← Chapters

ပါစီဗယ်

Vol. 3 Ch. 114

ပါစီဗယ်

Vol. 3 Ch. 114

“ငါက မင်းလက်အောက်ခံ ဖြစ်လာဖို့အတွက် သဘောတူခဲ့တာ ဆယ်ဗီကို ကာကွယ်ဖို့အတွက် သက်သက်ပဲ။”

ပါစီဗယ်က လက်ကို အိတ်ကပ်ထဲနှိုက်ထားရင်းနဲ့ နက်ဆန်ကို မလေးမစားပုံစံနဲ့ ကြည့်နေခဲ့တယ်။ နက်ဆန်ကလည်းပဲ အလွန့်အလွန်ကို လေးနက်တဲ့ပုံစံနဲ့ ပါစီဗယ်ကို ကြည့်နေခဲ့တယ်။ ပါစီဗယ်က သူ့စကားကို ဆက်လိုက်တယ်။

“ဒါပေမဲ့ မင်းကတော့ သူ့ကို ကာကွယ်ပေးဖို့အတွက် လက်လျှော့လိုက်ပြီမဟုတ်လား။”

ပါစီဗယ်ရဲ့မျက်လုံးတွေထဲမှာ အထင်သေးမှု အရိပ်အယောင် များစွာရှိနေတာကို မြင်တွေ့နိုင်တယ်။ အဲဒီမျက်လုံး တွေက နက်ဆန်ရဲ့သိစိတ်ကို ထိုးဖောက်သိမြင်နေသလိုမျိုး ခံစားရပြီး အလိုလိုနေရင်း သိမ်ငယ်မှုကို ခံစားလာရစေတယ်။

နက်ဆန်က သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား လိုက်တယ်။ အဲဒီနောက် ပါစီဗယ်နားကိုကပ်သွားလိုက်ပြီး ပါစီဗယ်ရဲ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်တယ်။

“ငါက သူ့ကို ကာကွယ်ပေးဖို့ လက်လျှော့လိုက်တာ မဟုတ်ဘူးကွ။ ကာကွယ်ပေးဖို့အတွက် သူ့ကို ငါ့အနားမှာ မနေခိုင်းဖို့ ဆုံးဖြတ်ခဲ့တာ။”

“ဟားဟား...” ပါစီဗယ်ရဲ့မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခု ပေါ်လာတယ်။

“ညမင်းသားတစ်ပါးအနေနဲ့ မင်းမှာရန်သူများတာကို ငါသိပါတယ်။ ဒါပေမဲ့ ဆယ်ဗီကို မင်းအနားကနေပြီး ထွက်သွားစေတာက အကြံကောင်းတစ်ခုလို့ထင်ရဲ့လား။”

ပါစီဗယ်က နက်ဆန့်လက်တွေကို သူ့လက်နဲ့ဖမ်းဆွဲပြီး ရွံရှာနေတဲ့ပုံစံနဲ့ ဆွဲဖယ်ပစ်လိုက်တယ်။ နက်ဆန်ကတော့ သူ့ဆုံးဖြတ်ချက်က မှန်တယ်လို့ ယူဆနေဆဲပဲ။

“မင်းက ဘာနားလည်လို့လဲ။”

“ဘာနားလည်လို့လဲ ဟုတ်လား။ ငါက မင်းထက်အများကြီး ပိုနားလည်တယ်ကွ။”

ဘုန်း...

ပါစီဗယ်က နက်ဆန့်ရဲ့ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးလိုက် ပါတယ်။ နက်ဆန်က နောက်ကိုခြေနှစ်လှမ်း ဆုတ်လိုက်ရ ပါပြီ။

“ဆယ်ဗီသာ ပုံမှန်ဘဝဆီ ပြန်သွားရင် လုံခြုံမယ်လို့ မင်းတွေးတယ်ပေါ့။ ဒါပေမဲ့ ဆယ်ဗီက ပုံမှန်မဟုတ်တော့တာ မင်းသိနေတာပဲမဟုတ်လား။”

“ဒါက....” နက်ဆန်က သူ့ဝမ်းဗိုက်ကို နာကျင်စွာနဲ့ ဆုပ်ကိုင်ထားလိုက်ရင်း မျက်လုံးပြူးသွားပါတယ်။ ဒီကိစ္စကို သူသိထားပြီးသားဆိုပေမဲ့...

“ဆယ်ဗီရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေက တစ်နေ့ထက် တစ်နေ့ပိုပြီးတော့ တိုးပွားလာနေတယ်။ ထိန်းချုပ်ရခက်ပြီး အမျိုးအမည်မသိတဲ့စွမ်းအားတွေ တိုးပွားလာတဲ့အချိန် မင်းက သူ့ကိုစွန့်ပစ်ခဲ့တယ်။ ဒါက ကာကွယ်တယ်လို့ ပြောလို့ရနိုင်မလား။ အဲဒီကိစ္စကြောင့် သူဘယ်လောက်ထိ ကြောက်လန့်နေမလဲသိလား။”

“မင်းက လူမဆန်တဲ့ကောင်ပဲကွ။ ဒီလိုအချိန်မျိုးမှာ မင်းက သူ့အနားမှာနေပြီးတော့ ကာကွယ်ပေးနေရမှာ။ ကာကွယ်ဖို့ ဆိုတာကို အကြောင်းပြချက်အဖြစ်သုံးပြီး မျက်နှာလွှဲ ခဲပစ်လုပ်ဖို့မဟုတ်ဘူး။”

ပါစီဗယ်က သူ့ခါးက ဆေဘာဓားကိုဆွဲထုတ်လိုက်ပြီး နက်ဆန့်ကို ရွယ်လိုက်တယ်။

“မင်းအမှားကိုမင်း သိပြီလား။ မင်းက ဒီအတိုင်း သူ့ကို ကာကွယ်ဖို့အတွက် သတ္တိမရှိရုံပဲ။”

“အဲဒီစကားကိုမပြောနဲ့...” နက်ဆန်က ဒေါသထွက်လာပြီး သူ့စွမ်းအားတွေကို စုစည်းဖို့အတွက် ကြိုးစားလိုက်တယ်။ ဒါပေမဲ့ မြူခိုးတွေအတွင်းမှာ သူ့အရိပ်က ရှိတောင်မနေဘဲ သူ့ကိုယ်သူ သာမန်လူတစ်ယောက်နဲ့ ဘာမှမခြားနားဘူးလို့ သတိထားမိလိုက်တယ်။ ဒါကြောင့် သာမန်အတိုင်း လက်သီးနဲ့သာထိုးလိုက်နိုင်ပြီး ပါစီဗယ်က အဲဒီလက်သီးကို သာသာလေးနဲ့ ကာကွယ်လိုက်နိုင်တယ်။

“ငါ့မှာ သူ့ကိုကာကွယ်ဖို့အတွက် စွမ်းအားတွေမရှိဘူးကွ။”

နက်ဆန်ဆီကနေပြီး စိတ်ပျက်အားလျော့တဲ့ စကားမျိုး ထွက်လာခဲ့တယ်။ သူဟာ ဓားသူတော်စင်ကို ရှုံးနိမ့်ခဲ့တယ်။ ရန်ဘက်ဖြစ်တဲ့ ရော့ဝဲလ်ကို မနိုင်ခဲ့တဲ့အပြင် တစ်ဖက်လူက သူ့ကို အကြိမ်ကြိမ်စိန်ခေါ်ဖို့ အခွင့်အရေးပေးခဲ့တဲ့တိုင် သူမအောင်မြင်ခဲ့ပါဘူး။ ပြီးတော့ စကူးဘတ်ဘုရင်မ ပေါ်လာတဲ့အတွက်ကြောင့် ဒီလောကကြီးဟာ သူဟာ ဖုန်မှုန့်တစ်ခုလိုမျိုး အလွန်အားနည်းတဲ့ ဖြစ်တည်မှု တစ်ခုဖြစ်နေကြောင်းကို သတိထားမိခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေပြီးတဲ့နောက်မှာ နက်ဆန်ရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပျက်စီးသွားခဲ့တယ်။ သူဟာ အရင်ကလိုမျိုး လောကအနှံလှည့်လည်သွားလာပြီး မကောင်းမှုတွေကို နှိမ်နင်းနိုင်တဲ့ ပြိုင်ဘက်ကင်းတည်ရှိမှုမျိုးလို့ သူ့ကိုယ်သူ မယုံကြည်တော့ပါဘူး။

“ တွေ့လား.... မင်းက လက်လျှော့ပြီးနေပြီပဲ။ မင်းက မင်းကိုယ်မင်း ဒီထက်ပိုပြီးစွမ်းအားကြီးလာနိုင်တယ်လို့ ယုံကြည်ချက်မရှိတော့ဘူး။”

ဘုန်း...

ပါစီဗယ်က နက်ဆန့်ရင်ဘတ်ကို ခုန်ပြီးတော့ ခြေစုံကန်ချ လိုက်ပါတယ်။ နက်ဆန်က မြူတွေနဲ့ဖုံးလွှမ်းနေတဲ့နယ်မြေ အဆုံးအထိလွင့်စင်သွားပြီး မြေပေါ်တရွတ်တိုက်ဆွဲကာ အတော်ကြာမှာ ရပ်တန့်သွားတယ်။ သူ့တစ်ကိုယ်လုံးမှာ ပွန်းပဲ့ရာတွေနဲ့ပြည့်နေပြီး အတွင်းကလီစာတွေတုန်ခါတဲ့ ဒဏ်ကိုကောင်းကောင်းကြီး ခံစားလိုက်ရတယ်။

“စိတ်ပျက်စရာပဲ... တကယ့်ကို စိတ်ပျက်စရာပဲ... မင်းက အသက်ရှင်နေသေးပြီး ငါမနာလိုချင်လောက်အောင် များပြားတဲ့စွမ်းအားတွေရှိနေတာတောင် ဇွဲမရှိတဲ့ကောင် ဖြစ်နေပါလား။”

ပါစီဗယ်က ဆေဘာဓားနဲ့ မြေပြင်မှာ လဲကျနေတဲ့ နက်ဆန့်ရဲ့လည်ပင်းကို ထောက်ထားလိုက်ရင်း ပြောလာတယ်။ နောက်တော့ သူက အပျော်သဘောနဲ့ နက်ဆန့်လည်ပင်းမှာ ဓားနဲ့နည်းနည်းလေးခြစ်လိုက်ပြီး

“ဒီတော့ ဒီလိုလုပ်ရအောင်... ငါမင်းကိုသတ်ပြီး မင်းခန္ဓာကိုယ်ကို ယူလိုက်မယ်။ ပြီးရင်တော့ ဆယ်ဗီကို ငါကိုယ်တိုင် သွားကာကွယ်ပေးမယ်လေ။ အသုံးမကျတဲ့ မင်းလိုကောင်က ဆယ်ဗီအနားမှာရှိနေဖို့ မထိုက်တန်ဘူး။”

ရွှတ်...

ပါစီဗယ်က ဓားကိုဝေ့ယမ်းပြီး နက်ဆန်ကို အပြီးသတ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့ဓားကို တစ်ခုခုက တားမြစ် ထားတာကို သတိထားမိလိုက်ပြီး ငုံကြည့်လိုက်ချိန်မှာတော့ နက်ဆန်က သူ့လက်ချည်းသက်သက်နဲ့ ဆေဘာဓားကို ဆုပ်ကိုင်ထားတာ တွေ့လိုက်ရတယ်။

နက်ဆန့်ရဲ့လက်ကနေ သွေးတွေစီးကျနေပေမဲ့ ဒဏ်ရာကြောင့် မျက်တောင်နည်းနည်းလေးတောင် ခတ်မသွားခဲ့ဘူး။

“မင်းက ငါ့ရဲ့နောက်ဆုံးစည်းကို ကျော်သွားပြီ။”

ဟူး...

နက်ဆန်က ရုတ်တရက်ခုန်ထလိုက်ပြီး ပါစီဗယ်ကို လက်သီးနဲ့ ထိုးလိုက်တယ်။ ပါစီဗယ်က သာသာလေး ရှောင်လိုက်ပေမဲ့ နက်ဆန်က ဆက်လက်ပြီးတော့ လက်နက်မဲ့ တိုက်ခိုက်နေသေးပြီး အသင့်မဖြစ်သေးတဲ့ ပါစီဗယ်က နောက်ကိုပြန်ဆုတ်နေရပါတယ်။

“ဒီမြူနယ်မြေက ငါ့ပိုင်နက်ပဲ။ မင်းစွမ်းအားတွေကို ဒီထဲမှာသုံးလို့မရတဲ့အထိ ငါ့နယ်မြေက စွမ်းအားကြီးလာ ခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းကတော့ အရင်အတိုင်းပဲ။ ဒီပုံစံနဲ့ မင်းချစ်ရတဲ့သူတွေကို ဘယ်လိုကာကွယ်မှာလဲ။” မကြာခင်မှာပဲ ပါစီဗယ်က ဟန်ချက်ပြန်ထိန်းနိုင်သွားပြီး နက်ဆန်ကို ပြန်တွန်းလှန်နိုင်သွားတယ်။

“မင်းတောင်မှ ကာကွယ်နိုင်ခဲ့လို့လားကွ။”

နက်ဆန်ကလည်း ဓားနဲ့အခုတ်ခံရမယ့်ဘေးကနေ ရှောင်ရှားဖို့အတွက် နောက်ကိုနည်းနည်းဆုတ်လိုက်ပြီး နောက်မှာ နောက်တစ်ခါပြန်တိုးဝင်လာရင်း အော်ဟစ်ကာ လက်သီးချက်တွေကို ဆက်တိုက်ပစ်သွင်းလိုက်တယ်။

ဘုန်း... ဘုန်း... ဘုန်း...

ပါစီဗယ်ကလည်း သူ့လက်သီးချက်တွေကို လက်တစ်ဖက် နဲ့ အသာအယာတားဆီးဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ နက်ဆန့်လက်သီးက အင်မတန်အားကောင်းတဲ့ စွမ်းအားတွေကိုသယ်ဆောင်ထားပြီး မြူနယ်မြေရဲ့ တည်ရှိမှုကိုပါ အက်ကွဲကြောင်း ထလာစေတာ မြင်လိုက်ရတဲ့အတွက် နောက်ကိုသာဆုတ်ပြေးဖို့ ကြိုးစားလိုက်ပါတယ်။

“မင်းက အတော်လေးစွမ်းသားပဲ။” ပါစီဗယ်က ဆေဘာဓားကို လက်ထဲမှာကစားရင်း နက်ဆန်ကို ကြည့်လိုက်တယ်။ အခုနက်ဆန်ရဲ့ခန္ဓာကိုယ်ကို အနက်ရောင်အခိုးအငွေ့တွေက ယစ်သိုင်းနေပြီး ကြီးမားတဲ့ ဖိအားတစ်ခုကို ထုတ်ဖော်နေပါတယ်။

“မင်းရဲ့နယ်မြေက ငါ့စွမ်းအားကို အလုံးစုံတားမြစ်ထားတာ မဟုတ်ဘူးပဲ။ ဒီအတိုင်း အကန့်အသတ်တစ်ခုအထိ ဖိအားသုံး ချုပ်ချယ်ထားတာပဲ။ မင်းကန့်သတ်နိုင်တာထက် ငါပိုသုံးရင် မင်းဘာမှလုပ်လို့မရဘူး။”

ဟား...

နက်ဆန်က မာန်တစ်ချက်သွင်းလိုက်ပြီး သူ့စွမ်းအားတွေကို အလုံးစုံထုတ်ဖော်လိုက်တယ်။ သူ့အရိပ်ကြီးက ပေသုံးရာ နီးပါးအထိတိုးထက်လာပြီး နက်ဆန်ရဲ့နောက်မှာ ဧရာမ မိစ္ဆာကောင်ကြီးလိုမျိုး ရပ်နေပါတယ်။ နောက်တော့ အဲဒီအရိပ်ကြီးက နက်ဆန့်ခန္ဓာကိုယ်နဲ့ပေါင်းစပ်ကာ တဖြည်းဖြည်းသေးငယ်သွားပြီး နက်ဆန်ကို အနက်ရောင် ချပ်ဝတ်ဝတ်ဆင်ထားတဲ့ စစ်နတ်ဘုရားတစ်ပါးလိုပုံစံမျိုး ပြောင်းလဲသွားစေပါတယ်။

“ငါ့ရဲ့ညခြုံလွှာကို မင်းတောင့်ခံနိုင်မလား ကြည့်ရအောင်”

တစ်ဖက်မှာလည်း ပါစီဗယ်က မခံချင်စိတ်အပြည့်နဲ့ နှုတ်ခမ်းကို ဖိကိုက်ထားပြီးတော့ နက်ဆန်ကို ကြည့်လိုက် ပါတော့တယ်။

“ငါက ကာကွယ်နိုင်ခဲ့လို့လားတဲ့... ကောင်းပြီ၊ အဖြေက မဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဆယ်ဗီကိုတော့ ငါရအောင် ကာကွယ်မယ်။ ငါက မင်းလိုလွယ်လွယ်လေး လက်လျှော့မယ့်သူ မဟုတ်ဘူးကွ။”

ပါစီဗယ်က လက်ဖျောက်တီးလိုက်တယ်။ သူအမိန့်ပေးရတဲ့ တပ်မကြီးတစ်ခုလုံး နောက်မှာပေါ်လာပြီး အရိပ်နက်နဲ့ ပေါင်းစည်းထားတဲ့ နက်ဆန်ကို သေနတ်တွေနဲ့ထိုးချိန်တယ်။

“ပစ်ကြစမ်း....”

ဒိုင်း... ဒိုင်း... ဒိုင်း....

မျက်နှာမှာပက်တီးတွေစည်းထားတဲ့ ရာချီတဲ့စစ်သားတွေက နက်ဆန်ကို သေနတ်တွေနဲ့ဝိုင်းပစ်ခတ်တယ်။ သေနတ်ကျည် အားလုံးက သွေးနီရောင်သန်းနေပြီး သာမန်မဟုတ်တဲ့ စွမ်းအင်တချို့ကို သယ်ဆောင်ထားတယ်။ ကျည်တွေက နက်ဆန့်ခန္ဓာကိုယ်ကိုထိတာနဲ့ အရိပ်နက်ကပဲ့ကြွေကုန်တယ် ဆိုပေမဲ့လည်း ထိခိုက်သွားတဲ့နေရာတွေက ချက်ချင်းဆိုသလို ပြန်ကောင်းလာတယ်။ နောက်တော့...

ဘုန်း....

နက်ဆန်က အားအင်အပြည့်နဲ့ ပါစီဗယ်ရဲ့တပ်ဖွဲ့ကြားထဲ ပြေးဝင်လာကာ ကြီးမားလှတဲ့ တစ်ဖက်သတ်သတ်ပွဲကြီး ကိုဖန်တီးပါတော့တယ်။

“မင်းမျက်လုံးကို ဖွင့်ပြီးတော့ သေချာကြည့်လိုက်စမ်း ပါစီဗယ်။ ငါက အရာအားလုံးကို အလျှော့ပေးလိုက်တဲ့ လူတစ်ယောက်နဲ့တူလို့လား။”

ဘုန်း...

နက်ဆန်က စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပါစီဗယ်ရဲ့ တပ်ဖွဲ့ကို ဖျက်ဆီးလိုက်နိုင်ပြီး ပါစီဗယ်ကိုအကြီးအကျယ် ထိုးနှက်တိုက်ခိုက်တယ်။ ပါစီဗယ်က ဆေဘာဓားကိုသုံးပြီး ခုခံနေသေးတယ်ဆိုပေမဲ့ နက်ဆန်က ဖြည်းဖြည်းချင်း အသာရလာပါတယ်။ နက်ဆန်က တိုက်ခိုက်နေရင်းနဲ့ပဲ ဆက်ပြောလိုက်တယ်။

“ပြီးတော့ မင်း.... ဆယ်ဗီက မင်းချစ်သူမဟုတ်ဘူးဆိုတာ မင်းသိထားပြီးသား။ မင်းက မင်းမကာကွယ်လိုက်နိုင်တဲ့ မင်းချစ်သူနေရာမှာ တခြားတစ်ယောက်ကို အစားထိုးဖို့ လုပ်နေရုံပဲ။”

ဘာ...

ပါစီဗယ်တစ်ချက်လောက် ငေးငိုင်သွားတယ်။ နက်ဆန်ပြောတဲ့အချက်ကို သူမငြင်းပယ်နိုင်ခဲ့ဘူး။ ဆယ်ဗီနဲ့သူ့ရဲ့ချစ်သူက အနည်းငယ်ဆင်တူရုံသာ ရှိတာဖြစ်ပြီးတော့ ဆယ်ဗီက သူ့ချစ်သူမဟုတ်မှန်း ပါစီဗယ်သိနေခဲ့ပြီးသားပါ။ ဒါပေမဲ့ သူအများကြီး ခေါင်းမာနေခဲ့တယ်။

“မင်းက တခြားမဆိုင်တဲ့လူတစ်ယောက်ကို အသုံးချပြီး မင်းရဲ့အကြီးမားဆုံးအမှားကြီးကို ဖုံးကွယ်ဖို့ ကြိုးစားနေရုံ သက်သက်ပဲ။”

ထန်း...

ပါစီဗယ်ရဲ့ဓားနဲ့နက်ဆန်ရဲ့အရိပ်နက်လက်တို့ ထိမိသွားပြီး ပါစီဗယ်ရဲ့ဓားက ကျိုးပျက်သွားခဲ့ပါတယ်။ ဒါကြောင့် ပါစီဗယ်လည်း အံ့အားသင့်နေခဲ့ပြီး နောက်ကိုဆုတ်လိုက် ပါတယ်။ ဒါပေမဲ့ နက်ဆန်က ပိုလျင်ပြီး ပါစီဗယ်ရဲ့ အင်္ကျီကော်လံကိုဖမ်းကိုင်ကာ မြေပေါ်ကိုကိုင်ပေါက် ချလိုက်တယ်။

ဘုန်း...

သဲသောင်ပြင်ပေါ်ကသဲတွေ လေထုထဲ မြောက်တက် လာပါတယ်။ မြူနယ်မြေက ပျက်စီးသွားပြီဖြစ်ပြီးတော့ ကမ်းခြေမြင်ကွင်းနဲ့ ကမ်းခြေကိုလာရောက်ရိုက်ခတ် နေခဲ့တဲ့ လှိုင်းသံတွေက ပြန်လည်ရောက်ရှိလာတယ်။

“မင်းပြောတာမှန်တယ်...” ပါစီဗယ်က နက်ဆန်ကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်။

“ငါက ကိုယ်လုပ်ရမယ့်အရာတစ်ခုကို ကျရှုံးခဲ့ပြီးတော့ ငါ့လိုလုပ်ချင်နေတဲ့ တခြားလူတစ်ယောက်လည်း ကျရှုံး သွားတာကို မြင်ချင်နေခဲ့တာ။”

ပါစီဗယ်ရဲ့မျက်လုံးအကြည့်တွေက ပြောင်းလဲသွားတယ်။ သူ့ကိုကြည့်ရတာ အပြစ်ရှိစိတ်တွေထဲ နစ်မွန်းနေသလိုပဲ။

“ဒါမှ ဒီကိစ္စကို ငါတစ်ယောက်တည်း မလုပ်နိုင်ခဲ့တာ မဟုတ်ဘူးလို့ ငါပြောနိုင်မှာလေ။ ဒါမှ ဒီကိစ္စက သိပ်ကို ခက်ခဲပြီးတော့ အောင်မြင်ဖို့မဖြစ်နိုင်တဲ့ကိစ္စလို့ ငါ့ကိုယ်ငါ ဖြေသိမ့်နိုင်မှာ။”

“ ခွေးကောင်...”

နက်ဆန်က ပါစီဗယ်ရဲ့ကိုယ်ပေါ်တက်ပြီး အပေါ်စီးကနေ မျက်နှာကို လက်သီးနဲ့ထိုးလိုက်တယ်။

“မင်းက ငါ့ကိုလက်လျှော့လိုက်ပြီလားလို့မေးနေပြီး တကယ်လက်လျှော့လိုက်တာက မင်းဖြစ်နေခဲ့တာပဲ။”

ပါစီဗယ်က နှုတ်ခမ်းကို တင်းတင်းပိတ်ထားတယ်။ ဒါပေမဲ့ နက်ဆန်က သူ့ကိုဒီအတိုင်းလွှတ်ပေးထားဖို့ စိတ်ကူးမရှိဘူး။ အဲဒီအစား...

“ဒီပုံစံနဲ့ မင်းက ဆယ်ဗီကို ဘယ်လိုလုပ်ပြီး ကာကွယ်မှာလဲ။”

ဒီစကားကြောင့် ပါစီဗယ်က နက်ဆန်ကို အံ့ဩတကြီးနဲ့ ကြည့်လိုက်တယ်။ “မင်း... ငါဆယ်ဗီအနားမှာရှိနေတာကို မင်းသဘောမကျဘူးလို့ ထင်နေခဲ့တာ။”

“အေး၊ ငါသဘောမကျဘူး။ ဒါပေမဲ့ မင်းဆယ်ဗီကို ကာကွယ်ပေးတာ ငါလိုချင်တယ်။”

နက်ဆန်က ပွင့်လင်းစွာနဲ့ ပြောလိုက်တယ်။ ပါစီဗယ်ကတော့ ပါးစပ်အဟောင်းသား။ “အဲဒီလိုဆိုရင် ဆယ်ဗီက ငါချစ်ခွင့်ပန်တာကို လက်ခံလိုက်မှာ မင်းမကြောက်ဘူးလား။”

“ဒီလိုဆိုရင်တောင်မှ ကိစ္စမရှိဘူး။ အဲဒီအတွက်တော့ ငါတို့မျှမျှတတ တိုက်ခိုက်ကြတာပေါ့။ ဒါပေမဲ့ ငါ့အပြင် ဆယ်ဗီကိုကာကွယ်ပေးမယ့်သူရှိတာ ပိုကောင်းမယ်လို့ ငါထင်တယ်။”

နက်ဆန်က သူ့အကြံကိုပြောလိုက်တော့ ပါစီဗယ်ရဲ့မျက်နှာ အမူအရာကလည်း ပြောင်းလဲသွားခဲ့တယ်။ သူ့ပုံစံက နည်းနည်းပိုနူးညံ့သွားတယ်။

“ငါလည်း အဲဒီလိုပဲထင်တယ်။ ငါက အေရီရယ်ကို မကာကွယ်ပေးလိုက်နိုင်ပေမဲ့ ဆယ်ဗီကိုသာ ကာကွယ် ပေးနိုင်မယ်ဆိုရင် တာဝန်မကျေခဲ့တဲ့ ငါ့ရဲ့အပြစ်တွေ ကျေသွားလိမ့်မယ်လို့ ခံစားရတယ်။”

“ဒါဆိုရင်လည်း ဘာလို့ငါတို့တွေ မပူးပေါင်းကြတာလဲ မိတ်ဆွေကြီ။”

နက်ဆန်က ပါစီဗယ်ကိုဆွဲထူလိုက်တယ်။ တစ်ချိန်တည်း ဆိုသလိုပဲ ပါစီဗယ်ရဲ့ခန္ဓာကိုယ်က ဝေဝါးပျောက်ကွယ် သွားပြီးတော့ အနက်ရောင်ဆေဘာဓားတစ်စင်းအဖြစ်ကို ပြောင်းလဲသွားတယ်။ ဆေဘာဓားအနားမှာ ပြင်းထန်တဲ့ အမှောင်ထုစွမ်းအားတွေ ဝန်းရံနေပြီးတော့ လအလင်းကို ပိတ်ဆို့လိုက်သလိုတောင် ခံစားရပါတယ်။

နောက်တော့ နက်ဆန်ရဲ့ညာလက်ခုံပေါ်မှာ ဆေဘာဓားတစ်စင်း ပုံစံတူ တက်တူးတစ်ခုပေါ်လာတယ်။ “မင်းက ငါနဲ့အဆင့်တူ မိတ်ဆွေစာချုပ်ကို ချုပ်ချင်တာလား။ ကောင်းပြီလေ။ ငါလက်ခံလိုက်မယ်။”

နက်ဆန်က ပြောလိုက်ပြီးတဲ့နောက်မှာတော့ တက်တူးက အလင်းရောင်တစ်ချက်တောက်ပသွားပြီး ပြန်လည်ကာ တည်ငြိမ်သွားတယ်။ ဒါပေမဲ့ အနက်ရောင်ဆေဘာက ပိုမိုအားကောင်းလာပုံပေါ်ပြီး အနက်ရောင်လှိုင်းတွေက လူနဲ့ဓားနှစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံထားတယ်။

“မင်းနဲ့စာချုပ်ချုပ်လိုက်တာနဲ့ ငါက တစ္ဆေဘုရင်အဖြစ် အဆင့်တက်သွားတာလား။”

“ဒီစာချုပ်ကြောင့် ငါလည်း ပိုအားကောင်းလာတယ်လေ။ အမှောင်ကျောင်းတော်အဖွဲ့ဝင်တွေက သူတို့နဲ့စာချုပ် ချုပ်ထားတဲ့သူတွေနဲ့ စွမ်းအားကိုမျှဝေပြီး နှစ်ဦးလုံး ပိုအားကောင်းလာစေတဲ့ စွမ်းအားမျိုးရှိတယ်။ မော်လီနဲ့ နာတာရှာကို စာချုပ်ချုပ်တုန်းကလည်း အဲဒီလိုကြုံဖူးတယ်။” နက်ဆန်က ပါစီဗယ်ကို ရှင်းပြလိုက်တယ်။

နက်ဆန်က အရင်က ပါစီဗယ်ကို ဖိအားပေးပြီးတော့ သခင်ကျေးကျွန်စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုပေမဲ့ ပါစီဗယ်က တကယ်လက်မခံဘဲ ငြင်းဆန်နေခဲ့တာမလို့ နှစ်ဖက်လုံး အကျိုးအမြတ်မရခဲ့ပါဘူး။ တစ်ဖက်မှာတော့ နက်ဆန်က နာတာရှာနဲ့စာချုပ်ချုပ်ခဲ့တဲ့အချိန်မှာ နာတာရှာရဲ့စွမ်းအားက မာစတာအဆင့်ထိပ်ဆုံးအထိ တိုးတက်သွားခဲ့ဖူးပါတယ်။

“ဒါဆိုရင်လည်း ငါတို့စွမ်းအားတွေ ဘယ်လောက်တိုးလာလဲ စမ်းသပ်ကြရအောင်။” ပါစီဗယ်က ပြောလိုက်တယ်။ နက်ဆန်ကလည်း နှောင့်နှေးမနေတော့ဘဲ သဲသောင်ပြင်ရဲ့ တခြားတစ်နေရာဆီကို ဦးတည်ပြီးတော့ လျှောက်သွား လိုက်ပါတော့တယ်။

All Chapters