← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

လင်း​ဖေးဟန် အာဏာအနည်းငယ် ပြကာ ငြင်းဆိုလိုက်သည်။

“ ကို နေခိုင်းရင် နေလိုက်ပါ။ ဒီဆေးရုံက ကိုတို့ လင်းမိသားစု အပိုင်ပဲ။ အထူးအဆောင်လေး ဖြစ်သွားရုံကို ဘာတွေ ယဥ်ကျေးပြနေတာလဲ? ကိုယ်တို့ ဆက်ဆံရေးက ဒီလောက်ပဲလား?”

ထိုစကားကို ကြားတော့ စွန်းရှင်းယွဲ့ အတင်း မပြောတော့ပဲ ရပ်လိုက်သည်။

တစ်ကယ်တော့ သူမ ထပ်ပြောချင်ခဲ့ပေမဲ့ လင်းဖေးဟန်ရဲ့ နောက်ဆုံးစကားကို တွေးမိသွားတော့ သူမ မပြောတော့ပေ။

ကိုတို့ရဲ့ ဆက်ဆံရေး?

ဒီဆက်ဆံရေးက ဘာလဲ?

ငါက ငယ်သေးတာမို့ သေချာ နားမလည်ဘူး။

လင်းဖေးဟန် စွန်းရှင်းယွဲ့ကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ မင်းဒီနေ့ ခွဲစိတ်ရမှာနော်။ ခွဲစိတ်တာ အောင်မြင်ပြီးသွားရင် လဝက်လောက် အိပ်ယာထဲမှာ အားဖြည့်ရမယ်။ ဒါလေးကို မင်းအတွက် အဖော်ပြုခိုင်းလိုက်ပါ!”

လင်းဖေးဟန် ပြတင်းပေါက်ဘောင်ကို ညွှန်ပြလိုက်သည်။

ပြတင်းဘောင်တွင် နှင်းဆီဖြူတစ်အိုး ရှိနေသည်။ ဒါလေးက စွန်းရှင်းယွဲ့ရဲ့ ဆိုင်ထဲက နှင်းဆီဖြူအိုးလေးပင်။

ပန်းအိုးလေးကို လင်းဖေးဟန်နဲ့ အားသောင်က ပြန်ယူလာခဲ့သည်။

စွန်းရှင်းယွဲ့ရဲ့ ဂရုတစိုက် ပေါင်းသင်ပေးမှုကြောင့် နှင်းဆီလေးက ကောင်းကောင်းကြီးပြင်းလာပြီး ကျောက်စိမ်းတုံးကဲ့သို့ အရွက်များက စိမ်းစိုနေသည်။ အဖြူရောင် ပွင့်ဖတ်တို့ထံမှ ပျံ့လွင့်နေသော မွှေးပျံ့ပျံ့ ရနံ့တို့ကြောင့် လူတွေကို စိတ်သက်သာစေပြီး စိတ်ကြည်လင် စေသည်။

စွန်းရှင်းယွဲ့၏ မျက်လုံးတွင် အံ့သြရိပ် တစ်စွန်းတစ်စ စွန်းထင်သွားသည်။

လင်းဖေးဟန် ဂရုတစိုက်နဲ့ ဒီနေရာအထိ ယူလာမယ်လို့ သူမ မထင်ထားမိပေ။

နှင်းဆီဖြူကို သတိလွတ်စွာ ကြည့်နေတဲ့ စွန်းရှင်းယွဲ့ကို ကြည့်ပြီး လင်းဖေးဟန် ပြုံးကာ ပြောလိုက်သည်။

“ ဒီကာလမှာ မင်းရဲ့ပန်းဆိုင်ကို စိတ်ပူဖို့ မလိုပါဘူး။ ကိုနေ့တိုင်း ရေလောင်းပေးမယ်။ မင်း ပြန်လာရင် ပန်းဆိုင်ထဲက ပန်းတွေ ကောင်းကောင်း ကြီးနေစေရမယ်လို့ ကို ကတိပေးတယ်”

လင်းဖေးဟန် ကိုယ်တိုင် ပန်းပင်ရေလောင်း ပျိုးသင်ဖို့က မဖြစ်နိုင်ပေမဲ့ သူ ဥယျာဥ်မှူး တစ်ချို့ စီစဥ်ပေးလို့ ရသည်လေ။

ထိုစကားကိုကြားတော့ စွန်းရှင်းယွဲ့ အတော်လေး ရင်ထဲထိသွားသည်။ သူမရဲ့ မျက်လုံးဝိုင်းများသည် ကောင်းကင်ထက်က ကြယ်လေးတွေလို တောက်ပသထက် တောက်ပ လာခဲ့သည်။

စွန်းရှင်းယွဲ့ ခေါင်းညိတ်လိုက်သည်။ သူမ မျက်လုံးတွင် ပျော်ရွှင်မှုတို့ ပြည့်နေသည်။

လင်းဖေးဟန် အကုန်လုံးကို တည်ငြိမ်စွာ စီစဥ်ပေးထားတာပဲ။

လင်းဖေးဟန် ဆက်ပြောလိုက်သည်။

“ မကြောက်ပါနဲ့ ဒါက အသေးစား ခွဲစိတ်မှုလေးပါပဲ။ နေ့လည်ကျရင် ပြီးသွားမှာပါ။ ကိုမင်းနဲ့ ဒီနေ့ဆေးရုံမှာ အတူရှိနေပေးမယ်”

ထိုစကားကိုကြားတော့ စွန်းရှင်းယွဲ့ရဲ့ နှလုံးသားထဲ နွေးထွေးသွားသည်။ လင်းဖေးဟန်ကို သူမနဲ့ အတူအဖော်လုပ်ပေးတာကို လိုချင်ပေမဲ့လဲ သူမ ပြောလိုက်လေသည်။

“ အစ်ကိုလင်းက အလုပ်များတယ်။ ဒီလိုလုပ်ပေးဖို့ မလိုပါဘူး။ အစ်ကို့ကို ​မြင်တာနဲ့တင် ကျွန်မ ပျော်သွားပါပြီ။ သွားပြီး လုပ်စရာရှိတာလုပ်ပါ”

လင်း​ဖေးဟန် မပျော်တော့သလို ဟန်ဆောင်ကာ ရုပ်တည်ဖြင့် ပြောလိုက်သည်။

“ အဓိပ္ပါယ်မရှိတာ! ကို့စိတ်ထဲမှာ မင်းရဲ့ ကိစ္စက ကို့အတွက် ပိုအရေးကြီးတဲ့ အလုပ်ပဲ”

လင်းဖေးဟန် အရူးမဟုတ်ပေ။ စွန်းရှင်းယွဲ့ရဲ့ အကြိုက်ကို ရအောင် ဘာကိုပြောရမလဲ သူသိတာပေါ့။ သူပြောလိုက်တာလဲ အမှန်ပဲ။ စွန်းရှင်းယွဲ့ထက် ဘာကမှ အရေးမကြီးဘူး။

ထိုစကားကိုစွန်းရှင်းယွဲ့ ကြားတော့ သူမ မျက်နှာထက်တွင် ရှက်ရွံ့မှု တစ်စွန်းတစ်စ ချက်ချင်းဖြတ်ပြေးသွားသည်။ သူမရဲ့ ခေါင်းကို ရင်ဘတ်နားရောက်တဲ့အထိ ဖွက်လိုက်ပြီး မျက်တောင်ကော့များသည် အနည်းငယ် တုန်ယင်နေသည်။ သူမ၏ နှလုံးသားသည် အလွန်ချိုမြိန်နေခဲ့သည်။

စွန်းရှင်းယွဲ့ရဲ့ ခေါင်းလေးကို လင်း​ဖေးဟန် အသာထိကာ ပြောလို​က်သည်။

“ ခဏလေးလှဲပြီး နားလိုက်ပါ။ မင်းရဲ့အခြေအနေနဲ့ ပတ်သတ်ပြီး ကို သမားတော်နဲ့ စကားပြောလိုက်အုံးမယ်။ မင်း လိုအပ်တာရှိရင် ကို့ကို ခေါ်လိုက်နော်”

“ဟုတ်” စွန်းရှင်းယွဲ့ အလွန်နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

သမားတော် လျိုရှောက်မင်းဆီကို လင်းဖေးဟန် ထွက်သွားသည်။

လျိုရှောက်မင်းသည် တစ်ခေါင်းလုံးအပြည့် ဆံပင်တွေ ဖြူဖွေးနေပြီဆိုပေမဲ့ သူမရဲ့ မျက်လုံးသည် ဖြတ်လတ်ပြီး တောက်ပနေသည်။ လင်းဖေးဟန် လာနေတာကို မြင်တော့ သူမပြုံးကာ နှုတ်ဆက်လိုက်သည်။

လျိုရှောက်မင်း လင်းဖေးဟန်ကို အလွန်ရိုသေစွာ ပြောလို​က်သည်။

“ မစ္စတာလင်း ငါကြားထားတာ ဒီကောင်မလေးက မင်းရဲ့ ဆေးပညာကြောင့် တော်တော်လေး သက်သာထားတယ်ဆို။ မင်း ဒီကိုလာတာရှားတယ်။ ငါမင်းနဲ့ ဆွေးနွေးချင်တယ်”

အဲ့ဒီအချိန်က ဆေးရုံရဲ့ ဆေးမှတ်တမ်းမှာ စွန်းရှင်းယွဲ့ရဲ့ခြေထောက်တွေက ပြန်ရပ်နိုင်ချေ မရှိတော့ဘူးလို့ ပြောထားခဲ့သည်။

ဒီတစ်ခေါက် စွန်းရှင်းယွဲ့ကို အသေးစိတ် စစ်ဆေးချက် လုပ်ကြည့်ချိန်မှာ ထွက်လာတဲ့ ရလဒ်ကြောင့် လျိုရှောက်မင်း အံ့သြသွားခဲ့သည်။

အပ်စိုက်ကုထုံးက လမ်းမလျှောက်နိုင်တဲ့သူကို သာမာန်လူလို ဖြစ်အောင်လုပ်နိုင်တာလား? ဆေးဝါးလောကရဲ့ အံ့ဖွယ်ဖြစ်ရပ်လို့ကို ပြောရပေမည်။

ကုထုံး ရှိခဲ့ရင်တောင် အဲ့ဒီကုထုံးကို တိုင်းတာ သတ်မှတ်လို့မရတာ လျိုရှောက်မင်း သိသည်။

ဆေးပညာပိုင်းရဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး လျိုရှောက်မင်းကို ပြောပြဖို့ လင်းဖေးဟန်တွင် စိတ်ကူးမရှိပေ။

လင်း​ဖေးဟန် လက်ယမ်းပြကာ ပြောလို​က်သည်။

“ ဆွေးနွေးတာကို ထားလိုက်ပါဗျာ။ လူနာရဲ့ ​ခြေထောက်နဲ့ ပတ်သတ်ပြီး ဒီတစ်ခေါက် ပြောပြချင်လို့”

လင်းဖေးဟန်ရဲ့ စကားကြောင့် လျိုရှောက်မင်း ဆွံ့အသွားသည်။

ထို့နောက်မှာ အပ်စိုက်ရင်း တွေ့ကြုံခဲ့ရသည့် အခြေအနေတစ်ချို့ကို လျိုရှောက်မင်းကို လင်းဖေးဟန် ရှင်းပြလိုက်သည်။

ထိုစကားကိုကြားတော့ လျိုရှောက်မင်း အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။

အစက လင်းဖေးဟန်ရဲ့ ဆေးဝါးပညာကို သူမ အနည်းငယ် သံသယဝင်ခဲ့ပေမဲ့ လင်းဖေးဟန်ရဲ့ စကားတွေကို နားထောင်ပြီး နောက်မှာ သူ့ရဲ့ ကျွမ်းကျင်မှုက ကမ္ဘာ့အဆင့်မှီ ဆိုတာကို သူမ ယုံကြည်လိုက်သည်။

တရုတ်ဆေးပညာနဲ့ ပတ်သတ်ပြီးတော့ရယ်၊ စွန်းရှင်းယွဲ့ကို ဘယ်လို အပ်စိုက်ပေးထားတယ် ဆိုတာကို လင်းဖေးဟန် ပြောပြလိုက်သည်။

လင်းဖေးဟန်ရဲ့ အတွေးတွေက အဖိုးတန်သည်။ လျိုရှောက်မင်း အတွက်

အများကြီးမျက်စိပွင့်စရာ ဖြစ်ခဲ့သည်။

လျိုရှောက်မင်း တော်တော်လေး လေးစားမိပြီး တိုက်ရိုက် ချီးကျူးလိုက်သည်။

“ မစ္စတာလင်းရဲ့ ဆေးပညာက ငါ့ကို တော်တော်လေး မျက်စိပွင့်စေခဲ့တာပဲ။ ငါ့ကို မခေါ်ခဲ့ရင်တောင် မစ္စတာလင်း ကုသ ပေးနိုင်လောက်တယ်”.

လင်းဖေးဟန် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ တရုတ်ဆေးပညာက ဖြေးဖြေးချင်း တိုးတက်မှု ရှိတာမျိုးဖြစ်ပြီး အနောက်တိုင်း ခွဲစိတ်မှုက မြန်မြန်ဆန်ဆန် သက်သာစေတယ်။ ခင်ဗျားက ဒီနယ်ပယ်ရဲ့ ကျွမ်းကျင်ပဲ။ ကျွန်တော် ယုံပါတယ်”

ထိုစကားကိုကြားတော့ လျိုရှောက်မင်းရဲ့ မျက်လုံးတွေ လက်သွားကာ သူမ အလျင်စလို ပြောလိုက်သည်။

“ မစ္စတာလင်း မပူပါနဲ့။ မင်းငါ့ကို ယုံမှတော့ ငါသေချာပေါက် အစွမ်းကုန် ကြိုးစားမှာပါ။ ဒီကောင်မလေးကို ငါ့ဆီမှာ ယုံကြည်စွာ အပ်ထားလိုက်ပါ”

နေ့လည် သုံးနာရီလောက်တွင်…

စွန်းရှင်းယွဲ့ကို ခွဲစိတ်ခန်းထဲ ဖြေးဖြေးချင်း ခေါ်သွားလိုက်သည်။

ခွဲစိတ်ခန်းတံခါး ပိတ်သွားခဲ့ပြီး လင်းဖေးဟန် အပေါက်တွင် ရပ်ကျန်ခဲ့သည်။ အလွန် စိတ်လှုပ်ရှားနေပုံပင်။

ဒီတစ်ခေါက် စွန်းရှင်းယွဲ့ရဲ့ ခွဲစိတ်မှုက အလွန်အရေးကြီးသည်။ အောင်မြင်နိုင်ချေ များတယ်ဆိုရင်တောင်မှ အမှားသေးသေးလေး မဖြစ်သွားနိုင်ဘူးလို့ သူ အာမခံ မပြောရဲဘူး။

လင်းဖေးဟန်က အမြဲတမ်း ကြိုတင် အကွက်ချပြီး ပြီးပြည့်စုံအောင် ပြင်ဆင်တတ်သော သူမျိုးပင်။ ခွဲစိတ်ခန်းအရှေ့မှာ သူအရှေ့အနောက် လျှောက်နေရင်း အဆိုးဆုံး အခြေအနေ အတွက်ပါ ကြိုတင်ပြင်ဆင်ပြီး တွေးခဲ့သည်။ ထိုအချိန်ကျ ဘာလုပ်သင့်လဲကိုပါ စီစဥ် ထားခဲ့သည်။

ဒီနေရောင်လို တောက်ပတဲ့ ကောင်မလေးကို ဘာဆိုးရွားတဲ့ ကိစ္စမှ သူ မဖြစ်စေလိုပါ။

ခွဲစိတ်ချိန်က သုံးနာရီလောက် ကြာသည်။

နောက်ဆုံးတော့ ခွဲစိတ်ခန်းတံခါး ပွင့်သွားခဲ့ပြီး ဆရာဝန်က စွန်းရှင်းယွဲ့ကို တွန်းကာ ဖြေးဖြေးချင်း ထွက်လာသည်။

မေ့ဆေး ပေးထားတာမို့ စွန်းရှင်းယွဲ့သည် နှစ်ခြိုက်စွာ အိပ်မောကျနေတုန်းပင်။

အိပ်ပျော်နေသော ကြာပန်းဖြူလေး တစ်ပွင့်ကဲ့သို့ ချိုမြိန်ပြီး တည်ငြိမ်နေခဲ့သည်။ ပုံပြင်ထဲက အိပ်ပျော်နေတဲ့ မင်းသမီးလေးကတောင် စွန်းရှင်းယွဲ့လောက် လှမည်မထင်ပေ။

တာဝန်ကျ ဆရာဝန် လျိုရှောက်မင်းသည် ခွဲစိတ်ခန်းထဲမှ ထွက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

လျိုရှောက်မင်း မက်စ်ချွတ်လိုက်ကာ လင်းဖေးဟန်ကို ပြုံးပြီးပြောလိုက်သည်။

“ မစ္စတာလင်း မင်းရဲ့မစ်ရှင် အောင်သွားပါပြီ။ ခွဲစိတ်မှု အောင်မြင်ပါတယ်”

လျိုရှောက်မင်း မက်စ်ချွတ်တာကို မြင်တော့ လင်းဖေးဟန် သတိလက်လွတ် အနောက်ကို ဆုတ်လိုက်သည်။

ကူးစက်ရောဂါဆိုတာ နောက်စရာ မဟုတ်ဘူး။ အနည်းဆုံး ငါးမီတာလောက်တော့ ခွာထားရမည်။

All Chapters