← Chapters

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

"ဒီကောင်က ဘယ်ကနေ ထွက်ပေါ်လာတာလဲ.. ဖုန်းဟောင်ထျန်းကိုတောင် ခြိမ်းခြောက်ရဲတယ်ဟ"

ဖုန်းဟောင်ထျန်းကို တားဆီးလိုက်သည့် အနက်ရောင်ဝတ်လူငယ်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူအများ၏ မျက်လုံးထဲတွင် ဂရုဏာသက်သော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

ရုတ်တရက် ပေါ်ပေါက်လာသည့် အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် တခြားသူမဟုတ်ပေ၊ ကျန်းချန် ဖြစ်သည်။

သူ၏ရှေ့မှ လုံမောင်နှမသည် မြောက်ပိုင်း တောရိုင်းဒေသရှိ နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် စပ်ဆက်မှု ရှိနေနိုင်သည် ဖြစ်ရာ ကျန်းချန်သည် သဘာဝကျစွာပင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

"ကောင်လေး မင်းဘယ်သူလဲ.. ငါဖုန်းဟောင်ထျန်းရဲ့ ကိစ္စတွေကို ဝင်ရှုပ်ရဲတယ်လား"

သူ၏လက်ကို ကျန်းချန်က ခပ်တင်းတင်း ဆုပ်ကိုင်ထား၍ ဖုန်းဟောင်ထျန်း၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ရှုံ့မဲ့သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်၏ နောက်ရှိ လုံမောင်နှမသည် အံ့သြသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

လက်ရှိအချိန်တွင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့သည် ရွှယ်ကျင့်မြို့တွင် သြဇာအရှိန်အဝါ တဟုန်ထိုး တက်လာခဲ့သည်။

သူတို့နှင့် တစ်ခါမှ မတွေ့ဖူးသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ် တစ်ယောက်က သူတို့နှစ်ယောက်ကို ကူညီပေးလိမ့်မည်ဟု လုံမောင်နှမ ဘယ်လိုမှ ထင်မထားခဲ့ပေ။

"မင်းဘာသာ ဘာကိစ္စပဲလုပ်လုပ် ငါစိတ်မဝင်စားဘူး.. ဒါပေမဲ့ လုံမောင်နှမ နှစ်ယောက်ကိုတော့ ထိဖို့မစဥ်းစားနဲ့.. ငါဒီမှာရှိနေသ၍ မင်းသူတို့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းက ဘယ်က ကလေကဝလဲ.. စကားကြီး စကားကျယ်တွေပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. ရွှယ်ကျင့်မြို့မှာ ငါ့ကို ဒုက္ခပေးရဲတယ်ဆိုတော့ မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ.."

ဖုန်းဟောင်ထျန်းက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

ထိုခဏတွင် ကျန်းချန် ဆုပ်ကိုင်ထားသည့် ဖုန်းဟောင်ထျန်း၏ လက်သည် ကျန်းချန်၏ ချုပ်နှောင်မှုကနေ လွတ်မြောက်သွားခဲ့သည်။

မကြာခင်မှာပင် ပြင်းထန်သော ငွေရောင် လက်သီးရိပ် တစ်ခုသည် ကျန်းချန်၏ ခေါင်းဆီသို့ တိုက်ရိုက် ကျရောက်လာခဲ့၏။

ထိုအားကောင်းသည့် လက်သီးချက်က ကျန်းချန်၏ နဖူးပေါ်မှဆံပင်များကိုပင် လွင့်စင်သွားစေခဲ့ရာ ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"လွင့်စင်စမ်း"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး လက်သီးတစ်လုံးကို ထုတ်ဖော်၍ ဖုန်းဟောင်ထျန်း၏ လက်သီးကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း..."

လက်သီးနှစ်လုံးက လေထဲတွင် ထိပ်တိုက် ဆုံမိပြီးနောက်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ဖုန်းဟောင်ထျန်း၏ ခန္ဓာကိုယ်သည် တုန်ယွင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ရုတ်တရက်ဖြူဖျော့ကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လေထဲကနေ ပြုတ်ကျလာသည့် သစ်ရွက်ခြောက်လေး တစ်ခုလို အံ့သြမှင်တက်နေသော အကြည့်ပေါင်းများစွာ၏ ရှေ့မှာပင် မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားခဲ့သည်။

ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၏ သခင်လေး ဖုန်းဟောင်ထျန်းက ကျန်းချန်လို မထင်မရှား လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် သက်ပြင်းချလိုက်ကြသည်။

သူတို့ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ် လူငယ်ကို လှမ်းကြည့်ရင်း သူတို့၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

"ဒီသခင်လေးက အရမ်းအင်အားကြီးတာပဲ.."

လုံယွင်တို့ မောင်နှမနှစ်ယောက်က ထိုမြင်ကွင်းကို ငေးကြည့်နေရင်း အလွန်အမင်း အံ့သြမှင်တက်သွားကြသည်။

သူတို့နှစ်ယောက်သည် ဖုန်းဟောင်ထျန်း၏ အင်အားကို တခြားသူများထက် ကောင်းစွာ သိသည်။

ဖုန်းဟောင်ထျန်းသည် ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အပြင်စည်း ထိပ်တန်းပါရမီရှင် ဖြစ်ပြီး ကျင့်ကြံခြင်းတွင်လည်း စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သာမန်သိုင်းသခင် အဆင့် ကျင့်ကြံသူများ အတွက်ပင် ဖုန်းဟောင်ထျန်းကို တစ်ကွက်တည်းဖြင့် အနိုင်ယူရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက ဖုန်းဟောင်ထျန်း၏ တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့၏။

ထိုကဲ့သို့သော အင်အားသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အတွင်းစည်း ပါရမီရှင်များထက်ပင် မနိမ့်ကျဟု ခန့်မှန်းရသည်။

"မင်း.. မင်းဘယ်သူလဲ.."

ဖုန်းဟောင်ထျန်းက ရှက်ရွံ့သော အမူအရာဖြင့် မြေပြင်ကနေထလာခဲ့သည်။

ဆန့်ကျင့်ဘက်မှ ဝင့်ကြွားစွာရပ်နေသည့် ပုံရိပ်ကို လှမ်းကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

"ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး"

ကျန်းချန်က ဖုန်းဟောင်ထျန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးများသည် ဓားကဲ့သို့ အေးစက်နေခဲ့၏။

"မင်းအသက်ရှင်ချင်တယ်ဆို ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားလိုက်.. အသက်ဆယ်ရှိုက်စာ အချိန်အတွင်း ထွက်မသွားရင် မင်းသေရလိမ့်မယ်.."

အခန်း(၇၇၂)ပြီး၏။

အခန်း(၇၇၃)

"ဒီက မိတ်ဆွေ..ငါက ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေး ဖုန်းဟောင်ထျန်းပါ.. ဒီက မိတ်ဆွေအနေနဲ့ ငါ့ကို မျက်နှာသာပေးပြီး ငါ့ရဲ့အလုပ်ကို ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်"

အစောပိုင်းက ကျန်းချန်၏ ခြိမ်း‌ခြောက်စကားကို ကြားလျှင် ဖုန်းဟောင်ထျန်းသည် အနည်းငယ် တွေဝေသွားခဲ့သည်။

ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်သာ ရှိသေးသော်လည်း သူ့ကို တစ်ကွက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်၏။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပါရမီရှင်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အတွင်းစည်းမှာပင် အလွန်ရှားပါးသော ပါရမီရှင်အဆင့်အတန်း ဖြစ်သည်။

ဖုန်းဟောင်ထျန်း အနေဖြင့် ဤကောင်လေး၏ ဇစ်မြစ်သည် လုံးဝထူးခြားမှန်း အတပ်ပြောနိုင်၏။

အတင်းအကြပ် ဖိအားမပေးသ၍ ဖုန်းဟောင်ထျန်းသည် ထိုကောင်လေးကို အလွယ်တကူ စော်ကားမည်မဟုတ်ပေ။

"စိတ်မကောင်းပါဘူး.. ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့ကို ငါမသိဘူး"

ကျန်းချန်က အသာအယာ လှမ်းကြည့်၍ ပြောလိုက်သည်။

"ဒါ့အပြင် မင်းမျက်နှာက ငါ့မျက်လုံးထဲမှာ ဘာမှတန်ဖိုးမရှိဘူး.. ဘာလို့ ငါက မင်းကို မျက်နှာသာ ပေးရမှာလဲ"

"မင်းက ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့ရဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်ထားပုံရတယ်"

ဖုန်းဟောင်ထျန်း၏ မျက်နှာက ချက်ချင်းပင် အလွန်အမင်း ကြည့်ရဆိုးသွားခဲ့သည်။

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"မင်းမှာ အသက်ငါးရှိုက်စာပဲ ကျန်သေးတယ်.. အသက်ရှင်ချင်တယ်ဆိုရင် စကားမများနဲ့.. ဒီနေရာကနေ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံးပဲ.."

"ကောင်းပြီလေ..မင်းလုပ်ထားနှင့်ဦးပေါ့.. ငါ ဒီကိစ္စကို အသေအချာ မှတ်ထားမယ်.."

ဖုန်းဟောင်ထျန်းက ကျန်းချန်ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီးနောက်တွင် ချာခနဲ လှည့်ထွက်သွားပြီး နောက်ကိုပင် လှည့်မကြည့်တော့ပေ။

ကောင်လေး၏ အင်အားသည် သူ့ထက်ပင် အဆများစွာ သာလွန်နေ၏။

သို့ဖြစ်ရာ ယခုအချိန်တွင် လုံယွင်တို့ မောင်နှမ နှစ်ယောက်ကို ကိုင်တွယ်ရန် ကြိုးစားခြင်းသည် လုံးဝ မဖြစ်နိုင်သလောက်ပင်။

ဤနေရာတွင် ဆက်ရှိနေလျှင် အရှက်ရစရာသာ ဖြစ်နေလိမ့်မည် မဟုတ်ပါလော။

သူက ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့သို့ အလျင်အမြန် ပြန်ပြီး သူ့အဖေနှင့် နောက်ထပ် ပြုလုပ်မည့် အစီအစဥ်များအား ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့မဟုတ်ဘဲ လုံယွင်တို့ နှစ်ယောက်သာ ဆဋ္ဌမအဆင့် ကုသရေးဆေးလုံးကို ပြန်ယူသွားပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် လုံထျန်းဝူကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ခဲ့လျှင် သူတို့ ဖုန်းရှင်း ကုန်သွယ်‌ရေးအဖွဲ့သည် အခက်အခဲ ရှိလာ‌လိမ့်မည် ဖြစ်သည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်သခင်လေး.. ကျွန်တော်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ လုံယွင်ပါ..သခင်လေးရဲ့ နာမည်ကိုသိပါရစေ.."

ဖုန်းဟောင်ထျန်း ထွက်သွားသည်ကို မြင်လျှင် လုံယွင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

သူက သူ့ညီမ လုံရှင်းယွဲ့ နှင့်အတူ ကျန်းချန်ကို ကျေးဇူးတင်စကား ပြောဆိုခဲ့၏။

"ငါမင်းတို့ကို ကူညီရတဲ့အဓိက အကြောင်းအရင်းက ငါ့ရဲ့မိတ်ဆွေဟောင်း တစ်ယောက်နဲ့ မင်းတို့က ဆက်စပ်မှု ရှိနေပုံရလို့ပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက သိုလှောင်အိတ်ထဲကနေ နဂါးနက်ပုံစံ ထွင်းထုထားသည့် ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုကို ယူထုတ်ပြလိုက်သည်။

"နဂါးနက်.. နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားပါလား..သခင်လေးက ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင်ရဲ့ တံဆိပ်ပြားကို ပိုင်ဆိုင်ထားတာလဲ"

လုံမောင်နှမက ကျန်းချန်၏ လက်ထဲမှ ရှေးဟောင်း ကျောက်စိမ်းပြားကို မြင်လျှင် မယုံကြည်နိုင်စွာ ရေရွတ်မိလိုက်ကြသည်။

နဂါးနက်ကျောက်စိမ်းတံဆိပ်ပြား။

ဤသည်က သူတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အမြင့်ဆုံးတံဆိပ်ပြား ဖြစ်ပြီး ထိုတံဆိပ်ပြားကို တွေ့ရလျှင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်ကို တွေ့ရသည်နှင့် အတူတူပင် ဖြစ်၏။

တစ်နည်းအားဖြင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့တွင် နဂါးနက်ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားသူများသည် နဂါးနက် ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင်နှင့် တူညီသော အခွင့်အရေးများ ရှိကြသည်။

ပုံမှန်အားဖြင့် နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားသည် သူတို့ဖခင် အမြဲလိုလို ကိုင်ဆောင်ထားသော အရာတစ်ခု ဖြစ်သည်။

ကိစ္စမရှိဘဲ သူတို့၏ဖခင်သည် နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားအား တခြားသူများကို လွယ်လွယ်ကူကူ ဘယ်နည်းနှင့်မျှ လွှဲပြောင်းပေးမည် မဟုတ်ပေ။

သို့ဆိုလျှင် သူတို့ပင် မသိသည့် ဤလူငယ်လေးသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားကို မည်ကဲ့သို့ ရရှိထားပါသနည်း။

"မင်းတို့နှစ်ယောက် ဒီတံဆိပ်ပြားကို သိတော့ ငါ့အတွက် အဆင်ပြေသွားတယ်.. ငါလူမမှားဘူးဆိုတာ သေချာသလောက်ပဲ"

လုံယွင်တို့ မောင်နှမနှစ်ယောက်က သူ့လက်ထဲမှ တံဆိပ်ပြားအား သိနေသည်ကို မြင်လျှင် ကျန်းချန်သည် ပြုံး၍ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့ကိုမင်းတို့ရဲ့အဖေဆီခေါ်သွားပေးပါ.."

လုံယွင်က သက်ပြင်းရှည်ချလိုက်သည်။

အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ လက်ထဲမှ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားသည် သူတို့အဖေ၏ လက်ထဲမှ တံဆိပ်ပြားနှင့် မတူသည်မှာ သေချာ၏။

လူငယ်၏စကားနှင့် ပေါင်းစပ်ပြီးနောက်တွင် လုံယွင်သည် ချက်ချင်း ဆိုသလို နားလည်သွားခဲ့သည်။

ယင်းမှာ ထိုလူငယ်သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် နီးစပ်သော ဆက်ဆံရေး ရှိကောင်းရှိနိုင်သည် ဟူသောအချက်ပင်။

"သခင်လေး.. ငါ့နောက်ကနေလိုက်ခဲ့ပါ"

သူက ကျန်းချန်ကို တလေးတစား ပြောလိုက်ပြီးနောက်တွင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့သို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။

အခန်း(၇၇၃)ပြီး၏။

အခန်း(၇၇၄)

တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် လုံမောင်နှမ၏ ဦး‌ဆောင်မှုဖြင့် ကျန်းချန်သည် ရွှယ်ကျင်းမြို့ တောင်ပိုင်းရှိ နဂါးနက် ကုန်သွယ်‌ရေးအဖွဲ့၏ ဌာနချုပ်ဆီသို့ ရောက်လာခဲ့သည်။

"သခင်လေးနဲ့ သခင်မလေးတို့ ဆီကို အခုပဲ လိုက်လာတော့မလို့.. သခင်လေးတို့ ပြန်ရောက်လာတာနဲ့ အတော်ပဲ"

သူတို့သုံးယောက် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ တံခါးဝသို့ရောက်သည်နှင့် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော်တို့ ဘေးက အကိုရဲ့ အကူအညီနဲ့ ကျွန်တော်တို့တွေ အဆင်ပြေပြေ ပြန်လာနိုင်ခဲ့တာပါ"

လုံယွင်က ခေါင်းညိမ့်လိုက်ပြီး လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို မေးလိုက်သည်။

"ဦးလေးကျန်း.. ကျွန်တော့်အဖေ အဆင်ပြေရဲ့လား.."

"ခေါင်းဆောင်က ဒဏ်ရာရပြီးကတည်းက စပြီး အတွင်းအားကျင့်ပြီး ကုသနေတာ..အသေးစိတ် အခြေအနေကို ကျွန်တော်လည်း မသိဘူး"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခေါင်းခါလိုက်သည်။

လုံယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ကျွန်တော်တို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲတွေဘယ်ရောက်သွားတာလဲ..ဘာလို့ ဦးလေးကျန်း တစ်ယောက်တည်း ကျွန်တော့်ဆီ လိုက်လာဖို့ လုပ်နေရတာလဲ"

သူက ဖုန်းဟောင်ထျန်း၏ တားဆီးခြင်းကို ခံရသည့် အချိန်တွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို သူဒုက္ခတွေ့နေကြောင်း သတင်းပို့ခဲ့ပြီးပြီ ဖြစ်၏။

ဆိုရလျှင် သူတို့မောင်နှမနှစ်ယောက် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ လဲလှယ်လာသည့် ဆဋ္ဌမအဆင့် ကုသရေးဆေးလုံးသည် သူ့အဖေ၏ ဘေးကင်းမှုအတွက်သာမက နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏အနာဂတ်နှင့်လည်း သက်ဆိုင်နေသည်။

သူ၏ ဆင့်ခေါ်မှုကိုရရှိလျှင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် သိုင်းသခင်နယ်ပယ် အဆင့်အကြီးအကဲ တစ်ဦးကို ချက်ချင်း စေလွှတ်ပေးသင့်၏။

သို့သော် သူ ပြန်‌ရောက်လာသောအခါတွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၌ သိုင်းသခင်နယ်ပယ် အဆင့် အကြီးအကဲများကို မတွေ့ရှိခဲ့ရသည့်အပြင် သူ၏အရှေ့မှ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကလည်း သူ့ကို ကယ်ဆယ်ရန် ယခုမှသာတံခါးဝသို့ ရောက်လာခဲ့သည်။

ဤလူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူ့အဖေ၏ ယုံကြည်စိတ်ချရသော လူယုံဖြစ်၍ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်ရေးကိစ္စများကို အများအားဖြင့် တာဝန်ယူရသည်။

ထို့ကြောင့် ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားခြင်းမရှိပေ။

နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် ကျုံးကျိုးကုန်းမြေတွင် ကြယ်တစ်ပွင့် အင်အားစုအဖြစ်သာ သတ်မှတ်နိုင်သော်လည်း သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းမက ရှိသည်။

သို့ဖြစ်ရာ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ တစ်ဦးတစ်လေမှ ရောက်မလာသည်မှာ အဓိပ္ပါယ်မရှိလှပေ။

"ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့က မကြာသေးခင်ကစပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ဖိအားပေးနေတယ်.. ဒါကြောင့် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လက်အောက်ခံ နေရာတွေ များစွာက ဆုံးရှုံးမှုတွေ အကြီးအကျယ် ခံစားနေရတယ်.. ဒီအတွက် အကြီးအကဲချုပ်က အကြီးအကဲ တချို့ကို ခေါ်ပြီး ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့နဲ့ သွားရောက် ညှိနိုင်းနေတယ် အကြီးအကဲတွေအပြင် တခြား သိုင်းသခင်နယ်ပယ်အဆင့်ကျင့်ကြံသူတွေကလည်း ရွှယ်ကျင့်မြို့မှာ ရှိမနေကြဘူး.. နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှာ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ ဆိုလို့ လုံခွင်းတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တယ်"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ ဦးလေးကျန်းက ခါးသီးစွာ ပြောလိုက်သည်။

သူက လုံယွင်ထံမှ ဆင့်ခေါ်မှုကို ရရှိပြီးနောက်တွင် လုံခွင်းကို အစီအရင်ခံခဲ့သည်။

သို့သော်လည်း လုံခွင်းသည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်ကို ကာကွယ်ရန် ပို၍ အရေးကြီးသည်ဟု ဆိုပြီး လုံယွင်ကို သွား‌ရောက် မကူညီခဲ့ပေ။

ထို့ကြောင့် ဦးလေးကျန်းသည် လုံယွင်တို့ကို သူကိုယ်တိုင် သွားကယ်ဖို့ ဆုံးဖြတ်ရုံသာ တတ်နိုင်ခဲ့ရခြင်းပင်။

"လုံခွင်း"

လုံယွင်၏မျက်လုံးတွင် ‌ဒေါသအရိပ်များ ထွက်ပေါ်လာခဲ့သည်။

"ဦးလေးကျန်း.. ကျွန်တော့်ကို အရင်ဆုံး အဖေနဲ့ တွေ့ဖို့ ခေါ်သွားပေးပါ.."

"ကောင်းပြီ.."

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခေါင်းညိမ့်လိုက်ပြီး လုံယွင်တို့ သုံးယောက်ကို ဦးဆောင်၍ ခေါ်သွားခဲ့သည်။

"လုံယွင်.. ညီမလေးရှင်းယွဲ့.. မင်းတို့တွေ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့.. ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ရဲ့ ဖုန်းဟောင်ထျန်းက မင်းတို့ကို ဒုက္ခပေးတယ်လို့ ကြားတယ်.. မင်းတို့တွေ အဆင်ပြေရဲ့လား"

သူတို့လေးယောက်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်ဆီသို့ လျှောက်ဝင်သွားသည့် အချိန်တွင် အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်မျှ ရှိသည့် လူငယ်က ပြုံးရွှင်သော မျက်နှာထားဖြင့် အထဲကနေ ထွက်လာခဲ့သည်။

"ငါနဲ့ ငါ့ညီမလေး အားလုံး အဆင်ပြေတယ်.. မင်းဘာမှ စိတ်ပူစရာမလိုဘူး"

လုံယွင်က နှာခေါင်းရှုံကာ အေးစက်စက် ပြောလိုက်သည်။

"ငါ အခု ငါ့အဖေကိုသွားတွေ့တော့မယ်.. မင်းငါ့လမ်းကို ပိတ်မထားနဲ့"

"ဒါတော့မဖြစ်နိုင်ဘူး..အကြီးအကဲတွေက သူတို့ ပြန်မလာမချင်း မင်းအဖေ ဒဏ်ရာကုသနေတာကို ဘယ်သူမှ အနှောင့်အယှက် မပေးစေနဲ့လို့ ငါ့ကို သေချာမှာထားတယ်"

လုံခွင်းက ခေါင်းခါလိုက်ပြီး ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

မကြာခင်မှာပင် သူသည် လုံယွင်၏ နံဘေးမှ ကျန်းချန်ကို သတိပြုမိလိုက်သည်။

ထိုအချိန်တွင် သူ၏ မျက်နှာထက်၌ ကောက်ကျစ်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

"လုံယွင်.. အခုချိန်မှာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့က သေရေးရှင်ရေးအခြေအနေကို ရောက်နေပြီ.. ပြင်ပလူတွေကို အထဲဝင်ဖို့ ခွင့်မပြုထားဘူး..သူစိမ်းတစ်ယောက်ကို ဌာနချုပ်အထိ ခေါ်လာတာတော့ မဟုတ်သေးဘူး"

လုံခွင်းက နှာခေါင်းရှုံလိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက် သူက ချက်ချင်းဆိုသလို ကျန်းချန်ကို သတ်ဖြတ်လိုသော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်၏။

"ကောင်လေး.. မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး.. ငါတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့ကနေ ချက်ချင်း ထွက်သွားလိုက်စမ်း"

အခန်း(၇၇၄)ပြီး၏။

All Chapters