← Chapters

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

စန်းလန်အဖွဲ့အစည်းမှ စန်းဟိုင်အဖွဲ့၏ အိမ်ယာရှိ တိတ်ဆိတ်သော အခန်းတစ်ခုတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် အခန်းအလယ်၌ တင်ပျဥ်ခွေထိုင်နေခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် ကောင်လေးမှာ အခြားသူ မဟုတ်ပေ။

လေပင်လယ် လျှို့ဝှက်နယ်မြေထဲကနေ ပြန်ရောက်လာသည့်ကျန်းချန်ပင် ဖြစ်၏။

ထိုနေ့က လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုပြီးကတည်းက ကျန်းချန်သည် အချိန်နှင့် အာကာသဓားနယ်မြေ၏ တုံ့ပြန်မှုကို မဖယ်ရှားနိုင်သေးပေ။

ထို့ကြောင့်ပင် ကျန်းချန်သည် စန်းလန်အဖွဲ့အစည်းကို ပြန်ရောက်လာသည်နှင့် ချက်ချင်းဆိုသလို အတွင်းအားကျင့်၍ ကုသသည့် အခြေအနေကို ရောက်ရှိသွားခဲ့သည်။

ကျန်းချန်က ဒဏ်ရာများကို ကုသနေရင်း အချိန်များ အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးရက်တာသည် ကုန်လွန်သွားခဲ့သည်။

အခန်းထဲတွင် ငြိမ်သက်စွာ တင်ပလ္လင်ခွေ ထိုင်နေသည့် ကျန်းချန်သည် အဆုံးသတ်တွင် လှုပ်ရှားလာခဲ့၏။

သူက သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်နားတွင် ကပ်၍ လက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ပါးစပ်ကနေ အပြာရောင် ခပ်ဖျော့ဖျော့ အရာတစ်ခု ထွက်လာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

"နောက်ဆုံးတော့ အချိန်နှင့် အာကာသ ဓားနယ်မြေရဲ့ တုံ့ပြန်မှုကို ဖယ်ရှားလိုက်နိုင်ပြီ "

ကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။

အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသလို တုံ့ပြန်မှု အင်အားသည်လည်း အလွန်ပင် ကြောက်ဖို့ကောင်း၏။

သူ့အနေဖြင့် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ တုံ့ပြန်မှုကို လုံးဝ ဖယ်ရှားရန် သုံးရက် အပြည့်အဝ ကြာမြင့်ခဲ့သည်။

ထို့အပြင် အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုပြီးနောက်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အတွေ့အကြုံသည် များစွာတိုးတက်လာခဲ့ပြီး ၂%နီးပါး ရောက်လာခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် အချိန်နှင့် အာကာသဓားနယ်မြေကို နောက်တစ်ကြိမ် အသုံးပြုခဲ့လျှင် သက်ရောက်မှုသည် ပို၍ အားကြီးလာမည်မှာ သေချာ၏။

"သိုင်းသခင်နယ်ပယ် အဆင့်ကို မချိုးဖျက်နိုင်ခင်အထိ အလွယ်တကူ အသုံးမပြုတာ အကောင်းဆုံးပဲ ထင်တယ်"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို လေပင်လယ် လျှို့ဝှက်နယ်မြေ ထဲကနေ ရရှိခဲ့သည့် အကျိုးအမြတ်များကို စတင်ရေတွက်ခဲ့သည်။

သူက ရေနဂါးဂိုဏ်းမှ တပည့် အများအပြားကို သတ်ပစ်နိုင်ခဲ့ပြီး စန်းလန် အဖွဲ့အစည်းကို ပါရမီရှင် ၁၀၀ စစ်ပွဲတွင် အနိုင်ရအောင် ကူညီပေးခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် စန်းလန် အဖွဲ့အစည်းကနေ ဆုလာဘ် များစွာကို ရရှိခဲ့၏။

ဤအခေါက်တွင် ကျန်းချန်သည် လေပင်လယ်လျှို့ဝှက်နယ်မြေ ခရီးစဥ်ကနေ အလွန်ကြွယ်ဝသော အရင်းအမြစ်များကို ရရှိခဲ့သည်။

ဟုတ်ပါသည် ကျန်းချန်အတွက် အရေးကြီးသောအရာမှာ အာကာသစွမ်းအင်ကျောက်တုံးအများအပြား ရရှိဖို့သာဖြစ်၏။

သူက ဥက္ကာခဲကျောင်းဆောင်၏ စမ်းသပ်မှုများကို အောင်မြင်ပြီးနောက်တွင် အာကာသစွမ်းအင် ကျောက်တုံး ၂၀ ကို ရရှိခဲ့သည်။

စန်းလန်အဖွဲ့အစည်းကို တစ်ဝက် ပြန်ပေးပြီးသည့်တိုင် သူ၏ လက်ထဲတွင် အာကာသစွမ်းအင် ကျောက်တုံး ၁၀ တုံး ကျန်ရှိနေပါသေး၏။

"အရာအားလုံး အဆင့်သင့်ဖြစ်ပြီဆိုတော့ ယန်ဒီမြို့ကို ထွက်ခွာဖို့ အချိန်တန်ပြီ "

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ယခုအခါတွင် လုံလောက်သည့် အာကာသစွမ်းအင် ကျောက်တုံးများ ရရှိနေပြီဖြစ် ရာ ကျန်းချန်သည် စန်းလန် အဖွဲ့အစည်းတွင် အချိန်ကြာ ဆက်နေရန် အစီအစဥ်မရှိတော့ပေ။

သူက စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင် စန်းဝူဟန်ကို တွေ့ဆုံပြီး နှုတ်ဆက် စကားပြောခဲ့သည်။

ကျန်းချန်က ကျောက်ယွိလုံနှင့်လည်း တွေ့ဆုံခဲ့ပြီး စန်းဟိုင်အဖွဲ့ဝင်များကို ဂရုစိုက်ပေးရန် တောင်းဆိုခဲ့သည်။

ထို့နောက် ကျန်းချန်သည် လျှိုလင်ကျူးနှင့် အခြားသူများအတွက် ကျင်ကြံခြင်း အရင်းအမြစ်များကို ထားခဲ့ကာ စန်းလန်အဖွဲ့အစည်းကနေ ထွက်ခွါတော့မည့် အချိန်တွင် လျှိုလင်ကျူးက ကျန်းချန်ကို ပြောလိုက်သည်။

"အကိုကျန်း.. လင်ကျူးက အကိုကျန်းကို ယန်ဒီမြို့ဆီ စောစောစီးစီး ရောက်ရှိဖို့အတွက် ဆုတောင်းပေးပါတယ်.. အနာဂတ်မှာ အခွင့်အရေးရှိရင် အကိုကျန်းအနေနဲ့ စန်းဟိုင်အဖွဲ့အစည်းကို ပြန်လာပြီး ကျွန်မတို့ကို လာတွေ့ဖို့ မျှော်လင့်ပါတယ် "

စန်းလန် အဖွဲ့အစည်း၏ ဂိတ်တံခါးဝတွင် လျှိုလင်ကျူးသည် သံယောဇဥ် မပြတ်သော အမူအရာဖြင့် ကျန်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"လင်ကျူး စိတ်မပူပါနဲ့.. စန်းဟိုင် အဖွဲ့အစည်းက ကျုံးကျိုးကုန်းမြေမှာ ငါ့ရဲ့ပထမဆုံး အဖွဲ့အစည်းပါ.. အခွင့်အရေးရတာနဲ့ ငါသေချာပေါက် ပြန်လာခဲ့ပါ့မယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်ပြီး လျှိုလင်ကျူးနှင့် လျှိုယင်တို့ နှစ်ယောက်ကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်ကာ မီးလျှံနဂါးကို စီး၍ ကောင်းကင်သို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

စန်းလန် အဖွဲ့အစည်းမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် စန်းလန် အဖွဲ့အစည်း၏ အုပ်ချုပ်မှုအောက်ရှိ အဓိကမြို့ ဖြစ်သော စန်းလန်မြို့ကို ရောက်ရှိရန် နေ့တစ်ဝက်မျှ အချိန်ကုန်ဆုံးခဲ့ရသည်။

စန်းလန်မြို့တွင် စန်းလန်အဖွဲ့အစည်း ခေါင်းဆောင် စန်းဝူဟန်၏ တစ်ခုတည်းသော တည်နေရာရွှေ့ပြောင်းခြင်း အစီအစဥ် ရှိ၏။

စန်းလန်မြို့ကို ရောက်သည်နှင့် ကျန်းချန်သည် အချိန်မဖြုန်းဘဲ ချက်ချင်းဆိုသလို စန်းလန်မြို့၏ အလယ်ဗဟိုရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိသည့် နေရာသို့ ရောက်လာခဲ့သည်။

ထို့နောက်တွင် သူက အာကာသစွမ်းအင် ကျောက်တုံး နှစ်တုံးကို ပေးဆောင်ကာ ရွှယ်ကျင့်မြို့ကို တည်နေရာ ရွှေ့ပြောင်းပေးရန် တောင်းဆိုလိုက်သည်။

အခန်း(၇၆၉)ပြီး၏

အခန်း(၇၇၀)

စန်းလန်မြို့ကနေ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ဖြင့်တည်နေရာ ရွှေ့ပြောင်းပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ကျင့်မြို့၏ အလယ်ဗဟိုရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ကွင်းပြင်တွင် ပေါ်လာခဲ့သည်။

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ ထွက်လာပြီးနောက်တွင် သူ၏ ခေါင်းတစ်ခုလုံးသည် မူးဝေနောက်ကျိ နေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ပတ်ဝန်းကျင်ကို အသေးစိတ် အကဲခတ်လိုက်သည်။

သူ့ရှေ့တွင် ကြီးမားသည့် ကွင်းပြင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

ထိုကွင်းပြင်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များ အပြည့်အနှက် ရှိနေသည်ကို တွေ့လိုက်ရာ ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

ဆိုရလျှင် ဤကွင်းပြင်၌ တည်နေရာရွှေ့ပြောင်း အစီအရင် ရှစ်ခု ကိုးခုခန့် ပြန့်ကျဲစွာ ရှိနေခဲ့သည်။

"ရွှယ်ကျင့်မြို့က ကြယ်သုံးပွင့်အင်အားစု အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ တည်ဆောက်ထားတဲ့မြို့နဲ့ ထိုက်တန်ပါပေတယ်.. ဒီနေရာမှာရှိတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အရေအတွက်ကို ကြည့်ရုံနဲ့ နောက်ခံအင်အားက စန်းလန်အဖွဲ့အစည်းထက် အဆပေါင်းများစွာ ပိုမိုအားကောင်းတယ် ဆိုတာ သိနိုင်တယ်"

ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အစီအရင်ကို တာဝန်ယူနေသည့် ကြီးကြပ်ရေးမှူး တစ်ဦးဆီသို့ လျှောက်သွားခဲ့သည်။

"အကြီးအကဲ ရွှယ်ကျ​င့်မြို့ကနေ ယန်ဒီမြို့ဆီကို ဦးတည်တဲ့ အစီအရင်ရှိလား"

ကျန်းချန်က ကြီးကြပ်ရေးမှူးဆီ လျှောက်သွားပြီး ဂါရဝပြု၍ ယဥ်ကျေးစွာ မေးလိုက်သည်။

"ယန်ဒီမြို့က ကျုံးကျိုးကုန်းမြေရဲ့ မြင့်မြတ်တဲ့မြို့ ငါးမြို့ထဲက တစ်မြို့ပဲ.. ရွှယ်ကျင့်မြို့ရဲ့ ဘယ်နေရာမှာမှ မြင့်မြတ်တဲ့ မြို့ငါးမြို့နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မရှိဘူး.. ရွှယ်ကျင့်မြို့မှာ ကျင့်ယွင်မြို့ကို ဦးတည်တဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုပဲ ရှိတယ်"

"ကျင့်ယွင်မြို့က ကြယ်သုံးပွင့်အင်အားစု ဖြစ်တဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ နယ်မြေထဲမှာ ရှိပြီး ယန်ဒီမြို့နဲ့ သိပ်မဝေးဘူး"

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ကြီးကြပ်ရေးမှူးသည် ကျန်းချန်ထံမှ ယန်ဒီမြို့ကို သွားမည်ဟုကြားလျှင် ကျန်းချန်ကို အသေအချာ အကဲခတ်ကြည့်လိုက်သည်။

"ဒါဆိုလဲ အကြီးအကဲ.. ကျင့်ယွင်မြို့ကို သွားလို့ရမယ့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖွင့်ပေးပါ"

ကျန်းချန်က တွေဝေမနေဘဲ တိုက်ရိုက် ပြောလိုက်သည်။

သူ့အနေဖြင့် ယန်ဒီမြို့ကို တိုက်ရိုက်သွားရဖို့ မဖြစ်နိုင် သော်လည်း ယန်ဒီမြို့နှင့် သိပ်မဝေးသည့် ကျင့်ယွင်မြို့ကို တည်နေရာ ရွှေ့ပြောင်းနိုင်ခြင်းသည်လည်း မဆိုးလှပေ။

"ရွှယ်ကျင့်မြို့နဲ့ ကျင့်ယွင်မြို့ ကြားမှာ ရှိတဲ့ အကွာအဝေးက တော်တော်ဝေးတဲ့ အတွက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တစ်လမှာတစ်ကြိမ်ပဲ ဖွင့်လေ့ရှိတယ်.. အခုက အချိန်မကျသေးဘူး"

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ကြီးကြပ်ရေးမှူးက ခေါင်းခါ၍ ပြောလိုက်သည်။

"နောက်တစ်ကြိမ်ဖွင့်ဖို့ အနည်းဆုံး ရက်နှစ်ဆယ်ကြာဦးမယ်.. ရက်နှစ်ဆယ်ကြာမှပဲ တစ်ခေါက် ပြန်လာခဲ့ပါ"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ သက်ပြင်းချလိုက်သည်။

သူ့အနေဖြင့် အစီအရင် ဖွင့်လှစ်မည့် ရက်နှစ်ဆယ်ကို စောင့်ရုံသာ တတ်နိုင်တော့၏။

"ရှင်းပြပေးတဲ့ အကြီးအကဲကို ကျေးဇူးတင်ပါတယ်

ကျွန်တော် ရက်နှစ်ဆယ်ကြာရင် တစ်ခေါက် ပြန်လာခဲ့ပါ့မယ်"

ကျန်းချန်က ကြီးကြပ်ရေးမှူးကို လက်ဆွဲနှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ကွင်းပြင်ကနေ ထွက်လာပြီး နောက်တွင် ကျန်းချန်သည် ရွှယ်ကျင့်​​မြို့ကို ခဏမျှ လှည့်လည်သွားလာခဲ့၏။

ပြီးနောက် နေစရာ နေရာတစ်ခုကို ရှာဖွေရန် စီစဥ်ခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် တည်းခိုခန်း တစ်ခု၏ တံခါးဝ ဆီသို့ ရောက်လာခဲ့၏။

သူက တည်းခိုခန်းထဲသို့ ဝင်ပြီး စုံစမ်းမေးမြန်းတော့မည့် အချိန်တွင် အဝေးမှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။

"သူ့ကို တားထားလိုက်စမ်း"

ထိုအော်ဟစ်သံနှင့်အတူ လမ်းမသည် ရုတ်တရက် အနည်းငယ် ရှုပ်ယှက်ခတ်သွားခဲ့သည်။

ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ ထိုနေရာတွင် ပြဿနာတစ်စုံတစ်ရာ တက်နေသည်ကို တွေ့လိုက်ရ၏။

စိတ်ဝင်တစား ကြည့်ရှုနေသည့် လူအုပ်ကြီးဖြင့် ထိုနေရာသည်စက်ဝိုင်းသဏ္ဍာန် ဖြစ်နေခဲ့ပြီး လူအုပ်ကြီးသည် စက်ဝိုင်းအတွင်းဘက်ရှိ ပုံရိပ်များကို လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။

"နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့ လုံယွင်က ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့က ဖုန်းဟောင်ထျန်းရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတာပဲ.. နဂါးကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် မတော်တဆမှု ဖြစ်ပြီးကတည်းက နဂါးနက် ကုန်သွယ်ရေးအဖွဲ့အင်အားက အများကြီး ထိခိုက်သွားခဲ့တယ်.. အခုဆိုရင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အင်အားက ဖုန်ရှင်း ကုန်သွယ်ရေးအဖွဲ့နဲ့ ယှဥ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး"

"အမှန်ပဲ.. ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့က မကြာသေးခင်က စပြီး နဂါးနက် ကုန်သွယ်ရေး အဖွဲ့အင်အားကို တဖြည်းဖြည်း ယုတ်လျော့အောင် လုပ်နေခဲ့တယ်.. သိပ်မကြာမီ အချိန်အတွင်း နဂါးနက် ကုန်သွယ်ရေးအဖွဲ့က ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ရဲ့ သိမ်းပိုက်ခံရမှာ သေချာသလောက်ပဲ"

"............."

ကျန်းချန်က ထိုပြဿနာကို လျစ်လျူရှုရန် ပြင်လိုက်သော်လည်း လမ်းပေါ်တွင် ပြောဆိုနေကြသည့် ပရိသတ် အများအပြား၏ စကားသံကို ကြားလျှင် တည်းခိုခန်းထဲသို့ လှမ်းဝင်တော့မည့် သူ၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"ရွှယ်ကျင့်မြို့မှာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ ရှိနေတယ်လား"

မြောက်ပိုင်းတောရိုင်းကနေ မထွက်လာခင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လုံလီသည် သူတို့မျိုးနွယ်စုမှ တစ်စုံတစ်ယောက်က ကျုံးကျိုးကုန်းမြေသို့ ခရီးဆန့်ခဲ့သည်ဟု ပြောဆိုကာ နဂါးကုန်သွယ်ရေးအဖွဲ့၏ တံဆိပ်တစ်ခုကို သူ့အား ပေးအပ်ခဲ့သည်။

သို့ဆိုလျှင် လူအုပ်စုကြီးက ပြောဆိုနေကြသည့် နဂါးနက်ကုန်သွယ်ရေး အဖွဲ့သည် မြောက်ပိုင်းတောရိုင်းဒေသရှိ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အဆက်အနွှယ်များ ဖြစ်နိုင်ပါသလော။

အခန်း(၇၇၀)ပြီး၏။

အခန်း(၇၇၁)

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် လူအုပ်ကြီးဆီသို့ လျှောက်သွားခဲ့သည်။

လူအုပ်၏ အလယ်တွင် အသက်နှစ်ဆယ်ဝန်းကျင်ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်‌လေး တစ်ယောက်သည် သက်တူရွယ်တူ ငွေရောင်ဝတ်စုံဝတ် လူငယ်လေး တစ်ယောက်ကို မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဒေါသရိပ်လွှမ်းသောမျက်နှာဖြင့် ငွေရောင်ဝတ်စုံဝတ် လူငယ်ကို စိုက်ကြည့်နေခဲ့၏။

"ဖုန်းဟောင်ထျန်း.. မင်း ငါ့ညီမလေးကို အနိုင်ကျင့်ရဲတယ်.. မင်းနဲ့ငါ ဘယ်တော့မှမကြေဘူး"

"လုံယွင်.. မင်းတို့နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကို ရွှယ်ကျင့်မြို့ရဲ့ နံပါတ်တစ် ကုန်သွယ်ရေးအဖွဲ့လို့ ထင်နေတုန်းပဲလား.. မင်းသာ လုံရှင်းယွဲ့ကို ငါနဲ့လက်ထပ်ပေးဖို့ ဆန္ဒရှိရင် အရာအားလုံးက ပြောရ လွယ်ကူသွားပြီ.. ဒီလိုမှမဟုတ်ရင် မင်းတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အနေနဲ့ ရွှယ်ကျင့်မြို့မှာ ခြေချဖို့တောင် မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်စေရမယ်လို့ ငါကတိပေးတယ်"

ဖုန်းဟောင်ထျန်းက ဝင့်ကြွားစွာပြုံး၍ ပြောလိုက်သည်။

သူက လုံယွင်၏ဘေးမှ သွယ်လျသော မိန်းကလေးကို တဏှာရာဂလွှမ်းသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

သူမက လှပသော မျက်နှာသွင်ပြင်ရှိပြီး အသားအရည်က နှင်းလိုဖြူစင်ကာ ရိုးရှင်းသော အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

အနည်းငယ် ချောင်ချိသော အင်္ကျီပင် သူမ၏ ဖွံ့ထားသော ရှိုက်ဖိုကြီးငယ်ကို ဖုံးကွယ်ရန် ခက်ခဲနေခဲ့သည်။

"ဖုန်းဟောင်ထျန်း.. မင်းဒီကိစ္စကို စဥ်းတောင်မစဥ်းစားနဲ့.. ငါလုံယွင်က အသက်ကို ရင်းရရင်တောင် ငါ့ညီမလေးကို မင်းလိုလူယုတ်မာနဲ့ ဘယ်တော့မှ လက်ထပ်ပေးမှာ မဟုတ်ဘူး"

လုံယွင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် ကြုံးဝါးလိုက်သည်။

"အကိုသွားကြစို့.. သူနဲ့ အချိန်မဖြုန်းနဲ့တော့.. ညီမလေးတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို အရင်ဆုံးပြန်ကြမယ်.. အဖေ့ရဲ့ဒဏ်ရာက ပိုအရေးကြီးတယ်"

ထိုအချိန်တွင် လုံယွင်၏ အနောက်ဘက်ရှိ လုံရှင်းယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဤဖုန်းဟောင်ထျန်းသည် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့မှ သခင်လေး ဖြစ်ပြီး ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၏ မျိုးဆက်သစ်များထဲတွင် ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ဖုန်းဟောင်ထျန်းသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲတွင် အပြင်စည်း အကြီးအကဲ တစ်ဦးကို ကံကောင်းထောက်မစွာဖြင့် ဆရာတင်မြှောက်ခွင့် ရခဲ့သည်။

ယခုအခါတွင် ဖုန်းဟောင်ထျန်း၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

သူက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် အပြင်စည်းစာရင်း ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပါဝင်ပြီး အတွင်းစည်း တပည့်များကို တိုက်ခိုက်ဖို့ပင် အရည်အချင်းရှိသည်။

သူ့ရှေ့မှ လုံယွင်၏ ကျင့်ကြံခြင်းအဆင့်ကမူ စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ကိုသာ ရောက်ရှိသေး၏။

ထို့ကြောင့် ဖုန်းဟောင်ထျန်း နှင့် အမှန်တကယ်တိုက်ပွဲ ဖြစ်ခဲ့လျှင် လုံယွင်သည် သေချာပေါက် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။

"ကောင်းပြီလေ..ရှင်းယွဲ့ ငါတို့သွားကြစို့.."

လုံယွင်က သက်ပြင်းရှည်ကို ချလိုက်ပြီး လုံရှင်းယွဲ့နှင့်အတူ လှည့်ထွက်ရန် ပြင်လိုက်သည်။

"ထွက်သွားချင်တာလား"

ဖုန်းဟောင်ထျန်းက အေးစက်စက် ပြောလိုက်သည်။

သူက လုံယွင်၏ ရှေ့တွင် လျှပ်တပြက် ပေါ်လာခဲ့ပြီး ပြင်းထန်သော လက်ဝါးရိုက်ချက်ဖြင့် လုံယွင်ကို ရိုက်ချလိုက်သည်။

မကြာသေးခင်က သူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ တပည့်တစ်ဦးဆီကနေ စာတစ်စောင်ကို ရရှိခဲ့သည်။

ယင်းမှာ လုံယွင်နှငံ လုံရှင်းယွဲ့တို့သည် လုံလောက်သောအမှတ်များကို စုဆောင်းပြီး အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဆဋ္ဌမအဆင့် ကုသ‌ရေးဆေးလုံးကို လဲလှယ်ခဲ့သည် ဟူသော သတင်း ဖြစ်သည်။

ထိုနှစ်ယောက်၏ ဆေးလုံးကို လဲလှယ်ရသည့် ရည်ရွယ်ချက်သည် ၎င်းတို့၏ ဖခင်ဖြစ်သည့် နဂါးနက်ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင် လုံထျန်းဝူ၏ ရောဂါကို ကုသရန်သာ ဖြစ်ရပေမည်။

နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လုံထျန်းဝူသာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာလျှင် သူတို့ ဖုန်းရှင်း ကုန်သွယ်ရေး အဖွဲ့အနေဖြင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို သိမ်းယူမည့် အစီအစဥ်သည် အဆင်ပြေတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဖုန်းဟောင်ထျန်းသည် လုံယွင်တို့ နှစ်ယောက်ကိုကြားဖြတ်ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ ထိုနှစ်ယောက်ကို အဘယ်ကဲ့သို့ ထွက်ခွာခွင့် ပေးနိုင်ပါမည်နည်း။

သူ့ဆီသို့ လှမ်းလာနေသည့် ဖုန်းဟောင်ထျန်းကို လှမ်းကြည့်ရင်း လုံယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ရှင်းယွဲ့.. ငါသူ့ကို တားထားမယ်.. မင်းအရင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ပြန်သွားလိုက်"

လုံယွင်က စကားပြောနေရင်း အသက်စွမ်းအင်ကို အလျင်အမြန် တိုးတက်စေသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

သူက ဖုန်းဟောင်ထျန်းနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆေးလုံးကို သောက်တော့မည့် အချိန်တွင် အနက်ရောင်အရိပ်တစ်ခုက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ရာ လုံယွင်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။

ထိုအချိန်မှာပင် ဖုန်းဟောင်ထျန်း၏ လက်သီးချက်သည် လုံယွင်ထံသို့ ကျရောက်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဖုန်းဟောင်ထျန်း၏ လက်သီးကို အသာအယာ ဖမ်းဆုပ်လိုက်၏။

တစ်ချိန်တည်းမှာပင် အထက်စီးဆန်သော လေသံတစ်သံသည် လေထဲတွင် ဖြည်းညင်းစွာ ပဲ့တပ်ထပ်သွားခဲ့သည်။

"ဒီနှစ်ယောက်ရဲ့အသက်ကို ငါကယ်တင်လိုက်ပြီ.. မင်းမသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားလိုက်"

အခန်း(၇၇၁)ပြီး၏။

All Chapters