အခန်း (၁၀၃)
Vol. 8 Ch. 103
တစ်ဖက်လူက ငွေအများကြီးကို တောင်းဆိုနေခဲ့တာ ဖြစ်သည်။ စစချင်းမှာ တောင်းတဲ့ငွေက 1.8 မီလီယံရှိသည်။
ဒီလူမိုက် မျိုးက တောင်းတဲ့ငွေ ပေးလိုက်ရင် ပြီးသွားမယ် ထင်နေလား?
ဒါတွေ အကုန်လုံးကို ဒီအရှေ့က စွန်းချီကျီ စီစဥ်တာပါလို့ လာပြောရင် လင်းဖေးဟန် ချက်ချင်းပဲ အဲ့လူရဲ့ခေါင်းကို ဖြုတ်ပြီး ဘောလုံးလုပ် ကန်ပစ်လိုက်မည်။
နတ်ဘုရားတစ်ပါးလို အမြင်စူးရှနေပြီ ဖြစ်သော လင်းဖေးဟန်က အကုန်လုံးကို သိသည်။
လင်းဖေးဟန် စွန်းချီကျီကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ မင်း မပြောဖို့ရွေးလို့ရသလို၊ လိမ်ပြောဖို့ကိုလဲ ရွေးလို့ရတယ်။ ငါရှာတွေ့သွားရင် မင်း ကမ္ဘာအဆုံးထိ ထွက်ပြေးမယ်ဆိုရင်တောင် ငါရအောင် ဖမ်းပြမယ်။ ဒီကမ္ဘာမှာ ငါက ဘာကောင်ဆိုတာ မင်းသိမယ်ထင်ပါတယ်။ အဲ့ဒီအချိန်ကျ မင်းဘာတွေ ကြုံရမယ်ဆိုတာ ငါကြိုမပြောနိုင်ဘူး!”
ထိုအချိန်တွင် လင်းဖေးဟန်ရဲ့ မျက်လုံးထဲမှာ ဓားတစ်ချောင်း ရှိနေသကဲ့သို့ပင် အင်မတန် ကြောက်ဖို့ ကောင်းလှသည်။
ကျင်းပိုင်မြို့တစ်ခွင်မှာ လင်းဖေးဟန်ဆိုတဲ့ နာမည်တစ်လုံးနဲ့တင် ကြောက်ဖို့ ကောင်းနေပြီးသား။ သူ့လို မြေအောက် လောကမှာ အလေလိုက်နေတဲ့ လူမိုက် တစ်ယောက်က ဘယ်ယှဥ်နိုင်မှာလဲ?
ထိုအချိန်မှာ စွန်းချီကျီရဲ့ အရိုးများစွာက တစ်စုံတစ်ယောက်ကြောင့် ကျိုးနေခဲ့တာမို့ သူ့မျက်နှာက အလွန်အမင်း နာကျင်ပုံ ပေါက်နေခဲ့သည်။
ဒါပေမဲ့ သူ့အရှေ့က အလွန်အေးစက်တဲ့ လင်းဖေးဟန်ကို မြင်ပြန်တော့ မနေနိုင်စွာ တုန်ယင်မိပြန်သည်။ လင်းဖေးဟန်ကို လိမ်လိုက်မိရင် သူပြေးလို့ မလွတ်မှာကို သိသည်။ အဲ့လိုဆိုရင် သူ့ကိုစောင့်နေမှာက နေဝင်ချိန်လေးကို စောင့်မျှော်ရင်း ကုန်ဆုံး သွားမဲ့ နောက်ဆုံးအသက်ရှုခွင့်လေးပဲ!
စွန်းချီကျီ အလျင်အမြန် အော်လိုက်သည်။
“ ငါပြောမယ်၊ ငါပြောမယ်၊ ငါဒါတွေ အကုန်လုပ်ခဲ့တာပါ။ ကျင်းပိုင်မြို့ စံပြအုပ်စုရဲ့ ဥက္ကဋ္ဌ လီယွင်လုံက ငါ့ကိုလုပ်ခိုင်းခဲ့တာပါ။ ငါသာ ကောင်းကောင်းလုပ်နိုင်ရင် ဘာတွေဖြစ်ဖြစ် ငါ့ကိုကာကွယ်ပေးမယ်လို့ ပြောထားခဲ့တယ်။ ငါသာ ကောင်းကောင်း လုပ်ပေးနိုင်ရင် ဖန်းချန်းဧရိယာက ငါ့အပိုင် ဖြစ်လာမယ်တဲ့။ ဖန်းချန်းဧရိယာကို ရအုံးမဲ့ အပြင် အကိုကြီးလီက ငါ့ကို ကာကွယ်ပေးမှာ ဆိုတော့..”
အဖြေကို အစောတည်းက လင်းဖေးဟန် သိနေပြီးသားပင်။ အောက်လဲကျပြီး အပြင်းအထန် ဒဏ်ရာရချင်ဟန် ဆောင်နေကြတဲ့ လူမိုက်တစ်အုပ်ကို ကြည့်ပြီး လင်းဖေးဟန် အေးစက်စွာ ပြောလိုက်သည်။
“ဒီနေရာကနေ ထွက်သွားဖို့ ဆယ်စက္ကန့်ပေးမယ်။ မဟုတ်ရင် မင်းတို့ အသက်ရှင်ရက် လုံးဝ ထွက်မသွားစေရဘူး”
စကားသံ ဆုံးသွားတာနဲ့ မြေပြင်ပေါ် လူးလိမ့်နေကြတဲ့ လူမိုက်အုပ်စုသည် အားတိုးဆေး သောက်လိုက်သလို ချက်ချင်းပဲ အားအင်တွေ ပြည့်ဝသွားကာ ထပြေး ကြတော့သည်။ စွန်းချီကျီသာ ‘ငါ့ကို မမေ့သွားနဲ့'ဟု အော်မနေခဲ့ရင် ခေါင်းဆောင် ဖြစ်သူကိုတောင် လျစ်လျူရှုပြီး ပြေးသွား ကြလောက်ပြီ။
နောက်ဆုံးဆူညံသံအပြီးမှာ ပတ်ဝန်းကျင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ ထိုအချိန်မှာ ဘယ်သူမှ စကားမဟရဲကြပေ။ ထိတ်လန့်မှုအပြည့် မျက်ဝန်းများနဲ့ လင်းဖေးဟန်ကို ကြည့်နေခဲ့ကြသည်။
လင်းဖေးဟန်က ကြောက်ဖို့ကောင်းလွန်းလို့ သူတို့ရှေ့ရပ်နေသူက လူမဟုတ်ဘဲ မကောင်းဆိုးဝါး တစ်ကောင်လို့သာ ခံစားရသည်!
လူတစ်ယောက်ထဲနဲ့ အယောက်ရှစ်ဆယ်ကို ရိုက်ပစ်ခဲ့တယ်!
စောက်ရမ်း လန့်ဖို့ကောင်းတာပဲ!
ရုပ်ရှင်ထဲမှာတောင် ရှစ်ဆယ်နဲ့ တစ်ယောက် ပြိုင်မချခိုင်းရဲလောက်ဘူး!
အလွန်ဆုံး ပါရင်တောင်မှ စားပွဲခုံကို လက်နဲ့ဖျက်ဆီးပစ်တာမျိုးတို့၊ မီတာ ရှစ်ရာလောက် အဝေးကနေ သေနတ်နဲ့ ပစ်ပြတာမျိုးလောက်သာပါတာ။
ဒါပေမဲ့ ရုပ်ရှင်ထက်တောင် ဆန်းကြယ်လွန်းတဲ့ ကိစ္စက တစ်ကယ့်လက်တွေ့ ဖြစ်လာခဲ့ပြီ။ အဲ့ဒါကလဲ ကျင်းပိုင်မြို့ရဲ့ လူငယ်စီးပွားရေးရှင် လင်းဖေးဟန် လုပ်ခဲ့တာတဲ့…
ထိုအရာကို တွေ့လိုက်ရတဲ့ သူတွေအနေနဲ့ ဘယ်လောက်တောင် ထိတ်လန့်သွားတယ်ဆိုတာ ဖော်ပြလို့တောင် မရနိုင်ပေ။
လင်းဖေးဟန် အင်္ကျီကို ဖုန်ခါလိုက်သည်။
တစ်ကယ်ကို ထပ်ပေသွားပြန်ပြီ။ လျှို့ရှင်းယာကို ထပ်လျှော်ခိုင်းရတော့မည်။
လင်းဖေးဟန် လုရွှယ်ယင်ကို လှမ်းကြည့်ပြီး ပြုံးလိုက်ကာ
“ တွေ့လား? ဒါအရမ်း ရိုးရှင်းပါတယ်။ အခု ဖြေရှင်းပြီးသွားပြီမလား?”
လုရွှယ်ယင်ရဲ့ မျက်လုံးထဲတွင် မတူညီတဲ့ အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားသည်။ သူမ လင်းဖေးဟန်ကို ထပ်မကြည့်ရဲတော့ချေ။
“ ကျေးဇူးပါ… ကျန်တာကို ကျွန်မ ဖြေရှင်း လိုက်ပါရစေ”
လင်းဖေးဟန် အနည်းငယ် အံ့သြသွားပြီး အလျင်စလို မေးလိုက်သည်။
“ ကျန်တာကို မင်း ဖြေရှင်းနိုင်တယ်လား?”
လုရွှယ်ယင် တိတ်သွားပြီး.. နောက်မှ လင်းဖေးဟန်ကို လက်ယမ်းပြလိုက်ကာ
“ ထားတော့ အဲ့ကိစ္စကို အပြင်မှာ ပြောကြရအောင်!”
ပြောပြီးတာနဲ့ လုရွှယ်ယင် လှည့်ထွက်သွားလိုက်သည်။
လုရွှယ်ယင် တစ်လုံးမှ မဟ သွားတော့ လင်းဖေးဟန် ကူကယ်ရာမဲ့စွာပဲ သူမ နောက်က လိုက်သွားလိုက်ရသည်။
စက်ရုံမန်နေဂျာသည် လုရွှယ်ယင်ထံမှ ညွန်ကြားချက် တစ်ချို့ကို နားထောင်ပေးရန် ဘေးတွင် ရပ်စောင့်နေခဲ့သည်။ ဒါပေမဲ့ လုရွှယ်ယင် နောက်ဆုံး လှည့်ထွက်သွားတဲ့ အချိန်အထိ သူမသူ့ကို တစ်ခွန်းတောင် မပြော သွားဘူး။ လုရွှယ်ယင်ရဲ့ မျက်လုံးတွေက လင်းဖေးဟန်ကိုပဲ ကြည့်နေပြီး သူ့ကို ကြည့်တောင် မသွားဘူး။
စက်ရုံမန်နေဂျာ ခဏလောက် မှင်သက်သွားပြီး နောက်တွင် အခြေအနေကို တုံ့ပြန်လိုက်သည်။ စက်ရုံခေါင်းဆောင် တစ်ယောက်အနေနဲ့ လူတွေရဲ့ စိတ်အခြေအနေကို တည်ငြိမ်အောင် အရင် လုပ်ပေးရမည်။
ဒါကြောင့်မို့ သူကျယ်လောင်စွာ ပြောလိုက်သည်။
“ လုပ်ဖော်ကိုင်ဖက်တို့! အခု ငါတို့ အန္တာရယ်က လွတ်သွားပြီမို့ အေးဆေး အလုပ်ပြန်လုပ်လို့ ရပြီ!”
“ လုပ်ဖော်ကိုင်ဖက်တို့ ကောင်းကောင်း အနားယူကြပါ။ ဒီနေ့အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်စရာ ဖြေရှင်းချက် ပေးပါ့မယ်။ဒီမှာနေပြီး ဒီနေ့အတွက် အလုပ် ဆက်လုပ်ချင်သေးရင် အပိုဘောနက်စ် ယွမ်ငါးရာ ပေးမယ်။ မင်းတို့ ထွက်သွားချင်ရင် ငွေရှင်းဋ္ဌာနကို သွားပြီး ငွေထုတ်လို့ ရတယ်။ အကုန်လုံး ဒီရက်ပိုင်း ပင်ပန်းသွားရပါပြီ!”
ထိုအချိန်တွင် စက်ရုံအပြင်၌ လုရွှယ်ယင်သည် ကားဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။
လင်းဖေးဟန် လုရွှယ်ယင်ကို ကြည့်ပြီး ဖြေးဖြေးချင်း လှမ်းလာပေမဲ့ ဘာစကားမှ မပြောသေးပေ။
လုရွှယ်ယင်လဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။ နှစ်ယောက်သားလုံး တိတ်ဆိတ်နေကြသည်။ နောက်ဆုံးတွင် လုရွှယ်ယင် ဖြေးဖြေးချင်း ပြောလ်ိုက်သည်။
“ တောင်းပန်ပါတယ်.. တစ်ကယ်တော့… ငါနင့်ကို သံသယ မဝင်ခဲ့သင့်ဘူး!”
တစ်ကယ်တော့ လင်းဖေးဟန် စိတ်အေးသွားတာ ကြာခဲ့ပါပြီ။ သူမိန်းမ တစ်ယောက်ကို အကြာကြီး စိတ်မဆိုးတတ်ဘူး။ လင်းဖေးဟန် ပုခုံးတွန့်ကာ ပြောလိုက်သည်။
“ သံသယဝင်တယ်ဆိုတာ မင်းဘာကို ဆိုလိုတာလဲ? မင်းဒီတိုင်းပဲ ငြင်းခဲ့တာလေ။ ဘာ သံသယမှ မရှိပါဘူး!”
မြေကြီးပေါ်က ကျောက်တုံးများကို လုရွှယ်ယင် ခြေနဲ့ ဆော့နေလိုက်သည်။ လေသံသည် အေးစက်နေဆဲ ဖြစ်ပေမဲ့ အရှိန်မရှိတော့ပေ။
“ ငါအရင်က နင့်ကိုပြောခဲ့မိတာ..”
လုရွှယ်ယင် ပြောလို့ မပြီးခင်မှာပဲ လင်းဖေးဟန်သည် ပိုပျော့ပျောင်းတဲ့ လေသံနဲ့ ဖြတ်ပြောလိုက်သည်။
“ တစ်ကယ်တော့ လူဆိုတာ ပြောင်းလဲ တတ်တာပဲလေ။ ဟုတ်တယ်မလား?”
ထိုစကားကို ကြားတဲ့အခါမှာ လုရွှယ်ယင် ရုတ်တရက် ခေါင်းမော့လာခဲ့သည်။ လင်းဖေးဟန်ပင် လန့်သွားရသည်။ မေးခွန်း ထုတ်လိုသံဖြင့် သူမက မေးလိုက်သည်။
“ အဲ့လိုဆိုရင် နင်ကဘာလို့ အများကြီး ပြောင်းလဲသွားတာလဲ? နင်ငါ့ကို တစ်ခွန်းတောင် မပြောပဲ ငါ့ဆီကနေ ဘာလို့ ဖုံးကွယ်ခဲ့တာလဲ?”
လင်းဖေးဟန် ပြောစရာ စကား ပျောက်ဆုံး သွားသည်။ သူဘယ်လို ရှင်းပြရမယ် တစ်ကယ် မသိတော့ပေ။
သူက တစ်ခြားကမ္ဘာကသူဖြစ်ပြီး၊ လင်းဖေးဟန် အစစ် မဟုတ်သလို စနစ်ပါ သူ့မှာရှိတာမို့ အကုန်ပြောင်းပစ်တာပါလို့ သွားပြောလို့လဲ မရဘူး။
အဲ့လိုသွားပြောလို့ကတော့ သူမက ယုံမှာ မဟုတ်တဲ့အပြင် သူက သူမကို မကြိုက်လို့ မလေးမစားနဲ့ ပေါ့ပျက်ပျက်ပြောတယ်လို့ လုရွှယ်ယင် ထင်သွားလိမ့်မည်။
ငါတို့ အကုန်လုံးက အရွယ်ရောက်ပြီးသား သူတွေမို့ ပြောသင့်တာနဲ့ မပြောသင့်တာဆိုတဲ့ ပင်ကိုယ် အခြေခံကိုတော့ ရှင်းရှင်းလင်းလင်း ထိန်းရမယ်လေ။