ဘယ်တော့ ပြန်လာမှာလဲလို့ မင်း မေးတယ်၊ ငါ့မှာ အဖြေမရှိဘူး ( ၁ )
Vol. 3 Ch. 31
ပုစွန်ဆီရောင်လဲ့နေသော ညနေခင်းရောင်ခြည်တန်းများအောက်၌ လူငယ်လေး၏ရုပ်သွင်က မီးကျီးကန်းကို တုန်လှုပ်ချောက်ချားသွားစေသည်။
သူက အတွေ့အကြုံရင့်ကျက်သော ရတနာမုဆိုးတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့် သာလွန်နေသည့်တိုင်အောင် လူငယ်လေးကြောင့် သွေးပျက်မတတ် ဖြစ်သွားရပေသည်။
သို့ပေမည့် ထိုကြောက်လန့်တုန်ရီသွားသောစိတ်ကို ဒဏ်ရာအနာတရဖြစ်သွားသည့်အတွက် ဖြစ်ပေါ်လာသော အမျက်ဒေါသက ဝါးမျိုသွားသည်။ ထိုစဉ် သူ့မျက်ဝန်းများထဲ လူသတ်ငွေ့များ အစားထိုးနေရာယူလာသည်။
“ ခွေးကောင်လေး၊ ငါ့အောင်ပွဲအနေနဲ့ မင်းသွားတွေကို တစ်ချောင်းချင်း နှုတ်ပစ်ဦးမယ် ”
မီးကျီးကန်းက အမုန်းတရားများ စွက်နေသော လေသံဖြင့် ပြောလိုက်ပြီး သူ့အင်္ကျီလက်များကို ခါလိုက်ရာ ပိန်လှီနေေသာ ခန္ဓာကိုယ်အပေါ်ပိုင်း ပေါ်လာသည်။
သူက နားရွက်နှင့် ဝမ်းဗိုက်မှ ဒဏ်ရာများကို လုံးလုံးလျားလျား အာရုံစိုက်မနေဘဲ လက်နှစ်ဖက်ဖြင့် မုဒြာဟန်ဖော်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ရုတ်တရက် ယခင် မီးလုံးများထက် သိသိသာသာ ကြီးမားသော မီးလုံးကြီးတစ်လုံး ပေါ်လာသည်။
ထိုမီးလုံးကြီးကို မြင်သောအခါ ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရုတ်ခြည်း လှုပ်ရှားသွားသည်။
“ ကွဲထွက်စမ်း ”
မီးကျီးကန်းက အော်ဟစ်လိုက်ရာ သူ့လက်ထဲရှိ မီးလုံးကြီးသည် မီးလုံးလေးငါးလုံးအဖြစ် ကွဲထွက်သွားပြီး ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။
ထို့နောက် တဝုန်းဝုန်းမြည်ဟည်းသံများ ရုတ်ခြည်း ပဲ့တင်ထပ်လာပြီး မြေပြင်ကို မီးတောက်များက လွှမ်းခြုံသွားတော့သည်။ ထိုမီးတောက်များကြားတွင် ရွှီချင်းသည် အတားအဆီးအလွှာကြီးကို ထိုးနှက်ခဲ့သည့်အတိုင်း လက်သီးနှစ်လုံး တရစပ် ပစ်သွင်းလိုက်သည်။
ပြင်းထန်သော ဆောင့်အားကြောင့် သူ့ခန္ဓာကိုယ် ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီး မြင့်မားသော အပူရှိန်ကြောင့် မီးလောင်ဒဏ်ရာများ ပေါ်လာသည့်တိုင် သူသည် နည်းနည်းလေးမှ အရှိန်လျော့မသွားသလို သူ၏လူသတ်ချင်စိတ်သည်လည်း စိုးစဉ်းမျှ နည်းပါးသွားခြင်း မရှိချေ။
ထိုနည်းအားဖြင့် သူသည် ဒဏ်ရာများကို မေ့ထားကာ မီးကျီးကန်းနှင့် တောအုပ်ထဲ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲတစ်ပွဲ ဆင်နွှဲလေသည်။
အမှန်စင်စစ် ရွှီချင်းက မီးကျီးကန်းအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။
ဝိညာဉ်စွမ်းအင်အတားအဆီးအလွှာအရဖြစ်စေ၊ မီးလုံးများအရဖြစ်စေ ရွှီချင်းကို သိသိသာသာ ဒုက္ခပေးနိုင်သည်။ ဝိညာဉ်စွမ်းအင်အတားအဆီးအလွှာကြောင့် သူ အနီးကပ်တိုက်ခိုက်ရာတွင် ခက်ခဲနေရပြီး မီးလုံးများသည်လည်း သူ့အတွက် ကြီးစွာသော အဟန့်အတား တစ်ခု ဖြစ်နေသည်။
သို့သော်လည်း ရွှီချင်း၏ ပြန်လည်ကုစားနိုင်သည့်အစွမ်းမှာ အံ့သြတုန်လှုပ်စရာကောင်းလှပြီး ထိုအစွမ်းကြောင့် သူ ဒဏ်ရာရပြီးတိုင်း အလျင်အမြန် ပြန်လည်သက်သာလာသည်။ သူ့ဒဏ်ရာများက သူ၏တိုက်ရည်ခိုက်ရည်အပေါ် အကျိုးသက်ရောက်မှု မရှိချေ။
ယင်းအပြင် တိုက်ပွဲစကတည်းက သူ သက်လုံ လုံးဝ ကျမသွားပေ။ သူ့ခန္ဓာကိုယ်မှ တရစပ်နာကျင်သောဝေဒနာများက အကြီးအကျယ် စိတ်ဒုက္ခပေးနေပါသော်လည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းလာခဲ့ရသော သူ့အတွက် သာမန်လူများ မခံစားနိုင်သော နာကျင်မှုများကို သည်းခံနိုင်ပေသည်။
အရေးကြီးဆုံးတစ်ချက်သည်ကား ဓာတ်နှောပမာဏမြင့်မားစွာ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားများက ရွှီချင်းအပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိခြင်း ဖြစ်သည်။ သို့သော်လည်း မီးကျီးကန်းအတွက်မူ ကွဲပြားခြားနားပေသည်။
နားဒဏ်ရာက အဆင်ပြေနေသေးပါသော်လည်း ဝမ်းဗိုက်ရှိဒဏ်ရာက သည်းမခံနိုင်လောက်အောင် နာကျင်လာသည်။ အရေးကြီးဆုံးက သူ့ဝိညာဉ်စွမ်းအားများပင် ဖြစ်သည်။
သူက ချီစုစည်းခြင်းအဆင့်ငါးကို ရောက်နေသည့်တိုင်အောင် ထိုကဲ့သို့ ဝိညာဉ်စွမ်းအား ကုန်ခမ်းလာခြင်းကို တောင့်မခံနိုင်ပေ။ သို့ဖြစ်၍ သူ့အနေဖြင့် အားအင်ပြန်ပြည့်စေရန် ဓာတ်နှောများ ပါဝင်နေသော ဝိညာဉ်စွမ်းအားများကိုသာ စုပ်ယူနေရသည်။
သို့သော်လည်း ရွှီချင်းနှင့် ပြင်းထန်သော တိုက်ပွဲဆင်နွှဲနေရခြင်းကြောင့် သူ အသက်ရှူရန် အချိန်ပင် မရချေ။ သို့ဖြစ်ရာ သူ့ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောပမာဏများ တိုးပွားလာတော့သည်။
မကြာခင် မူလက မီးကျီးကန်း ခံစားနေခဲ့ရသော ဒေါသများသည် စိုးရိမ်ပူပန်စိတ်အသွင် ပြောင်းလဲလာသည်။ နောက်ဆုံးတွင် သူ့မျက်နှာထက်၌ စိတ်မရှည်သည့်အရိပ်အယောင်များ ပေါ်လာ၏။
အနှီလူငယ်လေးနှင့် ပတ်သက်၍ တစ်ခုခုလွဲမှားနေသည်ကို သူ သတိထားမိလာပြီ ဖြစ်သည်။
ချီစုစည်းခြင်းအဆင့်သုံး သို့မဟုတ် ချီစုစည်းခြင်းအဆင့်ငါးမှာပင် ရှိသည့် မည်သူမဆို ထိုကဲ့သို့ မီးလုံးများနှင့် ရင်ဆိုင်ရပါက အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ တခဏအတွင်း မီးလောင်ကျွမ်းခံထားရသော အလောင်းကောင်များအဖြစ် ပြောင်းလဲသွားရမည်သာ ဖြစ်သည်။
သူသာ ရွှီချင်း၏နေရာတွင် ဖြစ်နေပါက ယခု ရွှီချင်း တိုက်ခိုက်နေသလိုမျိုး တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သူ ခံစားနေရသည်။
သို့သော်လည်း သူ့ရှေ့ရှိ လူငယ်သည် သေစေနိုင်လောက်သည့် ဒဏ်ရာများစွာ ရရှိထားပါသော်လည်း အမြန်နှုန်းနှင့် ခွန်အားက အနည်းငယ်မျှပင် ကျမသွားချေ။
ယင်းကြောင့် မီးကျီးကန်း၏ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ကြီးထွားလာသည်။
ထိုအခိုက် သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောပမာဏသည်လည်း များပြားလာပြီး သန္ဓေပြောင်းတော့မည့်အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ထိုအနေအထားက သူ၏အသက်ရှူသံကို ပြတ်တောင်းပြတ်တောင်း ဖြစ်သွားစေသည်။
“ မီးကျီးကန်း၊ အသုံးမကျတဲ့ကောင်၊ တိုက်ပွဲကို မြန်မြန် အဆုံးသတ်လိုက်တော့လေကွာ ”
ခပ်လှမ်းလှမ်းတွင် ခေါင်းဆောင်လဲ့နှင့် တိုက်ခိုက်နေသော သွေးအရိပ်အဖွဲ့ ခေါင်းဆောင်က စိတ်မရှည်တော့သဖြင့် လှည့်ကြည့်လိုက်ပြီး မြင်ကွင်းကို မြင်သောအခါ ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူ အကူအညီပေးချင်ပါသော်လည်း ခေါင်းဆောင်လဲ့က ရုတ်ခြည်း ပိတ်ဆို့တိုက်ခိုက်လာသည်ဖြစ်ရန် ထွက်သွားရန် ခက်ခဲနေတော့သည်။ သူ့အနေဖြင့် စိုးရိမ်ပူပန်နေရုံမှတစ်ပါး တခြားမလုပ်နိုင်တော့လေပြီ။
ထို့ပြင် ရွှီချင်း၏တိုက်ခိုက်သည့်နည်းလမ်းက မီးကျီးကန်း သန္ဓေပြောင်းသည်အထိ အချိန်ဆွဲ၍ တိုက်ခိုက်ရန်ဖြစ်ကြောင်း ခေါင်းဆောင်လဲ့ သိထားပြီးသား ဖြစ်သည်။
ရွှီချင်းက ဒဏ်ရာများစွာ ရနေသည့်ကြားမှပင် မည်သည့်အတွက် ယုံကြည်မှု ရှိနေရသည်ကို ခေါင်းဆောင်လဲ့ မသိပါသော်လည်း လူတိုင်း၌ လျှို့ဝှက်ချက်များ ရှိကြပေသည်။ ထိုအချက်ကို ခေါင်းဆောင်လဲ့ နားလည်သည်။ သူကိုယ်တိုင်မှာလည်း လျှို့ဝှက်ချက်များ ရှိနေသည် မဟုတ်ပါလား။
သို့ဖြစ်၍ သူက စစ်ဆေးမေးမြန်းနေရန် ရည်ရွယ်ချက်မရှိပေ။ သူ လုပ်နိုင်သည်မှာ သွေးအရိပ်အဖွဲ့ခေါင်းဆောင်ကို သွားမကူနိုင်စေရန် ဟန့်တားထားရမည် ဖြစ်သည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။
မီးကျီးကန်းက နောက်ထပ် မီးလုံးသုံးလုံး ပစ်လွှတ်လိုက်ပါသော်လည်း ရွှီချင်းကို ရင်ဆိုင်ရာတွင် အသုံးမဝင် ဖြစ်နေရသည်။ သို့ဖြစ်၍ စိုးရိမ်ပူပန်စိတ်များနေသောသူသည် ခေါင်းဆောင်၏ ဆူပူငေါက်ငမ်းခြင်းကို ခံလိုက်ရသောအခါ သူ့ရင်ထဲတွင် ရူးသွပ်မိုက်မဲစိတ်များ ဝင်လာတော့သည်။
သူက ညာလက်ကို မြှောက်ကာ သူ့ဝမ်းဗိုက်ကို ဘုန်းခနဲ ထုလိုက်ရာ သွေးပွက်ကြီးတစ်ပွက် အန်ထွက်လာသည်။ ထို့နောက် ဘယ်လက်ဖြင့် သွေးအနည်းငယ်ကို လှမ်းဖမ်းလိုက်ပြီး သွေးတချို့မှာ အောက်ကျသွားသည်။
သူက မန္တန်ရွတ်ဆိုလိုက်ရာ သူ့လက်ထဲရှိ သွေးများ ချက်ချင်း မည်းနက်လာသည်။
ထိုမြင်ကွင်းက ရွှီချင်း၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေပြီး သေရေးရှင်ရေးအန္တရာယ်တစ်ခုကို စူးစူးရှရှ ခံစားလာရတော့သည်။ သူက မီးကျီးကန်း၏ မန္တန်ကို ဟန့်တားရန် တဟုန်ထိုး ပြေးဝင်သွားသည်။
ဤတစ်ကြိမ်၌ မီးကျီးကန်းက အလွန်မြန်ဆန်စွာ မန္တန်စီရင်သွားနိုင်ခဲ့သည်။ ရွှီချင်း ပြေးလာသည့်အခိုက် မီးကျီးကန်းက ခေါင်းမော့လိုက်ရာ ရှုံ့မဲ့နေသော သူ့မျက်နှာကြီး ပေါ်လာသည်။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့လက်ထဲရှိ သွေးနက်များသည် အရွယ်ရောက်ပြီးသား လူတစ်ဦး၏ ခေါင်းတစ်လုံးစာရှိသော သွေးလုံးကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
သွေးလုံးကြီးအထဲ၌ တပွက်ပွက်ထနေဟန်တူပြီး ရွှီချင်းဆီသို့ ကြောက်ခမန်းလိလိအားအင်မျိုးဖြင့် ပျံသန်းသွားသည်။
“ သေစမ်းကွာ ”
မီးကျီးကန်းက သွေးအေးသောလေသံဖြင့် အော်ဟစ်လိုက်သည်။
ဤတစ်ကြိမ် မန္တန်က အားအလွန်အကျွံ သုံးရပြီး သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောပမာဏသည်လည်း များပြားလာသည့်အတွက်ကြောင့် ဖြစ်ပေမည်၊ ယခုအခါ သူ့ခြေထောက်များ တဆတ်ဆတ် တုန်ရီနေလေသည်။ တခြားတစ်ဖက်တွင် ရွှီချင်း၏သွေးဆာနေသော အကြည့်က ပို၍ စူးရှပြတ်သားလာသည်။ ခေါင်းဆောင်လဲ့ တွေးထားသကဲ့သို့ သူသည် မီးကျီးကန်း သန္ဓေပြောင်းသွားသည်အထိ အချိန်ဆွဲ၍ တိုက်ခိုက်ရန် စီစဉ်ထားပါသော်လည်း အစီအစဉ်က တသမတ်တည်း ဖြစ်မလာခဲ့ချေ။
ရွှီချင်းက သန္ဓေပြောင်းနေစဉ်အတောအတွင်း သူ့ရန်သူအား သတ်ဖြတ်မည့်အတွေးကို ဘယ်တော့မှ လက်မလျော့ပေ။
သူက ဓားမြှောင်နှင့် သံတုတ်ကို အကြာကြီး ကိုင်မထားနိုင်တော့ပါသော်လည်း သူ့ရန်သူ၏ သေကွင်းသေကွက်ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား ဆက်လက်စောင့်ကြည့်နေဆဲပင်။
နောက်ဆုံး၌ မီးကျီးကန်းက စိတ်မရှည်သော အမူအရာကို ပြသလာသောအခါ ထိုအခွင့်အရေး ပေါ်လာသည်။
သွေးလုံးကြီး တိုးဝင်လာတော့မည့်ဆဲဆဲ ရွှီချင်းက အရှိန်ကို မြှင့်တင်လိုက်သည်။
သူက မီးကျီးကန်းထံ တဟုန်ထိုး ပြေးဝင်မသွားဘဲ တစ္ဆေရိုင်းကြီးအလောင်းရှိရာသို့ ကွေ့ပတ်သွားသည်။
တစ္ဆေရိုင်းကြီး၏ အလောင်းမှာ မီးကျီးကန်း၏ မီးလုံးများကြောင့် မီးလောင်ရာများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာ၌ အလောင်းများအပြင် တစ္ဆေရိုင်းကြီး၏ လက်နက်များလည်း ရှိနေပေသည်။
ဘာသာပြန်မှတ်စု၊ ယခုအခန်း၏ခေါင်းစဉ်သည် ‘ မိုးသည်းညက မြောက်အရပ်က မိတ်ဆွေထံသို့ ’ ဆိုသည့် လီရှန်၏ကဗျာမှ စာကြောင်းတစ်ကြောင်း ဖြစ်ပြီး ယင်းကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပေသည်။