အခန်း (၁၀၀)
Vol. 8 Ch. 100
“တွန့်ဆုတ်ဆုတ်လုပ်မနေနဲ့။ သွင်းလိုက်”
“ဒင်! စနစ်မှ အသိပေးပါတယ်။ ပွိုင့်သွင်းခြင်း အောင်မြင်ပါပြီ။ အလယ်အဆင့်ကနေ ကျွမ်းကျင်အဆင့် ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
လင်းဖေးဟန်ရဲ့ နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားပြီးတာနဲ့ လီဗာကို ဆောင့်နင်း ချလိုက်သည်။ အရှိန်နဲ့ ကားက ပြေးသွားလေသည်။
ကားပေါ်ရှိ မိုင်နှုန်းပြစကေးတွင် မိုင်ကုန် သုံးထားကြောင်း ညွှန်ပြနေသည်။ ဒါကိုမြင်တော့ လုရွှယ်ယင်၏ မျက်နှာက ချက်ချင်း ပြောင်းသွားရသည်!
လုရွှယ်ယင်သိသည်။ တစ်နာရီ ကိုက်သုံးရာဆိုပြီး မိုင်ကုန် ပြနေပေမဲ့ တစ်ကယ့် အရှိန်က ကိုက်သုံးရာထက် ကျော်နေတယ်ဆိုတာ သိနေတာမို့ လုရွှယ်ယင် ဆဲရတော့သည်။
“ လင်းဖေးဟန် နင်ရူးနေလား?”
နောက်ကျောက အရှိန်နဲ့ ကပ်နေတာမို့ အဆင်မပြေနေဘူးနော်!
လုရွှယ်ယင်ရဲ့ မျက်နှာက အလွန်ရုပ်ဆိုး လာသည်။
လင်းဖေးဟန် ရယ်ပြီးပြောလိုက်သည်။
“ အခြေအနေက အလျင်လိုနေတယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား? ငါက တတ်နိုင်သလောက် မြန်မြန်ရောက်အောင် လုပ်ပေးမလို့ပါ။ အရင်အရှိန်နဲ့ဆိုရင် မင်းပြောသလို ငါးမိနစ်နဲ့ မရောက်နိုင်ဘူးလေ”
လင်းဖေးဟန် ပြောလိုက်ပေမဲ့ ကားအရှိန်ကတော့ လျော့မသွားပေ။ အရှိန်လျော့ပေးဖို့လဲ သူ အစီအစဥ် မရှိဘူး။
လုရွှယ်ယင် အံကြိတ်လိုက်သည်။ သူမရဲ့ခေါင်းက မူးဝေနေပြီ။ အမှန်တော့ အစောတည်းက သူမအနည်းငယ် ရိပ်တိတ်တိတ် ဖြစ်နေခဲ့တာပင်။
“ လင်းဖေးဟန် အခု အရှိန်လျော့လိုက်။ ဘယ်လောက်ပဲ အလျင်လိုလို၊ လုံခြုံမှုက အဓိကပဲ။ နင်အခု အန္တာရယ်များနေပြီ”
“ ငါ့ရဲ့ကားမောင်းစကေးက မင်းလောက် ဆိုးမယ် ထင်နေလား?”
လင်းဖေးဟန် ခပ်ဖျော့ဖျော့ပြုံးကာ ပြန်မေးလိုက်သည်။
သူ့ရဲ့ကားမောင်းစကေးကို ကျွမ်းကျင် အဆင့်အဖြစ် မြှင့်တင်ပြီးပြီမို့ အခုဆို ပြိုင်ကားမောင်းတဲ့သူတွေနဲ့ပါ သူသွားယှဥ်လို့ ရနေပြီ။
လက်နှစ်ဖက်နဲ့ စတီယာတိုင်ကို တင်းတင်း ကိုင်လိုက်ကာ ဘယ်ညာကစားလိုက်သည်။ လမ်းပေါ်ရှိ ကားတွေကို တစ်စီးပြီးတစ်စီး ကျော်တက်နေလိုက်သည်။
နှလုံးတုန်ပြီး ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းက လုရွှယ်ယင်ရဲ့ ဦးနှောက်ကို ကြီးစွာ လှုံ့ဆော်မှု ပေးလိုက်သည်။ ဒီလိုမြင်ကွင်းမျိုးကို သူမ ရုပ်ရှင်တွင်သာ မြင်ဖူးသည်။ လက်တွေ့ ကြုံရမယ်လို့ မထင်ခဲ့မိဘူး။
ထိုအချိန်မှာ လုရွှယ်ယင် ကိုယ်တိုင်လဲ ဘာလို့မှန်း နားမလည်နိုင်တော့ပေ။ သူမ မကြောက်တော့ဘဲ ထိုအစား စိတ်လှုပ်ရှား လာခဲ့သည်။
“ ဒင်! ဇာတ်လိုက် လုရွှယ်ယင်ဆီကနေ နှစ်သက်မှု ၅ မှတ် တိုးသွားတဲ့ အတွက် ဂုဏ်ပြုပါတယ်။ ပွိုင့် ၅၀ လက်ခံရရှိပါတယ်”
လင်းဖေးဟန် လုရွှယ်ယင်ကို လှမ်းကြည့် လိုက်သည်။ လုရွှယ်ယင်ရဲ့ လက်သီး နှစ်ဖက်သည် တင်းကျပ်စွာ စုတ်ထားသလို မျက်နှာတစ်ခုလုံးလဲ ဖြူဖတ်နေသည်။
မမျှော်လင့်ထားမိဘူး။ ဒီကောင်မလေးရဲ့ တည်ငြိမ်တဲ့ ဟန်ပန်အောက်မှာ ပျော်တတ်တဲ့ နှလုံးသား ရှိသေးတာပဲ။
ကမ္ဘာအသစ် တစ်ခုကို တွေ့လိုက်ရသလို ခံစား လိုက်ရပြီး လင်းဖေးဟန်ရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်သွားခဲ့သည်။
ဂီယာချိန်းလိုက်ပြီး ကားကို အရှိန်ပြန်လျော့ လိုက်သည်။ ဒီတစ်ကြိမ် လင်းဖေးဟန် သူ့ရဲ့ စွမ်းရည်ကို ထုတ်ပြနိုင်သွားခဲ့ပြီ။
ဒီနေရာက ကျေးဘက်က လမ်းတွေမလို့ အမြန် မောင်းလွန်းရင် ကျောက်တုံးသေးတွေက ကားကို ထိစေလိမ့်မည်။
ကားမောင်းတဲ့ နေရာမှာ ဘုရင်တစ်ဆူ ဖြစ်နေရင်တောင်မှ ခုနက ဟိုင်းဝေးလမ်းမ တုန်းကလို အရှိန်နဲ့ လင်းဖေးဟန် မမောင်းရဲ ပါချေ။
ဒါပေမဲ့ လင်းဖေးဟန် မြန်မြန်နဲ့ ကျွမ်းကျွမ်းကျင်ကျင် မောင်းလိုက်သည်။
“ ဒင်! ဇာတ်လိုက်လုရွှယ်ယင်ထံမှ နှစ်သက်မှု ၇ မှတ်တိုးသွားတဲ့အတွက် ဂုဏ်ပြု..”
“ဒင်! ဇာတ်လိုက်လုရွှယ်ယင်ထံမှ နှစ်သက်မှု ၅ မှတ် တိုးသွားတဲ့အတွက် ဂုဏ်ပြု..”
နက်စောက်တဲ့ ချိုင့်တွေကို လင်းဖေးဟန် ကျွမ်းကျွမ်းကျင်ကျင် ကျော်ဖြတ်သွားတိုင်း၊ အကြမ်းပတမ်း မောင်းနေတဲ့ ထရပ်ကားကြီးကို လင်းဖေးဟန် ကျော်တက် သွားတိုင်း လုရွှယ်ယင်ထံမှ နှစ်သက်မှု အမှတ်တွေကို ရရှိလိမ့်မည်။
လင်းဖေးဟန်အတွက် အရမ်းကို ပျော်ရွှင်ဖွယ် ဖြစ်နေတော့သည်။ ကားမောင်းအဆင့် တင်လိုက်တာ မှန်သွားတယ်။ အခုတော့ သူ အကျိုးရှိသွားပြီ။
ဆယ်မိနစ် ကြာမဲ့ ခရီးစဥ်က လင်းဖေးဟန်ရဲ့ ကျွမ်းကျင်မှုကြောင့် သုံးမိနစ်နဲ့ လိုရာခရီးကို ရောက်သွားခဲ့သည်။
လင်းဖေးဟန် ခန့်ညားစွာ ကားအရှိန် သတ်လိုက်ပြီး စက်ရုံဂိတ်ပေါက်မှာ တည်ငြိမ်စွာ ကားပါကင်ထိုးလိုက်သည်။
အခုလို ခရီးတိုအပြီးမှာ အသစ်စက်စက် Aston Martin ကားလေးဟာ မီးခိုးငွေ့တွေ ထွက်နေခဲ့သည်။
လုရွှယ်ယင်၏ မျက်လုံးသည် အနည်းငယ် ဗလာဖြစ်နေပြီး မျက်နှာလဲ ဖြူဖျော့နေဆဲ ဖြစ်ကာ ရင်ဘတ်သည် နှိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
“ ဟုတ်ပြီ ကားထဲက ထွက်တော့”
လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးပြီး ခါးပတ် ဖြုတ်လိုက်ကာ လုရွှယ်ယင်ကို ပုခုံးပုတ်ပြီး သတိပေးလိုက်သည်။
လုရွှယ်ယင် ရုတ်တရက် အသိဝင်လာပြီး ပြတင်းအပြင်က ရှုခင်းကို လှမ်းကြည့် လိုက်သည်။ ထို့နောက်တွင် လင်းဖေးဟန်ကို ပြန်ကြည့်လိုက်သည်။ အဆုံးမှာ ဘာစကားမှ မပြောဘဲ ခါးပတ်ဖြုတ်ကာ ကားထဲမှ ထွက်သွားသည်။
လင်းဖေးဟန်လဲ ကားထဲက ထွက်ပြီး လုရွှယ်ယင်ကို သတိပေးလိုက်သည်။
“ မင်းဒီကိစ္စမှာ ဝင်ပါဖို့မလိုဘူး။ ငါနဲ့ပဲ အပ်ထားလိုက်ပါ။ ပြီးတော့ ငါ့နောက်မှာ ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်အုံး”
လင်းဖေးဟန် ပြောပြီးသည်နှင့် မနေနိုင်စွာ လုရွှယ်ယင်ဆီကို လက်ဆန့်လိုက်မိသည်။ ဒါပေမဲ့ လမ်းတစ်ဝက်တင် အေးခဲပြီး ရပ်သွားကာ သူ့ရဲ့ အိတ်ကပ်ထဲပဲ ပြန်ထည့် လိုက်တော့သည်။
အစက လင်းဖေးဟန်သည် လုရွှယ်ယင်ရဲ့ လက်ကို ကိုင်ထားမလို့ဖြစ်သည်။ ထိုသို့ဆိုရင် လုရွှယ်ယင်က သူ့ရဲ့ကာကွယ်မှု အောက်တွင် လုံခြုံလိမ့်မည်။
ဒါပေမဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို တွေးမိသွားသည်။ မကျော်ဖြတ် နိုင်တဲ့ တောင်တစ်လုံး ရှိနေ သကဲ့သို့ပင်။ သူတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် သူစိမ်းဆန်သည့် မိတ်ဆွေကောင်း အဆင့်တွင်သာ ရှိသည်လို့ သူထင်သည်။ သူတို့သာ လက်ကိုင်လိုက်ရင် အလွန်မသင့်တော်ရာကျပြီး လုရွှယ်ယင်ကို ရွံသွားစေလိမ့်မည်။ လက်မကိုင်တာပဲ ကောင်းပါတယ်။
လင်းဖေးဟန်ရဲ့ အပြုအမူကို လုရွှယ်ယင် မမြင်လိုက်တဲ့ပုံပါပဲ။ သူမရဲ့ မျက်နှာက ပုံမှန်လိုပဲ တည်ငြိမ်နေကာ စက်ရုံထဲကို ဖြေးဖြေးချင်း လမ်းလျှောက် ဝင်သွားလိုက်သည်။
စက်ရုံထဲကို ဝင်လိုက်တာနဲ့ အပြင်ဘက်က ဆူညံသံများကို နှစ်ယောက်လုံး ကြားလိုက် ရသည်။
လင်းဖေးဟန် သူ့ရဲ့လက်ကို ဖုန်ခါလိုက်သည်။
ဒီလူမိုက်ကောင်တွေ.. မင်းတို့ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်တော့။ ငါနဲ့တွေ့တာ မင်းတို့ ကံဆိုးတာပဲ။
လင်းဖေးဟန်ရဲ့ မျက်နှာက တည်သွားသည်။ လုရွှယ်ယင်ကို သူ့ရဲ့ ကိုယ်တစ်ဝက်လောက် အနောက်မှာထားလိုက်ပြီး သူမကို ကာကွယ်ကာ အတွင်းကို ဝင်သွားလိုက်သည်။
တံခါးကနေ ဝင်သွားလိုက်တာနဲ့ မျက်နှာဖုံး အမဲ ဝတ်ထားတဲ့ရွာသား လူမိုက် တစ်အုပ်ကို တွေ့လိုက်ရသည်။
စက်ရုံကလူတွေ လှည့်ကြည့်လိုက်ချိန်မှာ အကုန်လုံးရဲ့မျက်လုံးက လင်းဖေးဟန်ဆီကို ရောက်လာခဲ့သည်။
အနည်းဆုံး လူမိုက်အယောက် ခြောက်ဆယ်လောက် ရှိသည်။
ဒါပေမဲ့ အများစုသည် ကျောင်းမတက်ပဲ အပြင်မှာ လျှောက်သွားနေတဲ့ လူငယ်တွေပင်။
ဆံပင်အရောင်အကြောင်တွေနဲ့ ဘောင်းဘီ ဖင်ကျပ်ကိုယ်စီနှင့် ဖြစ်သည်။ မြွေသားရေ ဖိနပ်တွေနဲ့ တစ်ချို့ဆို ဆံပင်အရှည်တွေပါ ပါသေးသည်။ သေချာမကြည့်ရင် လုံးဝ မိန်းကလေးရုပ်။
သတ်လတ်ပိုင်းအရွယ် လူတစ်ချို့လဲ ပါသေးသည်။ မဲခြောက်နေတဲ့ အသားတွေနဲ့ အသက်လေးဆယ်၊ ငါးဆယ်အရွယ်လောက် ရှိကြမည်။
ပေါက်တူး၊ တံစဥ်း၊ တူရွင်း စသည့် ပေါတောတော လက်နက်တွေ ရရာ ကိုင်ထားကြသည်။
ထိုလူတစ်စုသည် စက်ရုံအလုပ်သမားများကို အော်ဟစ်နေသေးသည်။
“ ချီးပဲ! အခုရပ်စမ်း! မင်းတို့နားတွေမှာ ကြက်မွှေးတွေ ပိတ်နေတာလား? စောက်ရူးတွေ အခုရပ်ကြ!”
ထို့နောက်တွင် အသက်ငယ်ငယ် လူမိုက် တစ်ယောက်က အလုပ်လုပ်နေဆဲ အလုပ်သမား တစ်ယောက်ဆီ သွားကာ ဆံပင်က စောင့်ဆွဲပြီး ပါးနှစ်ချက် ဆင့်ရိုက်လိုက်တာကို မြင်လိုက်ရသည်။