← Chapters

ဖျောင်ရွှယ် တောင်ထိပ်တွင် တိုက်ခ်ုက်ခြင်း

Vol. 18 Ch. 240

ဖျောင်ရွှယ် တောင်ထိပ်တွင် တိုက်ခ်ုက်ခြင်း

Vol. 18 Ch. 240

ပျောင်ပိုင်မြို့ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့၌ ...

လောထျန်း၏ အမိန့်အရမြို့ထဲမှ ထိပ်သီး သိုင်းသမားအဖွဲ့ဝင်များနှင့် လောမိသားစုမှ လူများ စုဝေးရောက်ရှိနေကြ၏။

" ပျောင်ပိုင်မြို့က ကျုပ်တို့တွေ အားလုံးက ကိုယ့်မြို့မှာကိုယ် အေးအေးဆေးဆေးပဲနေပြီး ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကနေ ရန်စတာမျိုး မလုပ်ခဲ့ကြဘူး ။ ဒါပေမယ့် ဒီနေ့မှာ တခြားသူတွေက ကျုပ်တို့မြို့အထိ လာပြီး ရန်စ တိုက်ခိုက်ခဲ့ကြတယ်။ ဒီလိုလုပ်ရပ်မျိုးကို အားလုံး လက်ခံနိုင်ကြရဲ့လား "

လောထျန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

" လက်မခံနိုင်ပါဘူး "

အားလုံးက ဒေါသတကြီး ပြန်အော်ပြော၏။

လောထျန်းက ခေါင်းတစ်ချက် ညိတ်ကာ စကားဆက်လိုက်သည်။

" ကောင်းပြီ ၊ ဒါဆိုရင် အားလုံး အသင့်ပြင်ထားကြပါ။ ပြီးတာနဲ့ သူတို့ဆီသွားပြီး လက်တုန့်ပြန်ကြမယ် "

" ဟုတ်ကဲ့ပါ "

အားလုံးက သံပြိုင်ပြန်အော်လိုက်ကြသည်။ ထို့နောက်  အားလုံး လူစုကွဲသွားကာ မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း တစ်ယောက်တစ်လမ်းစီ ထွက်ခွာသွားကြ၏။

ထျဲနန်ဟွေ့တစ်ယောက်သာ နေရာတွင် ငူငူကြီး ရပ်လျက် ကျန်နေခဲ့သည်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

ထို တခဏတွင် သူ မည်သို့ လုပ်ရမည်မသိ ဖြစ်နေ၏။

တဖက်မှ လောထျန်းကမူ ထွက်သွားကြသည့် လူများကို ကြည့်ကာ ခေါင်းအသာ ညိတ်လိုက်ပြီး သူ့ဘေးမှ ပန်းလင်အား ပြောလိုက်သည်။

" တကယ်လို့ ကျုပ်မှာသာ အဆုံးအစမဲ့ အဆင့်ရှိတဲ့ စိတ်ဝိဥာဥ် ပုလဲလုံး လုံလုံလောက်လောက် ရှိထားရင် ဒီလူတွေအားလုံးကို အဆုံးအစမဲ့ အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတွေအဖြစ် ပြောင်းနိုင်လောက်လား "

ပန်းလင်က လောထျန်းအား ဝေ့ကြည့်ကာ ပြန်ပြော၏။

" အဆုံးအစမဲ့ အဆင့်ရှိတဲ့ ကျင့်ကြံသူတွေ ထောင်ပေါင်းများစွာ ဖြစ်သွားရင်တော့ ဒီ ပျောင်ပိုင်မြို့က ကမ္ဘာပေါ်မှာ နံပါတ် ၁ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာမှာပဲ "

လောထျန်းက ပြုံးလိုက်သည်။

" အဲ့လို ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ဗျ "

သူ့စကားဆုံးသည်နှင့် လေထုကို ခွင်းကာ လာနေကြသည့် အသံများ အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာသည်။

ထို့နောက်တွင်မူ အစောက ထွက်သွားကြသူများ အားလုံး ပြန်ရောက်လာကြ၏။

သူတို့ တစ်ယောက်ချင်းစီမှာလည်း ဟင်းလင်းပြင် လက်စွပ်များ အပြည့်ပါသည့် အိတ်များကို သယ်လာကြသည်။

" ဒါ .. ဘာတွေ လုပ်နေကြတာလဲ "

ထျဲ့နန်ဟွေ့မှာ ထိုမြင်ကွင်းကို ကြည့်ကာ လုံးဝ နားမလည်နိုင် ဖြစ်နေ၏။

သူ့ဘေးနားတွင် ရှိနေသည့် လောမိသားစုမှ လူငယ်လေးတစ်ယောက်က လက်ဗလာနှင့် ထျဲ့နန်ဟွေ့ကို ကြည့်ကာ ပြောလာသည်။

" ဟင် ..ခင်ဗျားလက်ထဲမှာ ဘာမှလဲ ရှိမနေပါလား ၊ ရော့ ကျုပ်ဆီက တစ်ခုယူ "

သူက ပြောပြောဆိုဆိုပင် သူ့လက်ထဲမှ အိတ်တစ်ခုကို ခွဲထုတ်ကာ ထျဲ့နန်ဟွေ့အား ပေးလိုက်သည်။

" ဟင် .. ဒါတွေနဲ့ ဘာလုပ်မလို့လဲ "

ထျဲ့နန်ဟွေ့က အံ့သြတကြီး ပြန်မေး၏။

" ခဏနေရင် သိရပါလိမ့်မယ်ဗျာ "

လူငယ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် လောထျန်းက ပန်းလင်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။

" ကျုပ်တို့ ပြန်မလာခင် ကြားထဲမှာ မြို့ရဲ့ အကာအကွယ် အစီအမံကို အသက်သွင်းပြီးတော့ ဘယ်သူ့ကိုမှ ပေးမဝင်နဲ့နော်။ ဒါကိုမှ ဝင်ဖို့ကြိုးစားရင်လဲ အစီမမံကြောင့် ချက်ချင်း သေရမှာပဲ "

" ကောင်းပါပြီ "

ပန်းလင်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင်မူ လောထျန်းက အားလုံးကို အမိန့်ပေးလိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြ၏။

မကြာမီမှာပင် သူတို့အားလုံး နှင်းများဖုံးလွှမ်းနေသည့် ဧရာမ တောင်တစ်လုံးရှေ့သို့ ရောက်သွားကြတော့သည်။

" ဒါ .. ဖျောင်ရွှယ် တောင်ထိပ်ပဲ .. "

အားလုံးနောက်မှ လိုက်လာသည့် ထျဲ့နန်ဟွေ့မှာ အကြည့်တစ်ချက်ဖြင့်ပငါ ထိုနေရာအား မှတ်မိသွားသည်။

ထိုအချိန်မှာပင် .. အားလုံးရှေ့မှ လောထျန်းက ဖျောင်ရွှယ် တောင်တံခါးဝဆီသို့ လျှောက်သွား၏။

ချွှင် ..

လောထျန်း ရောက်သွားသည်နှင့် ဓားစွမ်းအင်တစ်ခုက သူ့ရှေ့သို့ ကျလာသည်။

" ရပ်လိုက်စမ်း ၊ ဒီနေရာက ဖျောင်ရွှယ်တောင်ရဲ့ အရေးကြီးတဲ့ နေရာတစ်ခုပဲ။ မင်းတို့က ဘယ်သူတွေလဲ ၊ ဘာမို့လို့ ဒီနေရာကို လာရဲရတာလဲ ။ ရှေ့ကို တစ်လှမ်း ဆက်တိုးရဲရင် တိုးကြည့် ၊ တိုးလာတာနဲ့ မင်းတို့အားလုံးကို ဘာမှ ညာှာတာမနေလဲ အကုန်သတ်ပစ်မှာ "

တောင်တံခါးဝကို စောင့်ကြပ်နေသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက အားလုံးကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

လောထျန်းက ထိုလူကြီးကို ကြည့်ကာ လက်ချောင်းတစ်ချောင်းတည်း အသာမြှောက်လိုက်သည်။

ဘုန်း ...

တစ်စက္ကန့်မျှ အကြာမှာပင် ထိုလူကြီး နောက်သို့ လွင့်ထွက်သွားပြီး တောင်တံခါးကြီးနှင့် ရိုက်မိသွားတော့သည်။

ထို့နောက် သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာကာ နေရာတွင်ပင် သေဆုံးသွားတော့၏။

" ငါ့ကို လာခြိမ်းခြောက်တယ်ပေါ့လေ ၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ"

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

ထိုအချိန် သူ့ဘေးတွင် ရပ်နေသည့် လောရုံက လောထျန်းအား စိတ်ညစ်သွားသည့် မျက်နှာကြီးဖြင့် ကြည့်ကာ ပြောလာ၏။

" သခင်လေး ၊ ဘာတွေ လုပ်နေတာလဲဗျ "

" အင် .. "

လောထျန်း အံ့အားသင့်သွားကာ လောရုံအား လှည့်ကြည့်လိုက်သည်။

လောရုံက ခေါင်းယမ်း၍  ကျိုးပဲ့သွားသော တောင်တံခါးဆီသို့ လျှောက်သွား၏။ ထို့နောက် ကျောက်တုံးအကျိုးများကို တယုတယ ကိုင်ကာ ပြောလိုက်သည်။

" ဒါတွေအားလုံးက ကျုပ်တို့ ပျောင်ပိုင်မြို့ရဲ့ ပိုင်ဆိုင်မှုတွေလေ ၊ ဘာလို့ အဲ့လို ပျက်စီးအောင် လုပ်ပစ်ရတာလဲဗျာ "

လောထျန်းမှာ ခေတ္တမျှ အံ့အားသင့်နေပြီးနောက်မှသာ ခေါင်းညိတ်၏။

" မင်း ပြောတာ မှန်တယ် ၊ နောက်ခါတွေ တိုက်ခိုက်ရင် ငါ ပိုပြီး သတိထားရမယ် "

သူတို့နှစ်ဦး ပြောနေကြစဥ်မှာပင် ထောင်ထိပ်ဘက်မှနေ၍ လေထုကို ခွင်းကာ လာနေသည့်အသံများ မရေမတွက်နိုသ်အောင် ထွက်ပေါ်လာသည်။

" ငါ့ရဲ့ ဖျောင်ရွှယ်တောင်မှာ ဘယ်သူက ခုလို ရိုင်းရိုင်းစိုင်းစိုင်း လာပြုမူ ရဲနေတာလဲ "

အသံတစ်သံ ထွက်လာပြီးနောက် နှင်းဖုံးနေသည့် တောင်ရှေ့တွင် ရုပ်တရက် လေပြင်းများ တိုက်ခတ်လာပြီး နှင်းများလည်း ကျလာ၏။ ပတ်ဝန်းကျင် အပူချိန်မှာလည်း ရုတ်ချည်း လျော့ကျသွားသည်။

အားလုံးက ခေါင်းမော့ကြည့်လိုက်ကြရာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်ရှည်ကို ချထားသည့် အဘိုးအိုတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသည်။

သူ့အနောက်တွင်လည်း ​မြောက်များစွာသော အခြား အဘိုးအိုများ ရှိနေကြပြီး သူတို့ တစ်ယောက်ချင်းစီ၏ ကိုယ်အရောင်အဝါများကလည်း အလွန်အစွမ်းထက်နေကြသည်။

" အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူ လေးယောက်တောင်ပါလား "

၎င်းကို မြင်သည်နှင့် လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောက်လက်သွား၏။

တဖက်မှ အဘိုးအိုက လောထျန်းအား ခေါင်းစခြေဆုံး ဝေ့ဝဲကြည့်လိုက်ပြီးနောက် .. ထျဲ့နန်ဟွေ့ဘက် ဆက်လှည့်လိုက်သည်။

" ထျဲ့နန်ဟွေ့ .. မင်း လုပ်လိုက်တာလား ၊ မင်းက ငါတို့ ဖျောင်ရွှယ်တောင်ကို စော်ကားရဲတယ်ပေါ့လေ ။ မင်း သေချင်နေပြီနဲ့တူတယ် ၊ ဟုတ်လား "

အဘိုးအို ဒေါသတကြီး အာ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ထျဲ့နန်ဟွေ့က သက်ပြင်းချပြီး ပြန်ပြော၏။

" သခင်ကြီး ချီဖုန်း ၊ ကျုပ်နဲ့ ခင်ဗျားနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားလူတွေမို့ အကြံတစ်ခုတော့ ပေးလိုက်ချင်တယ်။ အခုချက်ချင်း ဒူးထောက်ပြီး ကိုယ့်အမှားကိုယ် ရိုးရိုးသားသား ဝန်ခံလိုက်ပါ။ ဒါဆိုရင် ခင်ဗျားအတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်လေး နည်းနည်း ရှိနိုင်သေးတယ် "

ကြားလိုက်ရသည့် စကားကြောင့် သခင်ကြီး  ချီဖုန်းမှာ စစချင်း အလွန်အံ့အားသင့်သွားသည်။ ထို့နောက်တွင်မူ သူ ဒေါသတကြီး ရယ်ကာ ပြောလာ၏။

" ထျဲ့နန်ဟွေ့  .. မင်း ရူးသွားပြီလား ။ ငါ ဒူးထောက်ရင် အသက်ရှင်နိုင်ချေ ရှိသေးတယ် .. ဟုတ်လား ။ ငါ့ကို ဘယ်သူက သတ်မှာလဲ ပြောစမ်းပါဦး ၊ မင်းလား '

ထျဲ့နန်ဟွေ့က မည်သို့မှ ပြန်​မပြောနိုင်ခင်မှာပင် သူ့ဘေးမှ လောထျန်းက တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်သည်။

" ဖျောင်ရွှယ်တောင် ၊ ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးလေးတောင် မပေးဘူးလို့ မပြောနဲ့နော်။ နောက် ဆယ်စက္ကန့်အတွင်းမှာ ဖျောင်ရွှယ်တောင်က ထာဝရ ထွက်သွားမယ်လို့ ကတိပေးနိုင်တဲ့သူက အသက်ချမ်းသာရာရမယ် "

သခင်ကြီး ချီဖုန်းမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်ပြီး လောထျန်းအား ကြည့်လိုက်သည်။

" လူငယ်လေး ၊ မင်းက ဘာဖြစ်လို့ ဒီလောက် မောက်မာနေရတာလဲ ။ မင်းက ဘယ်သူမို့လို့လဲ "

သူ အေးစက်စက်အသံဖြင့် မေးလာ၏။

" ခင်ဗျားအတွက်  စက္ကန့် နည်းနည်းလောက် ကျန်သေးတယ်နော် "

လောထျန်းက သူ့အမေးကို ဂရုမစိုက်ဟန်ဖြင့် အေးအေးလူလူ ပြန်ပြောသည်။

" မင်း .. ဘာပြောလိုက်တယ် "

" ၅ စက္ကန့် .. "

" မင်း .. "

သခင်ကြီး ချီဖုန်းမှာ ဒေါသကို ဆက်မထိန်းနိုင်တော့ဘဲ နဖူးကြောကြီးများပင် ထောင်လာ၏။

" သုံးစက္ကန့် .. "

ထိုအချိန်မှာပင် သခင်ကြီး ချီဖုန်းက ကျယ်လောင်စွာ အော်ရယ်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

"  ကောင်းတယ်ကွာ ။ ငါဆိုတဲ့ ဖျောင်ရွှယ် ဂိုဏ်းချုပ်က လူတွေအများကြီးကို မသတ်တာ ကြာနေပြီဆိုတော့ ကမ္ဘာကြီးက ငါ ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာကို မေ့သွားကြပြီနဲ့တူတယ်။ ဘာမဟုတ်တဲ့ ခွေးတွေ ကြောင်တွေကတောင် ဒီကိုလာပြီး လာခြိမ်းခြောက်ရဲနေတာ ဆိုတော့ ။ ကဲ .. ဒီလိုဆိုမှတော့လဲ မင်းတို့ကို ငါကိုယ်တိုင် ကိုင်တွယ်ပေးရတော့မှာပေါ့ "

သူက ထိုသို့ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ဝုန်း ..

ချက်ချင်းဆိုသလိုပင် .. အဆုံးအစမဲ့သော အေးစက်သည့် လေထုကြီး ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင် လောထျန်းက ခေါင်းမော့၍ အေးအေးလူလူ ပြောလိုက်သည်။

" ကဲ .. အချိန်ပြည့်သွားပြီ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

" ရေခဲ .. "

သခင်ကြီး ချီဖုန်းကလည်း လက်ဝေ့ယမ်း၍ လောထျန်းအား ဖိနှိပ်ရန် ပြင်လိုက်၏။

သို့သော် .. ထိုအချိန်မှာပင် ဓားစွမ်းအင် တစ်စိတ်တပိုင်းက လေထဲသို့ မျောလွင့်လာသည်။

အု ...

ထို့နောက်တွင်မူ ၎င်းဓားစွမ်းအင်က သခင်ကြီး ချီဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားတော့သည်။

သခင်ကြီး ချီဖုန်းက တအံ့တသြ ခေါင်းမော့ကြည့်လိုက်သည့် အချိန်တွင်မူ လောထျန်းက သူ့ဘေးသို့ပင် ရောက်နေလေပြီ။ တစ်ချိန်တည်းမှာပင် လောထျန်းက သူ့ခေါင်းအား ဖမ်းဆုပ်လိုက်၏။

" သွားသေလိုက်တော့ "

လောထျန်းက ပေါ့ပါ့ပါးပါးပင် ဆိုလိုက်သည်။

ထို့နောက်တွင်မူ ... သခင်ကြီးချီဖုန်း၏ အရောင်အဝါ ပျောက်ကွယ်သွားကာ လောထျန်းလက်ထဲတွင် စိတ်ဝိဥာဥ်ပုလဲလုံးတစ်ခု ပေါ်လာတော့၏။

" ဘာတွေဖြစ် ... "

သခင်ကြီး ချီဖုန်းနောက်တွင် ရှိနေသည့် ကျင့်ကြံသူ အဘိုးအိုနှစ်ယောက် အလွန်ကြောက်လန့် တုန်လှုပ်သွားကြသည်။

သို့သော် လောထျန်းက သူတို့ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝ မပေးဘဲ သူတို့နောက်သို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။

သွေးများ ဖြာထွက်သွားကာ လောထျန်း၏ လက်ထဲတွင် စိတ်ဝိဥာဥ်ပုလဲလုံး နှစ်ခု ထပ်တိုးလာ၏။

တစ်ချိန်တည်းမှာပင် လောထျန်းက နောက်ဆုံး ကျန်နေသည့် အဆုံးအစမဲ့အဆင့်မှ ကျင့်ကြံသူအား လှမ်းကြည့်လိုက်သည်။

ထိုလူ၏ မျက်နှာထားက ချက်ချင်းပင် ပြောင်းသွား၏။ လောထျန်းက မည်သူ ဆိုသည်ကို သူ မသိသည့်တိုင် သူ့အနေဖြင့် လောထျန်းအား စော်ကားရန်စ၍ မဖြစ်ကြောင်းကိုမူ ကောင်းကောင်းကြီး သိလိုက်ရလေပြီ။

သူ ချက်ချင်း အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

" ခဏလေး နေပါဦး သခင်လေး ၊ ကျုပ်က ဖျောင်ရွှယ်တောင်က မဟုတ်ပါဘူး "

လောထျန်း၏  လက်က လေထဲတွင် ရတ်တရက် ရပ်သွားကာ ထိုလူအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

" တကယ်ပြောနေတာပါ သခင်လေး ၊ ကျုပ် ကျိန်ရဲပါတယ်။ ကျုပ်က ဖျောင်ရွှယ်တောင်က လုံးဝ မဟုတ်ပါဘူး "

လောထျန်းက မည်သို့မှ ပြန်မပြောဘဲ တိတ်နေသဖြင့် ထိုလူက ချက်ချင်းပင် ကျိန်ပြ၏။

လောထျန်းက ခေါင်းအသာ ညိတ်လိုက်သည်။

" ကျုပ်က ဖျောင်ရွှယ်တောင်ကို လက်တုန့်ပြန်ဖို့အတွက် လာခဲ့တာ။ တကယ်လို့ ခင်ဗျားက ဖျောင်ရွှယ်တောင်က မဟုတ်ဘူးဆိုရင် ဒီကနေ ထွက်သွားလ်ု့ရတယ် "

အဘိုးအိုမှာ ထိုအချိန်မှသာ သက်ပြင်းရှည်ကြီး ချနိုင်သွား၏။

" ကျေးဇူးတင်ပါတယ် သခင်လေး ၊ ကျုပ် နာမည်က ချန်ဟဲ့ကျန် လ်ု့ ခေါ်ပါတယ်။ ကျုပ်က ရွှယ်မင်ဂိုဏ်းရဲ့ လက်တောင်ဂိုဏ်းချုပ် တစ်ယောက်ပါ။ တကယ်လို့ ရှေ့လျှောက် သခင်လေးအနေနဲ့ ခိုင်းစရာ ကိစ္စတစ်ခုခု ရှိလာရင်လဲ ကျုပ် သခင်လေးရဲ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ် "

သူက ထိုသို့ပြောကာ နောက်လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် .. လောထျန်းက သူ့ဘက် ချက်ချင်း လှည့်ကြည့်ကာ မေးလာ၏။

" ခဏနေဦး ၊ခင်ဗျားက ဘယ်ဂိုဏ်းကလို့ ပြောလိုက်တာလဲ "

All Chapters