← Chapters

ရန်ဖက်ဟောင်းနှင့် တွေ့ဆုံခြင်း

Vol. 18 Ch. 251

ရန်ဖက်ဟောင်းနှင့် တွေ့ဆုံခြင်း

Vol. 18 Ch. 251

နောက်တစ်နေ့ မနက်၌ ..

ကျောက်ရှုံးက အားလုံးကို အော်ခေါ်၍ နှိုးလိုက်သည်။

ကျန်းယွမ်က အိမ်ချင်မူးတူးဖြင့် မီးငြိမ်းစ ပြုနေပြီဖြစ်သော မီးပုံကို လှမ်းကြည့်၏။

" နောက်နေ့တောင် ရောက်သွားပြီလား "

သူမ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

" နေရောင်တောင် မြင်နေရပြီလေ ။ ကဲ .. အားလုံး ထုပ်ပိုးစရာရှိတာ မြန်မြန် ထုပ်ပိုးပြီး ဆက်သွားကြရအောင် "

ကျန်းချင်က ဆော်သြသည်။

ကျောက်ရှုံးကလည်း ခေါင်းညိတ်၍ ပြော၏။

" ဟုတ်တယ် ၊ မြန်မြန်သွားကြမယ်ဟေ့ ။ ဆေးပင် ရှာပြီးတာနဲ့ ဒီကနေ မြန်နိုင်သမျှ မြန်မြန် ထွက်သွာရမယ် "

" အမ် .. အကိုကြီး ၊ ဘာလို့ အဲ့လောက် လောနေတာလဲဗျ "

ချမ်လုက တအံ့တသြ မေးလာသည်။

ကျောက်ရှုံးက သူ့ကို တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းချ၏။

" ငါထင်တာတော့ ဒီနေရာက တစ်ခုခုလွဲနေတယ် ထင်တယ်ကွ "

" ဘာဖြစ်လို့လဲ အကိုကြီး "

သူ့စကားကို ကြားသည်နှင့် ကျန်းယွမ်တစ်ယောက် ကြောက်လန့်သွားသည်။

" မနေ့ညက တအားကို တိတ်ဆိတ်လွန်းတယ်ကွ ။ ပုံမှန်ဆိုရင် ငါတို့ ဒီတောင်ထဲကို စဝင်လာကတည်းက ညဘက် အနားယူတိုင်း ငါတို့ကို လာချောင်းတဲ့ သားရဲတွေ အများကြီး ရှိတယ်လေ ။ သားရဲအများစုက ငါတို့ကို မတိုက်ခိုက်ရဲကြဘူး ဆိုပေမယ့် အနားတဝိုက်မှာ လှည့်ပတ်ပြီး ဒုက္ခပေးတဲ့ ကောင်တွေတော့ အမြဲတမ်းရှိတယ် "

ကျောက်ရှုံးမှာ လွန်ခဲ့သော ရက်အနည်းငယ်မှ အဖြစ်အပျက်ကို ပြန်မြင်ယောင်ပြီး မျက်မှောင်ကြုံ့သွား၏။

" ဒါပေမယ့် မနေ့ညကတော့ တစ်ညလုံး နတ်ဆိုးသားရဲ တစ်ကောင်မှ ပေါ်မလာခဲ့ဘူး "

ကျန်းယွမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နားမလည်နိုင်ဟန်ဖြင့် ပြန်ပြောသည်။

" သားရဲတစ်ကောင်မှ မလာတာ .. ကောင်းတာမဟုတ်ဘူးလား "

ကျောက်ရှုံးက နှာခေါင်းရှုံ့ကာ ရှင်းပြ၏။

" နင် ဘာသိလို့လဲဟ ။ဟိုစကားကို မကြားဖူးဘူးလား ၊ ကိစ္စတစ်ခုက ပုံမှန် မဟုတ်နေရင် တစ်ခုခု လွဲနေတာပဲတဲ့ ။ တကယ်ဆို ဒီနေရာက သားရဲတွေအတွက် သုခဘုံကြီး တစ်ခုပဲလေ။ ဒီလိုနေရာမျိုးမှာ တစ်ညလုံးနေလို့မှ သားရဲတစ်ကောင် မတွေ့ရတာက သာမာန် လုံးဝ မဟုတ်ဘူး "

ချမ်လုက တီးတိုး ပြောလာသည်။

" အကိုကြီးက ကျုပ်တို့တွေ အားလုံးထက် ပိုပြီး အတွေ့အကြုံ ရှိတာဆိုတော့ ဘာလို့ အဲ့လိုဖြစ်တယ်လို့ ထင်လဲဗျ "

ကျောက်ရှုံးက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

" ငါ ထင်တာတော့ ဒီ တောင်တန်းတွေထဲမှာ အစွမ်းထက်တဲ့ သားရဲကြီးတစ်ကောင် ရှိမယ်ထင်တယ်ကွ။ ဒီကောင်ကြီးက အစွမ်းထက်လွန်းလို့ တခြားသားရဲတွေက ရှောင်နေကြတာနဲ့တူတယ် "

ကျန်းချင်ကလည်း တုန်လှုပ်စွာ ပြောလာ၏။

" ဒဏ္ဍာရီတွေထဲမှာ ပြောတာတော့ ဒီတောင်တန်းမှာ ကွေ့ရှအဆင့် သားရဲတွေ အများကြီး ရှိကြတယ်တဲ့ ။ အခု အကိုကြီးပြောတဲ့ သားရဲက အဲ့ကောင်တွေထက် ပိုအစွမ်းထက်တယ် ဆိုတဲ့ သဘောလား "

ကျောက်ရှုံးက ခေါင်းညိတ်ပြလိုက်သည်။

" အေးကွ ၊ ငါ ထင်ထာတော့ ဒီသားရဲက အနည်းဆုံး တုကျဲ့အဆင့်လောက် ရှိလိမ့်မယ်။ ကောင်းကင်ဘုံအဆင့်တောင် ဖြစ်ရင် ဖြစ်နေမှာ "

သူ့စကားကြောင့် အားလုံး ကြောက်လန့်တုန်လှုပ်သွားကြသည်။

" အကိုကြီး ၊ ကျုပ်တို့တွေ ပြန်နောက်ဆုတ်ကြမလား "

ချမ်လုက စိုးရိမ်တကြီး မေးလာ၏။

ကျန်လူများကလည်း သူါစကားကို သံယောင်လိုက်ကာ သဘောတူလိုက်ကြသည်။

သို့သော် ကျောက်ရှုံးက ခေါင်းယမ်း၍သာ ပြန်ပြော၏။

" အခုလောလောဆယ်တော့ အဲ့ကိစ္စကို စိတ်မပူကြနဲ့ဦး။ ဒီနေ့ နေ့လည်အထိ ဆေးပင်တွေ ဆက်ရှာလို့ မတွေ့တော့မှ နောက်ပြန်ဆုတ်ကြမယ် "

" ဟုတ်ကဲ့ပါ "

ကျန်လူများ တပြိုင်နက်တည်း ပြန်ပြောလိုက်ကြသည်။

ထိုစဥ် လောထျန်းကမူ ဘေးတွင် ရပ်၍သာ သူတို့စကားများကို နားထောင်နေ၏။သူ အနည်းငယ်လည်း သိချင်စိတ် ဖြစ်သွားသဖြင့် ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် မည်သို့သော အစွမ်းထက် အရောင်အဝါမျိုးကိုမှ  အာရုံမခံမိပါချေ။

" သူတို့ပြောနေတဲ့ သားရဲဆိုတာက ... ငါ များ ဖြစ်နေမလား "

သူ တီးတိုး ရေရွတ်လိုက်သည်။

ထို့နောက်တွင်မူ ကျောက်ရှုံးတို့ လူစု ခပ်မြန်မြန်ပင် လှုပ်ရှားသွားကြပြီး ဆေးပင်များ ရှာဖွေရန် ခရီးဆက်လိုက်ကြ၏။

သို့သော် တောအုပ်ထဲတွင် အကြိမ်ပေါင်းများစွာ ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးသွားသည့်တိုင် အဆင့်နိမ့် ဆေးပင် အနည်းငယ်ကိုသာ ရှာတွေ့ခဲ့ကြပါသည်။

ဤသို့ဖြင့် နေက မြင့်သထက် မြင့်လာပြီး လူများမှာလည်း ပိုပို၍ စိုးရိမ်စိတ် ဝင်လာကြ၏။

" ချီးပဲကွာ .. ဟေ့ ၊ မင်းတို့တွေ လက်လျှော့လိုက်ချင်ပြီလား "

ကျောက်ရှုံးက လက်မလျှော့လိုသေးဟန်ဖြင့် သူ့လူများကိုကြည့်ကာ အံကြိတ်၍ မေးလိုက်သည်။

ဤရက်အတွင်းတွင်သာ ဆေးပင်များကို ရှာမတွေ့ပါက ယွိဖုန်းဂိုဏ်းမှ နောက်နှစ် အဖွဲ့ဝင်အသစ် ခေါ်သောအချိန်ထိ စောင့်ရပေတော့မည်။

သို့သော် .. ထိုအချိန်တွင် လောထျန်းက ရုတ်တရက် ပြောလာ၏။

" ဟိုဘက်နားလေးမှာ စိတ်စွမ်းအင် ဆေးပင်တွေ ရှိတယ်နဲ့တူတယ် "

" ဟင် .. အကိုထျန်းက ဘယ်လိုလုပ်ပြီး သိနေတာလဲဗျ "

ကျောက်ရှုံးက တအံ့တသြ ပြန်မေးလိူက်သည်။

လောထျန်းက အေးအေးလူလူပင် ပြန်ဖြေ၏။

" အဲ့နားဘက်က စိတ်စွမ်းအင်တွေက ပုံမှန်မဟုတ်ဘဲ တိုးနေကြတာ "

လောထျန်းသည် သူ မည်သူဆိုသည်ကို ဖုံးကွယ်ရန်အတွက် သူ့စိတ်ဝိဥာဥ်အစွမ်းကို များစွာ ဖိနှိပ်ထိန်းချုပ်ထားခဲ့ပါသည်။

သူသည် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်သို့ ရောက်ထားပြီး ဖြစ်သည့်အတွက်လည်း သူ့စိတ်ဝိဥာဥ်အစွမ်းများ အားလုံးကို သူ့ခန္ဓာကိုယ်အတွင်း၌ စုစည်းနိုင်နေပြီဖြစ်၏။

သူ့ စိတ်ဝိဥာဥ်အစွမ်းအား ထုတ်လွှတ်ခွင့် ရလျှင်မူ ယခုထက် များစွာပိုကျယ်သည့် အကွာအဝေးထိ အေးအေးဆေးဆေး စစ်ဆေးနိုင်မည်ဖြစ်သည်။

သို့သော် ... ဤတစ်ကြိမ်တွင် သူ ပြောခဲ့သည့် နေရာဘက်မှ စိတ်စွမ်းအင်များက သာမာန်မဟုတ်ဘဲ အနည်းငယ် အစွမ်းထက်လွန်းနေသည်ဟု ခံစားမိသောကြောင့် ပြောလိုက်ခြင်းပင်။

" ကောင်းပြီဗျာ ၊ ဒါဆို အဲ့ဘက်ကို သွားကြည့်ကြတာပေါ့ "

ကျောက်ရှုံးက ပြောလိုက်သည်။

သူသည် လောထျန်း၏ စကားကို အလုံးစုံ မယုံလှသော်လည်း သွားကြည့်လိုက်ခြင်းက ဘာမှ ဆုံးရှုံးသွားစရာ မရှိပါချေ။

သူတို့လူစုက လောထျန်း ညွှန်ပြခဲ့သည့် နေရာသို့ ဆက်လျှောက်သွားလိုက်ကြသည်။ သူတို့ ခပ်ဝေးဝေး ရောက်လာသည်နှင့် သူတို့ဘေးပတ်လည်ရှိ စိတ်စွမ်းအင်သိပ်သည်းမှုကလည်း ပိုပို၍ တိုးလာနေ၏။

" အားလုံး ကြည့်လိုက်ကြပါဦး .. အကိုထျန်း ပြောသွားတာ အမှန်နဲ့ တူတယ်ဗျ "

ထိုအချိန်မှသာ လောထျန်း ပြောသွားခဲ့သည့်  စကားက အမှန်ဖြစ်ကြောင်း အားလုံး သိလိုက်ကြတော့သည်။

သူတို့အနီးမှ ပုံမှန်မဟုတ်သော စိတ်စွမ်းအင် သိပ်သည်းမှုမှာ အဆင့်မြင့် စိတ်စွမ်းအင် ဆေးပင်များ ရှိနေသည်ဆိုသည့် ပြယုဒ်ပင်။

သူတို့ ဆက်လျှောက်သွားပြီး မကြာခင်တွင်မူ .. စိတ်စွမ်းအင် ရေတံခွန်တစ်ခု၏ ရေစပ်နားလေးတွင် ပေါက်နေသော ရွှေရောင် စိတ်စွမ်းအင်ဆေးပင်တစ်ပင်ကို မြင်လိုက်ရတော့၏။

ဆေးပင် ပတ်ပတ်လည်တွင်လည်း မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

ထိုအလင်းတန်း တစ်ကြိမ် လင်းလက်လာတိုင်း စိတ်စွမ်းအင်များလည်း တိုးထွက်လာ၏။

ကျောက်ရှုံးမှာ ထိုဆေးပင်ကို ကြည့်နေရင်း တံတွေးပင် ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" ဒါ ... အဆင့် ၅ စိတ်စွမ်းအင် ဆေးပင်ပဲ "

ဤတစ်ကြိမ် သူ တောင်ထဲ ဝင်လာစဥ်၌ အဆင့် ၄ စိတ်စွမ်းအင်ဆေးပင်ကို တွေ့လျှင်ပင် ကံကောင်းလှပြီဟုသာ တွေးပြီး လာခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူ .. မျှော်လင့်မထားစွာပင် အဆင့် ၅ စိတ်စွမ်းအင်ဆေးပင်ကို တွေ့ခဲ့ရ၏။

" အဆင့် ၅ ဆေးပင် ပါလား.. ဒါဆို ဒီဆေးပင်နဲ့ နေရာ ၅ ခု လဲလို့ရတယ်ဆိုတဲ့ သဘောပဲမဟုတ်လား ။ ကျုပ်တို့တွေ စာမေးပွဲ ဝင်ဖြေခွင့် ၅ နေရာတောင် ရသွားတာပေါ့ "

ချမ်လုက ပြောကာ သူ့ဘေးမှ လောထျန်းအား လှည့်ကြည့်လိုက်သည်။

လောထျန်းက လက်ကာပြကာ ပြော၏။

" ဒီဟာက ကျုပ်အတွက် အသုံးမဝင်ဘူးဗျ ။ ခင်ဗျားတို့ချင်းပဲ ခွဲဝေကြပါ "

အမှန်တွင်လည်း အဆင့် ၅ စိတ်စွမ်းအင်ဆေးပင်မှာ အပြင်ကမ္ဘာတွင် ရတနာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် အရာဖြစ်ပါသည်။

သို့သော် .. ပျောင်ပိုင်မြို့တွင်မူ ..

ထိုသို့သော ဆေးပင်များက နေရာအနှံ့ ရှိနေပြီး အသီးအရွက် စိုက်ခင်းထဲတွင်ပင် ပေါက်နေသည်ကို မြင်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ လောထျန်း ၎င်းကို ဂရုမစိုက်လှပါချေ။

" ကျေးဇူတင်ပါတယ်အကိုထျန်း "

လောထျန်းမှ လွဲ၍ ကျန်လူများအားလုံး အလွန်ဝမ်းသာပျော်ရွှင်သွားကြသည်။

ယခု လောထျန်းက အရှုံးပေးလိုက်ပြီဖြစ်ရာ သူတို့ ၅ ယောက်လုံး ယွိဖုန်းဂိုဏ်းတွင် အဖွဲ့ဝင် စာမေးပွဲကို ဖြေဆိုခွင့် ရသွားပြီဆိုသည့် အဓိပ္ပါယ်ပင် ။

သို့သော် .. ထိုအချိန်မှာပင် ..

" ဟမ် ... "

လောထျန်း မျက်ခုံးများ ပင့်သွားကာ နောက်လှည့်ကြည့်လိုက်သည်။

ထို့နောက်တွင်မူ သူ ကြည့်နေသည့်ဘက်မှ စွမ်းအင်တစ်ခု ထွက်လာနေပြီး ကျောက်ရှုံးရှေ့၌ ဆင်းသက်လိုက်သည်ကို မြင်လိုက်ရ၏။

" ဘယ်သူလဲ "

ကျောက်ရှုံး ရုတ်တရက် အလွန်လန့်သွားကာ နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်လိုက်သည်။

ထိုအချိန်မှာပင်  အခြားလူရိပ်များစွာကလည်း သူတို့ ရှိရာဘက်သို့ ဖြည်းညင်းစွာ လျှောက်လာနေကြ၏။

" ဟား ဟား .. တကယ်ကို လွယ်တာပဲကွာ။ ငါတို့တွေ တောင်ထဲ ဝင်ဝင်ချင်း ခုလို အဆင့် ၅ စိတ်စွမ်းအင်ဆေးပင်ကို ရှာတွေ့လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ ငါတို့တွေ တော်တော်ကံကောင်းတာပဲ "

ထိုအသံနှင့် မရှေးမနှောင်းမှာပင် လောထျန်းတို့အနီးသို့ လူ လေးယောက် ရောက်လာသည်။

" ကျင်းချန် .. မင်းကိုး .. "

တဖက်လူကို မြင်သည်နှင့် ကျောက်ရှုံး၏ မျက်နှာထား အနည်းငယ် ပြောင်းသွား၏။

ကျန်းချင်နှင့် ကျန်းယွမ်တို့ကလည်း သူတို့၏ လက်နက်များကို ချက်ချင်း ဆုပ်ကိုင်လိုက်ကြသည်။

" ဘာတွေ ဖြစ်နေတာလဲ "

လောထျန်းက သူတို့နှစ်ယောက်အား အံ့သြတကြီး ကြည့်လိုက်သည်။

" အကိုထျန်း ၊ ကျင်းချန်က ကျွန်မတို့နဲ့ ရန်ဘက်အဖွဲ့က ပဲရှင့် ။ ဒီလူက သူ အစွမ်းထက်တယ်ဆိုပြီး ကျွန်မတို့ကို မကြာခဏ အနိုင်ကျင့်နေတာ။ အကိုကြီး ကျောက်ရှုံးရဲ့ ညီငယ်လေးဆိုရင် သူ့ကြောင့်မို့ ခြေနှစ်ဖက်လုံး  ဒုက္ခိတ ဖြစ်သွားခဲ့ရတာရှင့် ။ ခုထိလဲ သူ မသန်စွမ်း ဖြစ်နေတုန်းပဲ "

ကျန်းချင်က လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

ထိုအချိန်မှသာ  တဖက်လူအား သူ တွေ့ဖူးကြောင်းကို လောထျန်း မှတ်မိသွား၏။

ကျင်းချန်ကို ကြည့်နေသည့် ကျောက်ရှုံး၏ မျက်လုံးထဲတွင်လည်း ဒေါသ အငွေ့အသက်များ လိမ့်တက်လာသည်။

တဖက်မှ ကျင်းချန်၏ မျက်နှာထက်တွင်မူ အပြုံးတစ်ခု ရှိနေ၏။

" ဘာလို့ ကြည့်နေတာလဲ သုံးစားမရတဲ့ အမှိုက်ကောင်လေး ။ မင်းကရော မင်းညီလို ဒုက္ခိတ ဖြစ်ချင်လို့လား ။ ဒါဆိုလဲ ငါက မင်းကို ကူညီပေးရမှာပေါ့ကွာ "

ကျင်းချန်က ထိုသို့ ပြောလိုက်ပြီး ခြေဖျားထောက်ကာ လေထဲ ပျံတက်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ကျောက်ရှုံးနှင့် အခြားသူများ အံ့သြမှင်သက်သွားကြကုန်၏။

" ဟင် .. မင်းက ကောင်းကင်ထိန်းချုပ် အဆင့်ကိုတောင် ရောက်သွားပြီပေါ့ "

ကျောက်ရှုံးက သူ့ကို ကြည့်ကာ တအံ့တသြ ပြောလိုက်သည်။

ယခင် .. ကျင်းချန်က စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ ၌ ရှိနေစဥ် ကတည်းကပင် သူတို့အားလုံးကို ဖိနှိပ်နိုင်နေခဲ့ပြီ ဖြစ်ပါသည်။

ယခု ထိုလူက ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ရာ သူတို့ကြားမှ ကွာဟချက်က အလွန်ကြီးသွားခဲ့လေပြီ။

" ဟ ဟ .. မင်းက ဘယ်ဆိုးလို့လဲကွ ။ ငါက ဟိုတလောလေးကမှ နောက်တစ်ဆင့်ကို တက်သွားခဲ့တာ ။ ဒါနဲ့ ..ခုလို တက်သွားရတာကလဲ မင်းညီရဲ့ ကျေးဇူးကြောင့်ပေါ့ကွာ ။ တကယ်လို့ ငါသာ မင်းညီကို  တိုက်ခိုက်ပြီး သူ့ဆီက ဆေးကို မယူခဲ့ဘူးဆိုရင် ငါ နောက်တစ်ဆင့်တက်ဖို့ အချိန်ကြာလောက်ဦးမှာကွ "

ကျင်းချန်က ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။

ကျင်းချန်၏ အကြိမ်ကြိမ် ရန်စစော်ကားမှုကို ခံလာရသည့် ကျောက်ရှုံး၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ ထွက်ပေါ်လာတော့သည်။  နောက်ဆုံးတွင်မူ .. သူ ဆက်ထိန်းမထားနိုင်တော့ပါချေ။

ဝုန်း ...

ကျောက်ရှုံးက  ကျင်းချန်ဆီသို့ တဟုန်ထိုး ပြေးသွားပြီး သူ့လက်ထဲမှ တုတ်ချောင်းဖြင့် ကျင်းချန်အား လွှဲရိုက်လိုက်တော့သည်။

All Chapters