← Chapters

အခန်း (၂၈၉)

Vol. 20 Ch. 289

အခန်း (၂၈၉)

Vol. 20 Ch. 289

လက်ရှိအချိန်၌ လောကကြီးနှစ်ခုကြား စစ်ပွဲသည် အရေးတကြီး အခြေအနေသို့ ရောက်ရှိနေသည်။ တခြားတစ်ဖက်၌ အင်ပါယာတစ်ယောက် ပိုလာခြင်းသည် သူတို့အတွက် ခန့်မှန်း၍မရအောင် အားကောင်းလှသော ရန်သူတစ်ယောက် ပိုလာခြင်းပင်။ အားအင်အဆင့်၏ ချိန်ခွင်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ခရမ်းရောင်နက်နဲလောကကြီး သည် ဤကဲ့သို့သော အခြေအနေမျိုးတွင် လက်လျော့ အရှုံးပေးရမည့် အခြေအနေမျိုးသို့ပင် ရောက်ရှိသွားနိုင်၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်အင်ပါယာ အရေအတွက်သည် ပိုမိုကာ တိုးပွားလာခဲ့သောကြောင့်ပင်။

"ခရမ်းရောင် နက်နဲလောကကြီးထဲက အင်ပါယာဖြစ်မယ့် အခွင့်အရေးကို ကျုပ်တို့ မပိုင်ဆိုင်ခဲ့ဘူး။ အဲဒီအစား ကျုပ်တို့ရဲ့ ရန်သူတွေဆီသို့ ရောက်ကုန်ကြတယ်။ ဒါကို ထူးဆန်းတယ်လို့ မခံစားမိဘူးလား။” ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် မျက်မှောင်ကုတ်ကာ ပြောဆိုလိုက်၏။

ခရမ်းရောင် နက်နဲလောကကြီးထဲတွင် ရှိနေသည့် နက်နဲကြယ်နယ်မြေဆိုသည်မှာ အလုံးစုံ ရှာဖွေပြီးပြီ ဖြစ်သောကြောင့် မည်သူမှ ဂရုမစိုက်တော့သည့် နေရာတစ်ခုသာလျှင် ဖြစ်၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အတောအတွင်း ကွာစီအင်ပါယာတချို့ ဝင်ရောက်ခဲ့ကြဖူးသည် ဆိုသော်လည်း မည်သူမှ အင်ပါယာ ဖြစ်မလာခဲ့ကြချေ။

ကောင်းကင်မူလလောကကြီး၏ ကွာစီအင်ပါယာ တစ်ယောက်မှာတော့ ထိုနေရာသို့ ဝင်ရောက်ပြီး ရုတ်တရက် အင်ပါယာ ဖြစ်လာခဲ့၏။ တကယ်တော့ ဤကဲ့သို့ ဖြစ်လာနိုင်ချေသည် အလွန်ပင် နည်းပါးလွန်းလှ၏။ မဖြစ်နိုင်လောက် နီးပါးပင် ဖြစ်၏။ ကောင်းကင်မူလလောကကြီး၏ ကွာစီအင်ပါယာသည် ခန့်မှန်း၍ မရနိုင်သည့် လမ်းစဉ်တစ်ခုကို တစ်ခု ရရှိခဲ့ပုံ ပေါ်၏။

"အင်း ….. ကျုပ်လည်း ထူးဆန်းသလို ခံစားမိတယ်။ ဒါပေမဲ့ ဘာလုပ်နိုင်မှာလဲ" အင်ပါယာတိုင်သည် အေးစက်စက် ပြောလိုက်သည်။

ယခုမှ အင်ပါယာဖြစ်လာသော တစ်စုံတစ်ယောက်ကို အနိုင်ယူရန်မှာ ၎င်းတို့နှစ်ယောက်အတွက် လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဆန်းကြယ်လှသော သခင်ကို အနိုင်ယူရန်မှာတော့ အာမခံချက် မရှိလှချေ။ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက် စွက်ဖက်ခဲ့ပြီးပြီကို ကြည့်ရှုပြီးနောက် အင်ပါယာတိုင်သည် တကယ်ပင် သတိအပြည့်နှင့် ဖြစ်နေမိ၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ကို သတိမပြုမိရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ နန်းဆောင်သခင်၏ ကြားဝင် တိုက်ခိုက်မှုကိုပင် ကြုံတွေ့ခဲ့ရသည်။

သို့ပေမဲ့ အဘယ့်ကြောင့် တစ်ဖက်လူ တိုက်ခိုက်ခဲ့ကြောင်း သူ စဉ်းစား၍ မရနိုင်ခဲ့ချေ။ အောင်းရွှမ်နှင့် လီယွင်တို့ကြားရ အလဲအလှယ်ကိုသာ သိရှိပါက ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်မိပေလိမ့်မည်။

"မိုယွမ်လည်း သတင်းရလိမ့်မယ်" ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာက ပြောလိုက်၏။

တည်နေရာလမ်းကြောင်းကို ပထမဆုံး အင်ပါယာဖြစ်သော မိုယွမ်က ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့်ပင် နယ်မြေနှစ်ခုကြား တိုက်ပွဲကြီး ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်စလုံးသည် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ဝင်ရောက်ရှုပ်ထွေးမည့် အရိပ်အယောင်မျိုး မပြသခဲ့ချေ။ ကြည့်ရသည်မှာ ဤနန်းဆောင်သခင်သည် လောကနှစ်ခုကြား ဖြစ်ပွားသည်ကို စိတ်မဝင်စားသည့် ပုံပင်။

သို့ပေမဲ့ မထင်မှတ်လောက်အောင်ဘဲ သူတို့ကိုတော့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက် စွက်ဖက် တိုက်ခိုက်ခဲ့၏။ ပထမ တစ်ကြိမ်သည် တည်နေရာလမ်းကြောင်းကြောင့်ဖြစ်သော်လည်း ဒုတိယတစ်ကြိမ်သည် ဘာကြောင့်ဖြစ်မှန်း သေသေချာချာ မသိရှိချေ။

"မိုယွမ်ဖွင့်ခဲ့တဲ့ ဝင်ပေါက်ကနေ တစ်စုံတစ်ယောက်ကို ကောင်းကင်မူလ လောကကြီးဆီ စေလွှတ်ခဲ့ပြီးပြီ။ လုံလောက်တဲ့ သတင်းအချက်အလက်တွေကို ပြန်ယူလာလိမ့်မယ်"

အင်ပါယာတိုင်သည် ဆူအောင့်အောင့်နှင့် ပြောဆိုလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် ပြဿနာဖြစ်ခြင်းကို ရှောင်ကြင်နိုင်ရန်အတွက် ၎င်းတို့သည် နန်းဆောင်သခင်၏ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်ကို သိရှိရန် လိုအပ်၏။ ထိုမှသာလျှင် ၎င်းတို့သည် အကျိုးသက်ရောက်သည့် မဟာဗျူဟာများကို ဖန်တီးနိုင်မှာ ဖြစ်သည်။

နန်းဆောင်သခင်သည်သာ မျက်နှာသာပေးပါက တစ်ဖက်လောက၌ အင်ပါယာနှစ်ယောက် ထပ်ပေါ်လာခဲ့သည် ဆိုလျှင်တောင်မှ သူသည် တိုက်ပွဲကို အနိုင်ရရန် ယုံကြည်ချက် ရှိနေ၏။

တစ်ချိန်တည်းမှာပဲ နက်နဲကြယ်နယ်မြေ၏ ကောင်းကင်ယံထက်တွင် တိမ်မဲများ စုဝေးလာခဲ့၏။ မိုးခြိမ်းသံများ ပေါ်ပေါက်လာခဲ့ပြီး လျပ်စီးများကလည်း တလက်လက်နှင့် လင်းလက်နေသည်။

တည်နေရာ တစ်ခုလုံးသည် မိုးကြိုးပင်လယ်ထဲသို့ ရောက်ရှိသွားသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ လောကကြီးတစ်ခု၏ အဆုံးသတ်သို့ ရောက်ရှိသွားသလိုပင်။

ကပ်ဘေး၏ အလယ်တွင်တော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ပြင်းပြင်းထန်ထန် ခုခံလျက် ရှိနေ၏။ မုန့်ရှင်းကျီသည် အားအင်အပြည့်ထုတ်ကာဖြင့် ကပ်ဘေးကို တွန်းလှန်လျက် ရှိနေ၏။ လေဟာနယ် တစ်ခုလုံးသည်လည်း တွန့်လိမ့်နေ၏။

ထိုအချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း စုတ်ပြတ်သပ်လျက်ရှိပြီး သွေးများလည်း ဖုံးလွှမ်းလျက် ရှိနေသော လူနှစ်ယောက်တို့သည် မနီးမဝေး တည်နေရာတွင် ပေါ်ပေါက်လာခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အမြန်ဆန်ဆုံး နှုန်းထားဖြင့် အနောက်ဖက်သို့ ဆုတ်ခွာလိုက်ကြသည်။

"သခင်လေး မကောင်းတော့ဘူး။ မြန်မြန် နောက်ဆုတ်"

အဖြူရောင် ဆံပင်နှင့် အဘွားအိုသည် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် လူငယ်ကို နောက်သို့ဆွဲခေါ်ကာ ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။

"တစ်စုံတစ်ယောက်က ကပ်ဘေးကျော်နေတာပဲ"

"ကပ်ဘေး ဟုတ်လား"

လူငယ်၏ ဒဏ်ရာများမှာ ပြင်းထန်လွန်းလှ၏။ သူ၏ ဒဏ်ရာများ၌လည်း သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိနေ၏။ ၎င်းသည် အားပျော့စွာဖြင့် မေးမြန်းလိုက်သည်။ "အင်ပါယာတစ်ယောက်ရဲ့ ကပ်ဘေးလား။ "

"အမှန်ပဲ"

အဘွားအိုသည် အပြင်ဖက်တွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကြည့်ကာဖြင့် ခေါင်းညိတ်လိုက်၏။

"တကယ်ပဲ …. ဒါ အင်ပါယာအဆင့်ကပ်ဘေးပဲ။ ဒီလိုကျင့်ကြံသူမျိုးက ကျွန်မတို့လောကထဲမှာ ဆိုရင်တောင်မှ အားကောင်းတယ်လို့ သတ်မှတ်လို့ရတယ်။ အခုလိုအချိန်မှာ အဲလို ကျင့်ကြံသူမျိုးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ သခင်လေးသာ ဘိုးဘေးတွေ ချန်ခဲ့တဲ့ အမွေအနှစ်တွေကို ရရှိမယ်ဆိုရင် အစစ်အမှန် အင်မော်တယ်အဆင့်ဆီ ရောက်ရှိလိမ့်မယ်။ မြေအင်မော်တယ် လောကဆီ ပြန်ပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် လက်စားချေရမယ်"

"စိတ်မပူပါနဲ့ အဒေါ်လန် ။ ကျုပ် ဘာလုပ်ရမယ်ဆိုတာ ကျုပ်သိပါတယ်" လူငယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဓများနှင့် ပြည့်နှက်လျက် ရှိ၏။ သူသည် အနောက်ဖက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကို လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်၏။ "အဒေါ်လန် … ဒါခရမ်းရောင် နက်နဲလောကကြီး လား"

"မမှားနိုင်ဘူး"

အဘွားအိုသည် သတိအပြည့်ဖြင့် စိတ်ဝိညာဉ် အာရုံကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။ ပြီးသည့်ေနာက် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ကျိန်းသေပေါက် ဒါကခရမ်းရောင် နက်နဲလောကကြီးပဲ။ အတိတ်တုန်းက အင်ပါယာ ရွှမ်မို ထွက်လာခဲ့တဲ့ လောကကြီးပေါ့။ အရင်တုန်းက ဘိုးဘေးရွှမ်မိုက မြေအင်မော်တယ် လောကထဲကို ဝင်ခဲ့တယ်။ မကြာခင်မှာပဲ တည်နေရာလမ်းကြောင်း လှုပ်ခါမှုကြောင့် အင်မော်တယ်တွေက ခရမ်းရောင်လောကကြီးရဲ့ တည်ရှိမှုကို အာရုံခံမိသွားကြတယ်လေ။

အစစ်အမှန် အင်မော်တယ်တစ်ယောက်က ဒီလောကကြီးကို သန့်စင်ပြီး အင်မော်တယ်လက်နက်တစ်ခု သန့်စင်ချင်ခဲ့တယ်။ ရလာဒ်အနေနဲ့ ဘိုးဘေးက တားဆီးခဲ့တယ်။ သူတို့က မြေအင်မော်တယ်လောကကနေ ခရမ်းရောင် နက်နဲလောကထိ တောက်လျောက် တိုက်ခိုက်ခဲ့ကြတယ်။ ဘိုးဘေးက ခရမ်းရောင် နက်နဲလောကကြီး ဖျက်ဆီးခံရမှာကို မကြည့်နိုင်ဘူးလေ။ ဒါကြောင့် ခရမ်းရောင်နက်နဲလောက ကနေ စကြဝဠာ အပြင်ဘက်ဆီ ထွက်ပြီး တိုက်ခိုက်ခဲ့ကြတာပေါ့။ တိုက်ပွဲက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တယ်။ ဘိုးဘေး အနိုင်ရခဲ့တယ်။ သူက အစစ်အမှန် အင်မော်တယ်တွေကို သတ်ဖြတ်ပြီးတော့ မြေအင်မော်တယ်လောကဆီ ပြန်သွားခဲ့တယ်။ ဒါပေမဲ့ အစစ်အမှန် အင်မော်တယ်တွေကို သတ်ဖြတ်ပြီး မပြန်ခင်မှာ ဘိုးဘေးက အမွေအနှစ်တွေကို ခရမ်းရောင် နက်နဲ လောကထဲ ထားခဲ့တယ်။ သခင်လေးသာ အဲတာကို ရမယ်ဆိုရင် ခဏအတွင်း အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ "

ပြောပြီးသည့်နောက် အဘွားအိုသည် အပြင်ဖက်မှနေ၍ အမဲရောင်ဝတ်စုံနှင့် လူကိုကြည့်ကာ တွက်ချက်လိုက်၏။ “ဒီလူက ဘိုးဘေးချန်ထားခဲ့တဲ့ အမွေအနှစ်တစ်ခုကို ရခဲ့တာဖြစ်မယ်။ သူက မြေအင်မော်တယ်လောကထဲကို မဝင်ခင်မှာ ရရှိခဲ့တာလေ။ ပြောရရင် သခင်လေးနဲ့ သူ့ကြားမှာ ဆက်စပ်မှုတစ်ခု ရှိနေနိုင်တယ်။ သခင်လေးသာ သူ့အကူအညီကို ရမယ်ဆိုရင် အထောက်အကူဖြစ်မှာ သေချာတယ်"

All Chapters