လောထျန်း၏ ဆုံးဖြတ်ချက်
Vol. 18 Ch. 247
" ကျုပ် မရသေးဘူး အကိုထျန်း ၊ ကျုပ် "
သူ့အနောက်မှ လောရုံက အသံကျယ်ကြီးဖြင့် အော်လာ၏။
သူသည် လောထျန်းနှင့် မျိုးနွယ်စု တစ်ခုတည်း ဖြစ်ပြီး လောမိသားစု၏ လူငယ်မျိုးဆက်ထဲတွင် လောထျန်း နှင့် လောရှောင်ရှောင်းတို့ နှစ်ယောက်မှလွဲ၍ သူ့အား ယှဥ်နိုင်သူ မရှိပါချေ။
" ကောင်းပြီ ၊ ဒါဆို မင်းကိုပဲ ပေးလိုက်မယ်။ ဒါကို မြန်မြန် သန့်စင်လိုက်ဦး ၊ ပြီးသွားရင် ငါ မေးစရာလေးတွေ ရှိလို့ "
လောထျန်းက ပြောပြီး စိတ်ဝိဥာဥ် ပုလဲလုံးအား လောရုံဆီသို့ ပစ်ပေးလိုက်သည်။
လောရုံတစ်ယောက် အလွန်ပျော်ရွှင်သွားကာ ပုလဲလုံးကို ယူ၍ မြန်မြန်ပင် သန့်စင်လိုက်၏။
ဤသို့ဖြင့် အချိန်တခဏအတွင်းမှာပင် သူ ၎င်းအား သန့်စင်၍ ပြီးသွားတော့သည်။
" ဝိုး .. နောက်တစ်ဆင့်တက်အောင် အဲ့လို လုပ်ရတာကိုး "
လောရုံ တအံ့တသြ ရေရွတ်လိုက်သည်။
ပုလဲလုံးထဲမှ မှတ်ဉာဏ်များကို လေ့လာခြင်းမှ သူ့အတွက် ကောင်းကျိုးများစွာ ရသွားခဲ့ပါသည်။
" ခဏနေဦး ၊ ငါ မင်းကို မေးဦးမယ်။ အခု မိုးကြိုးဘုရင်က ဘာတွေ ဘယ်လို ဖြစ်နေတာလဲ "
လောထျန်းက မေးလိုက်သည်။
လောရုံက ချက်ချင်း ပြန်ပြောပြ၏။
" အကိုထျန်း ၊ မိုးကြိုးဘုရင်က မသေမျိုးတစ်ယောက် ဖြစ်သွားတယ်ဆိုတာ အမှန်ပဲဗျ ။ သူက အခု အာတိတ် ဝင်ရိုးစွန်း ရေခဲပြင်မှာ ။ ဒါပေမယ့် .. ကြည့်ရတာတော့ သူက မသေမျိုး ကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ နောက်ဆုံးအဆင့်ကို ချိုးဖျက်နိုင်သေးတဲ့ပုံ မပေါ်ဘူးဗျ ။ ဒီတော့ သူ အာတိတ်ရေခဲပြင်ကနေ ထွက်လာဖို့ နည်းနည်းကြာလိမ့်ဦးမယ် "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" တကယ်ကြီး မသေမျိုး ဖြစ်သွားခဲ့တာပေါ့ .. ။ ဒါနဲ့ သူက ငါတို့ ပျောင်ပိုင်မြို့ကို ဘယ်တုန်းက လူတွေ လွှတ်လိုက်တာလဲ "
လောရုံက မှတ်ဉာဏ်များကို ခေတ္တမျှ ရှာပြီးမှ ပြန်ဖြေသည်။
" သူက ပျောင်ပိုင်မြို့ကို ဖျက်ဆီးဖို့ လွှတ်ခဲ့တာတော့ မဟုတ်ဘူးဗျ ။ သခင်ကြီး ထျဲ့နန်ဟွေ့ ကြောင့် လွှတ်ခဲ့တာ "
" ကျုပ်ကြောင့်မို့ ..ဟုတ်လား "
ထျဲ့နန်ဟွေ့ အံ့သြမှင်သက်သွားရသည်။
လောရုံက ခေါင်းညိတ်ပြကာ ပြန်ပြော၏။
" ဟုတ်တယ်ဗျ ။ မိုးကြိုးဘုရင်က မသေမျိုးတစ်ယောက် ဖြစ်လာပြီးတာနဲ့ မြောက်ပိုင်းဒေသ တစ်ခုလုံးက အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့် နဲ့ အထက်မှာ ရှိကြတဲ့ အစွမ်းထက် ကျင့်ကြံသူတွေ အားလုံးကို အာတိတ်ရေခဲပြင်ကို လာကြဖို့ မသေမျိုးအမိန့်စာ ထုတ်ပြန်ပြီး ခေါ်ခဲ့တာ "
" မြောက်ပိုင်းဒေသ တစ်ခုလုံးက လူတွေကို .. "
လောထျန်း အံ့သြမှင်သက်သွားသည်။
မြောက်ပိုင်းဒေသမှာ အလွန် ကျယ်ပြောပြီး လူဦးရေလည်း အလွန်ထူထပ်လှကြောင်းကို သူ သိထားပြီး ဖြစ်ပါသည်။
မြောက်ပိုင်းဒေသတွင် အဆုံးအစမဲ့ ကျင့်ကြံသူများ အတန်အသင့် ပေါများသော်လည်း အဖွဲ့အသီးသီးတွင် ပျံ့နေ၏။
ယခု မိုးကြိုးဘုရင်က အဆုံးအစမဲ့ အဆင့်နှင့် အထက်မှ ကျင့်ကြံသူများ အားလုံးကို အမှန်တကယ် ဆင့်ခေါ်နေပေရာ ရည်ရွယ်ထားသည့် ကိစ္စကြီးကြီးတစ်ခု ရှိ၍သာ ဖြစ်ရပေမည်။
" ဒီလူက ဘာရည်ရွယ်ချက် ရှိလို့လဲ "
လောထျန်း ထပ်မေးလိုက်သည်။
လောရုံက မျက်လုံးမှိတ်ကာ မှတ်ဉာဏ်များအား ခေတ္တမျှ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခေါင်းယမ်း၍ ပြော၏။
" ဒီလူက အဆင့်သိပ်မမြင့်တော့ လျှို့ဝှက်ချက်တွေ အများကြီး မသိဘူးဗျ။ သူ သိတာက ဒီ အဆုံးအစမဲ့ အဆင့် အစွမ်းထက် ကျင့်ကြံသူတချို့က နတ်ဘုရားမြို့တော်က မြောက်ပိုင်းနန်းတော်ထဲ သွားကြမယ်ဆိုတာရယ်၊ အဲ့လိုသွားတဲ့ ကိစ္စကလဲ နတ်ဘုရားမြို့တော်ရဲ့ မသေမျိုးလက်နက်နဲ့ ပတ်သက်တယ်ဆိုတာရယ် အဲ့ဒါပဲ သိတာ"
ထိုစကားကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားသည်။
" မြောက်ပိုင်းနန်းတော် .. အဲ့နေရာက နောက် ၈ နှစ်ကြာမှ ဖွင့်မှာ မဟုတ်လား "
လောရုံက ပြန်ပြောသည်။
" ကြည့်ရတာ မိုးကြိုးဘုရင်က နတ်ဘုရားမြို့တော်က လူတွေကို ချက်ချင်းဖွင့်ပေးဖို့ ခြိမ်းခြောက်လိုက်လို့ ဟိုဘက်ကလဲ သဘောတူခဲ့တယ် ထင်တယ်ဗျ။ ဒါတင်မကသေးဘူး ၊ သူတို့က မြောက်ပိုင်းဒေသ တစ်ခုလုံးမှာရှိတဲ့ လူငယ် ပါရမီရှင်တွေကိုပါ ဝင်ခွင့်ပေးထားသေးတယ်။ နတ်ဘုရားမြို့တော်က စမ်းသပ်ပွဲမှာ အောင်မြင်တာနဲ့ အဲ့ဒီ လျှို့ဝှက်ဒေသကို ဝင်ခွင့် ရမှာဗျ "
" ဘာပြောလိုက်တယ် "
လောထျန်းက ရုတ်တရက် ကျယ်လောင်စွာ အော်မေး၏။
" အမ် ... နတ်ဘုရားမြို့တော်မှာရှိတဲ့ မြောက်ပိုင်းနန်းတော်က သိပ်မကြာခင် ဖွင့်မှာလို့ ပြောလိုက်တာဗျ ။ နောက် .. လဝက်လောက်ဆို ဖွင့်ပြီ "
ထိုစကားကို ကြားသောအခါ လောထျန်းက သူ့ပေါင်သူ အားပါးတရ ပြန်ရိုက်လိုက်သည်။
" မိုးကြိုးဘုရင်ကြီး ..မိုးကြိုးဘုရင်ကြီး .. မင်းက ဒီတစ်ခေါက် ကောင်းတဲ့ကိစ္စ လုပ်လိုက်တာပဲ။ မင်းကြောင့်သာ မဟုတ်ရင် နတ်ဘုရားမြို့တော်ကို ငါ့ကိုယ်တိုင် သွားပြီး တိုက်ခိုက်ရတော့မှာ ။ အခုတော့ ငါ အလုပ်ရှုပ် အများကြီး သက်သာသွားတာပေါ့ "
လောထျန်းက ရယ်လိုကါသည်။
ထိုစကားကို ကြားသောအခါ အားလုံး ချွေးစေးများ ပြန်ကုန်ကြ၏။
နတ်ဘုရားမြို့တော်ကို တိုက်ခိုက်မည်တဲ့လား ..
ဘာတွေ ပြောနေပါသနည်း။
" ကောင်းတယ်ကွာ .. သခင်ကြီးယဲ့ ၊ ကျုပ်ကို တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ စီစဥ်ပေးပါဦး ၊ ကျုပ် မြောက်ပိုင်းနတ်ဘုရားမြို့တော်ကို သွားချင်တယ် "
လောထျန်းက ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ထျဲ့နန်ဟွေ့က ရုတ်တရက် ဝင်ပြော၏။
" ခဏလေး နေပါဦး သခင်လေးလောထျန်း ၊ သခင်လေးက နတ်ဘုရားမြို့တော်မှာ ဘာသွားလုပ်မလို့လဲဗျ "
လောထျန်းက ပြန်ပြောလိုက်သည်။
" မြောက်ပိုင်းနန်းတော် လျှို့ဝှက်ဒေသကို ဝင်ခွင့်ရဖို့ပေါ့ဗျ "
" အခု ဒီတိုင်းကြီး သွာမလို့လား "
ထျဲ့နန်ဟွေ့က လောထျန်းကို ကြည့်ကာ ထပ်ပြော၏။
လောထျန်းက သူ့ကို ကြောင်အအ ပြန်ကြည့်လိုက်သည်။
" ဒီတိုင်းမသွားလို့ ဘယ်လို သွားရမှာလဲဗျ "
ထျဲ့နန်ဟွေ့က နဖုးမှ ချွေးများကို သုတ်လိုက်သည်။
" ဒီလုရဲ့ မှတ်ဉာဏ်တွေ အရ ဆိုရင် နတ်ဘုရားမြို့တော်က မိုးကြိုးဘုရင်ရဲ့ လက်အောက်ကို လုံးဝ မရောက်သေးရင်တောင် သူ့လူတွေကတော့ အဲ့မှာ ရှိနေကြမှာ သေချာတယ်ဗျ "
" သခင်လေးက အရင်ကလဲ သူ့ကို စော်ကားခဲ့ဖူးတယ်၊ အခုလဲ သူ့လူတစ်ယောက်ကို သတ်ခဲ့တာလေ ။ ဒီတော့ သခင်လေးသာ ဒီတိုင်းကြီးသွားရင် သူ့ဘက်က ပြဿနာရှာလာမှာကို မစိုးရိမ်ဘူးလား "
လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။
" ကျုပ် သူ့ကို မကြောက်ပါဘူး "
ထျဲ့နန်ဟွေ့တစ်ယောက် စိတ်ရှုပ်နေဟန် ပေါက်သွားသည်။
" ဒါပေမယ့် သူက မသေမျိုးတစ်ယောက်လေ "
" မသေမျိုးတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လို့လဲ "
လောထျန်းကမူ မထူးခြားဟန်ဖြင့်သာ ရှိနေသည်။
လောထျန်းသည် မသေမျိုး အစစ်တစ်ယောက်နှင့် ယခုချိန်ထိ မတွေ့ဖူးသေးသည့်တိုင် မသေမျိုးနှင့် ယှဥ်ကာ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံထား၏။
သူ ထိုလူအား အနိုင်မယူနိုင်လျှင်ပင် ဆုမီတောင်ကို ဆင့်ခေါ်ကာ အသေရိုက်သတ်၍ ရပေသည်။
ဆုမီတောင်တွင် သူ တွေ့ခဲ့သော မျှော်စင်စိတ်ဝိဥာဥ်၏ စကားအရ ဆိုပါက ဆုမီတောင်သည် သာမာန် မသေမျိုးလက်နက်တစ်ခု မဟုတ်ပေရာ မိုးကြိုးဘုရင်အနေဖြင့် ခုခံနိုင်မည် မဟုတ်ပါချေ။
ထိုအချိန်တွင် ထျဲ့နန်ဟွေ့မှာ လောထျန်းကို ကြည့်ကာ မည်သို့ ပြန်ပြောရမည်မသိဘဲ ဆွံ့အနေ၏။
သို့သော် သူ့စိတ်ထဲတွင်မူ လောထျန်းက တဇွတ် ထိုး လုပ်လွန်းသည်ဟု ထင်နေသည်။
လက်ရှိတွင် လောထျန်းအနေဖြင့် မိုးကြိုးဘုရင်နှင့် မတိုက်ခိုက်ရန် အကောင်းဆုံး ရှောင်သင့်သည်ဟုလည်း သူ ထင်၏။
လောထျန်း၏ အစွမ်က ကြောက်စရာကောင်းသည်မှာ မှန်ပါသည်။
သို့သော် လောထျန်း၏ လက်ရှိအစွမ်းက မသေမျိုးများနှင့် ယှဥ်လိုက်လျှင်မူ များစွာ နိမ့်ကျနေသေးသည်ဟု သူ မြင်ပါသည်။
သို့ဖြစ်ရာ မသေမျိုးတစ်ယောက်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန်ဆိုလျှင် အနည်းဆုံး ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ ရောက်ထားသင့်၏။
သို့ဆိုလျှင် လောထျန်းအတွက် နိုင်ချေလည်း ပိုများသွားပေမည်။
သို့သော် .. ထိုစကားများကို လောထျန်းအား တိုက်ရိုက် ပြောလိူက်ပါလျှင်လည်း အကျိုးဆက်က သူ့အား ပြန်ရိုက်ခတ်လာနိုင်ပါသေး၏။
ထိုသို့တွေးကာ သူ နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး ပြောလိုက်သည်။
" သခင်လေး လောထျန်းက မြောက်ပိုင်းနန်းတော်ကို သွားမှာ မဟုတ်လား "
လောထျန်းက ခေါင်းညိတ်ပြ၏။
ထျဲ့နန်ဟွေ့က စကားဆက်သည်။
" တကယ်လို့ သခင်လေးက မြောက်ပိုင်းနန်းတော်ကို မဝင်ရသေးခင်မှာ ကိုယ် ဘယ်သူဆိုတာကို ထုတ်ပြလိုက်ရင် မိုးကြိုးဘုရင်ရဲ့ လူတွေနဲ့ ပြဿနာ ဖြစ်သွားနိုင်တယ်မလား ။ အဲ့ကျရင် သခင်လေးက နိုင်သွားခဲ့ရင်တောင် သူတို့က နောက်ဆုံး ကူကယ်ရာမဲ့ပြီး မြောက်ပိုင်းနန်းတော်ရဲ့ ဝင်ပေါက်ကို ဖျက်ဆီးပစ်လိုက်နိုင်တယ်ဗျ ။ အဲ့ကျရင် သခင်လေးအတွက် ကောင်းမှာ မဟုတ်ဘူး "
လောထျန်းက ခေတ္တမျှ အံ့သြမှင်သက်နေပြီး ပြန်ပြော၏။
" ခင်ဗျားပြောတာ အဓိပ္ပါယ်ရှိတယ်ဗျ "
ထျဲ့နန်ဟွေ့က သံပူတုန်း ပုံသွင်းသည့်အနေဖြင့် ဆက်ပြောသည်။
" ဒီတော့ဗျာ ၊ မြောက်ပိုင်းနန်းတော်ထဲကို မဝင်ခင်မှာ ကိုယ် ဘယ်သူဆိုတာကို ထုတ်မပြောဖို့ ကျုပ် အကြံပေးချင်တယ်။ ကိုယ်လိုချင်တာ ရသွားပြီးမှ မိုးကြိုးဘုရင်နဲ့ ကိစ္စကို ရှင်းလဲ နောက်မကျသေးပါဘူးဗျ "
လောထျန်းက အချိန် အတန်ငယ်ကြာ စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။
" အင်း .. အဲ့လိုပဲ လုပ်မယ်ဗျာ။ ကျုပ် နတ်ဘုရားမြို့တော်ထဲကို ခိုးဝင်ပြီးတော့ မြောက်ပိုင်းနန်းတော်ထဲ ရောက်အောင် အရင်ဆုံး လုပ်လိုက်မယ် "
ထျဲ့နန်ဟွေ့ ပြောသွားခဲ့သည်မှာ မှန်ပါသည်။ တဖက်လူများကသာ ကြံရာမရသည့်အဆုံး မြောက်ပိုင်းနန်းတော်ဝင်ပေါက်ကို ဖျက်ဆီးလိုက်ပါက သူ့အတွက် ဆုံရုံးမှုမှာ ပြောဖွယ်ရာပင် မရှိတော့ချေ။
ထိုသို့သာ ဖြစ်သွားခဲ့ပါက သူ့အတွက် ရွေးချယ်စရာ နှစ်ခုတည်းသာ ရှိတော့မည် ဖြစ်သည်။
တစ်ခုမှာ သူ့ဘဝတစ်လျှောက်လုံး စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်၌သာ ထာဝရ ပိတ်မိပြီး နေသွားရမည့်အချက်ပင် ။ သူသည် အလွန်တရာ အစွမ်းထက်သော်ငြား သူ့ဘဝသက်တမ်းက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်၏ ကန့်သတ်ချက်ဖြစ်သော နှစ်တစ်ထောင်တွင်သာ ကုန်ဆုံးသွားပေလိမ့်မည်။
ရွေးချယ်စရာ နောက်တစ်ခုမှာ ကောင်းကင်ဘုံ သိုင်းကျမ်း၏ သိုင်းပညာများ အားလုံးကို စွန့်လွှတ်၍ အခြားသိုင်းပညာရပ်များကိုသာ ကျင့်ကြံရန်ပင် ဖြစ်ပါသည် ။
သူ၏ လက်ရှိ ပါရမီဖြင့် ဆိုပါက အခြားကျင့်စဥ်များကို ကျင့်ကြံလျှင်ပင် ကြီးမားသော အောင်မြင်မှု တစ်စုံတရာ ရလိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်လည်း ရှိ၏။
သို့သော် .... ကောင်းကျိုး တစ်စုံတရာ မရှိဘဲ အဘယ့်ကြောင့် မိမိကိုယ်ကို ခက်ခဲအောင် လုပ်ရပါမည်နည်း။
လောထျန်းက ထိုသို့ ဆုံးဖြတ်ချက်ချကာ သူနေသည့် အဆောင်သို့ ပြန်သွားလိုက်သည်။ ထို့နောက် လိုအပ်သည့် အရေးကြီး ပစ္စည်းများကို ထုတ်ပိုး၍ ထွက်ခွာရန် ပြင်လိုက်၏။
ဤတစ်ကြိမ်တွင်မူ သူနှင့်အတူ မည်သူ့ကိုမှ ခေါ်မလာခဲ့တော့ချေ။
သူက ထိုခရီးကို ပေါ့ပေါ့ပါးပါးအနေဖြင့်သာ ပြောခဲ့သော်လည်း ၎င်းက ပြဿနာ များနိုင်ကြောင်းကို သိထားပြီး ဖြစ်ပါသည်။
မိုးကြိုးဘုရင်က မသေမျိုး အဆင့်သို့ ရောက်သွားခဲ့ပြီ မဟုတ်ပါလား ။
အစောက မသေမျိုးအစွမ်း အနည်းငယ်သည်ပင် သူ့ဘေးမှ လူများအားလုံးကို လဲကျသွားအောင် လုပ်နိုင်စွမ်း ရှိခဲ့ပါသည်။
သို့ဖြစ်ရာ .. အကယ်၍ ဤခရီး၌ မိုးကြိုးဘုရင်နှင့် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရလျှင် သူ့ဘေးမှ လူများကို ဂရုစိုက်ရန် အချိန်ပေးနိုင်မည် မထင်ပါချေ။
ထို့ကြောင့် လောထျန်းက အားလုံးကို ပျောင်ပိုင်မြို့သို့သာ ပြန်ကြရန် ပြောလိုက်၏။ ထို့နောက်တွင်မူ မြို့ကို ကာကွယ်ပေးသည့် အစီအမံအား အသက်သွင်းကာ မြို့တွင်း၊မြို့ပြင်ကို မည်သူမှ အဝင်အထွက် မလုပ်ကြရန် မှာလိုက်သည်။
ပျောင်ပိုင်မြို့၏ လက်ရှိ အကာအကွယ် အစီအမံများနှင့် ဆိုပါက မြောက်ပိုင်းဒေသ တစ်ခုလုံးရှိ မည်သူကမှ အစီအမံများအား ချိုးဖျက်နိုင်ကြမည် မဟုတ်တောာ့ပါချေ။ သို့သော် .. မိုးကြိုးဘုရင် ကိုယ်တိုင် လာခဲ့လျှင်မူ မပြောတတ်ပါ ။
ထို့အပြင် ပြီးခဲ့သည့် ဂိုဏ်းသုံးခုကို ဖျက်ဆီးရာမှ ရခဲ့သော ပစ္စည်းများကလည်း တောင်လို ပုံနေသည့်အတွက် သူတို့အားလုံး မြို့ပြင်သို့ မထွက်ဘဲ နှစ်တစ်ထောင်ခန့်ပင် နေနိုင်ပါသည်။
ထို့နောက်တွင်မူ လောထျန်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲ ဝင်ကာ မြောက်ပိုင်း နတ်ဘုရားမြို့တော်သို့ ဦးတည်သွားလိုက်တော့၏။