အခန်း (၇၆၆-၇၆၈)
Vol. 52 Ch. 766-768
"နောက်ဆုံးတော့ ဒီနှစ်ကောင်ကို ရှင်းလိုက်နိုင်ပြီ"
စန်းယာတို့နှစ်ယောက် အချိန်နှင့် အာကာသဓားနယ်မြေအောက်တွင် သေသွားသည်ကို မြင်လျှင် ကျန်းချန်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
သူက ခွန်အားကုန်ခန်းနေသော သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လေထဲကနေ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။
စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ဖြင့် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သည့် ဘုရင်အဆင့် ပါရမီရှင် နှစ်ယောက်အား ရင်ဆိုင်အနိုင်ရရန်မှာ စင်စစ် မလွယ်ကူပေ။
သူ၏ တစ်ခုတည်း အားကိုးရာမှာ အချိန်နှင့် အာကာသ ဓားနယ်မြေ ဖြစ်သည်။
ဤနည်းစနစ်ဖြင့်သာ ထိုနှစ်ယောက်ကို မဖြေရှင်းနိုင်လျှင် ကျန်းချန်သည် အနည်းငယ် အခက်အခဲ ရှိလာနိုင်မည် ဖြစ်၏။
"ညီလေးကျန်း.. အဆင်ပြေရဲ့လား "
လေထဲကနေ ဆင်းသက်လာသည့် ကျန်းချန်၏ မျက်နှာထက်တွင် အားနည်းသော အမူအရာကို မြင်လိုက်ရလျှင် ကျောက်ယွိလုံသည် အလျင်အမြန်ပင် ကျန်းချန်၏ နံဘေးသို့ ရောက်လာခဲ့သည်။
"ဒါက အသေးအမွှားဒဏ်ရာလေးပါပဲ.. အကိုကျောက် မစိုးရိမ်ပါနဲ့"
ကျန်းချန်က သူ၏ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။
"ကျွန်တော် အတွင်းအားကျင့်ပြီး ဒဏ်ရာတွေကို ကုသလိုက်ဦးမယ်.. အကိုကျောက် ကျွန်တော့်ကို စိတ်ပူစရာ မလိုဘူး.. အချိန်ရှိတုန်း လေပင်လယ် လျှို့ဝှက်နယ်မြေထဲမှာ အခွင့်အရေးတွေ ရှာလိုက်ပါဦး"
"ညီလေးကျန်း.. ငါတို့တွေ ဒီမှာနေပြီး မင်းကို ကာကွယ်ပေးမယ်"
ကျောက်ယွိလုံက ပြုံး၍ ပြောလိုက်သည်။
"ငါတို့တွေ ဥက္ကာခဲကျောင်းဆောင်ကနေ ထွက်လာတာ သုံးရက်ရှိပြီ.. လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ထားတာကလဲ မကြာခင်မှာ ပြီးဆုံးတော့မယ်"
ကျန်းချန်က သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သူ ဖြစ်ရာ ကျန်းချန် ဒဏ်ရာရနေချိန်တွင် ကျောက်ယွိလုံသည် ကျန်းချန်ကို ထားခဲ့ရန် မစဥ်းစားခဲ့ပေ။
ထို့အပြင် သူသည် ဥက္ကာခဲကျောင်းဆောင်ကနေ ထွက်လာပြီးကတည်းကပင် ကျန်းချန်ကို သုံးရက်တိုင်တိုင် စောင့်နေခဲ့ပြီးပြီဖြစ်၍ လေပင်လယ် လျှိုဝှက်နယ်မြေ၏ ကျန်ရှိသော အချိန်ကို ဂရုစိုက်နေတော့မည် မဟုတ်ပေ။
ဆိုရလျှင် သူတို့သည် ကျန်းချန်၏ အကူအညီဖြင့် ဥက္ကာခဲ ကျောင်းဆောင်ကနေ ကြိီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ပြီးပြီ ဖြစ်သည်။
ဥက္ကာခဲကျောင်းဆောင်၏ စမ်းသပ်မှု ခရီးလမ်းသည် သူတို့အတွက် အလွန် အကျိုးအမြတ်ရှိသည့် ခရီးစဥ်တစ်ခု ဖြစ်ခဲ့သည်။
"သုံးရက်တောင်ရှိသွားပြီလား"
"ကျောယွင်ဖန် သိုင်းသခင်နယ်ပယ်ကို ချိုးဖျက်နိုင်တာ အံ့သြစရာမဟုတ်တော့ဘူး "
ကျောက်ယွိလုံ ပြောသည်ကို ကြားလျှင် ကျန်းချန်သည် မှင်သက်သွားခဲ့သည်။
အစောပိုင်းက ကျောယွင်ဖန်သည် ဥက္ကာခဲကျောင်း ဆောင်ကနေ သုံးရက်အလိုက ထွက်လာခဲ့သည်ဟု ပြောသော်လည်း ကျန်းချန်သည် အာရုံမစိုက်မိပေ။
သူက အချိန်နှင့် အာကာသ ဓားနယ်မြေကို သဘောပေါက်ရန် ခဏလေးသာ ကြာခဲ့သည်ဟု ထင်ခဲ့သော်လည်း ပြင်ပကမ္ဘာတွင် သုံးရက်ကြာသွားမှန်း မထင်ထားခဲ့ချေ။
ကျောက်ယွိလုံတို့ လူစုက သူ့အနားတွင် ဆက်နေရန် အတင်းအကြပ် တောင်းဆိုနေသဖြင့် ကျန်းချန်သည် ငြင်းပယ် မနေတော့ပေ။
ဒီတစ်ခေါက်တွင် သူသည် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ တုန့်ပြန်မှုကို ခံစားရရုံသာမက တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးပြုခဲ့ခြင်းကြောင့် အားနည်းသည့်ကာလတစ်ခုသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့သည်။
သို့ဖြစ်ရာ ကျောက်ယွိလုံတို့ လူစုက သူ့ကို ကာကွယ်ပေးလျှင်သေချာပေါက် လုံခြုံမည် မဟုတ်ပါလား။
"ညီနောင်ကျန်း.. စန်းယာနဲ့အတူ ပါလာတဲ့ စန်းလန်အဖွဲ့အစည်းရဲ့ တပည့်တွေကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ"
ကျောက်ယွိလုံက တခြားသော စန်းလန်အဖွဲ့အစည်း၏ တပည့် များကို လှမ်းကြည့်ကာ ကျန်းချန်ကို မေးလိုက်သည်။
"အကိုကျောက်.. အကိုကျန်း.. ကျွန်.. ကျွန်တော်တို့ အားလုံးက စန်းယာရဲ့ အတင်းအကြပ် ခိုင်းစေခြင်းကို ခံရတာပါ.. ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ"
စန်းလန်အဖွဲ့အစည်း၏ တပည့် အုပ်စုသည် ကျောက်ယွိလုံ၏ စကားကို ကြားလျှင် ကြောက်ကြောက်လန့်လန့်ဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချကာ တောင်းပန်လိုက်ကြသည်။
"သူတို့ကို လွှတ်ပေးလိုက်ပါ"
ကျန်းချန်က ထိုစကားကို အသာအယာ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းပင် တင်ပျဥ်ခွေထိုင်ကာ အတွင်းအား စတင် ကျင့်ကြံခဲ့သည်။
ယခုအခါတွင် စန်းယာ ကွယ်လွန်သွားပြီဖြစ်၍ ကျန်းချန်သည် စန်းယာ၏ အစွယ်အပွားများကို ဂရုမစိုက်အားတော့ပေ။
" မင်းတို့ ဒီမှာဘာလုပ်နေကြတာလဲ.. ညီလေးကျန်း ပြောတာကို မကြားဘူးလား "
ကျောက်ယွိလုံက စန်းလန်အဖွဲ့အစည်းမှ စန်းယာ၏ လူများကို အေးစက်စက် အော်ငေါက်လိုက်သည်။
"မင်းတို့ကိုယ်တိုင် မထွက်သွားရင် ငါကိုယ်တိုင် လိုက်ပို့ပေးရမလား"
" စီနီယာ အကိုနှစ်ယောက်ကို ကျေးဇူးတင်ပါတယ် "
ထိုစကားကို ပြောပြီးနောက်တွင် စန်းလန်အဖွဲ့အစည်းမှ စန်းယာ၏ လူများသည် ကျန်းချန်တို့၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
စန်းလန်အဖွဲ့အစည်းမှ တပည့်အုပ်စု ထွက်သွားပြီးနောက်တွင်ကျောက်ယွိလုံတို့ လေးယောက်သည် ကျန်းချန်ကို အလယ်၌ ထားကာ ဝန်းရံ၍ စောင့်ကြပ်နေခဲ့ကြသည်။
သို့သော် ကျန်းချန်၏ အတွင်းအား ကျင့်ကြံခြင်းသည် အချိန်သိပ်မကြာလိုက်ပေ။
အကြောင်းရင်းမှာ နှစ်နာရီခန့် အကြာတွင် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ လေဟာနယ်ထဲတွင် ထူးဆန်းသော လေဟာနယ်လှိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။
နောက်ထပ် တခဏတွင် တောက်ပသော အပြာရောင် အလင်းတံခါး တစ်ခုသည် ပေတစ်ထောင်အမြင့်ရှိ လေဟာနယ် ထဲတွင် ဖြည်းညင်းစွာ ပေါ်ပေါက်လာခဲ့၏။
"ဆယ်ရက်ပြည့်သွားပြီ.. လေပင်လယ်လျှို့ဝှက်နယ်မြေက မကြာခင်ပိတ်တော့မယ်.. ငါတို့ သွားကြစို့"
ကျန်းချန်က ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။
ထို့နောက် ကျောက်ယွိလုံနှင့် အခြားသူများကို ဦးဆောင်ကာ လေဟာနယ်ထဲရှိ အပြာရောင်အလင်း တံခါးဆီသို့ ဝင်ရောက်သွားခဲ့သည်။
အခန်း(၇၆၆)ပြီး၏။
အခန်း(၇၆၇)
လေပင်လယ်လယ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည့် သူတို့၏ တပည့်များကို စန်းဝူဟန်နှင့် လန်ယွမ်တို့သည် ကြယ်တံခွန်အိုင် အလယ်ရှိ ကျွန်းပေါ်ကနေ စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုသို့ စောင့်ဆိုင်းနေရင်းဖြင့် ဆယ်ရက်ဟူသော အချိန်ကာလသည် လျှပ်တပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။
စန်းဝူဟန်နှင့် လန်ယွမ်တို့သည် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ လမ်းကြောင်းကို အချိန်မှန်ပင် ဖွင့်လှစ်ခဲ့ကြသည်။
လေပင်လယ်လျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့် ကာလကို ဆယ်ရက်သာ သတ်မှတ်ထားခဲ့၏။
ဤသည်မှာ စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့၏ စမ်းသပ်မှုနှင့် ခန့်မှန်းချက်များစွာ၏ ရလဒ်လည်း ဖြစ်သည်။
ဆယ်ရက်ထက် ပို၍ ဖွင့်လှစ်ခဲ့လျှင် နတ်ဝိညာဥ်ဘုရင် အဆင့်ကျင့်ကြံသူနှစ်ယောက် ပူးပေါင်းလျှင်ပင် လေပင်လယ် လျှို့ဝှက်နယ်မြေ၏ လမ်းကြောင်းကို ဖွင့်လှစ်ရန် အလွန်ခက်ခဲသွားလိမ့်မည် ဖြစ်၏။
အချိန်လွန်သွားခဲ့လျှင် တပည့်များအားလုံးသည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားနိုင်ပေသည်။
သူတို့နှစ်ယောက်က လေပင်လယ် လျှို့ဝှက်နယ်မြေ၏ လမ်းကြောင်းကို ဖွင့်လှစ်ပြီး သိပ်မကြာခင်မှာပင် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ နှစ်ဖက်စလုံး၏ တပည့်များသည် အလျှိုလျှို ထွက်လာခဲ့ကြသည။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ ပထမဆုံးထွက်ပေါ်လာသည့် အုပ်စုသည် ရေနဂါးဂိုဏ်းမှ တပည့်ငါးယောက်ဖြစ်သည်။
"ဟားဟား စန်းဝူဟန်.. ဒီတစ်ခါ ပါရမီရှင်တစ်ရာ စစ်ပွဲမှာလဲ မင်းတို့ စန်းလန် အဖွဲ့အစည်းက နောက်တစ်ကြိမ် ရှုံးနိမ့်ပြန်ပြီထင်တယ်"
လေပင်လယ် လျှို့ဝှက်နယ်မြေထဲမှ ထွက်ပေါ်လာသည့် တပည့်ငါးယောက်ကို လှမ်းကြည့်ရင်း လန်ယွမ်က အောင်နိုင်သူ အပြုံးဖြင့် ကြည့်လိုက်သည်။
စန်းဝူဟန်က ခပ်ယဲ့ယဲ့ပြုံးရင်း တုန့်ပြန်လိုက်၏။
"လန်ယွမ် မင်းအရမ်းကြီး ပျော်မနေနဲ့ဦး.. အခုမှ လမ်းကြောင်းဖွင့်တာ နာရီဝက်ပဲ ရှိသေးတယ်.. မင်းတို့ ရေနဂါးဂိုဏ်းက အနိုင်ရမယ်လို့ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ "
သူတို့ စန်းလန်အဖွဲ့အစည်းသည် အရေအတွက်နှင့် အင်အားအရ ရေနဂါးဂိုဏ်းထက် အနည်းငယ် နိမ့်ကျသော်လည်း သူတို့ထံတွင် အံ့သြစရာကောင်းသည့် စစ်သည်တော် ကျန်းချန် ရှိနေသည် မဟုတ်ပါလား။
ထိုကောင်လေးက သူ့အတွက် အံ့ဖွယ်ကိစ္စများကို အမှန်တကယ် လုပ်နိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
"ဟားဟား မင်းနဲ့ငါ လေပင်လယ် လျှို့ဝှက်နယ်မြေကို ထိန်းချုပ်ပြီးကတည်းက ပါရမီရှင်တစ်ရာ စစ်ပွဲမှာ ငါတို့ရေနဂါးဂိုဏ်းအနေနဲ့ ဘယ်နှစ်ခါ ရှုံးနိမ့်ခဲ့ဖူးလို့လဲ"
လန်ယွမ်က ယုံကြည်မှုအပြည့်ဖြင့် ရယ်မောကာ ပြောလိုက်၏။
ထိုသို့ နှစ်ယောက်သား စကား အပြန်အလှန် ပြောနေစဥ်မှာပင် နောက်ထပ် တပည့်အုပ်စုတစ်စုသည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်ပေါ်လာခဲ့သည်။
ဤတစ်ခေါက် ထွက်ပေါ်လာသည်ကလည်း ရေနဂါးဂိုဏ်းမှ တပည့်ခြောက်ယောက် ဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လန်ယွမ်၏ စန်းဝူဟန်ကို ကြည့်နေသည့် အကြည့်သည် ပို၍ပင် အထက်စီးဆန်လာခဲ့၏။
သို့သော်လည်း သူ၏ အထက်စီးဆန်ဆန် အကြည့်သည့် ကြာရှည်မခံခဲ့ပေ။
အကြောင်းရင်းမှာ စန်းလန် အဖွဲ့အစည်း၏ တပည့် ဆယ်ယောက်ကျော်သည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သောကြောင့်ပင်။
၎င်းတို့၏ အရေအတွက်သည် ရေနဂါးဂိုဏ်း၏ အရေအတွက်ထက် ချက်ချင်းပင် ကျော်လွန်သွားခဲ့၏။
ထိုမြင်ကွင်းကြောင့် လန်ယွမ်၏ မျက်နှာအမူအရာသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
သို့သော်လည်း အသက်ရှင်ကျန်ရစ်သည့် ရေနဂါးဂိုဏ်းဝင် အရေအတွက်သည် မကြာခင်မှာပင် စန်းလန်အဖွဲ့အစည်းကို ကျော်လွန်သွားလိမ့်မည်ဟု သူထင်မြင်ခဲ့၏။
သို့သော်လည်း လေပင်လယ် လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်ပေါ်လာသည့် လူအများစုသည် စန်းလန်အဖွဲ့အစည်းမှ တပည့်များ ဖြစ်နေလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။
အချိန်ကြာလာသည်နှင့်အမျှ ကျန်းချန်တို့ ငါးယောက် အုပ်စုသည်လည်း လေပင်လယ် လျှို့ဝှက်နယ်မြေကနေ အလျင်အမြန် ထွက်လာခဲ့ကြသည်။
ဤသို့ဖြင့် လေပင်လယ် လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်ပေါ်လာသည့် စန်းလန်တပည့် အရေအတွက်သည် ၃၂ ယောက်အထိ ရောက်ရှိသွားခဲ့သည်။
ရေနဂါးဂိုဏ်းတွင်မူ ၂၁ ယောက်သာ ရှိ၏။
ဤတစ်ကြိမ်တွင်မူ ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် လောရှင်း ဦးဆောင်သော အဖွဲ့ ထွက်လာခဲ့သည်။
သို့သော်လည်း ရေနဂါးဂိုဏ်း၏ အသက်ရှင်ကျန်ရစ်သည့် အရေအတွက်သည် ၂၅ ယောက်သာ ရှိနေသေး၏။
"လန်ယွမ်.. လေပင်လယ်လျှို့ဝှက်နယ်မြေရဲ့ လမ်းကြောင်းက ဆယ်မိနစ်နေရင် ပိတ်တော့မယ်.. ဒီတစ်ကြိမ်တော့ မင်းတို့ ရေနဂါးဂိုဏ်းက ပါရမီရှင်တစ်ရာ စစ်ပွဲမှာ ရှုံးနိမ့်သွားပြီ"
အသက်ရှင်ကျန်ရစ်သည့် စန်းလန် အဖွဲ့အစည်း၏ တပည့် အရေအတွက်သည် ရေနဂါးဂိုဏ်းထက် ၇ ယောက်ပင် ပိုများနေသည် မဟုတ်ပါလော။
ထို့ကြောင့် စန်းဝူဟန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ပြီးပြည့်စုံလာခဲ့သည်။
ယခုအခါတွင် သူတို့ စန်းလန်အဖွဲ့အစည်းသည် အသာစီးရနေပြီး ယခုထိ လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ မထွက်လာသေးသော ဘုရင်အဆင့်ပါရမီရှင် စန်းယာလည်း ရှိနေသေးသည်။
ဤတစ်ခေါက်တွင် စန်းလန် အဖွဲ့အစည်းသည် ပါရမီရှင်တစ်ရာစစ်ပွဲကို အနိုင်ရရန် အခွင့်အရေး အပြည့်အဝ ရှိနေပုံရ၏။
"ဟမ့်.. ဆယ်မိနစ်တောင် ကျန်သေးတယ်.. မင်းက ဘာကို အပိုင်တွက်ထားတာလဲ "
လန်ယွမ်က ယုံကြည်မှုအပြည်ဖြင့် ပြောလိုက်သည်။
"ငါတို့ ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့်ပါရမီရှင် နှစ်ယောက်က အခုထိ မထွက်လာသေးဘူး.. သူတို့နဲ့အတူ ရေနဂါးဂိုဏ်းက တပည့် အနည်းငယ်ကို ခေါ်ထုတ်လာနိုင်ရင် နောက်ဆုံး အောင်ပွဲက ငါတို့ ရေနဂါးဂိုဏ်းအတွက်ပဲ"
သို့သော် လန်ယွမ်၏ စကားဆုံးသွားသော အချိန်မှာပင် သူ၏ နားထဲသို့ ခပ်တိုးတိုး ရေရွတ်လိုက်သော အသံတစ်သံက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"စိတ်မကောင်းပါဘူး အကြိိီးအကဲ.. ရေနဂါးဂိုဏ်းရဲ့ တခြား ဘုရင်အဆင့် ပါရမီရှင် နှစ်ယောက်က လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ ဘယ်တော့မှ ထွက်မလာနိုင်တော့မှာကို ကျွန်တော် စိုးရိမ်မိတယ်"
အခန်း(၇၆၇)ပြီး၏။
အခန်း(၇၆၈)
"ကောင်လေး မင်းစကားက ဘာအဓိပ္ပါယ်လဲ "
လန်ယွမ်၏ စူးရှသော အကြည့်သည် ကျန်းချန်ဆီသို့ ချက်ချင်း ဆိုသလို ရောက်ရှိသွားခဲ့သည်။
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"အကြီးအကဲ စောင့်နေတဲ့သူက လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောချင်တာပါ"
"ကောင်လေး မဖြစ်နိုင်တာတွေ လျောက်မပြောနဲ့"
"လေပင်လယ် လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ ရေနဂါးဂိုဏ်းရဲ့ အသက်ရှင် ကျန်ရစ်တဲ့ တပည့်တွေ ရှိနေဦးမှာ သေချာတယ်"
လန်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်ကာ ကျန်းချန်၏ စကားကို လျစ်လျူရှုလိုက်သည်။
လေပင်လယ် လျှို့ဝှက်နယ်မြေသည် အလွန်ရက်စက်ပြီး ဖွင့်လှစ်သော အခါတိုင်းတွင် ပါရမိီရှင် များစွာကို ဆုံးရှုံးရလေ့ရှိ၏။
ပုံမှန်အားဖြင့် ပြောရလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည့် ရေနဂါးဂိုဏ်း၀င် တပည့်များ၏ အသက်ရှင်နှုန်းသည် သုံးပုံတစ်ပုံခန့်သာ ရှိ၏။
ယခုအခါ လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်ပေါ်လာသည့် ရေနဂါးဂိုဏ်းဝင် တပည့်များ၏ အရေအတွက်သည် တစ်ဝက်မျှပင် မရှိသေးပေ။
ထိုအထဲတွင် ကျောယွင်ဖန် နှင့် ဝမ်ဖုန်းတို့လို ဘုရင်အဆင့်ပါရမီရှင် နှစ်ယောက်လည်း ပါဝင်နေ၏။
ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် တပည့်က အသက်ရှင်လျက်ထွက်မလာနိုင်ဟု လန်ယွမ် မယုံကြည်ပေ။
ဟုတ်ပါသည်၊ လန်ယွမ်တစ်ယောက်ထဲသာ ကျန်းချန်၏ စကားကို မယုံကြည်ခြင်း မဟုတ်ဘဲ စန်းဝူဟန်သည်လည်း ကျန်းချန်၏ စကားကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ဘုရင်အဆင့် ပါရမီရှင်သည် ထူးခြားသော တိုက်ခိုက်ရည် စွမ်းရည်ရှိပြီး သာမန်သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်သည်။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲ သူတို့ အသက်ကို ခြိမ်းခြောက်နိုင်သည့် အရာများသည် အလွန်ပင်နည်းပါး၏။
သိထားရမည်မှာ လေပင်လယ် လျှို့ဝှက်နယ်မြေကို ထိန်းချုပ်ပြီးကထဲကပင် သူတို့ အင်အားစု နှစ်ခု၏ ဘုရင်အဆင့်ပါရမီရှင်များသည် အသက်ဆုံးရှုံးလေ့ မရှိခဲ့ပေ။
ရေနဂါးဂိုဏ်း၏ ခေါင်းဆောင် လန်ယွမ်က ကျန်းချန် စကားကို အလေးမထားသော အချိန်တွင် လန်ယွမ်၏ ဘေးရှိ လောရှင်းထံမှ အားနည်းသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့၏။
"ခေါင်းဆောင်.. ဝမ်ဖုန်းက တကယ်ပဲ ထွက်မလာနိုင်တော့ဘူး.. သူ.. သူ.. ကျန်းချန် လက်ချက်နဲ့ သေသွားခဲ့ပြီ"
"ဘာ"
ထိုစကားကိုကြားလျှင် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူဖြစ်သည့် လန်ယွမ်ရော စန်းဝူဟန်ပါ မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သွားခဲ့သည်။
စန်းဝူဟန်ကမူ အတော်လေး ဝမ်းသာနေခဲ့သည်။
ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့်ပါရမီရှင် တစ်ယောက် သေဆုံးသွားခြင်းသည် သူတို့ စန်းလန် အဖွဲ့အစည်းအတွက် ကြီးမားသော အကျိုးအမြတ် ဖြစ်သည် မဟုတ်ပါလော။
တစ်ဖက်တွင်လည်း လန်ယွမ်၏ မျက်နှာသည် အလွန်အမင်း ရှုံ့မဲ့နေခဲ့၏။
ကျန်းချန်ထံတွင် ဘုရင်အဆင့် ပါရမီရှင်များကို သတ်ပစ်နိုင်သည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။
ဘုရင်အဆင့် ပါရမီရှင် ဝမ်ဖုန်း မရှိတော့သည့်အတွက် လန်ယွမ်သည် သူ၏ မျှော်လင့်ချက်များကို ကျောယွင်ဖန် အပေါ်တွင်သာ တင်ရတော့မည်ဟု တွေးမိခဲ့သည်။
သူက စိတ်ပျက်လက်ပျက် အမူအရာဖြင့် လောရှင်းကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ကျောယွင်ဖန်ရော သူက ဘာလို့ မထွက်လာသေးတာလဲ"
သို့သော် လောရှင်း ပြန်မဖြေနိုင်ခင်မှာပင် ကျန်းချန်၏ စကားသံသည် လန်ယွမ်၏ နားထဲသို့ နောက်တစ်ကြိမ် ရောက်ရှိသွားခဲ့သည်။
"စိတ်အေးအေးထားပါ အကြီးအကဲ.. ကျောယွင်ဖန်လဲ ထွက်လာနိုင်တော့မှာ မဟုတ်ဘူး.. သူက သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်ပြီးနောက်မှာ သိုင်းသခင်နယ်ပယ် အဆင့်ကို ကျော်ဖြတ်ခဲ့တဲ့ စန်းယာနဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့တယ်.. အဆုံးသတ်မှာ စန်းယာကို သတ်ပစ်ပြီး အနိုင်ယူခဲ့ပေမယ့် သူကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်.. ရလဒ်အနေနဲ့ အားနည်းနေတဲ့ ကျောယွင်ဖန်ကို ကျွန်တော်က ဓားချက်တစ်ချက်ထဲနဲ့ သတ်ပစ်လိုက်တယ် "
"ဘာ.. ကျောယွင်ဖန်ကလည်း ဒီကောင်လေးရဲ့ လက်ချက်နဲ့ပဲ သေသွားတာလား "
ဤသည်မှာ ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် သုံးယောက်ထဲတွင် နှစ်ယောက်သည် ဤကောင်လေး၏ လက်ထဲတွင် သေဆုံးသွားသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
လန်ယွမ်က ဒေါသထွက်ကာ အဆုတ်များ ရုတ်တရက်ပေါက်ကွဲတော့မလိုပင် ဖြစ်သွားခဲ့သည်။
သူက ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ရင်းကနေ နတ်ဝိညာဥ်ဘုရင် နယ်ပယ်၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့် ကျန်းချန်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
"ကောင်လေး မင်းက တစ်ကယ်ပဲ ငါတို့ ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ "
"ဟမ့်.. လန်ယွမ်.. လေပင်လယ် လျှို့ဝှက်နယ်မြေရဲ့ ပါရမီရှင် တစ်ရာ စစ်ပွဲက အသက်နဲ့ရင်းပြီး တိုက်ခိုက်ရတဲ့ စစ်ပွဲပဲ.. ဒီစည်းမျဥ်းက စန်းလန်အဖွဲ့အစည်းနဲ့ ရေနဂါးဂိုဏ်းတို့ ပူးပေါင်း သတ်မှတ်ထားတဲ့ စည်းမျဥ်း ဆိုတာမမေ့နဲ့.. အခု မင်းက စည်းမျဥ်းတွေကို ကိုယ်တိုင် ချိုးဖျက်တော့မလို့လား"
ထိုခဏတွင် စန်းဝူဟန်၏ ပုံရိပ်သည် ကျန်းချန်ရှေ့တွင် လျှပ်တပြက် ပေါ်ပေါက်လာခဲ့သည်။။
လန်ယွမ်က ကျန်းချန်ကို စန်းဝူဟန် ကာကွယ်နေလျှင် သူ့အနေဖြင့် ဘာမှမလုပ်နိုင်မှန်း ကောင်းစွာသိသည်။
ထို့ကြောင့် နှာခေါင်းရှုံ့၍ မကျေမနပ် ရေရွတ်ရုံသာ တတ်နိုင်ခဲ့သည်။
"စန်းဝူဟန်.. မင်း ဒီတစ်ကြိမ် ကျင်းပတဲ့ ပါရမီရှင် ၁၀၀ စစ်ပွဲကို အနိုင်ရတယ်.. ဒီအကြွေးကို ငါသေချာပေါက် မှတ်ထားမယ်"
လန်ယွမ်က အေးစက်စက် ရေရွတ်ပြီးနောက်တွင် ချက်ချင်းဆိုသလို ကျန်းချန်ကို လူသေတစ်ဦးအား ကြည့်နေသကဲ့သို့ လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် လန်ယွမ်သည် ရေနဂါးဂိုဏ်းမှ တပည့် ၂၀ ကျော်ကို ခေါ်ဆောင်ကာ ကြယ်တံခွန်အိုင်ကနေ ထွက်ခွာသွားခဲ့သည်။
အခန်း(၇၆၈)ပြီး၏။