အခန်း (၂၈၄)
Vol. 20 Ch. 284
"အင်မော်တယ် တိုက်ပွဲတည်နေရာ ဟုတ်လား"
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာ၏ မျက်လုံးထဲမှ ဓားကဲ့သို့ တောက်ပလွန်းသည့် အလင်းတန်းများနှင့်အတူ ဓားဆန္ဒများ ထွက်ပေါ်လာခဲ့၏။
တည်နေရာလမ်းကြောင်းသည် နည်းလမ်းနှစ်ခုဖြင့် အလုပ်လုပ်၏။ သူတို့အနေဖြင့် အင်မော်တယ်လောကဆီသို့ ဝင်ရောက်နိုင်စွမ်း ရှိသလို အင်မော်တယ်လောကထဲတွင် တည်ရှိနေသည့် သက်ရှိသတ္တဝါများသည်လည်း ခရမ်းရောင်နက်နဲလောကထဲသို့ ဝင်ရောက်နိုင်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရမ်းရောင် နက်နဲလောကကြီး သည် လောကကြီးတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော တိုက်ပွဲကြီးတစ်ခုကို တွေ့ကြုံ ခံစားရဖူး၏။ အဆုံးသတ်မှာတော့ ထိုတိုက်ပွဲတွင် ပါဝင်သည့် လူများသည် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ရှုပ်ထွေးသောလောကကြီး တစ်ခုဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
ပြီးသည့်နောက် ခရမ်းရောင် နက်နဲလောကကြီးထဲ၌ အင်မော်တယ်ပုံပြင်များသည် ခေတ်အဆက်ဆက် ပြန်ပြောင်းပြောစရာများ ဖြစ်လာခဲ့၏။
နှစ်သန်းပေါင်းများစွာ ကြာပြီးသည့်နောက် ဤဒဏ္ဍာရီလာ အေကြာင်းအရာများသည် ပျောက်ကွယ် မသွားခဲ့ဘဲ အချိန်ကိုက် ဆန်းကြယ်စွာ တိုးပွားလာခဲ့လေ၏။ သက်ရှိသတ္တဝါ အားလုံးတို့သည် အင်မော်တယ်လောကမှ သတ္တဝါများ ကျူးကျော်လာပြီးနောက် ဘာတွေဖြစ်ခဲ့သနည်း ဆိုသည်ကို အထူးစိတ်ဝင်စားလျက် ရှိနေကြသည်။
"ဒီအဖြစ်အပျက်ကို ဘယ်လိုမှ အတည်ပြုလို့ မရနိုင်ဘူး။ မှန်လား၊ မှားလားဆိုတာလည်း မသေချာဘူး" ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် ဦးခေါင်းကို အသာခါယမ်းလိုက်၏။
"ကျုပ် ခင်ဗျားကို ပြောချင်တဲ့ ရည်ရွယ်ချက်က ဘယ်လောကကမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းမှုဆိုတာ မရှိဘူးဆိုတာပဲ။ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်နေရတဲ့ လောကတွေကြီးပဲလေ။ ဒီနေ့ ကောင်းကင်မူလလောကကြီးနဲ့ ခရမ်းရောင် နက်နဲနယ်မြေတို့က ပဋိက္ခတွေ စပြီးဖြစ်နေပြီ။ ဒီစိန်ခေါ်မှုက အဆုံးထိ သွားရမှာပဲ "
အင်ပါယာတိုင်သည် တောင်တစ်ခုကဲ့သို့ပင် တည်ငြိမ်စွာဖြင့် မတ်မတ်ရပ်နေရင်းမှ လက်တစ်ဖက်ကို အသာမြောက်ကာ မနီးမဝေးတွင် ရှိနေသည့် တည်နေရာတစ်ခုဆီ လက်ညိုးညွှန်လိုက်သည်။ “ခင်ဗျားအနေနဲ့ နယ်မြေနှစ်ခုကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်းကို ငှားရမ်းချင်ရင် ကျုပ်နဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းပါ"
အင်ပါယာတိုင်သည် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကို အမှီအခိုပြုပါက အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြင့်လိမ့်မည်ဟု ယုံကြည်မိသည်။ အခြားတစ်ယောက်နှင့်သာ ပူးပေါင်းပါက တစ် အပေါင်း တစ် ညီမျှခြင်း နှစ် ဟူ၍ ရိုးရှင်းသည့် အရာဖြစ်လာလိမ့်မည် မဟုတ်ပေ။ အင်ပါယာနှစ်ယောက် ပူးပေါင်းကာ ပြုလုပ်ပါက အချိန်အတိုင်းအတာတိုတစ်ခုအတွင်း တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်နိုင်ပေလိမ့်မည်။
"ကောင်းပြီ"
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာက မငြင်းပယ်ခဲ့ချေ။ လက်ကို အသာမြောက်ပြီးသည့်နောက် လေဟာနယ်ကို တောင်မြောက်ပုံစံအတိုင်း ခုတ်ပိုင်းလိုက်၏။ လှိုင်းများဖြစ်တည်လာခဲ့ပြီး ထိုအရာဆီမှ ဆန်းကြယ်လှသော စွမ်းအင်များသည် တည်နေရာအက်ကွဲကြောင်းဆီသို့ ဝင်ရောက်သွားခဲ့၏။ ကျယ်လောင်လှသည့် မိုးခြိမ်းသံကြီးများ ပေါ်ပေါက်လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရှုပြီးနောက် အင်ပါယာတိုင်၏ မျက်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ ကံကောင်းစွာဖြင့် သူသည် အကျယ်ကြီးထကာ မဆဲမိခဲ့ချေ။ သူနှစ်ပေါင်းများစွာ ဖန်တီးခဲ့သော တည်နေရာလမ်းကြောင်းသည် ထိုကဲ့သို့သော တိုက်ခိုက်ချက်အောက်တွင် ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။ တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ရန်အတွက် ဤမျှကြမ်းတမ်းလှသည့် နည်းလမ်းကို အသုံးပြုရန် လိုနေသည်လား။ ယခုထက်ပို၍ ငြင်ငြင်သာသာ ဆက်ဆံသင့်သည် မဟုတ်ပါလား။
………
ကောင်းကင် မူလ လောကကြီး၏ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်တွင် များပြားလှသည့် ကျင့်ကြံသူများ စုဝေးနေကြ၏။ အင်မော်တယ်မြူများသည် ကောင်းကင်ယံထက်တွင် လွှမ်းခြုံလျက် ရှိနေပြီး အဝေးတစ်နေရာဆီမှ လှမ်းကာကြည့်ရှုမည် ဆိုလျှင် တလက်လက် တောက်ပနေသည့် မှော်လက်နက်များကို မြင်ရမှာ ဖြစ်သည်။
အနီးနား ပတ်ဝန်းကျင်ကို ကြည့်ရှုရမည်ဆိုလျှင် အဆုံးမဲ့သော လူပင်လယ်ကြီး တည်ရှိနေ၏။ နေရာအနှံ့တွင် ကျင့်ကြံသူများ၊ မွန်းစတားကလန်များ၊ မျိုးနွယ်စု အသီးသီးတို့ဆီမှ များပြားလှသည့် သက်ရှိသတ္တဝါများ ရှိနေကြ၏။
တစ်ချို့သည် ခန္ဓာကိုယ်တွင် ခြေတစ်ချောင်းသာ ရှိသည့် သတ္တဝါများ ဖြစ်ကြပြီး တစ်ချို့မှာတော့ ငရဲပြည်မှလာသည့် ငရဲသားများကဲ့သို့ပင် နက်မှောင်သည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်နေ၏။ ထို့အပြင် လျှပ်စီးများနှင့် တောက်ပနေသော ဖန်းသားရဲငှက်များသည်လည်း တည်နေရာအနှံ့တွင် ပျံသန်းနေသည်။
များပြားလှသည့် လှေများ၊ ရွက်သင်္ဘောများသည် လေဟာနယ်ထဲတွင် ပျံသန်းလျက် ရှိနေကြပြီး လေထုတစ်ခုလုံးသည် ယိမ်းခါနေ၏။ လက်ရွေးစင် လူသားစစ်သည်များသည် လှေများပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့သည် လက်ထဲတွင် ပုဆိန်များကို ကိုင်ထားကြပြီး ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို သေသေချာချာ စောင့်ကြပ်ကြည့်ရှုနေကြ၏။
လွန်ခဲ့သည့် လဝက်တုန်းက ခရမ်းရောင် နက်နဲနယ်မြေမှ လူများ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ ဘိုးဘေးတည်နေရာအနားတွင် ပေါ်လာမည်ဟု နဂါးကလန်မှ လူများက ပြောဆိုခဲ့၏။ ထိုကဲ့သို့သော သတင်းကို ဖြန့်ဝေခဲ့သူသည် လက်ရှိ နဂါးအင်ပါယာသာ ဖြစ်သည်။ နဂါးအင်ပါယာသည် ဤသတင်းအချက်အလက်များကို ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ ရရှိခဲ့ကြောင်းကို ကိုယ်တိုင်ပင် ဝန်ခံသွားခဲ့၏။ ရလာဒ်အနေဖြင့် များပြားလှသော သက်ရှိသတ္တဝါများ အားလုံးတို့သည် တွန့်ဆုတ်၊ နှောင့်နှေးမနေကြတော့ဘဲ တည်နေရာဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ လူများပင်လျှင် ၎င်းတို့၏ ဘိုးဘေးတည်နေရာများကို ရွေ့ပြောင်းခဲ့ကြသည်။
တခြားသော လောကဆီမှ အင်ပါယာနှစ်ယောက် မကြာမီ ရောက်ရှိလာမည်ဟူသော သတင်းသည် ဆိုးရွားသည့် အဆုံးသတ်ဆီသို့ ရောက်ရှိသွားနိုင်စေ၏။ သူတို့အနေဖြင့် ဘိုးဘေးနယ်မြေကို တက်နိုင်သမျှ ရွေ့ပြောင်းဖို့ လိုအပ်၏။ မရွေ့ပြောင်းဘဲ ထိုနေရာတွင်သာ ဆက်ထားပါက ရွှေတောင်ပံ တော်ဝင်ဖန်းကလန်အနေဖြင့် ဆိုးရွားသည့် အကျိုးဆက်ကို ခံစားရပေလိမ့်မည်။ ဘိုးဘေးတည်နေရာကြီး တစ်ခုလုံးသည် တိုက်ပွဲတည်နေရာ အတွင်းသို့ ရောက်ရှိသွားပေလိမ့်မည်။
လက်ရှိအချိန်မှာတော့ ရွှေတောင်ပံ တော်ဝင်ဖန်းကလန် တည်ရှိခဲ့သည့် နေရာဟောင်းတွင်တော့ လူပေါင်းများစွာတို့ ရောက်ရှိနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ကောင်းကင်ယံသို့ပင် လှမ်းတက်နေ၏။ ကြမ်းတမ်းပြီး အရှိန်အဟုန် ပြင်းထန်လှသည့် ထိုဆန္ဒများသည် လူပေါင်းများစွာတို့ကို ကြက်သီးများပင် ထမိစေခဲ့၏။ သန်းနှင့်ချီသော သက်ရှိသတ္တဝါများသည် စုဝေးလာခဲ့ပြီးသည့်နောက် ထိုကဲ့သို့သော အရေအတွက်သည် သွေးနတ်ဆိုး လောကကြီးပင်လျှင် တစ်ခါတည်း ထိတ်လန့်သွားရမည့် အရေအတွက် ဖြစ်လာခဲ့သည်။
"လဝက် ကျော်သွားပြီ။ ခရမ်းရောင်နက်နဲလောက က လူတွေက လမ်းမှာ ရောက်နေလောက်ပြီ မဟုတ်လား။"
သူတော်စင်ဘုရင်တစ်ယောက်သည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အောက်တွင် ရှိနေသည့် သူများကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် တည်ကြည်လေးနက်စွာဖြင့် မေးမြန်းလိုက်၏။
"ရောက်တော့မှာပါ” အနီးအနားတွင် ရှိသည့် တစ်စုံတစ်ယောက်က တုံ့ပြန်လိုက်၏။ ဤသတင်းအချက်အလက် သည် နဂါးကလန်ဆီက ရရှိသည် ဆိုပါက ၎င်းတို့အနေဖြင့် မှန်ကန်ရဲ့လား ဆိုသည်ကို မေးခွန်းထုတ်ကောင်း ထုတ်ပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ ရောက်ရှိလာသည့် သတင်းအချက်အလက် ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် အသိအမှတ် ပြုရပေလိမ့်မည်။ ကောင်းကင်လျို့ဝှက် နန်းဆောင် ပေါ်ပေါက်လာပြီးနောက် ၎င်းဆီမှ သတင်းသည် ရွှေထက်ပင် တန်ဖိုးကြီးကြောင်း အားလုံးက သိရှိပြီးဖြစ်သည်။
"ကျုပ်ကြားခဲ့တာ အင်ပါယာနှစ်ယောက်က လောကကြီးကို ဖြတ်ပြီးတော့ ရောက်လာလိမ့်မယ်။ ကျုပ်တို့ လောကကြီးမှာ နဂါးအင်ပါယာတစ်ယောက်တည်းသာ ရှိတယ်လေ။ သူက ပင်လယ်ဒေသမှာ အင်ပါယာမိုယွမ် နဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေတယ်။ ခရမ်းရောင် နက်နဲလောကရဲ့ အင်ပါယာနှစ်ယောက်က လောကကို ကျော်ဖြတ်ပြီး တိုက်ခိုက်လာမယ်ဆိုရင် ကျုပ်တို့ရဲ့ အားအင်အဆင့် တစ်ခုတည်းနဲ့ ခုခံဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူးထင်တယ်" သူတော်စင်ဘုရင်တစ်ယောက်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက်၏။
သူသည် အောက်တွင်ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးကို တစ်ချက်ဝှေ့ကြည့်ပြီးနောက် ဤလူများသည် အားကောင်းလှသည့် လူများဖြစ်ကြောင်း အသိအမှတ်ပြုပြီး ဖြစ်သည်။ သို့ပေမဲ့ တခြားသော လောကဆီမှ အင်ပါယာ တစ်ယောက်သည်သာ တကယ်တမ်း တိုက်ခိုက်မည် ဆိုပါက လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် သေဆုံးသွားနိုင်သည့် သူများ ဖြစ်ကြ၏။ အားနည်းလှချေသည်။
ခရမ်းရောင် နက်နဲလောကကြီးနှင့် ရင်ဆိုင်သည့် နေရာတွင် ၎င်းတို့၏ အင်ပါယာသည် သူတို့ဆီမှ လူများကို အကြည့်တစ်ချက်နှင့်ပင် ပြာကျအောင် ပြုလုပ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် တိုက်ပွဲတွင် အဆင့်မြင့် ကျင့်ကြံသူများ လိုအပ်လာခဲ့၏။
"လူသားကလန်ရဲ့ လင်းရှောင်က အင်ပါယာဖြစ်တာ မကြာသေးဘူးလေ။ သူဘာလို့ ပြန်မလာသေးတာလဲ" ငရဲကလန်မှ လူတစ်ယောက်သည် လူသားကလန်၏ တည်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
တိုက်ပွဲစတင်ကတည်းက လူသားကလန်များသည် ၎င်းတို့၏ အားအင်များကို အပြည့်အဝ ထုတ်ဖော်ကာဖြင့် တိုက်ခိုက်ခဲ့၏။ ကွာစီအင်ပါယာများပင်လျှင် ဝင်ရောက် တိုက်ခိုက်ခဲ့၏။ ၎င်းတို့၏ အားအင်အဆင့်များအနေဖြင့် သံသယရှိစရာ မလိုပေ။
သို့ပေမဲ့ ထူးဆန်းသည်မှာ နဂါးအင်ပါယာ ပေါ်လာခဲ့သည်ဆိုသော်လည်း လင်းရှောင် ပေါ်မလာခြင်းပင်။ ၎င်းပေါ်လာလျှင် တိုက်ပွဲ၏ ရလာဒ်ကို မပြောင်းလဲနိုင်ဘူး ဆိုရင်တောင်မှ ကောင်းကင်မူလလောကကြီးသည် အဆုံးအရှုံးနည်းမှာ သေချာ၏။