ယွိဖုန်းဂိုဏ်း
Vol. 18 Ch. 248
မှောင်စပျိုးလာသည့် အချိန်၌...
ဝီ ..
ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျလာသည်။
ထို့နောက် ..လောထျန်း ပေါ်လာ၏။
" ဟင် .. နတ်ဘုရားမြို့တော်ထဲကို တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလို့ တကယ် မရတာပဲ "
လောထျန်းက သူ့ဘေးပတ်လည်မှ လူသူကင်းမဲ့နေသည့် တောင်ကုန်းများကို ကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။
ထိုအကြောင်းကို ယဲ့ထုံလင်းက သူ့အား ပြောပြထားပြီး ဖြစ်ပါသည်။
မြောက်ပိုင်း နတ်ဘုရားမြို့တော်သည် မသေမျိုးတစ်ယောက် နေထိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်သဖြင့် အလွန်ထူးခြားသည်ဟု ပြော၍ရ၏။ ထို့အပြင် မြို့ထဲတွင်လည်း သူတို့၏ ကိုယ်ပိုင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတစ်ခု ရှိနေပါသေးသည်။
သို့ဖြစ်ရာ အပြင်လူများအနေဖြင့် မြို့ထဲသို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်း၍ မရပါချေ။
တည်နေရာ ရွှေ့ပြောင်းနိုင်သည့် အနီးဆုံးအကွာအဝေးသည်ပင် နတ်ဘုရားမြို့တော်နှင့် မိုင်ပေါင်း သောင်းချီကာ ဝေး၏။
" မိုင်ပေါင်း သောင်းချီပြီးတော့ ဝေးသေးတယ် .. ဒီအကွာအဝေးလောက်ကို တည်နေရာ ရွှေ့ပြောင်းပြီး သွားရင် ဘယ်လောက်မှ ကြာမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင်လဲ ကိုယ်ဘယ်သူဆိုတာ ထုတ်ပြောနေသလို ဖြစ်သွားဦးမယ် "
လောထျန်းမှာ ထျဲ့နန်ဟွေ့ ၏ စကားများကို ပြန်ကြားယောင်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
မြောက်ပိုင်းနန်းတော်သို့ ဝင်ခွင့် ရရန်ဆိုလျှင် သူ အလွန်သတိထား ဂရုစိုက်မှ တော်ခါကျပေလိမ့်မည်။
သူနှင့် မိုးကြိုးဘုရင်တို့ ကြားတွင် ရန်ငြိုးရန်စ ရှိထားသည် မဟုတ်ပါလား ။ မိုးကြိုးဘုရင်၏ အကျင့်စရိုက်အတိုင်း ဆိုပါကလည်း သူ့အား ပစ်မှတ်ထား တိုက်ခိုက်ချင်နေမည်မှာ မလွဲပေ။
ထို့အပြင် .. ဝိဥာဥ်နတ်ဆိုးနန်းတော်ကလည်း မိုးကြိုးဘုရင်၏ လက်အောက်ခံ အင်အားစုတစ်ခုဖြစ်နေသေးရာ ယခုချိန်လောက် ဆိုပါက သူနှင့်ပတ်သက်သည့် သတင်းအချက်လက်များကို အကြောင်းစုံ သိနေလောက်ပြီဖြစ်သည်။
သို့ဖြစ်ရာ သူ၏ တည်နေရာရွှေ့ပြောင်းမှုကိုသာ တွေ့သွားပါက သူ မည်သူဆိုသည်ကို သိသွားမည် မလွဲပေ။
သို့ဆိုလျှင် တဖက်လူများက မြာက်ပိုင်းနန်းတော်သို့ ဝင်ပေါက်ကို ဖျက်ဆီးပစ်လိုက်နိုင်ပါသည်။
ထိုသို့သော အကြောင်းများကြောင့် ဤခရီးက သူ့အတွက် အန္တရာယ်များရခြင်းပင်။
" အင်း .. သေချာစဥ်းစားပြီးမှပဲ သာမာန် နည်းလမ်းနဲ့ သွားရမယ် "
လောထျန်း တွေးလိုက်သည်။
ထိုအချန်မှာပင် ..
ဝေါင်း ...
သူနှင့် မနီးမဝေးမှ အသံကျယ်တစ်သံကို ကြားလိုက်ရသည်။
" ဟင် .. "
လောထျန်းမှာ ထိုအသံကို ကြားသည်နှင့် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ စစ်ဆေးကြည့်ချင်စိတ် ပေါက်သွား၏။
သို့သော် .. သူ ထိုအကြံကို ချက်ချင်းပင် ပယ်ဖျက်လိုက်ရပြန်သည်။
" မဖြစ်သေးဘူး ၊ ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးလိုက်ရင် ငါ ဘယ်သူဆိုတာ ပေါ်သွားနိုင်ချေရှိတယ်။ နတ်ဆိုးဝိဥာဥ်နန်းတော်က လူတွေ ငါ့ကို တွေ့သွားနိုင်တယ်လေ "
သူသည် နတ်ဆိုးဝိဥာဥ်နန်းတော်ကို မစိုးရိမ်လှသော်လည်း သူတို့၏ သတင်းစုဆောင်းနိုင်စွမ်းက အလွန်ကောင်းသည်ကိုမူ သိပါသည်။
သူတို့ထဲမှ အချို့ဆိုလျှင် သစ်ပင်များ ၊ သားရဲများ ကို သူတို့၏ မျက်လုံးနှင့် နားများအနေဖြင့် အသုံးချ၍ပင် သတင်းစုဆောင်းတတ်ကြပါသေး၏။ သို့ဖြစ်ရာ သူ အစစအရာရာကို သတိကြီးစွာ ထားမှ ဖြစ်ပေမည်။
" ထားလိုက်ပါ .. ပြေးပြီးတော့ပဲ သွားကြည့်လိုက်မယ် "
လောထျန်းက ထိုသို့တွေးကာ သူ့အစွမ်းအပြည့်သုံး၍ ခြေဆောင့်နင်းလိုက်သည်။
ထို့နောက်တွင်မူ သူ ခုန်ပြေးသွားသည့် လမ်းတလျှောက်တွင် နက်ရှိုင်းသော ခြေရာကြီးများ ကျန်ရစ်ခဲ့တော့၏။
သူသုံးခဲ့သည့် အကွက်မှာ ခန္ဓာကိုယ်ရွှေ့ကွက်သိုင်းပညာပင် လုံးဝ မပါဝင်ဘဲ အစွမ်းချည်းသက်သက်ကိုသာ သုံးခဲ့ခြင်း ဖြစ်ပါသည်။
ဘုတ် ..
လောထျန်းက ကျောက်တုံးကြီး တစ်ခုနောက်တွင် ဆင်းသက်လိုက်သည်။
ရှေ့သို့ မျှော်ကြည့်လိုက်သည့် အချိန်တွင်မူ လူငယ်ယောကျ်ားလေး သုံးယောက်နှင့် မိန်းကလေး နှစ်ယောက်တို့က ဝက်ဝံ ပုံသဏ္ဍာန်ရှိသည့် သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။
ထိုငါးယောက်ထဲတွင် လူငယ်သုံးယောက်နှင့် အသက်မတိမ်းမယိမ်း မိန်းကလေး ၁ ယောက်တို့မှာ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၃ နှင့် ၅ ကြားတွင် ရှိကြပါသည်။
သူတ်ု့ထဲမှ အငယ်ဆုံး ဖြစ်ဟန်တူသည့် မိန်းကလေးတစ်ယောက်ကသာ စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့် ၅ ရှိထားဟန်တူ၏။
သို့သော် .. သူတိူ့ ရင်ဆိုင်တိုက်ခိုက်နေသည့် သားရဲကမူ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၈ သို့ပင် ရောက်ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် သူတို့ဘက်မှ လူဦးရေ ပိုများနေစေကာမူ ပိုမြင့်သည့် အဆင့်မှ သားရဲကို ရင်ဆိုင်နေရခြင်း ဖြစ်သဖြင့် တိုက်ပွဲတွင် အသာစီးရနေဟန် မရှိချေ။
တိုက်ပွဲက ပိုကြာလာသည်နှင့်အမျှ သူတို့ဘက်မှ တဖြည်းဖြည်း ပို အရေးနိမ့်လာ၏။
ဘုန်း ..
သားရဲက လက်ဝါးဖြင့် ဖြတ်ရိုက်လ်ုက်ရာ တဖက်မှ အသက်ပိုကြီးသည့် မိန်းမပျို အရိုက်ခံလိုက်ရသည်။
ကံကောင်းစွာပင် မိန်းမပျိုက ဓားကို ချက်ချင်းထုတ်၍ ရင်ဘတ်ရှေ့တွင်ကာ,ကာ ၎င်းကို တားဆီးလိုက်နိုင်၏။
သို့သော် .. သားရဲမှာ သူမထက် များစွာ ပိုအစွမ်းထက်နေသဖြင့် သူမ နောက်သို့ လွင့်သွားရတော့သည်။
အု ..
သူမ လေထဲတွင် ရှိနေစဥ်မှာပင် သွေးအန်သွား၏။
" မမချင် .. "
မိန်းမငယ်လေးမှာကား အလွန်ကြောက်ရွံ့သွားဟန်ဖြင့် မျက်နှာတပြင်လုံး ဖြူရော်သွားသည်။
" ဝေါင်း .. "
သားရဲက ဟိန်းသံပေးကာ မိန်းမငယ်ဘက် လှည့်ပြီး ထပ်ရိုက်လိုက်ပြန်သည်။
" အား ... "
၎င်းကို မြင်သောအခါ မိန်းမငယ် ချက်ချင်းပင် ကြောက်ဘန့်တုန်လှုပ်သွား၏။
" အဝေးကို ပြေးတော့ '
ထိုအချိန်တွင် လူငယ်ယောက်ျားလေး သုံးယောက်ထဲမှ အရပ်အရှည်ဆုံးသူက မိန်းမငယ်ရှေ့သို့ ပြေးဝင်ကာသည်။
ဖြောင်း ...
သားရဲ၏ လက်ဝါးချက်က လူငယ်၏ လက်ထဲမှ သံချောင်းကိုသာ ရိုက်မိသွား၏။
ဂျွတ် ..
သံချောင်းမှာ ထိုလက်ဝါးချက်ကြီးကြောင့် ချက်ချင်း ကွေးသွားပြီး လူငယ်မှာလည်း ဒယီးဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူ့မျက်နှာတပြင်လုံး နီလာကာ သူ့လည်ချောင်းဝသို့လည်း သွေးများ တက်လာသဖြင့် သူ ချက်ချင်း အန်လိုက်ရသည်။
" ဒီ မအေ %$#$% သားရဲ ၊ သေစမ်းကွာ "
" သတ်ပစ် "
ကျန် လူငယ်ယောကျ်ားလေး နှစ်ယောက်မှာလည်း သွေးဆာလာကြဟန်ဖြင့် သားရဲအား ရုတ်ချည်း တိုက်ခိုက်လိုက်ကြသည်။
သားရဲကလည်း အသံကျယ်ပေး၍ ဟိန်းဟောက်ကာ ပြန်တိုက်ခိုက်၏။
ထိုမြင်ကွင်း အစအဆုံးက်ု ကျောက်တုံးနောက်မှ ကြည့်နေသည့် လောထျန်းမှာ မနေနိူင်ဘဲ ခေါင်းအသာ ယမ်းလိုက်သည်။
ပွဲ၏ လက်ရှိအခြေအနေအတိုင်း ဆိုပါက ထိုလူငယ်များမှာ မကြာခင်မှာပင် ရှုံးနိမ့်သွားကြပေလိမ့်မည်။
ထိုသို့ တွေးကာ လောထျန်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူ သွားကူပေးရန် ပြင်လိုက်၏။
သို့သော် .. လက်မြှောက်လိုက်သည့် အချိန်မှာပင် သူ ရပ်တရက် ရပ်သွားသည်။
" မြောက်ပိုင်းနန်းတော်ထံကို မဝင်ခင်မှာ ကောင်းကင်ဘုံ သိုင်းကျမ်းကို ထုတ်သုံးလို့ မဖြစ်ဘူး ။ အဲ့အကျင့်ကို သေချာလုပ်မှ ရမယ် "
လောထျန်းက ထိုသို့တွေးကာ သူ့လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် သူ ကြိုတင်ပြင်ဆင်လာခဲ့သည့် လူ မျက်နှာဖုံးတစ်ခုကို ဟင်းလင်းပြင် လက်စွပ်ထဲမှ ထုတ်ကာ တပ်လိုက်၏။
ထို့နောက် သံမျက်နှာဖုံးတစ်ခုကိုလည်း အပေါ်မှ ထပ်တပ်လိုက်သည်။
ပြီးနောက်တွင်မူ မြေကြီးပေါ်မှ ကျောက်တုံးတစ်တုံးကိုယူကာ သားရဲဆီသို့ ပစ်လိုက်၏။
ထိုအချိန်တွင် တိုက်ပွဲမှာ အခြေအနေ တော်တော်ဆိုးနေခဲ့ပြီး သားရဲကြီးက လုံးဝ အသာစီး ရနေခဲ့လေပြီ။
၎င်းက လူငယ်ယောကျ်ားလေးနှစ်ယောက်အား ဆက်တိုက် ၂ ချက်ရိုက်၍ တိုက်ခိုက်ကာ အသက်ပိုကြီးသည့် မိန်းမပျိုဆီသို့ ထပ်ပြေးဝင်သွားသည်။
" ဝေါင်း .. "
ထို့နောက်တွင်မူ ၎င်းက အသံကျယ်ကြီးဖြင့် ဟိန်း၍ သတ်ရန် အသင့်ပြင်လိုက်၏။
" မမ ချင် " မိန်းမငယ်လေးက ကြောက်လန့်တကြား အော်ကာ အသည်းအသန် ပြေးသွားသည်။
" မျိုးမစစ် သားရဲကောင် ..ရပ်စမ်း "
လူငယ်ယောကျ်ားလေး သုံးယောက်ကလည်း ဒေသတကြီး လှမ်းအော်၏။
သို့သော် သားရဲကမူ သူတို့အား ဂရုစိုက်ဟန်ပင် မပြပါချေ။
သားရဲကြီးက လက်မြှောက်၍ အသေသတ်ရန် ပြင်လိုက်စဥ်မှာပင် ...
ဝီ ..
လေကိုခွင်းကာ လာနေသည့် အသံတစ်သံ ထွက်ပေါ်လာပြီး သားရဲကြီး၏ ခေါင်းက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ သွေးများ ပန်းထွက်လာတော့၏။
ဘုန်း ..
ပြီးနောက်တွင်မူ သားရဲကြီး၏ အလောင်းက မြေပြင်သို့ လဲကျသွားတော့သည်။
" ဟင် .. ဘယ်လိုဖြစ်ပြီး .. "
ထိုနေရာတွင် ရှိနေသည့် လူများအားလုံး အံ့သြမှင်သက်သွားကုန်၏။
သူတို့ ကြုံနေခဲ့ရသည့် ပြဿနာကြီးက ယခုကဲ့သို့ အဆုံးသတ်သွားသတဲ့လား ..
သူတို့ထဲမှ အရပ်အရှည်ဆုံး လူငယ်က ပထမဆုံး အသိဝင်လာကာ ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်သည်။
" ငါတို့ကို ကူညီခဲ့တာ ဘယ် သခင်ကြီးပါလိမ့် "
အခြားသူများလည်း အသိပြန်ဝင်လာကြကာ ဘေးပတ်လည်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် လောထျန်းက ကျောက်တုံးများနောက်မှ ထွက်လာသည်။
လောထျန်းကို မြင်သည်နှင့် အားလုံး ဦးညွှတ် အရိုအသေ ပေးလိုက်ကြ၏။
" ကျုပ်တို့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး "
လောထျန်းက သူတို့ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြန်ပြောသည်။
" ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ ။ ကျုပ်က ဒီတိုင်း ဖြတ်လာရင်း လမ်းကြုံလို့ပါ ။ ပြီးတော့ ကျုပ်က သခင်ကြီး မဟုတ်ဘူးဗျ "
ထိုစကားကို ကြားသောအခါ အားလုံးက လောထျန်းအား တအံ့တသြ ထပ်ကြည့်လိုက်ကြ၏။
လောထျန်းမှာ မျက်နှာဖုံး တပ်ထားသည့်တိုင် သူ့အသွင်နှင့် အသံကို ကြည့်ခြင်းဖြင့်ပင် အသက်ကြီးသူ တစ်ယောက်မဟုတ်မှန်း သိသာနေလေပြီ ။
ထိုအချက်ကြောင့်လည်း သူတို့ ပိုအံ့အားသင့်သွားရသည်။
ထိုလူက အသက်ငယ်လေးနှင့်ပင် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်မှ သားရဲကို တစ်ချက်တည်းဖြင့် အသေသတ်နိုင်သည်လား။
အရပ်အရှည်ဆုံးလူငယ်က တုန်ယင်နေသည့် အသံဖြင့် မေးလာ၏။
" တဆိတ်လောက် စိတ်မရှိရင် မေးချင်လို့ပါ ကျေးဇူးရှင်လေး ၊ ကျေးဇူးရှင်လေးက ယွိဖုန်း ဂိုဏ်းက တပည့်များလား "
" ယွိဖုန်း ဂိုဏ်း .. ဟုတ်လား "
လောထျန်း အံ့အားသင့်သွားပြီး ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
" မဟုတ်ဘူးဗျ "
တဖက်လူက အံ့အားသင့်သွားဟန်ဖြင့် ထပ်မေး၏။
" ယွိဖုန်းဂိုဏ်းက မဟုတ်ဘူးပေါ့ ။ ဒါဆို .. တခြား အဓိက ဂိုဏ်းကြီးတစ်ခုက တပည့်မျာ ဖြစ်နေမလား "
လောထျန်းက ပြန်ဖြေသည်။
" မဟုတ်ဘူးဗျ ၊ ကျုပ်က ဒီတိုင်း တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ "
" တစ်ကိုယ်တော် ကျင့်ကြံသူ ... "
တဖက်လူများ အံ့သြမှင်သက်သွားကြပြန်သည်။
သူတို့ရှေ့မှ လူငယ်၏ အစွမ်းက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်အဖို့ အလွန် အစွမ်းထက်လွန်းနေသည် မဟုတ်ပါလား။
သူတို့ငါးယောက် အစွမ်းဖြင့် အစွမ်းကုန် ကြိုးစားခဲ့သည့်တိုင် သားရဲကို မသတ်နိုင်ခဲ့သော်လည်း လောထျန်းက တစ်ချက်တည်းဖြင့်ပင် အသေသတ်ပစ်ခဲ့၏။
" ဒါနဲ့ ၊ ခင်ဗျားတို့ ပြောနေတဲ့ ယွိဖုန်းဂိုဏ်းက ဘယ်လို ဂိုဏ်းမျိုးလဲဗျ "
လောထျန်းက မေးလာသည်။
အရပ်ရှည်ရှည်နှင့် လူငယ် အံ့အားသင့်သွားကာ ပြန်မေး၏။
" ကျေးဇူးရှင်လေးက ယွိဖုန်းဂိုဏ်းကို မသိဘူးပေါ့ "