← Chapters

အခန်း (၇၈၇-၇၈၉)

Vol. 53 Ch. 787-789

အခန်း (၇၈၇-၇၈၉)

Vol. 53 Ch. 787-789

အခန်း(၇၈၇)

"အကြီးအကဲချုပ် ဘာဖြစ်လို့လဲ"

တင်းကိုင်က လုံယွမ်ရှန်၏ အမူအရာကို မြင်သည်နှင့် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

လုံယွမ်ရှန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သက်ပြင်းချကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်၏။

"နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှာ မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပြီ"

"အကြီးအကဲက ဘယ်လိုသိတာလဲ.."

တင်းကိုင်က တအံတဩ မေးလိုက်သည်။

"ငါက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီး လုံထျန်းရီဆီမှာ စိတ်ဝိညာဥ် အမှတ်အသားတစ်ခု ချန်ထားခဲ့တယ် ဒါပေမဲ့ ဒီစိတ်ဝိညာဥ် အမှတ်အသားက အခုလေးတင် အကြောင်းရင်းရင်း မယ်မယ်ရရ မသိရဘဲ ပျောက်ကွယ်သွားခဲ့တယ်.. ဒီစိတ်ဝိညာဥ်အမှတ်အသားကို စိတ်ဝိညာဥ်ဘုရင်အဆင့် မဟုတ်ရင် ဘယ်သူမှ ပျောက်ကွယ်အောင်လုပ်လို့ မရဘူး"

လုံယွမ်ရှန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒါ့အပြင် ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိသေးတယ်.. အဲဒါက လုံထျန်းရီ သေဆုံးသွားတာပဲ.."

"လုံထျန်းရီ သေသွားပြီလား.."

လုံယွမ်ရှန်၏ စကားကိုကြားလျှင် တင်းကိုင်၏ စိတ်နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

လုံထျန်းရီသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲခြောက်ယောက်ထဲတွင် နောက်ဆုံးအဆင့်တွင်သာ ရှိသော်လည်း သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည်။

အခုအခါတင် ၎င်းသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ပြန်ရောက်သည်နှင့် သေလူ ဖြစ်သွားခဲ့သည်။

အကြီးအကဲလုံယွမ်ရှန် ခန့်မှန်းထားသည့် အတိုင်းပင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင် လုံထျန်းဝူသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေလျှင်ပင် ကိုင်တွယ်ဖို့ မလွယ်ကူသောလူစား ဖြစ်လောက်၏။

"အကြီးအကဲချုပ်.. ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးက လုံမောင်နှမကို တားဆီးရာမှာ မအောင်မြင်ခဲ့ဘူး.. အခု လုံမောင်နှမက အံ့ဖွယ်တိမ်တိုက်နန်းတော်က ဆဋ္ဌမအဆင့် ကုသရေးဆေးလုံးကိုယူပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့ဆီ ပြန်ရောက်သွားခဲ့ပြီ.. ဒါကြောင့် ငါတို့ရဲ့ခေါင်းဆောင်က တန်ပြန် အစီအစဥ်တွေ အတွက် ဆွေးနွေးဖို့ ခေါ်ခိုင်းလိုက်တယ်"

ထိုအချိန်မှာပင် တံခါးအပြင်ဘက်ကနေ အလျင်စလိုပြောဆိုလိုက်သည့် အသံတစ်သံ ချက်ချင်း ထွက်‌ပေါ်လာခဲ့သည်။

အပြင်မှလူ၏ စကားကိုကြားလျှင် လုံယွမ်ရှန်၏ မျက်နှာသည် အကြည့်ရဆိုးလာခဲ့သည်။

ယခုအခါတွင် လုံထျန်းဝူသည် အံ့ဖွယ်တိမ်တိုက်နန်းတော်၏ ဆဋ္ဌမအဆင့် ကုသရေးဆေးလုံးကို ရရှိထား၍ သိပ်မကြာခင်မှာပင် ၎င်း၏အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိသွားလိမ့်မည် ဖြစ်၏။

လုံထျန်းဝူကသာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး ကောင်းကင်နတ်ဆိုး စိတ်ဝိညာဥ် သိပ်သည်းခြင်းသစ်သီးကို အသုံးပြု၍ စိတ်ဝိညာဥ် ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့လျှင် လုံထျန်းဝူသည် သူ့ကို မည်သို့မှ အလွှတ်မပေးမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် လုံယွမ်ရှန်သည် တုံ့ဆိုင်းမနေဘဲ အခန်းထဲကနေ အလျင်အမြန် ထွက်လာခဲ့၏။

နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အနောက်ဘက်ရှိ တိတ်ဆိတ်သော လျှို့ဝှက်ခန်း တစ်ခန်းထဲတွင် ကျန်းချန်သည် အတွင်းအားကို ကျင့်ကြံနေခဲ့သည်။

သူက အချိန်နှင့်အာကာသ ဓားနယ်မြေစွမ်းအားကို ထုတ်သုံးပြီးနောက်တွင် တုံ့ပြန်ရရှိသည့် ဆိုးကျိုးများကို ပြန်လည်ကုသနေခြင်း ဖြစ်သည်။

ဤတစ်ခေါက် အသုံးပြုခြင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင် အားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။

ထို့အပြင် အစောပိုင်းတွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်သုံးထားခဲ့သောကြောင့် အားနည်းနေခဲ့ရာ ကျန်းချန်၏ ခန္ဓာကိုယ်ကို သက်ရောက်နေသော ဝန်အားသည် အမြင့်ဆုံး အဆင့်ကို ရောက်ရှိသွားခဲ့သည်။

နှစ်နာရီကြာ အတွင်းအား ကျင့်ပြီးနောက်တွင် ကျန်းချန်သည်သူ၏ အားနည်းမှုကနေ ဖြည်းညင်းစွာ ပြန်လည် ကောင်းမွန် လာခဲ့သည်။

အတွင်းအား ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် လျှို့ဝှက်အခန်းထဲကနေ ပြန်လည် ထွက်လာသည့်အခါ သူ၏ တံခါးဝ၌ သူ့ကို စောင့်နေသည့် လုံရှင်းယွဲ့နှင့် ကျန်းရှန့်ကို တွေ့လိုက်ရသည်။

"မင်းတို့တွေ ဒီမှာဘာလုပ်နေတာလဲ.. နဂါးနက်ကုန်သွယ်ရေးအဖွဲ့က ဘာတွေ ထပ်ဖြစ်လို့လဲ.."

ကျန်းချန်က လုံရှင်းယွဲ့ကို လှမ်းကြည့်ကာ တအံ့တဩ မေးလိုက်သည်။

"နဂါးနက် ကုန်သွယ်ရေးအဖွဲ့က လက်ရှိမှာ ဘာမှတော့ မဖြစ်သေးဘူး.. ဒါပေမဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့အကြီးအကဲချုပ် လုံယွမ်ရှန်က နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကို သစ္စာဖောက်ခဲ့တယ်လို့ ကျွန်မတို့ သံသယရှိတယ်.. သူက ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်း ကြံစည်ခဲ့တာ သေချာသလောက်ပဲ.. အခုလုံထျန်းရီ သေသွားပြီဆိုတော့ သိပ်မကြာခင်မှာ လုံယွမ်ရှန် သတိထားမိသွားလိမ့်မယ်.."

လုံရှင်းယွဲ့က ကျန်းချန်ကို စိုးရိမ်တကြီး လှမ်းကြည့်ကာ မေးလိုက်သည်။

"သခင်လေးကျန်းချန်..အခု ကျွန်မတို့ ဘာလုပ်သင့်လဲ.."

"ဘာလုပ်ရမှာလဲ..လာသမျှ အရာအားလုံးကို တားဆီးရမှာပေါ့"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းအဖေအတွက် အချိန်ဆွဲနိုင်သ၍ ပြဿနာအားလုံးကို ငါတို့တွေ ဖြေရှင်းနိုင်လိမ့်မယ်"

ထိုစကားကိုကြားလျှင် လုံရှင်းယွဲ့သည် ခါးသီးစွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ အကြီးအကဲချုပ် လုံယွမ်ရှန်က သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. သူကိုယ်တိုင် လှုပ်ရှားလာရင် ကျွန်မတို့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး.."

"အဲဒါတော့ မသေချာဘူး.."

ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။

သူ၏ မောက်မာသော လေသံသည် လုံရှင်းယွဲ့၏ နားထဲသို့ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"ငါဆန္ဒရှိနေသ၍ သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူရောက်လာရင်တောင် နဂါးနက် ကုန်သွယ်‌ရေးအဖွဲ့ရဲ့တံခါးဝကို ခြေချလို့ မရစေရဘူး"

အခန်း(၇၈၇)ပြီး၏။

အခန်း(၇၈၈)

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတောင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ တံခါးကိုခြေချလို့ မရစေရဘူး..

ကျန်းချန်၏ မောက်မာသော စကားများကိုကြားလျှင် လုံရှင်းယွဲ့တို့ နှစ်ယောက်၏ မျက်နှာထက်တွင် မယုံနိုင်အောင် အံ့ဩသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်တွင် သိုင်းသခင်နယ်ပယ် နဝမအဆင့်နှင့် ယှဥ်ပြိုင်နိုင်သည့် အင်အား အမှန်တကယ် ရှိနေပါသလော။

"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.."

သူတို့က ကျန်းချန်သည် သိုင်းပညာတွင် မယုံကြည်နိုင်လောက်အောင် ပါရမီထူးချွန်ပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်

နှင့် ယှဥ်ပြိုင်နိုင်လောက်သည့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်ရှိမှန်း သိထားကြသည်။

သို့သော်လည်း သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်နှင့် သိုင်းသခင် နယ်ပယ် နဝမအဆင့်သည် အလွန်ကွာခြား၏။

ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့်ဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူအား သတ်ဖြတ်ခဲ့သည်မှာ သူတို့ လက်ခံနိုင်ပါသေးသည်။

အဆုံးသတ်တွင် ဤကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှိသည့် မွန်းစတားမျိုးသည် ကျုံးကျိုးကုန်းမြေတွင် မရှိသည်တော့ မဟုတ်ပေ။

ကျုံးကျိုး ကုန်းမြေ၏ ကြယ်လေးပွင့် အင်အားစုများရှိ ထိပ်တန်း ပါရမီရှင်များသည် ကျန်းချန်ထက် မနိမ့်သည့် တိုက်ခိုက်ရေး စွမ်းရည်များ ရှိကြသည်။

သို့သော်လည် ထိုကြယ်လေးပွင့် အင်အားစု၏ ထိပ်တန်းပါရမီရှင် ဖြစ်နေလျှင်ပင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ဖြင့် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို ယှဥ်ပြိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကြယ်လေးပွင့်အင်အားစု နေရာမှာတင် မဟုတ်ပေ၊ ရှန်းဝူတိုက်ကြီး၏ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သည့်သမိုင်းတွင် ထူးချွန်သော ပါရမီရှင် အများအပြား ပေါ်ထွက်ခဲ့သော်လည်း မည်သူကမှ စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံခြင်းအဆင့်ဖြင့် သိုင်းသခင်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူကို ယှဥ်နိုင်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။

"သခင်.. သခင်လေးကျန်းချန်.. ရှင်..ရှင် တကယ်ပဲ သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်နိုင်မှာလား"

လုံရှင်းယွဲ့က စိတ်လှုပ်ရှားသော အမူအရာဖြင့် မေးလိုက်သည်။

သူမ၏ လှပသော မျက်ဝန်းထဲတွင် ပျော်ရွှင်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။

ကျန်းချန်က သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှင့် အမှန်တကယ် တိုက်ခိုက်နိုင်ခဲ့လျှင် သူမတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် ဤအကျပ်အတည်းကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပါလား။

"သေချာတာပေါ့"

ကျန်းချန်က ခေါင်းခါရမ်း၍ ရယ်မောလိုက်သည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့်မှာပဲ ရှိသေးတယ်.. သိုင်းသခင် နယ်ပယ်စတုတ္ထအဆင့် ကျင့်ကြံသူကို သတ်ဖြတ်တာက ငါ့ရဲ့အစွမ်းကုန်ပဲ.. သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို ငါက ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ.."

"ဒါဆိုသခင်လေး ကျန်းချန်ဆိုလိုတာက.."

ကျန်းချန်၏ စကားကိုကြားလျှင် လုံရှင်းယွဲ့သည် ရုတ်တရက်မှင်တက်သွားခဲ့သည်။

အစောပိုင်းကပင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို တားဆီးနိုင်သည်ဟု မောက်မာစွာ ပြောဆိုနေခဲ့သော်လည်း ယခုအခါတွင် သိုင်းသခင် နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို မကိုင်တွယ်နိုင်ဟု ပြောဆိုနေခဲ့သည်။

ကျန်းချန်က သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို မကိုင်တွယ်နိုင်လျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်မှန်း သူမ တကယ် မသိတော့ပေ။

"ဒီအတိုင်း တိုက်ခိုက်မယ်ဆိုရင်တော့ တကယ်ပဲ သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူရဲ့ ပြိုင်ဘက်မဟုတ်ဘူး..ဒါပေမဲ့ အဲဒါက သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူကို ငါမကိုင်တွယ်နိုင်ဘူးလို့ မဆိုလိုဘူး.."

ကျန်းချန်၏နှုတ်ခမ်းထောင့်က ကွေးညွတ်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ လေးနက်သော စကားသံသည် လုံရှင်းယွဲ့၏ နားထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

"ငါမင်းကို ပစ္စည်းစာရင်းတစ်ခု ပေးမယ်.. အဲဒါတွေကို မင်းချက်ချင်း ပြင်ဆင်ပေးပါ.. ဒီပစ္စည်းတွေ အားလုံးကို မင်း ပြင်ဆင်ပေးနိုင်သ၍ နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ ဆဋ္ဌမအဆင့် ရှေးဟောင်းအစီအရင် တစ်ခုကို ငါတည်ဆောက်ပေးနိုင်လိမ့်မယ်.. အဲဒီ အစီအရင် တည်ဆောက်ပြီးသွားရင် သိုင်းသခင်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူ ရောက်လာခဲ့ရင်တောင် မင်းတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ တံခါးဝကို ခြေတစ်လှမ်းချဖို့ မဖြစ်နိုင်တော့ဘူး"

"ရှေးဟောင်း ဆဋ္ဌမအဆင့် အစီအရင်ကို တည်‌ဆောက်မယ်ဟုတ်လား.."

ကျန်းချန်၏ စကားကိုကြားလျှင် လုံရှင်းယွဲ့သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ဆဋ္ဌမအဆင့် အစီအရင်သည် ဆဋ္ဌမအဆင့် အစီအရင်သခင်သာ စီစဥ်နိုင်သော အစီအရင် ဖြစ်သည်။

သူမတို့ရှေ့ရှိ ကောင်လေးသည် ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာပါရမီကို ပိုင်ဆိုင်ထားရုံသာမက အစီအရင် ပါရမီရှင်လည်း ဖြစ်နေပါသလော..

"သခင်လေးကျန်းက အတော်လေးကို မွန်းစတား ဆန်လွန်းတာပဲ"

ကျန်းချန်ကမူ လုံရှင်းယွဲ့၏ အံ့ဩတုန်လှုပ်နေမှုကို လျစ်လျူရှုလိုက်ပြီး ရှေးဟောင်း ဆဋ္ဌမအဆင့် အစီအရင်အတွက် လိုအပ်သည့် ပစ္စည်းများကို စီစဥ်ပေးရန် တိုက်ရိုက် ပြောဆိုလိုက်သည်။

"သခင်လေး ကျန်းချန်.. ရှင်လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်မတို့နဂါးနက် ကုန်သွယ်ရေးအဖွဲ့က လုံးဝ စုဆောင်းပေးနိုင်ပါတယ်.. ကျွန်မနဲ့ ဦးလေးကျန်း အခုပဲ ပစ္စည်းတွေကို သွားပြင်ဆင်လိုက်ပါ့မယ်"

ကျန်းချန် လိုအပ်သည့် အစီအရင်ပစ္စည်းများသည် ရှားပါးသော်လည်း ရွှယ်ကျင့်မြို့၏ အဓိကကုန်သွယ်ရေး အဖွဲ့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့အနေဖြင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် ဤပစ္စည်းများကို စုဆောင်းရန် ဘာပြဿနာမှ မရှိပေ။

ထို့နောက်တွင် ကျန်းရှန့်နှင့် လုံရှင်းယွဲ့တို့သည် ကျန်းချန်၏ ရှေ့ကနေ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့ကြသည်။

အခန်း(၇၈၈)ပြီး၏။

အခန်း(၇၈၉)

လုံရှင်းယွဲ့တို့သည် အလျင်အမြန် ထွက်ခွာသွားပြီး တခဏအတွင်းမှာပင် ကျန်းချန် လိုအပ်သည့် အစီအရင်ပစ္စည်းများကို ယူဆောင်ကာ ပြန်ရောက်လာခဲ့သည်။

ပစ္စည်းများကို ရသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို အစီအရင်ကို စတင် တည်ဆောက်လိုက်သည်။

တကယ်တမ်းတွင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ပတ်ဝန်းကျင်၌ ဆဋ္ဌမအဆင့် အစီအရင်သခင်တစ်ယောက် တည်ဆောက်ထားသည့် ခုခံကာကွယ်ရေး အစီအရင်တစ်ခုကို တည်ဆောက်ထားပြီးသား ဖြစ်သည်။

ထိုခုခံကာကွယ်ရေး အစီအရင်သည် အတော်လေး ကောင်းမွန်၏။

ကျန်းချန်၏ ခန့်မှန်းချက်အရ ထိုအစီအရင်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို နှစ်ကွက် သုံးကွက်မျှ ခံနိုင်ရည်ရှိသေးသည်။

ဆိုရလျှင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့်တိုက်ခိုက်ရန်အတွက် ဤအစီအရင်ကို အားကိုးရန်မဖြစ်နိုင်တော့သည်မှာ ထင်ရှားနေ၏။

သို့သော်လည်း ကျန်းချန်သည် ဤခုခံကာကွယ်ရေး အစီအရင်ကို မဖျက်ဆီးဘဲ ထိုအစီအရင်၏ အတွင်း၌ ဗဟို အစီအရင်တစ်ခုကို တည်ဆောက်ရန် စဥ်းစားထားခဲ့သည်။

အဆုံးသတ်ပြောရလျှင် နဂိုရှိပြီးသား ခုခံကာကွယ်ရေး အစီအရင်သည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှစ်ကြိမ်ကို ခံနိုင်ရည်ရှိနေဆဲ ဖြစ်၍ အချိန်ဆွဲရန် အတွက် အသုံးဝင်ပါသေးသည်။

ကျန်းချန်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ပတ်ဝန်းကျင် အခြေအနေကို အသေးစိတ် အကဲခတ်လိုက်သည်။

သူက အစီအရင်နှင့် ပတ်သက်ပြီး လေ့ကျင့်ရန် အချိန်မပေးခဲ့သော်လည်း သူ၏ အစီအရင်စွမ်းရည်သည် ဘယ်တော့မှ နောက်ကျ မကျန်ရစ်ခဲ့ပေ။

အကြောင်းအရင်းမှာ သူ့တွင် အဆတစ်ရာစနစ် ရှိနေ၍ ဖြစ်သည်။

သူက အစီအရင်ဖြင့် ထိတွေ့သည်နှင့် သူ၏ အဆတစ်ရာစနစ်သည် အစီအရင်နှင့် ပတ်သက်သည့် စွမ်းရည်များကို တိုးတက်စေနိုင်သည် မဟုတ်ပါလော။

ဥက္ကာခဲကျောင်းဆောင်၏ နောက်ဆုံး စမ်းသပ်မှုတွင် ကျန်းချန်သည် ဥက္ကာခဲကျောင်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်များကို ထိုးဖောက်မြင်နိုင်ခဲ့ပြီး အတွေ့အကြုံ ရမှတ် အများအပြားအား ရရှိခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် အစီအရင်သခင် အဆင့်တွင်လည်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ကျန်းချန် ဤတစ်ခေါက်စီရင်မည့် အစီအရင်သည် ရှေးဟောင်း အစီအရင်တစ်ခုဖြစ်ပြီး ဆဋ္ဌမအဆင့် အစီအရင်သခင်သာ တည်ဆောက်နိုင်သည့် ကောင်းကင်ဓားကိုးလက် အစီအရင် ဖြစ်သည်။

ကောင်းကင်ဓားကိုးလက် အစီအရင်၏ အဆင့်သည် မမြင့်မားဘဲ ဆဋ္ဌမအဆင့်၊အခြေခံ အစီအရင်အဆင့်သာ ရှိသည်။

သို့သော် ရှေးအခါက ကောင်းကင်ဓားကိုးလက် အစီအရင်သည် နာမည်ကျော်ကြားသော အစီအရင်တစ်ခု ဖြစ်ခဲ့သည်။

ဆိုရလျှင် ကောင်းကင်ဓားကိုးလက် အစီအရင်ကို ရှေးခေတ်က အစီအရင် နှင့် ဓားသိုင်းပညာတွင် အလွန်မြင့်မားသော အောင်မြင်မှုများကို ရရှိခဲ့သည့် ထူးချွန်သော ပါရမီရှင်တစ်ဦးက ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။

ထိုအစီအရင်၏ အံ့သြစရာ အကောင်းဆုံးအပိုင်းမှာ ဓားသမားတစ်ဦးက ထိန်းချုပ်ရန် လိုအပ်ခြင်း ဖြစ်၏။

ထို့အပြင် ထိုဓားသမား၏ ဓားစွမ်းရည် ပိုမို အားကောင်းလေ အစီအရင်၏ အင်အားက ပို၍အားကောင်းလေ ဖြစ်သည်။

ကျန်းချန်သည် ယခုအခါတွင် ဓားဆန္ဒ တတိယအဆင့်အလယ်အလတ် ခွန်အားကို နားလည်ထားခဲ့သည်။

ထို့ကြောင့် ကောင်းကင်ဓားကိုးလက် အစီအရင်ကိုတည်ဆောက်ပြီး သူ၏ ဓားဆန္ဒဖြင့်သာ ပေါင်းစပ်လိုက်လျှင် သတ္တမအဆင့် အစီအရင်နှင့် ယှဥ်နိုင်သည့် အင်အားမျိုး သက်ရောက်စေရန် လုံလောက်၏။

ထိုအချိန်သို့ ရောက်လျှင် ကောင်းကင်ဓားကိုးလက် အစီအရင်၏ အကူအညီဖြင့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် တိုက်ခိုက်ရန် အတွက် ယုံကြည်မှုရှိသည်။

ကျန်းချန်သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏‌ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏လက်ထဲမှ အစီအရင်ပစ္စည်းများသည် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များနှင့် အတူ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ကောင်းကင်ယံတွင် လျှို့ဝှက်ဆန်းကြယ်သည့် အင်အားအများအပြား အဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

နာရီဝက်နီးပါး ကြာမြင့်သွားပြီးနောက်တွင် ကျန်းချန်သည် ကောင်းကင်ဓားကိုးလက် အစီအရင်အတွက် နောက်ဆုံးပစ္စည်းကို အစီအရင်ထဲ ထည့်သွင်းလိုက်သည်။

ထို့နောက်တွင် သူ၏ လက်ဝါးနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်ပူးကပ်ကာ ရေရွတ်လိုက်၏။

"ကောင်းကင်ဓားကိုးလက် အစီအရင် အသက်ဝင်"

ကျန်းချန်၏အသံ ထွက်ပေါ်လာသည်နှင့် လေထဲမှ လျှို့ဝှက်ဆန်းကြယ်သော အင်အားများသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အထက်တွင် တောက်ပသော ငွေရောင် အကာအရံ တစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

အခြေအနေကို စစ်ဆေးပြီးနောက်တွင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ထပ်မံ ပြုလုပ်လိုက်ရာ လေထဲရှိ ငွေရောင်မှော်စွမ်းအင် အကာအရံသည် အလျင်အမြန်ပင် မှေးမှိန်သွားခဲ့ပြီး အဆုံးသတ်တွင် အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က အစီအရင်ကို ပြန်လည် ရုတ်သိမ်းထားလိုက်ခြင်း ဖြစ်သည်။

သူက အစီအရင်ကို တည်ဆောက်ရန် တစ်ခဏလေးသာ ကြာမြင့်ခဲ့၏။

ထိုအချိန်မှာပင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ တစ်ယောက်သည် ထိတ်လန့်တကြား အမူအရာဖြင့် အပြင်ကနေ ကပျာကယာ ဝင်ရောက်လာခဲ့သည်။

"သခင်မလေး ရှင်းယွဲ့.. မကောင်းတော့ဘူး.. ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့က လူအများအပြားနဲ့ ကျွန်တော်တို့ဆီကို ချီတက်လာခဲ့ပြီ"

နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ၏ စကားကို ကြားလျှင် လုံရှင်းယွဲ့နှင့် ကျန်းရှန့်တို့၏ အမူအရာသည် အလွန်ပင် လေးနက်သွားခဲ့သည်။

အခန်း(၇၈၉)ပြီး၏။

All Chapters