← Chapters

နှစ်တစ်ထောင် မသေမျိုး ကြာပွင့်

Vol. 18 Ch. 244

နှစ်တစ်ထောင် မသေမျိုး ကြာပွင့်

Vol. 18 Ch. 244

တဖက်ရှိ ပျောင်ပိုင်မြို့၌ ...

လောထျန်းတို့ လူစု ပျောင်ပိုင်မြို့သို့ ပြန်ရောက်ပြီးသည်နှင့် လောထျန်းက ရလာခဲ့သော ပစ္စည်းများကို စုစည်းလိုက်သည်။

ဤတစ်ကြိမ်တွင် ထိပ်တန်းအဆင့် အဖွဲ့ကြီး သုံးဖွဲ့ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့လေပြီ ။

အထူးသဖြင့် .. အဓိကအဖွဲ့ကြီး နှစ်ခုဖြစ်သော ရွှယ်မင်ဂိုဏ်းနှင့် ဖျောင်ရွှယ်တောင်တို့ကြောင့် ပျောင်ပိုင်မြို့မှ အဖိုးတန် အရင်းအမြစ်များ အဆင့် ပိုမြင့်သွားခဲ့၏။

အသိဉာဏ် ကြွယ်ဝသည့် ထျဲ့နန်ဟွေ့သည်ပင် ထိုပစ္စည်းများကို ကြည့်ကာ အနည်းငယ် မနာလိုအားကျ ဖြစ်သွားရသည်။

သူ တစ်ကိုယ်တော် ကျင့်ကြံသူအဖြစ် နေခဲ့သည့် နှစ်များတလျှောက် သိုင်းပညာကျင့်စဥ်တစ်ခု ၊ မှော်ဆေးပင် ၁ ပင် အတွက်ပင် အသက်အန္တရာယ် အဖြစ်ခံပြီး ဒုက္ခပေါင်းစုံ ကြုံခဲ့ရသည်များကိုလည်း ပြန်တွေးမိသွား၏။

ယခု သူ့ရှေ့မှ အရင်းအမြစ်များမှာကား .....

လောထျန်းနှင့် စောစောတွေ့ပြီး ပျောင်ပိုင်မြို့တော်တပ်ဖွဲ့ထဲ စောစော ဝင်ခွင့်ရခဲ့လျှင် မည်မျှ ကောင်းလိုက်ပါမည်နည်း ။

တဖက်မှ လောထျန်းမှာမူ ထို ပစ္စည်းများကို စိတ်မဝင်စားဘဲ သူ့အဖေ လောဖုန်းနှင့် ဖုချင်းလျန်တို့ကိုသာ ကိစ္စအဝဝ လွှဲပြောင်း၍ သူနေသည့် အဆောင်သို့ ပြန်သွားလိုက်သည်။

လောဖုန်းတို့ လူစုမှာ တောင်လိုပုံနေသည့် ပစ္စည်းများကို ရေတွက်ရန်ပင် သုံးရက်တိတိပင် အချိန်ယူခဲ့ရ၏။ ထို့နောက်တွင်မူ ထိုပစ္စည်းများအားလုံးကို စနစ်တကျ ခွဲဝေပေးလိုက်ကြသည်။

လေး ရက်မြောက်နေ့တွင် ပထမအကြီးအကဲက လောထျန်းနေထိုင်ရာ အဆောင်သို့ လူများစွာ ခေါ်ပြီး ရောက်လာသည်။

" သခင်လေး ၊ ပစ္စည်းတွေ ဝယ်ဖို့ လွှတ်လိုက်တဲ့သူတွေ ပြန်ရောက်လာပါပြီ "

ပထမအကြီးအကဲက ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် လောထျန်း တက်တက်ကြွကြွ ဖြစ်သွားကာ မျက်လုံးများ အရောင်လက်သွားသည်။

" စာရင်းထဲမှာ ပါတဲ့ ပစ္စည်းတွေ အားလုံး ရခဲ့လား "

လောထျန်းက စိတ်လှုပ်ရှားစွာ မေး၏။

လောထျန်းသည် ဆုမီတောင်တွင် စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်သို့  ရောက်သွားခဲ့ပြီး ဆုမီတောင်မှ ပြန်ရောက်လာကတည်းက ကောင်းကင်ထိန်းချုပ်အဆင့်သို့ တက်နိုင်ရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်ပါသည်။

ကောင်းကင်ဘုံ သိုင်ကျမ်း ၉ အုပ် အရဆိုလျှင် ကောင်းကင်ထိန်းချုပ်အဆင့်သို့ တက်ရန်မှာလည်း ယခင် ကျင့်ကြံခြင်းအဆင့်များ ကဲ့သို့ပင် ပစ္စည်းများ မြောက်များစွာ လိုအပ်ပေသည်။

ထို့ကြောင့်လည်း လောထျန်းက အဖွဲ့ပေါင်းစုံ စေလွှတ်ကာ စာရင်းထဲမှ လိုသည့် ပစ္စည်းများကို ဖုန့်လင်းဒေသတလျှောက်  ရှာဖွေ ဝယ်ယူစေခဲ့ခြင်းဖြစ်ပါသည်။ မြောက်ပိုင်းဒေသ အများစုသို့ပင် သူ စေလွှတ်ခဲ့သေး၏။

ထိုအဖွဲ့များက ယခုမှ ပြန်ရောက်လာကြခြင်းပင်။

" သတင်းပို့ပါတယ် သခင်လေး ၊ ပစ္စည်းတွေ အားလုံးနီးပါး ဝယ်လို့ ရခဲ့ပါတယ်။ လိုတဲ့ပစ္စည်းက တစ်ခုပဲ ရှိတော့တယ်ဗျ ။ အဓိက ပစ္စည်းတစ်ခုဖြစ်တဲ့ နှစ်တစ်ထောင်မသေမျိုးကြာပွင့် တစ်မျိုးပဲ မရခဲ့တာပါ "

ပထမ အကြီးအကဲက ပြန်ဖြေလိုက်သည်။

" နှစ်တစ်ထောင် မသေမျိုးကြာပွင့် လိုတယ် .. ဟုတ်လား ၊ ဒါဆို အဲ့ဒါကို ဘယ်မှာ ရနိုင်လဲဆိုတာ သိကြလားဗျ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

ကောင်းကင်ဘုံသိုင်ကျမ်း၏ ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်ဖန် လိုအပ်သော ပစ္စည်းများမှာ အစားထိုး၍ ရသော အရာများ မဟုတ်ပါချေ။

အသေးအမွှား ပစ္စည်းတစ်ခု ပျောက်နေလျှင်ပင် အလုပ်မဖြစ်နိုင်ရာ အဓိကပစ္စည်းကြီးသာ မပါပါက ....

ပထမအကြီးအကဲက မြန်မြန် ပြန်ပြောသည်။

" သိပါတယ် သခင်လေး ၊ ကျုပ်တို့ မြောက်ပိုင်းဒေသမှာ ဒီပစ္စည်းကို ရှာနိုင်တဲ့နေရာ တစ်ခုပဲ ရှိတယ် "

" ဘယ်မှာလဲဗျ "

လောထျန်းက စိတ်လှုပ်ရှားစွာ ပြန်မေး၏။

" မြောက်ပိုင်းအစွန်နားဘက်က မြောက်ပိုင်းနန်းတော်မှာဗျ "

အကြီးအကဲက အနည်းငယ် မျက်နှာပျက်စွာ ပြန်ဖြေသည်။

" မြောက်ပိုင်းနန်းတော် ... အဲ့နေရာက ဘယ်လိုနေရာမျိုးလဲဗျ "

လောထျန်းက ဆက်မေးလိုက်သည်။

သူ ထိုနာမည်ကို ကြားပင် မကြားဖူးပါချေ။

ပထမအကြီးအကဲက သက်ပြင်းချ၏။

" အဲ့တာက မြောက်ပိုင်းဒေသ၊ နတ်ဘုရားမြို့တော် နယ်မြေထဲမှာရှိတဲ့ လျှို့ဝှက်ဒေသတစ်ခုပဲဗျ ။ ကောလဟာလတွေအရ ဆိုရင်တော့ အဲ့နေရာက နတ်ဘုရားမြို့တော်ရဲ့ တည်ထောင်သူ သိုင်းလေ့ကျင့်ခဲ့တဲ့ နေရာတစ်ခုတဲ့ ၊ အဲ့ကနေမှ နောက်ပိုင်း လျှို့ဝှက်ဒေသတစ်ခုအဖြစ် တိုးတက်လာခဲ့တယ်လို့ ပြောတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ ။ ဒါဆိုလဲ မြောက်ပိုင်းနန်းတော်ကို သွားရတော့မှာပေါ့ဗျာ "

ပထမအကြီးအကဲက အောင့်သက်သက် ပြုံးကာ ဆက်ပြော၏။

" ဒီကိစ္စက ထင်သလောက် မလွယ်ဘူး သခင်လေးရဲ့ "

လောထျန်းက သူ့ကို ကြည့်ကာ ပြန်မေးလိုက်သည်။

" ဘာဖြစ်လို့လဲဗျ ၊ဘယ်လို အရှုပ်အထွေးတွေ ရှိလို့လဲ "

ပထမအကြီးအကဲက ခေါင်းညိတ်ကာ ရှင်းပြသည်။

" တော်တော်လေးရှုပ်ထွေးတယ် ပြောရမယ်ဗျ ။ ပထမဆုံး အနေနဲ့ ပြောရရင် ဒီလျှို့ဝှက်ဒေသက မြောက်ပိုင်းနတ်ဘုရားမြို့တော်ရဲ့ နယ်မြေထဲမှာ ရှိတာဗျ ။ ​နတ်ဘုရားမြို့တော်ဆိုတာ ကျုပ်တို့ မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ ပထမဆုံး မြင့်မြတ်နယ်မြေပဲ ၊ တစ်ခုတည်းသော မြင့်မြတ်နယ်မြေလို့တောင် ပြောလို့ရတယ် '

" မြင့်မြတ်နယ်မြေ တဲ့လား "

လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

ပထမအကြီးအကဲက စကားဆက်၏။

" ကျုပ် ခုနက ပြောခဲ့သလိုပဲ ၊ မြောက်ပိုင်းနန်းတော်ဟာ နတ်ဘုရားမြို့တော်ရဲ့ တည်ထောင်သူ သိုင်းလေ့ကျင့်ခဲ့တဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက်ကြောင့် နတ်ဘုရားမြို့တော်က ဒါကို အထွတ်အမြတ်နေရာတစ်ခုအဖြစ် သတ်မှတ်ထားတာဗျ ။ ဒီ လျှို့ဝှက်ဒေသ ဖွင့်တဲ့ အခါတိုင်းမှာလဲ နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရား သားတော် နဲ့ သမီးတော် တွေပဲ ဝင်ခွင့် ရကြတယ် "

" နတ်ဘုရား သားတော် ၊ သမီးတော် တွေ .. ဟုတ်လား "

လောထျန်းက ပထမအကြီးအကဲအား ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

ပထမအကြီးအကဲက ဆက်ရှင်းပြသည်။

" ဒီ နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားသားတော် သမီးတော် နေရာတွေကို ဆယ်နှစ်နေရင် တစ်ကြိမ် အမြဲတမ်း ပြိုင်ပွဲတစ်ခုကျင်းပပြီး ဆုံးဖြတ်လေ့ရှိတယ်။ ဒီပြိုင်ပွဲကို မြောက်ပိုင်း ဒေသတစ်ခုလုံးက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ဘယ်သူမဆို ဝင်ပြိုင်နိုင်တယ်ဗျ "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။

" ဒါဆို အပြင်လူတွေရော ဝင်ပြိုင်နိုင်တာပေါ့ ၊အဲ့လောက်ကို ရိုးရှင်းတာလား ။ ဒါဆို နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားသားတော် ၊ သမီးတော် ရွေးတဲ့ ပြိုင်ပွဲက ဘယ်တော့ ကျင်းပမှာလဲဗျ "

ပထမအကြီးအကဲက ပြန်ဖြေသည်။

" နောက်ထပ် နှစ်ဝက်လောက် အကြာမှ ကျင်းပမှာ "

လောထျန်း ချက်ချင်း မျက်မှောင်ကြုံ့သွားရသည်။

" နောက် နှစ်ဝက်ကြာမှ ... အကြာကြီး လိုသေးတာပဲ "

ပထမအကြီးအကဲက အောင့်သက်သက်ပြုံးကာ ပြော၏။

" သခင်လေး ၊ ကျုပ် ​ပြောတာ မဆုံးသေးဘူးဗျ ။ တကယ်လို့ သခင်လေးက အဲ့ပွဲမှာ ဝင်ပြိုင်ပြီးတော့ နတ်ဘုရားသားတော် နေရာကို ရပြီး လျှို့ဝှက်ဒေသကို ဝင်ခွင့် ရခဲ့ရင်တောင် .. လျှို့ဝှက်ဒေသက နောက်ထပ် ၈ နှစ်ကြာမှ ဖွင့်မှာ "

" ဘယ်လို .. "

လောထျန်း ရုတ်တရက်ပင် ထခုန်မိသွားသည်။

သူ အလွန်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွား၏။

နှစ်ဝက်ကို သူ စောင့်နိုင်သေးသော်လည်း ...

၈ နှစ် ဆိုသည့် အချိန်မှာ ကြာလွန်းလှပေသည်။

သူ့အတွက် စိတ်ဝိဥာဥ် အသွင်ပြောင်း အဆင့် ၁ မှ ၉ သို့ ရောက်ရန်ပင် မိနစ်အနည်းငယ်သာ အချိန်ယူခဲ့ရပါသည်။

ယခု .. စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ မှ ကောင်းကင်ထိန်းချုပ် အဆင့် ၁ သို့ ရောက်ရန် ၈ နှစ်ကြာ စောင့်ဆိုင်းရမည်တဲ့လား ...။

ထိုအတိုင်းသာ ဆိုပါက သူ ရူးပင် ရူးသွားမလား မပြောနိုင်ပါချေ။

" ပထမအကြီးအကဲ၊ ဒီ တစ်ကမ္ဘာလုံးမှာ ဒီ နှစ်တစ်ထောင် မသေမျိုးကြာပွင့် ရနိုင်တဲ့နေရာ တခြား ဘယ်မှာမှ မရှိတော့ဘူးလားဗျ "

လောထျန်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

" မရှိဘူးဗျ ၊ နှစ်တစ်ထောင် မသေမျိုး ကြာပွင့်က ပေါက်ဖို့ အင်မတန် ခဲယဥ်းပြီးတော့ ကြီးထွားဖို့အတွက်လဲ ကန့်သတ်ချက်တွေ အများကြီး လိုတယ်။ ဒီကြာပွင့် ကြီးထွားဖို့ဆိုရင် နှစ်တစ်ထောင်လောက် အေးခဲခံထားဖို့ လိုရုံတင်မကဘူး ၊ မသေမျိုးရဲ့ အရောင်အဝါနဲ့ လွှမ်းခြုံခံရဖို့လဲ လိုသေးတယ် "

" ဒီလိုအခြေအနေမျိုး ပိုင်ဆိုင်ထားတဲ့နေရာက မြောက်ပိုင်းဒေသ တစ်ခုလုံးမှာတင် မဟုတ်ဘူး တစ်ကမ္ဘာလုံးမှာတောင် မြောက်ပိုင်းနန်းတော် တစ်နေရာပဲ ရှိတာ "

အကြီးအကဲက အလေးနက် ဆိုလိုက်သည်။

လောထျန်းမှာ ထိုစကားကြောင့် မျက်မှောင်ပိုကြုံ့သွား၏။

" အဲ့လိုလား .. ဒါဆို .. နတ်ဘုရားမြို့တော်မှာပဲ ရှိတာပေါ့ "

အကြီးအကဲကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။

လောထျန်းက မေးစေ့ကို ကိုင်ရင်း ဆက်ပြော၏။

" ဒါပေမယ့် ၈ နှစ်ဆိုတဲ့ အချိန်က ကြာလွန်းတယ်ဗျ ။ ကျုပ် မြောက်ပိုင်း နတ်ဘုရားမြို့တော်ကို တိုက်ခိုက်ပြီး လျှို့ဝှက်ဒေသကို အတင်းဖွင့်ခိုင်းလိုက်ရင်ရော ... ဘယ်လို သဘောရလဲ "

" အင် .... "

ပထမအကြီးအကဲ အံ့သြမှင်သက်သွားသည်။

ထို ဖြစ်နိုင်ချေမှာ သူ့အတွေးထဲသို့ပင် လုံးဝ မဝင်ခဲ့ဖူးပါချေ။

၎င်းမှာ မြောက်ပိုင်းဒေသတစ်ခုလုံးတွင် တစ်ခုတည်းသော မြင့်မြတ်နယ်မြေ ဖြစ်ပြီး အားလုံးက အထွတ်အမြတ်ထား ရသည့် အစွမ်းထက်သော နေရာတစ်ခု ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က ဆိုလျှင် ထို နတ်ဘုရားမြို့တော်အား တစ်ချက် ကြည့်ခွင့် ရရုံဖြင့် သူ အလွန် စိတ်လှုပ်ရှား ဝမ်းသာမိမည် ဖြစ်၏။

သို့သော် ယခု လောထျန်းက ၎င်းကို တိုက်ခိုက်ကာ လျှို့ဝှက်ဒေသအား အတင်း ဖွင့်ခိုင်းမည်ဟု ပြောနေသည်လား ။

" ဘာလို့လဲဗျ ၊ မဖြစ်နိုင်လို့လား "

လောထျန်းက မေးလာသည်။

ပထမအကြီးအကဲက နဖူးမှ ချွေးများကို သုတ်ကာ ပြန်ပြော၏။

" သခင်လေး ၊ မြောက်ပိုင်း နတ်ဘုရားမြို့တော်ဆိုတာ မသေမျိုးရဲ့ အမွေအနှစ် တစ်ခုပဲဗျ ။ ကျုပ် ကြားထားတဲ့ သတင်းအရဆိုရင် သူတို့ဆီမှာ မသေမျိုး လက်နက်တစ်ခုတောင် ရှိတယ်ပြောတယ်။ သခင်လေးက အစွမ်းထက်တာ မှန်ပေမယ့် မသေမျိုးလောက်တော့ အစွမ်းမထက်နိုင်သေးဘူးဗျ ။ ဒီတော့ ... လုံးဝ မလိုအပ်ပဲနဲ့တော့ သူတို့နဲ့ ရန်သူတွေ မဖြစ်တာ ကောင်းလိမ့်မယ် "

လောထျန်းက ပြန်ပြောသည်။

" မသေမျိုးလက်နက် .. ဟုတ်လား ၊ အဲ့ဒါက ပြဿနာ မဟုတ်ပါဘူးဗျ "

သူ့လက်ထဲတွင် ဆုမီတောင် ရှိနေသေးသည် မဟုတ်ပါလား ။

သို့ဖြစ်ရာ အကယ်၍ သူသာ ဆန္ဒရှိပါက ဆုမီတောင်ကို ထုတ်ပြီး ထို မသေမျိုးလက်နက်နှင့် ယှဥ်တိုက်၍ ရပေသည်။

ယခင် သူ ကြုံခဲ့ရသည့် အတွေ့အကြံကို အခြေခံပြီး ပြောရလျှင်လည်း ..  ဆုမီတောင်က အလွန်အစွမ်းထက်ပေသည်။

အနည်းဆုံး ဆိုရလျှင်ပင် သူ ရှုံးနိမ့်မည် မဟုတ်ပါ။

လောထျန်းက မျက်မှောင်ကုတ်ကာ တကယ်ကို ဗျင်းတော့မည့်အလား အလေးအနက် စဥ်းစားနေသည်ကို မြင်သောအခါ ပထမအကြီးအကဲ တုန်လှုပ်သွား၏။

လောထျန်းက  မြောက်ပိုင်းနတ်ဘုရားမြို့တော်အား အမှန်တကယ် တိုက်ခိုက်လိုဟန် ရှိနေသည်ကို သူ အထင်းသား မြင်နေရပါသည်။

အကယ်၍ သူတို့ကသာ နတ်ဘုရားမြို့တော်အား အနိုင်ယူပြီး အင်အားသုံး ဖျက်ဆီးလိုက်နိုင်မည် ဆိုပါက ....

ပထမအကြီးအကဲ၏ ရင်ထဲတွင် ကြောက်စိတ်နှင့်အတူ စိတ်လှုပ်ရှားမှုကိုလည်း အနည်းငယ် ခံစားလိုက်ရသည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဝုန်း ...

ပျောင်ပိုင်မြို့ပြင်၌ အစွမ်းထက်သော အရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။

" မြို့ကို အုပ်ချုပ်နေတဲ့သူတွေ ထွက်လာခဲ့ပါ "

အမိန့်သံဆန်သည့် အသံ တစ်သံလည်း ထွက်လာသည်။

" ဟင် .. သေဖို့ လမ်းရှာနေတဲ့ နောက်တစ်ယောက်ပါလား ။ ကြည့်ရတာ ဇာတ်လမ်းက မပြီးသေးဘူးနဲ့တူတယ် "

ထိုအသံကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားတော့သည်။

All Chapters