မြောက်ပိုင်းနန်းတော်
Vol. 18 Ch. 243
ဟွမ်ဟိုင်၏ မေးခွန်းကို ကြားသည်နှင့် ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကြီးက ခေါင်းမော့ရင်ကော့ကာ ဂုဏ်မောက်နေဟန်ဖြင့် ဖြေလိုက်သည်။
" မိုးကြိုးဘုရင်ပဲကွ "
......
တဖက်ရှိ မြောက်ပိုင်းဒေသ နတ်ဘုရားမြို့တော်၌ ...
နတ်ဘုရားမြို့တော်မှာ မြောက်ပိုင်းနတ်ဘုရားဒေသတွင် လက်ရှိ ရှိနေဆဲဖြစ်သည့် တစ်ခုတည်းသော မြင့်မြတ်နယ်မြေ ဖြစ်ပါသည်။
အစွမ်းတစ်ခုတည်းကို ကြည့်လျှင်မူ ၎င်းနှင့် ကျုံ့ကျိုးဒေသမှ မြင့်မြတ်နယ်မြေ တို့ ကြားတွင် ကွာဟချက်များစွာ ရှိနေပါသေး၏။
သို့သော် ..မြောက်ပိုင်းဒေသတွင်မူ ၎င်းက လွန်ခဲ့သော နှစ်များအတွင်း အားလုံး၏ အရှင်သခင် ဖြစ်နေခဲ့သည်။
မည်သို့ပင်ဆိုစေ .. လက်ရှိ ယနေ့တွင်မူ မြင့်မြတ်နယ်မြေထဲမှ မြို့စားကြီး သုံးယောက်လုံးမှာ စိုးရိမ်နေသည့် မျက်နှာထားကိုယ်စီ ရှိနေကြ၏။
သူတို့ရှေ့တွင်မူ စာလိပ်တစ်ခု ရှိနေသည်။
ထိုစာရွက်လိပ်မှ ညှို့ယူဖမ်းစားနိုင်သည့် မှော်အစွမ်းတစ်ခုလည်း ထုတ်လွှတ်နေ၏။
၎င်းမှာ စစ်မှန်သော မသေမျိုးတစ်ယောက်၏ အစွမ်းပင် ...
မသေမျိုးအဆင့် ကျင့်ကြံခြင်းသို့ ရောက်ရှိပြီးထားသူများကသာ ထိုသိုါသော အစွမ်းကို ထုတ်လွှတ်နိုင်စွမ်း ရှိပါသည်။
" မင်းတို့နှစ်ယောက် ဘယ်လိုထင်ကြလဲ "
ပထမမြို့စားကြီး ရှန့်လင်ကျိုးက စမေးလာသည်။
" ဒီ မသေမျိုးစာလိပ်က ထုတ်နေတဲ့ မသေမျိုး အစွမ်းက မိုးကြိုးဘုရင်ရဲ့အရောင်အဝါဆိုတာ အမှန်ပဲဗျ။ ကြည့်ရတာ .. သူ မသေမျိုးတစ်ယောက် ဖြစ်သွားပြီ ဆိုတဲ့ သတင်းက အမှန်နဲ့တူတယ် "
ဒုတိယမြို့စားကြီး ဖြစ်သည့် စီမာ ထျန်းချန်က မျက်နှာသုန်မှုန်စွာဖြင့် ပြန်ပြောလိုက်သည်။
တတိယ မြို့စားကြီး ချူကျင်းထောင် ကလည်း ရုတ်တရက် မတ်တပ်ထရပ်ကာ ပြော၏။
" မိုးကြိုးဘုရင်ရဲ့ ပါရမီနဲ့ အကျင့်စရိုက်နဲ့ဆို ဒီကမ္ဘာကြီးမှာ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလေ "
ရှန့်လင်ကျိုးက ချက်ချင်းလက်ကာပြကာ ဝင်တားသည်။
" ညီလေး ၃ .. စိတ်လျှော့ပါကွာ။ဒီလို စကားမျိုးကို လွယ်လွယ်လေးနဲ့ မပြောသင့်ဘူးကွ "
မိုးကြိုးဘုရင်သည် အလွန်အငြိုးကြီးသော သူတစ်ယောက် ဖြစ်ပေရာ .. အကယ်၍ ချူကျင်းထောင်ကသာ သူ့အကြောင်းအား ထိုသို့ပြောသည်ကို သိသွားခဲ့ပါက လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ပါချေ။
ချူကျင်းထောင်က နှာခေါင်းရှုံ့ကာ ဒေါသတကြီး ပြန်ထိုင်ချလိုက်၏။
ထိုအချိန်မှာပင် စီမာ ထျန်းချန်က ပြောလာသည်။
" လောလောဆယ်က ဒီကိစ္စကို မကျေမနပ် ဖြစ်နေရမယ့် အချိန်မဟုတ်သေးဘူး ။ အခု မသေမျိုးတစ်ယောက် ဖြစ်လာတဲ့ မိုးကြိးဘုရင်က မြောက်ပိုင်းနန်းတော်ကို ပြန်ဖွင့်ခိုင်းနေတာလေ ၊ သူက ဘာရည်ရွယ်ချက်နဲ့ အဲ့လို လုပ်ခိုင်းနေတယ်လို့ ထင်လဲ "
ချူကျင်းထောင်က အေးစက်စက် ဝင်ပြော၏။
" တခြား ဘာရည်ရွယ်ချက် ရှိဦးမှာလဲဗျာ ၊ ဘိုးဘေးရဲ့ မသေမျိုး ဓားအတွက်ပဲပေါ့ ။ဒီ မိုးကြိုးဘုရင်က မုန်းစရာ ကောင်းလိုက်တာဗျာ။ အခု မသေမျိုးတစ်ယောက် ဖြစ်သွားတာနဲ့ပဲ ကျုပ်တို့ နတ်ဘုရားမြို့တော်ရဲ့ မသေမျိုးလက်နက်ကို လာ လိုချင်နေတယ်။ အကိုကြီး ၊ ကျုပ်ကတော့ မြောက်ပိုင်းနန်းတော်ကို မဖွင့်သင့်ဘူးလို့ ထင်တယ်ဗျာ ။ ဘိုးဘေးရဲ့ မသေမျိုးဓားကို ဒီလူ့လက်ထဲ အရောက်ခံလို့ မဖြစ်ဘူး "
ရှန့်လင်ကျိုးမှာ ခေတ္တမျှ အသံတိတ်နေသေး၏။ ထို့နောက်မှသာ သူ အောင့်သက်သက်ပြုံး၍ ပြောလိုက်သည်။
" ညီလေး ၃ ၊ ငါလဲ မသေမျိုးဓားကို လက်မလွတ်ချင်ပါဘူးကွာ။ ဒါပေမယ့် ဒီ မသေမျိုး အမိန့်မှာ သူ ရေးထားတာကိုလဲ ကြည့်လိုက်ဦး။ ငါတို့က မြောက်ပိုင်းနန်းတော်ကို ဖွင့်မပေးရင် သူက နတ်ဘုရားမြို့တော် တစ်ခုလုံးကို ဖျက်ဆီးပစ်မှာတဲ့ကွ ။ အခု လက်ရှိမှာ နတ်ဘုရားမြို့တော်ကို ကောင်းကင်ဘုံတံခါးဝ အဆင့် ကျင့်ကြံခြင်းရှိတဲ့ ငါတို့ သုံးယောက်က စောင့်ကြပ်နေတာ ဆိုပေမယ့် တကယ့် မသေမျိုးတစ်ယောက်နဲ့ ယှဥ်လိုက်ရင် ငါတို့က အစွမ်းနိမ့်လွန်နေသေးတယ် "
စကားဆုံးသည့် အချိန်တွင်မူ သူတို့ သုံးယောက်လုံး မည်သို့မှ ပြန်မပြောနိုင်ဘဲ တိတ်သွားကြ၏။
ဒေါသကြီးသူ တစ်ယောက်ဖြစ်သည့် ချူကျင်းထောင်သည်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
သူတို့၏ မြောက်ပိုင်းနတ်ဘုရားမြို့တော်မှာ ဒုက္ခနှင့် ကြုံနေရလေပြီ .. ။
ဤသို့ဖြင့် အချိန်အတန်ကြာ တိတ်နေပြီး နောက်မှသာ Siam ထျန်းချန်က ရုတ်တရက် စကားစလာ၏။
" အကိုကြီး ၊ အခြေအနေက ခုလိုတွေ ဖြစ်လာတာဆိုတော့ ကျုပ်တို့ဘက်ကလဲ စွန့်စားပြီး လောင်းကြေးထပ်မှ ရတော့မယ်ဗျာ "
" လောင်းကြေးထပ်မယ် .. ဘယ်လို လောင်းကြေးမျိုးလဲ "
ရှန့်လင်က တအံ့တသြ ပြန်မေးလိုက်သည်။
Siama ထျန်းချန်က စကားဆက်၏။
" မြောက်ပိုင်းနန်းတော်ကို ဖွင့်လိုက်မယ်ဗျာ "
သူ ထိုသို့ ပြောလိုက်သည်နှင့် ချူကျင်းထောင်က မကျေမနပ်ပုံဖြင့် ချက်ချင်း ပြန်ပြောလာသည်။
" အကို ၂ ဒါက ဘယ်လ်ု အကြံလဲဗျာ "
စီမာ ထျန်းချန်က သူ့ကို လက်ကာပြကာ စကားဆက်၏။
" ငါ ပြောလို့ မပြီးသေးဘူးကွ ။ ငါတို့တွေ မြောက်ပိုင်းနန်းတော်ကို ဖွင့်လိုက်မယ် ၊ ဒါပေမယ့် မိုးကြိုးဘုရင်ကြီး တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ မြောက်ပိုင်းဒေသမှာ ရှိတဲ့ ပါရမီ ထူးချွန်တဲ့ လူတွေအားလုံးကို အတူတူ ဝင်ခိုင်းလိုက်မယ်ကွာ "
" ဘိုးဘေးက သူ့ဓားကို မြောက်ပိုင်းနန်းတော်ထဲမှာ ထားခဲ့ရတဲ့ ရည်ရွယ်ချက်ကလဲ အဲ့ဒီဓားရဲ့ ဆက်ခံသူကို ရှာချင်လို့ပဲလေ။ ငါထင်တာတော့ ဘိုးဘေးက နန်းတော်ထဲမှာ သူ့ရဲ့ နတ်ဘုရား အသိဉာဏ်တချို့ကို ချန်ထားခဲ့တယ် ထင်တယ်ကွ "
" ဒီတော့ ..တကယ်လို့ မြောက်ပိုင်းဒေသထဲမှာ ဘိုးဘေးရဲ့ နတ်ဘုရားအသိဉာဏ်ကို လှုပ်နိုးနိုင်တဲ့သူသာ ရှိမယ်ဆိုရင် .. သူက မသေမျိုးဓားကို သုံးပြီး မိုးကြိုးဘုရင်ကိုပါ သတ်ကောင်း သတ်နိုင်သွားမှာကွ ။ ပြောလို့မရဘူး "
သူ့စကားဆုံးအောင် နားထောင်ပြီးသည်နှင့် ရှန့်လင်ကျိုးနှင့် ချူကျင်းထောင် တို့၏ မျက်လုံးများ အရောက်လက်သွားကြသည်။
" အကို ၂ ရဲ့ အကြံအစည်က တကယ်ကောင်းတာပဲဗျ "
ချူကျင်းထောင်က လက်မနှစ်ချောင်း ထောင်ပြကာ ပြော၏။
ရှန့်လင်ကျိုးကလည်း အပြုံးဖြင့် ဆိုလိုက်သည်။
" ကောင်းပြီကွာ ၊ ဒါဆို .. မင်းပြောသလို မြောက်ပိုင်းနန်းတော်ကို ဖွင့်လိုက်ကြတာပေါ့ "