← Chapters

အခန်း (၂၈၆)

Vol. 20 Ch. 286

အခန်း (၂၈၆)

Vol. 20 Ch. 286

"နဂါးအင်ပါယာပဲ။ ဟုတ်တယ် နဂါးအင်ပါယာက အရေးအကြောင်း အခြေအနေမျိုးမှာ‌ ရောက်လာတာပဲ။ နဂါးအင်ပါယာက အရင်တုန်းက သုံးယောက် တစ်ယောက်တောင် တိုက်ခိုက်ခဲ့ဖူးတယ်။ ဒီနေ့ နှစ်ယောက် တစ်ယောက် တိုက်ခိုက်မယ်ဆိုရင်တောင် ကျိန်းသေပေါက် အသားစီး ရရှိမှာပဲ"

"ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာတွေက ကျုပ်တို့နဂါးကလန်နဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး"

"အင်း… သူတို့ ဒီကို ရောက်လာရဲတယ် ဆိုရင်တော့ ကျိန်းသေပေါက် နဂါးအင်ပါယာက သူတို့ကို သတ်ဖြတ် ပစ်မှာပဲ"

………..

အောင်းရွှမ်တစ်ယောက် ပေါ်ပေါက်လာခြင်းသည် ကောင်းကင်မူလ လောကကြီးဆီမှ များပြားလှသော သက်ရှိသတ္တဝါများ၏ စိတ်ဓာတ်ကို မြင့်တက်စေခဲ့၏။ ပထမဦးဆုံး ၎င်းသည် ခရမ်းရောင် နက်နဲလောကကြီး၏ အင်ပါယာမိုယွမ်ကို သုံးချက်တိတိ တိုက်ခိုက်ရင်း ကြီးကြီးမားမား ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့၏။ ယနေ့ ခရမ်းရောင်နက်နဲလောကဆီမှ တခြားသော အင်ပါယာနှစ်ယောက်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် နောင်လာနောင်သားများ အားလုံး၏ နှလုံးသားထဲတွင် ကဗ္ဗည်းထိုးထားသလို အောင်မြင်မှုများကို ဆွတ်ခူးနိုင်လိမ့်မည်ဟု အားလုံးက ယုံကြည်နေမိ၏။

"မောက်မာလွန်းတဲ့ သတ္တဝါ"

အင်ပါယာတိုင် ၏ အသံသည် ထူးမခြားနားသကဲ့သို့ပင်။ ယခင်တုန်းက ခရမ်းရောင်နက်နဲလောကကြီးတွင် ၎င်းတို့ သုံးယောက်သည် တိုက်ခိုက်ချက်တစ်ခုကို ပြုလုပ်ခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် အင်ပြည့်အားပြည့် မတိုက်ခိုက်ခဲ့ချေ။ နဂါးအင်ပါယာကိုလည်း မထိမှန်ခဲ့ချေ။ ထိုအစား ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည် ၎င်းတို့၏ တိုက်ခိုက်ချက်များကို တားဆီးခဲ့သည်။

ထိုအရာကို နဂါးအင်ပါယာသည် သုံးယောက်တစ်ယောက် တိုက်ခိုက်ခဲ့သည်ဟု လျှောက်ပြော၍ ရနေသည်လား။ အဘယ်သို့သော အရှက်သိက္ခာဖြင့် ဝါကြွားပြောဆိုနေသနည်း။ တကယ်တမ်း သူတို့ တိုက်တောင် မတိုက်ခဲ့ကြဖူးချေ။ ဘယ်လိုဖြစ်ပြီး သုံးယောက်တစ်ယောက် တိုက်ခိုက်ပြီး ရှုံးနိမ့်သည် ဖြစ်သွားရသနည်း။ သောက်ကျိုးနည်းလှချေ၏။

"ဟမ့်"

နဂါးစစ်ရထားလုံးကြီး၏ အထဲဆီမှ အေးစက်စက် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ရထားလုံးဆီမှ တောက်ပလွန်းလှသည့် နတ်ဘုရားဓားရောင်စဉ်ကဲ့သို့ အလင်းတန်းများ ထွက်ပေါ်နေခဲ့ပြီး အောင်းရွှမ်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် သင်္ကေတများ ဖြစ်တည်လာခဲ့ပြီး လောကကြီး တစ်ခုလုံးကို ဖိနှိပ်လေသည်။

"လာစမ်း… ကျုပ်နဲ့ လာတိုက်လှည့်"

အောင်းရွှမ်က သူ၏ နဂါးလက်သည်းများကို မြှောက်ကာ ရဲရဲတင်းတင်း စိန်ခေါ်လိုက်သည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များသည် သူ၏ လက်ဝါးထက်တွင် လာရောက်ကာ စုဝေးနေ၏။

သူသည် တခြားသောဘက်ခြမ်းတွင် တည်ရှိနေသည့် အင်ပါယာနှစ်ယောက်ကို လှမ်းကြည့်ကာ စိန်ခေါ်နေ၏။ တစ်ဖက်မှ လူများသည် တည်နေရာလမ်းကြောင်းထဲသို့ ဝင်လာရဲမည်ဆိုပါက သူက ချက်ချင်း ရိုက်နှက်မှာ သေချာ၏။ ထိုသူတို့ ဝင်ရောက်လာမှုကို သူ ခွင့်ပြုပေး၍ မဖြစ်ချေ။ ထို့အပြင် အကန့်အသတ် တစ်ခုအထိ သူသည် ဝါကြွားကာ ပြောဆိုခဲ့ပြီးဖြစ်၏။ ဤနေရာသို့ ရောက်ရှိပြီး ရိုက်နှက်ခံရမည်ဆိုလျှင် သူ၏ ဂုဏ်ကျက်သရေ ပျောက်ကွယ်သွားမှာ သေချာသည်။ သောက်ရှက် ဗြန်းဗြန်းကွဲပေလိမ့်မည်။

သို့သော်ငြား မည်သို့ပင် ဆိုစေကာမူ သူသည် ပြိုင်ဘက်ထက် အားနည်းသည်ဟူ၍တော့ မထင်ချေ။ တစ်ဖက်မှ အင်ပါယာ တစ်ယောက်ချင်းစီတိုင်းသည် နှစ်ပေါင်းသောင်းချီ အစောကြီးကတည်း အင်ပါယာဖြစ်တည်ခဲ့သည် ဆိုလျှင်တောင်မှ သူကတော့ အားမနည်းချေ။

"ရဲတင်းလိုက်တဲ့ကောင်"

အင်ပါယာတိုင်၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးသည့်နောက် တစ်စုံတစ်ယောက်သည်‌ မောက်မာ ဝံ့ကြွားစွာဖြင့် သူတို့ကို စိန်ခေါ်ရဲလျက် ရှိနေသည်။ သူတို့ကို သတ်ဖြတ်ပစ်မည်ဟုလည်း ပေါ်ပေါ်တင်တင် ပြောဆိုနေ၏။ သူတို့သည်သာ မတုံ့ပြန်ဘူးဆိုပါက ကျိန်းသေပေါက် အထင်အမြင်သေးစရာ ဖြစ်ပေလိမ့်မည်။

"နှစ်ပေါင်းသိန်းချီ အင်ပါယာ ကြိုတင်ဖြစ်လာခဲ့တာ။ ဘာမှမဟုတ်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင် တွေ့ပြီး ဒီလိုမျိုး နိမ့်ချဆက်ဆံခံရမယ်လို့ မထင်ဘူး။ မင်းက ငါ့ကို လူသတ်ချင်စိတ်ပေါက်အောင် လုပ်နိုင်တဲ့ ပထမဦးဆုံးလူပဲ" အင်ပါယာတိုင်သည် အေးစက်စက် ပြောလိုက်၏။

သူသည် တည်နေရာလမ်းကြောင်းဆီမှ ရှေ့ဆီသို့ လှမ်းထွက်ရန် ပြင်လိုက်၏။ သူ၏ခြေထောက် မြေပြင်နှင့် မထိရသေးခင်မှာပဲ ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် ချက်ချင်းဆိုသလိုပဲ သူ့ကို တားဆီးလိုက်၏။ သူသည် ခေါင်းကို အသာခါယမ်းကာဖြင့် ပြောလိုက်သည်။ "ဒီလူက သက်သက်ရန်စနေတာလေ။ သွားပြီဆိုရင် ကျိန်းသေပေါက် အရိုက်ခံရလိမ့်မယ်"

"ချီးတဲ့မှ"

အင်ပါယာတိုင်၏ နှလုံးသားများသည် အေးစက်သွားခဲ့၏။ သူသည် တည်နေရာလမ်းကြောင်းကို လှမ်းကြည့်ပြီးသည့်နောက် မသွားရန်သာ ဆုံးဖြတ်လိုက်၏။

ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာ ပြောသည်မှာ အမှန်ပင်ဖြစ်၏။ တည်နေရာလမ်းကြောင်းဆီသို့ ဝင်သွားသည်နှင့်တပြိုင်နက် မည်သည့် လှည့်ကွက်ကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်သူသည် တည်နေရာလမ်းကြောင်း တစ်ခုလုံးကို ဖျက်ဆီးလိုက်သည်ဆိုပါက သူတို့သည် ရှုပ်ယှက်ခတ်လျက် ရှိနေသည့် တည်နေရာတစ်ခုဆီသို့ ရောက်ရှိသွားပေလိမ့်မည်။

အင်မော်တယ်တစ်ယောက်၏ အားအင်အဆင့် မရှိသည်ဆိုပါက ထိုကဲ့သို့သော တည်နေရာမျိုးကို ရောက်ရှိသွားခြင်း ဆိုသည်မှာ သေခြင်းတရားသာ ဖြစ်လာနိုင်၏။ အင်ပါယာဆိုလျှင်တောင်မှ အသက်ရှင် နိုင်လိမ့်မည် မဟုတ်ချေ။ သူသည် နဂါးအင်ပါယာအား အေးစက်စက်အကြည့်ဖြင့် လှမ်းကာကြည့်ရှုရင်း ဒေါသတကြီး ဖြစ်လို့နေခဲ့၏။ အမှုမဲ့အမှတ်မဲ့ဖြင့် ဒေါသတကြီး ပြုလုပ်လိုက်သည် ဆိုပါက တစ်ဖက်လူသည် အခွင့်အရေးကောင်းကို ရရှိသွားမှာ သေချာ၏။ သူ့အနေနှင့် ဘာမှ တန်ပြန် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

"ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်မတွေ့ခဲ့တာ နှစ်ပေါင်းသိန်းချီ ကြာမြင့်ခဲ့ပြီ"

အောင်းရွှမ်သည် ထပ်မံကာ ပြောလိုက်၏။ "ဘယ်လိုဖြစ်ပြီး တစ်စုံတစ်ယောက်က ပြိုင်ဘက်ကင်းပြီး မရှုံးနိမ့်တဲ့ လူလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ရဲရတာလဲ။ ဒီလိုမျိုး အရှက်မရှိ အပြောအဆိုမျိုးကို ခုထိ တစ်ခါမှ မကြားခဲ့ဖူးဘူး"

သူ၏ စကားစုများသည် အမှန်ပင် မောက်လွန်းလှ၏။ လောကကြီး၏ ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးသည့် နဂါးအင်ပါယာပင် မဟုတ်ပါလား။

အစစ်အမှန်ပင် တကယ်ခမ်းနားထည်ဝါလွန်းလှသည့် နဂါးအင်ပါယာတစ်ယောက်၏ ဟန်ပန်မျိုး ထုတ်ဖော်လျက် ရှိနေ၏။ သူသည် ခရမ်းရောင်နက်နဲလောကကြီးကို တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်ရန် ပြင်ဆင်နေလေ၏။

သို့ပေမဲ့ ဘာတွေဖြစ်နေသနည်းဆိုသည်ကို ကောင်းကင်မူလ လောကြီးဆီမှ သက်ရှိများက ဝေခွဲမရသလို ဖြစ်နေသည်။ လက်ရှိအခြေအနေအထိ တခြားသော အင်ပါယာများသည် ပေါ်ပေါက်မလာသေးချေ။ ၎င်းတို့ဘက်တွင် နဂါးအင်ပါယာ တစ်ယောက်တည်းကသာ မားမားမတ်မတ် ရပ်တည်နေပြီး တစ်ဖက်ခြမ်းဆီမှ အင်ပါယာ နှစ်ယောက်တို့ကို ခုခံလျက် ရှိနေသည်။

"ကျုပ် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ဒီကောင့် သောက်ခွက်ကို ကြည့်ရင်း ကျုပ် တော်တော်ကို ရိုက်ချင်နေပြီ" အင်ပါယာတိုင်က ပြောဆိုလိုက်၏။ သူ၏ တိုက်ပွဲဝင်ချပ်ဝတ်သည် ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လျက် ရှိနေ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် သွေးချီများသည် မီးတောင်တစ်ခုကဲ့သို့ပင် ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။

ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖိအားဒဏ်များသည် ဆူနာမီမုန်တိုင်း ကဲ့သိုပင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ လက်ရှိအချိန်မှာတော့ သူသည် သူ၏အင်ပါယာတစ်ယောက်ဆိုသည့် အရှိန်အဝါများကိုပင် စွန့်လွှတ်ရန် အဆင်သင့်ဖြစ်လို့နေခဲ့၏။ သူသည် အလွန်ပဲ ဒေါသထွက်နေသည်။

"သူက ဘာပဲပြောပြော အင်ပါယာ"

ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက စတင်ကာ ပြောပြလိုက်၏။ သို့ပေမဲ့ သူပြော၍ မပြီးသေးခင်မှာပဲ ကောင်းကင်မူလလောကကြီးဘက်၏ လေဟာနယ်ထဲတွင် ရှိနေသည့် စစ်ရထားလုံးကြီးထဲမှ အောင်းရွမ်၏အသံက ထွက်ပေါ်လာ၏။

"ခင်ဗျားတို့သာ ရှေ့ကို ဆက်လှမ်းလာမယ်ဆိုရင် ခင်ဗျားတို့ ဖန်တီးထားတဲ့ တည်နေရာလမ်းကြောင်း တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ရှေ့ကို တစ်လှမ်းတိုးလာတယ် ဆိုတာနဲ့ အကုန် ဒုက္ခရောက်သွားစေရမယ်"

“……..” ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာ။

ဤစကားစုသည်‌ အေးစက်လွန်းလှ၏။ ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ အမှန်ပဲ စိတ်လှုပ်ရှားလျက် ရှိနေသည်။ နဂါးအင်ပါယာ၏ စကားလုံးများကို နားထောင်ရသည်မှာ တကယ်ပင် အားရဖွယ်ရာပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ပွဲဝင် စိတ်ဓာတ်ကို ထုတ်ဖော်ပြထား၏။ တစ်ဖက်ခြမ်းဆီမှ အင်ပါယာများကို ကြီးကြီးကျယ်ကျယ် ရဲရဲဝံ့ဝံ့ဖြင့် စိန်ခေါ်လျက် ရှိနေသည်။

သူတို့အနေနှင့် ဤကဲ့သို့သော အင်ပါယာကို ပိုင်ဆိုင်နေသည် ဖြစ်သောကြောင့် အဘယ်သို့သောလူကို ကြောက်ရွံ့ရမည်နည်း။ သေဆုံးခြင်းဆိုသည်မှာ ကလေးကစားစရာကဲ့သို့ပင်။ သူတို့သည် ပေးဆပ်ရန် အဆင်သင့်ဖြစ်လို့လာခဲ့၏။

"ကျုပ် မလာရဲဘူးလို့ ထင်နေတာလား"

အင်ပါယာတိုင်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ အော်ရာများသည် ဒီရေလှိုင်းကဲ့သို့ပင် ပျံ့နှံ့နေခဲ့၏။ တည်နေရာလမ်းကြောင်းဆီသို့ ပျံ့နှံ့ကာ ထိုအော်ရာများသည် တစ်ဖက်ဆီသို့ ရောက်ရှိလာခဲ့၏။ တည်နေရာ တစ်ခုလုံးသည် တကျွီကျွီ အသံများပင် ပေါ်ပေါက်လာသည်။

ဘုန်း …။

နဂါးစစ်ရထားလုံးကြီး၏ အတွင်းမှာတော့ မြေပြင်တစ်ခုလုံး ကွဲအက်လောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့လေ၏။

"လွတ်လွတ်လပ်လပ် ကြိုးစားကြည့်စမ်းပါ" အောင်းရွှမ်သည် ထူးမခြားနားသလို ပြောလိုက်၏။ အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရသည့် အချိန်မှာ‌တော့ သူသည် တစ်ချက်ကလေးမှ ကြောက်လန့်မှု မရှိချေ။ အခြေအနေ တစ်ခုလုံးကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ထားနိုင်စွမ်း ရှိနေပုံပေါ်သည်။

"ကျုပ် ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်" ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက ပြောဆိုလိုက်သည်။ ပြီးနောက် ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ သူသည် နောက်ကျောဘက်တွင် ရှိနေသည့် ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲယူလိုက်၏။ ဓားတစ်လက်မစီ ပေါ်လာသည့်အချိန်တိုင်းတွင် ၎င်း၏ အော်ရာများသည် ပိုမိုကာ တိုးတက်လာခဲ့၏။

ဓားထုတ်လိုက်သည့် အချိန်၌ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ကောင်းချီးဩဘာများ ပေးနေသကဲ့သို့ပင် တဖြည်းဖြည်းနှင့် တုန်ခါလာခဲ့လေ၏။ ၎င်းသည် အင်ပါယာတစ်ယောက်တင် မဟုတ်ဘဲ ပြိုင်ဘက်ကင်း နတ်ဆိုးအရှင်တစ်ပါးကဲ့သို့ပင် လောကကြီး တစ်ခုလုံးကို ဖျက်ဆီးရန် အဆင်သင့် ဖြစ်လို့နေလေသည်။

All Chapters