← Chapters

အခန်း (၇၉၃-၇၉၅)

Vol. 53 Ch. 793-795

အခန်း (၇၉၃-၇၉၅)

Vol. 53 Ch. 793-795

အခန်း(၇၉၃)

ကျန်းချန်၏ တတိယအဆင့် ဓားစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်နှင့် ကောင်းကင်ယံပေါ်တွင် ဓားအရိပ်များသည် ချက်ချင်းပင် ယှက်နွှယ်သွားခဲ့ပြီး ကောင်းကင်ဓားကိုးလက် အစီအရင်ကို ဝန်းရံထားသော ထူထပ်သည့် ဓားကွန်ယက် တစ်ခုလို ဖြစ်သွားခဲ့သည်။

"ကောင်းကင်ဓားကိုးလက်.. စုဝေးစမ်း"

ကျန်းချန်က ကြုံးဝါးလိုက်ပြီး လက်ဟန်တချို့ကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။

တခဏအတွင်း ကောင်းကင်ဓားကိုးလက် အစီအရင်၏ ကောင်းကင်အပြည့် ဓားအရိပ်များသည် အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် စုစည်းသွားသည်ကို တွေ့လိုက်ရ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်အပြည့် ဓားအရိပ်များသည် ပုံသဏ္ဌာန် အမျိုးမျိုးရှိသည့် ငွေရောင် ဧရာမ ဓားကိုးလက်အဖြစ် တိုက်ရိုက် စုစည်းသွားခဲ့သည်။

ဓားကိုးလက်က ကောင်းကင်ဓားကိုးလက် အစီအရင်၏ မတူညီသော နေရာ ကိုးနေရာတွင် ရှိနေခဲ့ပြီး ဓားတစ်လက်စီသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။

ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင် ဖုန်းယွမ်ကျန့်ပင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

"လုံယွမ်ရှန်.. ဒီကောင်လေး ထိန်းချုပ်ထားတဲ့ အစီအရင်က နည်းနည်း ထူးဆန်းတယ်.. ဒီကောင်လေးကို တူတူ ရှင်းလိုက်ရအောင်"

ဖုန်းယွမ်ကျန့်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သိုင်းသခင် နယ်ပယ် နဝမအဆင့်၏ အင်အား အလုံးစုံကို ကျန်းချန်ထံ နောက်တစ်ကြိမ် ပေါက်ကွဲထွက်စေခဲ့သည်။

လုံယွမ်ရှန်ကလည်း တွေဝေမနေဘဲ သူ၏ အင်အား အလုံးစုံဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ဤလျှို့ဝှက်ဆန်းကြယ်သည့် အစီအရင် အကူအညီဖြင့် သူ့တို့ရှေ့မှ ကောင်လေးသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်ခဲ့သည်။

ဤအစီအရင်ကိုသာ အမြန်ဆုံး မဖျက်ဆီးနိုင်လျှင် ယနေ့တွင် သူတို့သည် အမှန်တကယ် လက်လျှော့ရပေလိမ့်မည်။

သိုင်းသခင်နယ်ပယ် နဝအဆင့် ကျင့်ကြံသူ နှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာက မပြောင်းလဲခဲ့ပေ။

သူက ဆန်းကြယ်သော လက်ဟန်တချို့ကို ပြုလိုက်လိုက်ရာ ကောင်းကင်ဓား ကိုးလက်သည် အစီအရင်ထဲတွင် အလျင်အမြန် လှည့်ပတ်သွားခဲ့သည်။

မကြာခင်မှာပင် လေဟာနယ်ကို ချိုးဖျက်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားများသည် အစီအရင်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးက တောက်ပလာခဲ့၏။

ယင်းနောက် သူက ရင်ဘတ်နားတွင် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ ကောင်းကင်ဓားကိုးလက် အစီအရင်ထဲတွင် လည်ပတ်နေသည့် ဓားကိုးလက် အရှိန်အဟုန်သည် ပိုမို မြန်ဆန်လာခဲ့သည်။

အဆုံးသတ်တွင် စွမ်းအင်ဓားကိုးလက်သည် လေဟာနယ်ထဲတွင် တိုက်ရိုက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး မီတာဆယ်ဂဏန်း ရှည်လျားသည့် ဧရာမ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ဲ။

"ဓားကိုးလက် တစ်လက်တည်း ပေါင်းစည်းစေ"

ကျန်းချန်က သူ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဖုန်းယွမ်ကျန့် နှင့် လုံယွမ်ရှန်တို့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်သော အသံတစ်သံသည် ကျန်းချန်၏ နှုတ်ကနေ ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးကို ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။

"ဓားကိုးလက် သတ်ဖြတ်ခြင်း"

ကျန်းချန်၏ အေးစက်စက် အသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဧရာမ ကောင်းကင်ဓားကြီးသည် ချက်ချင်းပင် လေဟာနယ်ကို ထိုးဖောက်ပြီး ဖုန်းယွမ်ကျန့်တို့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

"ဝုန်း ဝုန်း"

ကောင်းကင်ဓားကြီးက ဖုန်းယွမ်ကျန်းတို့၏ တိုက်ခိုက်မှုကို ချက်ချင်းဆိုသလို ထိမှန်သွားပြီး မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် ထွက်ပေါ်လာခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်း သက်ရောက်မှုများကြောင့် ဖုန်းယွမ်ကျန့်နှင့် လုံယွမ်ရှန် တို့သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ခဲ့ရသည်။

"ဒါ.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

သူတို့က အစီအရင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် မယုံနိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

စွမ်းအင်သိပ်သည်းခြင်း အဆင့်မှ ကောင်လေးသည် အစီအရင်ကို အားကိုး၍ သူတို့နှစ်ယောက်လို သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူများကို နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သည်။

"ငါတို့ ရှေ့မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအရင်က သတ္တမအဆင့် အစီအရင်များလား"

ရှန်းဝူတိုက်ကြီးတွင် သတ္တမ အဆင့် အစီအရင်သခင်သည် အလွန်ရှားပါးပြီး နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူထက်ပင် ရှားပါး၏။

"နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့ ဌာနချုပ်မှာ သတ္တမ အဆင့် အစီအရင်သခင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

"စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ချာတိတ်လေး တစ်ယောက်က သတ္တမအဆင့် အစီအရင်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ရတာလဲ"

ဖုန်းယွမ်ကျန့်တို့ နှစ်ယောက်က အစီအရင်ထဲမှ ကျန်းချန်ကို တအံ့တသြ ငေးကြည့်နေရင်း ရှက်ရွံ့သလို ခံစားလာရ၏။

သူတို့လို အင်အားကြီးမားသည့် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ တံခါးဝတွင် စွမ်းအင်သိပ်သည်းခြင်း အဆင့် ချာတိတ်လေးက ပိတ်ဆို့ထားခဲ့သည် မဟုတ်ပါလား။

အခန်း(၇၉၃) ပြီး၏

အခန်း(၇၉၄)

"သခင်လေး ကျန်းချန်က တကယ်ပဲ သန်မာလွန်းတယ်"

သူ့ရှေ့မှ မြင်ကွင်းကို လှမ်းကြည့်ရင်း လုံရှင်းယွဲ့က အံ့သြသွားခဲ့သည်။

သူမ၏ လှပသော မျက်ဝန်းထဲတွင် ပျော်ရွှင်သည့် အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။

"အစီအရင်ရဲ့ အကူအညီနဲ့ သိုင်းသခင်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူ နှစ်ယောက်ကို နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့တံခါးဝမှာ တားဆီးနိုင်ခဲ့တယ်.. သခင်လေး ကျန်းချန်က တကယ် လုပ်နိုင်ခဲ့တာပဲ"

ဤအချိန်တွင် ကျန်းချန်၏ ပုံရိပ်သည် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ပြိုင်ဘက်ကင်း စစ်သူရဲကောင်းတစ်ဦးလိုပင်။

"တကယ်ကို ပိတ်ဆို့နိုင်ခဲ့တာပဲ.. သခင်လေးကျန်းက တကယ်ကို ကမ္ဘာမှာ နှစ်ယောက်မရှိတဲ့ မွန်းစတားပဲ"

ကျန်းရှန့်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူ့မျက်လုံးထဲတွင် တုန်လှုပ်ချောက်ခြားသော အရိပ်အယောင်က ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။

သူ့ရှေ့မှ ကောင်လေးသည် သူ၏ ကမ္ဘာကြီးအပေါ် အမြင်ကို တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လည် ဆန်းသစ်စေခဲ့သည်။

စွမ်းအင်သိပ်သည်းခြင်း အဆင့်မှာသာ ရှိသေးသည့် ကောင်လေးသည် ဓားတစ်ကွက်တည်းဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို သတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည် ရှိ၏။

ယခုတစ်ကြိမ်တွင်လည်း ကျန်းချန်သည် အစီအရင် တစ်ခုကို အားကိုးပြီး သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ပိတ်ဆို့ထားခဲ့သည်။

သူ့အထင် ဆဋ္ဌမအဆင့်၏ အမြင့်ဆုံးအဆင့်တွင် ရှိသည့် အစီအရင်သခင် တစ်ဦးပင် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် ဤကဲ့သို့သော အစီအရင်ကို တည်ဆောက်ဖို့ မလွယ်ကူလောက်ပေ။

"ဒီကောင်လေးက သိုင်းပါရမီတင် ထူးချွန်ရုံမကဘူး.. အစီအရင် ပညာရပ်မှာလည်း သူ့ရဲ့ သိုင်းပါရမီထက် မနိမ့်တဲ့ ပါရမီရှိတယ်"

ကျန်းရှန့် တကယ်ကို မတွေးနိုင်ခဲ့ပေ။

ဤမျှအထိ ကြောက်မက်ဖွယ် ပါရမီရှိသည့် မွန်းစတားမျိုး ကမ္ဘာပေါ်တွင် အဘယ်ကြောင့် ရှိနေရပါသနည်း။

"အကြီးအကဲချုပ်လုံ.. ဒီကောင်လေးရဲ့ အစီအရင်က အရမ်းထူးဆန်းတယ်.. ငါတို့ အရင်ပြန်ပြီးမှပဲ သေသေချာချာ တိုင်ပင်ပြီး နောက်တစ်ခေါက် ထပ်လာကြတာပေါ့"

ဖုန်းယွမ်ကျန့်က လေထဲမှ ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သော်လည်း ယာယီ နောက်ဆုတ်ဖို့ စဉ်းစားပြီးသား ဖြစ်သည်။

သူ့ရှေ့မှ ကောင်လေး ထိန်းချုပ်ထားသည့် အစီအရင်သည် သတ္တမအဆင့် အစီအရင်တွေလောက် အင်အားကြီးပုံရ၏။

သူနှင့် လုံယွမ်ရှန် ပူးပေါင်းလျှင်ပင် ဤအစီအရင်ကို တခဏအတွင်း ချိုးဖျက်နိုင်မည် မဟုတ်ပေ။

ဖုန်းယွမ်ကျန့် နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်ကို မြင်လျှင် လုံယွင်ရှန်၏ နဂိုထဲက ဆိုးရွားသော မျက်နှာက ပို၍ပင် ကြည့်ရဆိုးလာခဲ့၏။

ဤတစ်ကြိမ်တွင် သူက နဂါးနက် ကုန်သွယ်ရေး အဖွဲ့ကို သစ္စာဖောက်ခဲ့သဖြင့် နောက်ဆုတ်စရာလမ်း မရှိတော့ပေ။

ဖုန်းယွမ်ကျန့်သာ နောက်ဆုတ်သွားခဲ့လျှင် သူ၏ ကိုယ်ပိုင်အင်အားဖြင့် ဤအစီအရင်ကို ချိုးဖျက်ဖို့ ပိုခက်ခဲသွားမည်မှာ သေချာသည်။

ယနေ့တွင် လုံထျန်းဝူကို မဖြေရှင်းနိုင်လျှင် လုံထျန်းဝူသည် သူ့ကို ဘယ်တော့မှ အလွှတ်ပေးမည် မဟုတ်ချေ။

"ခေါင်းဆောင်ဖုန်း.. ဒီလို နောက်ဆုတ်လိုက်လို့ မဖြစ်ဘူး"

လုံယွမ်ရှန်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။

"လုံထျန်းဝူက ဆဋ္ဌမအဆင့် ကုသရေးဆေးလုံးကို ရရှိခဲ့တဲ့အပြင် သူ့လက်ထဲမှာ ကောင်းကင်နတ်ဆိုး စိတ်ဝိညာဉ် သိပ်သည်းခြင်း သစ်သီးလည်း ရှိနေတယ်"

ကောင်းကင်နတ်ဆိုး စိတ်ဝိညာဉ် သိပ်သည်းခြင်း သစ်သီး။

လုံယွမ်ရှန်၏ စကားကို ကြားလျှင် ဖုန်းယွမ်ကျန့်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ကောင်းကင်နတ်ဆိုး စိတ်ဝိညာဉ် သိပ်သည်းခြင်း သစ်သီးက ဘာကိုဆိုလိုမှန်း ခေါင်းဆောင်ဖုန်းလည်း သိမှာပါ.. ဒါက နတ်ဝိညာဉ်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်သည့် ရတနာပဲ"

"မင်းနဲ့ ငါ ဒီနေ့ လုံထျန်းဝူကို မဖြေရှင်းနိုင်ရင် သူက ကောင်းကင်နတ်ဆိုး စိတ်ဝိညာဉ် သိပ်သည်းခြင်း သစ်သီးကို အသုံးပြုပြီး နတ်ဝိညာဉ်ဘုရင် အဆင့်ကို တစ်ဟုန်ထိုး ချိုးဖျက်သွားလိမ့်မယ်"

"အဲဒီအချိန်ကျရင် မင်းရဲ့ ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့က ကံကောင်းနိုင်တော့မှာ မဟုတ်ဘူး"

လုံယွမ်ရှန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

မူလက လုံယွမ်ရှန်သည် ကောင်းကင်နတ်ဆိုး စိတ်ဝိညာဉ် သိပ်သည်းခြင်း သစ်သီးအကြောင်း ဖုန်းယွမ်ကျန်းကို မသိစေချင်ခဲ့ပေ။

ယခုအခါတွင် သူ့အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေပြီ ဖြစ်၍ ဖုန်းယွမ်ကျန့်ကို ပြောပြဖို့သာ တတ်နိုင်တော့၏။

ဖုန်းယွမ်ကျန့် ထိတ်လန့်သွားခဲ့သည်။

လုံယွမ်ရှန်က အဘိုးကြီး လုံထျန်းဝူ ကောင်းကင်နတ်ဆိုးစိတ်ဝိညာဥ်သိပ်သည်းခြင်း သစ်သီးကို ရရှိထားသည့် အချက်အား သူ့ကို ဖုံးကွယ်ထားမည်ဟု သူ ထင်မထားခဲ့ပေ။

ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် အနေဖြင့် ဖုန်းယွမ်ကျန့်သည် စိတ်ဝိညာဥ်ဘုရင် အဆင့်ကို လုံထျန်းဝူ ချိုးဖျက်ခြင်းသည် ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့ အတွက် မည်သို့သော အဓိပ္ပါယ်မှန်း မည်သူ့ထက်မဆို ပိုသိသည်။

"နတ်ဝိညာဉ်ဘုရင်အဆင့်ကို အောင်မြင်စွာ ချိုးဖျက်ခွင့် လုံထျန်းဝူကို ဘယ်တော့မှ ပေးလို့မဖြစ်ဘူး"

ဖုန်းယွမ်ကျန့်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။

ထို့နောက်တွင် အေးစက်စက် ကြုံးဝါးသံ တစ်သံသည် ချက်ချင်းပင် လေထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။

"အားလုံး အမိန့်ကို နားထောင်ကြ.. ရှိသမျှ အားကို အကုန်ထုတ်ပြီး ငါတို့ရှေ့က အစီအရင်ကို ချိုးဖျက်ကြ"

အခန်း(၇၉၄) ပြီး၏

အခန်း(၇၉၅)

ဖုန်းယွမ်ကျန့်၏ အေးစက်စက် အမိန့်ပေးသံ အဆုံးသတ်သည်နှင့် ဖုန်းရှင်းကုန်သွယ်ရေးအဖွဲ့၏ သိုင်းသခင်နယ်ပယ် ကျင့်ကြံသူ နှစ်ယောက် အပါအဝင် ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီး ချက်ချင်း ပြေးထွက်လာခဲ့ကြသည်။

သူတို့အားလုံးက ကိုယ်စီ လက်နက်များကို ထုတ်ယူပြီး သူတို့ရှေ့မှ အစီအရင်ကို အစွမ်းကုန် တိုက်ခိုက်ကြတော့၏။

"အကြီးအကဲလုံ.. လက်မလျှော့နဲ့.. အားလုံးအတူတူ အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားစို့"

ဖုန်းယွမ်ကျန့်က စကားဆုံးသည်နှင့် ချက်ချင်းပင် ခြေဖဝါးကို လေထဲတွင် တစ်ချက် ဆောင့်နင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအားသည် သူ့ ဦးခေါင်းအထက်တွင် မီတာသုံးဆယ်ကျော် ရှိသည့် ဧရာမအရိပ်တစ်ခု အဖြစ် ပြင်းထန်စွာ စုစည်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နံဘေးမှာရှိသည့် လုံယွမ်ရှန်ကလည်းလက်ဟန်များ ပြုလုပ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် နတ်မီးတောက်တစ်ခုသည် လေထဲတွင် ချက်ချင်း စုစည်းသွားခဲ့၏။

တခဏအတွင်း နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ကောင်းကင်ယံတွင် မုန်တိုင်း၏ လက္ခာဏာကဲ့သို့ မိုးကြိုးတိမ်တိုက်များက ချဉ်းကပ်လာသည်။

"ပျက်စီးခြင်းအရိပ်"

"ကောင်းကင်မီးတောက်"

ကောင်းကင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည့် ကျယ်လောင်သော ကြုံးဝါးသံနှစ်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အင်အားများ ပါဝင်နေသည့် တိုက်ခိုက်မှုနှစ်ခုသည် လေထုကို တိုက်ရိုက် ဖြတ်တောက်ကာ အစီအရင်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

သူမရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လုံရှင်းယွဲ့က နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်၏။

သူမ၏ လှပသော မျက်ဝန်းလေး ထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် ဖုန်းယွမ်ကျန့်နှင့် တခြားသူများကို တားဆီးနိုင်ပါမည်လော။

ဖုန်းယွမ်ကျန့်တို့လူစုက သူ၏အစီအရင်ကို အစွမ်းကုန် ဖျက်ဆီးရန် စိတ်အားထက်သန်နေသည်ကို မြင်လျှင် ကျန်းချန်သည် သူ၏တတိယအဆင့် ဓားဆန္ဒကို ထုတ်ဖော်လိုက်ရာ ဓားဆန္ဒ၏ စွမ်းအင်သည် ကောင်းကင်ဓားကိုးလက် အစီအရင် ထဲသို့ ဝင်ရောက်သွားခဲ့၏။

ဤသို့ဖြင့် ကောင်းကင်ဓားကိုးလက် အစီအရင်တွင် ဧရာမ ဓားကြီးသည် တဖန်ပြန်၍ ပေါ်ပေါက်လာခဲ့ပြီး ဖုန်းယွမ်ကျန့်တို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ချင်း ထိခိုက်မှုကြောင့် လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာသည်။

ကျန်းချန်၏ ကောင်းကင်ဓားကိုးလက် အစီအရင်ဖြင့် စုစည်းထားသည့် ဧရာမဓားကြီးသည် ဖုန်းယွမ်ကျန့်တို့ ကျင့်ကြံသူ ဒါဇင်ကျော်၏ ဆက်တိုက် တိုက်ခိုက်အောက်တွင် မကြာမီမှာပင် ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့၏။

ကြည်လင်ပြတ်သားသော အသံတစ်သံသာ ကြားလိုက်ရသည်။

ဧရာမစွမ်းအင်ဓားကြီးသည် နောက်ဆုံးတွင် လုံးဝ ပြိုကွဲသွားပြီး အလင်းစ အနည်းငယ်အဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွား၏။

ဓားကြီး ပျောက်ကွယ်သွားပြီးနောက်တွင် ဖုန်းယွမ်ကျန့်တို့၏ တိုက်ခိုက်မှုသည် မျက်တောင်တစ်ခတ် အတွင်း ကျန်းချန်၏ ကောင်းကင်ဓားကိုးလက် အစီအရင်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။

"ဝုန်း"

ကောင်းကင်ဓားကိုးလက် အစီအရင်၏ ငွေရောင် အကာအရံသည် တုန်ခါသွားပြီး အစီအရင် တစ်ခုလုံးသည် ဖုန်းယွမ်ကျန့်၏ တိုက်ခိုက်မှုအောက်တွင် ပုံပျက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အစီအရင်ထဲမှာ ရှိနေသည့် ကျန်းချန်၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားခဲ့ပြီး ချက်ချင်းပင် သွေးအန်သွားခဲ့သည်။

"ကောင်လေး.. စွမ်းအင်သိပ်သည်းခြင်း အဆင့်နဲ့ နဂါးနက်ကုန်သွယ်ရေး တံခါးဝမှာ ငါတို့ကို ဒီလောက်အကြာကြီး ပိတ်ဆို့ထားနိုင်တာ မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်နေပြီ"

"မင်းက ပါရမီရှင်တစ်ယောက် ဖြစ်တဲ့အတွက် နောက်ဆုံး အခွင့်အရေး တစ်ခု ငါ ပေးမယ်"

"နောက်မကျသေးခင် ငါ့ကို လက်နက်ချလိုက်.. မဟုတ်ရင် အစီအရင်ကို ချိုးဖျက်ပြီးတာနဲ့ မင်းရဲ့ သေရက်ကို ရောက်လာလိမ့်မယ်"

ဖုန်းယွမ်ကျန့်က ကျန်းချန်ကို မထီမဲ့မြင် လှမ်းကြည့်ရင်း ပြေုလိုက်သည်။

"ဟုတ်လား.. ဒါပေမဲ့ ဒီစကားက ပြောင်းပြန်ဖြစ်သင့်တယ်လို့ ငါထင်တယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားသည်။

"မင်း ငါ့အစီအရင်ကို ချိုးဖျက်နိုင်သည်ဖြစ်စေ မချိုးဖျက်နိုင်သည်ဖြစ်စေ မင်းရဲ့ သေနေ့က ဒီနေ့ပဲ"

"ခေါင်းဆောင်ဖုန်း မင်း သူ့ကို ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ.. အစီအရင်ကို မြန်မြန် ဖျက်ဆီးကြစို့"

လုံယွမ်ရှန်က ကျန်းချန်ကို မကျေမနပ် လှမ်းကြည့်လိုက်၏။

သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

သူက လက်ဝါးရိုက်ချက်ဖြင့် ကောင်းကင်ဓားကိုးလက် အစီအရင်ကို နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်၏။

သို့သော် လုံယွမ်ရှန်၏ ပြင်းထန်သော အသက်စွမ်းအင်က ကောင်းကင်ဓားကိုးလက် အစီအရင်ပေါ်ကို ကျရောက်တော့မည့် အချိန်တွင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ကောင်းကင်ယံထက်တွင် ထူးဆန်းသော အာကာပြင် လှုပ်ရှားမှု တစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မကြာခင်မှာပင် အာကာပြင် အက်ကွဲကြောင်း တစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။

လူတိုင်း မှင်တက်၍ ငေးနေသော အချိန်မှာပင် ခမ်းနားသော ပုံရိပ်တစ်ခုသည် အာကာပြင် အက်ကွဲကြောင်းထဲကနေ ဖြည်းညင်းစွာ ခြေလှမ်း၍ ထွက်လာခဲ့၏။

အခန်း(၇၉၅) ပြီး၏

All Chapters