← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

“ဟုတ်ပါတယ်။ ဂျူနီယာ အမှတ်မထင်နဲ့ ခေါ်လာမိပါတယ်”

မုန့်ရှင်းကျီသည် လေးလေးစားစားဖြင့် ပြောဆိုလိုက်၏။ “ဒီနှစ်ယောက်က မြေအင်မော်တယ်လောကထဲမှာ သူတို့ရဲ့ စွမ်းအားစုတွေကို ဆုံးရှုံးခဲ့ရတယ်။ သူတို့ရဲ့ အားအင်စုတွေ အကုန်လုံးက တခြားသူတွေရဲ့ သတ်ဖြတ်သုတ်သင်ခြင်းကို ခံရပြီးတဲ့နောက်မှာ အခက်အခဲပေါင်းများစွာကို ကြုံဆုံရပြီး ခရမ်းရောင်နက်နဲလောက ဆီကို မနည်းထွက်ပြေး လွတ်မြောက်လာခဲ့ရတယ်။ သူတို့အတွက် လွယ်ကူမှာ မဟုတ်ဘူးလို့ ဂျူနီယာက ထင်မှတ်တယ်လေ။ ဒါကြောင့် ကောင်းကင်မူလ လောကထဲကို ခေါ်လာခဲ့တာပါ။ သူတို့ကို ဘေးအန္တရာယ်တွေက လွတ်မြောက်စေချင်တဲ့ စိတ်စေသနာကြောင့်ပေါ့”

“ဟား ဟား ဟား”

လီယွင်သည့် အဓိပ္ပာယ်ပါပါဖြင့် ရယ်မောလိုက်၏။ ပြီးနောက် မုန့်ရှင်းကျီကို လှမ်းကြည့်ကာဖြင့် သရော်သလို ပြောလိုက်သည်။ “အင်း.. စာနာသနားစိတ်နဲ့ပေါ့။ မုန့်ရှင်းကျီ …. ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေးကြီး …. နှစ်သန်းနဲ့ချီ အသက်ရှင် နေထိုင်ပြီး တော်ဝင်အင်ပါယာ ဖြစ်လာချိန်မှာ စာနာသနားစိတ်တွေ တိုးလာပါလား။ ပြောရမယ်ဆိုရင် ခင်ဗျားက အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အမွေအနှစ်တွေကို လိုချင်တာ မဟုတ်ဘူးလား”

“ဒါက”

မုန့်ရှင်းကျီ၏ အမူအရာသည် ခဏလောက် အေးခဲသွားမိ၏။ ပြီးနောက် သူသည် ပျော်ရွှင်သလို ခံစားလိုက်မိ၏။ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။ “စီနီယာဆိုလိုတာ ဒီနှစ်ယောက်ပြောတာ အမှန်ပဲလို့ ဆိုလိုတာလား။ ခရမ်းရောင်နက်နဲလောကထဲမှာ အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်တွေ တကယ်ရှိနေတာလား”

“ဟုတ်တယ်။ အမှန်ပဲ”

လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။ “ခရမ်းရောင်နက်နဲလောက ထဲမှာ အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ်တွေ တည်ရှိတယ်။ တစ်ခုတည်းတောင် မဟုတ်ဘူး။ ပြီးတော့ ခရမ်းရောင်နက်နဲလောကထဲမှာတင် မဟုတ်ဘူး။ ကောင်းကင်မူလ လောကထဲမှာလည်း ရှိနေတယ်”

“အတိတ်တုန်းက ခင်ဗျားရဲ့ အားအင်အဆင့်က မလုံလောက်ဘူးဆိုတော့ တချို့အရာတွေကို ခင်ဗျား ထိတွေ့ သိရှိနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိ အားအင်အဆင့်က ခြားနားသွားခဲ့ပြီ”

လီယွင်က ဆက်ပြောလိုက်သည်။

“ခင်ဗျားက အခွင့်အရေးတွေကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့တယ်။ဒါပေမဲ့ ခရမ်းရောင်နက်နဲလောက နှင့် ကောင်းကင်မူလ လောကကြီးထဲမှာ ရှိနေတဲ့ ထိပ်တန်းအခွင့်အရေးတွေကို ခင်ဗျား မတွေ့ခဲ့ဘူး”

ကောင်းကင်လျှို့ဝှက်အမှတ်များကို ကြည့်ရှုပြီးသည့်နောက် လုံလောက်သည့် အားအင်အဆင့် ပိုင်ဆိုင်သည် ဆိုပါက အင်မော်တယ် အဆင့်ဆီသို့ တက်လှမ်းနိုင်သည့် အခွင့်အရေးကိုပင် ကြည့်ရှု၍ ရနိင်ကြောင်း သူက သိရှိပြီး ဖြစ်၏။

ထို့အပြင် ဖန်းဟန်၏ ဘိုးဘေး ချန်ထားခဲ့သည့်အရာသည် လွယ်လွယ်ကူကူ ရရှိမည့်အရာ မဟုတ်ဟုလည်း သူက သိရှိထား၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ကောင်းကင်လျှို့ဝှက်အမှတ် တော်တော်များများကို အသုံးပြုရမည့်အရာ ဖြစ်သောကြောင့်ပင်။

“အရမ်းကောင်းတယ်”

မုန့်ရှင်းကျီသည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့၏။ စီနီယာ၏ ပြောဆိုမှုအရဆိုလျှင် ဖန်းဟန်သည် သူ့ကို မလိမ်ညာခဲ့ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ပြောဆိုခဲ့သည့် အရာအားလုံးသည် အစစ်အမှန် ဖြစ်လေသည်။

ဖန်းဟန် အနေနှင့် အစစ်အမှန် အင်မော်တယ်တစ်ယောက် ချန်ထားခဲ့သည့် အမွေအနှစ်ကို ဖွင့်ဖို့ဆိုသည်မှာ တကယ်ပင် ဖြစ်နိုင်သည့်အရာပင်။ ထိုသို့ဆိုလျှင် အင်မော်တယ်တစ်ယောက် ဖြစ်လာဖို့ဆိုသည်က ပြဿနာ တစ်ခု မဟုတ်နိုင်ပေ။

“အရမ်းကြီး စိတ်လှုပ်ရှားမနေနဲ့”

လီယွင်သည် မုန့်ရှင်းကျီကို ရင်နာအောင် ပြောဆိုလိုက်၏။ “အင်မော်တယ် တစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေး …. ခင်ဗျားအနေနဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးကို ရောင်းချမယ် ဆိုရင်တောင် တတ်နိုင်မှာ မဟုတ်ဘူး”

“ဟမ်”

မုန့်ရှင်းကျီသည် ကြောင်တောင်တောင် ဖြစ်သွားမိ၏။ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် ဖန်းဟန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

“ဒီလူအတွက်ကတော့ ခင်ဗျား စဉ်းတောင် မစဉ်းစားနဲ့။ သူ့ဘိုးဘေးက ဘယ်နေရာမှာ အမွေအနှစ် ချန်ထားခဲ့တယ်ဆိုတာတောင် သိတာ မဟုတ်ဘူး။ သူသိတာ ဒါကိုဖွင့်ဖို့အတွက် သူ့ရဲ့ သွေးမျိုးဆက် လိုအပ်တယ် ဆိုတာလောက်ပဲ သိတာ” လီယွင်က ထပ်မံကာ ပြောဆိုလိုက်၏။

ဤစကားစုများကို ကြားရပြီးနောက် မုန့်ရှင်းကျီ၏ အတွေးများသည် ရုတ်တရက် ငြိမ်သက်သွားမိ၏။ ဖန်းဟန် မသိဘူး ဆိုလျှင်တောင်မှ စီနီယာသည် သိရှိကောင်း သိရှိပေလိမ့်မည်။ သူ့အနေနှင့် မတတ်နိုင်ဘူး ဆိုလျှင်တောင်မှ မျှော်လင့်ချက် အနည်းငယ်တော့ တည်ရှိနေသေး၏။ အဘယ့်ကြောင့်ဆိုသော် တခြားသောသူများသည် တတ်နိုင်စွမ်း ရှိနေသောကြောင့်ပင်။

နဂါးကလန် - ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့သည့် ရှေးကလန်တစ်ခုဖြစ်သော နဂါးကလန်သည် ထိုအရာကို တတ်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ အောင်းရွှမ်သည် ယခုမှ အင်ပါယာ ဖြစ်ခဲ့သည် ဖြစ်သောကြောင့် အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်ကို ဆက်ခံရန်အတွက် အနည်းငယ် လိုအပ်ချက်တော့ တည်ရှိလို့ နေ၏။

တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသည်အထိ စောင့်စားပြီးမှ လှုပ်ရှားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အောင်းရွှမ် အကြောင်းကို တွေးတောပြီးသည့်နောက် မုန့်ရှင်းကျီသည် အနည်းငယ် စိတ်သက်သာရာ ရသလို ဖြစ်သွားမိသည်။

အင်ပါယာတစ်ယောက် ဖြစ်လာကာစသာ ရှိသေး၏။ အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်ကို ဆက်ခံရယူဖို့ ဆိုသည်မှာ အလျင်လိုလွန်းနေသည် မဟုတ်ပါလား။ ထို့အပြင် သူ မည်သို့မှ တတ်နိုင်မည့်အရာ မဟုတ်ကြောင်း ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် သူသည် စိတ်ညစ်သွားမိသည်။ ထို့အတူ သူ့နည်းလည်းကောင်း တခြားသူ များလည်း တတ်နိုင်လိမ့်မည် မဟုတ်သည်ကို သတိပြုမိတော့ စိတ်ချမ်းသာသွားမိပြန်၏။

ခရမ်းရောင်နက်နဲလောက ဆီသို့ သွားပြီး တစ်ကြိမ်တစ်ခါလောက် တခြားသောသူများ၏ အမွေအနှစ်များကို လုယူရန် ကြိုးစားရပေမည်။ လုံလောက်သည့် အရင်းအမြစ်များကို စုဆောင်းနိုင်မည် ဆိုလျှင် ဤအခွင့်အရေးကို ဝယ်ယူနိုင်ပေလိမ့်မည်။

“စီနီယာ”

ထိုအချိန်မှာတော့ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် ဖန်းဟန်သည် အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့ပြီးနောက် မယုံကြည်နိုင်သလို ပြောလိုက်၏။ “တကယ်ပဲ ကျူပ်ဘိုးဘေးကြီး ချန်ခဲ့တဲ့ အမွေအနှစ်တွေကို ရှာနိုင်တာလား”

“မင်းသိချင်လို့လား”

လီယွင်သည် ဖန်းဟန်ကို လှမ်းကြည့်လိုက်၏။ အဓိက ဇာတ်ကောင်တစ်ကောင် ဖြစ်ရမည့် ပုံပန်းသွင်ပြင်နှင့် လူတစ်ယောက်ကို သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထို့ကြောင့် အနည်းငယ် စိတ်ဝင်စား မိနေသည်။ ဟုတ်ပေသည်။ သူ၏ စိတ်ဝင်စားမှုဆိုသည်မှာ အကန့်အသတ်တော့ ရှိနေ၏။

သူသည် ထို အဓိက ဇာတ်ဆောင်အား ကြင်နာသနားသည့် စိတ်နှလုံးသား မရှိသလို ရက်စက်သည့် စိတ်နှလုံးသားလည်း မထားနိုင်ပေ။ တစ်ဖက်လူအပေါ် သူ့အနေနှင့် မည်သည့် ခံစားချက်မှ မရှိဟု ပြောဆိုရပေမည်။ အများဆုံး အနေနှင့် ကောင်းကင် ပါရမီရှင်စာရင်းတွင် ပါဝင်အောင် ပြုလုပ်ပေးနိုင်စွမ်းတော့ ရှိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တံခါးသည် အမြဲတမ်းဖွင့်ထားခဲ့၏။ တစ်ဖက်လူများသည် ဝင်လာချင်လျှင် ဝင်လာနိုင်၏။ မဝင်လာချင်လည်း သူ့အနေနှင့် ဖိတ်ခေါ်ရန် စိတ်ပါဝင်စားလိမ့်မည် မဟုတ်ချေ။

ဖန်းဟန်၏ အဓိကဇာတ်ကောင် အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် အရာအားလုံးသည် ထင်မှတ်ထားသည့် အတိုင်းသာ ဖြစ်မည်ဆိုပါက ဤလူသည် ဘိုးဘေးချန်ထားခဲ့သည့် အမွေအနှစ်များကို ကျိန်းသေပေါက် ရရှိမည့် လူတစ်ယောက်ဖြစ်ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်ကာ ရန်သူများအားလုံးကို အနိုင်ယူရမည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်စွမ်း ရှိနေပြီး မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ ဖန်းဟန်သည် ဇာတ်လမ်း၏ စဦးအပိုင်းသာ ရှိနေပုံပေါ်၏။ မိသားစုအားလုံး သတ်ဖြတ်ခြင်းခံခဲ့ရပြီး ရန်သူ စွမ်းအားမြင့်ကျင့်ကြံသူများ၏ လိုက်လံ အမဲလိုက် သတ်ဖြတ်မှုကြောင့် အဆင့်နိမ့် လောကဆီသို့ပင် ပြေးလာခဲ့ရသည်။ ခရမ်းရောင်နက်နဲလောကကြီးတွင် ပိုမို အားကောင်းလာစေရန် ပြုမူ ကြိုးစားရမည့် အခြေအနေ စဦးအပိုင်းသာ ရှိနေသေး၏။

ဤအရာသည် အနာဂတ်၌ ဖွံဖြိုးတိုးတက်လာနိုင်မည့် အဓိကဇာတ်ကောင်တစ်ယောက်၏ ဇာတ်ကြောင်းပင် မဟုတ်ပါလား။ ဇာတ်လမ်းအတိုင်း ဆက်လက်ကာ သွားရမည်ဆိုပါက မြေအင်မော်တယ်လောကဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ ရောက်ရှိလာခဲ့သည် ဆိုလျှင်တောင်မှ ဖန်းဟန်၏ ဆက်တိုက်အနိုင်ယူခြင်းကို ခံရပေလိမ့်မည်။

ဘာတွေဖြစ်နေသည်ကို မြေအင်မော်တယ်လောကမှ စွမ်းအားမြင့် ကျင့်ကြံသူများ သိရှိသည့် အချိန်မှာတော့ နောက်ကျသွားပေလိမ့်မည်။ ဖန်းဟန်၏ အရှိန်အဟုန်သည် ရပ်တန့်၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိ သွားပေလိမ့်မည်။ အင်အားစု တစ်ခု၊ နှစ်ခုလောက်သည် သူ၏ ယှဉ်ပြိုင်ဘက် မဟုတ်တော့ချေ။ လူပေါင်းများစွာတို့ ဝင်ရောက်လာကာ သတ်ဖြတ်မည် ဆိုလျှင်တောင်မှ ၎င်းအား အတွေ့အကြုံများ ရရှိအောင် ကူညီထောက်ပံ့ခြင်း နှင့်ပင် ဆင်တူနေပေလိမ့်မည်။

မြေအင်မော်တယ်လောကကြီးဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုပြီးသည့်နောက် လီယွင်၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားခဲ့၏။ မြေအင်မော်တယ်လောကဆီမှ ပါရမီရှင် အမြောက်အများတို့သည် ဤတည်နေရာဆီသို့ တက်တက်ကြွကြွဖြင့် လာရောက်ရန် ပြင်ဆင်လျက် ရှိနေလေ၏။

ခရမ်းရောင်နက်နဲလောကကြီးသည် ၎င်းတို့၏ ကျင့်ကြံရာအတွက် ကောင်းမွန်လှသည့် တည်နေရာကြီး တစ်ခုအဖြစ် သုံးသပ်ထားပုံပေါ်သည်။ ဖန်းဟန်ကို သတ်ဖြတ်ခြင်းသည် ဒုတိယ ရည်ရွယ်ချက်သာလျှင်ရှိ၏။ သူတို့၏ ပထမဦးဆုံး ဦးစားပေး ရည်ရွယ်ချက်သည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ချန်ထားခဲ့သည့် အမွေအနှစ်ကို ရယူရန်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဤလူများအားလုံးသည် ခရမ်းရောင်နက်နဲလောကကြီး အပေါ်တွင် ကောင်းမွန်သည့် စိတ်ထားမျိုး မရှိကြချေ။ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲသို့ အခွင့်အရေး ဝင်ရောက်ကာ ရှာဖွေခဲ့ကြသည့် လူများနှင့် တူညီစွာပင် ၎င်းတို့သည် တခြားသော စွမ်းအားမြင့် ပါရမီရှင်များအား အားအင်အဆင့် စမ်းသပ်ရမည့် ပြိုင်ဘက်အဖြစ်သာ သဘောထား ကြ၏။

ကြမ်းတမ်းလှသည့် သားရဲရိုင်းများ အတွက်မှာတော့ ၎င်းတို့သည် ၎င်းတို့၏ လမ်းစဉ်ကို ရှုပ်ထွေးခံလိမ့်မည် မဟုတ်ချေ။ တစ်ဖက်သားရဲများနှင့် ညှိနှိုင်းဆွေးနွေးရန်လည်း စိတ်ပါဝင်စားမှု မရှိကြချေ။ ဤအရာသည် မြေအင်မော်တယ်လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ ဂုဏ်သိက္ခာတရားနှင့် စိတ်ခံစားချက်ပင် ဖြစ်လေသည်။

ခရမ်းရောင်နက်နဲလောကကြီးကဲ့သို့ သေးငယ်လှသော လောကမှ အရာဝတ္ထုများကို သူတို့ တန်ဖိုးမထားကြချေ။ ခရမ်းရောင်နက်နဲလောကကြီး၌ တစ်စုံတစ်ခု ရှိသည်ဆိုလျှင် မြေအင်မော်တယ်လောကကြီး၌လည်း ရှိ၏။ ခရမ်းရောင်နက်နဲလောကကြီးသည် တစ်စုံတစ်ခု လစ်ဟင်းနေသည် ဆိုလျှင်တောင်မှ မြေအင်မော်တယ် လောကကြီးမှာတော့ ထိုအရာကို ပိုင်ဆိုင်နေသေး၏။

ထို့ကြောင့် ကလေးငယ်၏ လက်ထဲတွင် ရှိနေသည့် သကြားလုံးအား စိတ်ပါဝင်စားမှု မရှိသည့် လူငယ်လူရွယ် တစ်ယောက်ကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ တစ်စုံတစ်ယောက်သည် ခရမ်းရောင်နက်နဲလောကကို ပစ်မှတ်ထားမည် ဆိုပါက ဤအရာသည် အရင်းအမြစ်များအတွက် မဟုတ်ချေ။ အတွေ့အကြုံများအတွက် ဖြစ်ပေလိမ့်မည်။

All Chapters