အခန်း (၁၀၉)
Vol. 8 Ch. 109
လုရွှယ်ယင် အနည်းငယ် အံ့သြသွားသည်။ ဒီကိစ္စကို သူများသွားပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
ကောင်းကင်ရဲ့ မာနခဲလေး ကျင်းပိုင်မြို့ရဲ့ အငယ်တန်း စီးပွားရှင်က အစားပုတ် ဖြစ်နေတာတဲ့လား? ဒီလိုသွားပြောရင် ဘယ်သူ ယုံမှာလဲ?
ဒီကာလအတွင်း လင်းဖေးဟန်ရဲ့ ပြောင်းလဲမှု အားလုံးကို လုရွှယ်ယင် မြင်ခဲ့ပြီးပြီ။ တစ်ဖြည်းဖြည်းနဲ့ လင်းဖေးဟန်ရဲ့ ပြောင်းလဲမှုတွေကို သူမ လက်ခံလိုက်ပါပြီ။ ဒါပေမဲ့ ထိုပြောင်းလဲမှုတွေက လုရွှယ်ယင်ရဲ့ သိချင်စိတ်ကို နှိုးဆွနေခဲ့သည်။
လုရွှယ်ယင် အာလူးအကြောင်း ပြောနေတာကို ရပ်ပြီး မေးလိုက်သည်။
“ ငါ့အဖေကို နင်ဘာလို့ ရှာနေတာလဲ? အရင်က မြုပ်နှံမှုနဲ့ ပတ်သတ်ပြီး ပြဿနာ ရှိလို့လား?”
လင်းဖေးဟန် ခေါင်းရမ်းကာ ပြောလိုက်သည်။
“ မဟုတ်ဘူး။ ရင်းနီးမှုနဲ့ ပတ်သတ်ပြီး ငါအကုန် အပြီးသတ်ထားပြီးပြီ။ ပြဿနာ တစ်ခုခုရှိခဲ့ရင်တောင်မှ ငါ့အလုပ်သမားတွေ ဖြေရှင်းပြီးလောက်ပြီ။ ပြဿနာအသေးတွေ မလို့ပဲ။ ပြဿနာကြီးရင် သူတို့ငါ့ကို ဖုန်းဆက်မှာ ကြာလောက်ပြီပေါ့”
ပြောပြီးနောက်မှာ လင်းဖေးဟန် ရုတ်တရက် ရပ်ကာ မျက်စိဖွင့်လိုက်ပြီး လုရွှယ်ယင်ရဲ့ အေးစက်စက်နဲ့ သူမတူအောင် လှပတဲ့ မျက်နှာလေးကို ကြည့်ကာ စနှောက်တဲ့ လေသံနဲ့ ပြောလိုက်သည်။
“ တစ်ကယ်တော့… ငါအန်ကယ်လုကို တွေ့ဖို့ဆိုတာ ကြားကောင်းအောင် ဖြစ်ပြီး မင်းကိုတွေ့ချင်လို့ဆိုရင် မင်းစိတ်ဆိုးမှာလား?”
ထိုစကားကို ကြားတဲ့အခါမှာ လုရွှယ်ယင်ရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။ ဘယ်လို ခံစားချက်မှန်း သူမ မဖော်ပြနိုင်ခဲ့ပေ။
ဒါပေမဲ့ သူမရဲ့ မျက်နှာကတော့ ပုံမှန်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။ သူမ၏ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်ပါလိမ့်မည်။ လုရွှယ်ယင် အေးစက်စွာ ပြောလိုက်သည်။
“ လင်းဖေးဟန် နင် ကတိဖျက်မလို့လား? နင် ကတိတည်ပြီး စကားကို မချိုးဖောက်မိစေဖို့ ငါမျှော်လင့်တယ်”
လင်းဖေးဟန်ရဲ့ နှလုံးသား တုန်ယင်သွားသည်။
အိုး! ငါဒီတစ်ခေါက် မြင်းခွာကို သွားထိလိုက်မိပြီ။
လင်းဖေးဟန် အနည်းငယ် စိတ်ပျက်သွားသည်။ လုရွှယ်ယင်ရဲ့ တုံ့ပြန်ပုံကို စမ်းသပ်ချင်ခဲ့မိတာ ဆိုပေမဲ့ သူမရဲ့ တုံ့ပြန်မှုက အနည်းငယ် ပြင်းထန်မယ်လို့ မမျှော်လင့်ထားမိဘူး။
ငါစကားဆက်ပြောလို့ မရတော့ဘူး။ ငါ စကားဆက်ပြောရင် အိမ်သာထဲ မိုးကြိုး ဗြောက်အိုးဖောက်မိသလို ဖြစ်မှာ။ အသိအသာကို သေလမ်းပဲ အဲ့ဒါ!
လုရွှယ်ယင်လဲ ပြောပြီးနောက်မှာ အနည်းငယ် နောင်တရသွားခဲ့သည်။ သူမရဲ့ လေသံက နည်းနည်း ပြင်းထန်သွားခဲ့မိသည်။
လုရွှယ်ယင် လင်းဖေးဟန်ကို ခိုးကြည့်လိုက်သည်။ ထိုအချိန်မှာ လင်းဖေးဟန်သည် ကားပြတင်းမှ ရှုခင်းတွေကို ကြည့်နေပြီး အနည်းငယ် မှိုင်တွေနေခဲ့သည်။ လုရွှယ်ယင်ရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။
ဘယ်သူမှ စကားထပ်မပြောကြတော့ပေ။
ကားတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ကားအပြင်မှ လေတိုက်သံသာ ရှိသည်။
လေတိုက်နေတာ ပြင်းထန်လှပြီး ရပ်တန့်မဲ့ပုံ မပေါ်ပေ။
လုရွှယ်ယင်ရဲ့ အိမ်ကို ရောက်လာခဲ့ပြီ။
လုရွှယ်ယင် တစ်ခုခု ပြောချင်နေပေမဲ့ ဒီအချိန်မှာ သူမဘာကိုပြောသင့်လဲ မသိတော့ပေ။
လင်းဖေးဟန်သည်လဲ အနည်းငယ် ရှုံးနိမ့်နေသလို ခံစားနေရသည်။ ပထမဆုံး အကြိမ်အဖြစ် သူခါးသက်စွာ ခံစားနေရသည်။
လုရွှယ်ယင်ရဲ့ လေသံကို သူတစ်ကယ်ကို မကြိုက်လှပေမဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုခုပြောရင်း လုရွှယ်ယင်နဲ့ ရှင်းလင်းအောင်လဲ မလုပ်ချင်နေပေ။
လင်းဖေးဟန် အနည်းငယ် မတရားသလို ခံစားရသည်။ တစ်ကယ်တော့ လုရွှယ်ယင် အပေါ်မှာ သူပိုပြီး အချိန်ကော ကြိုးစားမှုကော ပေးခဲ့တာတောင်မှ လုရွှယ်ယင်ရဲ့ အေးစက်စက် မျက်နှာနဲ့ပဲ ရင်ဆိုင်နေရသည်။ ဘာမှ မပြောင်းသွားသလို ဘာတိုးတက်မှုမှလဲ မဖြစ်သွားသလိုပင်။
လုရွှယ်ယင်က မင်းသားဖြစ်သူ ယဲ့ဖန်းနှင့် ညားကိုညားရမည့် ပထမ ဇာတ်လိုက်အမျိုးသမီးမို့ ချဥ်းကပ်ရ ခဲယဥ်းမှာကို သူသိပြီးသားပါ။ ဒါပေမဲ့ လင်းဖေးဟန်ကလဲ လူသားတစ်ယောက်ဖြစ်ပြီး စက်ရုပ် မဟုတ်ဘူး။ သူ့မှာ ခံစားချက်ရှိသည်။
လုရွှယ်ယင်အတွက်နဲ့ အခုမှ ခွဲစိတ်ပြီးသွားတဲ့ စွန်းရှင်းယွဲ့ကို သူ အဖော်မပြုပေးလိုက်ရဘူး။ သူ့မှာ နားတောင် မနားရသေးဘူး။ လု မိသားစုနဲ့ ဆက်ဆံရေးကောင်းအောင်လို့ 1 ဘီလီယံတန် စာချုပ်တောင် ကမ်းလှမ်းပေးခဲ့သည်။.
ဒါပေမဲ့ လုရွှယ်ယင် ဘာလုပ်ခဲ့သလဲ? သူ့အပေါ်တွင် ပိုအေးစက်လာသည်။
ဒီလိုရလဒ်ကို လင်းဖေးဟန် မခံစားနိုင်ဘူး။
ကားရပ်သွားခဲ့သည်။
လင်းဖေးဟန် တံခါးဖွင့်ပြီး အာလူးထုတ်ကို ယူကာ အပြင်ထွက်လိုက်သည်။ အခုတင် ချွေးသုတ်ထားသော တစ်ရှုးရွက်ကိုယူကာ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။
လူတိုင်းမှာ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တာဝန်ရှိသည်လေ။
လင်းဖေးဟန် တံခါးပေါက်ကနေ ဝင်တော့မဲ့ အချိန်မှာပဲ လုရွှယ်ယင် အနောက်ကနေ ပြောလိုက်သည်။
“ မိတ်ဆွေတွေ တွေ့တာပဲ။ နင်ဒီလိုလုပ်ဖို့ မလိုပါဘူး”
လင်းဖေးဟန် ကြောင်သွားပြီး လမ်းလျှောက်နေတာ ရပ်သွားသည်။
လုရွှယ်ယင်သည် အနည်းငယ် ပေါ့ပါးသလို အနည်းငယ် အေးစက်ဆဲ လေသံနဲ့ ပြောလိုက်သော်ငြား လင်းဖေးဟန်အတွက် ကမ္ဘာပေါ်က အလွန် သာယာဖွယ် စကားတစ်ခုအဖြစ် ကြားလိုက်ရသည်။
သူမပြောသွားတဲ့ စကားလုံးတိုင်းတွင် ဖော်ပြချက် ပါရှိသည်။
လုရွှယ်ယင် အရင်က ပုံစံအတိုင်းဆိုရင် ထိုသို့ပြောမှာမဟုတ်ဘူး။
ကြည့်ရတာ ဒီကောင်မလေးက မကြင်နာတတ်တာတော့ မဟုတ်ဘူးပဲ။
လင်းဖေးဟန် မနေနိုင်စွာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ရင်ထဲက စိတ်လှုပ်ရှားမှုကြောင့် ဂုဏ်ယူသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒါပေမဲ့ ကံဆိုးစွာနဲ့ လင်းဖေးဟန်က အရှေ့ကို ရောက်နေခဲ့တာမို့ သူ့ရဲ့မျက်နှာကို လုရွှယ်ယင် မမြင်သွားခဲ့ပေ။
လင်းဖေးဟန် စိတ်ငြိမ်အောင်လုပ်ပြီး လုရွှယ်ယင်ကဲ့သို့ အေးစက်တဲ့လေသံနဲ့ ပြောလိုက်သည်။
“ ငါသိပြီ!”
ဒီအချိန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရမယ်။ ရယ်မိရင် ရှုံးပြီပဲ။
လင်းဖေးဟန် စိတ်ထဲမှာ ဆက်တိုက် အသိပေးနေခဲ့သည်။
သူ့ရဲ့စိတ်တွင်းက စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုတွေကို ဖိနှိပ်ပြီးနောက်မှာ လုရွှယ်ယင်ကို မစောင့်တော့ဘဲ ခြံဝင်းထဲကို ခပ်မြန်မြန် ဝင်သွားလိုက်သည်။ လုမိသားစု ဗီလာကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားလိုက်ရင်းပေါ့။
“ အန််ကယ်၊ ဒေါ်လေး ကျွန်တော်လာတယ်”
လင်းဖေးဟန်ရဲ့ နောက်ကျောကို ကြည့်ပြီး လုရွှယ်ယင် နှုတ်ခမ်းကို ခပ်နာနာကိုက်လိုက် သည်။
ဒီလူက မုန်းဖို့ကောင်းလိုက်တာ။
ငါပြောပြီးပြီကို အေးစက်နေတဲ့ လေသံနဲ့ ငါ့ကိုပြန်ပြောတယ်။
ဒီလင်းဖေးဟန်က အတုအယောင်ပဲ။ ဘာက သူ့အတွက်ကောင်းလဲဆိုတာ မသိဘူး။ အဲ့ဒါအပြင် ငါတူးထားတဲ့ အာလူးထုတ်ကိုပါ ယူသွားလိုက်သေးတယ်။
ပြောမိတာကို တစ်ကယ် နောင်တရတယ်။ သိခဲ့ရင် ငါလုံးဝ မပြောခဲ့ဘူး။
အေးစက်စက် မျက်နှာနဲ့ လုရွှယ်ယင် လျှောက်သွားလိုက်သည်။ အဖြူရောင် လရောင်က လုရွှယ်ယင်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖြာကျနေခဲ့ပြီး မသိရင် အလင်းရောင် အလွှာတစ်ထပ် ဖုံးအုပ်ထားသလိုပင်။ သန့်စင်ပြီး တုနှိုင်းမဲ့သော လ နတ်ဘုရားမလေးလို တင့်တယ်နေသည်။
လ နတ်ဘုရားမ!
ကံဆိုးစွာနဲ့ ဘယ်သူမှ ထိုမြင်ကွင်းကို မမြင်လိုက်ရပေ။ ကြည့်ရှုသင့်တဲ့ တစ်ဦးတည်းသောသူ လင်းဖေးဟန်က အိမ်ထဲကို ဝင်သွားခဲ့လေပြီ။
စောစော ပိုရောက်တာ ကောင်းသည်။ အစားစားချိန်နဲ့ ကွက်တိဆိုရင် မုန့်စားလို့ ရမည်။
လုရွှယ်ယင် စားပြီးသွားပြီမို့ သူမအတွက်ကိုပါ လင်းဖေးဟန် တုံ့ဆိုင်းမှုမရှိ ယူစားပေးလိုက်သည်။
စားသောက်ပြီးနောက်တွင် ကိစ္စတွေကို ဆွေးနွေးဖို့ စာဖတ်ခန်းသို့ လုရှော့ချွန်း အနောက်က လိုက်သွားလိုက်သည်။
သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကြသည်။ လုရှော့ချွန်းအတွက် လင်းဖေးဟန် အခါးရည်ထည့်ပေးပြီး ဆေးလိပ်မီးညှိပေးပြီး ပြောလိုက်သည်။
“ အန်ကယ်လု ကျွန်တော် အန်ကယ့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ မေးချင်လို့ပါ”
လုရှော့ချွန်း အံ့သြသွားသည်။ ပူးပေါင်းမှုတစ်ခုမှာ ရင်းနီးငွေအကြောင်း မေးတာက စီးပွားရေးလောကမှာ မမေးသင့်တဲ့ အရာပဲ။
ဒါပေမဲ့ လင်းဖေးဟန်က လုရှော့ချွန်းကို အပြင်လူလို မမြင်တာ သိသာလှသည်။
လုရှော့ချွန်းလဲ မဖုံးကွယ်ဘဲ တန်းဖြေပေးလိုက်သည်။
“ တစ်ကယ်တော့ မြို့တော်က ရတာက သိပ်မများဘူး။ ငါအခု 500 မီလီယံကနေ အဲ့ဒီအောက် ထုတ်ပေးလို့ရတယ်။ ရှောင်ဟန် မင်းသိချင်တာ ရှိသေးလား?”