အခန်း (၇၉၀-၇၉၂)
Vol. 53 Ch. 790-792
အခန်း(၇၉၀)
လုံရှင်းယွဲ့က သက်ပြင်းချလိုက်ပြီး လေထဲမှ ကျန်းချန်ကို ချက်ချင်းဆိုသလို လှမ်းကြည့်လိုက်သည်။
အင်အားကြီးမားသော ရန်သူက ရောက်လာခဲ့ပြီ ဖြစ်၏။
ယခုအခါတွင် သူတို့ မျှော်လင့်ချက်ကို ကျန်းချန်အပေါ်တွင်သာ ထားရှိနိုင်တော့သည်။
"စိတ်မပူနဲ့.. ငါအစီအရင်ကို တည်ဆောက်ပြီးပြီ ဆိုတော့ နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ မဟုတ်သ၍ ဘယ်သူမှ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ထဲကို ခြေချလို့ရမှာ မဟုတ်ဘူး"
ကျန်းချန်က လေထုထဲတွင် တင်ပျဥ်ခွေထိုင်၍ ရယ်မောကာ ပြောလိုက်သည်။
"ဟားဟား.. သူတို့က အချိန်ကောင်းကို ရောက်လာတာပဲ.. ငါက ကောင်းကင်ဓားကိုးလက် အစီအရင်ကို စမ်းသပ်ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့"
ကျန်းချန်၏ ယုံကြည်ချက်အပြည့်ရှိသော စကားများကို ကြားလျှင် လုံရှင်းယွဲ့သည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
လုံရှင်းယွဲ့သည် ကျန်းချန်နှင့် ခင်မင်သည်မှာ မကြာသေးသော်လည်း ကျန်းချန်၏ အကြောင်းကို ကောင်းစွာသိထားခဲ့သည်။
ကျန်းချန်က တစ်ခါတစ်ရံတွင် အလွန်မောက်မာပုံရသော်လည်း သူပြောခဲ့သည့် စကားအတိုင်း လုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ စကားမျိုးကို ပြောရဲလျှင် ရန်သူကို အမှန်တကယ် ကိုင်တွယ်နိုင်မည်မှာ သေချာသလောက်ပင်။
အဆုံးသတ်တွင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၌ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ လုံးဝမရှိပေ။
ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့တွင်သာ အမှန်တကယ် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူရှိခဲ့လျှင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် ယခင်ကတည်းကပင် သိမ်းပိုက်ခံရပြီးလောက်ပြီ ဖြစ်သည်။
ယခုအချိန်ထိ နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် တည်ရှိနေစရာ အကြောင်းပင် ရှိမည်မဟုတ်ချေ။
ပုံမှန်အားဖြင့် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့နှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အင်အားသည် အတူတူနီးပါး ဖြစ်၏။
နှစ်ဖွဲ့စလုံးသည် ကြယ်တစ်ပွင့် အင်အားစုများ ဖြစ်ကြပြီး နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးစီ ရှိကြသည်။
ထို့အပြင် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့မှ နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူသည် အိုမင်းမစွမ်း ဖြစ်နေသည့် အဘိုးအိုတစ်ဦးသာ ဖြစ်သည်။
ထို့ကြောင့် ထိုအဘိုးအိုသည် ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ အန္တရာယ်နှင့် မကြုံသ၍ အလွယ်တကူ လှုပ်ရှားမည် မဟုတ်ပေ။
ဤတစ်ကြိမ် သူတို့ရင်ဆိုင်နေရသည့် ရန်သူသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူမဟုတ်ဘဲ သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူဖြစ်သည့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲချုပ် လုံယွမ်ရှန် ဖြစ်သည်။
ကျန်းချန်က သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို တားဆီးထားနိုင်သ၍ သူ့အဖေအတွက် အချိန်အနည်းငယ် ဆွဲနိုင်မည် မဟုတ်ပါလား။
သူမအဖေ ဒဏ်ရာကနေ ပြန်ကောင်းလာသည်နှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်မှာသေချာ၏။
"ဦးလေးကျန်း.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ လက်ကျန် အင်အားစု အားလုံးကို ချက်ချင်း စုစည်းထားလိုက်ပါ.. ကျွန်မတို့တွေ အသက်နဲ့ရင်းပြီး တိုက်ခိုက်ရရင်တောင် ကျွန်မအဖေ ချောချောမွေ့မွေ့ ဒဏ်ရာ ကုသပြီးတဲ့အထိ တောင့်ခံထားရမယ်"
လုံရှင်းယွဲ့က သက်ပြင်းချလိုက်ပြီး ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။
ဤနေ့သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးမည့် နေ့တစ်နေ့ ဖြစ်သည်။
ကျန်းချန်က သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို တားဆီးနိုင်သည်ဖြစ်စေ၊ မတားဆီးနိုင်သည်ဖြစ်စေ သူမအနေဖြင့် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရမည် မဟုတ်ပါလော။
ကျန်းရှန့်က ခေါင်းညိမ့်လိုက်ပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အစောင့်အရှောက်များကို ခေါ်ရန် လှည့်ထွက်သွားခဲ့သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် ကျန်းရှန့်သည် အနက်ရောင်ဝတ် အစောင့်အရှောက် ဒါဇင်ချီကို လုံရှင်းယွဲ့၏ နံဘေးသို့ ခေါ်လာခဲ့ပြီး ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ ရောက်လာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သူတို့အနေဖြင့် ကြာရှည် မစောင့်ဆိုင်းခဲ့ရပေ။
ဆယ်မိနစ်ခန့်အကြာတွင် အဝေးရှိ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် ပုံရိပ်နှစ်ခု ဦးဆောင်လာသော အဖွဲ့တစ်ဖွဲ့ကိုတွေ့လိုက်ရသည်။
ရှေ့ဆုံးကနေ ဦးဆောင်လာသော ပုံရိပ်နှစ်ခုသည် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
သူတို့က ဒါဇင်နှင့်ချီသော ကျင့်ကြံသူများကို ဦးဆောင်ကာ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်ဆီသို့ အလျင်အမြန် ပျံသန်းလာခဲ့ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုလူအုပ်ကြီးသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် မီတာတစ်ရာအောက် အကွာရှိ ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
"လုံယွမ်ရှန်.. ရှင်က တကယ်ပဲ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့နဲ့ တိတ်တဆိတ် ပူးပေါင်းကြံစည်နေတာကိုး"
လုံရှင်းယွဲ့က ဦးဆောင်လာသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို လှမ်းကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
သူမ၏ လှပသောမျက်နှာလေးသည် ဒေါသ၏ အရှိန်ကြောင့်အေးစက်စက် ဖြစ်နေခဲ့သည်။
"ဟမ့်.. နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်နေရာက မင်းအဖေနဲ့ သက်ဆိုင်တာမဟုတ်ဘူး.. ငါက ငါပိုင်ဆိုင်တာကိုပြန်ယူရုံပဲ"
လုံယွမ်ရှန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
သူက လုံရှင်းယွဲ့တို့ အဖွဲ့ကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လှမ်းကြည့်ကာ ပြောလိုက်၏။
"လုံရှင်းယွဲ့.. မင်းငါ့ကို သစ္စာခံရင် မင်းကို အသက်ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်.."
လုံယွမ်ရှန်၏ စကားဆုံးသည်နှင့် လေထုထဲတွင် ခပ်ထေ့ထေ့ရယ်သံ တစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
"ဟားဟား.. အဘိုးကြီး မင်းသူတို့ကို ခြိမ်းခြောက်ချင်ရင် ငါသဘောတူမတူ အရင်မေးရမယ်.. ကောင်းကင်ဓားကိုးလက် အစီအရင် အသက်ဝင်စမ်း"
အခန်း(၇၉၀)ပြီး၏။
အခန်း(၇၉၁)
လေထုထဲမှ ကြုံးဝါးသံ ဆုံးသည်နှင့် တောက်ပသော ငွေရောင်မှော်အကာအရံသည် လေထဲကနေ လျှပ်တပြက် ပေါ်ထွက်လာပြီး နဂါးနက် ကုန်သွယ်ရေး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"ဒါ.. ဒါ ဘယ်လို အစီအရင်လဲ"
သူ့ရှေ့မှ မြင်ကွင်းကို လှမ်းကြည့်ရင်း လုံယွမ်ရှန် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲ အနေဖြင့် လုံယွမ်ရှန်သည် နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ဌာနချုပ်ကို သဘာဝကျကျ အလွန်ရင်းနှီးသည်။
သူ့မှတ်ဉာဏ်ထဲတွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်၌ ဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်တစ်ခုသာ ဝှက်ထား၏။
ထိုဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်သည် သူ့ရှေ့မှ အစီအရင် မဟုတ်ပေ။
နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ဌာနချုပ်တွင် ဤကဲ့သို့ ဆန်းကြယ်သည့် အစီအရင်သည် ဘယ်အချိန်ကတည်းက ရှိနေမှန်း လုံယွမ်ရှန် တကယ် မသိတော့ပေ။
"ဒီအစီအရင်က လုံထျန်းဝူ တိတ်တဆိတ် စီစဉ်ထားတာများ ဖြစ်နိုင်မလား"
လုံယွမ်ရှန် အံ့အားသင့်နေသော အချိန်မှာပင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ ကောင်းကင်ယံတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လုံယွမ်ရှန်နှင့် တခြားသူများကို မထီမဲ့မြင် အမူအရာဖြင့် လှမ်းကြည့်နေခဲ့၏။
"ကောင်လေး.. မင်း ဘယ်သူလဲ"
လေထဲမှ ထူးဆန်းသော လူငယ်ကို လှမ်းကြည့်ရင်း လုံယွမ်ရှန် အနည်းငယ် မှင်တက်နေမိသည်။
နဂါးနက်ကုန်သွယ်ရေး အဖွဲ့ ဌာနချုပ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ကို ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်က အသက်သွင်းခဲ့သည်မှာ ထင်ရှားနေသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့ ပါရမီရှင်များသည် ရွှယ်ကျင့်မြို့တွင် လက်ချိုးရေတွက်၍ ရ၏။
လုံယွမ်ရှန်က နဂါးနက်ကုန်သွယ်ရေးအဖွဲ့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း နဂါးနက်ကုန်သွယ်ရေး အဖွဲ့တွင် ဤကဲ့သို့ လူငယ် ပါရမီရှင် ရှိမှန်း မသိခဲ့ပေ။
"ငါ ဘယ်သူလဲဆိုတာ မင်း သိဖို့ မလိုဘူး"
ကျန်းချန်က လုံယွမ်ရှန်ကို မဲ့ပြုံးပြုံး၍ လှမ်းကြည့်လိုက်သည်။
"မင်း သိထားရမှာက ဒီနေ့ ငါ ကျန်းချန် ဒီမှာ ရှိနေတယ်.. ဘယ်သူ့ကိုမှ နဂါးနက်ကုန်သွယ်ရေး အဖွဲ့ထဲ ခြေချခွင့်ပေးမှာ မဟုတ်ဘူး"
လုံယွမ်ရှန်၏ အိုမင်းသော မျက်လုံးထဲတွင် ထက်မြပြီး အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။
သူ စကားပြောဖို့ ပြင်နေစဥ်မှာပင် ငွေရောင်ဝတ်ရုံကို ဝတ်ထားပြီး ကြံ့ခိုင်သန်စွမ်းသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လုံယွမ်ရှန်ကို ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"အကြီးအကဲလုံ.. ဒီကောင်လေးနဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့.. ငါတို့ နှစ်ယောက် လက်တွဲပြီး ဒီအစီအရင်ကို တိုက်ရိုက် ချိုးဖျက်လိုက်ရအောင်"
"ကောင်းပြီ"
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကို ကြားလျှင် လုံယွမ်ရှန် ခေါင်းညိတ်လိုက်သည်။
ယခုအခါတွင် လုံထျန်းဝူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ဆဋ္ဌမအဆင့် ကုသရေးဆေးလုံးကို ရရှိထားသည်။
ထို့ကြောင့် သူတို့က လုံထျန်းဝူကို ရှင်းပစ်ရန် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်ထဲ အလျင်အမြန် ဝင်ရောက်ရပေမည်။
ထိုသို့မဟုတ်ဘဲ လုံထျန်းဝူ ဒဏ်ရာ ပြန်ကောင်းလာသည်အထိ ကြန့်ကြာသွားလျှင် ဆိုးရွားသော အကျိုးဆက်များကို တွေ့ကြုံရနိုင်သည် မဟုတ်ပါလား။
"ခေါင်းဆောင်ဖုန်း.. ငါတို့ နဂါးနက်ကုန်သွယ်ရေး အဖွဲ့မှာ ဒီအစီအရင်ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး"
"ငါသိသလောက် နဂါးနက် ကုန်သွယ်ရေး အဖွဲ့မှာ မူလက တည်ဆောက်ထားတဲ့ ဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်တစ်ခုပဲ ရှိခဲ့တယ်"
"ဒီအစီအရင်ကို ဖယ်ရှားဖို့ဆိုရင် အရင်ဆုံး နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့ မူလ ခုခံကာကွယ်ရေး အစီအရင်ကို အရင် ဖြေရှင်းရမယ်"
လုံယွမ်ရှန်က သက်ပြင်းချလိုက်ပြီး သက်လတ်ပိုင်းအရွယ် ငွေရောင်ဝတ်ရုံဝတ် အမျိုးသားကို ရှင်းပြလိုက်၏။
"ဟားဟား.. ခုခံကာကွယ်ရေး အစီအရင်တွေ တစ်ခုထက် ပိုသွားတော့ရော ဘာအသုံးကျလို့လဲ.. သတ္တမအဆင့် အစီအရင် မဟုတ်သ၍ နောက်ထပ် နှစ်ခုလောက် ရှိရင်တောင် မင်းနဲ့ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"
သက်လတ်ပိုင်းအရွယ် အမျိုးသားက မထီမဲ့မြင် ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလို လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
တခဏအတွင်း ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအင်သည် နဂါးနက်ကုန်သွယ်ရေး အဖွဲ့ဆီ ပျံ့နှံ့သွားခဲ့၏။
ကျန်းချန်၏ ကောင်းကင်ဓားကိုးလက် အစီအရင်၏ အပြင်ဘက်တွင် အဝါရောင် တောက်ပနေသည့် စွမ်းအင် အကာအရံတစ်ခုသည် လေထဲတွင် တိုက်ရိုက် ပေါ်ထွက်လာပြီး သက်လတ်ပိုင်း အရွယ် ငွေရောင်ဝတ်ရုံဝတ် အမျိုးသား၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခုခံလိုက်သည်။
"ဟမ့်.. ဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်လောက်နဲ့ ငါ့ရဲ့ ကောင်းကင်လက်သည်းသိုင်းကို ပိတ်ဆို့ချင်တာလား.. တကယ်ကို ရယ်စရာပဲ"
"ချိုးဖျက်စမ်း"
သူ၏ တိုက်ခိုက်မှုကို အစီအရင်က ခုခံနေသည်ကို မြင်လျှင် ဖုန်းယွမ်ကျန့်သည် အသားကုန် ကြုံးဝါးလိုက်ပြီး ရုတ်တရက် ညာလက်ကို ဝှေ့ရမ်းလိုက်သည်။
နောက်ထပ် တခဏမှာပင် လေထဲရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်သည် ချက်ချင်းဆိုသလို မီတာသုံးဆယ်ရှည်လျားသည့် အပြာရောင် ဧရာမ လက်သည်းတစ်ခု အဖြစ် စုစည်းသွားခဲ့ပြီး ခုခံကာကွယ်ရေး အစီအရင်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။
အခန်း(၇၉၁) ပြီး၏
အခန်း(၇၉၂)
ဖုန်းယွမ်ကျန့်၏ တုန်လှုပ်ချောက်ချားဖွယ် လက်သည်း ရုတ်တရက် ကျဆင်းလာသည်နှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ဝန်းရံထားတဲ့ ဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်သည် တုန်ခါသွားခဲ့ပြီး ကြည်လင်ပြတ်သားသော အသံတစ်သံသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။
မကြာခင်မှာပင် ခုခံကာကွယ်ရေး အစီအရင်၏ အစီအရင် အကာအရံပေါ်တွင် မျက်စိဖြင့် မြင်နိုင်သော အက်ကွဲကြောင်းတစ်ခုသည် ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုအက်ကွဲကြောင်းများသည် မျက်တောင်တစ်ခတ်အတွင်း အစီအရင် တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့၏။
သူ့ရှေ့မှ ခုခံကာကွယ်ရေး အစီအရင်က ခံနိုင်ရည် အဆုံးစွန်ထိ ရောက်လုနီးပါး ဖြစ်နေသည်ကို မြင်လျှင် ဖုန်းယွမ်ကျန့်သည် တုံ့ဆိုင်းမနေဘဲ နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
အရင်ကတည်းက ပျက်စီးလုနီးပါး ဖြစ်နေသည့် ခုခံကာကွယ်ရေး အစီအရင်သည် အဆုံးသတ်တွင် ဖုန်းယွမ်ကျန့်၏ လက်ချက်ဖြင့် ချိုးဖျက်ခံလိုက်ရပြီး နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ အထက်တွင် အလင်းစများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။
ဖုန်းရှင်း ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင် ဖုန်းယွမ်ကျန့်၏ သိုင်းသခင်နယ်ပယ် နဝမအဆင့်နှင့် ရင်ဆိုင်ရချိန်တွင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်သည် သေချာပေါက် အားနည်းလွန်းနေခဲ့သည်။
နှစ်ကြိမ် သုံးကြိမ်မျှ တိုက်ခိုက်ရုံဖြင့် ခုခံကာကွယ်ရေး အစီအရင်သည် ဖုန်းယွမ်ကျန့်၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ ပျက်စီးသွား၏။
"ကောင်လေး.. ဒီအရွယ်နဲ့ ဒီအဆင့်ထိ ကျင့်ကြံနိုင်ပုံထောက်ရင် မင်းက ရှားပါးတဲ့ ပါရမီရှင်ပဲ"
"မင်းရဲ့ ကောင်းမွန်တဲ့ ပါရမီအတွက် ခုခံမှုကို စွန့်လွှတ်ပြီး ငါတို့ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ရဲ့ လက်အောက်ကို ဝင်မယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"
ဆဋ္ဌမအဆင့် ခုခံကာကွယ်ရေး အစီအရင်ကို အသာအယာ ဖျက်ဆီးလိုက်ပြီးနောက်တွင် ဖုန်းယွမ်ကျန့်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျန်းချန်ကို ဝင့်ကြွားစွာ ပြောလိုက်၏။
"ဟားဟား.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
သူ၏ ကျယ်လောင်သော ခြောက်ကပ်ကပ် ရယ်သံသည် ပတ်ဝန်းကျင်တွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။
"မင်းက သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်ရင်တောင် ငါကျန်းချန်ရဲ့ အသက်ကို ဘယ်သူမှ ယူခွင့်မရှိဘူး"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ဖုန်းယွမ်ကျန့်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
"ကောင်လေး.. မင်းက အေးအေးဆေးဆေး ပြောနေတာကို နားမလည်ဘူးကိုး"
ဖုန်းယွမ်ကျန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလို သိုင်းသခင် နယ်ပယ် နဝမအဆင့်၏ အရှိန်အဝါက သူ့ခန္ဓာကိုယ်ကနေ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအင်သည် မုန်တိုင်းလို ကျန်းချန်ဆီ တိုက်ခတ်လာခဲ့၏။
ဖုန်းယွမ်ကျန့်၏ ပြင်းထန်သော စွမ်းအားနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်က မထီမဲ့မြင် အမူအရာ ရှိနေဆဲပင်။
သူက လက်ထဲမှ သွေးနဂါးဓားကို ပြင်းထန်စွာ ဝှေ့ရမ်းလိုက်ရာ ကောင်းကင်ဓားကိုးလက် အစီအရင်သည် အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် လည်ပတ်သွား၏။
အစီအရင်စတင် လည်ပတ်သွားသည်နှင့် အစီအရင် မျက်နှာပြင်ပေါ်မှ မှော်အစွမ်းသည် တောက်ပသော ငွေရောင်အလင်းတန်း တစ်ခု အဖြစ် ထွက်ပေါ်လာခဲ့သည်။
ထိုတောက်ပသော ငွေရောင်အလင်းတန်းသည် အစီအရင် မျက်နှာပြင်ပေါ်တွင် ကြီးမားသော ငွေရောင်ဓားရှည် တစ်လက် အဖြစ် တိုက်ရိုက် စုစည်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ အေးစက်စက် အော်ဟစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"ကောင်းကင်ဓားကိုးလက်အစီအရင်.. ချိုးဖျက်စမ်း"
"ဝုန်း"
ကျန်းချန်ရဲ့ အေးစက်စက် အသံနှင့်အတူ ငွေရောင်ဓားရှည်သည် ကောင်းကင်ဓားကိုးလက် အစီအရင်ကနေ လျှပ်စီးလိုအရှိန်ဖြင့် ထိုးထွက်လာပြီး လေထုကို ချိုးဖျက်နိုင်သော အင်အားဖြင့် ရောက်ရှိလာသော ဖုန်းယွမ်ကျန့်၏ အသက်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။
သူ၏ အသက်စွမ်းအားကို အလွယ်တကူ ချိုးဖျက်လိုက်သည့် ငွေရောင်ဓားရှည်ကို လှမ်းကြည့်ရင်း ဖုန်းယွမ်ကျန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
မကြာခင်မှာပင် သူက လက်သီးကို ဆုပ်လိုက်ပြီး ငွေရောင်ဓားရှည်ကို လက်သီးဖြင့် ထိုးချလိုက်၏။
"ဝုန်း"
လက်သီးနှင့် ဓားက လေထဲတွင် ချက်ချင်းဆိုသလို ထိပ်တိုက်ဆုံမိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် ပေါက်ကွဲသည့် ပတ်ဝန်းကျင်ကို တိုက်ရိုက် ဗဟိုပြုကာ ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။
ဖုန်းယွမ်ကျန့်က လေထဲတွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီးနောက် တအံ့တသြ မေးလိုက်၏။
"မင်း.. မင်းရဲ့ အစီအရင်က ဘယ်လို အစီအရင်လဲ"
ဖုန်းယွမ်ကျန့်က သူနှင့် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ ဒေါသတကြီး ဖြစ်နေခဲ့သည်။
သူ့ရှေ့မှ ကောင်လေးက အစီအရင်ကို ထိန်းချုပ်ပြီး သိုင်းသခင်နယ်ပယ် နဝမအဆင့်နှင့် ယှဉ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။
"ဟားဟား ဖုန်းယွမ်ကျန်း.. ဒီနေ့ ငါ မင်းကို ရှေးဟောင်း အစီအရင်ရဲ့ အင်အားကို ပြမယ်"
ကျန်းချန်က ရယ်မောလိုက်သည်။
ထို့နောက်တွင် ဓားစိတ်ဆန္ဒ၏ တတိယအဆင့် အင်အားသည် သူ့ဆီကနေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
အခန်း(၇၉၂) ပြီး၏