အခန်း (၂၉၅)
Vol. 20 Ch. 295
“ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါအုံး စီနီယာ” ဖန်းဟန်သည် လေးလေးစားစားဖြင့် ဦးညွတ်ကာ ပြောဆိုလိုက်၏။
“ဟားဟား”
လီယွင်သည် အသာရယ်မောကာ ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သတင်းအချက်အလက်ကို ဘယ်သူမှ အလကား မရဘူး။ သတင်းအချက်အလက်တွေ ရရှိဖို့အတွက် တူညီတဲ့ တန်ဖိုးနဲ့ လဲလှယ်ရတယ်။ မင်းအတွက်ကတော့”
လီယွင်က ဆက်ပြောလိုက်သည်။ “ဒီသတင်း အချက်အလက်ကို တတ်နိုင်မှာ မဟုတ်ဘူး”
“ကျုပ်”
ဖန်းဟန်သည် ခေါင်းကို မော့လိုက်၏။ သူ့အနေနှင့် အရှုံးမပေးချင်သေးချေ။ လက်ကို အသာဖြန့်ပြီးသည့် နောက် ရှေးကြေးလက်စွပ် တစ်ကွင်းကို ထုတ်ဖော်လိုက်၏။ ဤအရာသည် ဖန်းကလန်၏ အမွေအနှစ်များထဲမှ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။ သို့သော်လည်း သေးငယ်လှသည့် အမွေအနှစ် အစိတ်အပိုင်းတစ်ခုသာလျှင် ဖြစ်၏။ ၎င်းတို့၏ ချမ်းသာ ကြွယ်ဝမှု တော်တော်များများအား တခြားသောသူများ လုယူသိမ်းဆည်းသွားခဲ့ပြီ မဟုတ်ပါလား။
“စီနီယာ... ဒါက ဖန်းကလန် အနေနဲ့ မြေအင်မော်တယ်လောကထဲမှာ နှစ်ပေါင်းများစွာ သိမ်းဆည်း စုဆောင်းခဲ့ ရတဲ့ ချမ်းသာမှု အစိတ်အပိုင်းလေး တစ်ခုပါပဲ” ဖန်းဟန်က ပြောလိုက်၏။
အတိတ်တုန်းက ဖန်းကလန်သည် မြေအင်မော်တယ်လောကထဲတွင် တကယ့်ကို ချမ်းသာကြွယ်ဝစွာ နေထိုင်ခဲ့ပြီး ခန့်မှန်း၍ မရနိုင်သည့် ဂုဏ်သိက္ခာ ကိုလည်း ပိုင်ဆိုင်ခဲ့၏။ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုသည် မယုံကြည်နိုင်စရာ များပြားလွန်းလှ၏။ အရမ်းကြီး ကြီးမားလွန်းလှသည့် ချမ်းသာ ကြွယ်ဝမှုမျိုးကို မပိုင်ဆိုင်ဘူး ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောက ထဲတွင်တော့ ၎င်းတို့၏ ပိုင်ဆိုင်မှုများ အားလုံးသည် အားလုံးသောသူတို့ သိမ်ငယ်သွားစေနိုင်သည့် အရာမျိုးပင် ဖြစ်သည်။
လက်ရှိ အခြေအနေမှာတော့ ဖန်းဟန်၏ ရည်ရွယ်ချက်သည် ၎င်း၏ လက်ကျန် ချမ်းသာကြွယ်ဝမှုများအား အသုံးပြုပြီး ဘိုးဘေးချန်ခဲ့သည့် အမွေအနှစ်များကို စုံစမ်းရန်ပင် ဖြစ်၏။ လုံလောက်သည့် သတင်းကို ရရှိသည်နှင့် အရာအားလုံးသည် အဆင်ပြေ ချောမွေ့သွားပေလိမ့်မည်။
သို့ပေမဲ့ သူ၏ စကားပင် မဆုံးသေးချေ။ လီယွင်က ဖြတ်ပြောလိုက်၏။ “မင်းရဲ့ အရင်းအမြစ်တွေက လုံလောက်ဖို့ အရမ်းကို ဝေးကွာနေသေးတယ်”
လီယွင်သည် ဖန်းဟန်ကို လှမ်းကြည့်ကာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
“မလုံလောက်သေးဘူး ဟုတ်လား” ဖန်းဟန်၏ မျက်လုံးပေါ်ရှိ အရောင်များသည် မှေးမှိန်သွားခဲ့၏။ ဖန်းကလန်၏ ဘိုးဘေးကြီးသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်ခဲ့ဖူး၏။ ၎င်းသည် ပြည့်စုံလှသည့် အမွေအနှစ်ကိုလည်း ချန်ထားခဲ့၏။ ကံဆိုးစွာဖြင့် ဘိုးဘေးကြီးသည် တခြားသော အစစ်အမှန် အင်မော်တယ် တစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး မကြာခင် သေဆုံးသွား ခဲ့တော့၏။
ကလန်ထဲတွင် ပြည့်စုံလှသည့် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်များ တည်ရှိနေ၏။ သို့ပေမဲ့ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ စောင့်ရှောက်မှုကို မခံထားရသောကြောင့် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့၏ ဆွဲဆောင်ရာပင် ဖြစ်လာခဲ့သည်။
အထူးသဖြင့် ပြင်ပမှ လူများပင်ဖြစ်သည်။ အထောက်အပံ့ တစ်ခုမှ မရှိသည့် အချိန်မှာတော့ ကလန်သည် သန်းနှင့်ချီသော နှစ်များအတွင်း ကြီးမားလှသည့် အခက်အခဲများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရ၏။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ၎င်းတို့သည် အလုံးစုံ ဖျက်ဆီးခံရလုနီးပါးအထိ ဖြစ်ခဲ့ရ၏။ အရာအားလုံးကို ကြံ့ကြံ့ခံ ခုခံခဲ့သည်ဆိုလျှင်တောင်မှ ၎င်းတို့၏ အမွေအနှစ် အစိတ်အပိုင်း တော်တော်များများကို ဆုံးရှုံးခဲ့ရ၏။
ကလန်ထဲတွင် အစစ်အမှန် အင်မော်တယ်တစ်ယောက် မရှိသောကြောင့် ၎င်းတို့သည် ကြီးမားလှသည့် စိန်ခေါ်မှုများကို ခံခဲ့ရပြီး နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ဖန်းကလန် တစ်ခုလုံးသည် အရိုးပေါ် အရေတင် သာလျှင် ကျန်ရှိတော့သည်။
ဘိုးဘေး၏ အမွေအနှစ်များကို ရှာဖွေရန်အတွက် ကလန်မှလူများသည် အဆင့်နိမ့် နယ်မြေများဆီသို့ သွားရောက် ခဲ့သည်ဆိုလျှင်တောင်မှ အောင်မြင်မှု မရှိခဲ့ကြချေ။
ဖန်းဟန်သည် အသက်ဘေးမှ ထွက်ပြေးလာသည့် အတောအတွင်း ရည်မှန်းချက်တစ်ခုကို ထားရှိခဲ့၏။ သူသည် ဘိုးဘေး၏ အမွေအနှစ်များကို ရှာဖွေရန်အတွက် တိုးတက်မှု တချို့တလေကို တွေ့ရှိရမလားဆိုသည့် ရည်မှန်းချက်ဖြင့် မြေအင်မော်တယ် လောကထဲ လှည့်လည်ကာ သွားလာခဲ့သေး၏။ သို့ပေမဲ့ မကြာခင်မှာပဲ ကောင်းကင်မှ ငရဲဆီသို့ ကန်ချခြင်းကို ခံခဲ့ရ၏။
“စီနီယာ... ဘိုးဘေးချန်ခဲ့တဲ့ အမွေအနှစ်တွေက ကျုပ်အတွက် အသက်တမျှ အရေးကြီးတယ်။ စီနီယာ အနေနဲ့ တခြားကိစ္စ အရာတစ်ခုခုနဲ့ စဉ်းစားပေးနိုင်မလား သိချင်ပါတယ်”
ဖန်းဟန်က ဇွဲမလျော့သေးချေ။ သူသည် လက်ရှိ အခြေအနေကို လက်မခံနိုင်သလို ဖြစ်လို့နေသည်။
အတိတ်တုန်းက သူ၏ ဘိုးဘေးသည် အောက်နယ်မြေဆီသို့ ဆင်းသက်လာခဲ့၏။ သို့သော်လည်း သူတို့အနေနှင့် ဘိုးဘေး၏ အမွေအနှစ်များကို ရှာဖွေမတွေ့ရှိခဲ့ချေ။ ဖန်းဟန်သည် သူ့အနေနှင့် ဤကဲ့သို့ မရှာဖွေနိုင်ဘူးဆိုသည်ကို မယုံကြည်နိုင်ပေ။ ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့အတွက် မျှော်လင့်ချက် ကောက်ရိုးတစ်မျှင် ဖြစ်လို့လာခဲ့၏။ ဤအခွင့်အရေး တစ်ခုတည်းသာ ရှိခြင်းကြောင့် သူသည် အရှုံးမပေးချင်ပေ။
လီယွင်သည် ဖန်းဟန်၏ အတွေးများကို လှမ်းကြည့်ပြီးသည့်နောက် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားခဲ့ သည်။ ဖန်းဟန်သည် သူ့ကိုယ်သူ အဓိကဇာတ်ကောင်ဖြစ်ကြောင်း သိရှိပုံ မပေါ်ချေ။ သိရှိသည်ဆိုပါက မေးမြန်းလိမ့်မည် မဟုတ်ချေ။ အဓိကဇာတ်ကောင်များသည် သာမန်ထက်ပိုကာ ခြားနားလွန်းလှသည့် ကံတရားများကို ပိုင်ဆိုင်၏။ တခြားသူများ ရှာဖွေမတွေ့ရှိဘူး ဆိုလျှင်တောင်မှ အဓိကဇာတ်ကောင်သည် ရှာဖွေ တွေ့ရှိနိုင်သည်။ တခြားသူများ မအောင်မြင်နိုင်သည့်အရာကို အဓိက ဇာတ်ကောင်များက အောင်မြင်နိုင်၏။
“မင်းတစ်ယောက်တည်း မတတ်နိုင်ဘူးဆိုရင် ဝေမျှပြီးတော့ ကျခံမယ့် တခြားလူတွေကို ရှာရမှာပေါ့။ သတင်း အချက်အလက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်စရာ မလိုဘူး။” လီယွင်က အမှတ်မထင်ဆိုသလို ပြောလိုက်သည်။
လူတစ်ယောက် သို့မဟုတ် လူတစ်ဖွဲ့ကို သတင်းအချက်များ ရောင်းချခြင်းဆိုသည်မှာ ကွာခြားလှသည့် မဟုတ်ချေ။ သတင်းအချက်အလက် ဆိုသည်မှာ သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိ၏။ လူတစ်ယောက်တည်း အတွက် ဈေးနှုန်းသည် နိမ့်ပါးနေသည်ဆိုလျှင် အဖွဲ့တစ်ခုအတွက် ဈေးနှုန်းကို ပိုမိုကာ တိုးမြင့်နိုင်၏။
ဖန်းဟန်က စဉ်းစားလိုက်၏။ သူ၏ စိတ်နှလုံးတစ်ခုလုံးသည် ချုံးချုံးကျသွား၏။ ခရမ်းရောင်နက်နဲ လောကကြီးတွင် သူ့၌ အသိမရှိချေ။ ကောင်းကင်မူလလောကကြီးဆိုလျှင် ပိုတောင်ဆိုးသေး၏။ သူ၏ဘေးတွင် ရှိနေသည့် အင်ပါယာနှင့် အခုမှ တွေ့ဆုံသည် စီနီယာနန်းဆောင်သခင်ကလွဲလျှင် တခြားသောသူများကို သူ မသိရှိချေ။ အခွင့်အရေးကို မျှဝေထည့်သွင်းရန်အတွက် မည်သို့သောသူကို သူက သွားကာ ရှာဖွေရမည်နည်း။
ကိုယ့်ကိုယ်ကိုယ် ရောင်းချမည် ဆိုလျှင်တောင်မှ မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းကို တွေးကြည့်ပြီးသည့်နောက် ဖန်းဟန်သည် မျှော်လင့်ချက် အပြည့်ရှိသည့် မျက်လုံးအစုံဖြင့် မုန့်ရှင်းကျီကို လှမ်းကာ ကြည့်ရှုလိုက်၏။
ဖန်းဟန်၏ အကြည့်ကို မြင်ရသည့်အချိန်မှာတော့ မုန့်ရှင်းကျီသည် ချက်ချင်းဆိုသလိုပဲ ခေါင်းကို လှည့်ကာဖြင့် မမြင်သလို ဟန်ဆောင်လျက် ရှိသည်။
ကျုပ်ကို မကြည်နဲ့ ကျုပ်က ဆင်းရဲသားပဲ။ အင်ပါယာဖြစ်လာဖို့အတွက် အခွင့်အရေးကို ခုမှဝယ်ထားတာ။ သိုလှောင်လက်စွပ်က ငါ့မျက်နှာထက်တောင် ပိုပြီး ရှင်းလင်းနေသေးတယ်။ ငါက သနားစရာ အကောင်းဆုံး ဆင်းရဲသား အင်ပါယာတစ်ယောက်လို့ ပြောရင် မလွန်ဘူး။
အခွင့်အရေးကို အလကား ရရှိသည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ့ကို မျှဝေ စိုက်ခံရန် တောင်းဆိုချင်သည်လား။ အိမ်မက်သာ မက်ထားလိုက်။ သူမပေးနိုင်ပေါင်။