ထျန်းပိုင်
Vol. 18 Ch. 249
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။
" ကျုပ်က ဒီကို ခုမှ ရောက်ဖူးတာမို့ ဒီက ဂိုဏ်းတွေအကြောင်း ဘာမှ မသိဘူးဗျ "
အရပ်ရှည်ရှည်နှင့်လူငယ်က ခေါင်းညိတ်လိုက်သည်။
" အဲ့လိုကိုး .. ကျေးဇူးရှင်လေးရဲ့ နာမည်က ဘယ်လို ခေါ်ပါသလဲဗျာ "
လောထျန်းက ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ဖြေ၏။
" ထျန်းပိုင် ပါ "
သူသည် မြောက်ပိုင်းနန်းတော်ထဲသို့ ခိုးဝင်ရန် ကြိုးစားနေသူဖြစ်ရာ သူ့ကိုယ်သူ နာမည်ဝှက်တစ်ခု ပေးလိုက်ရခြင်းက မဆန်းပေ။
လောထျန်း ဆိုသည့် နာမည်ကို ခုချိန် ထုတ်ပြောရန် အန္တရာယ်များလွန်းသည် မဟုတ်ပါလား။
ထို့ကြောင့်လည်း သူက သူ့နာမည်အရင်းမှ ' ထျန်း ' ဆိုသည့် စာလုံးနှင့် ပျောင်ပိုင်မြို့နာမည်မှ ' ပိုင် " ဆိုသည့် စာလုံးကို ယူကာ နာမည်အသစ် ပေးလိုက်ခြင်း ဖြစ်ပါသည်။
" ဒါဆို ကျေးဇူးရှင်လေး ထျန်းပိုင် ပေါ့ .. ကျေးဇူးပြုပြီး ကျုပ်တို့ အရိုအသေ ပေးတာကို လက်ခံပေးပါဗျာ "
ထိုသို့ ပြောပြီးနောက် သူတို့အားလုံး ဦးညွှတ် အရိုအသေ ပေးလိုက်ကြပြန်သည်။ ထို့နောက် အရပ်ရှည်ရှည်နှင့်လူက သူ့ကိုယ်သူ ဦးစွာ မိတ်ဆက်ပြီး အခြားသူများနှင့်လည်း မိတ်ဆက်ပေးလိုက်၏။
သူတို့ ငါးယောက်မှာ အနီးနားရှိ ရွာတစ်ရွာမှ ဖြစ်ပြီး အရပ်ရှည်ရှည်လူငယ်က အားလုံးထဲတွင် အကြီးဆုံးဖြစ်ကာ ယခုနှစ်တွင် အသက် ၃၁ နှစ် ပြည့်မည်ဖြစ်သည်။ သူ့အမည်ကမူ ကျောက်ရှုံးဟု ခေါ်၏။
ကျန် လူငယ် နှစ်ယောက်မှာ အသက် ၂၄ နှင့် ၂၃ နှစ် အသီးသီး ရှိကြပြီး ချမ်လု နှင့် စွန်းမင်ဟု အမည်ရကြသည်။
သားရဲ၏ အရိုက်ကို ခံခဲ့ရသည့် မိန်းမပျိုကမူ ကျန်းချင်ဟု ခေါ်ဆိုကာ အသက် ၁၉ နှစ် ရှိပြီဖြစ်သည်။
သူတို့ထဲမှ အငယ်ဆုံး မိန်းမငယ်ကမူ ကျန်းယွမ်ဟု အမည်ရကာ အသက် ၁၅ နှစ်သာ ရှိသေး၏။
" ကျေးဇူးရှင်လေးထျန်း .. "
ကျောက်ရှုံးက စကားစလာသည်။
လောထျန်းက လက်ကာပြကာ စကားဖြတ်ပြော၏။
" ကျုပ်ကို ကျေးဇူးရှင်လို့ ခေါ်မနေပါနဲ့တော့ဗျာ ။ ဒီတိုင်း ကျုပ်နာမည်ကိုပဲ ခေါ်ကြပါ "
ထိုသို့ ကျေးဇူးရှင်ဆိုသော ညွှန်းဆိုမှုနှင့် သူ အသားမကျပါချေ။
သို့သော် ကျောက်ရှုံးက ခေါင်းယမ်းကာ ပြောသည်။
" ဘယ်လိုလုပ် ဖြစ်မှာလဲဗျာ ။ ကျေးဇူးရှင်လေးက ကျုပ်တို့အသက်ကို ကယ်ခဲ့တာလေ ။ ဒါကို နာမည်အတိုင်းကြီးပဲ ခေါ်ရင် ရိုင်းရာ ကျသွားမှာပေါ့ဗျ "
ချမ်လု နှင့် အခြားသုများကလည်း ခေါင်းညိတ်၏။
ထိုအချိန်တွင် ကျန်းချင်၏ အတွင်းဒဏ်ရာများမှာ သက်သာလာပြီး အသက်ပုံမှန် ပြန်ရှူလာနိုင်ပြီဖြစ်သည်။
အခြားသူများ၏ စကားကို နားထောင်ပြီးနောက် သူမ ဝင်ပြော၏။
" ဟုတ်တယ် ကျေးဇူးရှင်လေးရဲ့ ။ နာမည်အတိုင်းကြီး ခေါ်လိုက်ရင် ကျွန်မတို့ အိမ်ပြန်ရောက်တဲ့အခါ အကြီးအကဲတွေက ဆူကြလိမ့်မယ်။ ကျေးဇူးရှင်လေးလို့ ခေါ်တာ မကြိုက်ဘူးဆိုရင် ... အကိုထျန်းလို့ ခေါ်ရင်ရော "
လောထျန်း မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရသည်။
" ကောင်းပါပြီဗျာ "
အကိုထျန်း ဟုခေါ်ခြင်းက ကျေးဇူးရှင်လေး ဟု အခေါ်ခံရခြင်းထက် ပိုကောင်းသည် ဟု ဆိုရပေမည်။
ကျောက်ရှုံးက အပြုံးဖြင့် ဆိုသည်။
" အကိုထျန်း ၊ ဒီနေရာက ဖုန်းမိုတောင်ကုန်းလို့ ခေါ်တယ်ဗျ ။ ပိုင်ယွိဒေသရဲ့ မြောက်ပိုင်းအစွန်ဆုံး နေရာပေါ့ဗျာ။ ယွိဖုန်း ဂိုဏ်း ဆိုတာကတော့ ဒီ ဖုန်းမိုတောင်ကုန်းမှာ အင်အားအကြီးဆုံး ဂိုဏ်းတွေထဲက တစ်ခုပဲဗျ။ ဒီ ဖုန်းမိုတောင်ကုန်းမှာ ရှိကြတဲ့ လူငယ်တွေ အားလုံးနီးပါးက ဒီ ယွိဖုန်း ဂိုဏ်းဝင် ဖြစ်ချင်ကြတာ "
" ကျုပ်တို့ အခု ဒီကို လာခဲ့ရတဲ့ အကြောင်းရင်းကလဲ ယွိဖုန်းဂိုဏ်းရဲ့ ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေခွင့် ရဖို့ပဲ "
" ဒီ စာမေးပွဲကို ဝင်ဖြေခွင့် ရချင်ရင် အဆင့်လေး စိတ်စွမ်းအင် ဆေးပင် ၊ ဒါမှမဟုတ် အဆင့်လေး သားရဲအတွင်းအားဆေးရည်ကို အရင်ဆုံး ပေးရတယ်ဗျ "
" ကျုပ်တို့က ကံကောင်းပြီး စိတ်စွမ်းအင် ဆေးပင်တွေများ ရှာတွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီ တောင်ကုန်းပေါ်က တောနက်ထဲကို လာခဲ့ကြတာပါ ။ ဒါပေမယ့် တောင်ထဲကို ဝင်ဝင်ချင်း သားရဲတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခံရမယ်လို့တော့ ဘယ်ထင်ထားခဲ့မလဲ ။ အကိုထျန်းကြောင့်သာ မဟုတ်ရင် ခုချိန်လောက်ဆို ကျုပ်တို့တွေ အားလုံး သေနေလောက်ပြီဗျ "
သူက ထိုသို့ပြောပြီးနောက် လောထျန်းအား ကျေးဇူးတင်စကား အလေးအနက် ထပ်ပြောလိုက်သည်။
လောထျန်းက လက်ကာပြကာ ပြန်ပြော၏။
" ကျေးဇူးမတင်ပါနဲ့ဗျာ ၊ ကျုပ်က ဖြတ်သွားရင်းနဲ့ လမ်းကြုံလို့ ဝင်ကူညီပေးဖြစ်တာပါ "
ထို့နောက် သူက ရုတ်တရက် မေးလိုက်သည်။
" ဒါနဲ့ .. ဒီနေရာက ပိုင်ယွိဒေသလို့ ပြောလိုက်တာမလား ။ မြောက်ပိုင်းနတ်ဘုရားမြို့တော်က ဘယ်မှာရှိတာလဲဗျ "
" မြောက်ပိုင်း နတ်ဘုရားမြို့တော် .. "
ထိုအမည်ကို ကြားသည်နှင့် အားလုံး တုန်လှုပ်သွားကုန်၏။
" အကိုထျန်းက မြောက်ပိုင်း နတ်ဘုရားနန်းတော်က တပည့်တစ်ယောက်တော့ မဟုတ်ဘူးမလား "
ကျန်းချင်၏ အသံတွင် တုန်လှုပ်မှုက အထင်းသား ပါနေသည်။
သူမသည် အိမ်မက်မှာ ယွိဖုန်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရန်ပင် ။
သို့သော် .. ထိုအိမ်မက်သည်ပင် သူမနှင့် အလွန် အလှမ်းဝေးနေခဲ့ပြီ ဖြစ်ပါသည်။
မြောက်ပိုင်း နတ်ဘုရားမြို့တော် .. အကြောင်းဆိုလျှင် သူမ စဥ်းစားရန်ပင် မဝံ့ရဲပါချေ။
သူမ ငယ်စဥ်ကတည်းကလည်း မြောက်ပိုင်းနတ်ဘုရားမြို့တော်က ယွိဖုန်းဂိုဏ်းထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုအစွမ်းထက်ကာ အင်အားကြီးကြောင်းကို သူမတို့ ရွာထဲရှိ အကြီးအကဲများထံမှ တဆင့် ကြားခဲ့ရပါသည်။
လောထျန်းက ခေါင်ယမ်းကာ ပြန်ပြော၏။
" မဟုတ်ဘူးဗျ ၊ ကျုပ်က အဲ့မှာ လုပ်စရာလေးရှိလို့ သွားမလို့ "
ကျန်းချင်နှင့် အခြားသူများမှာ ထိုအချိန်မှသာ သက်ပြင်း ချနိုင်သွားကြသည်။
သို့သော် .. မြောက်ပိုင်းနတ်ဘုရားမြို့တော်သို့ အလုပ်ကိစ္စဖြင့် သွားနိုင်ခြင်းသည်ပင် အထင်ကြီးစရာ ဖြစ်နေလေပြီ။
ကျောက်ရှုံးက ဝင်ပြော၏။
" မြောက်ပိုင်း နတ်ဘုရားမြို့တော်က ဒီကနေ မိုင် တစ်သိန်းလောက် ဝေးသေးတယ်ဗျ ။ ဒီကြားထဲမှာ အန္တရာယ်များတဲ့ ရွံ့အိုင်ကြီး တစ်ခုလဲ ရှိတယ်။ ကျုပ်တို့ ရွာထဲက လူတွေဆီကနေ ကြားတာတော့ အဲ့ဒီ ရွံ့အိုင်ထဲမှာ သားရဲတွေ အများကြီး ရှိတယ်တဲ့ ။ တုကျဲ့အဆင့်က အစွမ်းထက် ကျင့်ကြံသူတွေတောင် ဒီ ရွှံ့အိုင်ကြီးကို ရှောင်ပြီး သွားကြရတယ်လို့ ပြောတယ်။ တကယ်လို့ အကိုထျန်းသာ အဲ့ကို သွားရင်တော့ ဒုက္ခများလိမ့်မယ်ထင်တယ်ဗျ "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့သြမှင်သက်သွားရသည်။
မိုင်ပေါင်း တစ်သိန်းကျော် ဝေးသေးသည်တဲ့လား။
၎င်းမှာ သူ ထင်ထားသည်ထက်ပင် ပိုဝေးနေသေးပါသည်။
ကြည့်ရသည်မှာ ယဲ့ထုံလင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံက သိပ် မတိကျဟန်ပင်။
ထိုစဥ် ကျန်းချင်က ရုတ်တရက် ပြောလာ၏။
" ဒါပေမယ့် တကယ်လို့ အကိုထျန်းသာ မြာက်ပိုင်းနတ်ဘုရားမြို့တော်ကို တကယ်ကြီး သွားချင်တယ်ဆိုရင် ကျွန်မတို့နဲ့အတူ ယွိဖုန်းဂိုဏ်းကို လိုက်ခဲ့လို့ရတယ် "
" အင် .. "
လောထျန်းက သူမအား အံ့သြတကြီး လှည့်ကြည့်လိုက်သည်။
ယွိဖုန်း ဂိုဏ်းနှင့် နတ်ဘုရားမြို့တော်တို့ကြားတွင် မည်သို့သော ပတ်သက်ဆက်နွယ်မှုမျိုး ရှိထားပါသနည်း။
ကျန်းချင်က စကားဆက်သည်။
" ယွိဖုန်းဂိုဏ်းမှာက နေရာအစုံကို ပျံသန်းသွားလာနေတဲ့ လှေပျံတွေ အများကြီး ရှိတယ်ရှင့် ။ ကျွန်မကြားတာတော့ သူတို့ဆီမှာ မြောက်ပိုင်းနတ်ဘုရားမြို့တော်ကို သွားတဲ့ လှေပျံ ရှိတယ်လို့ ကြားတယ် "
ကျောက်ရှုံးကလည်း ရုတ်တရက် သတိရသွားဟန်ဖြင့် ပြော၏။
" ဟုတ်တယ်ဗျ ၊ ကျုပ် အဲ့ဒါကို မေ့တောင် မေ့တော့မလို့ ။ ယွိဖုန်းဂိုဏ်းမှာ မြောက်ပိုင်း နတ်ဘုရားမြို့တော်ကို သွားတဲ့ လှေပျံ တကယ်ရှိတယ်။ အဲ့လှေပျံနဲ့သာဆို ဟို ရွှံ့အိုင်ထဲက သားရဲတွေကိုလဲ စိတ်ပူစရာ မလိုတော့ဘူး "
ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ ။ ဒါဆို .. ယွိဖုန်းဂိုဏ်းက ဘယ်မှာလဲဗျ "
လောထျန်းက လှေပျံဖြင့်သွားရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်၏။
ထိုသို့ ဆုံးဖြတ်ရသည့် ပထမအချက်မှာ ခရီးက ဝေးလွန်းနေပြီး သူ၏ တည်နေရာရွှေ့ပြောင်းခြင်း အစွမ်းကိုလည်း မသုံးလို၍ ဖြစ်ပါသည်။
ဒုတိယအချက်မှာ ... သူ လမ်းပျောက်နေမည်ကို အမှန်တကယ် စိုးရိမ်သောကြောင့်ပင် ။
ယခင် အတွေ့အကြုံများကို ကြည့်လျှင်လည်း သူသည် အရပ်မျက်မှာများကို ခန့်မှန်းတွက်ချက်ရာ၌ အလွန်ညံ့သည်ကို သိနိုင်သည် မဟုတ်ပါလား။
ယခု သွားရမည့် ခရီးက ဝေးလွန်းလှပေရာ အကယ်၍ သူသာ လမ်းမှားအတိုင်း သွားမိပါက မြောက်ပိုင်းနတ်ဘုရားမြို့တော်သို့ ဘယ်အချိန်မှ ရောက်မည်ကို မသိနိုင်ပါချေ။
သို့သော် မြောက်ပိုင်းနန်းတော် ဖွင့်ရန်ကမူ အချိန်ဤမျှ မကျန်တော့ပေရာ လှေပျံကို စီး၍ သွားခြင်းကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
တဖက်မှ ကျောက်ရှုံးက လောထျန်း၏ အမေးကို ဖြေရန် ပြင်လိုက်စဥ်မှာပင် အငယ်ဆုံး ကျန်းယွမ်က သူ့ကို မျက်စောင်းထိုးကြည့်ကာ ဝင်ပြော၏။
" အကိုထျန်း ၊ ကျွန်မတို့က အခု စိတ်စွမ်းအင်ဆေးပင် ရှာနေကြတာရှင့် ။ ရှာပြီးသွားရင်တော့ ယွိဖုန်းဂိုဏ်းကို သွားကြမှာ ။ တကယ်လို့ အကိုထျန်းသာ အလျင်မလိုဘုးဆိုရင် ယွိဖုန်းဂိုဏ်းကို ကျွန်မတို့နဲ့အတူ ခေါ်သွားပေးမယ်လေ "
သူမက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းငြင်းလာမည်ကို စိုးရိမ်ဟန်ဖြင့် သတိထား ကြည့်လိုက်သည်။
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ်ပြ၏။
" ကောင်းပါပြီ "
ထိုလူများနှင့်အတူ လိုက်သွားပါက လှေပျံများအကြောင်းကိုလည်း ဆက်မေး၍ ရသေးပေသည်။
ထို့အပြင် သူတို့ ဆေးပင်များ ရှာသည့်အချိန်က ဤမျှလည်း မကြာနိုင်ပေရာ သူ့အနေဖြင့် ငြင်းစရာ အကြောင်းမရှိပါချေ။
" ကောင်းတာပေါ့ရှင် "
ကျန်းယွမ်က ဝမ်းသာပျော်ရွှင်စွာ ထခုန်၏။
ထို့နောက်တွင်မူ လောထျန်းမှာ ထိုလူငါးယောက်နောက်မှ ပါသွားတော့သည်။
လမ်းတလျှောက်တွင်လည်း ယွိဖုန်းဂိုဏ်းနှင့် ပိုင်ယွိဒေသအကြောင်းကို သူ များစွာပင် ကြားသိခဲ့ရ၏။
ဤပိုင်ယွိဒေသမှာ ဖုန့်လင်းဒေသနှင့် အလွန်ဝေးကွာပြီး အင်အားချင်း ယှဥ်လျှင်လည်း ဖုန့်လင်းဒေသထက် အနည်းငယ် ပိုအစွမ်းထက်ပါသည်။ သို့သော် .. ထိုနှစ်ခုကြား အစွမ်း ကွာဟမှုက ဤမျှ မကြီးလှပါချေ။
ပိုင်ယွိဒေသထဲမှ အစွမ်းအထက်ဆုံး ဂိုဏ်းမှာ ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူ ဘိုးဘေး ရှိခဲ့ဖုးသည့် ယွိဖုန်းဂိုဏ်းဖြစ်၏။
သို့သော် ထိုဘိုးဘေးမှာ အလွန်အိုမင်းနေပြီဖြစ်ကာ လူရှေ့သို့ မထွက်သည်မှာပင် နှစ်သုံးရာကျော် ရှိသွားခဲ့ပြီ ဖြစ်ပါသည်။
သူက အဝေးတစ်နေရာသို့ သွားကာ တစ်ယောက်တည်း ကျင့်ကြံနေသည်ဆိုသည့် ကောလဟာလများ ထွက်နေခဲ့သော်လည်း အများစုကမူ သူ သေသွားပြီဟုသာ ယုံထားကြ၏။
ယွိဖုန်းဂိုဏ်းတွင် လက်ရှိအစွမ်းအထက်ဆုံးသူမှာ ကောင်းကင်ဘုံအဆင့် ၅ ရောက်ထားသည့် သူတို့၏ ဂိုဏ်းချုပ်ကြီး ဖြစ်ပြီး ပိုင်ယွိတစ်နယ်လုံးက အတော်ဆုံး ဆရာအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။
" အကိုထျန်းမှာ ဂိုဏ်းရှိပြီးသားလား မသိပေမယ့် ၊ တကယ်လို့ မရှိသေးဘူးဆိုရင် ယွိဖုန်းဂိုဏ်းကို ဝင်လို့ရတယ်လေ ။ အကိုက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၈ က သားရဲကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာဆိုတော့ ယွိဖုန်းဂိုဏ်းကို ဝင်ရင် အဓိက တပည့်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပဲ "
နံဘေးမှ ကျန်းချင်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
ချမ်လုက ဆက်မနားမထောင်နိုင်တော့ဟန်ဖြင့် ဝင်ပြောလာ၏။
" ကျန်းချင် ၊ နင် စိတ်မှ ကောင်းသေးရဲ့လား ။ အကိုထျန်းလို လူက ယွိဖုန်းဂိုဏ်းလောက်ကို ဘယ်စိတ်ဝင်စားပါ့မလဲဟ။ သူ ခုနကတောင် မြောက်ပိုင်းနတ်ဘုရားနန်းတော်ကို သွားမှာလို့ ပြောခဲ့သေးတယ်လေ "
ထိုစကားကို ကြားသည်နှင့် ကျန်းချင်၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူမက လောထျန်းကို ကြည့်ကာ မေး၏။
" ဒါနဲ့ အကိုထျန်းက အခု ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ ။ ကောင်းကင်ထိန်းချုပ်အဆင့်လား ၊ ထုံရွှယ်အဆင့်လား "
(အမှာ - mtl ဖြစ်လို့ ကျင့်ကြံဆင့်တွေက တရုတ်တစ်ပိုင်း အင်္ဂလိပ်တစ်ပိုင်းတွေ ဖြစ်နေတာ။ တော်တော်ကို ခက်ခဲတာမို့လို့ အရိုရှင်းဆုံးဖြစ်အောင် ဘာသာပြန်ပေးထားတယ်။
အဆင့်နိမ့်မှ အဆင့်မြင့်
- ကောင်းကင်ထိန်းချုပ်
- ထုံရွှယ်
- ကွေ့ရှ
- တုကျဲ့
- ကောင်းကင်ဘုံ
- အဆုံးအစမဲ့
- ကောင်းကင်ဘုံတံခါးဝ)