မြောက်ပိုင်းဒေသ မသေမျိုး
Vol. 18 Ch. 242
" အကိုလောရုံ ပြောတ မှန်တယ် "
" ကောင်းကင်ဘုံ တံခါးဝ အဆင့်က ကျင့်ကြံသူရဲ့ အမွေအနှစ်လေး ..ငါလဲ လိုချင်လိုက်တာ "
" အဲ့လိုမှန်းသိရင် ငါလဲ မိလ္လာကျင်း တူးတဲ့အဖွဲ့နဲ့ လိုက်သွားပါတယ်ကွာ "
လူငယ်တစ်စုက နောက်တရနေဟန်ဖြင့် သက်ပြင်းများ ချလိုက်ကြသည်။
" ကဲ ..ပြဿနာတွေ အားလုံးလဲ ဖြေရှင်းပြီးသွားပြီဆိုတော့ ပြန်ကြစို့ဟေ့ "
လောထျန်းက အသံကျယ်ဖြင့် ဆော်သြလိုက်သည်။
အားလုံးကလည်း သူ့ အမိန့်ကို လိုက်နာကာ ကွေ့ဟိုင်တောင်မှ ထွက်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့ ဝင်သွားကြ၏။
လောထျန်းတို့ လူစု ထွက်သွားပြီး မကြာခင်မှာပင် ဟွမ်ဟိုင်က ကွေ့ဟိုင်တောင်ပေါက်ဝသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။
" အဲ့လောက် မြန်မြန်နဲ့ ဖျက်ဆီးခံလိုက်ရတာလား ၊ စိတ်မကောင်းစရာပဲကွာ "
တောင်ကတုံးအဖြစ်သာ ကျန်တော့သည့် ကွေ့ဟိုင်ဂိုဏ်းကို ကြည့်ကာ သူ ရေရွတ်လိုက်သည်။
" ငါ သတင်းဖြန့်ထားတာတောင် ဘယ်လောက်မှ မကြာသေးဘူး ။ ကွေ့ဟိုင်ဂိုဏ်းက လောဘကြီးတယ် ဆိုပေမယ့် .. ခုလိုကြီး လုပ်ပစ်တာကတော့ .... "
ဟွမ်ဟိုင်က တစ်ယောက်တည်း ရေရွတ်ရင်း နဖူးမှ ချွေးများ သုတ်လိုက်၏။
" တခြား နှစ်ဖွဲ့ကိုရော သွားကြည့်ရမယ် "
စကားဆုံးသည်နှင့် သူ့ပုံရိပ်က အမည်းရောင် မြူမှုန်များအဖြစ် ပြောင်းသွားတော့သည်။
မကြာမီမှာပင် .. ဟွမ်ဟိုင်တစ်ယောက် ရွှယ်မင်ဂိုဏ်းရှေ့၌ ပေါ်လာသည်။
" ဒီမှာရော ဖျက်ဆီးခံရတာလား "
သူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
" ရွှယ်မင်ဂိူဏ်းဆိုတာ ကွေ့ဟွမ်ဂိုဏ်းထက် အများကြီး ပိုအင်အားကြီးတဲ့ အဖွဲ့တစ်ခုပဲ။ ဒါတောင် သူတို့က ပျောင်ပိုင်မြို့တော်တပ်ဖွဲ့ရဲ့ ဖျက်ဆီးတာကို ခံခဲ့ရတာပါလား။ ဒီလောထျန်းက နည်းနည်းတော့ လွန်နေပြီ ... "
ဟွမ်ဟိုင်မှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားပြန်သည်။
ထို့နောက်တွင်မူ .. သူ ဖျောင်ရွှယ်တောင်ထိပ်သို့ ရောက်လာ၏။
" ဖျောင်ရွှယ်တောင်ကလဲ ထင်ထားသလိုပါပဲလား "
သူ အောင့်သက်သက် ပြုံးလိုက်ရသည်။
သူသည် အစပိုင်းတွင် ထိုအဖွဲ့များကို အသုံးချပြီး လောထျန်းအား ရှင်းထုတ်ရန် စဥ်းစားထားခဲ့သော်လည်း ... မျှော်လင့်မထားစွာပင် ထိုအဖွဲ့များ အားလုံးက လောထျန်း၏ လက်ချက်ကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
" ဘာဆက်လုပ်ရမလဲ ... အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူတွေတောင် တစ်စက္ကန့်လောက်နဲ့ အသေသတ် ခံလိုက်ကြရတာ ။ ပြီးတော့ ဖျောင်ရွှယ်တောင်လို အင်အားကြီး အဖွဲကလဲ ဖျက်ဆီးခံခဲ့ရတာပဲ ။ အင်း .. ဒီတိုင်းဆိုရင်တော့ ကောင်းကင်ဘုံ တံခါးဝ အဆင့်က ကျင့်ကြံသူ တစ်ယောက် ၊ နှစ်ယောက်လောက် လာရင်တောင် ဘာမှ အသုံးဝင်မယ်မထင်ဘူး "
" ဟူး ... မသေမျိုးတစ်ယောက် ရောက်မလာမချင်း ငါ လောထျန်းကို သတ်လို့ရမှာ မဟုတ်ဘူးပဲ ။ မသေမျိုးကို ဘယ်မှာ သွားရှာရပါ့ "
ဟွမ်ဟိုင်မှာ ရူးသွားတော့မလိုပင် ခံစားလိုက်ရ၏။
ထိုအချိန်မှာပင် ...
ဘုန်း ...
ခပ်လှမ်းလှမ်းမှ အသံကျယ် တစ်သံ ထွက်ပေါ်လာသည်။
ဟွမ်ဟိုင် လန့်သွားပြီး ချက်ချင်း အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံမှ လာနေသည့် ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော အစောင့်အကြပ်တစ်ယောက် ကို တွေ့လိုက်ရသည်။
" ဟင် .. ဒီနေရာက ဖျောင်ရွှယ်တောင် မဟုတ်ဘူးလား "
ရွှေရောင်သံချပ်ကာနှင့် အစောင့်အကြပ်ကြီးမှာ အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဤနေရာတွင် ရှိနေသင့်သည့် ဖျောင်ရွှယ်တောင်က အဘယ့်ကြောင့် တောင်ကတုံးကြီး ဖြစ်နေရပါသနည်း။
ဝှစ် ..
ထိုတခဏတွင် ခပ်လှမ်းလှမ်းမှ ဟွမ်ဟိုင်အား သူ မြင်သွား၏။
" ဟင် .. ဒါတွေက မင်းလက်ချက်လား "
ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက အေးစက်စက် မျက်နှာဖြင့် မေးလိုက်သည်။
" ဘယ်ဟုတ်ပါ့မလဲဗျာ။ ကျုပ်မှာ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းမျိုး ရှိမှ မရှိတာ ။ ဒါနဲ့ သခင်ကြီးက ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ "
ဟွမ်ဟိုင်က မေးလိုက်သည်။
" ငါလား ၊ ငါက မသေမျိုး သခင်ကြီးရဲ့ အမိန့်ကို သတင်းပို့ဖို့ လာခဲ့တာကွ "
အစောင့်အကြပ်ကြီးက ဂုဏ်ယူစွာ ဆိုသည်။
" မသေမျိုးရဲ့ အမိန့် ဟုတ်လား .. ။ ဒီအမိန့်က ကျုံ့ကျိုးဒေသဘက်က လာတာလား ၊ တောင်ပိုင်းဒေသ မသေမျိုးဆီက လာတာလားဗျ "
ဟွမ်ဟိုင်က အံ့သြတကြီး မေးလိုက်သည်။
အစောင့်အကြပ်ကြီးက သူ့ကို အေးစက်စက်ကြည့်ကာ ပြောလာ၏။
" မြောက်ပိုင်းဒေသက "
ဟွမ်ဟိုင် လန့်သွားပြီး ထပ်မေးလိုက်သည်။
" ဟင် .. မြောက်ပ်ုင်းဒေသကလား .. ၊ ဒါပေမယ့် မြောက်ပိုင်းဒေသမှာ မသေမျိုးမှ မရှိတာပဲဗျာ "
ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်က အေးစက်စက် ပြန်ပြောလာ၏။
" အခု ရှိသွားပြီ "
ဟွမ်ဟိုင် အလွန်လန့်သွားသည်။
ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံတံခါးဝ အဆင့်သို့ ရောက်သွားသည်နှင့် ပိုမြင့်သည့် အဆင့်သို့ တက်ရန် အခွင့်အရေး ရသွားပြီဖြစ်ပါသည်။
ထိုအဆင့်သို့ တက်သွားသည်နှင့် မသေမျိုးတစ်ယောက် ဖြစ်လာနိုင်သည့် အခ္ငင့်အရေးလည်း ပိုတိုးသွား၏။
သို့သော် ပိုမြင့်သည့် အဆင့်သို့ တက်ပြီးသွားလျှင်မူ အထူးအခွင့်ရေး ရမှသော်လည်းကောင်း၊ အလွန်အင်မတန် အစွမ်းထက်မှသော်လည်း အောက်သို့ ပြန်ဆင်းနိုင်ပါသည်။
သို့သော် .. ထို အပေါ်အဆင့်သို့ မတက်ဘဲ ဤကမ္ဘာထဲတွင်ပင် ဆက်နေလျှင်မူ မသေမျိုးတစ်ယောက် ဖြစ်လာရန် ပြောမပြနိုင်လောက်အောင် ခက်ခဲ၏။
ဟိုး ..ရှေးယခင်မှစ၍ ယနေ့ထက်ထိတိုင် ထိုသို့ ဤကမ္ဘာတွင်ပင် ဆက်နေပြီး မသေမျိုး ဖြစ်လာနိုင်သူမှာ ဆယ်ယေုက်ဝန်းကျင်ခန့်သာ ရှိပေသည်။
ထို့အပြင် ထို မသေမျိုး အများစုမှာ လူရှေ့သို့ပင် ထွက်လာလေ့ မရှိကြပါချေ။
မြောက်ပိုင်းဒေသတွင်မူ .. ရှေးယခင်က မသေမျိုးတစ်ယောက် ရှိဖူးခဲ့သော်လည်း ၎င်းက ကျရှုံးသွားခဲ့သည်မှာ ကြာခဲ့လေပြီ
ယခု .. မြောက်ပိုင်းဒေသတွင် နောက်ထပ် မသေမျိုးတစ်ယောက် ထပ်ရှိနေသည်လား ။
" သခင်ကြီး ၊ ဒီ မြောက်ပိုင်းဒေသက မသေမျိုးက ဘယ်သူများလဲ ခင်ဗျာ "
ဟွမ်ဟိုင်က မေးလိုက်သည်။