အခန်း (၇၈၄-၇၈၆)
Vol. 53 Ch. 784-786
အခန်း(၇၈၄)
"မင်းဒီလောက်တောင် သေချင်နေမှတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ကျန်းချန်၏ မထီမဲ့မြင်စကားများသည် လုံထျန်းရီကို ဒေါသအိုး ပေါက်ကွဲသွားစေခဲ့သည်။
ထိုခဏတွင် သူ၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို ဓားဆန္ဒတတိယအဆင့် ခွန်အားကို ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းထက်တွင် ဓားဆန္ဒ စွမ်းအားများသည် မိုးကြိုးရောင် ဓားရိပ်တစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။
ထိုမိုးကြိုးရောင် ဓားရိပ်သည် ဘုံကိုးဆင့်မိုးကြိုး ကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ကျန်းချန်ကို တိုက်ရိုက် ဖိနှိပ်လိုက်၏။
"ဟားဟား.. နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲ၆က ဘယ်ဆိုးလို့လဲ..ဒါပေမဲ့ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်နဲ့ ဓားဆန္ဒ တတိယအဆင့်ရဲ့ အစွန်အဖျားလောက်ပဲ နားလည်တာကတော့ တော်တော် ဆိုးဝါးတဲ့ အရည်အချင်းပဲ"
လုံထျန်းရီ၏ ဓားဆန္ဒတတိယအဆင့် ဓားခွန်အားကို မြင်လျှင် ကျန်းချန်သည် ခနဲ့ကာ ရေရွတ်လိုက်သည်။
သူက အတွေးတစ်ချက်ဖြင့်ပင် သူ၏ ဓားဆန္ဒတတိယအဆင့် အလယ်အလတ်ခွန်အားကို ဖော်ထုတ်လိုက်ရာ သူ၏ဓားဆန္ဒသည် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ နတ်ဓားအရိပ် ထောင်ပေါင်းများစွာသည် လေထဲတွင် စုဝေးလာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်ရှိ မီတာတစ်ရာ အတွင်းမှ နေရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
လုံထျန်းရီ၏ အရှိန်အဝါကြီးသော မိုးကြိုးရောင် ဓားရိပ်သည် နတ်ဓားအရိပ်၏ အတိုင်းအတာ နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီး နောက်တွင် မျက်တောင်တစ်ခတ် အတွင်း နတ်ဓားအရိပ် ထောင်ပေါင်းများစွာ၏ လက်ချက်ဖြင့် အစအနပင် မကျန်အောင် ချေဖျက်ခံလိုက်ရသည်။
"မင်း.. မင်းက တကယ်ပဲ ဓားဆန္ဒတတိယ အဆင့်ကို နားလည်ခဲ့တယ်လား"
သူ၏ တတိယအဆင့် ဓားစိတ်ဆန္ဒကို ကျန်းချန်က အလွယ်တကူ ချေဖျက်လိုက်သည်ကို မြင်လျှင် လုံထျန်းရီ၏ မျက်နှာထက်၌ ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
ဓားဆန္ဒတတိယအဆင့်။
သို့သော် ထိုဓားဆန္ဒတတိယ အဆင့်သည် တတိယအဆင့်၏ အလယ်အလတ်သို့ပင် ရောက်နေသော ဓားဆန္ဒ ဖြစ်သည်။
သိုင်းသခင်နယ်ပယ်အဆင့်ကိုပင် မထိုးဖောက်ရသေးသည့် နို့နံ့ပင် မစင်သေးသော ကောင်လေးတစ်ယောက်သည် သူ၏ ဓားစိတ်ဆန္ဒကို ဤအဆင့်အထိ အမှန်တကယ် လေ့ကျင့်နိုင်ခဲ့ပါသလော..
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီသည် ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင်ထက်ပင် ပို၍ သာလွန်နေသည်မှာ သေချာသလောက် ဖြစ်၏။
"ဒီကောင်လေး ဘယ်နေရာက လာတာများလဲ.."
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူငယ်လေးသည် ရွှယ်ကျင့်မြို့တွင် ဘယ်အချိန်ကတည်းက ပေါ်ထွက်လာရပါသနည်း။
"လုံထျန်းရီ.. ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်အပေါ် နားလည်မှုကို ပြောရရင် မင်းလိုလူ ဆယ်ယောက် ပေါင်းရင်တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"မင်းအစောပိုင်းက အသုံးပြုခဲ့တဲ့ တတိယအဆင့် ဓားစိတ်ဆန္ဒက ငါ့ရဲ့တတိယအဆင့် အလယ်အလတ် ဓားစိတ်ဆန္ဒနဲ့ ယှဥ်ရင် စကားထဲတောင် ထည့်ပြောဖို့ မတန်ဘူး"
"ကောင်လေး မင်းရဲ့ သိုင်းပါရမီက အရမ်း အံ့သြစရာကောင်းတယ် ဆိုတာ ငါဝန်ခံတယ်.. မင်းသာ သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်သွားရင် ငါမင်းကို ကြောက်ရကောင်း ကြောက်ရလိမ့်မယ်..ဒါပေမဲ့ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့်နဲ့တော့ မင်းက ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း မရှိသေးဘူး.."
လုံထျန်းရီက ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်နဲ့ ဓားဆန္ဒ တတိယအဆင့် အလယ်အလတ်ခွန်အားက မင်းရဲ့ အစွမ်းကုန်ပဲ မဟုတ်လား"
"ဟားဟား.. မင်းက ငါ့ရဲ့ အင်အားအလုံးစုံကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ.."
ကျန်းချန်က လုံထျန်းရီကို လှောင်ရယ်၍ ပြောလိုက်သည်။
"ငါသာ တကယ်ပဲ တိုက်ခိုက်မယ်ဆိုရင် ဓားတစ်ကွက်တည်းနဲ့တင် မင်းကို သတ်ဖြတ်ဖို့ လုံလောက်တယ်..မင်းက အခုအချိန်ထိ ငါ့ရှေ့မှာ အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေလား"
"ဟားဟား.. တကယ် ရယ်စရာကောင်းတဲ့ ဟာသပဲ.. ရှေ့ဖြစ်ဟော ဆရာတစ်ယောက်က ငါလုံထျန်းရီရဲ့ အသက်ကို အနည်းဆုံး အနှစ်တစ်ရာ ရှည်မယ်လို့ ဟောပေးခဲ့တယ်.. ကောင်းပြီလေ.. ဒီနေ့ မင်းငါ့ကို ဓားတစ်ကွက်တည်းနဲ့ ဘယ်လိုသတ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
လုံထျန်းရီက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
လုံထျန်းရီသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ဖြင့် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူများကို ယှဥ်နိုင်သည့် ထူးချွန်သော ပါရမီရှင်များ အကြောင်းကို မကြားဖူးခြင်း မဟုတ်ပေ။
သို့သော်လည်း ဤသည်မှာ သိုင်းသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူအချို့ကိုသာ ဖြစ်သည်။
ဤကမ္ဘာတွင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့်ဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို သတ်နိုင်မည့်သူ ရှိမည်ဟု လုံထျန်းရီ အမှန်တကယ် မယုံပေ။
"အဲဒီရှေ့ဖြစ်ဟောရဲ့ ဟောချက်က အမှန်တရားပဲ.. မင်းကတကယ်ပဲ အနှစ်တစ်ရာ အသက်ရှင်နိုင်တယ်"
ကျန်းချန်က လုံထျန်းရီကို လှမ်းကြည့်လိုက်ပြီး နောက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"စိတ်မပူပါနဲ့.. သိပ်မကြာခင် မင်းကို အနှစ်တစ်ရာ ပြည့်အောင် ငါလုပ်ပေးမယ်"
အခန်း(၇၈၄)ပြီး၏။
အခန်း(၇၈၅)
"ဟားဟား.. ကောင်လေး စကားကြီးစကားကျယ်တွေ ပြောနေတာ လျှာခေါက်သွားမှာမကြောက်ဘူးလား.. မင်းက ငါ့ကို အနှစ်တစ်ရာ ပြည့်အောင် ဘယ်လိုလုပ်နိုင်မလည်း ဆိုတာ ငါကြည့်ချင်သေးတယ်.."
ကျန်းချန်က သူ့ကို အနှစ်တစ်ရာ ပြည့်အောင် လုပ်ပေးမည် ဟူသောစကားကို ကြားလျှင် လုံထျန်းရီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူက ယခုအခါတွင် အသက်ငါးဆယ်ပင် မပြည့်သေးပေ။
အသက်တစ်ရာ ပြည့်ရန်အတွက် ဆယ်စုနှစ်များစွာပင် ကျန်ရှိနေသေး၏။
"ဒါဆိုလည်း မင်းမျက်လုံးကို ပြူးနေအောင် ဖွင့်ထားလိုက်.."
ကျန်းချန်က အေးစက်စက်ပြုံး၍ပြောလိုက်သည်။
ထို့နောက်တွင် သွေးနဂါးဓားပေါ်မှ တောက်ပသော အပြာရောင် ဓားစွမ်းအင်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များသည် အပြာရောင် ဓားစွမ်းအင်၏ လှုံ့ဆော်မှုကြောင့် ဧရာမ အပြာရောင်ဓားနယ်မြေ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုံထျန်းရီကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုအချိန်တွင် လုံထျန်းရီသည် ပတ်ဝန်းကျင်ရှိ လေထုထဲမှ အလွန် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခုကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အား၏ လွှမ်းမိုးမှုအောက်တွင် လုံထျန်းရီသည် သူ့ပတ်ဝန်းကျင်ရှိ အချိန်က အဆတစ်သောင်း ပိုမြန်သွားသလို ခံစားလိုက်ရ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် နှစ်ပေါင်းများစွာ နေလာခဲ့သည့် အဘိုးအိုတစ်ယောက် ကဲ့သို့ အိုမင်းသွားသည်ကို လုံထျန်းရီသည် ကြောက်ရွံ့တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။
ဒဏ္ဍာရီလာ အချိန်ရဲ့နိယာမစွမ်းအား။
"မင်းက ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီလာ အချိန်ရဲ့နိယာမ စွမ်းအားကို တတ်မြောက်နေရတာလဲ"
လုံထျန်းရီက မယုံကြည်နိုင်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
သူက အလွန်အမင်း သွေးပျက်နေခဲ့၏။
အချိန်၏ နိယာမစွမ်းအားသည် နိယာမ အင်အားတစ်မျိုး ဖြစ်ပြီး ဒဏ္ဍာရီထဲမှ အချိန်၏ လည်ပတ်မှုကိုပင် ပြောင်းလဲနိုင်သည့် အမြင့်မြတ်ဆုံး အင်အားလည်း ဖြစ်သည်။
လုံထျန်းရီသည် ရှေးဟောင်း ကျမ်းစာအုပ်ထဲတွင် နိယာမစွမ်းအားနှင့် ပတ်သက်သည့် မှတ်တမ်းကို တစ်ခါက တွေ့ဖူးခဲ့သည်။
နိယာမ အင်အားသည် အင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော အင်အားဟု ဆိုကြ၏။
သူ့ရှေ့မှ ဤကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ချာတိတ်လေး တစ်ယောက်သာ ဖြစ်သည်။
သို့ဆိုလျှင် အချိန်၏ အမြင့်မြတ်ဆုံး အင်အားကို ထိုကောင်လေးက မည်ကဲ့သို့ တတ်ကျွမ်းခဲ့ပါသနည်း။
လုံထျန်းရီက သက်ပြင်းချလိုက်ပြီး သူ၏ အလွန်အမင်း ကြောက်ရွံ့နေမှုကို ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် လုံထျန်းရီသည် တွေဝေမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အလုံးစုံကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
ဤအချိန်နိယာမ စွမ်းအားနှင့် ပေါင်းစပ်ထားသော ဓားနယ်မြေသည် အမှန်တကယ်ကို ထူးဆန်းလွန်း၏။
သူသာ အမြန်ဆုံး မထွက်ခွာနိုင်လျှင် ဤအပြာရောင်ဓားနယ်မြေထဲတွင် မကြာခင်အချိန်အတွင်း သေဆုံးသွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေသည် ဥက္ကာခဲဓားအင်ပါယာ ဖန်တီးထားသည့် ထူးခြားသောစွမ်းရည် တစ်ခုဖြစ်ရာ လုံထျန်းရီက အဘယ်ကဲ့သို့ အလွယ်တကူ ချိုးဖျက်နိုင်ပါမည်နည်း။
အချိန်နှင့်အာကာသ ဓားနယ်မြေသည် လုံထျန်းရီ၏ အချိန်လည်ပတ်မှုအရှိန်ကို ပြောင်းလဲစေပြီး လုံထျန်းရီ၏ အသက်ကို အဆတစ်သောင်း ပိုမြန်စေရုံသာမက ၎င်း၏ အင်အားကိုပါ များစွာ ဖိနှိပ်ထားခဲ့သည်။
လုံထျန်းရီက သူ့တွင်ရှိသည့် ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့သော်လည်း အဆုံးသတ်တွင် အချိန်နှင့်အာကာသ ဓားနယ်မြေမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ လုံထျန်းရီသည် ဆံပင်ဖွေးဖွေးလှုပ် ဖြူနေသည့် အဘိုးအိုတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲသည်။
တခဏ အတွင်းမှာပင် သူ့ဘဝ၏ ထက်ဝက်ကျော် ကုန်ဆုံးသွားသလို ခံစားလိုက်ရသည့် လုံထျန်းရီသည် အလွန်အမင်း သွေးပျက်ကာ ကြောက်လန့်လာခဲ့သည်။
သူ၏ အသွင်အပြင်က အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ခေါင်းမရှိသည့် ယင်ကောင်ကဲ့သို့ အပြာရောင် ဓားနယ်မြေ ထဲတွင် လှည့်ပတ်နေခဲ့သည်။
ခဏမျှ ရုန်းကန်ပြီးနောက်တွင် လုံထျန်းရီ၏ နောက်ဆုံးထွက်သက်သည် အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ကုန်ဆုံးသွားခဲ့ပြီး ကြေကွဲဝမ်းနည်းသော အကြည့်များနှင့် အတူ အသက်မပါတော့သော သူ၏ခန္ဓာကိုယ်သည် လေထုထဲကနေ ပြုတ်ကျလာခဲ့သည်။
တိုက်ပွဲကို ကြည့်ရှုနေကြသည့် လုံရှင်းယွဲ့နှင့် ကျန်းရှန့်တို့ နှစ်ယောက်စလုံးသည် အချိန်အတော်ကြာသည်အထိ မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် ရုန်းကန်ခဲ့ရသည်။
"သခင်လေးကျန်းက အရမ်းအင်အားကြီးတာပဲ.."
ဤအချိန်တွင် လုံရှင်းယွဲ့တို့ နှစ်ယောက်၏ စိတ်ထဲမှ အံ့ဩတုန်လှုပ်မှုကို စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ပေ။
သူတို့ နှစ်ယောက်လုံးသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ကြိမ်ထက်မက တွေ့မြင်ခဲ့ဖူးကြသည်။
သို့သော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်က ကောင်းကင်ကို ဆန့်ကျင်နေလောက်သည် အထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
"စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူက ဓားတစ်ကွက်တည်းနဲ့ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ချက်ချင်း သတ်ပစ်လိုက်တယ်လား"
"ဒီကမ္ဘာမှာ ဒီလောက် ကြောက်မက်ဖွယ် ထူးချွန်တဲ့ မွန်းစတားတစ်ဦးဘယ်လိုလုပ်ပြီး ရှိနေတာလဲ"
အခန်း(၇၈၅)ပြီး၏။
အခန်း(၇၈၆)
ကျန်းချန်က အချိန်နှင့်ဓားနယ်မြေကို အသုံးပြုပြီး လုံထျန်းရီကို သတ်ပစ်လိုက်သောအချိန်တွင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်ရှိ ရှေးဟောင်းဆန်သော အခန်းတစ်ခန်းတွင် ငွေရောင်ဆံပင်နှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြတင်းပေါက်ရှေ့တွင် မာနကြီးသော အမူအရာဖြင့် ရပ်နေခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဘေးတွင် အသက်လေးဆယ်ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည်လည်း မတ်တပ်ရပ်နေခဲ့၏။
သူတို့နှစ်ယောက်လုံး၏ အရှိန်အဝါသည် အလွန်ပင် ထူးခြားပြီး သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေသည်။
အထူးသဖြင့် ပြတင်းပေါက်ကို မျက်နှာမူ၍ ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် မြင်ရသူကို ကြောက်ရွံ့ထိတ်လန့်စေသည့် ခံစားချက်အား ပေးစွမ်းနေခဲ့သည်။
"တင်းကိုင်..အခုအခြေအနေ ဘယ်လိုလဲ.."
ပြတင်းပေါက်ရှေ့တွင် ခဏမျှ ငြိမ်ငြိမ်သက်သက်လေး ရပ်နေပြီးနောက်၌ အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုသည် အဆုံးသတ်တွင် အခန်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အခြေခံအားဖြင့်တော့ ဘာမတော်တဆမှုမှ မရှိဘူး အကြီးအကဲချုပ်.. လုံထျန်းဝူကို သစ္စာခံတဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲ သုံးယောက်ကို ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့က ဖြေရှင်းလိုက်ပြီ"
တင်းကိုင်ဟု ခေါ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုစကားကိုပြောပြီးနောက်တွင် မျက်နှာထက်၌ စိုးရိမ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"အကြီးအကဲချုပ်.. ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့က ကျွန်တော်တို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကို သိမ်းပိုက်ဖို့ အမြဲလိုလို စိတ်အားထက်သန်ခဲ့တယ်.. ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းကြံစည်မှုက သူတို့ အတွက် သားကောင်တွေ ရှာဖွေပေးနေတာနဲ့ တူမနေဘူးလား.. အကယ်၍ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့သာ ကျွန်တော်တို့နဲ့ သဘောတူညီချက်ကို မလိုက်နာရင် ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ"
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲချုပ် လုံယွမ်ရှန် ဖြစ်သည်။
ထို့အတူ သက်လတ်ပိုင်းအမျိုးသား တင်းကိုင်သည်လည်း နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲ ခြောက်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။
"ဒီအတွက် ဘာမှစိတ်မပူနဲ့.. ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့က ဘယ်လို အစီအစဥ်ရှိလဲ ဆိုတာ ငါကောင်းကောင်းသိတယ်.. သူတို့က လုံထျန်းဝူရဲ့ လူတွေကို ဖယ်ရှားဖို့ ငါတို့ရဲ့ လက်ကို သုံးချင်နေတာပဲ.. သူတို့ရဲ့အဓိက ရည်ရွယ်ချက်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အင်အားကို လျှော့ချပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို သိမ်းပိုက်ဖို့ပဲ.. ဒါပေမဲ့ စိတ်မကောင်းစရာပဲ.. သူတို့ရဲ့ကြံစည်မှုက ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး"
လုံယွမ်ရှန်က မဲ့ပြုံးပြုံးလိုက်ရာ သူ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲချုပ် တစ်ယောက်အနေဖြင့် လုံယွမ်ရှန်သည် ဤတစ်ကြိမ်တွင် လုံထျန်းဝူအဘယ်ကြောင့် ဒဏ်ရာရရှိခဲ့သည်ကို မည်သူထက် မဆို ကောင်းစွာသိသည်။
ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ် သိပ်သည်းခြင်းသစ်သီး။
မကြာသေးခင်က လုံထျန်းဝူသည် ရှေးခေတ်မှ ကျင့်ကြံသူတစ်ဦး၏ အပျက်အစီး နယ်မြေအကြောင်းကို သတင်းရရှိခဲ့သည်။
ထိုအပျက်အစီး နယ်မြေထဲတွင် ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ်သိပ်သည်းခြင်း သစ်သီး ရှိနေသည်ဟု ကောလဟာလ ထွက်ပေါ်ခဲ့၏။
ဤသို့ဖြင့် လုံထျန်းဝူသည် ရှေးဟောင်း အပျက်အစီး နယ်မြေကို တစ်ကိုယ်တော် သွားရောက်ခဲ့သည်။
တစ်လကြာပြီးနောက်တွင် လုံထျန်းဝူသည် အဆုံးသတ်၌ ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ် သိပ်သည်းခြင်း သစ်သီးနှင့်အတူ ပြန်ရောက်လာခဲ့ပြီး ဒဏ်ရာလည်း ပြင်းထန်စွာ ရရှိလာခဲ့သည်။
ဆိုရလျှင် ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ် သိပ်သည်းခြင်းသစ်သီးသည် သိုင်းသခင်နယ်ပယ်အဆင့်ကနေ နတ်ဝိညာဥ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်သည့် အထွတ်အထိပ် ရတနာတစ်ခု ဖြစ်သည်။
သူက လုံထျန်းဝူကို ရှင်းပစ်ပြီးသည်နှင့် လုံထျန်းဝူ၏ လက်ထဲမှ ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ် သိပ်သည်းခြင်း သစ်သီးကို ရယူမည်ဟု ရည်မှန်းထားခဲ့သည်။
ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ် သိပ်သည်းခြင်း သစ်သီးကိုသာရလျှင် သူ့အနေဖြင့် စိတ်ဝိညာဥ်ဘုရင် အဆင့်သို့ မရောက်လျှင်ပင် အနည်းဆုံး စိတ်ဝိညာဥ်ဘုရင် တစ်ပိုင်း အဆင့်ကို ရောက်ရှိနိုင်မည် ဖြစ်၏။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် ရွှယ်ကျင့်မြို့တွင် ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့နှင့် တန်းတူ ရပ်တည်နိုင်သည့် အရေးကြီးဆုံး အချက်မှာ စိတ်ဝိညာဥ် ဘုရင်တစ်ပိုင်းအဆင့် ကျင့်ကြံသူ လုံထျန်းဝူ ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် စိတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့်ကို ချိုးဖျက်နိုင်သ၍ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့သည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကို သိမ်းပိုက်ချင်လျှင်အလေးအနက်ထား စဥ်းစားရတော့မည် မဟုတ်ပါလော။
"ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ကို မင်းဘာမှ စိတ်ပူစရာမလိုဘူး.. အချိန်ကျရင် သူတို့ကို ကိုင်တွယ်ဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်း ရှိတယ်.. အခု ငါစိုးရိမ်နေတာက နဂါးနက် ကုန်သွယ်ရေးအဖွဲ့ပဲ.. လုံထျန်းဝူက ဒဏ်ရာ အပြင်းအထန် ရရှိနေတယ် ဆိုပေမဲ့ သေလုမျောပါး ကုလားအုပ်က မြင်းထက် ပိုကြောက်ဖို့ကောင်းတယ် ဆိုတဲ့ စကားပုံကို မေ့ထားလို့မရဘူး.. အဲဒီ အဘိုးကြီးက ကိုင်တွယ်ဖို့ မလွယ်ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် လုံယွမ်ရှန်၏ အမူအရာသည် ပို၍ လေးနက်လာခဲ့သည်။
တင်းကိုင်က အနည်းငယ် တွန့်ဆုတ်နေပြီးမှ လုံယွမ်ရှန်ကို ပြောလိုက်သည်။
"အကြီးအကဲချုပ် စိုးရိမ်နေတယ် ဆိုမှတော့ ဘာလို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ကိုယ်တိုင်ပြန်ပြီး သွားမကြည့်ရတာလဲ"
"တင်းကိုင်.. အသက်ရှည်ရှည် နေချင်ရင် သတိထားတာ အကောင်းဆုံးပဲ.. လက်ရှိအချိန်မှာ လုံထျန်းဝူက ဒဏ်ရာတွေကို ကုသနေတယ်ဆိုပေမဲ့ သူ့မှာ အင်အားဘယ်လောက် ကျန်သေးလဲ ဆိုတာ မင်းရောငါရော သိတာ မဟုတ်ဘူး.. လုံထျန်းရီကို လွှတ်လိုက်တာက သူ့ရဲ့အင်အားကို စမ်းကြည့်ခိုင်းဖို့ပဲ.. လုံထျန်းရီက လုံထျန်းဝူကို ချောချောမွေ့မွေ့ ဖယ်ရှားနိုင်တယ်ဆိုရင် ငါတို့တွေ ဝင်ပါစရာတောင် မလိုတော့ဘူးပေ့ါ"
ထိုစကားကိုပြောနေရင်း လုံယွမ်ရှန်သည် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက် သူ၏ အိုမင်းသော မျက်နှာထက်၌ ဒေါသ အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။
အခန်း(၇၈၆)ပြီး၏။