← Chapters

ဓားသိုင်းကျင့်စဥ်အသစ်ကို စမ်းသပ်ခြင်း

Vol. 18 Ch. 252

ဓားသိုင်းကျင့်စဥ်အသစ်ကို စမ်းသပ်ခြင်း

Vol. 18 Ch. 252

" ဟားဟား ..  မင်းက တိုက်ခိုက်ဖို့ ကြိုးစားတယ်ပေါ့လေ "

ကျင်းချန်က မထူးခြားဟန်ဖြင့် ပြုံးလိုက်ပြီး လက်ဆန့်၍ ကျောက်ရှုံး၏ တုတ်ချောင်းကို ဖမ်းဆုပ်လိုက်သည်။

ကျောက်ရှုံးမှာ  အ​ကောင်းဆုံး ကြိုးစားပြီး ပြန်ရုန်းလိုက်သေးသော်လည်း ကျင်းချန်က လှုပ်မသွားခဲ့ပါချေ။

" ဟင် ... "

ကျောက်ရှုံးတစ်ယောက် အလွန်အံ့သြမှင်သက်သွားရ၏။

သူတို့ကြားမှ အစွမ်းကွာဟချက်က ဤမျှ ကြီးမားသည်လား ...

ကျင်းချန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ကျောက်ရှုံးအား အဝေးသို့ တွန်းထုတ်လိုက်သည်။

သူသည် ဤတစ်ကြိမ်တွင် ကျောက်ရှုံးအား ဒဏ်ရာ ဆိုးဆိုးရွားရွား ရစေရန် ရည်ရွယ်၍ အားများစွာပင် သုံးလိုက်၏။

သို့သော် .. ထိုအချိန်၌ ...

လောထျန်းက လက်ဆန့်ပြီး လွင့်လာသော ကျောက်ရှုံး၏ ခန္ဓာကိုယ်ကို ဖမ်းထိန်းထားလိုက်သည်။ ထို့နောက်မှသာ ကျောက်ရှုံးအား ဘေးသို့ အသာချပေးလိုက်၏။

" အ ... ကျေးဇုးတင်ပါတယ် အကိုထျန်း "

ဒုက္ခဘေးမှ လွတ်မြောက်လာသည့် ကျောက်ရှုံးက ကျေးဇူးတင်စကား ဆိုသည်။

ထိုမြင်ကွင်းကို ကြ ည့်နေသော တဖက်မှ ကျင်းချန်၏ မျက်လုံးတွင်မူ လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွားတော့၏။

" ဒီ အမှိုက်က ဘယ်က ဘယ်လို ရောက်လာတာလဲ။ ဘာကြောင့်မို့ တခြားသူတွေရဲ့ ကိစ္စမှာ ဝင်ရှုပ်နေရတာလဲကွ ။ ငါ ဒုက္ခိတဖြစ်အောင် လုပ်ချင်တဲ့သူကိုမှ ကယ်လိုက်ရတယ်လို့ ။ မင်း သေချင်နေပြီနဲ့တူတယ် "

ကျင်းချန်က လောထျန်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

လောထျန်းက သူ့ကို ပြန်ကြည့်ကာ မျက်မှောင်ကြုံ့၏။

" မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား "

ကျင်းချန်က သူ့ကို အေးစက်စက်ပြန်ကြည့်လာကာ နှာခေါင်းရှုံ့သည်။

" ခြိမ်းခြောက်တယ် ဟုတ်လား ၊ ငါက မင်းကို သတ်ပစ်မှာကွ "

ဝုန်း ..

စကားဆုံးသည်နှင့် ချက်ချင်းပင် သူ့ကိုယ်မှ ကောင်းကင်ထိန်းချုပ်အဆင့် ကိုယ်အရောင်အဝါ ပေါက်ကွဲထွက်လာသည်။

ကျင်းချန်သည် ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ထားပြီးသည်နှင့် သူ့ကိုယ်သူ ယုံကြည်မှု အလွန် လွန်ကဲနေပြီး သူနှင့်ရွယ်တူ ကျင့်ကြံသူများထဲတွင် သူ့ကို ယှဥ်နိုင်မည့်သူ မရှိဟုသာ ထင်နေ၏။

" အကိုထျန်း ၊ ရန်သူက အစွမ်းထက်လွန်းတယ်ဗျ ။ ကျုပ်တို့တွေ လူစုခွဲပြီး ​ထွက်ပြေးကြရအောင် "

ထိုစဥ် အခြေအနေ ပြန်ဟန်သွားပြီဖြစ်သည့် ကျောက်ရှုံးက တီးတိုးပြောလိုက်သည်။

သူတို့ လူစုခွဲကာ ထွက်ပြေးပါက လွတ်မြောက်နိုင်ချေ ရှိနိုင်ပါသည်။

သို့သော် ..

" ထွက်ပြေးဖို့ မလိုပါဘူးကွာ "

လောထျန်းက ခေါင်းအသာယမ်းကာ ​ပြန်ပြောပြီး သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

" ဟင် .. အကိုထျန်းက သူနဲ့ တိုက်ခိုက်မလို့လား ။ ဒါပေမယ့် .. သူက ကောင်းကင်ထိန်းချုပ်အဆင့်တောင် ရောက်နေပြီလေ ။ အကိုထျန်းက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ မှာပဲ ရှိသေးတာ "

ကျောက်ရှုံးက စိုးရိမ်တကြီးဟန်ဖြင့် မေးလာ၏။

ထိုအဆင့်နှစ်ခုမှာ များစွာ မကွာဟနိုင်ဟု ထင်စရာ ရှိသော်လည်း အမှန်တကယ် တိုက်ခိုက်လျှင်မူ ထိုသို့ မဟုတ်ပါချေ။

ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ထားသည့် ကျင့်ကြံသူမှာ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်မှ ကျင့်ကြံသူတစ်ယောက်ကို လုံးဝ ဖိခြေပစ်နိုင်စွမ်း ရှိပါသည်။

သို့သော် .. လောထျန်းက သူ့ကို လျစ်လျူရှုကာ ကျင်းချန်ဆီသို့သာ လျှောက်သွားလိုက်သည်။

ကျင်းချန်မှာ လောထျန်းလက်ထဲမှ ဓားကို အနည်းငယ် မျက်မှောင်ကြုံ့ ကြည့်လိုက်ပြီး လောထျန်းအား ပိုအထင်သေးသွား၏။

အဘယ့်ကြောင့်ဆိုသော် လောထျန်း လက်ထဲမှ ဓားမှာ သာမာန်အကျဆုံး သံဓားတစ်လက် ဖြစ်နေသောကြောင့်ပင် ။

၎င်းကို  အနိမ့်ဆုံးအဆင့်ဟုပင် သတ်မှတ်၍ မရပါချေ။

ထိုသို့သော ဓားမျိုးကို သုံးသည့်သူမှာလည်း  ဓားပညာရပ်ကို ကျွမ်းကျင်သည့် ဓားသိုင်းပညာရှင်တစ်ယောက် မဖြစ်နိုင်ပါ။

သို့သော် .. ထိုအချိန်မှာပင် .

ဝှစ် ..

လောထျန်း၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားကာ ကိုယ်ပွားပုံရိပ်များ မြောက်များစွာပင် ထွက်ပေါ်လာ၏။

" ဟင် .. ဘယ်လို ... "

ကျင်းချန်မှာ ရုတ်တရက် အံ့သြမှင်သက်သွားရပြီး မည်သို့ ဆက်လုပ်ရမည်မသိ ဖြစ်သွားသည်။

ထိုသိုင်းကွက်ကို ဘေးမှ ကြည့်နေသည့် ကျန်းချင်၏ မျက်လုံးများလည်း ပြူးကျယ်သွား၏။

" ဒီ ကိုယ်ပွားပုံရိပ်တွေက ... ဘယ်လိုလုပ်ပြီး ... "

သူမ အံ့သြတကြီး ရေရွတ်လိုက်သည်။

မှန်ပါသည် ။ လောထျန်း ယခု သုံးလိုက်သည့် ခန္ဓာကိုယ် ရွှေ့ကွက်မှာ ကျန်းချင်၏ သိုင်းကျင့်စဥ် စာအုပ်ထဲမှ အကွက်ပင် ။

ကျန်းချင်မှာ ထိုသိုင်းကွက်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားအားထုတ် လေ့ကျင့်ခဲ့သော်လည်း .. ယခုချိန်ထိ အခြေခံ အဆင့်မျှသာ လုပ်နိုင်သေးပါ၏။

သို့သော် လောထျန်းကမူ ထိုသိုင်းကွက်ကို ပြီးပြည့်စုံစွာ အသုံးချနေနိုင်လေပြီ။

ကျန်းချင်မှာ ၎င်းကို ကြည့်နေရင်း အလွန်အံ့သြမှင်သက်နေတော့သည်။

" သူက ဒီသိုင်းကွက်ကို သိထားပြီးသား ဖြစ်နေတာကိုး ။ ဒါ့ကြောင့်မို့လဲ ငါ့ရဲ့ စာအုပ်ကို မလိုချင်တာနေမှာ "

သူမ စိတ်ထဲမှ တွေးမိလိုက်သည်။

ထိုအချိန်မှာပင် လောထျန်းက ကျင်းချန်ရှေ့သို့ ရောက်သွား၏။

ကျင်းချန်က လောထျန်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလာသည်။

" မင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ရွှေ့ကွက် ရှိတော့ရော ဘာအရေးလဲ ။ မင်းနဲ့ငါနဲ့ ကြားက အစွမ်းကွာဟချက်က အဲ့လောက်ကြီးနေတာကို ။ ငါ့ဘက်က အားသုံးလိုက်ရင်တောင် ပွဲကပြီးပြီ "

သူက ထိုသို့ပြောကာ လေထဲမှနေ၍ လောထျန်းအား ရိုက်ချလိုက်သည်။

သူသည် ကောင်းကင်ထိန်းချုပ်အဆင့် ရှိထားသူဖြစ်ရာ မည်သို့သော အထူး သိုင်းကွက်များမှ သုံးနေစရာ မလိုဘဲ သူ့ပြိုင်ဘက်ကို အားသုံး၍သာ ဖိခြေပစ်နိုင်မည်ဟုလည်း တွေးထင်ထား၏။

သို့သော် ..

" ဒီဓားကို ကြည့်လိုက်ပါဦး "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှ ဓားကလည်း အရောင်တဖျတ်ဖျတ် လက်သွား၏။

ဂျုန်း ..

ထိုဓားအလင်းတန်းက မုန်တိုင်းသံကြီး တစ်ခုအလား အသံပေးကာ ကျင်းချန်ပေါ်သို့ အုပ်မိုးလာသည်။

ကျင်းချန်တစ်ယောက် မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ခင်မှာပင် သူ့တစ်ကိုယ်လုံး ဓားအလင်းတန်းများဖြင့် ဖုံးအုပ်သွား၏။

ထို့နောက် ..

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ကျင်းချန်၏ ခန္ဓာကိုယ်က သွေးမှုန်များအဖြစ်သို့ ပြောင်းသွားတော့သည်။

လက်ဆုပ်လက်ကိုင် ပြစရာ အသားတုံးပင် မကျန်ခဲ့ပါချေ။

၎င်းကို မြင်လိုက်ရသည့် လူများအားလုံးမှာ အံ့သြမှင်သက်ကာ ကြက်သေ သေသွားကြကုန်၏။

မည်သို့ ဖြစ်သွားခဲ့ပါသနည်း။

တစ်စက္ကန့်မျှ အချိန်အတွင်း သိုင်းကွက်တစ်ကွက်တည်းဖြင့် အသေသတ်ခဲ့သည်လား ။

မည်မျှ ကြောက်စရာ ကောင်းလိုက်သည့် မြင်ကွင်းပါနည်း။

ထိုစဥ် ကျန်းချင်မှာကား လောထျန်း သုံးသွားခဲ့သည့် ဓားကွက်ကို ပြန်မြင်ယောင်ရင်း ၎င်းက သူမနှင့် ရင်းနှီးနေသကဲ့သို့ ခံစားနေရ၏။

" ဒီသိုင်းကွက်က ... ဘာဖြစ်လို့ မုန်တိုင်း ဓားသိုင်းကွက်နဲ့ တူနေသလို ခံစားနေရတာပါလိမ့် "

သူမသည်လည်း ထိုဓားသိုင်းကိုပင် ကျင့်ကြံလာသူဖြစ်ရာ တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိပါသည်။

လောထျန်း သုံးသွားခဲ့သည့် ဓားကွက်က သူမ၏ မုန်တိုင်းဓားကျင့်စဥ်ထဲမှ အကွက်ဖြစ်သည်မှာ မလွဲပေ။

သို့သော် လောထျန်း သုံးသည့်အချိန်တွင် ဖြစ်သွားသည့်အစွမ်းမှာ သူမ ထိုသိုင်းကွက်ကို သုံးစဥ်ကနှင့် များစွာ ကွာနေ၏။

၎င်းမှာ အစွမ်းထက်လွန်းနေသဖြင့် ဓားကွက်တစ်ကွက်တည်းလား ဆိုသည်ကိုပင် သူမ စိတ်ထဲ သံသယ ဝင်မိရသည်အထိပင် ။

ထို့ထက်ပို အရေးကြီးသည်မှာ လောထျန်းက အဘယ့်ကြောင့် ထိုဓားသိုင်းကို သုံးခဲ့ရသနည်း ဆိုသည့်အချက်ပင်။

အစောပိုင်းက ခန္ဓာကိုယ်ရွှေ့ကွက် ကို တိုက်ဆိုင်မှု တစ်ခုအဖြစ်သာ သူမ ထင်ခဲ့သော်လည်း ...

ယခု ဤမုန်တိုင်း ဓားသိုင်းမှာ တိုက်ဆိုင်မှုတစ်ခု ဟုတ်ပါသေးရဲ့လား ။

ထိုစဥ်မှာပင် ကျန်းချင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာ၏။

" မဟုတ်မှလွဲရော ... သူ မနေ့က ဒီ သိုင်းကျင့်စဥ် ၂ ခုကို တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ အခုလိုအဆင့်ထိ ကျွမ်းကျင်ပြီး ထုတ်သုံးနိုင်နေတာ များလား ... "

သူမ တွေးလိုက်သည်။

သူမ ထိုအကြောင်းကို တွေးမိလေလေ ဖြစ်နိုင်သည်ဟု ပို ယုံကြည်လာလေပင် ။

တစ်ချိန်တည်းမှာပင် လောထျန်း၏ ပါရမီအပေါ် သူမ အလွန်လည်း အံ့အားသင့်သွားရ၏။

စက္ကန့်ပိုင်းမျှ အချိန်တိုလေးအတွင်းမှာပင် လောထျန်းက ထိုအဆင့်ထိရောက်အောင် လုပ်သွားနိုင်သည်တဲ့လား ။

ထိုသို့သော လူကို ပါရမီရှင်တစ်ယောက် ဟုပင် ခေါ်၍ ရပါသေးရဲ့လား ။

ထိုစဥ် .. တဖက်မှ လောထျန်းကမူ ဓားကို ပြန်ရုတ်ကာ ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။

" ချီး ... အဆင့်နိမ့်တဲ့ သိုင်းပညာတွေပဲ သုံးတာတောင် ဘာလို့ ဒီလောက် အစွမ်းထက်နေရသေးတာလဲ "

သူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။

ကံကောင်းစွာပင် သူ့စကားကို မည်သူကမှ မကြားလိုက်ကြချေ။ အကယ်၍ ကြားသာ ကြားသွားခဲ့ပါက သူ့အား ဒေါသထွက်သွားကြမည့်သူ  မည်မျှရှိမည်ကို မသိနိုင်ပါ။

သို့သော် လောထျန်းကမူ အမှန်တကယ်ပင် ထိုသို့တွေးနေပါသည်။

သူအစောက မုန်တိုင်းဓားကွက်ကို သုံးခဲ့ရသည့် အကြောင်းရင်းမှာလည်း သူ့အစွမ်းကို လျှော့ချလို၍ ဖြစ်၏။

သို့မှသာလည်း မြောက်ပ်ုင်းနန်းတော်ထဲသို့ မဝင်မီ အများ၏ အာရုံစိုက်ခံရခြင်းမှ ကင်းလွတ်ပေမည်။

အမှန်တွင်မူ သူ အစောက သုံးခဲ့သည့် ဓားသိုင်း၏ အစွမ်းမှာ ကောင်းကင်ဘုံဓားသိုင်း ကို သုံးခဲ့စဥ်ကထက် များစွာ ပိုအစွမ်းနိမ့်ပါသည်။

သို့သော် အခြားသူများအတွင်မူ ၎င်းသည်ပင် မယုံချင်စရာ ကောင်းလောက်အောင် အစွမ်းထက်နေခဲ့ပြီဖြစ်သည်။

" မင်း .. မင်းက အကိုကြီး ကျင်းချန်ကို သတ်လိုက်တယ်ပေါ့လေ ။ မင်းတော့ သေပြီသာမှတ် "

တဖက်ရှိ ကျင်းချန်၏ နောက်လိုက် သုံးယောက်ထဲမှ တစ်ယောက်က လောထျန်းကို ကြည့်ကာ အော်ပြောလာ၏။

လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။

" မင်းက ခုထိ ငါ့ကို ခြိမ်းခြောက်ရဲနေသေးတယ်ပေါ့လေ "

သူ့စကားဆုံးသည်နှင့် ကိုယ်ပွားပုံရိပ်များ များစွာ ထပ်ထွက်လာ၏။

ထို့နောက် မုန်တိုင်းဓားသိုင်းကွက် ထပ်ပေါ်လာပြန်ပြီး တဖက်မှ လူသုံးယောက်မှာလည်း သွေးမှုန်များအဖြစ်သို့ ပြောင်းသွားကြတော့သည်။

" ဟင် .. ဒီတစ်ခါလဲ ချက်ချင်း သေသွားကြတာလား ။ဒီတစ်ခေါက်က ငါ စောနက သုံးခဲ့တဲ့ အစွမ်းရဲ့ တစ်ဝက်ကိုပဲ သုံးခဲ့တာလေ "

လောထျန်း မျက်နှာ မသာမယာ ဖြစ်သွား၏။

ထိုအချိန်တွင် ကျောက်ရှုံးတို့ လူစုမှာလည်း အံ့သြမှင်သက်ကာ ကြက်သေ သေနေကြသည်။

သူတို့သည် တိုက်ခိုက်ရေး အတွေ့အကြုံ ရရန်အတွက် လွန်ခဲ့သော နှစ်များအတွင်း အိမ်မှထွက်လာပြီး ခရီးလှည့်လည် သွားလာကာ အခြားသူများနှင့် တိုက်ခိုက်ခဲ့ကြပါသည်။ ထို့ကြောင့် သူတို့ တိုက်ပွဲများနှင့် မစိမ်းပါချေ။

သို့သော် .. ယခု သူတို့ မြင်ခဲ့ရသည့် မြင်ကွင်းမှာ ကြောက်စရာ ကောင်းလွန်းနေ၏။

အထူးသဖြင့် သူတို့နှင့် တစ်ရက်နီးပါး အတူတူ အချိန်ကုန်ခဲ့ကြသည့် လောထျန်းကြောင့်ပင် ။

လောထျန်းသည် ပုံမှန်ဆိုလျှင် စိတ်သဘောထားကောင်းသည့် လူအေးတစ်ယောက်အသွင်သာ ရှိနေခဲ့သော်လည်း တိုက်ခိုက်နေသည့် အချိန်တွင်မူ အလွန်ကြောက်စရာ ကောင်းသွားတော့သည်။

ထိုတခဏတွင် အားလုံးမှာ နေရာပင် မရွှေ့ရဲကြဘဲ ကျောက်တိုင်ကြီးများအလား တောင့်တောင့်ကြီး ရပ်နေကြ၏။

ထိုစဥ်မှာပင် လောထျန်းက ဓားကို ပြန်သိမ်းကာ ကျောက်ရှုံးတို့ လူစုဘက် လှည့်ကြည့်လာသည်။

" ဟေ့ .. ဘာရပ်လုပ်နေကြတာလဲ ။ ဆေးပင် သွားယူလိုက်ဦးလေ "

" အ ... ဟုတ်ကဲ့ "

ကျောက်ရှုံးက ပထမဆုံး အသိပြန်ဝင်လာကာ  ဆေးပင်ဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် သူ့လက်များက အလွန်တုန်ယင်နေသဖြင့် မည်သို့မှ မလုပ်နိုင်ဘဲ ဖြစ်နေ၏။

" အကိုကျောက် ၊ ကျွန်မ လုပ်လိုက်မယ် "

ထိုစဥ် သူတို့ထဲမှ အငယ်ဆုံး ကျန်းယွမ်က ပြောလာသည်။

" အမ် ... အေး "

ကျောက်ရှုံး ဘေးဖယ်ပေးလိုက်သည်။

ကျန်းယွမ်က သုမ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဂေါ်ပြားတစ်ခုကို ထုတ်ကာ ဆေးပင်ကို တူးပြီး သေချာ သိမ်းလိုက်၏။

သူမ၏ လှုပ်ရှားမှုတိုင်းကလည်း အလွန်တည်ငြိမ်နေသည်။

လောထျန်းက သူမကို ကြည့်ကာ ခေါင်းအသာညိတ်၏။

ထိုမိန်းကလေးမှာ အသက် ငယ်သေးသည့်တိုင် အလွန်ရဲရင့်သူတစ်ယောက် ဟု လည်း သူတွေးမိလိုက်သည်။

ထိုသို့သော လူမျိုးက အနာဂါတ်၏ ပါရမီရှင်တစ်ယောက်ပင် ။

စာစဉ်ပြီး၏

All Chapters