ပြန်လည်ဆုံစည်းခြင်း
Vol. 3 Ch. 116
တူညီသောရက်၏မနက်ပိုင်းအချိန်၊ ဆာဗွေနယ်စားနယ်မြေ။
“မင်္ဂလာဆောင်မှာ သတို့သမီးရဲ့ပန်းစည်းကို ရတဲ့သူက စန်းပွင့်တတ်တယ်တဲ့။”
ကျွန်မက ကျွန်မလက်ထဲမှာ ကိုင်ထားတဲ့ ပန်းစည်းကို ကြည့်ရင်းနဲ့ ပြောလိုက်မိတာ။ ကျွန်မဘေးမှာတော့ တည်တည်ငြိမ်ငြိမ်ထိုင်နေတဲ့ လူချောတစ်ယောက် ရှိနေပြီးတော့ ကျွန်မကို ထူးမခြားနားစွာ ကြည့်နေခဲ့တယ်။ ဝေးကွာလှတဲ့ မှတ်ဉာဏ်တွေဖြစ်တဲ့ဟန်နဲ့ သူ့ရဲ့မျက်နှာကို မှတ်မိဖို့အတွက် ကျွန်မ မတတ်နိုင်ခဲ့ပါဘူး။
“တစ်နေ့ကျရင် ကျွန်မလည်း အဲဒီမိန်းကလေးလိုမျိုး ကံကောင်းနိုင်မလား။”
ဒီစကားကို ကျွန်မသူ့ကို တကယ်ထုတ်ဖော်ပြောခဲ့မိသလား စိတ်ကူးထဲမှာပဲ ကျယ်ကျယ်လောင်လောင်ပြောခဲ့မိတဲ့ အရာလားတော့မသိပေမဲ့ အဲဒီအချိန်တုန်းက ရှိနေခဲ့တဲ့ ခံစားချက်ကတော့ အလွန်အမင်းပျော်ရွှင်ခဲ့တယ် ဆိုတာပဲ။
လောကကြီးတစ်ခုလုံးက တောက်ပနေပြီး ညအမှောင်ထဲ ဖြစ်နေပေမဲ့ ကြောက်ရွံမှုကိုမခံစားရဘဲ အေးချမ်းမှုကိုသာ ခံစားရတဲ့ ခံစားချက်မျိုး။ သူနဲ့ရှိနေရင် သိပ်ကိုလုံခြုံတယ် ခံစားရတယ်။
“ဟူး... အဲဒီအိပ်မက်ထဲကလူက ဘယ်သူများပါလိမ့်။” ကျွန်မ နဖူးပေါ်လက်တင်စဥ်းစားလိုက်ရင်း ပြောမိတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်ပေါ်မှာခြုံထားတဲ့ ငှက်မွှေးစောင်က အိုက်တယ်ခံစားရတဲ့အတွက် ဆွဲဖယ်လိုက်မိပါတယ်။ ဒါပေမဲ့ ကျွန်မ အိပ်ရာကနေထွက်ဖို့အတွက် ငြင်းဆန်နေခဲ့မိပြီး အိပ်မက်ထဲက အကြောင်းအရာတွေကို အကြိမ်ကြိမ် ပြန်လည်စဥ်းစားနေခဲ့မိပါတယ်။
“လှပတဲ့ ရီနေးဆန့်ခေတ်က မြို့ငယ်လေးတစ်မြို့။ ပြီးတော့ အရောင်အသွေးစုံလှတဲ့ လမ်းသွားလမ်းလာတွေ။ နောက်ပြီး ငါအိပ်မက်မက်တဲ့အခါတိုင်း တွေ့ရတဲ့နေရာတွေက ပြောင်း ပြောင်းသွားတယ်။ မဟုတ်မှလွဲရော...”
ကျွန်မ နှုတ်ခမ်းပေါ်ကို လက်ညိုးတင်ပြီး စဥ်းစားကြည့်မိတယ်။ “ငါတို့က ခရီးသွားနေခဲ့တာများလား။”
ပထမဆုံးအနေနဲ့ ထင်မြင်ယူဆချက်တစ်ခုကို ကျွန်မ သေသေချာချာတွေးဖြစ်ခဲ့တယ်။ ဒီအိပ်မက်တွေက သာမန်အိပ်မက်တွေမဟုတ်နိုင်ဘဲ အတိတ်မမေ့ခင်က ကျွန်မတကယ့်ကို တန်ဖိုးထားခဲ့တဲ့ မှတ်ဉာဏ်တွေလို့ ခံစားနေရတယ်။
“ရိုစယ်လီယာက ငါ့ရဲ့ချစ်သူဖြစ်တာ မှန်တယ်ဆိုရင် ဘာဖြစ်လို့ ဒီအမှတ်တရတွေကို သူက အိပ်မက်တွေလို့ ပြောရတာလဲ။ တကယ်လို့သာ ဒါက ငါတို့ရဲ့အမှတ်တရတွေ ဖြစ်ခဲ့မယ်ဆိုရင် သူလည်းမှတ်မိနေပြီး ငါ့ကိုပြန်ပြော သင့်တယ်မဟုတ်လား။
ဒေါက်... ဒေါက်... ဒေါက်...
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာတဲ့အတွက်ကြောင့် ကျွန်မအတွေးစ ပြတ်သွားခဲ့ပါတယ်။ အပြင်ကနေပြီးတော့ အိမ်စေတစ်ယောက်ရဲ့ခေါ်သံ ထွက်လာတယ်။
“မမလေးဆယ်ဗီ၊ မနက်စာစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အသင့်ဖြစ်ရင် ဥယျာဥ်ထဲကို လာခဲ့ပါရှင့်။”
..
ဒီလိုနဲ့ကိုယ်လက်သန့်စင် အဝတ်အစားလဲပြီးတဲ့နောက် ကျွန်မ ဆာဗွေနယ်စားအိမ်တော်ရဲ့ဥယျာဥ်ထဲ ဆင်းလာ ဖြစ်ခဲ့ပါတယ်။ ဥယျာဥ်ရဲ့အလယ်မှာ စားပွဲဝိုင်းတစ်ခုနဲ့ ထိုင်ခုံတချို့ချထားပြီး ရိုဆယ်လီယာက အဲဒီမှာပေါင်ချိတ် ထိုင်နေပါတယ်။ သူ့ရဲ့လက်ထောက် တက်တူးအပြည့်နဲ့ လူကလည်း အနားမှာရှိနေတာကို ကျွန်မမြင်ခဲ့ရတယ်။
စားပွဲဝိုင်းမှာ ကျွန်မသွားထိုင်လိုက်တော့ အမျိုးစုံလင်တဲ့ ထောပတ်ကွက်ကီးတွေ၊ ကိတ်မုန့်တွေနဲ့ ခရင်မ်ဖြည့် အစာသွပ်မုန့်လေးတွေအများကြီး စီတန်းထားတာကို တွေ့ရပါတယ်။ ပြီးတော့ အိမ်စေတစ်ယောက်ကလည်း မနက်ခင်းအချိန်အခါနဲ့ကိုက်ညီတဲ့ ပန်းသီးရနံသင်းပျံတဲ့ လက်ဖက်ရည်ကို လက်ဖက်ရည်ပန်းကန်ထဲ တင့်တယ်စွာ ငှဲ့ပေးပါတယ်။
“သစ်ဂျပိုးနဲ့သဘာဝပန်းသီးကိုအသုံးပြုပြီး ပြုလုပ်ထားတဲ့ မနက်ခင်းလက်ဖက်ရည်ပါရှင့်။ နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ ကျေးဇူးပြုပြီး သုံးဆောင်ပါ။
“ ကျေးဇူးပါ၊ မော်လီ။” ရုတ်တရက် ကျွန်မပါးစပ်ကနေပြီး နာမည်တစ်ခုထွက်ကျလာတယ်။
ချလွင်...
ဘာကြောင့်မှန်းမသိ ကျွန်မနဲ့မျက်နှာချင်းဆိုင်မှာရှိနေပြီး ကော်ဖီခွက်ကို ဇွန်းနဲ့မွှေနေတဲ့ ရိုစယ်လီယာရဲ့လက်ထဲက ဇွန်းပြုတ်ကျသွားတယ်။ ကော်ဖီစက်တချို့ ခွက်ထဲကနေပြီး ဖိတ်စင်လာတဲ့အတွက် စားပွဲခုံပေါ်ဖြန့်ခင်းထားတဲ့ အဖြူရောင်စားပွဲခင်းဟာ စွန်းထင်းသွားခဲ့တယ်။
ဒါကြောင့် ကျွန်မလည်း ကြောင်အအနဲ့ အိမ်စေကို မော့ကြည့်လိုက်တော့ အိမ်စေကလည်း ကျွန်မကို အံ့အားသင့်စွာနဲ့ ကြည့်နေခဲ့ပါတယ်။
“ဘာဖြစ်လို့လဲဟင်... အဲဒါက ရှင့်နာမည်မဟုတ်လို့လား။”
ကျွန်မသိသလောက် ကျွန်မရဲ့ချစ်သူဆီမှာ အိမ်စေရှိနေပြီး အဲဒီအိမ်စေရဲ့နာမည်က မော်လီပါ။ ရုပ်ရည်ကိုသေချာ မှတ်မိဖို့ခက်ခဲနေပေမဲ့ အိပ်မက်တချို့ကနေတစ်ဆင့် နာမည်ကိုတော့ ရင်းနှီးနေခဲ့ပါတယ်။
“မဟုတ်တာ... ကျွန်မနာမည်က...”
“အပိုတွေမပြောနဲ့တော့၊ မင်းသွားလို့ရပြီ။” ရိုစယ်လီယာက အိမ်စေကို မောင်းထုတ်လိုက်တယ်။ အိမ်စေက ကြောက်လန့် နေတဲ့ပုံစံမျိုးနဲ့ ရိုစယ်လီယာကို ဦးညွှတ်ပြီး ဥယျာဥ်ထဲကနေ ထွက်သွားတယ်။
ကျွန်မက ရိုစယ်လီယာကို စိတ်ဝင်တစားနဲ့ကြည့်လိုက်ရင်း မေးလိုက်ပါတယ်။ “ရို့စ်၊ ရှင့်ရဲ့အပါးတော်မြဲအိမ်စေက မော်လီမဟုတ်လား။ ဒါပေမဲ့ ဒီကောင်မလေးက သူမဟုတ် သလိုပဲနော်။”
ရိုစယ်လီယာက သက်ပြင်းချလိုက်တယ်။ “အင်း၊ အရင်က အဲဒီနာမည်နဲ့ တစ်ယောက်ရှိတယ်လေ။”
“ဒါဆိုရင် အဲဒီတစ်ယောက်က ဘာဖြစ်သွားတာလဲဟင်။ သူနဲ့သာ တွေ့ခွင့်ရမယ်ဆိုရင် ကျွန်မအကြောင်း မြန်မြန် မှတ်မိလာဖို့အတွက် အကူအညီဖြစ်နေမလားပဲ။”
ဒီတစ်ခါတော့ တက်တူးတွေနဲ့လူကြီးက ရှေ့တက်လာပြီး “ဖြတ်ပြောမိတဲ့အတွက် စိတ်မကောင်းပါဘူး၊ မမလေး ဆယ်ဗီ။ လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်တော်တို့စံအိမ်မှာ ခိုးမှုကြီးတစ်ခု ကြီးကြီးမားမားဖြစ်ခဲ့တယ်လေ။ ဒီတော့ သခင်မက ရှိသမျှအိမ်ဝန်ထမ်းတွေအားလုံးကို အလုပ်ထုတ် ပစ်ခဲ့တာ။ အဲဒီထဲမှာ မော်လီဆိုတဲ့ကလေးမလည်း ပါသွားတယ်။ တခြားနိုင်ငံကနေ လာအလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားဆိုတော့ သူ့နိုင်ငံသူ ပြန်သွားလောက်ပြီ ထင်တာပါပဲ။”
“အဲဒီလိုလား...” ကျွန်မက လက်ဖက်ရည်ပန်းကန်ရဲ့ မျက်နှာပြင်မှာ ထင်ဟပ်နေတဲ့ ကျွန်မမျက်နှာကိုကျွန်မ ငုံကြည့်လိုက်မိတယ်။ ဘာကြောင့်မှန်းမသိဘဲ တစ်ခုခု လွဲမှားနေသလိုမျိုး ခံစားရတယ်။
ကျွန်မ ရိုစယ်လီယာကို ကြည့်လိုက်တယ်။ “ရို့စ်၊ ကျွန်မတို့ အရင်က ဥရောပအနှံ ခရီးထွက်ဖူးလားဟင်။”
ရိုစယ်လီယာက ခေါင်းညိတ်ပြလိုက်တယ်။ နောက်ဆုံးတော့ ကျွန်မတို့မှာ တူညီတဲ့အမှတ်တရတစ်ခု ရှိလာပြီပေါ့။
“ကျွန်မတို့ အရင်က ဘယ်နေရာကို သွားဖူးတာလဲဟင်။”
ကျွန်မက မေးလိုက်တော့ ရိုစယ်လီယာက တက်ကြွစွာနဲ့ပဲ ပြန်ဖြေပါတယ်။ “ပါရီကိုအရင်က နှစ်ယောက်အတူတူ သွားဖူးတယ်လေ။ အဲဒီမှာ အချစ်က သိပ်ပျော်နေခဲ့တာ။
“တကယ်လား၊ ကျွန်မတို့တွေ ဓာတ်ပုံတွေအများကြီး ရိုက်ခဲ့ကြသေးလား။”
“အဲဒီလို ရိုက်ထားတာတော့မရှိဘူး။”
“.....” ကျွန်မ နှုတ်ခမ်းကို စူထားလိုက်မိတယ်။ ဒီလောက် သိရရုံနဲ့တော့ ကျွန်မအတိတ်ကိုပြန်မှတ်မိဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရိုစယ်လီယာက ကျွန်မမျက်နှာမကောင်းတာ မြင်တဲ့အခါမှာ ပြုံးပြလိုက်ပြီး “ဒါပေမဲ့ ဆယ်ဗီထပ်သွားချင်တယ်ဆိုရင် နောက်နေ့ကျရင် လိုက်ပို့မယ်လေ။”
ဒါကြောင့် ကျွန်မပြုံးလိုက်မိတယ်။ ကျွန်မခေါင်းထဲကို ခဏခဏအလည်ဝင်လာတဲ့လူက ရိုစယ်လီယာဟုတ်မဟုတ် ကျွန်မကျိန်းသေမသိပေမဲ့ ဒီနေရာမှာ နေခဲ့ရသလောက်တော့ ရိုစယ်လီယာက ကျွန်မလိုသမျှကို ဖြည့်ဆည်းပေးနေသူပါ။ ဒါကြောင့် ကျွန်မသူ့ကိုတကယ်ပဲ ကျေးဇူးတင်မိပါတယ်။
“မနက်စာကို သေချာစားဦးလေ။ တော်ကြာ အစာအိမ် ထိခိုက်နေဦးမယ်။ ပြီးရင် စာကြည့်ခန်းထဲဝင်ပြီးတော့ တစ်နေကုန် ထွက်လာဦးမှာမဟုတ်ဘူးရယ်။”
ရိုစယ်လီယာက ကျွန်မကိုဆူသလိုမျိုး ပြောလိုက်တော့ ကျွန်မလည်း သူ့ကိုအပြစ်ရှိတဲ့ပုံစံနဲ့ ပြုံးပြလိုက်ပြီးတော့ ကျွန်မအတွက်ချပေးထားတဲ့ အချိုမုန့်တွေကို စစားတယ်။
...
မြင့်တက်လာပြီဖြစ်တဲ့နေရောင်က ရိုစယ်လီယာ့ မျက်နှာပေါ်ကို ကျဆင်းလာတယ်။ ရိုစယ်လီယာက လစ်ဟာပြီး ကျန်နေရစ်တဲ့ ဆယ်ဗီထိုင်ခဲ့တဲ့ထိုင်ခုံကို ကြည့်နေရင်းနဲ့ သက်ပြင်းချလိုက်တယ်။
“သူက ထင်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ကိစ္စတွေကို မှတ်မိလာတာပဲ။”
တက်တူးအပြည့်နဲ့လူကတော့ နားမလည်နိုင်စွာနဲ့ ပြောလိုက်တယ်။ “ဒါပေမဲ့ ဘာဖြစ်လို့ အရှင်မက ဒီမိန်းကလေးအပေါ် ဒီလောက်အထိစိတ်ရှည်ပြီး ဟန်ဆောင်ပေးနေရတာလဲ။”
တက်တူးအပြည့်နဲ့လူရဲ့စကားကြောင့် ရိုစယ်လီယာက သူ့လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့ စေ့စပ်လက်စွပ်ကို ကြည့်လိုက်တယ်။ ဒီလက်စွပ်က စုံတွဲတွေကြားထဲက လေးနက်တဲ့သစ္စာတရားကို သယ်ဆောင်ထားသင့်တဲ့ အရာတစ်ခုဖြစ်ပေမဲ့ ရိုစယ်လီယာအတွက် ဘာအဓိပ္ပါယ်မှ ရှိမနေပါဘူး။
“ငါလည်း အစကတော့ ညမင်းသားကို ဆွဲဆောင်ပြီး အဖွားလိုဂုဏ်သရေရှိ အယ်ဒါတစ်ယောက်ကို သတ်ဖို့အထိ တွန်းအားဖြစ်စေခဲ့တဲ့သူမလို့ စိတ်ဝင်စားပြီးတော့ လေ့လာချင်ခဲ့ရုံပါပဲ။ နောက်ကျရင် သူ့ကိုသုံးပြီးတော့ နက်ဆန်ကို ငါခြိမ်းခြောက်နိုင်လေမလားပေါ့။ ဒါပေမဲ့...”
ရိုစယ်လီယာက မယုံနိုင်ဖြစ်နေဟန်နဲ့ သူ့စကားကို ခဏရပ်လိုက်ပြီး လေတွေကိုရှိုက်သွင်းလိုက်တယ်။ ပြီးမှ စကားဆက်ပြောပါတယ်။
“အချိန်ကြာလာတာနဲ့အမျှ ငါ့မူရင်းရည်ရွယ်ချက်တွေ ပျောက်ကွယ်လာသလိုမျိုး ခံစားရတယ်။ ဒီမိန်းကလေးက အပြစ်ကင်းစင်လွန်းပြီး သူ့ကိုကာကွယ်ပေးချင်တဲ့စိတ်က အလိုလိုဖြစ်တည်လာသလိုမျိုးပေါ့။ အခုနောက်ပိုင်း ငါသူ့ကို လက်မလွှတ်ချင်တော့သလိုမျိုး ခံစားရတယ်။”
ဒီစကားကို ကြားလိုက်ရချိန်မှာတော့ တက်တူးတဲ့သူက စိုးရိမ်သွားပုံပေါ်ပြီး ပြောလိုက်ပါတယ်။ “သခင်မ၊ သခင်မရဲ့သက်တံမီးတောက်က သူ့မှတ်ဉာဏ်တွေကို ထာဝရဖိနှိပ်ထားနိုင်တဲ့အဆင့်မှာ မရှိသေးဘူးလေ။ သူသာ မှတ်ဉာဏ်တွေအားလုံး ပြန်ရသွားခဲ့ရင် မခက်ပေဘူးလား။”
ရိုစယ်လီယာက သက်ပြင်းချလိုက်တယ်။ အဲဒီနောက် “သူက ငါ့အပိုင်မဟုတ်မှန်း ငါသိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းတဲ့ ပုံစံကိုတွေ့ရတိုင်းမှာ ငါ့ရင်ထဲက လိုအင်ဆန္ဒတွေက ပိုပြီး တောက်လောင်လာသလိုမျိုး ခံစားရတယ်။”
....
နက်ဆန်က သဲသောင်ပြင်ပေါ်မှာ ရပ်နေရင်းကနေပြီး ရှေ့ကို တစ်လှမ်းချင်းစီ လှမ်းသွားလိုက်တယ်။ သူ့လက်တွေကို ဆန့်တန်းထားပြီးတော့ သူ့ရှေ့မှာရပ်နေခဲ့တဲ့ အမျိုးသမီးကို ထိတွေ့ဖို့ ကြိုးစားလိုက်ပါတယ်။
ဒါပေမဲ့ သူ့လက်တွေက အဲဒီအမျိုးသမီးရဲ့ထွင်းဖောက် မြင်နေရတဲ့ အသားအရေကို ထိုးဖောက်သွားခဲ့ပါတယ်။
“ခင်ဗျား... ဘာမှမဖြစ်ဘူးနော်။”
ကမ်းခြေက လေတွေက ရုတ်တရက်ပြင်းထန်လာတယ်။ မျက်နှာဖုံးတပ်မိန်းကလေးရဲ့သံချေးရောင်ဆံနွယ်တွေက လေနဲ့အတူယိမ်းနွဲ့နေတယ်။ အဲဒီမိန်းကလေးက ညင်သာစွာ ပြုံးနေခဲ့ပြီးတော့ နက်ဆန်ကို အိန္ဒြေရတဲ့အိမ်စေဆန်ဆန် ပုံစံမျိုးနဲ့ ဦးညွှတ်လိုက်ပါတယ်။
“စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်သခင်။ ဒါပေမဲ့ သခင့်အကျိုးအတွက် မလုပ်လို့်မဖြစ်ခဲ့လို့ပါ။”
“ဘာတွေဖြစ်နေတာလဲ ငါနားမလည်တော့ဘူး မော်လီ။” နက်ဆန်ရဲ့ မျက်နှာက ငေးငိုင်သွားတယ်။ မျက်ရည်ကျမလာဘူး ဆိုပေမဲ့ အတော်စိတ်ထိခိုက်နေမှန်း သတိထားမိနိုင်တယ်။ မော်လီလို့အခေါ်ခံလိုက်ရတဲ့ မိန်းကလေးက နက်ဆန်နားကို ပိုတိုးကပ်လာခဲ့ပြီးတော့ တီးတိုးပြောလိုက်တယ်။
“ပြောရရင်တော့ အရှည်ကြီးဆိုပေမဲ့ အဲဒီနေ့ညက အဖေက သခင့်ကိုတကယ်ပဲ ကျွန်မရဲ့သခင်ဖြစ်ထိုက်တယ်လို့ မယူဆခဲ့ဘူး။ ဒါပေမဲ့ ကျွန်မက သူနဲ့အလောင်းအစား လုပ်ခဲ့တယ်လေ။”
မော်လီက လမ်းလျှောက်တုတ်ကြီးကိုကိုင်ပြီးတော့ ပင်လယ်ပြင်ဘက် တမင်သက်သက်ငေးကြည့်ကာ သူတို့နှစ်ယောက်ကို ကျောခိုင်းထားတဲ့ ရော့ဝဲလ်ကို ကြည့်လိုက်ပါတယ်။
“တစ်နေ့မှာ သခင်က အစွမ်းအထက်ဆုံးအယ်ဒါ၊ ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပေါ့။ ပြီးတော့အဖေက ဒါကိုစမ်းသပ်ဖို့အတွက် တခြားကိစ္စတွေကို ဆက်လုပ်ခဲ့တာပဲ။”
နက်ဆန်ကလည်း ရော့ဝဲလ်သာ သူ့ကိုတကယ်သတ်ချင်ရင် သတ်လို့ရတဲ့အချိန်တွေ အများကြီးရှိခဲ့တဲ့အကြောင်း ပြန်ပြီးတွေးလိုက်မိတယ်။ ဒါပေမဲ့ ဒီလူက ဒီလိုမလုပ်ခဲ့ဘူး။ ဆိုလိုတာက...
“ခင်ဗျားက ကျုပ်ဘက်မှာ အမြဲတမ်းရှိနေခဲ့ပြီးတော့ ကျုပ်ကိုလေ့ကျင့်ပေးဖို့အတွက် တစ်ချိန်လုံးလိုလို ဖိအားပေးခဲ့တာလား။”
နက်ဆန်က မေးလိုက်တော့ ရော့ဝဲလ်က သူ့ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ပြီး ရင်ဘတ်ရှေ့မှာကပ်ထားတယ်။ အဲဒီနောက် လေးပင်တဲ့လေသံနဲ့...
“ကောင်လေး၊ မင်းဘာတွေ အထင်မှားနေပြန်ပြီလဲ။ ငါက မင်းကို တိုက်ခိုက်ရင်းနဲ့ မင်းရဲ့အလားအလာတွေ တိုးတက်လာတယ်ဆိုပေမဲ့ အဲဒါကမင်းရဲ့ကိုယ်ပိုင် အားထုတ်မှုပဲလေ။ ငါက မင်းကိုလေ့ကျင့်ပေးခဲ့တာ မဟုတ်ဘူး။ ပြီးတော့ ငါက မင်းဘက်မှာရပ်တည်နေတဲ့ လူတစ်ယောက်မဟုတ်ဘူး။”
ရော့ဝဲလ်က သူ့ဘက်မှာရှိမနေဘူးဆိုတဲ့စကားကြောင့် နက်ဆန်က မျက်လုံးကိုမှေးလိုက်ပါတယ်။ “ဒါဆိုရင် ခင်ဗျားက ဘယ်သူ့ဘက်ကလဲ...”
ရော့ဝဲလ်က နက်ဆန်ရဲ့အမေးကြောင့် ပြုံးလိုက်ပြီးတော့ ကွန်စတန်တီနိုပယ်မြို့ရှိရာကို လမ်းလျှောက်တုတ်နဲ့ ညွန်ပြ လိုက်ပါတော့တယ်။
“ငါက ငါ့အတွက်ငါပဲရပ်တည်တယ်။ အခုငါဒီကို ရောက်နေတာလဲ သွေးကြွေးဆပ်ဖို့အတွက်ပဲ။”
ရော့ဝဲလ်ပြောတဲ့စကားကို နက်ဆန်နားမလည်ခဲ့ဘူး။ ရော့ဝဲလ်က ရှင်းပြမယ့်ရည်ရွယ်ချက်လည်း ရှိတဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ မနေနိုင်တဲ့ မော်လီကတော့ ဝင်ရောက် ရှင်းပြလိုက်ပါတယ်။
“လွန်ခဲ့တဲ့ဆယ်စုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းနဲ့စစ်ပွဲမှာ အဖေက သူ့ရဲ့ညီအရင်း ဂရေးကို ဆုံးရှုံးခဲ့ရတယ်လေ။ ကျွန်မရဲ့ဦးလေးပေါ့။”
“ကောင်လေး၊ ဂရေးက မင်းနဲ့မင်းမိဘတွေကို ကာကွယ်ပေးရင်း ဘုရားကျောင်းလက်ချက်နဲ့ သေသွားရတာ။ သူက မင်းမိဘတွေကို မကာကွယ်နိုင်ခဲ့ပေမဲ့ အခုထိမင်းအသက်ရှိနေသေးတာ သူ့ကျေးဇူးကြောင့်ပဲ။”
နက်ဆန်က အရင်က အကြောင်းတွေကို ပြန်ပြီးတော့ စဥ်းစားကြည့်တယ်။ ဂရေးဆိုတဲ့နာမည်ကို သူကြားဖူးတယ် ဆိုပေမဲ့ သိပ်ရင်းရင်းနှီးနှီးတော့မရှိပါဘူး။
“စစ်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့ ဆီနိတ်တာလေးယောက် ထဲကတစ်ယောက်က ခင်ဗျားရဲ့ညီလား။”
“အေး၊ ငါတို့နှစ်ယောက်ကို ကာတီရာညီနောင်တွေလို့ ကျောင်းခြောက်ကျောင်းလောကက ခေါ်ကြတယ်။”
“အဖေတို့နှစ်ယောက်က အမှောင်ကျောင်းတော်ရဲ့ စွမ်းအားအကြီးဆုံး ဆီနိတ်တာတွေ ဖြစ်ခဲ့ကြတာပေါ့။”
မော်လီက ဖြည့်စွက်ပြီးပြောလိုက်တယ်။ ရော့ဝဲလ်က ဘုရားကျောင်းဘက်ကို မှိုင်းညို့တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
“ဆယ်စုနှစ်တာအမုန်းတရားတွေက အခု ပေါက်ကွဲဖို့အချိန်ကျလာခဲ့ပြီ။” ရော့ဝဲလ်က အခုလိုပြောခဲ့ပေမဲ့ နက်ဆန်က ကြားဖြတ်ပြီးတော့ ပြောလိုက်တယ်။
“ခင်ဗျားက အစွမ်းထက်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းရဲ့ရဟန်းမင်းကြီးက ခင်ဗျားလိုပဲ ရှေးအယ်ဒါတစ်ယောက်ပဲ။ အစွမ်းထက်တဲ့ သူတော်စင်လေးယောက်လဲရှိသေးတယ်။ လက်ရှိခင်ဗျားရဲ့အစွမ်းသက်သက်နဲ့ ဝင်တိုက်မယ်ဆိုရင် နိုင်ဖို့မသေချာနိုင်ဘူးနော်။”
“ငါသိတယ်ကလေး... ဒါပေမဲ့ ငါ့မှာအချိန်သိပ်မရှိတော့ဘူး။”
ရော့ဝဲလ်က ပြောလိုက်တယ်။ သူ့ကိုကြည့်ရတာ ကြံ့ခိုင်တယ် ထင်ရပေမဲ့ အနည်းငယ်အားအင်ယုတ်လျော့နေတာကို တွေ့ရတယ်။ “ငါ့ကိုယ်ထဲက ကင်ဆာဆဲလ်တွေက အရိုးထိ ရောက်နေပြီ။ ငါသေဖို့အတွက် အချိန်ဘယ်လောက်မှ မလိုတော့ဘူး။”
“ဒီစစ်ပွဲကိုစလိုက်ရင် အမှောင်ကျောင်းတော်က ပျောက်ကွယ်သွားနိုင်တာ သိလျက်နဲ့လား....”
“ဟားဟား...” ရော့ဝဲလ်က နက်ဆန့်စကားကြောင့် ရယ်မောလိုက်တယ်။ အဲဒီနောက်တော့...
“ အမှောင်ကျောင်းတော်က ပြန်အဖက်ဆယ်လို့မရတဲ့ အခြေအနေရောက်နေပြီ။ မင်းကွန်စတန်တီနိုပယ်ကို လာခိုင်းထားတဲ့ ဆီနိတ်တာဟီရာကလိကိုလည်း မတွေ့ပါလား။ သူက မင်းအမိန့်ကို လစ်လျူရှုထားပြီးနဲ့တူတယ်။”
“.....” လပေါင်းများစွာကြာတဲ့တိုင် ဆီနိတ်တာဟီရာကလိက ရောက်မလာတဲ့အတွက် တခြားဆီနိတ်တာတွေလိုပဲ ကျောင်းတော်အပေါ်သစ္စာမရှိတော့ဘူးဆိုတာ နက်ဆန် သိနေတဲ့အတွက် ဘာမှပြန်မဖြေနိုင်တော့ဘူး။
“ထားလိုက်တော့... ဒီတိုက်ပွဲမှာ ငါမသေခဲ့ရင်တော့ မင်းကို ကူညီပြီး ဆီးနိတ်ခေါ်ဖို့ကူညီပေးမယ်။ အခုတော့ ငါလုပ်ချင်တာလုပ်နိုင်တုန်း ဘုရားကျောင်းကိုဖိနှိပ်ရမယ်။”
နက်ဆန်ကလည်း ဘုရားကျောင်းကို လှမ်းကြည့်တယ်။ ကမ္ဘာအရပ်ရပ်က နတ်ကိုးကွယ်သူဂိုဏ်းပေါင်းစုံကို ဖျက်ဆီးပြီးတော့ ဘာသာဝင်အဖြစ်အတင်းပြောင်းတဲ့ မူဝါဒတွေနဲ့ လက်ရှိရဟန်းမင်းကြီးက နတ်သားတစ်ပါးလို တည်ရှိမှုမျိုးကို ကိုယ်ကျိုးအတွက်ဖမ်းစီးထားတာကို သတိရမိတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
“ဒီလိုဆိုရင်တော့ ကျုပ်ခင်ဗျားကို ကူညီပေးမယ်။ ဒါပေမဲ့ ဒီနေ့သေရမယ့်သူက ရဟန်းမင်းပီးယပ်တစ်ယောက်ပဲ ဖြစ်ရမယ်လို့တော့ ကတိပေးရမယ်။”
“ဘာကြောင့်လဲ...” ရော့ဝဲလ်က နက်ဆန်ကို အလုံးစုံကို သိမြင်နိုင်တယ်လို့ထင်ရတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက် ပါတော့တယ်။ နက်ဆန်ကလည်း...
“ဒီနေရာမှာ အလင်းရောင်ကိုအလွဲသုံးစားလုပ်ပြီး မကောင်းမှုကျူးလွန်နေတဲ့သူက သူတစ်ယောက်ပဲလို့ ကျုပ်ယူဆလို့ပဲ။”
“ သေချာရဲ့လား၊ တခြားဘုရားကျောင်းအဖွဲ့ဝင်တွေ မဆိုးယုတ်ဘူးလို့ မင်းအာမခံနိုင်လို့လား။”
ရော့ဝဲလ်ဆီက တုန့်ပြန်ချက်ထွက်လာတော့ နက်ဆန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပါတယ်။ ဒါပေမဲ့ သီယာ့ရဲ့အပြစ်ကင်းစင်တဲ့ပုံရိပ်ကို တွေးမိပြီးတဲ့နောက်မှာ သူကခေါင်းညိတ်လိုက်တယ်။
“ကျုပ်ယုံကြည်တယ်...”
“ကောင်လေး၊ ပြဿနာကို အမြစ်ကနေမဖြတ်ရင် အနာဂတ်မှာ မင်းနောက်ကို အရိပ်မည်းတွေလိုက်လာလိမ့်မယ်။ တခြားသူတွေကို မသေစေချင်တာ သေချာပြီလား။”
“ သေချာတယ်...”
“ကောင်းပြီ၊ မင်းကို ကူညီခွင့်ပေးလိုက်မယ်။” ရော့ဝဲလ်က အသိအမှတ်ပြုတဲ့အနေနဲ့ နက်ဆန်ကို ခေါင်းညိတ်ပြပါတယ်။ အဲဒီနောက် မော်လီကိုကြည့်လိုက်ပြီး...
“မင်းရဲ့အစေခံကို ပြန်အသက်သွင်းသင့်တယ်လို့ မထင်ဘူးလား။ သူက ဝိညာဥ်အဖြစ်နဲ့ မင်းနဲ့ပြန်ဆုံစည်းဖို့ စောင့်နေတာ ကြာခဲ့ပြီ။”
...
နက်ဆန်က သူ့လက်ထဲမှာ မော်လီရဲ့ခန္ဓာကိုယ်ကို မင်းသမီး တစ်ပါးလိုမျိုး ချီထားခဲ့တယ်။ သူ့အရိပ်ထဲမှာ မော်လီကို ခါတိုင်းလိုပဲ သူကထိန်းသိမ်းထားခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ပြန်လည်ထုတ်ဖော်ဖို့အတွက် လိုအပ်လာခဲ့ပါပြီ။
သူက မော်လီကို ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ သက်သောင့်သက်သာအနေအထားဖြစ်အောင် တင်ထားလိုက်ပြီး ခေါင်းကိုသူ့လက်နဲ့ထိလိုက်တယ်။
“နိုးထလော့....” ဒီအမိန့်နဲ့အတူ လေထုထဲမှာမျောလွင့်နေတဲ့ မော်လီရဲ့ဝိညာဥ်က ခန္ဓာကိုယ်ထဲကို ချောချောမွေ့မွေ့ပဲ ဝင်ရောက်သွားတယ်။ အဲဒီနောက်တော့ ပြင်းထန်လှတဲ့ စွမ်းအားလှိုင်းတွေဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်က အရိပ်တွေကို မော်လီရဲ့ခန္ဓာကိုယ်က စတင်စုပ်ယူတယ်။
မကြာခင်မှာပဲ မော်လီရဲ့ခန္ဓာကိုယ်က ဘာအထောက်အပံမှ မပါဝင်ဘဲ လေထုထဲကိုမြောက်တက်လာပြီး သံချိန်ကြိုးတွေ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဖြစ်တည်လာတယ်။ အရင် တိုက်ပွဲကြောင့် သူ့မှာရှိနေခဲ့တဲ့ ဒဏ်ရာတွေက ဖြည်းဖြည်းချင်းပြန်ကောင်းလာပြီး ဖောက်ထုတ်ခံခဲ့ရတဲ့ မျက်လုံးတောင်မှ ပြန်လည်ဖြစ်တည်လာခဲ့ပါတယ်။
ခန္ဓာကိုယ်က အလုံးစုံပြန်ကောင်းသွားတဲ့အချိန်မှာတော့ မော်လီရဲ့မျက်လုံးတွေ ပွင့်လာပြီးတော့ ကျောက်ဆောင်ပေါ် ခြေချလိုက်တယ်။
ဖျောက်... ဖျောက်...
မော်လီက သူ့ရဲ့တောင့်တင်းနေတဲ့ခန္ဓာကိုယ်ကို အလိုက်သင့်ဖြစ်သွားအောင် ချိန်ညှိလိုက်ပြီးတဲ့နောက် အိမ်စေဆန်ဆန်ပဲ ဂါဝန်အနားစကိုမကာ နက်ဆန်ကို ဦးညွှတ်နှုတ်ဆက်လိုက်ပါတော့တယ်။
“မင်္ဂလာညချမ်းပါ၊ ပြန်လည်ဆုံတွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ် သခင်လေးနက်ဆန်။ ဒီအစေခံက သခင်လေးဆန္ဒရှိတဲ့အရာတိုင်းကို ဖြစ်အောင်ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ။”
မော်လီက နက်ဆန်ကိုဦးညွှတ်ထားဆဲ။ လရောင်က မော်လီရဲ့ပြာဖျော့ဖျော့အသားအရေပေါ်ကိုကျရောက် နေခဲ့ပြီး စုတ်ပြဲနေတဲ့အိမ်စေဝတ်စုံနဲ့အမျိုးသမီးဟာ တကယ့်ကို မိစ္ဆာကညာပျိုတစ်ပါးလို့ထင်ရလောက်အောင် လှပနေခဲ့ပါတယ်။
နက်ဆန်က သက်ပြင်းချလိုက်တယ်။ “အင်း၊ လောလောဆယ် မင်းအတွက် အိမ်စေဝတ်စုံအသစ် လိုက်ရှာခိုင်းတာ ပိုကောင်းမယ်လို့ထင်တယ်။”
ကျက်သရေရှိလှပပြီး စည်းကမ်းကြီးမားတဲ့မော်လီကို အင်္ကျီအစုတ်နဲ့တွေ့ရတာ တစ်မျိုးကြီးလို့ နက်ဆန်ခံစား နေရပါတယ်။ ဒါပေမဲ့မော်လီက ခေါင်းခါလိုက်ပြီးတော့ ဘုရားကျောင်းရှိရာကို လှမ်းမျှော်ကြည့်ပါတယ်။
“ဒါက နောက်မှလုပ်လို့ရပါတယ်သခင်၊ လောလောဆယ် ကျွန်မတို့တွေ ဘုရားကျောင်းအသင့်မဖြစ်သေးခင် ဝင်တိုက်သင့်တယ်လို့ မထင်ဘူးလား။”