အခန်း (၇၈၁-၇၈၃)
Vol. 53 Ch. 781-783
အခန်း(၇၈၁)
လုံရှင်းယွဲ့၏ အသံကိုကြားလျှင် ကျန်းချန်သည် ချက်ချင်းပင် မတ်တပ်ထရပ်ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။
"သခင်လေးကျန်းချန်.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့အကြီးအကဲ၆ လုံထျန်းရီ ရုတ်တရက် ပြန်ရောက်လာတယ်.. သခင်လေး နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အနောက်တံခါးကနေ ထွက်သွားသင့်တယ်.."
လုံရှင်းယွဲ့က အခန်းထဲကနေ ထွက်လာသည့် ကျန်းချန်ကို လှမ်းကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
"ဟားဟား.. အကြီးအကဲ တစ်ယောက် ပြန်ရောက်လာရုံနဲ့ ဘာလို့ အလန့်တကြား ဖြစ်နေရတာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက အလွန်တည်ငြိမ်သော အေးဆေးသော အမူအရာဖြင့် ပြောလိုက်၏။
"မင်းတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲ၆ အခြေအနေကို ငါ့ကိုပြောပြပါဦး"
"အကြီးအကဲ၆ လုံထျန်းရီက လုံခွင်းနဲ့ ဆွေးမျိုးစပ်ရင် ဦးလေး တော်စပ်တယ်.. ဒါ့အပြင် သူက သိုင်းသခင်နယ်ပယ် စတုထ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ.. သခင်လေးကျန်းချန်က လုံခွင်းရဲ့ သိုင်းစွမ်းအားကို ဖျက်ဆီးခဲ့တာ ဆိုတော့ အကြီးအကဲ၆က သခင်လေးကို ဘယ်လိုမှ အလွတ်ပေးမှာမဟုတ်ဘူး"
လုံရှင်းယွဲ့က အလျင်အမြန် ပြောလိုက်သည်။
"သခင်လေးကျန်း.. ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ.. ကျွန်မ အနောက်တံခါးကနေ ခေါ်ထုတ်သွားပေးပါ့မယ်"
"မလိုအပ်ပါဘူး.. သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်က ငါ့ကို ကြောက်ရွံ့စေဖို့ အရည်အချင်းမရှိဘူး"
ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"မင်းတို့အဖေကို ဘာမှမဖြစ်စေချင်ရင် အကြီးအကဲ၆ဆီ ငါ့ကိုခေါ်သွားပေးပါ.."
လုံခွင်းတို့၏ ရည်ရွယ်ချက်သည် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ ခေါင်းဆောင် လုံထျန်းဝူဆီသို့ ဆဋ္ဌမအဆင့် ကုသရေးဆေးလုံး မရောက်ရှိရန် လုံယွင်တို့ မောင်နှမအား တားဆီးရန် ဖြစ်သည်။
သူထွက်ပေါ်လာခြင်းသည် လုံခွင်းတို့ အစီအစဥ်၏ မတော်တဆမှု တစ်ခုသာ ဖြစ်၏။
သူ ဤနေရာက ထွက်သွားလျှင် လုံယွင်တို့ မောင်နှမနှစ်ယောက်နှင့် လုံထျန်းဝူသည် အမှန်တကယ် အန္တရာယ်ကြားထဲသို့ ရောက်ရှိသွားပေလိမ့်မည်။
ကျန်းချန်၏ စကားကိုကြားလျှင် လုံရှင်းယွဲ့သည် အံ့အားသင့်သွားခဲ့သည်။
သူမ ရှေ့မှလူငယ်သည် သူမနှင့် ရွယ်တူလောက်သာ ရှိသော်လည်း သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် စွမ်းရည်ရှိသည်။
ယခု သူ၏စကားအရဆိုလျှင် သိုင်းသခင်နယ်ပယ် စတုထ္ထအဆင့် ကျင့်ကြံသူသည်ပင် သူ့ကို ယှဥ်ပြိုင်ဖို့ မလွယ်ကူပုံရ၏။
"ဒါဆိုလည်း သခင်လေးကျန်းချန်.. ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါ.."
လုံရှင်းယွဲ့က သူမ၏ ငွေရောင်သွားလေးများကို တိတ်တဆိတ် အံကြိတ်လိုက်ပြီးနောက် ကျန်းချန်ကို ခြံဝန်းအပြင်သို့ အလျင်အမြန် ခေါ်သွားခဲ့သည်။
ငါးမိနစ်မျှ ကြာပြီးနောက်တွင် လုံရှင်းယွဲ့သည် ကျန်းချန်ကို နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ခန်းမဆီသို့ ခေါ်လာခဲ့၏။
"ကျန်းရှန့်.. လုံခွင်းရဲ့ သိုင်းစွမ်းအားကို ဖျက်ဆီးခဲ့တဲ့ကောင် ဘယ်မှာလဲ.. အခုချက်ချင်း ငါ့ရှေ့ကို ခေါ်လာခဲ့စမ်း.. မင်းခေါ်မလာရင် ငါ့ကို မညှာတာဘူးဆိုပြီး အပြစ်မတင်နဲ့"
ကျန်းချန်တို့နှစ်ယောက် ခန်းမ၏ တံခါးဝကို ရောက်သည်နှင့် ခန်းမထဲမှ ဒေါသတကြီး ရေရွတ်သံကို ကြားလိုက်ရသည်။
ကျန်းချန်က အစည်းအဝေးခန်းမထဲကို လှမ်းကြည့်လိုက်ရာ အသက်လေးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ကျန်းရှန့်အား အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ပင် ဒေါသ ထွက်နေပုံရ၏။
"အကြီးအကဲ၆ အဲဒီလူငယ်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ မရှိတော့ဘူး.."
ကျန်းရှန့်က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။
"ဒီကောင်လေးက သိုင်းသခင်နယ်ပယ်အဆင့်ရဲ့ သိုင်းစွမ်းအားကိုတောင် ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ရှိတယ်.. ကျွန်တော့်လို စွမ်းအင်သိပ်သည်းခြင်း အဆင့်က ကျင့်ကြံသူလေး တစ်ယောက်က သူ့ကို ဘယ်လိုလုပ်ပြီး ထိန်းသိမ်းထားနိုင်မှာလဲ"
"ကျန်းရှန့်.. ငါ့ကို လှည့်စားဖို့ မစဥ်းစားနဲ့"
အကြီးအကဲ၆ လုံထျန်းရီက ကျန်းရှန့်ကို လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း အဲဒီကောင်ကို ငါ့လက်ထဲ မအပ်နိုင်မှတော့ သွားသေလိုက်တော့"
စကားဆုံးသည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားဆီကနေ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါသည် ကျန်းရှန့်ဆီသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
လုံထျန်းရီ၏ သိုင်းသခင်နယ်ပယ်အဆင့် အရှိန်အဝါအောက်တွင် ကျန်းရှန့်သည် မည်သို့မှ မတတ်နိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့၏။
"ကျန်းရှန့်.. ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်.. မင်းအသေခံမလား..ဒါမှမဟုတ် အဲဒီကောင်ကို ငါ့ဆီ လွှဲပေးမလား..နှစ်ခုထဲက တစ်ခုကို မင်းရွေးချယ်နိုင်တယ်.."
မျက်နှာတစ်ခုလုံး ဖြူဖျော့နေသော ကျန်းရှန့်ကို လှမ်းကြည့်ရင်း လုံထျန်းရီ၏ အမူအရာသည် ပို၍ အေးစက်လာခဲ့သည်။
လုံထျန်းရီ၏ ပြတ်ပြတ်သားသား လုပ်ဆောင်တော့မည်အမူအရာကို မြင်လျှင် ကျန်းရှန့်သည် ထွက်ပြေးရန်အတွက် တံခါးဝဆီသို့ ဖြည်းဖြည်းချင်း ဆုတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အထက်စီးဆန်စွာ ရေရွက်လိုက်သောအသံတစ်သံသည် အစည်းအဝေးခန်းမ ထဲတွင် ဖြည်းညင်းစွာပဲ့တင်ထပ်လာခဲ့၏။
"မင်းက နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲ၆ လုံထျန်းရီလား.. မင်းရဲ့တူလေး လုံခွင်းရဲ့ သိုင်းစွမ်းအားကို ဖျက်ဆီးခဲ့တာ ငါပဲ..သူ့အတွက် လက်စားချေချင်ရင် ငါ့ဆီကိုလာခဲ့"
အခန်း(၇၈၁)ပြီး၏။
အခန်း(၇၈၂)
အစည်းအဝေးခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်၏ အသံသည် လုံထျန်းရီကို မှင်တက်စေခဲ့သည်။
မကြာခင်မှာပင် အစည်းအဝေးခန်း ထဲသို့ လုံရှင်းယွဲ့ နှင့်အတူ ဝင်ရောက်လာသော အနက်ရောင် ဝတ်စုံဝတ် လူငယ်လေး တစ်ယောက်ကို သူတွေ့လိုက်ရသည်။
"သခင်မလေးရှင်းယွဲ့.. ဘာလို့ ဒီကို ရောက်လာရတာလဲ.."
ကျန်းချန်တို့ နှစ်ယောက် အစည်းအဝေးခန်းမထဲ လျှောက်ဝင်လာသည်ကို မြင်လျှင် ကျန်းရှန့်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ငါပဲ သူ့ကို ဒီခေါ်လာခိုင်းလိုက်တာ.."
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"နဂါးနက် ကုန်သွယ်ရေးအဖွဲ့နဲ့ ငါက ကံကြမ္မာရေစက်ရှိတယ်.. ငါထွက်သွားချင်မှတော့ အရင်ထဲက ထွက်သွားမှာပေါ့ အခုအချိန်ထိ စောင့်နေမှာ မဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ကျန်းရှန့်သည် ခေါင်းခါရမ်း၍ ခါးသီးစွာ ပြုံးလိုက်သည်။
ကျန်းချန်တွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ နဂါးနက်ကျောက်စိမ်းတံဆိပ်ပြား အဘယ်ကြောင့် ရှိနေမှန်း သူ မသိသော်လည်း ကျန်းချန်၏ လက်ထဲတွင် ထိုကျောက်စိမ်းတံဆိပ်ပြား ရှိနေသည့်အတွက် ကျန်းရှန့်သည် ကျန်းချန်၏ အသက်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားချင်ခဲ့သည်။
သူ့အနေဖြင့် လုံထျန်းရီကို အချိန်ဆွဲထားပြီး လုံရှင်းယွဲ့က ကျန်းချန်ကို ခေါ်ထုတ်သွားပေးရန် ရည်ရွယ်ခဲ့၏။
သို့ရာတွင် ကျန်းချန်သည် မထွက်သွားရုံသာမက လုံထျန်းရီ၏ ရှေ့မှောက်ကိုပင် မောက်မာသော အမူအရာဖြင့် မမျှော်လင့်ဘဲ ရောက်လာခဲ့သည်။
ဤကောင်လေးသည် သိုင်းပညာတွင် ထူးခြားသော ပါရမီရှိပြီး လုံခွင်းကိုပင် အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားလည်း ရှိသည်။
သိုင်းသခင်နယ်ပယ်အဆင့် စတုတ္ထအဆင့် ကျင့်ကြံသူပင် အနိုင်ရဖို့ မလွယ်ကူသော ကျင့်ကြံသူမျိုး ဖြစ်၏။
"ကောင်လေး.. ငါတူ လုံခွင်းရဲ့ သိုင်းစွမ်းအားကို ဖျက်ဆီးခဲ့တာမင်းလား.."
လုံထျန်းရီက ကျန်းချန်ကို တင်းမာသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက ငါတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်မှာ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ လူတွေကို မဆင်မခြင် ထိခိုက်စေတယ်.. ကောင်လေး မင်းက တကယ် မောက်မာတာပဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က ပေါ့ပါးစွာ ပြန်ပြောလိုက်သည်။
"ဒါကို မောက်မာတယ်လို့ ပြောလို့မရဘူး.. ငါက နဂါးနက်ကုန်သွယ်ရေး အဖွဲ့အတွက် အမှိုက်တချို့ကို ရှင်းလင်းလိုက်ရုံပဲ.."
"ကောင်လေး..မင်း ဒါဘာစကားပြောတာလဲ.."
လုံထျန်းရီက အေးစက်စက် ပြောလိုက်သည်။
"ငါတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ တကယ်ပဲ အမှိုက်သရိုက်ရှိတယ် ဆိုရင်တောင် မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး.."
"အကြီးအကဲ၆ ဒီက သခင်လေးကျန်းချန်က နဂါးနက်ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့သူပါ.. လုံခွင်းက နဂါးနက် ကျောက်စိမ်းတံဆိပ်ပြား ကိုင်ဆောင်ထားတဲ့ အထူးပုဂ္ဂိုလ်ကို မလေးမစားပြုတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်..ဒါကြောင့် သခင်လေးကျန်းရဲ့ လက်ချက်နဲ့ သိုင်းစွမ်းအား ဖျက်ဆီးခံရတာက သူ့ရဲ့အပြစ်အတွက် ပေးဆပ်ရတာပါပဲ.. အကြီးအကဲ၆က နဂါးနက် ကျောက်စိမ်းတံဆိပ်ပြား ကိုင်ဆောင်ထားတဲ့သူကိုပါ အရေးယူမလို့လား.."
ကျန်းရှန့် လုံထျန်းရီကို လှမ်းကြည့်က လေးနက်စွာ ပြောလိုက်သည်။
လက်ရှိအချိန်တွင် ကျန်းရှန့်သည် နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားကို လုံထျန်းရီ ကြောက်ရွံ့ဖို့သာ ဆုတောင်းနိုင်တော့သည်။
"ဟားဟား.. ကျန်းရှန့် မင်းက တကယ်ပဲ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားလေးနဲ့ ငါ့ကို ကြောက်ရွံ့အောင် လုပ်နိုင်မယ်လို့ ထင်နေလား.. ဒီကျောက်စိမ်း လက်ဝတ်ရတနာလေးကို မပြောနဲ့.. လုံထျန်းဝူ ကိုယ်တိုင် ဒီကို ရောက်လာရင်တောင် ငါက ဘာကို ကြောက်ရမှာလဲ"
လုံထျန်းရီက မထီမဲ့မြင် အမူအရာဖြင့် ရယ်မောကာ ပြောလိုက်သည်။
ယခုအခါတွင် လုံထျန်းဝူကို ထောက်ခံသည့် အကြီးအကဲများကို ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့မှ လူများသည် ဖမ်းချုပ်ထားခဲ့သည်။
လုံထျန်းရီ အနေဖြင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ် ဆီသို့ပြန်ရောက်လာရသည့် အကြောင်းအရင်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် လုံထျန်းဝူကို ဖြေရှင်းကာ လုံခွင်းနှင့်အတူ နဂါးနက် ကုန်သွယ်ရေးအဖွဲ့အား ထိန်းချုပ်ရန် ဖြစ်သည်။
သို့ရာတွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၌ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လုံခွင်းပင် သိုင်းစွမ်းအား ပျက်စီးသွားလိမ့်မည်ဟု လုံထျန်းရီ မထင်ထားခဲ့ပေ။
သူသာ အချိန်မီ ပြန်မရောက်လျှင် အကျိုးဆက်များသည် ပိုမို၍ ဆိုးရွားသွားပေလိမ့်မည်။
"နောက်ဆုံးတော့ မြေခွေးက အမြှီးကို မဖုံးကွယ်နိုင်တော့ဘူးကိုး.."
ကျန်းချန်က လှောင်ရယ်၍ ပြောလိုက်ကာ လုံထျန်းရီကို လှမ်းကြည့်လိုက်သည်။
"ဒီတစ်ခေါက် မင်း နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်ဆီကို ပြန်ရောက်လာတာ လုံခွင်းအတွက် လက်စားချေဖို့လောက် မရိုးရှင်းဘူးလို့ ငါထင်တယ်"
"ဟမ့်.. ငါတို့ တူဝရီးနှစ်ယောက် ဒီလောက်အကြာကြီး စီစဥ်ထားတာက လုံထျန်းဝူဆီက ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ရယူချင်လို့ပဲ.. ကောင်လေး မင်းက ငါတို့ရဲ့ကိစ္စကို ဝင်ရှုပ်ရဲမှတော့ သွားသေလိုက်တော့.."
လုံထျန်းရီက ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
သူက အချိန်မဖြုန်းတော့ဘဲ ပြင်းထန်သော လက်ဝါးတိုက်ကွက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
အခန်း(၇၈၂)ပြီး၏။
အခန်း(၇၈၃)
တိမ်တိုက်ဝါးမျိုနည်းစနစ်။
လုံထျန်းရီက စတင်လှုပ်ရှားလိုက်သည်နှင့် ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏ခန္ဓာကိုယ် အရှိန်အဝါသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သော အဆင့်အထိ ချက်ချင်း တိုးမြှင့်သွားခဲ့သည်။
သူက ရှောင်တိမ်းခြင်းမရှိဘဲ လုံထျန်းရီ၏ လက်ဝါးရိုက်ချက်ကို လက်သီးချက်ဖြင့် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် ထွက်ပေါ်လာခဲ့ပြီး လုံထျန်းရီ၏ ပြင်းထန်သော လက်ဝါးစွမ်းအားသည် ကျန်းချန်၏ လက်သီးချက်ဖြင့် ချိုးဖျက်ခံလိုက်ရသည်။
"ကောင်လေး မင်းဆီမှာ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနဲ့ ယှဥ်ပြိုင်နိုင်တဲ့ အဆင့်အထိ ခွန်အားကို မြှင့်တင်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်မျိုး ရှိနေတာကိုး.. လုံခွင်း မင်းလက်ထဲမှာ ဒုက္ခရောက်သွားရတာ ဘာမှမဆန်းတော့ဘူး"
ကျန်းချန်က သူ၏လက်ဝါးရိုက်ချက်ကို အလွယ်တကူ တားဆီးလိုက်သည်ကိုမြင်လျှင် လုံထျန်းရီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်၏ အနောက်တွင်ရှိနေသည့် လုံရှင်းယွဲ့နှင့် ကျန်းရှန့်တို့သည်လည်း ကျန်းချန်၏ စွမ်းဆောင်ရည်ကြောင့် နောက်ထပ် တစ်ကြိမ် အလွန်အမင်း မှင်တက်သွားခဲ့
သည်။
သိထားရမည်မှာ ကျန်းချန်သည် လုံခွင်းနှင့် ယှဥ်ပြိုင်ခဲ့စဥ်က ဓားဆန္ဒ တတိယအဆင့်ကို အသုံးပြုရုံဖြင့် စက္ကန့်ပိုင်း အတွင်း အလွယ်တကူ ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်၏။
ယခု လုံထျန်းရီကို ရင်ဆိုင်ရသောအခါတွင်မူ ကျန်းချန်သည် နောက်ထပ် အင်အားကြီးမားသည့် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော် ပြသခဲ့သည်။
သူတို့ရှေ့မှ ကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် အဆင့်သာ ရှိသေးသော်လည်း လက်ထဲတွင် အကန့်အသတ် မရှိသော ဝှက်ဖဲများ ရှိနေပုံရသည်။
ဤအချိန်တွင် လုံရှင်းယွဲ့တို့ နှစ်ယောက်သည် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမလဲ ဆိုသည်ကို တွေးပင်မတွေးရဲတော့ပေ။
"ဟားဟား.. မင်းက မင်းရဲ့တူ လုံခွင်းကို အတော်လေး အထင်ကြီးနေတဲ့ပုံပဲ.. ဒါပေမဲ့ မင်းလည်း သူ့လိုပဲ ငါ့ကိုကိုင်တွယ်ဖို့ အရည်အချင်းမရှိဘူး.."
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် သွေးနဂါးဓားသည် သူ၏ လက်ထဲတွင်ပေါ်လာခဲ့၏။
သူက သွေးနဂါးဓားဖြင့် လုံထျန်းရီကို ချိန်ရွယ်လိုက်သည်။
သူ၏ အေးစက်စက်အသံသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
"လုံထျန်းရီ.. ငါကျန်းချန် ဒီမှာရှိနေသ၍ မင်းရဲ့ အစီအစဥ်က သေချာပေါက် ပျက်စီးစေရမယ်.. မင်းအသက်ဆက်ရှင်ချင်တယ် ဆိုရင် မင်းရဲ့ သိုင်းစွမ်းအားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်.. မဟုတ်ရင်တော့ ခဏလောက်နေရင် မင်းမှာရွေးချယ်ဖို့ အခွင့်အရေးတောင် ရှိတော့မှာ မဟုတ်ဘူး"
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် လုံထျန်းရီသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။
"ဟားဟား ဒီအကြီးအကဲရဲ့ ရှေ့မှာ စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူလေးက မောက်မာရဲနေပါလား.. အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင်တောင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ခွန်အားနဲ့ ငါ့ကို သတ်နိုင်တဲ့ စွမ်းရည်မရှိဘူး.. မင်းက ဘာကောင်မို့လို့လဲ.. ကောင်းပြီလေ ငါဒီနေ့ မင်းကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ရဲ့ ခွန်အားကို ပြသရသေးတာပေါ့"
လုံထျန်းရီက မဲ့ပြုံးပြုံးကာ ရယ်မောလိုက်သည်။
ထို့နောက် သူ၏လက်ဝါးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ ပြင်းထန်သော လေထုတုန်ခါမှုတစ်ခုသည် ကျန်းချန်ဆီသို့ပြေးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးလျှပ်စီးများ တလက်လက် တောက်ပနေသော ဓားရှည်တစ်လက်သည် လေထဲကနေ ပေါ်လာပြီး သူ့လက်ထဲသို့ ရောက်လာခဲ့၏။
နောက်ထပ် တစ်ခဏတွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားများသည် မိုးကြိုးရောင် တလက်လက် တောက်ပနေသော ဓားရှည်တွင် တိုက်ရိုက် စုစည်းသွားခဲ့သည်။
လုံထျန်းရီ၏ ထိန်းချုပ်မှုအောက်မှာပင် မိုးကြိုးလျှပ်စီးဓားရှည်သည် လေထုကိုထိုးခွဲကာ ကြောက်မက်ဖွယ် အင်အားဖြင့် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
"ကောင်းကင်ခုတ်ပိုင်းဓားသိုင်း.."
လုံထျန်းရီ၏ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်ကို ရင်ဆိုင်ရသည်နှင့် ကျန်းချန်သည် ချက်ချင်းဆိုသလိုကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို တိုက်ရိုက် အသုံးပြုကာ ရင်ဆိုင်လိုက်သည်။၊
"ဝုန်း"
ကြောက်မက်ဖွယ် ဓားအရှိန်အဝါနှစ်ခုသည် လေထဲတွင်ထိပ်တိုက် ဆုံမိသွားပြီး ဓားစွမ်းအားများသည် ချက်ချင်းဆိုသလို အရပ်မျက်နှာ အနှံ့သို့လွင့်စင်သွားခဲ့သည်။
တိုက်ပွဲကို ကြည့်နေသည့် လုံရှင်းယွဲ့နှင့် ကျန်းရှန့်တို့ပင် ဓားစွမ်းအင်လေလှိုင်း၏ ရိုက်ခတ်မှုအောက်၌ အလန့်တကြားဖြင့် အစည်းအဝေးခန်းမထဲကနေ ဆုတ်ခွာလာခဲ့ရသည်။
ထိုသို့ ခန်းမထဲကနေ သူတို့ ဆုတ်ခွာသွားသော အချိန်မှာပင် ခန်းမ ပတ်ပတ်လည်ရှိ နံရံများနှင့် ခေါင်မိုးများသည် ဓားစွမ်းအင် လေလှိုင်း၏ ရိုက်ခတ်မှုများကြောင့် ပြိုကျသွားခဲ့သည်ကို တွေ့လိုက်ရသည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်နှင့် လုံထျန်းရီတို့၏ ပုံရိပ်များသည် ထိုပြိုကျသွားသော အစည်းအဝေး ခန်းမထဲကနေ ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။
"လုံထျန်းရီ.. မင်းရဲ့ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ခွန်အားက ဒီလောက်ပဲလား"
ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာရပ်ကာ လုံထျန်းရီကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။
သူ၏ မောက်မာသော လေသံသည် လေထဲတွင် ဖြည်းညှင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။
အခန်း(၇၈၃)ပြီး၏။