ်အမျိုးသမီးက ဘေးကနေ ဖေးမပေးလိုက်ပေမဲ့...

“ဆိုးတာက... ငါ့အတွက် အချိန်သိ​ပ်မကျန်တော့တာပဲ။”

....

ဘုရားကျောင်းရင်ပြင်မှာတော့။

လက်ထဲမှာ တင်းပုတ်ကြီးကိုင်ထားပြီး ငွေဖြူရောင် ချပ်ဝတ်ကို စနစ်တကျဝတ်ဆင်ထားတဲ့ နက်မှောင်တဲ့ အသားအရေ၊ အညိုရောင်မျက်လုံးတွေနဲ့ ရှည်လျားတဲ့ ကျစ်ဆံမြီးကျစ် အနက်ရောင်ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ စစ်သည်တော်အမျိုးသမီးက ဘုရားကျောင်းခန်းမထဲကို ဝင်လာတယ်။ ပုံစံကြည့်ရသလောက် အသက်နှစ်ဆယ် နှောင်းပိုင်းပဲ ရှိသေးပုံပေါ်ပြီး သူ့နောက်မှာလည်း မြောက်မြားစွာသော လှံနဲ့ဒိုင်းကိုင် စစ်သည်တော်တွေ လိုက်ပါ လာခဲ့ပါတယ်။

“နတ်မြင်းပျံတပ်မနဲ့တပ်မှူးကြီး ဂျူလီယာရောက်ရှိ။ အခုအချိန်ကနေစပြီး သူတော်စင်နီကိုလပ်ရဲ့အမိန့်ကို နာခံပါ့မယ်။”

နီကိုလပ်က ရုတ်တရက် သူ့ကိုလာရောက်ခစားတဲ့ တပ်မှူးကြီးနဲ့အရာရှိတွေကြောင့် ခြေမကိုက်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။ လောလောဆယ် သူက လက်ထဲမှာ ပဲနို့ပုလင်းနှစ်ပုလင်းကိုင်ထားပြီးတော့ တစ်ပုလင်းကို သီယာဆီကို ကမ်းပေးနေတာ။

“ဂျူ... ဂျူလီယာ... မနက်ဖြန်မှ နင်ရောက်လာရမှာ မဟုတ်ဘူးလား။”

နီကိုလပ်က မိန်းကလေးတန်မယ့် ဗလတောင့်တောင့်နဲ့ ကြောက်စရာကောင်းတဲ့ပုံစံမျိုးရှိတဲ့ စစ်သည်တော် ဂျူလီယာကို ကြည့်လိုက်ရင်းနဲ့ ပြောလိုက်ပါတယ်။ ဂျူလီယာကတော့ နီကိုလပ်ကို မော့ကြည့်လိုက်ပြီးနောက် သီယာဆီကို အကြည့်ကရောက်သွားတယ်။ ပြီးတဲ့နောက် မနှစ်မျို့တဲ့အရိပ်အယောင်မျိုး သူ့မျက်လုံးထဲ ပေါ်လာတယ်။

“သခင် နီကိုလပ်၊ သူတော်စင်လေးပါးက ပြိုင်ဘက်တွေ ဖြစ်ဖို့အတွက် မွေးဖွားလာတာပါ။ တခြားသူတော်စင် မိန်းမတစ်ယောက်နားကို အဲဒီလောက်နီးနီးကပ်ကပ် ကပ်မနေသင့်ပါဘူး။ တစ်ဖက်လူက ဘာကြံနေမှန်းမှ မသိတာ။”

တပ်မှူးဂျူလီယာက ပြောပြောဆိုဆိုနဲ့ နီကိုလပ်ကို ပခုံးကနေ ဖမ်းဆွဲလိုက်ပြီးတော့ သူ့နောက်ကို လှမ်းပို့ပြီး ခန္ဓာကိုယ်နဲ့ကာရံကာ ကာကွယ်ပေးမယ့်ပုံစံမျိုး လုပ်ခဲ့တယ်။ ပြီးတဲ့နောက် သီယာကို မကြည်ကြည့်နဲ့ ကြည့်လိုက်တဲ့ အတွက်ကြောင့် အကြည့်ချင်းပြိုင်သလို ဖြစ်သွားတယ်။

“ဂျူ... ဂျူလီယာ... ထားလိုက်ပါ။ အစ်မသီယာက တခြားသူတော်စင်တွေနဲ့မတူပါဘူး။”

ဒါပေမဲ့ ဂျူလီယာကတော့ လက်ခံတဲ့ပုံမပေါ်ဘူးရယ်။ “ ဒီမိန်းမက ရန်သူတွေရဲ့စိတ်ကိုဖတ်နိုင်တယ်။ သခင့်ကို သူ့အနားမှာနေခိုင်းဖို့ အန္တရာယ်များလွန်းတယ်။”

“.....”

“နတ်လေးသည်တော်တပ်ဖွဲ့၊ ရောက်ရှိ။”

ရုတ်တရက် ရွှေရောင်ဆံပင်ရှည်တွေရှိပြီးတော့ နတ်သူငယ် တစ်ယောက်လိုမျိုး ချောမောလှတဲ့ လူငယ်လေးက ဘုရားကျောင်းရင်ပြင်ထဲ ဝင်ရောက်လာပါတယ်။ သူက ဂျူလီယာနဲ့နီကိုလပ်ကို မကျေမနပ်ကြည့်လိုက်ပြီးတော့ သီယာရှေ့မှာ ဝင်ရပ်လိုက်တယ်။

“ဘယ်သူများလဲလို့ ဂျူလီယာပါလား။ အရင်တစ်ခါက ငါနင့်ကို ငိုလောက်တဲ့အထိရိုက်ထားတာ မမှတ်သေးဘူးနဲ့ တူတယ်။ သခင်မသီယာပေါ်ကို လက်ချောင်းတစ်ချောင်း နင်တင်မိတာနဲ့ ဖြူးတစ်ကောင်ဖြစ်သွားအောင် ငါအစွမ်းပြ ပေးလိုက်မယ်။”

“ဩစတင်း... ငါ့ကို အရင်ကလိုပဲ အားနည်းနေဦးမယ် မထင်နဲ့။”

တပ်မှူးနှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ရန်ဆောင်နေကြတဲ့အတွက် ဒီနေ့မတိုင်ခင်အထိ တပူးပူး တတွဲတွဲဖြစ်နေခဲ့တဲ့ သူတော်စင်နှစ်ယောက်က သူတို့ကြား မဟာတံတိုင်းကြီးခြားနေသလိုမျိုး ခံစားလိုက်ကြရတယ်။

တပ်ဖွဲ့နှစ်ဖွဲ့ရန်ဆောင်နေတုန်းမှာပဲ နံပါတ်တစ်သူတော်စင် ဖြစ်တဲ့ ဆားဗီးရပ်က နောက်လိုက်ကွပ်မျက်သူတပ်ဖွဲ့နဲ့အတူ ရောက်ရှိလာပြီးတော့ ပြောလိုက်တယ်။

“ဘုရားကျောင်းရင်ပြင်က ညစျေးတန်းမဟုတ်ဘူး။ ရောက်လာပြီဆိုမှတော့ ရဟန်းမင်းကြီးကို သွားတွေ့ရအောင်။”

ဒီတော့မှ တပ်မှူးနှစ်ယောက်လုံးက ကတောက်ကစ ဖြစ်နေတာကို ရပ်လိုက်ကြတယ်။ ဒါပေမဲ့ သီယာက လူတစ်ယောက်လိုနေသေးတာကို သတိထားမိလိုက်ပြီး

“နေပါဦး၊ ရူဘီမရောက်သေးဘူးလား။”

ဒါပေမဲ့ သူ့စကားမဆုံးသေးခင်မှာပဲ ဘုရားကျောင်းရဲ့ တံခါးမကြီးက ပွင့်လာပြီး လက်ထဲမှာ ဒိုင်းကိုင်ထားတဲ့ ကောင်မလေးက သူ့ရဲ့တစ်ဦးတည်းသောနောက်လိုက် လီချင်းချင်းနဲ့အတူ ရင်ပြင်ထဲဝင်လာတယ်။ ဆားဗီးရပ်က ခနဲ့တဲ့တဲ့နဲ့ ဒိုင်းသူတော်စင်ရူဘီကိုကြည့်ရင်း...

“ကိုယ်ပိုင်တပ်ဖွဲ့တောင်မရှိတဲ့သူက နောက်ကျရတယ်လို့။ အချိန်ကို မလေးစားတတ်လိုက်တာ။”

All Chapters