အခန်း (၇၇၈-၇၈၀)
Vol. 52 Ch. 778-780
"ဟက်.. မင်း ငါ့ကို ဓားတစ်ကွက်တည်းနဲ့ ဘယ်လို သတ်နိုင်မလဲဆိုတာ ငါ သိချင်တယ်"
လုံခွင်းက မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။
မကြာခင်မှာပင် သူက လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များပင် လုံခွင်း၏ အသက်စွမ်းအင်ကြောင့် လှုပ်ခတ်သွားခဲ့၏။
ထို့နောက်တွင် လုံခွင်းသည် အသက်စွမ်းအင် အချုပ်အနှောင်ဖြင့် ကျန်းချန်ကို လှုပ်မရအောင် ချုပ်နှောင်လိုက်သည်။
သူ့ရှေ့မှ ကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်သာ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် သူထင်ထားသည်ထက်ပင် ကျော်လွန်နေသည်။
လုံခွင်းက အပေါ်ယံတွင် ကျန်းချန်ကို အထင်သေးဟန်ပြုနေသော်လည်း စိတ်ထဲတွင်မူ လုံးဝ မပေါ့ဆရဲပေ။
ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် အသက်စွမ်းအင် အချုပ်အနှောင်ကို တိုက်ရိုက် အသုံးပြုလိုက်ခြင်းပင်။
လုံခွင်း၏ အသက်စွမ်းအင် အချုပ်အနှောင်နှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် တည်ငြိမ်သော အမူအရာဖြင့် ရှိနေခဲ့သည်။
"ပျက်စီးစမ်း"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး သူ့လက်ထဲက ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။
တခဏအတွင်းမှာပင် ဓားဆန္ဒ တတိယအဆင့်၏ ခွန်အားဖြင့် ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ထိုဓားစွမ်းအင် ထောင်ပေါင်းများစွာက ပတ်ဝန်းကျင် နေရာအနှံ့ကို ချုပ်နှောင်ထားသည့် လုံခွင်း၏ လျှို့ဝှက်ဆန်းကြယ်သော အင်အားကို ထက်မြသော ဓားစွမ်းအင်ဖြင့် ချက်ချင်း ချေမှုန်းပစ်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံခွင်း၏ အသက်စွမ်းအင် အချုပ်အနှောင်သည် အပိုင်းအစများ အဖြစ် ပိုင်းဖြတ်ခံလိုက်ရပြီး နောက်ဆုံးတွင် အလင်းစ အဖြစ် ပြောင်းလဲကာ လေထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ယခုအခါတွင် ကျန်းချန်၏ ဓားစိတ်ဆန္ဒသည် တတိယအဆင့်ကို ရောက်ရှိသွားပြီဖြစ်၍ အလွန်ပင် အင်အားကြီးမားနေပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် ကျန်းချန်၏ ဓားဆန္ဒ တတိယအဆင့် အင်အားကို သာမန် သိုင်းသခင်နယ်ပယ် ပထမအဆင့်နှင့် ဒုတိယအဆင့် ကျင့်ကြံသူများသည် တားဆီးရန် ခက်ခဲ၏။
သူ့ရှေ့မှ လုံခွင်းသည် အသက်နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ် အရွယ်မှ သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်နိုင်ခဲ့၍ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သိုင်းသခင်နယ်ပယ်အဆင့်ကို လေပင်လယ် လျှို့ဝှက်နယ်မြေတွင် ချိုးဖျက်ခဲ့သည့် စန်းယာနှင့် ကျောယွင်ဖန် တို့ထက် များစွာ နိမ့်ကျသည်။
သို့ဖြစ်ရာ လုံခွင်းကို ရင်ဆိုင်ရန်အတွက် ကျန်းချန်သည် သူ၏ လျှို့ဝှက်နည်းစနစ်ကို လုံးဝ ထုတ်ဖော်ဖို့ မလိုအပ်ပေ။
ဓားဆန္ဒ တတိယအဆင့်ကို အားကိုးရုံဖြင့် အလွယ်တကူ ဖိနှိပ်နိုင်မည် ဖြစ်သည်။
"ဓားဆန္ဒတတိယအဆင့်"
"မင်..မင်းက တကယ်ပဲ ဓားဆန္ဒ တတိယအဆင့်ကို နားလည်ခဲ့တယ်လား"
သူ၏ အသက်စွမ်းအင် အချုပ်အနှောင်ကို ကျန်းချန်၏ ဓားဆန္ဒက အလွယ်တကူ ချိုးဖျက်လိုက်သည်ကို မြင်လျှင် လုံခွင်း၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်က မကြုံစဖူး ထင်ဟပ်လာ၏။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ဖြင့် ဓားဆန္ဒ တတိယအဆင့်ကို နားလည်သောသူမျိုးသည် ကျုံးကျိုးကုန်းမြေ၌ပင် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်မည်မှာ သေချာသည်။
ကြယ်သုံးပွင့်အင်အားစုဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှာပင် ဂိုဏ်း၏ တစ်ဦးတည်းသော ဘုရင်အဆင့် ပါရမီရှင်သာ စွန်းအင်သိပ်သည်းခြင်း အဆင့်ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် တတိယအဆင့်ကို နားလည်ခဲ့သည်။
သူ့ရှေ့မှ ကောင်လေးက ဘုရင်အဆင့် ပါရမီရှင်ဖြင့်ပင် ယှဉ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် ဖြစ်နေမည်ဟု လုံခွင်း ဘယ်လိုမှ မထင်ထားခဲ့ပေ။
ဘုရင်အဆင့် ပါရမီရှင်အားလုံးသည် စွမ်းအင်သိပ်သည်းခြင်း အဆင့်မှာပင် သိုင်းသခင်နယ်ပယ် အဆင့်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။
ထိုသို့ လုံခွင်း ထိတ်လန့်နေသော အချိန်တွင် ကျန်းချန်သည် လုံခွင်းကို မည်သည့် အခွင့်အရေးမှ မပေးခဲ့ချေ။
ဓားဆန္ဒ တတိယအဆင့်၏ ဖိအားသည် ကြောက်မက်ဖွယ်ကောင်းသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို တိုက်ရိုက် သယ်ဆောင်ကာ လုံခွင်းဆီသို့ ရုတ်တရက် ဦးတည်သွားခဲ့သည်။
ကျန်းချန်က ဓားဆန္ဒ တတိယအဆင့်ကို ထုတ်ဖော်စဥ်ကတည်းကပင် လုံခွင်း၏စိတ်သည် အထိတ်တလန့် ဖြစ်နေခဲ့ပြီးသား ဖြစ်၏။
ယခု ကျန်းချန်က ဓားဆန္ဒ တတိယအဆင့် အင်အားဖြင့် ချုပ်နှောင်လိုက်သောအခါတွင်မူ လုံခွင်းသည် တစ်ကိုယ်လုံး တုန်လှုပ်ကာ ချောက်ချားသွားခဲ့သည်။
ထိုအချိန်မှာပင် လေထုကို ထိုးဖောက်ပြီး လုံခွင်း၏ ဝမ်းဗိုက် ပေါ်သို့ ထက်မြသော ဓားအလင်းက ကျရောက်လာခဲ့၏။
လုံခွင်း ဘာမှ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် ဓားအလင်းသည် လုံခွင်း ပတ်ပတ်လည်ရှိ အသက်စွမ်းအင် အကာအကွယ်ကို ထိုးဖောက်ကာ ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။
လုံခွင်း၏ ဝမ်းဗိုက်ထဲရှိ အသက်စွမ်းအင် ပင်လယ်သည် ထိုထက်မြသော ဓားအလင်းကြောင့် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။
သူ၏ ဒန်တျန် (ဝါ) အသက်စွမ်းအင်ပင်လယ်ကို ဓားအလင်းဖြင့် ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် လုံခွင်းသည် လည်ချောင်းထဲတွင် ရုတ်တရက် ချိုမြသော အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
မကြာခင်မှာပင် လုံခွင်း၏ မျက်နှာက ဖြူဖျော့လာခဲ့ပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
အခန်း(၇၇၈) ပြီး၏
အခန်း(၇၇၉)
"မင်း.. မင်း ငါ့ရဲ့သိုင်းစွမ်းအားကို ဖျက်ဆီးရဲတယ်"
ကျန်းချန်၏ ဓားအလင်းကြောင့် သူ၏ အသက်စွမ်းအင်ပင်လယ် ပျက်စီးသွားသည်ကို ခံစားမိလျှင် လုံခွင်းက အထိတ်တလန့် ရေရွတ်လိုက်သည်။
သူ့ရှေ့မှ ကျန်းချန်ကို လှမ်းကြည့်နေသည့် သူ့အမူအရာသည် ဤအချိန်တွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။
အကြည့်များဖြင့်သာ လူသတ်နိုင်လျှင် ကျန်းချန်သည် ဘယ်နှစ်ကြိမ် သေသွားမှန်းပင် ရေတွက်နိုင်မည် မဟုတ်ပေ။
အသက်စွမ်းအင်ပင်လယ် ပျက်စီးသွားခြင်းသည် အသုံးမကျသောသူ တစ်ယောက် ဖြစ်သွားသည်ဟု ဆိုလို၏။
အင်အားကို လေးစားသည့် ဤရှန်းဝူတိုက်ကြီးတွင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူအဖြစ်ကနေ အသုံးမကျသည့်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းသည် သူ့ကို သတ်လိုက်သည်ထက်ပင် ပို၍ နာကျင်စရာ ကောင်းသည်မှာ သေချာသလောက်ပင်။
ဤတစ်ကြိမ်တွင် သူတို့၏အစီအစဥ်က အတော်လေး ပြီးပြည့်စုံသည်ဟု လုံခွင်း ထင်ထားခဲ့သည်။
လုံထျန်းဝူ ဦးဆောင်သည့် အင်အားစုများကို ဖြေရှင်းပြီးသည်နှင့် သူတို့က နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကို လုံးဝ ထိန်းချုပ်နိုင်တော့မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူက နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အနာဂတ် ခေါင်းဆောင်လောင်းပင် ဖြစ်လာနိုင်သည်။
လုံခွင်းတို့လူစုသည် အခြေအနေကို အသေးစိတ် တွက်ချက်၍ အစီအစဥ်တကျ လုပ်ဆောင်ခဲ့သော်လည်း ရုတ်တရက် ထွက်ပေါ်လာသည့် ကျန်းချန်ကို ထည့်မတွက်မိခဲ့ချေ။
ယခုအခါတွင် သူတို့၏ အစီအစဉ်သည် ကျန်းချန်၏ လက်ချက်ဖြင့် ပျက်စီးသွားရုံသာမက သူသည်လည်း သိုင်းစွမ်းအား ဖျက်ဆီးခံရပြီး အသုံးမဝင်သည့် သူတစ်ယောက် ဖြစ်သွားခဲ့သည်။
ဤအချိန်တွင် လုံခွင်းသည် အနည်းငယ် နောင်တရနေခဲ့သည်။
ယခုလို အဆုံးသတ်ကိုသာ ကြိုသိခဲ့လျှင် သူသည် နဂါးနက် ကုန်သွယ်ရေး အဖွဲ့ကို သစ္စာဖောက်ရန် ဘယ်တော့မှ ရွေးချယ်မည် မဟုတ်ပေ။
ယခုတော့ သိုင်းစွမ်းအား ပျက်စီးသွားသည့် သူ့အတွက် ကြေကွဲစရာ အဆုံးသတ် တစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။
ဤအစီအစဉ်က နောက်ဆုံးတွင် အောင်မြင်ခဲ့လျှင်ပင် အသုံးမကျသည့် သူတစ်ယောက် ဖြစ်သွားခဲ့သည့် သူ့ကို မည်သူမှ ဂရုစိုက်တော့မည် မဟုတ်ချေ။
ကျန်းချန်က လုံခွင်း၏ သိုင်းစွမ်းအားကို ဖျက်ဆီးလိုက်မှန်း သိလိုက်ရလျှင် လုံယွင်တို့ သုံးယောက်သည် မှင်တက်ရာကနေ ပြန်လည် ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ဖြင့် ဓားဆန္ဒ တတိယ အဆင့်ကို အသုံးပြုကာ သိုင်းသခင်နယ်ပယ် ပထမအဆင့်ကိုပင် အလွယ်တကူ အနိုင်ယူခဲ့သော တိုက်ခိုက်ရေးစွမ်းရည်သည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး စကားလုံးဖြင့်ပင် ဖော်ပြရန် ခက်ခဲ၏။
ကျန်းချန်က လုံခွင်း၏ သိုင်းစွမ်းအားကို ဖျက်ဆီးပြီးနောက်တွင် သွေးနဂါးဓားကို သိမ်းဆည်းကာ မှင်တက်နေသော လုံယွင်ကို မျက်နှာမူ၍ ပြောလိုက်သည်။
"လုံယွင်.. ဒီကောင့်ကို ဘယ်လိုစီရင်မလဲဆိုတာ မင်းပဲ ဆုံးဖြတ်လိုက်"
"ဦးလေးကျန်း.. သူ့ကို အရင်ဆုံး ဖမ်းချုပ်ထားလိုက်ပါ"
လုံယွင်က နံဘေးမှာရှိသည့် ကျန်းရှန့်ကို လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီးနောက် ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အစ်ကို ကျန်းချန်.. ဒီတစ်ခါလည်း ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒီကျုံးကျိုးကုန်းမြေမှာ မိတ်ဆွေဟောင်းရဲ့ အဆက်အနွှယ်ကို တွေ့ရဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး.. မင်းတို့ ဒုက္ခရောက်နေမှတော့ ငါ ဘယ်လို လျစ်လျူရှုနိုင်မှာလဲ"
"မိတ်ဆွေဟောင်းရဲ့ အဆက်အနွှယ် ဟုတ်လား"
လုံယွင်က ခဏမျှ အံ့အားသင့်သွားပြီးမှ စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။
"အစ်ကို ကျန်းချန်က နဂါးနက် ကုန်သွယ်ရေးအဖွဲရဲ့ အကြီးအကဲတစ်ဦးဦးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာလား"
"အရင်ဆုံး မင်းအဖေဆီ ဆေးလုံး ယူသွားပေးလိုက်ပါဦး"
ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။
"မင်းအဖေကို မေးရင် သိလာပါလိမ့်မယ်.. အခုတော့ ငါအနားယူမှ ဖြစ်တော့မယ်"
"ရှင်းယွဲ့.. အစ်ကိုကျန်းချန်ကို အထူးဧည့်သည်ဆောင်ဆီ အနားယူဖို့ ခေါ်သွားလိုက်ပါ.. ငါအဖေ့ဆီ ဆေးသွားပေးလိုက်ဦးမယ်"
လုံယွင်က လုံရှင်းယွဲ့ကို အမိန့်ပေးလိုက်သည်။
ယခုအချိန်တွင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့သည် အတွင်းအပြင် အခက်အခဲများ ရှိနေသည်။
ဤကာလက အချိန်ဖြုန်းရမည့် ကာလ မဟုတ်မှန်း လုံယွင်ကောင်းစွာ သိသည်။
သူ၏ ဖခင် အမြန်ဆုံး ပြန်လည် ကောင်းမွန်လာမှသာ သူတို့၏ နဂါးနက် ကုန်သွယ်ရေး အဖွဲ့သည် အကျပ်အတည်းများကို ကျော်လွှားနိုင်မည် မဟုတ်ပါလား။
လုံယွင် ထွက်သွားပြီးနောက် လုံရှင်းယွဲ့သည် သူမနှင့် နှစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည့် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
သူမ၏ လှပသော မျက်နှာထက်တွင် ရှက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ရှေးခေတ်က မိန်းမလှလေးများသည် သူရဲကောင်းများကို ချစ်မြတ်နိုးတတ်ကြသည်။
အထူးသဖြင့် ကျန်းချန်ကဲ့သို့ လူငယ်ပါရမီရှင်မျိုး ဖြစ်၏။
ထိုခဏတွင် လုံရှင်းယွဲ့၏ နှလုံသားထဲတွင် ရင်ခုန်သံ တစ်ခုသည် မကြုံစဖူး ခုန်ပေါက်နေခဲ့သည်။
"သခင်လေး ကျန်းချန်.. ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါ"
လုံရှင်းယွဲ့က ရှက်ရွံ့သော အမူအရာဖြင့် ကျန်းချန်ကို ဖိတ်ခေါ်လိုက်ပြီး ချက်ချင်းဆိုသလို အထူး ဧည့်သည်ဆောင်သို့ လမ်းပြပေးခဲ့သည်။
အခန်း(၇၇၉) ပြီး၏
အခန်း(၇၈၀)
လုံရှင်းယွဲ့၏ စီစဉ်မှုဖြင့် ကျန်းချန်သည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ အထူးဧည့်သည်ဆောင်ထဲမှ ခမ်းနားသော အခန်းတစ်ခန်းတွင် တည်းခိုခဲ့သည်။
ရွှယ်ကျင့်မြို့ကနေ ကျင့်ယွင်မြို့ကို သွားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ရက်၂၀ကြာမှသာ ဖွင့်လှစ်မည် ဖြစ်သည်။
သူက ရွှယ်ကျင့်မြို့တွင် ဘယ်ကိုမှ သွားစရာ မရှိပေ။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့တွင်သာ နေပြီး လုံထျန်းဝူနှင့် တွေ့ရန်သာ စောင့်ဆိုင်းနေခဲ့သည်။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့တွင် အခြေချပြီးနောက် ကျန်းချန်သည် အားအားလပ်လပ် မနေခဲ့ပေ။
သူက လေပင်လယ် လျှို့ဝှက်နယ်မြေကနေ ရရှိထားသည့် အရင်းအမြစ်များကို တိုက်ရိုက် အသုံးပြုပြီး သူ၏ အင်အားကို မြှင့်တင်ရန် စတင်လိုက်သည်။
သူ၏ လက်ရှိ အင်အားက အားမနည်းပေ။
သာမန် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်အောက်မှ ကျင့်ကြံသူများသည် သူ့ကို ခြိမ်းခြောက်မှု သိပ်မပေးနိုင်ကြချေ။
သူ့အနေဖြင့် အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုမည် ဆိုလျှင် သိုင်းသခင် နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူများကိုပင် တုန်လှုပ်သွားအောင် လုပ်နိုင်ပေသည်။
ဤကျုံးကျိုးကုန်းမြေတွင် သိုင်းသခင် နယ်ပယ် အဆင့် ကျင့်ကြံသူများသည် နေရာတိုင်း နီးပါးတွင် ရှိ၏။
သူ၏ ယန်ဒီမြို့ကို သွားရာလမ်းခရီးသည် အတားအဆီးများ ပြည့်နှက်နေသည်။
ထို့ကြောင့် သူ၏ အင်အားကို အမြဲမပြတ် မြှင့်တင်နေမှသာ အင်အားကြီသူများကိုသာ လေးစားသည့် ဤကမ္ဘာကြီးတွင် အသက်ရှင်နိုင်မည် မဟုတ်ပါလား။
"ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်း အားနည်းနေသေးတော့ အချိန် နဲ့ အာကာသ ဓားနယ်မြေကိုတောင် အလွယ်တကူ မသုံးရဲဘူး.. အရင်ဆုံး စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ထိ အရင် မြှင့်တင်လိုက်မယ်"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း ရေရွတ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို အရင် မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
လေပင်လယ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်သည် တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးပြုပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို ယာယီ မြှင့်တင်ကာ အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုခဲ့သောကြောင့် တုံ့ပြန်မှုကို အတော်အသင့် ခံစားခဲ့ရ၏။
အချိန်နှင့်အာကာသ ဓားနယ်မြေကို နောက်ဆုံးတစ်ခေါက် အသုံးပြုပြီးချိန်တွင် အတွေ့အကြုံရမှတ် အနည်းငယ် ရရှိခဲ့သည်။
သူက စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ဖြင့် အချိန်နှင့်အာကာသ ဓားနယ်မြေကို နောက်တစ်ကြိမ် အသုံးပြုခဲ့လျှင် အင်အားကြီးမားသော တုံ့ပြန်မှုသည် သူ့ကို လဝက်မျှ ပင်ပန်းစေမည် ဖြစ်၏။
ယင်းအတွက်ကြောင့် ကျန်းချန်က သူ၏ ကျင့်ကြံခြင်း အဆင့်ကို အရင် မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
သူက လေပင်လယ် လျှို့ဝှက်နယ်မြေ ခရီးစဉ်တွင် သူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် ဆေးဝါးနှင့် ဆေးပင် အများအပြားကို ရရှိခဲ့သည်။
သို့ဖြစ်ရာ သူ့အတွက် အချိန်တိုအတွင်း ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်နိုင်မည်မှာ သေချာသလောက် ဖြစ်၏။
သူက စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချပြီးသည်နှင့် တုံ့ဆိုင်းမနေတော့ပေ။
သိုလှောင် လက်စွပ်ထဲတွင် သိမ်းထားသည့် ဆေးဝါး အများအပြားကို အလျင်အမြန် ထုတ်ယူလိုက်သည်။
ထိုအထဲမှ ဆေးဝါးတချို့ကို ဥက္ကာခဲကျောင်းဆောင်နှင့် စန်းလန် အဖွဲ့အစည်းက ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ကျန်ဆေးဝါးများကိုမူ ရေနဂါးဂိုဏ်း၏ ပါရမီရှင် တပည့်များ ဆီကနေ လုယူခဲ့ခြင်း ဖြစ်၏။
ကျန်းချန်က ထိုဆေးလုံးများကို ထုတ်ယူပြီးနောက် ချက်ချင်း ဆိုသလို ပါးစပ်ထဲ ထိုးထည့်ကာ ပဲလှော်ဝါးသလို ဝါးစားလိုက်သည်။
"ဒင်.. သင်က ပဥ္စမအဆင့်၊အဆင်မြင့် ဆေးလုံးဖြစ်တဲ့ ဟွာယွမ်ဆေးလုံးကို သောက်ပြီး အတွေ့အကြုံရမှတ် ၅၈၈၈ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ရေခဲဝိညာဉ် သစ်သီးကို စားသုံးပြီး အတွေ့အကြုံရမှတ် ၆၆၆၆ကို အဆ၁၀၀ ရရှိပါတယ်"
"..........."
"ဒင်.. သင်က စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ"
ကျန်းချန်က ဆေးဝါး အများအပြားကို စားသုံးပြီးနောက်တွင် အတွေ့အကြုံ ရမှတ်များသည် နောက်ဆုံးတွင် ကျန်းချန်ကို စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ကနေ နဝမအဆင့်အထိ တစ်ဟုန်ထိုး တိုးတက်စေခဲ့သည်။
နဝမအဆင့်သို့ တိုးတက်လာပြီးနောက်တွင်လည်း ကျန်းချန်သည် ဆေးဝါး မြိုချခြင်းကို မရပ်တန့်သေးပေ။
သူ့ရှေ့မှ တောင်လို ပုံထားသော ဆေးလုံးများကို ဆက်လက် ဝါးမျိုနေခဲ့သည်။
ဆေးဝါးအားလုံး ကုန်ဆုံးသွားသောအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နှောင်းပိုင်း အဆင့်တွင် တည်ငြိမ်သွားခဲ့သည်။
"သိုင်းသခင်နယ်ပယ်ကို မရောက်သေးပေမဲ့ ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ တိမ်တိုက်ဝါးမျို နည်းစနစ်ရဲ့ ကောင်းချီးနဲ့ဆို အချိန်နဲ့အာကာသ ဓားနယ်မြေကို တစ်ကြိမ်လောက်တော့ အသုံးပြုနိုင်လောက်တယ်"
သူ၏ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်၏ နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပြီးနောက်တွင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
"သခင်လေး.. သခင်လေး ကျန်းချန်.. မကောင်းတော့ဘူး.. ပြဿနာတက်ပြီ"
"နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့အကြီးအကဲ၆က ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့ကနေ ရုတ်တရက် ပြန်ရောက်လာတယ်.. လုံခွင်းက အကြီးအကဲ၆ရဲ့ တူပဲ.. အဲဒါကြောင့် ဦးလေးကျန်းက သခင်လေးကို နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကနေ အမြန်ဆုံးထွက်သွားဖို့ မှာခိုင်းလိုက်တယ်"
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်ပြီး မကြာခင်မှာပင် တံခါးအပြင်ဘက်မှ လုံရှင်းယွဲ့၏ စိုးရိမ်တကြီး အသံသည် ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
အခန်း(၇၈၀) ပြီး၏