← Chapters

ကတိစကား

Vol. 3 Ch. 115

ကတိစကား

Vol. 3 Ch. 115

“ဒီတော့ မင်းက ရောက်လာသေးတယ်ပေါ့။ ငါက လက်လျှော့သွားပြီလို့ထင်နေတာ။”

ရော့ဝဲလ်က နက်ဆန်ကို သူ့ရဲ့လေးနက်ပြီး မှိုင်းညို့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ ပင်လယ်ကမ်းခြေမှာ လေက ပြင်းပြင်းထန်ထန်တိုက်ခတ်နေပြီး နှစ်ယောက်လုံး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက တဖြတ်ဖြတ်လှုပ်ခါလို့ နေလေရဲ့။

“ဒီနေ့ ဒီကိစ္စကို အပြတ်ဖြတ်ကြတာပေါ့။” နက်ဆန်က ပြောလိုက်တယ်။ ရော့ဝဲလ်ကလည်း ပြုံးလိုက်ပါတယ်။ သူက နက်ဆန်ရဲ့ပြောင်းလဲသွားတဲ့ပုံကို စလာကတည်းက သတိထားမိပုံပါပဲ။

“ကြည့်ရတာ မင်းက ယုံကြည်ချက်နည်းနည်း ပြန်ရလာတဲ့ ပုံပဲ။”

ရော့ဝဲလ်က သူ့လက်ထဲက လမ်းလျှောက်တုတ်နဲ့ မြေကို ထိုးဆွရင်းနဲ့ ပြောလိုက်တယ်။ တစ်ဖက်မှာတော့ နက်ဆန်ရဲ့ အရိပ်က ကျယ်ပြန့်လာပြီးတော့ အရိပ်ထဲကနေ နာတာရှာ ထွက်လာခဲ့ပါတယ်။ နာတာရှာက လက်ထဲမှာ မှော်နှင်တံကို စနစ်တကျကိုင်ထားပြီး တောင်ပံကိုခတ်ကာ နက်ဆန်ရဲ့ အနောက်ဘက် လေထုအမြင့်မှာ ရပ်တည်နေလိုက်တယ်။

“ဒီနေ့တော့ လက်အောက်ခံနည်းနည်း၊ ပိုခေါ်လာခဲ့တယ်။”

“ဒီကိုရင်လည်း စလိုက်ကြရအောင်...” ရော့ဝဲလ်ကလည်း လက်ကိုဖြန့်လိုက်တယ်။ သူ့အရိပ်ကလည်း ကြီးမားလာပြီး ဒူလာဟမ်၊ အာရပ်ကြီးနဲ့ မျက်နှာဖုံးနဲ့အမျိုးသမီးတို့ ထွက်လာတယ်။

“ငါ့လက်အောက်ခံတို့၊ ခါတိုင်းလိုပဲ သူ့ကိုပြန်ပို့ပေးလိုက်ကြ။”

ဒူလာဟမ်နဲ့အာရပ်ကြီးက နက်ဆန်ဆီကို တိုက်ရိုက်ဆိုသလို ပြေးဝင်လာကြတယ်။ ဒါပေမဲ့ နက်ဆန်နားကို သူတို့တွေ ရောက်မလာခင်မှာပဲ လေပေါ်မှာမျောလွင့်နေတဲ့ နာတာရှာက မှော်နှင်တံကိုဝေ့ယမ်းလိုက်ပြီး လေဓားသွားတချို့နဲ့ပစ်ခတ် လိုက်ပါတယ်။ ဒီလေဓားသွားတွေက သာမန်ထက်ပိုပြီး အားအင်ကောင်းမွန်နေတာကြောင့် ဒူလာဟမ်နဲ့အာရပ်ကြီး နှစ်ယောက်လုံးက တိုက်ရိုက်ခုခံဖို့မစဥ်းစားဘဲ လူစုခွဲကာ ရှောင်ထွက်လိုက်တယ်။

“အချိန်ကျပြီ...” နက်ဆန်ရဲ့ခြေထောက်က သူ့အရိပ်နဲ့ ပေါင်းစပ်သွားပြီး ရှေ့ကိုခုန်ထွက်လိုက်တယ်။ လေထုက ပေါက်ကွဲထွက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ နက်ဆန်က အာရပ်ကြီးရှေ့မှာ ပြန်ပေါ်လာတယ်။ လက်ထဲမှာတော့ စုံတွဲ ဓားနှစ်လက်ကိုကိုင်လို့။

“ပျက်စီးစမ်း....”

ထန်း...

ဓားနှစ်လက်နဲ့အာရပ်ဓားမော့ကြီးက ရင်ဆိုင်မိသွားပြီး မီးပွားတွေဖြာထွက်လာတယ်။ စုံတွဲဓားက သာမန်အငြိုးကြီး တစ္ဆေတွေကနေ ပြုလုပ်ထားတာမလို့ အားနည်းတယ်ဆိုပေမဲ့ အခုတော့နက်ဆန့်ရဲ့အရိပ်နဲ့ပေါင်းစည်းနေကာ သာမန်ထက် ပိုမိုအားကောင်းနေခဲ့ပါတယ်။ ဒါကြောင့် အာရပ်ကြီးက အနည်းငယ်နောက်ဆုတ်ပေးလိုက်ရတယ်။

ဝှစ်... ဝှစ်... ဝှစ်...

ဒါပေမဲ့ နက်ဆန်က အာရပ်ကြီးကို ဖိနှိပ်နိုင်ရုံလောက်နဲ့တင် အားမရသေးပါဘူး။ သူက အမြန်ဆန်ဆုံးနှုန်းနဲ့လှုပ်ရှား နေခဲ့ပြီးတော့ အာရပ်ကြီးကို ဘက်ပေါင်းစုံကနေပြီး ဝင်ရောက်တိုက်ခိုက်တယ်။

ရွှတ်... ရွှတ်... ရွှတ်...

အာရပ်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြတ်ရှရာတွေနဲ့ပြည့်နှက် လာခဲ့ပါတယ်။ ဖုတ်ကောင်ဖြစ်တာမလို့ နာကျင်မှုကို မခံစားရဘူးဆိုပေမဲ့ တချို့ဒဏ်ရာတွေကတော့ နက်ရှိုင်းပြီး အာရပ်ကြီးရဲ့ခန္ဓာကိုယ်ကို ဟန်ချက်မညီဖြစ်စေပါတယ်။

တစ်ခါတော့ ခြေသလုံးအကြောဖြတ်ခံလိုက်ရပြီး ဆက်ပြီး မတ်တပ်ရပ်ဖို့ မဖြစ်နိုင်တော့တဲ့ အာရပ်ကြီး သဲသောင်ပေါ် ဒူးထောက်ကျသွားခဲ့တယ်။

“ ​ပွဲပြီးပြီ...” နက်ဆန်ရဲ့မြွေရိုင်းနှစ်ကောင်လိုမျိုး လှုပ်ရှားနေတဲ့ ဓားနှစ်လက်ကတော့ အာရပ်ကြီးကို ခေါင်းဖြတ်ဖို့အတွက် လည်တိုင်တည့်တည့်ဆီကို ဝင်လာခဲ့ပါပြီ။

“သူ့ကို လုပ်ခွင့်မပေးနဲ့။” ရော့ဝဲလ်က အော်ဟစ်လိုက်တယ်။ နာတာရှာရဲ့လေပွေလှိုင်းတွေကို ရင်ဆိုင်နေတဲ့ ဒူလာဟမ်က ချက်ချင်းပဲ ပြန်လှည့်ပြီးတော့ အာရပ်ကြီးကိုကူညီဖို့ ကြိုးစားတယ်။ ဒါပေမဲ့ လေလှိုင်းတွေက ပိုမိုပြင်းထန် လာတဲ့အတွက်ကြောင့် သူကိုယ်တိုင်တောင် လေနဲ့လွင့်ပါ သွားတော့မလိုဖြစ်နေတယ်။

ဒါကြောင့် အမှောင်ထုထဲမှာပုန်းနေပြီး အခွင့်ကောင်းကို စောင့်နေခဲ့တဲ့ မျက်နှာဖုံးနဲ့အမျိုးသမီးက စတင်လှုပ်ရှား လာခဲ့ပါတယ်။ သူက ဝိညာဥ်တစ်ကောင်လိုမျိုး လေဓား မြောက်မြားစွာကို ဖြတ်သန်းလာပြီး နက်ဆန်နောက်ကို ရောက်လာကာ နက်ဆန့်ကို ကြိုးတပ်ပုဆိန်တွေနဲ့ရိုက်ချဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့ နက်ဆန့်ရဲ့မျက်နှာပေါ်မှာ ဖျော့တော့တော့အပြုံးက ရှိနေပြီးသား။

ဝေါဖလော...

ရုတ်တရက် နက်ဆန်ရပ်နေတဲ့မြေပြင်ကနေ နွယ်ပင်တွေ အများကြီးထွက်လာခဲ့တယ်။ နွယ်ပင်တွေက မျက်နှာဖုံးနဲ့ အမျိုးသမီးရဲ့ဝိညာဥ်လိုလို ခန္ဓာကိုယ်ကို ထိုးဖောက်တယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဘာသက်ရောက်မှုမှရှိမှာ မဟုတ်ပေမဲ့

“ကဲ... နင့်မှာမှော်စွမ်းအားတွေ ဘယ်လောက်ရှိလဲ ကြည့်ရအောင်....”

အိုလီရာနာရဲ့ခေါင်းက သဲသောင်ပြင်အောက်ကနေ ထွက်လာပြီး မျက်နှာဖုံးဝတ်အမျိုးသမီးက ကြည့်လိုက်တယ်။ နောက်တော့ အဲဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်က အလျင်အမြန်မှေးမှိန်သွားပြီး ထိတ်လန့်တကြား နောက်ဆုတ်သွားရတယ်။

ချလွင်...

လက်ထဲက ကြိုးတပ်တံစဥ်တောင် လွတ်ကျသွားသေးတယ်။ ပြောရရင် အဲဒီအမျိုးသမီးဝတ်ထားတဲ့ ခြုံလွှာကပါ လေထဲ မျောလွင့်နေတဲ့အဝတ်စတစ်ခုလိုမျိုး မြေပေါ်ကိုပုံလျက်သား ကျဆင်းသွားပြီး မျက်နှာဖုံးပါကျွတ်ကျလုနီးနီးမှာ အဲဒီ အမျိုးသမီးက လက်နဲ့သူ့မျက်နှာဖုံးကို ဖမ်းကိုင် ထားလိုက်ပါတယ်။

ဝှစ်...

အိုလီရာနာရဲ့ခေါင်းက သဲပုံထဲကနေ ခုန်ထွက်လာတယ်။ နောက်တော့ သူ့ဆံပင်တွေက ပြန်လည်စုစည်းလာပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုကို ပြန်လည်တည်ဆောက် လိုက်နိုင်ပါတယ်။

“ဖူး... နောက်ဆုံးတော့ ခန္ဓာကိုယ်ပြန်ရပြီပဲ။ သခင်၊ ဒီမိန်းမက နာတာရှာပြောတဲ့အတိုင်းပဲ ခန္ဓာကိုယ်အစစ် မရှိဘူး။ သူ့ဝိညာဥ်ကို အကောင်အထည်ပေါ်အောင် မှော်စွမ်းအင်တွေအများကြီးသုံးပြီး ဖွဲ့စည်းထားတာ။”

အိုလီရာနာက အဲဒီမျက်နှာဖုံးတပ်အမျိုးသမီးကို ခနဲ့တဲ့တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။ အခုအဲဒီအမျိုးသမီးရဲ့ အသားအရေက ထွင်းဖောက်မြင်နိုင်လောက်တဲ့အထိ ကြည်လင်နေပြီးတော့ ဆိုးဆိုးဝါးဝါစ ထိခိုက်ထားတဲ့ပုံ ပေါ်နေပါတယ်။

အိုလီရာနာက ယေဘုယျအားဖြင့် အဆင့်တူတွေကြားထဲမှာ တိုက်ခိုက်နိုင်စွမ်းနိမ့်တယ်လို့ ပြောနိုင်တယ်ဆိုပေမဲ့ သူ့မှာ အားသာချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ရန်သူတွေရဲ့ အားအင်ကို စုပ်ယူနိုင်တဲ့ ကျိန်စာစွမ်းအားပါပဲ။ မျက်နှာဖုံးနဲ့ မိန်းမရဲ့ခန္ဓာကိုယ်က စွမ်းအင်နဲ့ဖွဲ့စည်းထားတာဖြစ်လို့ အိုလီရာနာက သူ့အတွက် သဘာဝရန်သူလို ဖြစ်နေခဲ့ပါပြီ။

ရွှတ်...

အတားအဆီးမရှိတော့တဲ့နောက် နက်ဆန်ရဲ့ဓားသွားက အာရပ်ကြီးရဲ့ခေါင်းကို ဖြတ်ချလိုက်နိုင်ပါတယ်။ အာရပ် စစ်သည်တော်ကြီးက ဖုတ်ကောင်တစ်ကောင်ဖြစ်ပေမဲ့ တွေးတောနိုင်တဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်တို့ ပိုင်းဖြတ်ခံရပြီး နောက်မှာတော့ ဆွဲကြိုးဆိုင်းမရှိတော့တဲ့ ရုပ်သေးလိုမျိုးပဲ မြေပေါ်ကို ပုံလျက်သားကျသွားခဲ့တယ်။

“သခင်၊ ကျွန်မတို့က သူတို့တွေကို ထိန်းထားပေးမယ်။ သခင်ကတော့ အရေးကြီးတာကိုလုပ်တော့။”

နာတာရှာက ဒူလာဟမ်ကို လေဓားသွားတွေနဲ့ခက်ခက်ခဲခဲ ထိန်းထားရင်း ပြောလိုက်တယ်။ အိုလီရာနာကတော့ ထွက်ပြေးနေတဲ့ မျက်နှာဖုံးနဲ့မိန်းမကို လိုက်လံတိုက်ခိုက် နေပါပြီ။

“....” နက်ဆန်က ဓားနှစ်လက်ကိုကိုင်ကာ သေချာကိုယ်ဟန် ပြင်လိုက်ရင်းနဲ့ ရော့ဝဲလ်ကို ကြည့်လိုက်ပါတယ်။ ရော့ဝဲလ်က သူ့လက်အောက်ခံတွေ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်နေတာ တွေ့ပေမဲ့ နည်းနည်းလေးမှ စိတ်လှုပ်ရှားပုံမပေါ်ပါဘူး။ အဲဒီအစား အများကြီးတည်ငြိမ်နေတယ်။

“တိုးတက်လာသားပဲ၊ ဒါပေမဲ့ ငါက ငါ့လက်အောက်ခံ အားလုံးပေါင်းထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်။”

ရွှတ်...

နက်ဆန်က ဘာမှမပြောဘဲ ဓားကိုသာဝေ့ယမ်းလိုက်တယ်။ သူက ဓားအလင်းတန်းနဲ့အတူ တစ္ဆေတစ်ကောင်လိုမျိုး မြင်ကွင်းရှေ့ကနေ ပျောက်သွားပြီး ရော့ဝဲလ်နောက်မှာ ပြန်ပေါ်လာတယ်။ ရော့ဝဲလ်က သာသာလေးပဲ ခါးကို လှည့်လိုက်ပြီးတော့ လမ်းလျှောက်တုတ်ထဲကဓားကို ဆွဲထုတ်ကာ ပြန်လည်ခုခံလိုက်တယ်။

ထန်း...

ဓားချင်းထိပြီးတဲ့နောက် နှစ်ယောက်လုံး လူချင်းခွာရတယ်။ ရော့ဝဲလ်က ပိုလျင်နေပြီးတော့ နက်ဆန်က နောက်ထပ် တိုက်ကွက်ကိုမစဥ်းစားရသေးခင်မှာပဲ သူရပ်နေတဲ့ မြေပြင်က နိမ့်ဆင်းသွားပြီး သဲနွံတစ်ခုအဖြစ်ကို ပြောင်းလဲသွားတော့တယ်။

“ကောင်လေး၊ မင်းငယ်ပါသေးတယ်ကွ။”

ဝှစ်...

ဒါပေမဲ့နောက်တစ်ကြိမ် နက်ဆန်က သူ့ဘေးနားမှာထပ်ပြီး ပေါ်လာပြန်တယ်။

“ အမှောင်ထုရှိနေသမျှ နေရာတိုင်းကို ကျုပ်သွားနိုင်တယ်။ ခင်ဗျားသဲနွံက ကျုပ်ကိုတားနိုင်ပါ့မလား။”

နက်ဆန်က ရော့ဝဲလ်ကိုဓားနဲ့ခုတ်ချလိုက်တယ်။ ဒါပေမဲ့ ရော့ဝဲလ်က လက်ကိုမြှောက်လိုက်တာနဲ့ ပင်လယ်ရေတွေက သဲသောင်ပြင်အောက်ကနေ ပန်းထွက်လာပြီး နက်ဆန်ကို အဝေးကိုလွင့်မျောသွားစေပါတယ်။

“ခင်ဗျားရဲ့နတ်ဘုရားခန္ဓာကိုယ်တွေက ဘယ်လောက်ထိ စွမ်းလဲ ကြည့်ရအောင်....”

နက်ဆန်က နောက်ထပ်ရှုထောင့်ပေါင်းများစွာကနေ ထပ်မံထွက်ပေါ်လာပြီး တိုက်ခိုက်ပြန်တယ်။ အဝေးက ကြည့်မယ်ဆိုရင် ရော့ဝဲလ်က အသာစီးမရတော့ဘဲ တဖြည်းဖြည်းနဲ့ အောက်စည်းကိုရောက်နေပါပြီ။ နက်ဆန်ကိုယ်တိုင်လည်း အဲဒီလိုယူဆထားတယ်။ ဒါပေမဲ့ ရော့ဝဲလ်ကတော့ တစ်ချက်ပြုံးလိုက်ပြီး...

“မင်းက ဒီအထိရောက်လာနိုင်တာ မဆိုးဘူးလို့ပြောရမယ်။ ဒါပေမဲ့ လိုသေးတယ်။”

ရော့ဝဲလ်က မြေပြင်ကို ခြေဆောင့်လိုက်တယ်။ သူ့အရိပ်က လေးဖက်လေးတန်ကို ပြန့်နှံသွားခဲ့ပြီး အနက်ရောင်ရွံဗွက် အိုင်ကြီးလိုမျိုးဖြစ်သွားတယ်။ အဲဲဒီနောက်တော့ အဲဒီဗွက် အိုင်ကြီးရဲ့မျက်နှာပြင်ကို လူသေကောင်လက်ပေါင်း မြောက်မြားစွာက ထိုးဖောက်ပြီးထွက်လာတယ်။ မကြာခင်မှာပဲ သဲသောင်တစ်ခုလုံးက ဒိုင်းနဲ့ဓားကိုင် ခရူးဆိတ်တပ်သားတွေနဲ့ပြည့်နှက်သွားတယ်။

“တစ္ဆေတစ်ရာလမ်းလျှောက်ခြင်း....”

ဖုတ်ကောင်ရာပေါင်းများစွာက နက်ဆန်ကို စတင်ပြီးတော့ တိုက်ခိုက်ကြတယ်။ နက်ဆန်က အရိပ်ခရီးသွားနိုင်တယ် ဆိုပေမဲ့ ရော့ဝဲလ်ရဲ့ပတ်ပတ်လည်မှာ သူ့ကိုကာကွယ်နေတဲ့ ဖုတ်ကောင်စစ်သည်တွေရှိနေတဲ့အတွက် အလစ်တိုက်နိုင်ဖို့ အများကြီးခက်ခဲသွားတယ်။ ပြီးတော့ ဒီစစ်သည်တွေက သာမန်အသိဉာဏ်မဲ့ဖုတ်ကောင်တွေမဟုတ်ဘဲ အချင်းချင်း ချိတ်ဆက်ကာ ဗျူဟာတွေနဲ့လှုပ်ရှားနေကြတာ။

ဘုန်း...

နက်ဆန်ဟာ စစ်သည်တစ်ယောက်ရဲ့ဒိုင်းနဲ့အရိုက်ခံရပြီး နောက်ကိုပြန် လွင့်စင်လာခဲ့တယ်။ သူပြန်မထနိုင်သေးခင် စစ်သည်တွေအများကြီးက သူ့ကိုစက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းထားလိုက်ပြီဖြစ်ပြီးတော့ ဓားတွေလှံတွေနဲ့ထိုးနှက်ဖို့ ဝင်ရောက်လာကြတယ်။

“မဖြစ်သေးဘူး....” နက်ဆန်က ပြန်ခုန်ထလိုက်ပြီးတော့ ရန်သူ့လက်ကလွတ်အောင်ပြေးဖို့ ကြိုးစားလိုက်ပေမဲ့ အဘက်ဘက်ကနေ ပိတ်ဆို့ခံထားရပြီဖြစ်ပြီးတော့ စက်ဝိုင်းကလည်း ပိုပိုပြီးကျဥ်းလာတယ်။ ဒီအခြေအနေက ဖောက်မထွက်နိုင်ဘူးဆိုရင် သေရတော့မှာပါ။ ပြီးတော့ ရော့ဝဲလ်က ညှာတာမယ့်အရိပ်အ​ယောင် နည်းနည်းလေးမှ မရှိပါဘူး။

“ငါမင်းကို အချိန်တွေအများကြီး ပေးခဲ့ပြီးပြီ။ ဒီလောက်ပဲ လုပ်နိုင်တယ်ဆိုရင်တော့ စိတ်ပျက်စရာပဲ။ သေလိုက်တော့။”

ရော့ဝဲလ်က အေးစက်စက်လေသံနဲ့ ပြောလိုက်ပါတယ်။

“သခင်...” နာတာရှာနဲ့ အိုလီရာနာတို့လည်း နက်ဆန်အန္တရာယ်နဲ့ ကြုံနေတာကိုတွေ့ပြီး လာကူချင်ပေမဲ့ သူတို့ထိန်းထားတဲ့ ရန်သူတွေကလည်း အားအလွန်ကောင်းနေပြီးတော့ သူတို့ကို ထားသွားလို့မရအောင် ပြန်ထိန်းထားနေပြန်ပါတယ်။

“မိတ်ဆွေကြီး... ငါ့ကိုသုံးဖို့အတွက် အချိန်ကျပြီ”

ရုတ်တရက် နက်ဆန်က သူ့နားထဲကနေ အသံတစ်သံကို ကြားလိုက်ရတဲ့အတွက် သူ့စိတ်က ပြန်လည်တည်ငြိမ် သွားခဲ့တယ်။ သူက လက်သီးဆုပ်ပြီး လက်ခုံကို တစ်ချက် ကြည့်လိုက်တယ်။ လက်ခုံက ဆေဘာတက်တူးက တောက်ပနေပြီဖြစ်ပြီး ဆင့်ခေါ်ဖို့အသင့်ပါပဲ။

“ပါစီဗယ်.... ထွက်လာခဲ့တော့...”

နက်ဆန်က သူ့လက်ကိုမြှောက်လိုက်တယ်။ ချက်ချင်းပဲ ငွေရောင်အလင်းတန်းတွေတောက်ပလာပြီး သူ့လက်ထဲမှာ ငွေရောင်ဆေဘာတစ်လက်ပေါ်လာတယ်။ အဲဒီနောက် သူ့အရိပ်နဲ့ပေါင်းစပ်သွားပြီး အနက်ရောင်ဆေဘာအဖြစ် ပြောင်းလဲသွားတော့တယ်။

“ချိုးဖြတ်စမ်း...”

ရွှမ်း...

နက်ဆန်က ဆေဘာကို သူ့ခါးနားအထိနှိမ့်ချလိုက်ပြီးတော့ ဘယ်ဝိုက်ခုတ်ချက်တစ်ချက်ကို လဝန်းပြည့်ပုံစံအတိုင်း ပတ်လည်ပိုင်းချလိုက်တယ်။

ဘုတ်... ဘုတ်... ဘုတ်...

လေးပင်တဲ့ပစ္စည်းတွေ ပြုတ်ကျသွားတဲ့အသံတွေနဲ့အတူ သူ့ကိုဝိုင်းထားတဲ့ ခရူဆိတ်တာဖုတ်ကောင်တွေလက်ထဲက သံဒိုင်းချပ်ကြီးတွေဟာ ထက်ဝက်ပိုင်းခံလိုက်ရပြီးတော့ မြေပြင်ပေါ်ပြုတ်ကျကုန်တယ်။ ဒါက အစွမ်းကုန်မဟုတ်ဘဲ သိပ်မကြာခင်မှာပဲ ခရူးဆိတ်တာတွေကိုယ်ပေါ်ကချပ်ဝတ်နဲ့ သူတို့ရဲ့အရိုးစုခန္ဓာကိုယ်ကပါ ​တအိအိပြတ်ကျသွားပြီး မြေပေါ်ပြုတ်ကျကုန်ပါတယ်။

“အတော်ထက်တာပဲ...” နက်ဆန်က ရေရွတ်လိုက်တယ်။

သူ့ကိုဝိုင်းထားတဲ့ ခရူးဆိတ်စစ်သည်ငါးဆယ်လောက်က ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရတယ်။ ပြီးတော့ အားလုံးက အဆင့်မြင့်လက်နက်ပညာရှင်တွေဖြစ်ပြီး ထူထဲလွန်းတဲ့ သံချပ်ကာကြီးတွေကို ဝတ်ဆင်ထားကြတာ။

“လုပ်လိုက်ကြစို့...” ပါစီဗယ်ဆီက အသံထွက်လာတယ်။ နက်ဆန်ကလည်း နှောင့်နှေးမနေတော့ဘဲ ဓားကိုပြန်ရုပ်ကာ ရော့ဝဲလ်ဆီကို ပြေးတက်သွားတယ်။

“သူ့ကို တားကြ။” ရော့ဝဲလ်က ကျန်နေသေးတဲ့ ရာနဲ့ချီတဲ့ ခရူးဆိတ်တာတွေကို အမိန့်ပေးလိုက်တယ်။ ခရူးဆိတ် စစ်သည်တွေက ဒိုင်းတွေကိုညီညီညာညာတန်းစီပြီး ခံစစ်ပြင်တယ်။ နက်ဆန်က အစွမ်းထက်တယ်ဆိုပေမဲ့ ဒီလူအားလုံးကို ရှင်းပစ်ဖို့တော့ အချိန်အကြာကြီး လိုပါလိမ့်မယ်။

“စိတ်ရှုပ်စရာပဲ...” နက်ဆန်က လေသံနဲ့ပြောလိုက်တော့ ပါစီဗယ်က ရယ်မောလိုက်ပြီး...

“မင်းမေ့နေပြီလား၊ သူ့မှာပဲ စစ်တပ်ကြီးတစ်တပ် ရှိနေတာမဟုတ်ဘူးလေ။”

အနက်ရောင်ဆေဘာကြီးဆီကနေ မြူခိုးငွေ့တွေ ထွက်ပေါ်လာပြီး အဲဲဒီမြူခိုးတွေက မျက်နှာမှာ ပက်တီးတွေပတ်ထားတဲ့ ရိုင်ဖယ်သေနတ်ကိုင် စစ်သားတွေအဖြစ်ကို ပြောင်းလဲသွားတယ်။ နောက်တော့ သေနတ်ကိုင်တပ်ဖွဲ့က စနစ်တကျစီတန်းလိုက်ပြီးတော့ ခရူးဆိတ်တာလူအုပ်ထဲကို သေနတ်နဲ့ပစ်ပါတော့တယ်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ခရူးဆိတ်ဖုတ်ကောင်တွေဟာ ကြက်ကလေးငှက်ကလေး တွေလိုမျိုးပဲ သဲသောင်ပြင်ပေါ်မှာ လဲကျသေဆုံးကုန်တယ်။ ပါစီဗယ်ဆီကနေ အားရကျေနပ်စွာ ရယ်မောလိုက်တဲ့ ရယ်သံကြီးထွက်ပေါ်လာတယ်။

“ငါ့လူတွေက တကယ့်သူရဲကောင်းတွေပဲကွ။”

“တိတ်စမ်း....” နက်ဆန်ကတော့ အသံကျယ်လွန်းတဲ့ ပါစီဗယ်ကို ပါးစပ်ပိတ်နေဖို့အတွက် သတိပေးလိုက်ပြီး အကာအကွယ်မဲ့နေပြီဖြစ်တဲ့ ရော့ဝဲလ်ဆီကို ပြေးဝင်ပြီး တိုက်ခိုက်လိုက်တယ်။ ရော့ဝဲလ်ကလည်း အပြုံးကြီးကြီးနဲ့ သူ့ကိုပြန်လည် ခုခံတိုက်ခိုက်တယ်။

“မဆိုးဘူး... မဆိုးဘူး... မင်းက ငါ့ကိုတောင် တွန်းလှန်နိုင်လုနီးနီးပဲ။ ဒါပေမဲ့ အခုထိငါ့ကို ထိအောင်မတိုက်နိုင် သေးဘူးပဲ။”

ထန်း... ထန်း... ထန်း... ထန်း...

ဆေဘာဓားနဲ့လမ်းလျှောက်တုတ်ထဲက ဓားငယ်လေးတို့က အကြိမ်ပေါင်းများစွာ လေထုထဲမှာထိတွေ့မိကြပါတယ်။ နက်ဆန်ရဲ့ဓားကအားကောင်းပေမဲ့ ရော့ဝဲလ်ကလည်း အလားတူအားကောင်းနေပြီး သူ့ရဲ့ခိုးရာပါနတ်ဘုရားခန္ဓာ ပေါင်းများစွာကလည်း မထင်ရင်မထင်သလို တန်ပြန် တိုက်ကွက်တွေကို ဖော်ထုတ်နေပါသေးတယ်။

ဘုန်း...

ဧရာမငါးမန်းကြီးတစ်ကောင်က ပင်လယ်ရေထဲကနေ ခုန်တက်လာပြီးတော့ ရော့ဝဲလ်ကို ဓားနဲ့ထိုးမိလုဆဲဆဲ နက်ဆန်ကို လာရောက်နှောင့်ယှက်ပြန်တယ်။ နက်ဆန်က သာသာလေးရှောင်လိုက်ပေမဲ့ အာရုံပြန့်သွားပြီး အာရုံပြန့်နေတဲ့ အခိုက်အတန့်မှာပဲ ရော့ဝဲလ်က ကျောက်သားထုတွေကိုထိန်းချုပ်ပြီး သူ့ကိုနောက်ပြန် ဆုတ်သွားရအောင်လို့ လုပ်ပြန်ပါတယ်။

ကျောက်စိုင်ကျောက်ခဲတချို့ကို နက်ဆန်က ရှောင်လိုက်နိုင်ခဲ့ပေမဲ့ တချို့ကတော့ သူ့ကိုလာရောက် ထိမှန်ပြီးတော့ ဘယ်ဘက်လက်က အရိုးကျိုးသံတစ်ချက်နဲ့ အတူတွဲလောင်းကျသွားတယ်။

“ငါတို့ ဟိုအကွက်ကိုသုံးရအောင်...” ပါစီဗယ်က အကြံပေးလိုက်တယ်။

“ကောင်းပြီလေ...” နက်ဆန်ခွင့်ပြုလိုက်တာနဲ့ သဲသောင်ပြင် မှာ ဖြစ်ပေါ်နေခဲ့တဲ့ ကြီးမားတဲ့တိုက်ပွဲကြီးကအသံတွေ ပျောက်ချင်းမလှပျောက်သွားတယ်။ ရော့ဝဲလ်နဲ့ နက်ဆန်တို့ နှစ်ယောက်လုံးက အဖြူရောင်နယ်မြေကျယ်ကြီးတစ်ခုထဲ ရောက်ရှိသွားပြီးတော့ ရော့ဝဲလ်မျက်နှာပျက်သွားတယ်။

“ငါ့စွမ်းအားတွေ...”

ရော့ဝဲလ်က နတ်ဘုရားခန္ဓာတွေကို ဆင့်ခေါ်ဖို့အတွက် ကြိုးစားလိုက်ပေမဲ့ ဆင့်ခေါ်လို့မရခဲ့ပါဘူး။ နက်ဆန်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပြေးတက်သွားတယ်။

“သေစမ်း....” နက်ဆန်ရဲ့ဓားက ရော့ဝဲလ်ရဲ့နှလုံးသား တည့်တည့်ကိုတိုးဝင်လာတယ်။

“ထန်း...” ရော့ဝဲလ်က သူ့ဓားနဲ့ နက်ဆန်ဓားချက်ကို လမ်းကြောင်းလွှဲလိုက်ပြီး နက်ဆန့်လည်မျိုကို ဓားနဲ့ ထိုးဖောက်လိုက်တယ်။

ရွှတ်...

“ဟမ်...” ဒါပေမဲ့ သွေးတစ်စက်မှ ကျမလာတဲ့အတွက် ရော့ဝဲလ်အံ့ဩသွားတယ်။ နောက်တော့ သူ့မျက်စိရှေ့မှာတင် ဓားကိုင်ထားတဲ့ နက်ဆန်က မျက်နှာမှာ ပက်တီးစည်းထားတဲ့ ဓားကိုင်ဂရိစစ်သားအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရော့ဝဲလ် အခြေအနေကို သဘောပေါက်သွားတယ်။

ဒါပေမဲ့ နောက်ကျသွားခဲ့ပါပြီ...

ခွက်....

ရော့ဝဲလ်ရဲ့ဘယ်ဘက်ကနေ ညာဖြောင့်လက်သီးတစ်ချက် တိုးဝင်လာတယ်။ အံ့အားသင့်နေတဲ့ရော့ဝဲလ်က ခုခံဖို့ မစွမ်းတော့ဘဲ ထိုးနှက်ခံလိုက်ရကာ သူ့ရဲ့အပေါ်သွား နှစ်ချောင်းကျွတ်ကျလာတယ်။

ခဏနေတော့... အဖြူရောင်နယ်မြေကြီးပျောက်သွားပြီ ဖြစ်ပြီးတော့ ရော့ဝဲလ်ရဲ့နတ်ဘုရားခန္ဓာကိုယ်စွမ်းအင်တွေ အရပ်မျက်နှာတိုင်းကို ဖြာထွက်လာတယ်။

“မဖြစ်နိုင်ဘူး.....”

ဘုန်း... ဘုန်း... ဘုန်း....

ရော့ဝဲလ်ရဲ့နတ်ဘုရားခန္ဓာကိုယ်သက်ရောက်မှုကြောင့် ပင်လယ်ကြီးက လှိုင်းတွေထန်လာပြီး မြေပြင်ကတော့ လှုပ်ခါလာပါတယ်။ နက်ဆန်က ဘယ်လိုမှ မဟန်နိုင်တော့ဘဲ လဲကျသွားတော့မယ့်အချိန်မှာပဲ နာတာရှာက သူ့ဘေးနားကို ရောက်လာပြီး ဖေးမထားလိုက်တယ်။

“ရော့ဝဲလ်... ရှင်ရှုံးသွားပြီ။” လို့ နာတာရှာက သတိပေးခဲ့ပေမဲ့ ရော့ဝဲလ်ကတော့ အသိစိတ်လွတ်စွာနဲ့ သူ့စွမ်းအားတွေကို ထုတ်ဖော်နေတုန်း။

ဝှစ်...

ရုတ်တရက်ဆိုသလို မျက်နှာဖုံးနဲ့အမျိုးသမီးက ရော့ဝဲလ်နား ရောက်ရှိလာပြီး ရော့ဝဲလ်ရဲ့ပခုံးပေါ်ကို လက်တင်တယ်။ “အဖေ၊ ကိုယ်ပြောထားတဲ့စကားကိုယ် မေ့သွားခဲ့ပြီလား။”

“ဟင်း....” ဒီတော့မှ ရော့ဝဲလ်က သတိပြန်ဝင်လာပြီးတော့ သူ့စွမ်းအားတွေကို ပြန်ထိန်းသိမ်းလိုက်တယ်။ နာတာရှာက မျက်နှာဖုံးဝတ်အမျိုးသမီးကို ကျေးဇူးတင်တဲ့အနေနဲ့ ကြည့်လိုက်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရော့ဝဲလ်သာ သူ့မှာရှိသမျှ စွမ်းအားတွေကို ဖောက်ခွဲအသုံးပြုခံရရင် ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက်ထွက်သွားနိုင်မှာ မဟုတ်ပါဘူး။

“.....” နက်ဆန်ကတော့ ရူးသွပ်နေသူတစ်ယောက်လိုမျိုး မျက်နှာဖုံးနဲ့အမျိုးသမီးကို ကြည့်နေခဲ့ပါတယ်။ အဲဒီချိုမြိန်တဲ့လေသံမျိုးက သူ့အတွက်သိပ်ကို ရင်းနှီး နေခဲ့ပါတယ်။ သူလူမှန်းသိတတ်စ အရွယ်ကတည်းက သူ့အနားမှာရှိနေခဲ့တဲ့သူတစ်ယောက်ရဲ့အသံမလို့ပါ။

နက်ဆန်ရဲ့ရင်ဘတ်ထဲမှာရှိနေတဲ့ နှလုံးသားက ပုံမှန်ထက် ပိုမိုလှုပ်ရှားလာခဲ့တယ်။ တစ်ဖက်မှာလည်း မျက်နှာဖုံးဝတ် အမျိုးသမီးက သူ့မျက်နှာပေါ်မှာရှိနေတဲ့ အရုပ်ဆိုးတဲ့ မျက်နှာဖုံးကို လက်နဲ့ထိတွေ့လိုက်ပြီး မျက်နှာပေါ်ကနေ တဖြည်းဖြည်းချင်း ဆွဲခွာလိုက်ပါတော့တယ်။

All Chapters