← Chapters

အခန်း (၂၉၂)

Vol. 20 Ch. 292

အခန်း (၂၉၂)

Vol. 20 Ch. 292

“စီနီယာသာ ဖန်းကလန်ရဲ့ အမွေအနှစ်တွေကို ရှာနိုင်မယ်ဆိုရင် ဒါတွေအကုန်လုံး ပါသွားတာကြာပြီပေါ့”

ဖန်းဟန်က တည်ငြိမ်စွာ ပြောလိုက်၏။ “တကယ်လို့ စီနီယာအနေနဲ့ ရှာတွေ့ခဲ့မယ် ဆိုရင်တောင်မှ စီနီယာရဲ့ အားအင်အဆင့် တစ်ခုတည်းကို အမှီအခိုပြုလို့ မရဘူး။ ဂျူနီယာရဲ့ အကူအညီ မပါဘူးဆိုရင် အထဲကို ဝင်ဖို့တောင် မဖြစ်နိုင်မှာ စိုးရိမ်ရတယ်”

“ဟမ်”

မုန့်ရှင်းကျီ၏ မျက်လုံးတစ်ခုလုံးသည် အေးစက်သွားခဲ့၏။ သူသည် ဖြည်းညှင်းစွာဖြင့် လက်ကို မြှောက်လိုက်သည်။ သို့ပေမဲ့ တိုက်ခိုက်ရန် မရွေးချယ်ခဲ့ချေ။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူက ပြောလိုက်သည်။ “ဒီအင်ပါယာ မင်းကို တစ်ကြိမ် ထပ်ပြီးတော့ ယုံကြည်လိုက်မယ်။ ငါ မင်းရဲ့အသက်ကို ကယ်နိုင်တယ်။ ဒါပေမဲ့ မင်းအနေနဲ့ ဒီအင်ပါယာနဲ့အတူ လိုက်ခဲ့ဖို့ လိုလိမ့်မယ်”

“ကောင်းပါပြီ” ဖန်းဟန်က ခေါင်းညိတ်လိုက်သည်။ ပြီးသည့်နောက် သူသည် အစီအရင်ထဲမှ လှမ်းလျှောက် ထွက်လိုက်၏။

“သခင်လေး” အနောက်ဘက်တွင် ရှိနေသည့် အဘွားအိုသည် အကြီးအကျယ် တုန်လှုပ်သွားမိ၏။ ဤအင်ပါယာ သည် ကြင်နာသနားတတ်သည့်လူမျိုး ဖြစ်ပုံမပေါ်ပေ။ သခင်လေးအနေနှင့် အဘယ်ကြောင့် လွယ်လွယ်ကူကူဖြင့် ထွက်ခွာသွားရသနည်း။

သူမသည် တော်ဝင်သူတော်စင် ထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး မြေအင်မော်တယ်လောကကြီးတွင် အလယ်အလတ်တန်းစား ကျင့်ကြံသူအဖြစ် သုံးသပ်၍ ရနိုင်၏။ ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ရောက်ရှိလာခဲ့သည် ဆိုလျှင်တောင်မှ သူမသည် ထိပ်တန်းကျင့်ကြံသူ တစ်ယောက် မဟုတ်ပေ။ အင်ပါယာတစ်ယောက်ကို ရင်ဆိုင်ပြီး သခင်လေးကို လုံခြုံစေရန် ကာကွယ် စောင့်ရှောက်ပေးရန် သူမ၌ ယုံကြည်ချက်ဟူ၍ မရှိချေ။

“ကိစ္စမရှိဘူး”

ဖန်းဟန်သည် လက်ကို ယမ်းခါကာဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ “ဒီစီနီယာက အသက်ကို ကယ်တင်မယ်လို့ ပြောခဲ့ပြီးပြီဆိုမှတော့ ဒီစကားကို ယုံကြည်ရမှာပေါ့”

“ဟမ့်”

မုန့်ရှင်းကျီသည် နှာခေါင်းရှုံ့ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ဂျူနီယာတစ်ယောက်က ဒီအင်ပါယာကို လာပြီး လှည့်စားချင်နေတာလား။ မင်းပြောတဲ့ အမွေအနှစ်ဆိုတာ တကယ်တမ်း ရှိမယ်ဆိုရင် အကောင်းဆုံးပေါ့။ တကယ်လို့ မရှိဘူးဆိုရင် မြေအင်မော်တယ်လောကက သတ္တဝါတွေ လာဖို့တောင် မလိုဘူး။ ဒီအင်ပါယာက မင်းကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်မယ်”

“ဟုတ်ပါတယ်။ ဂျူနီယာက စီနီယာကို လုံးဝ မလိမ်ညာရဲပါဘူး” ဖန်းဟန်သည် ပြုံးကာပြောလိုက်၏။ သူ၏ မျက်နှာသွင်ပြင်သည် တည်ငြိမ်လျက် ရှိနေလေ၏။ သို့ပေမဲ့ သူ၏ နှလုံးသားထဲတွင်တော့ နာကျင်မှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။

သူ့၌ ဘာနည်းလမ်းမှ မရှိချေ။ မြေအင်မော်တယ်လောကမှ လူများသည် အချိန်မရွေး ရောက်ရှိလာနိုင်၏။ တောင့်တင်းခိုင်မာလှသည့် နောက်ခံသာ မရှိသည်ဆိုပါက သူ့အတွက် အသက်ရှင်သန်နိုင်ရန် ကျိန်းသေပေါက် ခက်ခဲပေလိမ့်မည်။ အင်ပါယာတစ်ယောက် ဆိုသည်မှာ သံသယရှိစရာမလိုဘဲ သူ့အတွက် တောင့်တင်းခိုင်မာလှသည့် နောက်ခံကြီးသာလျှင်ဖြစ်၏။

သို့သော်ငြား ဤအင်ပါယာ အနေနှင့် ဘိုးဘေး၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ယောက်တည်း အနေဖြင့် များပြားလှသည့်လူများကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။ လောကကြီးထဲတွင် ဘိုးဘေး၏ တခြား အမွေအနှစ်များ ပေါ်ပေါက်မလာခင်အထိ သူ၏ အသက်အတွက် စိုးရိမ်စရာ မလိုအပ်ဟု သူက တွေးတောထား၏။ လောလောဆယ် သူသည် ကျိန်းသေပေါက် ဤအင်ပါယာ၏ အနောက်သို့ လိုက်ပါရ ပေလိမ့်မည်။

“မင်းရဲ့ သတ္တိကို ကြည့်ရတာ အနာဂတ်မှာ မင်းက သေဆုံးမသွားဘူးဆိုရင် ကျိန်းသေပေါက် အောင်မြင်မှုကို ရမှာ သေချာတယ်” မုန့်ရှင်းကျီသည် အသာပြောလိုက်၏။ သူသည် သူ၏ မျက်လုံးနှင့်အတူ ဖန်းဟန်ကို သေသေချာချာ သုံးသပ်ပြီးဖြစ်၏။ အင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်သည့် နေရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အစီအရင်ထဲမှ ထွက်လျှောက်လာနိုင်သည့် သတ္တိဆိုသည်မှာ လူတိုင်းတွင် ရှိနေသည့် အရာမျိုး မဟုတ်ချေ။

“စီနီယာ... အရမ်းကို ချီးကျူးလွန်းနေပါပြီ” ဖန်းဟန်က အသာပြောလိုက်၏။ မုန့်ရှင်းကျီ၏ စကားကို ကြားရသည့် အချိန်မှာတော့ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ကြည့်ရသည်မှာ တစ်ဖက်သားသည် သူ့အပေါ်တွင် ကောင်းမွန်သည့် ထင်မြင်ချက်တော့ တည်ရှိနေသေး၏။ ထို့ကြောင့် သူ၏ လုံခြုံနိုင်မှုသည် ပိုမိုကာ တိုးတက်လာခဲ့၏။

“အဒေါ်လန်... ထွက်ကြရအောင်”

“ကောင်းပါပြီ” အဘွားအိုသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းကို ချလိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ထွက်လျှောက်လာခဲ့၏။ သူတို့ နှစ်ယောက်အနေနှင့် အနောက်မှ လိုက်ပါလာသူများဆီမှ ရှောင်ရှားရင်း ခရမ်းရောင်နက်နဲလောကကြီးထဲသို့ ရောက်ရောက်ချင်းပင် ရှိသေး၏။ အင်ပါယာတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိခဲ့လေပြီဖြစ်၏။ ၎င်းတို့၏ အသက်သည် သူတို့၏ ထိန်းချုပ်မှုအောက်၌ မရှိသည်မှာတော့ သေချာလှသည်။

မုန့်ရှင်းကျီသည် အရှေ့တွင် ရှိနေသည့် လူနှစ်ယောက်ကို လှမ်းကြည့်ပြီးသည့်နောက် လက်ကို ယမ်းခါလိုက်၏။ ပြီးနောက် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ကောင်းကင်မူလလောကကြီးဆီသို့ ပျံသန်းသွားခဲ့၏။ အင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီးသည့်နောက် သူ၏ အမြန်နှုန်းသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ ကြယ်တည်နေရာငယ်လေးသည် သူ၏ အနောက်မှ ပါလာခဲ့လေ၏။

“စီနီယာ... ဒါဘာကြီးလဲ”

သူတို့၏ ရှေ့တွင် ရှိနေသည့် တည်နေရာ အက်ကွဲကြောင်းကြီးကို ကြည့်ရှုပြီးသည့်နောက် ဖန်းဟန်သည် စိတ်ပူပန်မှုကို စတင်ကာ ခံစားလိုက်ရသည်။

ဘာတွေဖြစ်နေသနည်း။ သူတို့ မြေအင်မော်တယ်လောကဆီမှ ခရမ်းရောင်နက်နဲလောကဆီသို့ တည်နေရာ လမ်းကြောင်းကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ယခုအချိန်မှာတော့ နောက်ထပ် တည်နေရာလမ်းကြောင်း တစ်ခုက ပေါ်ပေါက်လာခဲ့၏။

“ငါတို့ ကောင်းကင်မူလလောကကြီးဆီကို ပြန်ရမယ်” မုန့်ရှင်းကျီသည် ဘာကိုမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောဆိုလိုက်သည်။

“ဟမ်”

ဖန်းဟန်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ သူက ပြောလိုက်၏။ “စီနီယာက ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာ မဟုတ်ဘူးလား”

“ဒီအင်ပါယာက ခရမ်းရောင်နက်နဲလောကကြီးကလို့ မင်းတို့ကို ဘယ်သူပြောလဲ” မုန့်ရှင်းကျီသည် ထူးမခြားနား သလို ပြန်လည်ကာ ပြောဆိုလိုက်သည်။

“ဒါက”

ဖန်းဟန်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဖြူလျော်သွားခဲ့၏။ သူ၏ အမွေအနှစ်များသည် ခရမ်းရောင်နက်နဲလောကကြီး တွင် ရှိ၏။ ယခု တခြားသော လောကဆီသို့ ထွက်ပြေးခဲ့ရ၏။ မည်ကဲ့သို့သော အခြေအနေတွင် သူ ဘယ်ချိန်ပြန်လာရမည်ဆိုသည်ကို မည်သူက သိရှိတော့မည်နည်း။

သူ၏ မိသားစုသည် သုတ်သင်ရှင်းလင်းခြင်းကို ခံရ၏။ များပြားလှသည့် ပစ္စည်းကောင်းများသည်လည်း တခြားသော ဂိုဏ်းဂဏ အသီးသီးတို့၏ လက်ထဲသို့ ကျရောက်ခဲ့၏။ ဘိုးဘေး၏ အမွေအနှစ် နည်းလမ်းများကို မည်သူ ရရှိမည်ဆိုသည်ကို သူ မသိရှိပေ။

ဖန်းကလန်မှ တခြားသော အဖွဲ့ဝင်တစ်ယောက်ယောက်သည် တခြားသော လောက၌ တည်ရှိကောင်း တည်ရှိပေလိမ့်မည်။ ဖန်းကလန်မှ တခြားသော အဖွဲ့ဝင်တစ်ယောက် တည်ရှိနေသည်သာဆိုပါက သွေးမျိုးဆက်၏ လိုအပ်မှုအတွက် ထိုသူကို အသာဆွဲခေါ်ကာဖြင့် သူ၏နေရာ၌ အစားထိုးနိုင်၏။ ဘိုးဘေးကြီး၏ အမွေအနှစ်သည် အပြင်လူများ၏ လက်ထဲသို့ ကျဆင်းသွားသည်ဆိုပါက သူ၏ အစီအစဉ်အားလုံးသည် သဲထဲရေသွန် ဖြစ်သွားမှာ သေချာ၏။

“ဒီအင်ပါယာ မင်းကို တစ်ခုပြောပြမယ်။ ခရမ်းရောင်နက်နဲလောကကြီးနဲ့ ဒီအင်ပါယာ လာတဲ့ ကောင်းကင်မူလ လောကကြီးတို့က လက်ရှိ အခြေအနေမှာ စစ်ဖြစ်ပွားနေတယ်” မုန့်ရှင်းကျီသည် ထူးမခြားနားသလို ပြောလိုက်သည်။

“ကျုပ်”

ဖန်းဟန်သည် ဆွံ့အသွားမိ၏။ အဘယ်ကြောင့် သူ၏ ဘဝတစ်သက်တာလုံးသည် ကံဆိုးမှုအပေါင်း သရဖူဆောင်း နေရသနည်း။ ချက်ချင်းဆိုသလိုပဲ အရာအားလုံးကို နားလည်သွားခဲ့၏။

ဤအင်ပါယာသည် ဘိုးဘေးရွှမ်မို ဆိုသည့် စကားကို ကြားရပြီးသည့်နောက် ခပ်တည်တည်ဖြင့် နေထိုင်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ခရမ်းရောင်နက်နဲလောကကြီးနှင့်ပတ်သက်၍ တစ်ဖက်လူ၏ စိတ်ပါဝင်စားမှုသည် တည်ရှိမနေသောကြောင့်ပင်။ သူသည် ရောက်ရောက်ချင်း ရန်သူ၏ လက်ထဲသို့ ကျဆင်းခဲ့လေသည်လား။ ဘယ်လောက်ဆိုးရွားလိုက်သနည်း။

“မကြောက်ပါနဲ့”

မုန့်ရှင်းကျီသည် ဖန်းဟန်ကို ကြည့်ရှုကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒီအင်ပါယာက မင်းကို စီနီယာတစ်ယောက်နဲ့ တွေ့ဖို့ ခေါ်သွားမယ်။ မြေအင်မော်တယ်လောကက လူတွေလာတယ်ဆိုရင်တောင်မှ အဲဒီစီနီယာရဲ့ရှေ့မှာ ဘာမှမဟုတ်ဘူး။ မင်းပြောတဲ့ အမွေအနှစ်တွေ တကယ်ရှိလားဆိုတာကို ငါ စီနီယာကို သွားမေးမယ်။ စီနီယာက မင်းရဲ့ ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေ ဘယ်သူရသွားပြီး ဘယ်သူမရသေးဘူးလဲ ဆိုတာတောင်မှ ပြောဆိုနိုင်စွမ်း ရှိနေလိမ့်မယ်”

“ဟမ်”

ဖန်းဟန်သည် မျက်မှောင်ကုတ်လိုက်၏။ ရှင်းလင်းစွာဖြင့် ဤစကားစုများကို သူမယုံကြည်ချေ။ ခရမ်းရောင်နက်နဲလောကကြီးသည် အစစ်အမှန် အင်မော်တယ် တည်ရှိသည့်နေရာ မဟုတ်ချေ။ ရှေ့မှ အင်ပါယာ၏ လောကသည် ခရမ်းရောင်နက်နဲလောကကြီးနှင့် စစ်ဖြစ်ပွားလျက် ရှိနေ၏။ ထို့ကြောင့် နှစ်ဖက်ကြား ကွာခြားချက်မှာ ကြီးမားလိမ့်မည် မဟုတ်ချေ။

နှစ်ဖက်ကြား ကွာခြားချက် မကြီးမားဘူးဆိုမှတော့ တစ်ဖက်လောကကြီးသည်လည်း မြေအင်မော်တယ်လောက ကြီးထက် ပိုမိုကာ အားကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ အင်ပါယာက သေသေချာချာ အာမခံကာ ပြောဆိုနေသည်ကို စဉ်းစားပြီးသည့်နောက် သူသည် မခန့်မှန်းတော့ချေ။ လက်ရှိအခြေအနေ၌ သူတွင် အင်ပါယာတစ်ယောက်ကို ခွန်းတုံ့ပြန်ပြောဆိုရန် ယုံကြည်မှု တစ်စက်ကလေးမှ မရှိဟု ပြောဆိုရပေမည်။

All Chapters