← Chapters

မသေမျိုး၏ ဖိအားအစွမ်း

Vol. 18 Ch. 245

မသေမျိုး၏ ဖိအားအစွမ်း

Vol. 18 Ch. 245

တခဏအကြာတွင်မူ .. လောထျန်းကို ကျောပေါ်တင်ထားသည့် ဘုရင်ကျင်းဖန်က ကောင်းကင်ယံသို့ ထိုးတက်သွားကာ မြို့ပြင်သို့ ပျံသန်းသွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ယဲ့ထုံလင်း ၊ ဖုချင်းလျန် ၊ နျိုထျဲ့ချူ ၊ ထျဲ့နန်ဟွေ့ နှင့် အခြားသူများလည်း နောက်မှ လိုက်သွားကြသည်။

မကြာမီမှာပင် သူတို့လူစု ပျောင်ပိုင်မြို့၏ မြို့ရိုးအပြင်ဘက်သို့ ရောက်သွားကြ၏။

" ဟင် .. ဒါက "

ခပ်လှမ်းလှမ်း ကတည်းကပင် လေထဲတွင် ရပ်ကာအောက်သို့ ငုံ့ကြည့်နေသည့်  ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကို လောထျန်း တွေ့သွားသည်။

" ခုနက အော်လိုက်တာ ခင်ဗျားလား "

လောထျန်းက ထိုလူအား အေးစက်စက် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ရွှေရောင် သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးကမူ  လောထျန်းကို တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှုထား၏။

သူ့အကြည့်က ထျဲ့နန်ဟွေ့အပေါ်တွင်သာ ရှိနေသည်။

" အဆုံးအစမဲ့ အဆင့်က လူ ၊ ခင်ဗျားက ဒီမြို့ရဲ့ မြို့စားကြီး မဟုတ်လား "

ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်က မေးလိုက်သည်။

ထျဲ့နန်ဟွေ့က ခေါင်းယမ်းကာ ပြန်ပြော၏။

" မဟုတ်ဘူး ၊ ကျုပ် ... "

သို့သော် .. သူ စကားမဆုံးခင်မှာပင် ရွှေရောင် သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက စိတ်မရှည်ဟန်ဖြင့် စကားဆက်သည်။

" ထားလိုက်ပါ ၊ ခင်ဗျားက ဘယ်လို ဘယ်ရာထုးလဲဆိုတာ အသေးစိတ် ပြောနေဖို့ ကျုပ် အဲ့လောက် စိတ်မရှည်ဘူး။ အခု အားလုံး ဒူးထောက်ပြီး ကျုပ်အမိန့်ကို နားထောင်ကြ "

ဒူးထောက် တဲ့လား ..

လောထျန်းတစ်ယောက် ခေတ္တမျှ အံ့သြမှင်သက်သွားသည်။

ထိုကောင်ကြီးက သူ့အိမ်တံခါးရှေ့တွင် ခွေးတစ်ကောင်ကဲ့သို့ လာဟောင်နေပြီး ယခု လူချင်းတွေ့သည့် အချိန်တွင်လည်း ဒူးထောက်ကာ သူ့စကားကို နားထောင်ခိုင်းနေသတဲ့လား ။

ထိုလူက ဦးနှောက် ကောင်းပါသေးရဲ့လား ..

" မင်း ဘာပြောလိုက်တယ် "

လောထျန်းက အေးစက်စက် မေးလိုက်သည်။

ရွှေရောင် သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီး မျက်မှောင်ကြုံ့သွား၏။  သို့သော် သူက လောထျန်းအား ဆက်လျစ်လျူရှူထားကာ ထျဲ့နန်ဟွေ့ကိုသာ ကြည့်၍ ပြောသည်။

" ငါ့ရဲ့ စိတ်ရှည်နိုင်တဲ့ အတိုင်းအတာက အကန့်အသတ် ရှိတယ်နော် ။ အခု ဒူးထောက်မလား ၊ မထောက်ဘူးလား ပြော "

လောထျန်းက မျက်ခုံးပင့်ကာ ပြော၏။

" ငါ့ရဲ့ စိတ်ရှည်နိုင်စွမ်းကလဲ ကုန်သွားပြီ ။ပြောစရာ ရှိရင် အခု ပြောစမ်း ၊ မပြောရင်လဲ ဒီကနေ ထွက်သွားတော့ "

ရွှေရောင် သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက ထိုအချိန်မှသာ လောထျန်းအား လှည့်ကြည့်လာပြီး လှောင်ပြုံး ပြုံးလိုကါသည်။

" လူငယ်လေး ၊ မင်းက ခွင့်ပြုချက် မရဘဲနဲ့ ငါ့ကို စကားပြောနေတာ ဒါနဲ့ဆို သုံးခါတောင် ရှိသွားပြီနော် ။ ကြည့်ရတာ မင်းကိုငါ သင်ခန်းစာကောင်းကောင်း ပေးရတော့မယ်နဲ့တူတယ် "

သူက ထိုသို့ပြောကာ သူ့လက်မောင်းဆီသို့ လက်လှမ်းလိုက်သည်။

လောထျန်းဘေးတွင် ရှိနေသည့် နျိုထျဲ့ချူက မျက်စောင်းထိုးကာ ပြောလာ၏။

" ဟင် .. နင်က ငါ့အကိုကြီးကို တိုက်ခိုက်ချင်တယ်ပေါ့လေ ။ ငါ့လက်ထဲက တင်းပုတ်အကြောင်း မသိသေးဘူးနဲ့တူတယ် "

သူမက ထိုသို့ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ... ထိုအချိန်မှာပင် ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက သူ့လက်မောင်းမှ စာရွက်လိပ်တစ်ခုကို ထုတ်ကာ ဖွင့်လိုက်သည်။

ဝီ ...

စာရွက်လိပ် ပွင့်သွားသည်နှင့် ပြောမပြနိုင်သော အစွမ်းထက်သည့် ဖိအားတစ်ခု ရုတ်တရက် ရိုက်ခတ်လာ၏။

ဘုန်း ..

နျိုထျဲ့ချူမှာ ထိုဖိအား၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်သွားကာ မြို့ရိုးနှင့် ခပ်ပြင်းပြင်း ရိုက်မိသွားတော့သည်။

တစ်ချိန်တည်းမှာပင် သူမဘေးမှ အခြားသူများလည်း မျက်နှာများ ရုတ်ချည်း ဖြူရော်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ကျသွားကြသည်။

" ဒါ .. မသေမျိုး အစွမ်းလား "

သူတို့ထဲတွင် ကျင့်ကြံခြင်း အမြင့်ဆုံးဖြစ်သည့် ထျဲ့နန်ဟွေ့ကမူ လေထဲတွင် ခက်ခက်ခဲခဲ ရပ်နေနိုင်သေးသော်လည်း သူ့ကိုယ်ထဲမှ အရိူးများ၏ အက်ကွဲသံများ ထွက်ပေါ်နေ၏။ သူ ​ဆိုးရွားလှသည့် ဖိအားကို ခက်ခက်ခဲခဲ တောင့်ခံနေရကြောင်း သိသာပါသည်။

သူ ခေါင်းကို ကြိုးစားမော့၍ ကြည့်လိုက်ရာ စာရွက်လိပ်ပေါ်၌ ' ကျန်း ' ဆိုသည့် စာလုံးတစ်လုံးအား ရေးသားထားသည်ကို မြင်လိုက်ရသည်။

သူတို့ ခံနေရသည့် ဖိအားများမှာ ထိုစာလုံးမှ ထွက်ပေါ်နေခြင်းပင် ။

ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက ထျဲ့နန်ဟွေ့ကို ကြည့်ကာ လှောင်ပြုံး ပြုံး၏။

" အိုး .. မင်းက သိနေမယ်လို့ ငါ ထင်တောင် မထင်ထားဘူး။ ဟုတ်တယ်ကွ ၊ဒီဟာက မသေမျိုး အမိန့် ဖြစ်တဲ့အတွက် အထဲမှာ မသေမျိုးအစွမ်း ပါတယ်။ ငါက ဒီကို အမိန့်စာပေးဖို့အတွက် လာခဲ့တာပဲ။ ခုနက ငါပြောတုန်းကသာ ဒူးထောက်ပြီး အမိန့်ကို အေးအေးဆေးဆေး နားထောင်ခဲ့ရင် ခုလိုတောင် ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့က ငါ့ရှေ့မှာ သိပ်ကြမ်းချင်ယောင် ဆောင်နေကြတာကိုးကွ။ မင်းတို့က အဲ့လို ဟန်ဆောင်ချင်နေမှတော့လဲ ဆက်ပြီး ဟန်ဆောင်နိုင်အောင် လုပ်ပေးဦးမယ် "

" မသေမျိုးရဲ့ ဖိအားက လောလောဆယ် အဲ့လောက်ကြီး အစွမ်းမထက်သေးဘူးကွ ။ ဒီ မသေမျိုး အမိန့်ကို အနား ပိုတိုးလိုက်မယ် .. "

ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက ပြုံးကာ စာရွက်လိပ်အား ထိန်းချုပ်ပြီး အရှေ့သို့ သုံးပေ ဆက်တိုးသွားစေလိုက်သည်။

ဘုန်း ..

ထျဲ့နန်ဟွေ့မှာ ဆက်၍ တောင့်မခံနိုင်တော့ဘဲ လေထဲမှ ကျလာပြီး အသံကျယ်တစ်သံနှင့်အတူ မြေကြီးပေါ် ကျသွား၏။

သူ့မျက်နှာတစ်ခုလုံးမှာလည်း သွေးမရှိတော့သည့်အလား ဖြူရော်နေကာ အတွင်းဒဏ်ရာများ ဆိုးဆိုးရွားရွား ရထားဟန် တူနေသည်။

" မသေမျိုးရဲ့ အစွမ်းဆိုတာ .. ဒါလား ၊ စာလုံ တစ်လုံးတည်းနဲ့တောင် ငါ့ကို ဒဏ်ရာဆိုးဆိုးရွားရွား ရသွားအောင် လုပ်နိုင်တယ် "

ထျဲ့နန်ဟွေ့ တစ်ယောက် အလွန်တုန်လှုပ်သွားရ၏။

သူတို့ကြားမှ ကွာဟချက်က ကြီးမားလွန်းလှပေသည်။

ရွှေရောင်သံချပ်ဝတ်နှင့် လူကြီးက ပြုံးလိုက်၏။ သို့သော် .. သူ အကြည့်လွှဲလိုက်သည့် အချိန်တွင်မူ ဘုရင်ကျင်းဖန်၏ ကျောပေါ်တွင် ရပ်နေသော လောထျန်းကို တွေ့သွားကာ အံ့သြမှင်သက်သွားတော့သည်။

" ဟင် .. မင်းက ဒီလောက် တောင့်ခံနိုင်လိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားခဲ့ဘူး ။ အဆုံးအစမဲ့ အဆင့်က လူတောင် မခံနိုင်လို့ အောက်ပြုတ်ကျသွားရတာကို မင်းက ခုထိ ဆက်ရပ်နေနိုင်တုန်းပါလား"

" ဒီလိုဆိုတော့လဲ ငါက မင်းကို လုံးဝ ဖျက်ဆီးပစ်ရတော့မှာပေါ့ကွာ "

ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်က ထိုသို့ တွေးလိုက်ပြီး စာရွက်လိပ်ကို ထိန်းချုပ်ကာ လောထျန်းရှေ့သို့ တိုးသွားစေလိုက်သည်။

ဝီ ...

စာရွက်လိပ်က လောထျန်းဆီသို့ တိုးလာသည်နှင့် လောထျန်း၏ ခြေထောက်အောက်မှ ဘုရင်ကျင်းဖန်မှာ ချက်ချင်း ဒယိမ်းဒယိုင် ဖြစ်သွား၏။

" သခင်လေး ၊ ကျုပ် ဆက်မခံနိုင်တော့ဘူးဗျ "

ဘုရင်ကျင်းဖန်မှာ သူ့ဘေးပတ်လည် လွှမ်းခြုံလာသော ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် အသက်ရှူရန်ပင် အလွန်ခက်ခဲနေရှာသည်။

သို့ဖြစ်ရာ .. တိုက်ခိုက်ရန စိတ်ပင် မကူးနိုင်ပါချေ။

ဝီ ..

ရုတ်တရက် .. သူ အောက်သို့ စကျလာသည်။

" ဟင်.. ခင်ဗျားတို့တွေအားလုံးက ဘာတွေ ဖြစ်နေကြတာလဲ ၊ အားလုံး အဆိပ်ခတ် ခံထားကြရတာလား "

လောထျန်းက အားလုံးကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။

သူ့ဘေးမှ လူများက အဘယ့်ကြောင့် ယခုကဲ့သို့ ဖြစ်နေသည်ကို သူ အမှန်တကယ် နားမလည်နိုင် ဖြစ်နေ၏။

ထို စာလိပ်မှ စာလုံးက အဆိပ်ရှိနေသောကြောင့်ပေလား .. ။

" ကျုပ် .. "

ဘုရင်ကျင်းဖန်မှာ ရှင်းပြရန် ပြင်လိုက်သော်လည်း ကြောက်မက်ဖွယ် ဖိအားကြောင့် စကားတစ်လုံးထက်ပို ဆက်မပြောနိုင်တော့ချေ။

သူ ယနေ့ ဤနေရာတွင်ပင် သေရတော့မည်လား ။

သူ အလွန် စိတ်ဓာတ်ကျသွား၏။

" ဟင်  .. ကောင်လေး ၊ အခု ဒူးထောက်လိုက်လေ "

လေထဲမှ ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးကို လောထျန်းကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

လောထျန်းကလည်း သူ့ကို ပြန်ကြည့်ကာ အေးစက်စက် ပြော၏။

" ဒီလိုဖြစ်အောင် မင်း လုပ်လိုက်တာလား။မင်းလုပ်ထားသမျှ ပြန်ရုတ်သိမ်းဖို့  ငါ မင်းကို အချိန် ၃ စက္ကန့် ပေးမယ် ။ ဒါကိုမှ မလုပ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို ခံရလိမ့်မယ်နော် "

" ဘာ .. "

ကြားလိုက်ရသည့် စကားကြောင့် ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီး အံ့သြမှင်သက် သွားရပြန်သည်။

လောထျန်းက အဘယ့်ကြောင့် မသေမျိုးအမိန့်၏ အကျိုးသက်ရောက်မှုကို လုံးဝ မခံစားရသည့် ဟန် ပေါက်နေသည်ကိုလည်း သူ နားမလည်နိုင် ဖြစ်နေ၏။

အမှန်တွင်မူ ထိုသို့ လုံးဝ မဖြစ်သင့်ပါချေ ။

ထိုစာလိပ်မှာ မသေမျိုး အစွမ်းပါသည့် မသေမျိုး အမိန့်တစ်ခုဖြစ်သည့်အတွက် ပုံမှန်ဆိုလျှင် မသေမျိုးအစွမ်း မရှိထားသူများအဖို့ ၎င်းကို လုံးဝ မခုခံနိုင်ကြပါ။

" ဘာတွေ ဖြစ်နေလဲဆိုတာ ငါ သေချာတော့ မသိပေမယ့် မင်းက သေချင်နေမှတော့လဲ မင်း ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ကွာ "

ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးမှာ လောထျန်းကြောင့် စိတ်ထဲ မတင်မကျ ဖြစ်သွားပြီး အနည်းငယ်လည်း စိုးရိမ်သွားသဖြင့် ချက်ချင်း လူသတ်အရိပ်အငွေ့ ထုတ်လွှတ်လိုက်သည်။

ထို့နောက် စာရွက်လိပ်က်ု အသက်သွင်း၍ လောထျန်းအား တိုက်ရိူက် ဖိနှိပ်ရန် ကြိုးစားလိုက်၏။

" မသေမျိုးရဲ့ အစွမ်းအပြည့်ကိုတော့ ထုတ်ပြီးသွားပြီ ။ ကောင်းကင်ဘုံတံခါးဝ အဆင့်က သာမာန်ကျင့်ကြံသူတောင် ဒီအစွမ်းကို ခံနိုင်တာ မဟုတ်ဘူးဆိုတော့ ဒီကောင်လေးလဲ သေချာပေါက် သေသွားရမှာပဲ ။ ဒါပေမယ့် အခုလို ဖြစ်သွားအောင် မင်းကိုယ်တိုင် လုပ်ခဲ့တာနော် ကောင်လေး '

ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကြီးက ထိုသို့တွေးကာ လှောင်ပြုံး ပြုံးလိုက်သည်။

စာရွက်လိပ်က လောထျန်းအနီးသို့ ခပ်မြန်မြန်ပင် ချဥ်းကပ်သွားကာ သူနှင့် တစ်ပေအကွာသို့ ရောက်လာ၏။

တစ်ချိန်တည်းမှာပင် စာရွက်လိပ်ပေါ်မှ ' ကျန်း ' ဆိုသည့် စာလုံးကလည်း တစ်ကမ္ဘာလုံးကိုပင် ဖျက်ဆီးပစ်တော့မည့်သဖွယ် မမြင်နိုင်သည့် ဖိအားများ မဆက်မပြတ် ထပ်မံထုတ်လွှတ်လာသည်။

ထိုတခဏတွင် အားလုံး ​အကြောက်ကြီးကြောက်ကာ တစ်ကိုယ်လုံး တုန်ယင်သွားကြ၏။

" ငါတို့ လောမိသားစုက .. ဒီလိုပုံနဲ့ အဆုံးသတ်ရတော့မှာလား "

ကြောက်မက်ဖွယ် ဖိအားကို ခက်ခက်ခဲခဲ ရင်ဆိုင်နေသည့် လောဖုန်းမှာ ထိုသို့တွေးကာ ဝမ်းနည်းသွားသည်။

သူတို့ လောမိသားစုသည် လွန်ခဲ့သော လအနည်းငယ် အတွင်းတွင်  တောမီးတစ်ခုပမာ တဟုန်ထိုး တိုးတက်လာခဲ့ကြ၏။

သို့သော် .. ယခုတွင်မူ စာလုံးတစ်လုံး၏ ဖိနှိပ်မှုကို အလူးအလဲ ခံနေကြရလေပြီ ။

အားလုံးမှာ အိမ်မက်အလားပင် ...

သူ့ဘေးမှ နျိုထျဲ့ချူမှာလည်း ဖိအားကြောင့် ဒုက္ခရောက်နေဟန်ရှိကာ မျက်နှာ အလွန်ပျက်နေသည်။

" မသေမျိုးအစွမ်း ... ဒီဟာက .. "

သူမ၏ မျက်လုံးထဲတွင် သူတို့ မျိုနွယ်စုမှ သားရဲများ ရက်ရက်စက်စက် အသတ်ခံနေကြရသည့် မြင်ကွင်းကို ပြန်မြင်ယောင်လာ၏။

ထိုစဥ်ကလည်း ယနေ့ကဲ့သို့ပင် သူမ ကူကယ်ရာမဲ့စွာ ခံစားခဲ့ရပါသည်။

သူတို့  ရင်ဆိုင်နေရသည့် အစွမ်းမှာ ... အစွမ်းထက် လွန်းလှသဖြင့် .. ခုခံရန်ပင် မဖြစ်နိုင်ပါချေ ။

မသေမျိုး၏ ရှေ့တွင်မူ သူတို့က ပုရွက်ဆိတ်လေးများ ဖြစ်သွားခဲ့ရ၏။

ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးက ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ပြန်သည်။

" ဘာမှ သုံးစားမရတဲ့ အရူးတွေ ၊ သေချင်နေကြတာကိုး "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

မသေမျိုး စာရွက်လိပ်တွင် ပါသည့် " ကျန်း ' ဆိုသော စာလုံး တစ်လုံးတည်းဖြင့်ပင် မြောက်ပိုင်းဒေသ တစ်ခုလုံးကို ဖိနှိပ်နိုင်လိမ့်မည်ဟုလည်း သူ ယုံကြည်နေ၏။

သို့သော်  .. ထိုအချိန်မှာပင် လောထျန်း၏ လက်နှစ်ဖက် ဆန့်ထွက်လာကာ စာရွက်လိပ်၏ ဘေးနှစ်ဖက်ကို ကိုင်လိုက်သည်။

" ဟင် .. သူက ဘယ်လိုလုပ်ပြီး ဆက်လှုပ်ရှားနေနိုင်သေးတာလဲ "

၎င်းကို ကြည့်ကာ ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီး အံ့သြမှင်သက်သွားသည်။

ထို့နောက်တွင်မူ လောထျန်း၏ လက် လှုပ်ရှားသွား၏။

ဗြိ ...

လောထျန်းက စာရွက်လိပ်အား နှစ်ပိုင်း အရင်ဖြဲလိုက်သည်။ ထို့နောက် ထပ်ခေါက်ပြီး ထပ်ဖြဲ၏။ ပြီး .. နောက်တစ်ကြိမ် ထပ်ဖြဲလိုက်ပြန်သည်။ ပြီး နောက်တစ်ကြိမ် ... နောက်တစ်ကြိမ် ...

နောက်ဆုံး မသေမျိုးအမိန့် စာရွက်လိပ်ကြီးက ဘာမှ သုံးစားမရတော့သည့် အမှိုက်တစ်ခုလို ဖြစ်သွားမှသာ လောထျန်းက ၎င်းကို လုံးချေပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်တော့သည်။ ထို့နောက် ၎င်းပေါ်သို့ ခြေဆောင့်ကာ နင်းလိုက်သေး၏။

ထို့နောက်တွင်မူ သူက လေထဲမှ ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။

" ဟေ့ .. ငါ ပြောတာကို နားထောင်စမ်း ၊ ခုနက ငါ့မျက်နှာကို စာရွက်နဲ့ ဘာလို့ လာဖုံးနေတာလဲ ။ ငါ့ကို မခန့်တာလားကွ ဟေ"

All Chapters